Monday, August 25, 2008

ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား


ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား
ဂါမဏိ
Sunday, August 24, 2008

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။ အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါလက်ပါ ကိုယ်စားပြုပေးခဲ့တာ ဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယား လူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလမှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီ တိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာ ဖြစ်တယ်၊ လူသတ်သမားဖြစ်တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာ တော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံးမှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့် ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေ ပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။ ကင်ဆာရိုနဲ့ အိုဂိုနီတိုင်း ရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကိုသွားပြီး သေဒဏ်ကိစ္စ လက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီး ယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံ တွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့် အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော် ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကခေါ်ယူ သူကောင်းပြု ပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။ တကယ်တော့ ကိုဖီအာနန့်သား ကိုဂျို အာနန်ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန် ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျို အာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာနဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့အောက်လမ်းကဝင် စီးပွားရေး သောင်းကျန်းခဲ့ပါသေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတမဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေးခဲ့တာ ဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါ တယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင် တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီး ရီးယားအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ် လျှောက်လဲပေးခဲ့သူဖြစ်ပါတယ်။ ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူးလို့ နိုင်ဂျီးရီးယား ပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက် လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြ မြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကိုလာ တယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက်အောင်မြင် သွားအောင်လုပ်ဖို့ ခယဝယလုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေ တပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာဖြစ်ပါကောင်း။

ဂါမဏိ

အပြည့်အစုံဖတ်ချင်ရင်>>>

I C ရဲ့ နာဂစ်ရံပုံငွေ ဂီတဖျော်ဖြေပွဲကြီး...


အလင်းရောင် လက်ဖြာည … သို့မဟုတ် … လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ …

ညနေ ၄း ၄၀ နာရီ။
မိုးရွာပြီးစ ကောင်းကင်က ခပ်မှိုင်းမှိုင်းဖျော့တော့နေချိန် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီး ရှေ့မှာတော့ သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေနဲ့ လူငယ် ထောင် ပေါင်းများစွာ စုရုံး ရောက်ရှိနေကြတယ်။ သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းနေတယ်။ သူတို့တတွေကို လုံထိန်း ရဲကားတွေ၊ အချူပ်ကား တွေနဲ့ ရာပေါင်းများသော လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတယ်။
ဒါပေမယ့် ဒီလူငယ်တွေက လုံထိန်းရဲတွေကိုသတိမမူအား အချင်းချင်းစကြနောက်ကြနဲ့ ပျော်ရွှင်လို့နေကြတယ်။ သူတို့တွေ ဟာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲလာရောက်ကြတဲ့လူငယ်တွေပါ။
“လက်မှတ်တွေ ၁၃၀၀၀ နော်၊ ကုန်တော့မှာ”ဆိုတဲ့လက်မှတ်ရောင်းတဲ့သူတွေရဲ့အသံတွေကလည်း ဆူညံ နေတယ်။ မြန်မာ ပြည်မှာ ဈေးအကြီးဆုံးလို့ဆိုနိုင်မယ့် စတိတ်ရှိုးလက်မှတ် တစောင် ကျပ် ၁၅၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ဈေးနှုန်းတွေဟာ များပြားလွန်းလှတဲ့ ဈေးနှုန်းဖြစ်ပေမယ့်စတိတ်ရှိုးငတ်နေတဲ့ လူငယ်တွေကတော့ ဈေးနှုန်းကို ဂရုမထား၊ အံ့သြဖွယ်ကောင်း လောက်အောင် ရုံပြည့်ရုံလျှံဝယ်ယူအားပေးကြလို့ ရက်ပိုင်းအတွင်း လက်မှတ်တွေရောင်းကုန်သွားတယ်။ မူလ က ၂၄ ရက် တရက်တည်းကျင်းပဖို့ စီစဉ်ထားပေမယ့် လက်မှတ် မရလိုက်တဲ့ သူတွေအများအပြားရှိတာမို့ ၂၅ ရက်ကိုပါထပ်ပြီး ပွဲကျင်းပ ဖို့စီစဉ်ခဲ့တာလို့ရှိုးပွဲ စီစဉ်သူ ALPINE သောက်ရေသန့် ကုမဏီက တာဝန်ရှိသူ တဦးကဆိုပါတယ်။
သုဝဏ္ဏအားကစားရုံကြီးရှေ့မှာ လူတွေ၊ ကားတွေ၊ ဈေးသည်တွေ၊ ရဲတွေ ရှုပ်ယှက်ခတ်နေတယ်။ ရှိုးပွဲကျင်းပမယ့် အားကစားရုံထဲဝင်ဖို့ တန်းစီနေတဲ့ လူတန်းကြီးကလည်း ရထားတန်းကြီးပမာ ရှည်လျားလွန်းလှတယ်။

ညနေ ၅ နာရီ။
သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ဂီတကို ချစ်မြတ်နိုးကြတဲ့ လူကြီးလူငယ် အရွယ်မျိုးစုံ မိမိတို့လက်မှတ် ၀ယ်ယူ ထားရာနေရာအသီးသီးကို ရောက်ရှိနေရာယူကြတယ်။ တချို့က ထိုင်ခုံတွေမှာနေရာယူနေကြသလို တချို့ ကတော့ မတ်တတ်ရပ် အားပေးဖို့ ဟန်ပြင်နေကြတယ်။
ALPINE သောက်ရေသန့်နဲ့ မြန်မာဘီယာဆိုတဲ့ ဆိုင်းဘုတ်တွေက ရုံအတွင်းမှာ ပြည့်နှက်နေရာယူထားတယ်။ တေးဂီတ ဖျော်ဖြေမှုပေးမယ့် စင်ကြီးကတော့ သံတိုင်တွေနဲ့တည်ဆောက်ထားပြီး ခန့်ညားလွန်းလှတယ်။ တေး ဂီတစင်ကို ပရိုဂျက် တာတွေနဲ့တန်ဆာဆင်ထားပြီး အနီရောင် i နဲ့ c ဆိုတဲ့ စာလုံးကြီးနှစ်ခုကလည်း စတိတ်ရှိုး စင်ကို ပိုပြီးထင်ရှား ပေါ်လွင်စေ တယ်။ ပရိုဂျက်တာပေါ်မှာကတော့ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းနဲ့မျိုးကြီး တို့ရဲ့ ပုံရိပ် လေးခု နဲ့ IRON CROSS ဆိုတဲ့ စာတန်းကြီး ထိုးထားပြီး နောက်ခံ ရော့ခ် တေးဂီတအသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။
ညနေ ၅ နာရီ ၁၁ မိနစ်။
ပရိုဂျက်တာပေါ်မှာ မြစ်ပြင်ကျယ်တွေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တံငါတွေ၊ ဆော့ကစားပြေးလွှားနေတဲ့ ကလေးငယ်ပုံ ရိပ်တွေက လှုပ်ရှားသက်ဝင်ပြသတယ်။ အဲဒီနောက်မှာတော့ လျှပ်စီးလျှပ်လက်ရောင်တွေထပြီး မုန်တိုင်းဒီရေတွေတက်လာ တဲ့ ပုံတွေ တခုတခုပြီး ပြသတယ်။ ပြီးတော့ ငိုကြွေးနေတဲ့ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်တွေရဲ့ပုံတွေက ဆက်တိုက်ဆိုသလိုပေါ်ထွက်လာတယ်။
“အားလုံးရဲ့ မျက်ရည်ကိုယ်စီဆုတောင်းခြင်းများနဲ့…..ဒီကမ္ဘာမှာကျခဲ့ရ ၊ မိဘမဲ့ကလေးများ အမေရေ ခေါ်တဲ့ အသံများလား …”ဆိုတဲ့“နေရောင်အောက်က အသက်ရှုသံများ”သီချင်းကို မျိုးကြီး၊ လေးဖြူ၊ အငဲ နဲ့ ၀ိုင်ဝိုင်းတို့ သံပြိုင်စတင်သီဆိုလိုက်ချိန် မှာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ သီချင်းကို သံပြိုင်လိုက်လံသီဆိုတဲ့ အသံတွေ က အားကစားရုံတခုလုံးလျှံထွက် ဖုံးလွှမ်းသွားတယ်။
အဲဒီသီချင်းပြီးတဲ့ နောက်မှာတော့ အဆိုတော် အငဲက “အချစ်ကခါး” သီချင်းဆိုပါတယ်။ ပရိသတ်တွေက ခုန်ပေါက်ကကြ သလို တချို့ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်လေးတွေက အငဲ လို့အော်ပြီး မျက်ရည်တွေ ကျကြတယ်။ တချို့ ဆယ်ကျော်သက် အမျိုးသားလူငယ်တွေကလည်း အင်္ကျီတွေချွတ်လို့ ကခုန်ကြတယ်။
နာမည်ကျော်အဆိုတော်တွေဖြစ်တာနဲ့အညီ ပရိသတ်ရဲ့အားပေးမှုကလည်း ကြောက်ခမန်းလိလိ။ ပရိသတ်ကြိုက် နှစ်သက် ပြီးသား နာမည်ကြီး ရော့ခ်တေးသီးချင်းတွေ၊ အချစ်သီချင်း အေးအေးလေးတွေကို အငဲနဲ့ ၀ိုင်ဝိုင်းတို့က ဆက်တိုက် သီဆိုကြပါတယ်။
ညနေ ၅ နာရီ ၃၈ မိနစ် မှာတော့ ...
ဘယ်တော့မှ စတိတ်ရှိုးမဆိုတော့ပါဘူးလို့ ကြေညာထားတဲ့ အဆိုတော်ကြီး လေးဖြူ တကိုယ်တော်ဖျော်ဖြေသီဆို ဖို့ပြင်ဆင် ချိန်မှာ တော့ ပရိတ်သတ်တွေက “လေးဖြူ” “လေးဖြူ”ဆိုပြီး ညာသံပေးအော်ဟစ်သံတွေက သုဝဏ္ဏ အားကစားရုံ ပြင်ပ ထိအောင် ဟိန်းထွက်သွားတယ်။
“ခင်ဗျားတို့နဲ့အတူ နာဂစ်လေဘေးဒုက္ခသည်တွေအတွက် ကုသိုလ်ပြုရတာ အရမ်းပျော်ရွှင်ပါတယ်။ အားလုံး မင်္ဂလာပါ”လို့ လေးဖြူနှုတ်ခွန်းဆက်ပြီးချိန်မှာတော့ ပရိသတ်ရဲ့ လှုပ်ရှားမှုတွေက လေးဖြူ သီဆိုတဲ့ ရော့ခ် သီချင်းတွေမှာ နစ်မျောခုန် ပေါက်ကြတယ်။ ပွဲစချိန်ကတည်းက ရုံပြည့်ရုံလျှံနေတဲ့ လူအုပ်က ပွဲစပြီး ၄၅ မိနစ် လောက်အကြာမှာ ပို၍ပို၍ များပြား လာပါတယ်။
“ဒီပွဲလောက်ပရိတ်သတ်များတာ တခါမှ မမြင်ဖူးဘူး။ အတော်ကို အားရစရာကောင်းတယ်”လို့ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် တဦးက မှတ်ချက်ပြုတယ်။
နာမည်ကျော် ဟစ်ဟော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ “အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးပွဲပါပဲ။ အားကျမိပါတယ်” လို့ စတိတ်ရှိုးပွဲကို ခုန်ပေါက် အားပေးကခုန်ရင်း မှတ်ချက်ပေးတယ်။
ရော့ခ်သီချင်းတွေသီဆို နာမည်ကြီးတဲ့ အမျိုးသမီးအဆိုတော် ကော်နီကလည်း “ပရိသတ်များနဲ့အတူတူ ပျော်ရွှင်ရပါတယ်။ ဂုဏ်ယူပါတယ်”လို့ ရယ်မောစွာနဲ့ တုံ့ပြန်မှတ်ချက်ပြုတယ်။ စူးရှတဲ့ အသံနဲ့အချစ်သီချင်းတွေရော၊ ရော့ခ်သီချင်းတွေပါ သီဆို နိုင်တဲ့ ပရိသတ်အချစ်တော် ချောစုခင်ကလည်း “ဘာဖြစ်ဖြစ် အခုလို ကိုလေးဖြူစတိတ်ရှိုးပြန်ဆိုတဲ့အတွက် ပရိသတ် အတွက်ရော ချောစုကပါ အရမ်းပျော်တယ်။ ဒီနေ့ ၂၄ ရက်နဲ့မနက်ဖြန် ၂၅ ရက်ပါ ၂ ရက်စလုံး ကိုလေးကို အားပေးမယ်။ မကြည့်ရတာကြာပြီဖြစ်တဲ့ ကိုလေး ရဲ့ ဖျော်ဖြေတာ ပြန်ကြည့်ရတဲ့အတွက် အရမ်းမိုက်ပါတယ်”လို့ သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပါတယ်။
စတိတ်ရှိုးပွဲကိုလာကြည့်တဲ့ ပရိသတ်အရေအတွက်က ခန့်မှန်းဖို့ခက်လောက်အောင် များပြားလွန်းလှတယ်။ ပွဲလုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးဝန်ထမ်းတဦးကတော့ အနည်းဆုံး ငါးသောင်းကျော်ရှိမယ်လို့ ခန့်မှန်း တယ်။ ပရိသတ်တွေထဲမှာ နိုင်ငံခြားသားတွေ တော်တော်များများကိုလည်း တွေ့ရတယ်။
ပရိသတ်အချစ်တော် လေးဖြူ၊ ၀ိုင်ဝိုင်း၊ အငဲနဲ့မျိုးကြီးတို့ဟာ သီဆိုဖျော်ဖြေချိန်မှာ ပရိသတ်ဘက်ကို မိုက်ကရိုဖုန်း ကို ထိုးပေးပြီး ပရိသတ်ရဲ့သံပြိုင်သီချင်းလိုက်လံသီဆိုမှုကို အသိအမှတ်ပြုရင်း ပရိသတ်ကိုလည်း အရွှန်းဖောက် ပါတယ်။
“ပရိသတ်ကြီး မျိုးကြီးမြှောက်ပေးတိုင်း အင်္ကျီတွေချွတ်မနေကြနဲ့ အအေးပတ်ကုန်လိမ့်မယ်”လို့ အဆိုတော်အငဲက ပြောတော့ ပရိသတ်တွေကလည်း ရယ်ကြတယ်။
လေးဖြူကလည်း “ရောမီသောဖော (တရုတ်ကားထဲကပုံစံအတိုင်းလုပ်ပြ)”ဆိုပြီး ပရိသတ်ကို နောက်တယ်။
တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ပရိသတ်နဲ့ အဆိုတော်တွေ အပေးအယူ မျှမျှ အတိုင်အဖောက် ညီလာ ကြတယ်။ အဆိုတော်တွေက ပရိသတ်ကို အစွမ်းကုန်ဖျော်ဖြေ ကြသလို ပရိသတ်တွေကလည်း ပွဲကို စည်းကမ်း ရှိရှိ ရန်ပွဲမရှိအား ပေးနေကြတယ်။
ည ၉ နာရီ မိနစ်၂၀ အချိန်ကျတော့ …
အဆိုတော်လေးဖြူက “ဒီညလေးကိုတော့ ဘယ်လိုမှမေ့လို့ရတော့မှာမဟုတ်ပါဘူး” လို့ပြောပြီး ပွဲကို နိဂုံးချူပ်ဖို့ ပြင်တော့ ပရိသတ်တွေက အော်ဟစ်ပြီး သီချင်းတောင်းကြတယ်။
ပရိသတ် တောင်းဆိုမှုကြောင့် လေးဖြူက နောက်ထပ်သီချင်းနှစ်ပုဒ် ထပ်ဆိုပေးမယ်။ မနက်ဖြန်ကျရင်လည်း ကျနော်ဆွဲရ ဦးမယ် (သီချင်းထပ်ဆိုရဦးမယ်)။ အဲဒီတော့ နှစ်ပုဒ်ပြီးရင် ပွဲနားကြပါစို့လို့ တောင်းပန်ပါတယ်။
ည ၉နာရီ ၃၀ မိနစ်အချိန် မှာတော့ …
အဆိုတော် လေးဖြူက နောက်ဆုံးပွဲသိမ်းသီချင်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော နာမည်ကြီး သီချင်းဖြစ်တဲ့ “အလင်းရောင်” သီချင်းကို ဖျော်ဖြေတော့ ပရိသတ်ကလည်း သီချင်းကို သံပြိုင်အော်ဟစ်သီဆိုကြတယ်။ တချို့ပရိသတ်တွေက မီးခြစ် ကိုခြစ်ပြီး မီးတောက်လေးတွေကို ဝှေ့ယမ်းပြီး လွမ်းလွမ်းဆွေးဆွေးအားပေးကြတယ်။
ပွဲကို လာရောက်အားပေးတဲ့ အသက်၂၀ ကျော်အရွယ် ပြင်သစ်နိုင်ငံသူလေးတဦးရဲ့မျက်နှာမှာ မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတယ်။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် သီဆိုကြတဲ့ အဆိုတော်တွေနဲ့ အားပေးကြတဲ့ ပရိသတ်ကို မြင်တွေ့ရတာ သူမအဖို့ဝမ်းသာလွန်းလို့ မျက်ရည်ကျတာပါလို့ ပြောတယ်။
ည ၉ နာရီ ၄၀ မိနစ် အချိန်မှာပဲ …
နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ဖျော်ဖြေတဲ့ရန်ပုံငွေ စတိတ်ရှိုးပွဲက အောင်မြင်အေးချမ်းစွာနဲ့ အဆုံးသတ်သွား ပါတော့တယ်။ ။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, August 21, 2008

ဂမ်ဘာရီ... လာပြန်သော်လည်း ပြည်သူတွေမြင်တာကတော့


ကုလသမဂ္ဂကိုယ်စားလှယ်ကြီးဟာ မြန်မာပြည်သူတွေကို လာလာပြီး ထူးမခြားနားတွေပဲလုပ်ပြနေကြောင်း ကာတွန်းဆရာဟန်လေး(ဧရာဝတီ)ရဲ့ ပုံဖေါ်ချက်လေးပါ။

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, August 19, 2008

လူအ...ဖြစ်တဲ့အကြောင်းပြောပြီ...ချွန်း


လူအ

အခုတလောလူက စဉ်းစားတာများပြီး ရောဂါရချင်သလိုဖြစ်လာနေတယ်။ မိုကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာတော့ လူတွေရော ဂါများပြီး သက်တမ်းတိုတာ ဣဿာ၊ မစ္ဆရိယကြောင့်တဲ့။ ဣဿာ၊ မစ္ဆရိယက ချစ်ခြင်း၊ မုန်းခြင့်းကလာတာတဲ့။ ချစ်ခြင်း၊ မုန်းခြင်းက ဝိ တက်ကြောင့်ဖြစ်တာတဲ့။ ဝိတက်ဆိုတာက စဉ်းစားတွေးတောတာကိုပြောတာပါ။ ဒါဆို ရောဂါရလာခြင်းရဲ့အကြောင်းရင်းက စဉ်းစားတာ၊ အတွေးများတာကြောင့်ဆိုပြီး ဆင်ဆင်ခြင်ခြင်နေပါတယ်ဆိုမှ တွေးစရာတွေက ရောက်ရောက်လာတယ်။
လူတွေများကိုယ့်အတွက်ဘဲကိုယ်သိကြတယ်။ စီးပွားရေးသမားတွေများ လူစုစု ဖြစ်ပြီဆို ဘယ်လိုစီးပွားရှာရမလဲဆိုတာဘဲ စဉ်းစားနေကြ တာ။ ကိုယ်ဖာသာစီးပွားရေး ရိုးရိုးသားသားလုပ်တာကို မပြောလိုပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြပြီး စီးပွားရှာကြတာ တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ပါ။
ကျမတို့ငယ်ငယ်က မျောက်ပွဲတွေကြည့်ခဲ့ရဘူးပါတယ်။ လူကြီးကသီချင်းဆိုပြီး မျောက်ကလေးကိုကခိုင်းတာပါ။ မျောက်ကလေးက သီ ချင်းအလိုက်နဲ့ကပြတာကို လူတွေက သဘောကျပြီး ပိုက်ဆံတွေထည့်ကြ၊ စားစရာတွေပေးကြနဲ့။ ကျမကိုယ်တိုင် ခလေးဘဝက သ ဘောကျပြီး ကိုယ်ရတဲ့မုန့်ဘိုးလေးတွေကို မျောက်ကလေးကို ပေးခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းက လူကြီိးတယောက်ပြောတာ ကျမမှတ်မိ သေး တယ်။ ”လူအတွေ“တဲ့။ ”နင်တို့ပေးတာကို မျောက်စားရမယ်ထင်သလား“ တဲ့။ အဲဒီအချိန်က တည်းက မျောက်ပွဲဆိုရင် မကြည့်ချင် တော့ဘူး။ မျောက်ကလေးကိုသနားလို့။
ယနေ့အချိန်တွေမှာတော့ တိုးတက်တဲ့ခေတ်ရောက်လာလို့လားမသိ မျောက်ပွဲတွေ မတွေ့ရတော့ဘူး။ ဒါပေမဲ့ မျောက်ပြဆန်တောင်း ဆိုတဲ့ အစဉ်လာကြီးကိုတော့ လူတွေကျင့်သုံးနေဆဲပါဘဲ။ ဒုက္ခသည်တွေကို အကြောင်းပြပြီး လုပ်စားလာကြသူတွေက များလာတယ်။ ကိုယ်ကိုတိုင်လည်းမျောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေကိုတော့ မပြောချင်တော့ ပါဘူး။ အခုပြောချင်တာတခုက ”လူအ“ဖြစ်ခဲ့ရတာကိုပါ။

၈လေးလုံးအနှစ်နှစ်ဆယ် နှစ်ပါတ်လည်အခန်းအနားတခုမှာပါ။ ၈လေးလုံးအမှတ်တံဆိပ် တွေနဲ့အင်္ကျီတွေကို နာဂစ်မှုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အတွက် ရံပုန်ငွေအဖြစ်ရောင်းကြတယ်။ ကိုယ်ကတော့ နာဂစ်အတွက်လည်းလျှူရ၊ အမှတ်တရ အင်္ကျီလည်းရတယ်ဆိုပြီး ဝမ်းသာအား ရလျှူခဲ့ပါတယ်။ နာဂစ်ဒုက္ခသည် ပြည်သူတွေကို ရည်မှန်းလို့ပေါ့။ ဒုက္ခသည်တွေကို လျှူဒါန်းရတဲ့ပီတိက တခြားအလျှူတွေထက်ပိုတယ် လို့ ခံစားရတယ်။ စိန်ရောင်၊ ရွှေရောင်တလက်လက်တောက်ပနေတဲ့ အလျှူပွဲထက်၊ ဆာလောင်နေတဲ့ လူတယောက်ကို ထမင်းတနပ် ကြွေးရတာက ပိုပြီးအကျိုးကျေးဇူးဖြစ်တယ် လို့ခံယူထားသူပါ။
ဒါပေမဲ့ ဒီိအလျှူက ဒုက္ခသည်တွေဆီကို မရောက်ဘူးတဲ့။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပါဘဲ။ အဓိကကတော့ စီးပွားရေးသမားက လုပ်စားသွားတာပါ။ ဒါပေမဲ့ ကိုယ်ကတော့ နာဂစ်ဒုက္ခသည်တွေအတွက် ရည်မှန်းပြီးလျှူထားတာဆိုတော့ ကိုယ့်အလျှူက စေတ နာသုံးတန်ပြတ်သားပြီးသားပါ။ ကိုယ့်အလျှူငွေ ဒုက္ခသည်တွေလက်ထဲ ရောက်တာ မရောက်တာကတော့ တာဝန်ယူထားတဲ့သူတွေနဲ့သာ ဆိုင်ပါတယ်။ စိတ်မကောင်းတာ တခုကတော့ ဒုက္ခသည်တွေအတွက်ပါ။ သူတို့မှာဘယ်လိုဝဋ်ကြွေးတွေများ ပါလာကြ သလဲမသိပါဘူး။ ”ပေးကားပေး၏ မရ“ ဆိုတာမျိုးနဲ့ကြုံနေကြရတာပါ။ ကျမတို့လို သေးသေးမွှားမွှားအလျှူကအစ၊ နိုင်ငံတကာကကြီးကြီးမားမား အလျှု အထိ သူတို့လက်ထဲ ၁၀% လောက်မှ ရောက်ပါရဲ့လားလို့ စဉ်းစားရင်း ရောဂါတွေတိုးလာပါတယ်။
လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ
(ချွန်း )

(မှတ်ချက်လေးပေးလိုက်ပါရစေဦး မေ့သွားလို့ပါ မျောက်ပြဆန်တောင်းချင်တဲ့ သူတချို့ကိုသာ ရည် ရွယ်တာပါ မျောက်ပြဆန်တောင်းသ မားတွေလက်ထဲ သွားလျှူလိုက်လို့ကတော့ ကျမကြုံသလို ကြုံကြရမှာပဲ ဘာဖြစ်လို့လဲဆိုတော့ မျောက်ပြသမားက အစစ်အမှန်တွေထဲမှာ ကိုယ်ယောင်ဖျောက် ထားတတ်ကြလို့ပါပဲ)

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, August 17, 2008

ကျမတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ...(ခင်မမမျိုး)


ကျမတို့ဘာတွေပြင်ဆင်ထားပြီးပြီလဲ

မြန်မာနိုင်ငံမှာဒီမိုကရေစီရရင်ဆိုတဲ့စကားလုံးကို ကျွန်မတို့တွေ ပြောလေ့ရှိကြပါတယ်။ အထူးသဖြင့် ပြည်ပမှာနိုင်ငံရေးလုပ်နေရင်း မွေး ရပ်မြေကို လွမ်းဆွတ်ကြတဲ့အခါ၊ မွေးရပ်မြေအကြောင်းပြောဆိုကြတဲ့အခါမှာ ပြောဆိုလေ့ရှိကြပါတယ်။ စစ်အစိုးရကြောင့် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်စီးနေတာတွေ၊ တိုးတက်မှု မရှိပဲ ဆုတ်ယုတ်နေတာတွေကို တွေးမိတဲ့အခါတိုင်း ဒေါသတွေထွက်မိကြ၊ အားမရတွေ လည်းဖြစ်နေကြနဲ့ အတော်ပဲစိတ်ပင်ပန်းရပါတယ်။ တကယ်ပါ။ ကျွန်မကိုယ်တွေ့မှာဆိုရင် မြန်မာပြည်အကြောင်း တွေးမိရင်း အိပ်ပျက်ခဲ့ ရတဲ့ညတွေ၊ ရထားဘူတာကျော်သွားတာတွေ၊ ဘတ်စ်ကားမှတ်တိုင်ကျော်သွားတာတွေ၊ ၀မ်း နည်းမျက်ရည်ကျမိတာတွေ၊ စိတ်ဆိုးမာန် ဆိုးနဲ့ နံရံကိုလက်သီးနဲ့ထထိုးမိတာတွေ၊ အိမ်ထဲကပစ္စည်းတွေကို ကောက်ပေါက်မိတာတွေ ဖြစ်ခဲ့ရတာ အများကြီးပါ။ လက်သီးကိုကျစ်ကျစ်ဆုတ်ပြီး၊ ၀မ်းနည်းကြေကွဲမှုတွေ ကို နာကျည်းမှုခွန်အားအနေနဲ့ ပြောင်းဖြစ်ခဲ့ရတဲ့ အကြိမ်တွေလည်း မရေတွက်နိုင် အောင်ပါ။ ဒါပေမယ့် - ကျွန်မတို့တွေ ဒီလိုဖြစ်နေရုံနဲ့ ဒီပွဲက ပြီးသွားမှာလား ------ ။

အဖြေကရှင်းပါတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့တွေ လုပ်နိုင်တာလုပ်ရင်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင် ရင်း အနာဂတ်ဒီမိုကရေစီ နိုင် ငံတော်သစ်အတွက် မျှော်လင့်ချက်အပြည့်ထားကြရမှာပါ။ တကယ်တမ်းကျ တော့ ဒီမိုကရေစီရရင်ဆိုတဲ့ စကားလုံးကို ကျွန်မတို့အလွယ် တကူ ပြောတတ်ကြပေမယ့် ကျွန်မတို့အခု စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံလို့ ကြေညာလိုက်ရုံနဲ့ ဒီမိုကရေစီအပြည့်အ၀ ရှိတဲ့ နိုင်ငံ ချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (Initial Democratization) ပဲရှိပါသေးတယ်။ ကျွန်မတို့ရဲ့ နောင်တော်မျိုးဆက်တွေ အသက်ပေးပြီး တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီး ရေရှည်တည်တံ့ဖို့အတွက်Democa
atic Consolidation ဆိုတဲ့အဆင့်ကြီး အောင်မြင်လာအောင် ကိုပါ ဆက်လက်လုပ်ကိုင်ကြဖို့ ကျွန်မတို့မှာ သမိုင်းပေးတာဝန်ရှိပါတယ်။ “မုနှ့်ဆီကြော်ကဘယ်နေမှန်း မသိ။ နှုတ်ခမ်းနာနဲ့တည့်ပါ့မလား“ ဆိုပြီး လုပ်နေတယ်လို့ ကျွန်မကို ဆိုချင်လဲ ဆိုကြပါ။ ဒါပေမယ့် နောက် တနေ့တာအချိန်ဇယားကို ကြိုတင်ပြင်ဆင်ပြီးမှ ညအိပ်လေ့ရှိတဲ့ ကျွန်မ၊ လေးငါးနှစ်မှာဖြေသင့်တဲ့ စာမေးပွဲ ကိုလည်း အခုကတည်းက ကြို တင်ရွေးချယ်လေ့ရှိတဲ့ကျွန်မ၊ မလွန်ဆန်နိုင်သော ကံကြမ္မာဆိုး တစုံတရာ ကြောင့် ချထားတဲ့စီမံကိန်းလွဲချော်သွားရင် လုပ်သင့်တဲ့ Back up plan နဲ့ ကိုယ်သွားမယ့်လမ်းကြောင်းပေါ် မရောက်ရောက်အောင် တစိုက်မတ်မတ်နဲ့ ပြန်တက်လေ့ရှိတဲ့ ကျွန်မအတွက်တော့ ကြိုတင် ပြင်ဆင်မှုဆို တာကို အလေးအနက် အလွန်အမင်းထားတတ်တာ အကျင့်ဖြစ်နေလို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

စစ်မဟာဗျူဟာလေ့လာရေးမှာရော၊ စီးပွားရေးဗျူဟာမှာရော၊ ဈေးကွက်ဗျူဟာမှာရော အလွန်ပဲအရေးကြီးတဲ့ ဆန်းစစ်ချက်တခုရှိပါ တယ်။ SWOT analysis လို့အတိုကောက်ခေါ်လေ့ရှိပါတယ်။ Strengths, Weaknesses, Opportunities, Threats ပါ။ ကိုယ့်ဘက်ကို ရော၊ ရန်သူဘက် (ယှဉ်ပြိုင်ဘက်) ကိုပါ ဒီဆန်းစစ်ချက်လုပ်ပြီးမှ မဟာဗျူဟာ တခုကို ချမှတ်အကောင်အထည်ဖော်ရပါတယ်။ လူတိုင်းလူတိုင်းဟာ အားနည်းချက်နဲ့ မကင်းနိုင်ကြပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံသောလူရယ်လို့ မရှိပါဘူး။ ဒီလိုပဲတယောက်နဲ့ တယောက် အားသားချက်တွေကလဲ မတူပြန်ပါဘူး။ သူ့အားနည်းချက်မှာ ကိုယ်ကအားသာပြီး complement ဖြစ်သွားရင်တော့ အောင်မြင်မှုဟာ အ ထွတ်အထိပ်ပါပဲ။ ဒါကြောင့်လဲ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက လိုအပ်တာပါ။ ယုံကြည်ချက်တူ၊ လမ်းကြောင်းတူတဲ့ အဖွဲ့အစည်းတွေဆို ရင် ပူးပေါင်းဆောင်ရွက် မှုရှိမှလဲ ပိုပြီး ထိရောက်မှုဆိုတာ ဖြစ်စေနိုင်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဆိုတာကို မရောက်ခင် လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ကိုယ့်အားနည်းချက်ကို ကိုယ့်ဘာသာသိနေဖို့လဲ လိုအပ်ပါတယ်။ ဒါကိုထောက်ပြပြောဆိုတာကိုလဲ ဟုတ် မှန်တယ်ဆိုရင် အမှန်အတိုင်း လက်ခံပြုပြင်တတ်နိုင်ဖို့ လိုအပ်ပါတယ်။ မှန်ရင်ခံခက်ဖြစ်တတ်တယ်ဆိုပေမယ့် ဇွတ်မှိတ်ပြီး ငါတို့ကိုမစော် ကားနဲ့လို့ထိုင်ပြောနေ တာထက် သူပြောရအောင် ငါတို့ကဖြစ်နေသလားဆိုတာ အရင်ဆန်းစစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အားနည်း ချက်ကို ကိုယ်မသိရင်တော့ ပစ်မှတ်ကို ထိဖို့မလွယ်ပါဘူး။

ဥပမာပြောရရင် ကျွန်မသေနတ်ပစ်တဲ့အခါတိုင်းမှာ အားနည်းချက်တခုရှိတယ်။ ခလုတ်ညှစ်လိုက်တိုင်း သေနတ်ပြောင်းက ခါသွားတယ်။ မၿငိမ္ဘူး။ ဖြစ်သင့်တာထက်ပိုဆိုးတာကိုပြောတာပါ။ ခါသင့်တာထက် ခါတော့ ပစ်မှတ်လွဲတယ်။ target card ကိုထိပေမယ့် အလယ်ဗဟို ကို မထိဘူး။ ဒီတော့ ကျွန်မ သူငယ်ချင်းက အားနည်းချက်ကိုထောက်ပြပါတယ်။ လူဆိုတာကလေ အတ္တမျိုးကြီးပဲရှင့်။ ကိုယ့်ကိုလာပြော တော့ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်သား။ ဒါပေမယ့် ဟုတ်နေတော့လဲ လက်ခံရတာပေါ့။ ဒါကိုဘယ်လိုလုပ်နိုင်မလဲ ဆက် မေးရတယ်။ ကျွန်မရဲ့အဓိက Goal က ပစ်မှတ်ဗဟိုကို ထိဖို့လေ။ သူငါ့ကို ဒီလိုပြောတယ်ဆိုပြီး သူနဲ့သွားငြင်းဖို့၊ ရန်ဖြစ်ဖို့မဟုတ်ဘူးကို။ မှန်သည်ဖြစ်စေ၊ အမြင်မှားပြီး ပြောတာ ဖြစ်စေ၊ သူဒီလိုပြောလာပြီဆိုရင်တော့ အကြောင်းတခုခုရှိလို့ပဲဖြစ်တယ်။ အဲဒီအကြောင်းရင်းကိုသာ အရင် ဆွေးနွေးသင့်တယ် မဟုတ်လား။ ဒီလိုပဲပြောကြရင်း၊ အကြံဥာဏ်တောင်းရင်းနဲ့ ပစ်မှတ်ချိန်တဲ့အခါမှာ ပုံမှန်ထက် နဲနဲလေးမြှင့်ချိန်ဖို့ သူကအကြံပေးလာတယ်။ ကျွန်မလုပ်ကြည့်တယ်။ ထိတယ်။ အလယ်ဗဟို တိတိပဲ။ သူပြောတာမှားပြီး ပစ် မှတ်ကိုပါ လုံးဝမထိတော့တာလဲ ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်ကို ပြောလာပြီဆိုရင်တော့ သူ့အမြင်နဲ့ သူ့အကြံကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒါကို ကျွန်မဆိုလို တာပါ။

ဒီတော့ အဲဒီဥပမာလေးကို နှလုံးမူပြီး၊ ပြည်ပရောက်အတိုက်အခံတယောက်အနေနဲ့ ပြည်ပရောက်အတိုက် အခံတွေနဲ့ ပတ်သက်ပြီး မြင် တာပြောကြည့်မယ်နော်။ ကျွန်မတို့တွေ အချိန်တွေကို ထိရောက်တာမှာ မသုံးပဲ အလဟဿ ဖြုန်းပစ်နေကြတယ်။ လိုအပ်တဲ့ ပြင်ဆင်မှု တွေလည်း မလုပ်ပဲ ပွဲလမ်းသဘင်များစွာနဲ့ ဟိုနေရာစုစု၊ ဒီနေရာစုစု အချိန်ကုန်နေကြတယ်။ ဒီလိုကျွန်မပြောမယ်။ ကျွန်မကိုလာမငြင်းခင်မှာ ကိုယ့်ဘာသာ ကိုယ်ဟုတ်လား၊ မဟုတ်လား အရင်ပြန်မေးကြည့်ပါနော်။ မဟုတ်ဘူးဆိုရင်တော့ အချက် အ လက် အခိုင်အမာနဲ့ ပြန်လာပြောပါ။ ကျွန်မဒီအမြင်ကို ရုတ်သိမ်းပေးပါ့မယ်။

ပထမဆုံးအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးအကြောင်းကို စပြောကြရအောင်။ ပြည်ပရောက် အတိုက်အခံအများစုက ကိုယ့်ဘာ သာကို တော်လှန်ရေးသမားလို့ စိတ်ကြီးဝင်နေတတ်ကြတယ်။ တကယ် လုပ်နိုင်တာကျတော့ campaign ပဲဖြစ်တယ်။ တော်လှန်ရေးနဲ့ ကင်ပိန်းကို မကွဲပြားကြဘူး။ မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ မြန်မာပြည်တွင်းနဲ့ မြန်မာ့မြေထဲက တောထဲမှာပဲရှိတယ်။ ပြည်ပရောက်လာရင်တော့ ဆန္ဒပြပွဲနဲ့ သက်ဆိုင်ရာအစိုးရတွေကို lobby လုပ်တာ၊ မြန်မာပွဲလမ်းသဘင်တွေလုပ်တာပဲရှိတယ်။ တော်လှန် ရေးဆိုတာ မရှိဘူး။ ဒီအချက်ဟာ တော်လှန်ရေးရဲ့အဓိက လိုအပ်ချက်မဟုတ်ဘူး။ တော်လှန် ရေးကို ထောက်ကူမပေးတာပဲရှိတယ်။ မထောက်ကူရင်ကောဖြစ်မလားလို့ ပြန်ငြင်းချင်ငြင်းပါ။ ဒါပေမယ့် အများစုက ထောက်ကူတာပဲ လုပ်နေတော့ မှော်ဆရာ လူသေကောင် အ သက်သွင်းတာ ခြေထောက်ကြီးပဲ ထောင်နေသလိုဖြစ်နေတယ်။ တကိုယ်လုံးက မကြွလာဘူး။ ပိုဆိုးတာက ဒါတွေကို အလုပ်ကြီးတခုအ နေနဲ့ နိုင်ငံတကာဖိအားဆိုတာကြီးကိုပဲ လုံးဝအားကိုးပြီး၊ ဒါကမှ မြန်မာပြည်အတွက် နိုင်ငံရေးလုပ်နေတာ၊ တော်လှန်ရေးလုပ်နေတာလို့ လွဲမှားစွာ ထင်လာတဲ့အချက်ပဲ။ တကယ်တမ်းကျတော့ တော်လှန်ရေးတခုရဲ့ အရေးကြီးတဲ့ pillar တွေဖြစ်တဲ့ political pillar, social - economic pillar, cultural- spiritual pillar, military pillar တွေမှာ လုံးဝအားနည်းသွားတယ်။ အားလုံးက international pillar ကိုပဲ အာရုံစိုက်လာကြတယ်။ အရေးကြီးဆုံး မြေအောက်ကလာဘ်စည်းအစုအဖွဲ့တွေကို နက်နက်ရှိုင်းရှိုင်း အကောင်အထည် မဖော်နိုင်တော့ ဘူး။ မြေပေါ်လိုင်းအိုဂျီမှာပဲ အားလုံးစုပုံကုန်တယ်။ ဒီအထဲမှာလဲ ကိုးဆယ်ရာခိုင်နှုန်းလောက်က ပြည်ပအခြေစိုက်ပြီး ဆယ့်နှစ်လရာသီ မရိုးနိုင်သော ပွဲများဖြစ်တဲ့ လွတ်လပ်ရေးပွဲ၊ တော်လှန်ရေးနေ့ဆန္ဒပြပွဲ၊ သင်္ကြန်ပွဲ၊ ဒေါ်စုမွေးနေ့ပွဲ၊ ရှစ်လေးလုံးဆန္ဒပြပွဲ၊ စက်တင်ဘာ အာ ဏာသိမ်းနှစ်ပတ်လည်ပွဲ၊ ဒီဇင်ဘာလူ့အခွင့်အရေးနဲ့ ဆန္ဒပြပွဲတွေလုပ်နေတာနဲ့ပဲ အလုပ် ရှုပ်နေကြတယ်။ အစည်းအဝေးတွေမှာလဲ နိုင်ငံ ရေးလမ်းစဉ်တရပ်ကို ချပြကြ၊ ဆွေးနွေးကြ၊ တော်လှန်ရေး အရှိန်မြင့်လာအောင် ဘယ်လိုလုပ်မလဲ အဖြေရှာကြတာ မဟုတ်ပဲ ဘယ်ပွဲမှာ ဘယ်သူကအခမ်းအနားမှူး လုပ်မယ်၊ စကားတက်ပြောမယ်၊ ထုတ်ပြန်ကြေညာချက်တွေထုတ်မယ်ဆိုတာတွေနဲ့ပဲ ပြီးသွားကြတာ များ တယ်။ ဒီထုတ်ပြန်ကြေညာချက်တွေဆိုတာကလဲ ဟိုအဖွဲ့အစည်းကထုတ်လိုက်၊ ဒီအဖွဲ့အစည်းက ထုတ်လိုက်နဲ့ ပြန်ခြုံကြည့်ရင်လဲ ဒါ တွေပါပဲ။ တနှစ်လဲဒါပဲ၊ နောက်တနှစ်လဲဒါပဲ၊ template သဘောထားပြီး ရက်စွဲလေးတွေ ပြောင်းတာပဲရှိတယ်။ ဒါတွေလုပ်ဖို့ ပေးဆပ် လိုက်ရတဲ့အချိန်တွေ၊ အင်အားတွေနေရာမှာ တခြားပိုမိုထိရောက်တဲ့လုပ်ရပ်တွေဖြစ်ဖြစ်၊ မြန်မာပြည်အနာဂတ်အတွက် ကြိုတင်ပြင်ဆင် မှုတွေဖြစ်ဖြစ် လုပ်ရင်အင်အားပြုန်းတီးမှု ဖြစ်နေတာတွေ လျော့သွားမလားပဲ။ ဒီကြားထဲ မညီညွတ်မှုတွေနဲ့ ဆန္ဒပြပွဲကို တောင် ဟိုတဖွဲ့ က တနာရီ၊ ဒီတဖွဲ့က နှစ်နာရီလို့ လုပ်နေကြတာ သေချာတွေးကြည့်ရင် ရှက်ဖို့အလွန် ကောင်းတဲ့ကိစ္စ။ မြန်မာ့အကြောင်းကို ကမ္ဘာလှည့် ဖော်ကျူးပြနေကြသလိုပဲ။

တပ်ပေါင်းစုတခုသာရှိရင် Pubic Relations ဌာနအနေနဲ့ ထုတ်ပြန်ကြေညာချက်တခုကိုပဲ ခေါင်းစည်းတခုနဲ့ ထုတ်လိုက်၊ လုပ်ငန်းဖော် ဆောင်ရေးဌာနအနေနဲ့ သက်ဆိုင်ရာနိုင်ငံကိုယ်စီမှာ ပွဲတွေကျင်းပလိုက်လုပ်လိုက် တာနဲ့တင် အခုလူတသောင်းလောက်လုပ်နေတဲ့ အလုပ် တွေက လူတရာလောက်လုပ်တာနဲ့တင် ပြီးကို ပြီးတယ်။ သက်ဆိုင်ရာနိုင်ငံကအကြီးအကဲတွေ နေရာကလဲ စဉ်းစားကြည့်ပါ။ အစောင်စောင်တက်လာနေ တဲ့ ထုတ်ပြန်ချက်တွေကို တကယ်ရောဖွင့်ဖတ်ကြပါ့မလားလို့ တွေးကြည့်ကြပါ။ ပြောမကောင်းလို့သာ မပြော ကြတာ။ မြန်မာတွေဘယ်လိုဖြစ်နေလဲဆိုတာ သူတို့ကသိမှသိ ဖြစ်နေပြီ။

နောက်တခုက ပရိုပိုဆာကိစ္စ။ နိုင်ငံရေးတင်မဟုတ်ဘူး။ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့ အဖွဲ့တွေမှာတောင် leaking bucket ဆိုတဲ့ သဘောတရားရှိတယ်။ အတိုဆိုရရင်တော့ ပေးတဲ့သူတွေ ဆီင်္ကနေ လက်ခံသူတွေဆီမရောက်ခင်ကြားမှာ အထွေထွေကုန် ကျစရိတ်တွေပေါ့။ ဒီအထဲမှာ ၀န်ထမ်း စရိတ်က အကြီးဆုံး။ ဒါကြောင့်လဲ တချို့ လုပ်ငန်းကြီးတွေမှာ downsizing လုပ်လာကြတာပါ။ ပြီးတော့ လုပ်မယ့်အလုပ်ကို ထိရောက်မှုဖြစ်ဖို့ရာမှာလဲ အလုပ်ခွဲဝေမှုဆိုတာရှိရတယ်။ ဘက်ပေါင်းစုံမှာ လုပ်ကြ ရမယ်။ အခုကျွန်မတို့ တွေက ပရိုပိုဆာတင်ပြီး ကျလာရင် လုပ်ကြတာတွေက ဟိုအဖွဲ့ကလဲဒါပဲ။ ဒီအဖွဲ့ ကလဲဒါပဲ။ Project planning ဌာနတခုထားပြီး လိုအပ် တဲ့ကဏ္ဍတွေကို ခွဲဝေချပေးမှုလုပ်လိုက်ရင် တဖွဲ့က civil society အတွက်လုပ်၊ တဖွဲ့က ဒီမိုကရေစီပညာပေးရေးလုပ်၊ တဖွဲ့က ကင်ပိန်း လုပ်၊ တဖွဲ့က မှတ်တမ်းပြုစုရေးလုပ်နဲ့ ပိုပြီး နေရာမကျနိုင်ဘူးလား။ overlapping ဖြစ်တဲ့ဧရိယာတွေကို လျှော့ချနိုင် တာပေါ့။ နောက်ပြီး ခရီးသွားကုန်ကျစရိတ်တွေ။ ဒါလုပ်ဖို့ကိုပဲ ဟိုအဖွဲ့ကအဲဒီနေရာတခါသွား၊ ဒီအဖွဲ့က တခါထပ်သွားနဲ့။ ဟိုလူကတခါသွား၊ ဒီလူကတခါ သွားနဲ့။ သူ့နေရာနဲ့သူ ဒေသဆိုင်ရာ in-charge တွေထားလိုက်ရင် အဆင်မပြေဘူးလား။ အဲလိုဆိုရင်လဲ ကုလားထိုင်လုနေကြမှာပေါ့။ ကိုယ့်မြန်မာ အကြောင်းမသိဘူးလားလို့တော့ ကျွန်မကိုမပြောပါနဲ့။ ဒါတွေလုပ်နေလို့ အကျိုးမှမရှိတာ။ ကျဆုံးသွားတဲ့ရဲဘော်တွေ၊ ထောင် ထဲကရဲဘော်တွေ မျက်နှာထောက်ပြီး ဒီလောက်တော့ သဘောထားကြီးသင့်တယ် ထင်တာပဲ။ ဒီလိုပဲဟိုတမျိုး၊ ဒီတမျိုးနဲ့ ပွစာကျဲနေလို့က တော့ ဘယ်လိုလုပ်ပြီး united force ကိုရမှာလဲ။ လူ့ဘီလူးကြီးကို ခြေထောက်သွားကုပ်လိုက်၊ လက်သွားပုပ်လိုက်၊ ကလိသွားထိုးလိုက် ပုံစံမျိုးဖြစ်နေမှာပေါ့။ အားလုံးက အားနဲ့မာန်နဲ့ တပြိုင်တည်းတွန်းလှဲပြီး တက်ဖိသတ်မှ ရမှာကိုး။

ကဲ - ဒါတွေကထားပါတော့။ မြန်မာပြည်မတိုးတက်လို့ ကျွန်မတို့တွေ ယူကြုံးမရစိတ်ဆိုးနေကြရတာ မဟုတ်လား။ ဒီတော့ စစ်အာဏာရှင် ပြုတ်ကျပြီး ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တဲ့အခါ မြန်မာပြည်တိုးတက်အောင် လုပ်ဖို့ကိုကော ကျွန်မတို့ ဘာတွေပြင်ဆင်ထားပြီး ပြီလဲ။ ဒီမိုကရေစီဆိုတာက ဥုံဖွ - တိုင်းပြည်တိုးတက်စေသတည်း လုပ်ပေးနိုင်တဲ့ မန္တန်မဟုတ်ဘူးနော်။ ဒီမိုကရေစီစနစ်ဆိုတာနဲ့ ချက်ချင်း ဂျီဒီပီတက်လာမှာမဟုတ်ဘူး။ မီးမလင်းတဲ့တိုင်းပြည်ချက်ချင်းမီးလင်းလာမှာမဟုတ်ဘူး။ တဲထဲက လူတွေ ချက်ချင်းလက်ငင်းတိုက်ပေါ် ရောက်သွားမှာမဟုတ်ဘူး။ ဒါတွေဖြစ်ဖို့နှစ်ပေါင်းများစွာ တိုင်းပြည်ကို တည်ဆောက်ကြရမယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ရှိနေခြင်းအား ဖြင့် အာဏာဟာ ပြည်သူရဲ့ လက်ထဲမှာ ရှိတယ်။ တိုင်းပြည်တိုးတက်ရေးမလုပ်ပေးနိုင်တဲ့အစိုးရ၊ လူတဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို မလေး စားတဲ့ အစိုးရမျိုးကို ပြည်သူကဖြုတ်ချပိုင်ခွင့်ရှိတယ်။ ဒီတော့ လူတွေဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး ပိုင်ခွင့်ရှိတယ်။ ဒီတော့ သူများ တွေ တိုင်းပြည်အုပ်ချုပ်တာမကောင်းတဲ့ အကြောင်းတွေကို မြိန်ရေယှက်ရေ ထိုင်ပြောထိုင်ဆဲနေကြတဲ့ ကျွန်မတို့ ဒီမိုသမားတွေ၊ ကိုယ် ယုံကြည်တဲ့ ဒီမိုစနစ်ဖော်ဆောင်ရင်းနဲ့ တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်လို့ Democratic consolidation မဖြစ်ပဲ reverse democrati zation ဖြစ်သွားလို့ကတော့ကျွန်မတို့ ကြိုးဆွဲချသတ်သေဖို့ပဲကောင်းလိမ့်မယ်။ လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို တာဝန်ခံရမယ်၊ တာဝန် ယူရမယ်လေ။ ဒီတော့ ကျွန်မတို့တွေ ပွဲကြိုက်မောင်၊ ပွဲကြိုက်မယ်တွေ ဖြစ်နေတာတင်မဟုတ်ပဲ တလှမ်းတိုးပြီး စနစ်တကျကြိုတင်ပြင် ဆင်ကြဖို့ကော မလိုအပ်ဘူးလား။

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းရဲ့ ၀န်ကြီးအဖွဲ့တွေမှာ၊ အစိုးရဌာနဆိုင်ရာတွေမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူတွေကို ပေါ်လစီတွေ ရေးဆွဲဖို့၊ သုံးသပ်ဖို့ ထောင်နဲ့ချီ၊ သောင်းနဲ့ချီပြီး ခန့်ထားကြတာ။ အမေရိကန်နိုင်ငံမှာဆို ပေါ်လစီမပြောနဲ့။ တခြားနိုင်ငံအစိုးရအဖွဲ့ ၀င် တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြောဆိုပုံ၊ လုပ်ကိုင်ပုံ၊ ဆုံးဖြတ်ချက်ချပုံတွေကိုပါ အသေးစိတ်လေ့လာတဲ့ ပညာရှင်တွေ စီအိုင်အေမှာ ခန့်ထားတာ။ ဒီတော့မှလဲ သံတမန်ရေးရာဆက်ဆံမှုတွေမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆုံးဖြတ် နိုင်တာပေါ့။ ဒါတွေရှိဖို့နေနေသာသာ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကို အရေးကြီးတဲ့ နေရာတွေအတွက်ကိုတောင် ကျွမ်းကျင်အောင်လေ့လာထားသူတွေ ကျွန် မတို့ဘယ်လောက် ရှိနေလို့လဲ။ အများစုက ပြောလိုက်ရင် ဒေါ်စုကိုပဲ လက်ညှိုးထိုးနေကြတယ်။ အစိုးရအဖွဲ့ဆိုတာ တယောက်တည်း တတ်နေ၊ သိနေလို့ရတာမဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာတက်လာမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့တင်ပြီးသွားတာမဟုတ်ဘူး။ ဒီ ကိစ္စမျိုးတွေကို တယောက်တည်းလုပ်ရတာ မဟုတ်ဘူး။ Think Tank တွေ အများကြီးလိုအပ်တယ်။

ပေါ်လစီရေးရာကျွန်မကပြောတော့ တယောက်ကပြောဘူးတယ်။ ခင်ဗျားက၀န်ကြီးရူးရူးနေတာလားတဲ့။ ဒီကိစ္စတက်လာတဲ့ပါတီကပဲ ပြော ရမှာ။ ခင်ဗျားပြောစရာမလိုဘူးတဲ့။ ဒီစကားမျိုးကိုသာကြားရင် အခု ယူကေက Government Economic Department မှာ economic analyst တွေ၊ senior economic adviser တွေလုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ၊ ဆရာမတွေ သတ်များသေသွားကြမလားပဲ။ ဒီမိုက ရစီ ရရှိရေးဆိုတဲ့စကားလုံးရယ်၊ နအဖလူသတ်တယ်၊ နအဖမကောင်းဘူးဆိုတဲ့ စကားတွေရယ် တင်မကပဲ ဒီမိုကရေစီစနစ်ကို တကယ် အကောင်အထည်ဖော်ချင်သူတွေအနေနဲ့ လက်ရှိဒီမိုကရေစီနိုင်ငံတွေရဲ့ အစိုးရ ယန္တရားတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကို ကြိုတင် မလေ့လာထားသင့်ကြဘူးလား။ ဘယ်လိုအခြေ အနေမျိုးမှာ ဘယ်လိုပေါ်လစီတွေ ချလိုက်တယ်၊ ဘယ်ပေါ်လစီတွေက ဘယ်လိုအခါ မျိုးမှာ failure ဖြစ်တတ်တယ်ဆိုတာတွေကို ကြိုတင်သိထားခြင်းဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် အကျိုးဖြစ်ထွန်း နိုင်တယ် မဟုတ် ဘူးလား။

ကျွန်မတို့မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တယ်။ ဒီလိုနိုင်ငံမျိုးအတွက် Land Reform လုပ်သင့်မလုပ်သင့်၊ Agricultural Exports တွေကို enlarge လုပ်နိုင်မယ့်နည်းလမ်းတွေ၊ Agriculture Price Policy တွေကို ကျွန်မတို့တွေ ကြိုတင်လေ့လာမထားသင့်ဘူး လား။ တခါစက်မှုလယ်ယာကို စနစ်တကျပြောင်းတဲ့အခါ Rural to Urban migration ဖြစ်မယ်။ ဒီအတွက် industrialization ဖြစ်နေဖို့ လိုမယ်။ ဒီတော့ Industrialization via import substitution လုပ်သင့်မလုပ်သင့်ဆိုတာကိုကော ကျွန်မတို့တွေ မဆွေးနွေးသင့်ကြဘူး လား။

ကဲ- ကျွန်မတို့တွေက နအဖစစ်အသုံးစရိတ်ကြီးတာကိုပဲ ထိုင်ပြောနေကြတယ်။ ဒီမိုကရေစီနိုင်ငံကျရင် အခုတပ်မှာရှိနေတဲ့ manpower ကို civilian production တက်လာအောင် ဘယ်လို conversion လုပ်မလဲ။ ဘယ်လို Retooling လုပ်မလဲဆိုတာ ကြိုလေ့လာထားတာ မ ကောင်းဘူးလား။ တခါ ကာကွယ်ရေး အသုံးစရိတ်လျှော့မယ်ဆိုရင် ဘယ်ကဏ္ဍတွေမှာ ပိုတိုးမလဲ၊ ပိုလျော့မလဲစသည်ဖြင့် public expend iture policy တွေကိုနိုင်ငံတခုချင်းစီအလိုက် နှိုင်းယှဉ်သိနေသူတွေရှိနေရင် မကောင်းဘူးလား။ Domestic resources တွေကို ဘယ်လို mobilize လုပ်ကြမလဲ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဖြစ်အောင် ရေရှည်၊ ရေတိုစီမံကိန်းတွေ ဘယ်လိုချသင့်ကြသလဲ ဆိုပြီးစဉ်းစား တာကလဲ နအဖတွေ ခိုးနေကြတာပဲ၊ ပညာရေးလဲစုတ်ပြတ်နေပြီဆိုပြီး ထိုင်ပြောနေတာထက်ပိုအကျိုးရှိတယ်။ နိုင်ငံတကာမှာ ဘာတွေ ဖြစ်ခဲ့ကြသလို၊ ဘယ်လိုလုပ်ခဲ့ကြသလဲသိမှ ကောင်းတဲ့နမူနာတွေသုံးနိုင်တော့မှာပေါ့။

ဒီလိုပဲ foreign resources တွေကို ဘယ်လို mobilize လုပ်မလဲ၊ International trade မှာအာဆီယံနဲ့ ကုန်သွယ်မှုဆိုင်ရာတွေ၊ တရုတ်၊ အိန္ဒိယတို့နဲ့ ကစားရမယ့် trade game ဆိုင်တာတွေကို ကြိုပြီး လေ့လာထားရင်ရော အာဆီယံကနအဖကိုကူညီနေတယ်၊ တရုတ်က ကူညီနေတယ်။ သူတို့ကိုမကူညီအောင် ကင်ပိန်းလုပ်ရမယ်ပြောနေတာထက် ပိုအကျိုးရှိပါလိမ့်မယ်။ သူတို့က lobby လုပ်လို့ကတော့ နောင်မျိုးဆက် ခြောက်ဆယ်လောက်အထိ ထူးမခြားနားပါပဲ။ မယုံရင်ပုံပြင်မှတ်ပါတော့။ စမ်းချင်ရင်လဲ ဆက်သာစမ်းကြပါ။ လုပ်နေသူများ ကို ဝေဖန်လိုခြင်းအလျဉ်းမရှိပါကြောင်း။ ဒီမိုသမားပီသစွာ လွတ်လပ်စွာပြောဆိုနိုင်သော အခွင့်အရေးကိုသာ အသုံးချခြင်းဖြစ်ပါတယ်။

ပြီးတော့တခါ အာဏာရှင်နိုင်ငံကနေ ဒီမိုနိုင်ငံပြောင်းထားတဲ့နိုင်ငံတိုင်းမှာ civil-military relationship ကို ပုံမှန်ပြန်ဖြစ်အောင် အတော်ပဲ လုပ်ယူကြိုးစားကြရပါတယ်။ ဒီအတွက်လဲ တတ်သိနားလည်သူများစွာ လိုအပ်ပါတယ်။ နိုင်ငံတခုရဲ့ဖွဲ့စည်းပုံရေးရာတွေနဲ့ ပတ်သက်လို့ ရော ကျွန်မတို့ဒီမိုတွေ Administrative law ကို စပယ်ရှယ်လစ် ဘယ်သူတွေ လုပ်ထားကြပါသလဲ။ ကျွန်မတို့အကြိမ်ပေါင်းများစွာ ရေ ရွတ်နေတဲ့ လူ့အခွင့်အရေးနဲ့ ဆိုင်ရာတွေမှာကော ပညာရှင်တွေ လက်ချိုးရေတွက်လို့တောင် ရပါသေးရဲ့လား။

တခြားနယ်ပယ်တွေကလဲအများကြီးပဲ။ ဆက်ပြောနေရင်ဒီပိုစ့်ကပြီးမှာ မဟုတ်ပါ။ ခင်ဗျားက စာအုပ်ကြီးပဲ။ စာအုပ်တွေပဲအားကိုးမနေနဲ့။ စာအုပ်နဲ့လက်တွေ့မတူတာအများကြီးလို့ ပြောချင်လဲပြောပါ။ အမှန်ပါပဲ။ ဒါပေမယ့် ဒီသီအိုရီတွေကို လက်တွေ့မှာ apply လုပ်ရတဲ့ နယ် ပယ်တွေအများကြီးပါ။ အထူးသဖြင့် စီးပွားရေးနဲ့ လူမှုရေးပေါ်လစီတွေမှာပါ။ enviorment policy, regional and urban policy, income distribution policy, taxation policy, public expenditure policy, monetary policy, fiscal policy, macroeconomic reform, com petition policy, microeconomic reform စတာတွေမှာ အခြေခံသီအိုရီမပါပဲ ပြောချင်ရာပြောပြီးလုပ်ချင်ရာလုပ်ကြည့်ကြပါလားကွယ်ရို့။ အခုမြန်မာပြည်မှာ လက်တွေ့ဖြစ်နေတာတွေက သက်သေပဲမဟုတ်လား။ ယူကေက Government Economic Department တို့၊ Gov ernment Actuary Department တို့မှာ အနဲဆုံး မဟာဘွဲ့ရထားသူတွေမှ အလုပ်လျှောက်လို့ရတာ အလကားသတ်မှတ်ထားတာ ဟုတ် နိုင်ပါ့မလား။

မြန်မာပြည်ထဲမှာ ပညာရှင်တွေ မရှိဘူးလို့မဆိုချင်ပါ။ သို့ပေမယ့် အသိပညာရှင်တွေထက်စာရင် အတတ် ပညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာပညာရှင်များက ပိုများနေပါတယ်။ ပြည်ပမှာ ပညာနဲ့အသက်မွေးသူများမှာလဲ သူတို့တွေပဲများပါတယ်။ မြန်မာ ပြည်မှာကတော့ ပညာရေးအဆင့်အတန်း ကိုနှိမ့်ချထားလို့ ထားပါတော့။ ပြည်ပရောက်နေပြီဆိုလျှင်တော့ အတတ်ပညာရှင်များသာမက မြန်မာ အသိပညာရှင်များလဲ အင်နှင့်အားနှင့် ပေါ်ထွန်းသင့်ကြပြီ။ သက်ဆိုင်ရာနယ်ပယ်တခုချင်းဆီမှာ ကျွမ်းကျင် သူအုပ်စု များလည်း ခိုင်ခိုင်မာမာရှိသင့်ကြပြီ။ မြန်မာ့အရေးကျွမ်းကျင်သူဆိုတာနှင့် ရှိသမျှ နယ်ပယ်အားလုံး ကျွမ်းကျင်သည်ဟု မည်သူမျှမဆိုနိုင်။ မည်သည့် တက္ကသိုလ်ဝက်ဆိုဒ်ကိုမဆိုဖွင့်ကြည့်ပါ။ ပါမောက္ခအမည် များရှာကြည့်ပါ။ ဘေးမှာ Research Interests ဆိုတာအမြဲပါပါတယ်။ သူစိတ် ၀င်စားသော၊ ကျွမ်းကျင်သော နယ်ပယ်များသာ ကိုယ်စီသီးသန့်ရှိကြပါတယ်။ ဘယ်သူမှ ရှိသမျှနေရာစုံမကျွမ်းကျင်နိုင်။ ပညာရပ်တခု တည်းမှာပဲ ကိုယ်သုတေသနလုပ်နေသော နယ်ပယ်ကိုသာ ကျွမ်းကျင်ကြတာပါ။ ဘွဲ့ဆိုတာက ပညာရပ် ဆိုင်ရာကို ယေဘုယျသိခြင်း သာဖြစ်ပြီး၊ မဟာဘွဲ့ဆိုတာက အနည်းငယ်ပိုသိလာခြင်းပါ။ ပါရဂူဘွဲ့ဆိုတာ ကျတော့ ပညာရပ် ဆိုင်ရာပင်လယ်ထဲက ရေအိုင်ငယ်တခု အကြောင်းကို အသေးစိတ်လေ့လာမိခြင်း သာရယ်ပါ။ တကယ်သိဖို့ရန်မှာလဲ ဘ၀တလျှောက်လုံး ဆက်လက်လေ့လာကြရတာ။ လုပ်ငန်းခွင်ထဲ ၀င်တာဆိုရင်လဲ ကိုယ်လုပ်ရတဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီးမှသာ ကျွမ်းကျင်မှုဆိုတာ ဖြစ်လာနိုင် တာပါ။ နိုင်ငံ သားဆိုင်ရာကန့်သတ်ချက်များကြောင့် အစိုးရအဖွဲ့များအတွင်းသို့ ၀င်ရောက်မလုပ်ကိုင်နိုင် လျှင်ထား၊ Knowledge တော့ရှိရပါမယ်။ ပြည်ပရောက်ဝန်ကြီးများကလဲ Human Resources Development အတွက် ပါလီမန်များ၊ သက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်ဌာနများ တွင် Internship များလုပ်နိုင်ဖို့ တရားဝင် တောင်းဆိုမှုများလုပ်သင့်ကြပါတယ်။ နိုင်ငံတော်လုံခြုံရေးတို့၊ အမျိုးသား ထောက်လှမ်းရေး ဌာနတို့ မဟုတ်ရင်တော့ အခြားဌာနများအတွက် အကူအညီပေးကြပါလိမ့်မယ်။

မြန်မာများကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထားသင့်သည်မြင်ပါတယ်။ တချို့ က ပြောကြတယ်။ ခင်ဗျား ဘာမှပြောမနေနဲ့။ ဒီမိုကရေစီရရင် နိုင်ငံတကာက ပညာရှင်တွေကို ငှားသုံးမှာ ပေါ့တဲ့။ မြတ်စွာဘုရား။ ဒီမိုကရေစီရလိုက်တာနဲ့ပဲ နိုင်ငံရဲ့ သုံးစွဲနိုင်စွမ်းအားတွေ မိုးပေါ်က ကျလာမှာမို့လား။ နိုင်ငံတကာက ချေးငွေတွေ ယူရဦးမှာ။ တသိန်းလောက်ချေးပြီး ရှစ်သောင်းလောက်ကို ပြည်ပပညာရှင်တွေ ငှားရမ်းသုံးဖို့များ သုံးကြတော့မလို့လား။ ကိုယ့်ဘာသာကိုယ်နဲ့ပဲ ယှဉ်ပြီးတွေးကြည့်ကြပါ။ မြန်မာဖြစ်တဲ့ ကိုယ်တိုင် တောင် ရနေတဲ့တလဒေါ်လာခြောက်ထောင်လောက်ကိုစွန့်ပြီး ဒီမိုကရေစီမြန်မာနိုင်ငံသစ်မှာ တလသုံးရာလောက်နဲ့ သွားလုပ်နိုင်ပါ့မလား ဆိုတာ။ သူ့ကိုငှားရင်တော့ ပေးတန်သလောက်ပေးရတော့ မှာပေါ့။ ဆင်ဖိုးထက်ချွန်းဖိုးကြီးနေရင် မခက်ပါပကောလား။ တချို့ကျတော့တမျိုး။ ကမ္ဘာ့ဘဏ်တို့၊ အိုင်အမ်အက်ဖ်တို့ဆီမှာ ပေါ်လစီတွေ ပက်ကက်လိုက်ပါလာမှာပဲ။ သူတို့ဝင်လာတာနဲ့ အားလုံးပြီး ရောတဲ့။ အမလေး။ လွယ်လိုက်ကြတာ။ သူတို့ဆီက ပရောဂျက်တွေချပေးဖို့ ပရောဂျက်စီမံချက်တွေ တင်ရ ပါတယ်ရှင့်။ အချိန်နဲ့အညီလဲ ပေါ်လစီဆန်းစစ်ချက်တွေတင်ရပါတယ်။ ဒါတွေက ကင်ပိန်းလေးလုပ်ဖို့ ပရိုပိုဆာလေးရေးတာတွေနဲ့တင် မရဘူးရှင့်။ ကဲ- project plann ing လုပ်ဖို့၊ forecasting လုပ်ဖို့၊ Development policy analysis လုပ်ဖို့ အခြေခံကျတဲ့ econometrics ပိုင်းမှာ လေ့ကျင့် သင်ကြားထား သူတွေ။ ဘယ်မှာလဲ။ modeling လုပ်ဖို့ actuary တွေ။ ပြီးတော့ ဒီပက်ကက်တွေနောက်မှာ political string တွေကအများကြီး။ လက်တင်အမေရိကတို့၊ အာဖိရိကတို့မှာ ဖြစ်နေတဲ့ ဥပမာတွေကိုလည်း လေ့လာကြည့်ကြပါဦး။ World Social Forum တို့၊ European Social Forum တို့တွေကို နှစ်စဉ်လူသန်းပေါင်းများစွာ တက်ပြီး ဘာကြောင့် ကျင်းပနေကြသလဲဆိုတာကိုလဲ သွားကြည့်ကြပါဦး။ World Trade Organization နဲ့ပတ်သက်တဲ့ implications တွေကိုလဲ လေ့လာကြည့်ကြပါဦး။ အားလုံးအထင်ဝိုင်းကြီးနေကြတဲ့ အမေရိကန်နိုင်ငံ က မက်ဆီကိုနဲ့ ဘယ်လို trade game တွေ ကစားသွားသလဲ ဆိုတာလဲ လေ့လာကြပါဦး။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီး ဘာကြောင့် poverty သံသရာကမထွက်နိုင်သေးတာလဲဆိုတဲ့ အကြောင်းတွေကိုလဲ ရှာကြပါဦး။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကိုများ ဒီလိုပဲ နိုင် ငံခြားသားတွေ ငှားသုံးပြီး၊ သူတို့လက်ထဲကိုပဲ ၀ကွက်အပ်လိုက်ကြတော့ မလို့လား။

ဒီတော့ တချို့ အချို့ကိစ္စများက ထိုင်ပြောနေရုံ၊ ဆဲနေရုံနဲ့ အကျိုးမထူးပါ။ သူ့ပထွေးတွေကို ကာကွယ် ပေးနေတယ်ဆိုပြီး မှတ်ချက်ထဲမှာ ကျွန်မကို ထပ်ပြီး လာပြောမနေကြဖို့လဲ ကြိုတင်တောင်းပန်ပါတယ်။ ပြောနေတာကို ဂရုစိုက်လို့တော့မဟုတ်ပါ။ ကျွန်မအမေရဲ့ ကိုယ်ကျင့် တရားကို ကျွန်မယုံကြည်တာမို့ ရယ်နေရုံပဲရှိတာပါ။ ကျွန်မကို လာရမ်းနေလို့လဲ အကျိုးမရှိကြောင်းကိုသာ ပြောချင်တာပါ။ အခုအနှစ် နှစ် ဆယ်အတွင်းမှာ ဒါတွေလုပ်ရင်းပဲ အချိန်ကုန်ခဲ့ကြတယ်မဟုတ်လား။ နအဖဆဲလိုက်၊ ကိုယ့်အချင်းချင်း ဆဲလိုက်၊ သူဘာကောင်လဲ - ငါ ဘာကောင်လဲပြောလိုက်၊ သုံးယောက်လောက်ရှိရင် တဖွဲ့ခွဲထောင်လိုက်၊ ကုလားထိုင်လုလိုက်၊ အချင်းချင်းတွေ့ရင်သူကဘာလုပ်ခဲ့တာ။ ငါကဘယ်လောက် ပေးဆပ်ခဲ့ရတာ ပြောလိုက်၊ နောက်ကွယ်ကနေ ဟိုလူမကောင်းဘူး၊ ဒီလူမကောင်းဘူးဆိုပြီး အတင်းအုပ်လိုက်၊ ပွဲ တွေလုပ်လိုက်၊ တို့အရေးသွားလုပ်လိုက်၊ ကြုံရာကျပန်းအလုပ်လုပ်လိုက်၊ စုဖွဲ့ပြီး စားလိုက်၊ သောက်လိုက်၊ ငြင်းခုန်လိုက်၊ ပွဲလန့်ရင်ခဏ ဖျာခင်းလိုက်၊ ပရိုပိုဆာလေးတင်လိုက်၊ တစိုက်မတ်မတ် လမ်းစဉ်မချပဲ ဟိုခုန်လိုက်၊ ဒီကူးလိုက်နှင့် အချိန်ကုန်ခဲ့ကြတာက အများအပြား။ တက္ကသိုလ်တခုထဲမှာ ကွန်ဖရင့်လို့အကြီးအကျယ်ခေါင်းစဉ်တပ်ပြီး လာသူများကို ကော်မတီ in - charge ရွေးခိုင်းရင်း တနေ့လည်လုံး ကုန်သွားသည်လဲ ကြုံဖူးပါရဲ့။ ဖိုရမ်လို့ခေါင်းစဉ်တပ်ဆွေးနွေးကြပြီး၊ ချမှတ်လိုက်သော လမ်းစဉ်များနှစ်ပေါင်းများစွာကြာသည်အထိ ဘာ မှဖြစ်လာတာ မရှိသည်ကိုလည်း တွေ့ဖူးပါရဲ့။

လုပ်နေတဲ့ တိုက်ပွဲဝင်လမ်းကြောင်းမှာကလဲ ပေါ်လစ်ဗျူရိုမရှိ။ တယောက်တပေါက်။ တင်ချင်တဲ့လိုင်း ကောက်တင်နေကြတာပဲတွေ့နေရ ပါတယ်။ အနာဂတ်အတွက်ကျတော့လဲ ဟိုနားတယောက်စ၊ ဒီနား တယောက်စမှလွဲ၍ ပညာရပ်ဆိုင်ရာနယ်ပယ်တိုင်းတွင် ဖွဲ့စည်းထား သော အုပ်စုများမရှိ။ ယူဂျီနည်းကို ကျပြန်တော့လည်း စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိ။ သတင်းဦးပြောချင်ဇောနှင့် အပြိုင်အ ဆိုင် ကိုယ့်လူကိုယ်ပြန်သတ်နေကြတာမကောင်းပါ။ သူတို့ကတကယ်တိုက်ပွဲဝင်နေရတာပါ။ စစ်မြေပြင်မှာပါ။ ကျွန်မတို့ကအဝေးကနေ လက်နက်ကြီးပစ်ကူပေးတာလောက်ပဲလုပ်နိုင်တာပါ။ ဒီဂရီအတွက်မှားပြီး အမြောက်ဆန်က ကိုယ့်တပ်ပေါ်ကိုယ့်ပြန်ကျတာမျိုးကတော့ မဖြစ်သင့်ပါ။ သတင်းဌာနအချို့ကလည်း တော်လှန်ရေးလို လျှို့ဝှက်သင့်တာလျှို့ဝှက်၊ ဖော်သင့်တာဖော်မလုပ်ကြပါ။ ဒီမိုကရေစီရပြီးသားနိုင်ငံများမှာ ကျင့်သုံးသည့် မီဒီယာပုံစံကို စစ်အာဏာရှင်စနစ်တွင်းတွင် ပိတ်မိနေသည့် ပြည်တွင်းလူများအတွက် သွားသုံးနေကြတာတွေ မြင်နေရပါတယ်။ စက်တင်ဘာတော်လှန်ရေးတုန်းက မစုစုနွေးအခုလှည်းတန်းကို သွားနေပြီဟု မီဒီယာတခုက ကြေညာလိုက်ရတော့ အံ့သြလို့မဆုံး။ အဲဒီလိုprominent leader မျိုးဆိုတာ ရုတ်တရက်ဘွားကနဲပေါ်သွားလိုက်သည်က ပိုမကောင်းဘူး လား။ အခုတော့ ဘာမှတောင်မစရသေး။ အသင့် လာစောင့်ကုန်တာနဲ့ ပြေးရပါရောလား။ ပြီးတော့ သတင်းပို့၊ သတင်းယူစနစ်။ အခု တောင် အပေါ်ထပ်က မြင်နေရပါတယ်လို့ တိုက်ရိုက်ပြောတာမျိုးက သတင်းဘယ်လောက်ခိုင်မာတယ်ဆိုတာ သိသာပေမယ့် နအဖ ထောက်လှမ်းရေးတွေအတွက် လူရှာရတာ ပိုမလွယ်ကူုသွားဘူးလား။ အနီးကပ် ဓာတ်ပုံတွေကို ရိုက်တင်ကြတာကကော ပြည်ပကလူတွေ သိရတော့ ဘာအကျိုးပိုထူးသွားသလဲ။ သိရသလောက် စက်တင်ဘာတော်လှန်ရေးကြောင့်ဆိုပြီး ပြည်တွင်းမှာ တိုက်ပွဲဝင်ဖို့ပြန်ဝင်သွားတဲ့ ပြည်ပရောက်မြန်မာ ဘယ်သူမှမရှိပါ။ အလွန်ဆုံးသံရုံးရှေ့သွားတာလောက်ပဲရှိတာပါ။ သံရုံးရှေ့ကတော့ တယောက်သွားသွား၊ နှစ် ယောက်သွားသွား။ ဆန္ဒပြပွဲဖြစ်သည်ဆိုလျှင်ပြီးတာပဲ။ ဒီအတွက်နဲ့ ပြည်တွင်းက အဖိုးတန်တဲ့ ကိုယ့်ကလာဘ်စည်းကို စတေးလိုက်စရာ တဲ့လား။ ပြည်တွင်းမှာ ပူးပေါင်းလာနိုင်ဖွယ်ရှိတဲ့ တပ်မတော်အရာရှိတွေကိုလဲ နာမည်တပ်ပြီးကို nominate လုပ်စရာတဲ့လား။ ခေါင်းပြူ လာတဲ့လိပ် အထဲပြန်ဝင်သွားမှာပေါ့။ ဒီလိုကိစ္စမျိုးဆိုတာ ဖြစ်သွားပြီးမှ လူသိခံရတာ။ ဒါတောင်အောင်မြင်မှ။ မအောင်မြင်သေးလဲ ဆက်ပြီး အတွင်းစည်းမှာ ကလာဘ်စည်းမြှုပ်ပေးထားတာက ပိုမကောင်းဘူးလား။

ကျွန်မကမြင်သည့်အမြင်ကို အမှန်အတိုင်းပြောခြင်းပါ။ တကယ်တော့ ကျွန်မတို့တွေအားလုံးက တိုက်ပွဲ ဖြစ်ရာ စစ်မြေပြင်ကိုခွာပြီး ပါးစပ် သေနတ်ပစ်နေကြတယ်ဆိုတာ ကိုယ့်မသိစိတ်ထဲမှာ ကိုယ်သိနေ ကြပါတယ်။ အခွင့်အရေးသမားမဟုတ်ဘူး ဆိုရင်ပေါ့။ ဒါကိုဟန်ကိုယ့်ဖို့ ဟန်ရေးပြပြီး တချိန်က အောင်မြင်မှုအတိုင်းအတာရခဲ့တဲ့ ရှစ်လေးလုံးအိပ်မက်ထဲကနိုးမထွက်နိုင်ပဲ အထည်ကြီးပျက်တွေ ချမ်းသာ ခဲ့တဲ့ အချိန်ကို ပြန်ပြောနေသလိုမျိုး တသသနဲ့ အထည်ကြီးပျက်နိုင်ငံရေးကို လုပ်နေကြတာပါ။ ပိုပြီးဖြစ်သင့်တာက ကျဆုံးသွားသူတွေကို ထောက်ထားပြီး၊ ဘယ်လိုအချိန်မှာ လမ်းစဉ်တွေချခဲ့သလဲ၊ ဘယ်လို triggering event တွေဖြစ်ခဲ့လဲ၊ လူထုစည်းရုံးရေးကို ဘယ်လိုလုပ် ခဲ့ကြလဲ၊ ဘာအမှားတွေလုပ်ခဲ့ကြလဲ ဆိုတာတွေကို ပြန်လည်သုံးသပ် သင်ခန်းစာယူပြီး အောင်ပွဲကို ဦးတည်မယ့် ခြေလှမ်းတွေကိုသာ လှမ်းသင့်ကြတာပါ။ ဟန်ရေးပြဖို့ အချိန်လဲမဟုတ်သလို၊ ကိုယ့်ကိုကိုယ်လိမ်နေကြဖို့အချိန်လဲ မဟုတ် ကြတော့ပါ။ ဘာကြောင့်၊ ညာ ကြောင့် ဆင်ခြေတွေ ပေးနေရမယ့် အချိန်လဲမဟုတ်ပါ။ စာမေးပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မမြင်တဲ့အမြင်တခုကတော့ အောင်ခြင်း၊ ရှုံးခြင်း ဟာ အကြောင်းမဟုတ်။ ကိုယ်တကယ် ကြိုးစားပြင်ဆင်လုပ်ကိုင်ခဲ့ခြင်းကသာ အကြောင်းဖြစ်တယ် လို့ပဲမြင်ပါတယ်။

ကဲ - ကျွန်မမေးပါဦးမယ်။ အခုအနှစ်နှစ်ဆယ် တော်လှန်ရေးခရီးတလျှောက်မှာ ကျွန်မတို့တွေ လုပ်သင့် တာတွေ တကယ်လုပ်ခဲ့ကြပြီ ပြီ လား။ ပြင်ဆင်သင့်တာတွေ တကယ်ပြင်ဆင်ခဲ့ကြပြီးပြီလား။ ဒီလိုမေးလို့ ဒီလိုပြောလို့ ခင်ဗျားကဘာလဲ။ ဘာကိစ္စဆရာလာလုပ်နေတာလဲ ဆိုရင်တော့လဲ အမှန်အတိုင်းပင်ဖြေပါမယ်။ ကျွန်မလဲဘာမှမဟုတ်ပါ။ မြန်မာပြည်ကိုတိုးတက်စေချင်တဲ့၊ မြန်မာ့တော်လှန်ရေးကို အောင်ပွဲ ရစေလိုတဲ့၊ မြန်မာပြည်မှာ ကျနေသော မျက်ရည်စက်တွေကို ခန်းခြောက်စေလိုတဲ့၊ ကျွန်မမြန်မာပါဆိုတဲ့စကားကို ကမ္ဘာမှာ ဂုဏ်ယူစွာ လက်မထောင်ပြောချင်တဲ့ လူငယ်တဦးသာဖြစ်ပါကြောင်း။

ခင်မမမျိုး (၃၀၊ ၆၊ ၂၀၀၈)
http://khinmamamyo.blogspot.com

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, August 13, 2008

ပျောက်ဆုံးခဲ့သော ပွဲသိမ်းဗျူဟာ (ဧရာဝတီမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်)


ပျောက်ဆုံးခဲ့သော ပွဲသိမ်းဗျူဟာ
မင်းဇင်| သြဂုတ် ၁၃၊ ၂၀၀၈

ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတဦးဘ၀မှ သတင်းထောက်ဖြစ်လာသူ မင်းဇင်က သူ၏ ၈၈ အရေးတော်ပုံ အတွေ့အကြုံ များကို ပြန်လည်ဆင်ခြင်ဖော်ပြထားခြင်း ဖြစ်ပါသည်။
“၈ လေးလုံးလှုပ်ရှားမှုကြီး” ဟု လူသိများထင်ရှားလှသည့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည်မှာ နှစ် ၂၀ တိုင်ခဲ့ပေပြီ။ ထို အရေးတော်ပုံကြီးတွင် တနိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် အုံကြွတောင်းဆိုခဲ့ကြသည်။
လူအများက ဤအရေးတော်ပုံကြီးကို တခဲနက်ထောက်ခံအားပေးကြပြီး အုပ်ချုပ်သူများအပေါ် မုန်းတီးခဲ့ကြ သော်လည်း အရေးတော်ပုံကြီးက ယခုတိုင် ပန်းတိုင်မရောက်နိုင်သေးဘဲ ဖြစ်နေသည်။
၈၈ အရေးတော်ပုံကြီးတွင် အသက်စွန့်လွှတ်ဆောင်ရွက်ခဲ့သူများရှိသကဲ့သို့ ယခုတိုင် တိုက်ပွဲအတွင်း စွမ်းစွမ်းတမန် ကိုယ် ကျိုးစွန့်၍ ရက်စက်ကြမ်းကြုတ်လှသော စစ်အာဏာရှင် အစိုးရကို ဆက်လက်အံတုနေကြသူများလည်း ရှိသည်။ အကယ်၍ မိမိတို့ကသာ အားနည်းချက်များကို သုံးသပ်ပြင်ဆင်၍ အောင်ပွဲကို အရယူပေးနိုင်ခဲ့ပါက စွန့်လွှတ်ပေးဆပ်ခဲ့သူများအတွက် အမှန်တကယ် မွန်မြတ်သည့် ကောင်းကျိုးပြုပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤသို့ ဆောင်ရွက်နိုင်ရန်မှာ အတိတ်သမိုင်းကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် လိုအပ်ပြီး သင်္ခန်းစာ ထုတ်ယူ တတ်ရန် လည်း လိုပေလိမ့်မည်။ သို့မှသာ အတိတ်ကအမှားများကို ပြန်ကျော့မိခြင်းမှ ကင်းပေလိမ့်မည်။ သို့သော်လည်း လှုပ်ရှား ဆောင်ရွက်နေသူ အများစုက “၈ လေးလုံးအရေးတော်ပုံကြီး” ကို စံပြုအပ်သည့် အောင်ပွဲကြီးအဖြစ် ထင်မှတ် နေကြပြီး နောက်တကြိမ် အရေးတော်ပုံတရပ် ထပ်ဖြစ်စေရန်လည်း လုံ့လဥဿဟ ထုတ်နေကြသည်။
ဤသို့စိတ်ကူးဆောင်ရွက်နေခြင်းသည် ဆန္ဒသက်သက်မျှသာဖြစ်ပြီး စနစ်တကျ ချမှတ် ဆောင်ရွက်နေသည့် မဟာ ဗျူဟာတရပ် မဟုတ်သည့် အချက်ကတော့ ဝမ်းနည်းဖွယ်ကောင်းလှသည်။
လူထုအုံကြွမှု အရေးတော်ပုံကြီး အရေးနိမ့်စေခဲ့သည့် အကြောင်းအချက်တရပ်မှာ အတိုက်အခံအင်အားစုများက “ပွဲသိမ်း” အောင်ပွဲကို ဖော်ဆောင်ပေးမည့် ဗျူဟာမြောက်ခေါင်းဆောင်မှုတရပ် မထူထောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဆန္ဒပြပွဲများက သြဂုတ်လကုန်ပိုင်းမှ စတင်လာခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့၊ စစ်အာဏာမသိမ်းမီ အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။ အစိုးရအုပ်ချုပ်ရေး ယန္တရားများကလည်း သွက်ချာပါဒလိုက်နေခဲ့ပြီ။ ထိုအချိန်တွင် အတိုက်အခံ အင်အားစုများ၏ ခေါင်းဆောင်မှုအပိုင်းက အာဏာလစ်ဟာမှုကို ဖြည့်ဆည်းနေရာယူ ဦးဆောင်မှု မပြုနိုင် ခဲ့ကြဘဲ ပျက်ကွက်ခဲ့သည်။ အတိုက်အခံခေါင်းဆောင်များက အချင်းချင်းညီညွတ်မှု မရယူနိုင်ကြသလို အစိုးရပြောင်းလဲရေး အတွက်ဖြစ်စေ၊ ဆွေးနွေးညှိနှိုင်း၍ အသွင်ကူးပြောင်းရေးဖန်တီးရန်အတွက်ဖြစ်စေ အခြေအနေများ မဖန်တီးနိုင်ခဲ့ကြပေ။ ထို့ကြောင့်လည်း အခွင့်အလမ်းများ လက်လွတ်ခဲ့ကြရသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ၀န်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့စည်းမည်ဟု ကြံစည်ခဲ့ပြီး ရန်ကုန်ရှိ နိုင်ငံခြားအစိုးရသံရုံးများသို့ အသိအမှတ်ပြုရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားအတိုက်အခံခေါင်းဆောင်များက ဦးနု၏ နောက်မှ ရပ်တည်ပေးရန် ပျက်ကွက်ခဲ့ကြသည်။
ထိုအချိန်တွင် တိုင်းပြည်ကိုအုပ်ချုပ်နေသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ဤသို့စိန်ခေါ်လာမှု၏ ထိရောက်နိုင်မှု အတိုင်းအဆကို တွက်ဆမိခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပရန်လျာထားသည့် ပါတီအရေးပေါ်ညီလာခံကို ချက်ချင်းပြင်ဆင်ခေါ်ယူခဲ့ပြီး စက် တင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပါတီစုံစနစ်အောက်တွင် ၃-လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေး ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြပြီး ဦးနု၏ ဗျူဟာမြောက်လှုပ်ရှားမှုကို ပြန်လည်ထိုးစစ်ဆင် တုံ့ပြန်မှု ပြုခဲ့သည်။
စစ်တပ် တပ်မှူးများကိုလည်း ပါတီတာဝန်များမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က လွတ်လပ်၍ တရားမျှတ သည့် ပါတီစုံရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပေးလာခဲ့သည်။ ဤသည်မှာ အစိုးရဘက်က အကြီးအကျယ် တန်ပြန် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အတိုက်အခံများက ထိုအချက်ကို မဟာဗျူဟာမြောက် အခွင့်အလမ်းအဖြစ် သတ်မှတ် အရယူရန် ပျက်ကွက်ခဲ့ပြန်သည်။ ထိုအချိန်က ယေဘုယျအားဖြင့် လူအများက ကြားဖြတ်အစိုးရကိုတောင်းဆိုနေခဲ့ကြပြီး နိုင်ငံရေး အခြေအနေကလည်း ရှေ့မတိုးနောက်မဆုတ်သာ လမ်းပိတ်သည့် အခြေအနေဆိုက်ခဲ့ရတော့သည်။
ရက်ရှည်ကြာလာသည့် လမ်းမပေါ်ဆန္ဒပြပွဲများကြောင့် လူအများ ပင်ပန်းကာ စိတ်ပျက်အားလျော့မှုများ စတင် ဖြစ်ပေါ် လာကြသည်။ တပြိုင်တည်းမှာပင် အာဏာပိုင်များ၊ ၎င်းတို့၏ သူလျှိုဒလံ သတင်းပေးများ နှင့်လည်း အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာခဲ့ကြသည်။
အတိုက်အခံများက နိုင်ငံရေးလမ်းပိတ်ကြီးကို မဖွင့်နိုင်သည့်အချိန်တွင် အုပ်ချုပ်သူများအဖို့ အာဏာ ပြန်လည်ထိန်းချုပ်ရေး အတွက် အချိန်နှင့် အကြောင်းပြချက်များ ရလာခဲ့သည်။ ယခင်က အုပ်ချုပ်သူအင်အားစုများအတွင်း မဆုံးဖြတ်နိုင်ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည့် အနေအထားမှ သပိတ်များကို အလျင်အမြန် အဆုံးသတ်စေရန် ချေမှုန်းရေးများ စတင်ဖို့ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် စစ်တပ်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းခဲ့တော့သည်။
စစ်တပ်က ၁၈ ရက်နေ့ညတွင် ဆန္ဒပြသူများကို စတင်ပစ်ခတ်သည့်အခါ မိမိက ရန်ကုန်ရှိ အထက်တန်း ကျောင်းသား တရာ ကျော်နှင့်အတူ အစာအငတ်ခံဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ပိုင်းရက်များတွင် မိမိကိုယ်တိုင် သဲသဲမဲမဲ ပစ်ခတ်နေမှုကြားမှ အသက်စွန့် ပြေးလွှားနေရသည်ကို ကြုံရတော့သည်။ ကျောင်းသားများ သတ်ဖြတ်ခံကြရသည်ကို လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ လွတ်လပ်သည့်သတင်းဌာနများ၏ ခန့်မှန်းချက်အရ ၁၉၈၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း အနည်းဆုံးလူပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆို၏။
အကြမ်းဖက်ဖြိုခွင်း ချေမှုန်းမှုကြီး ကြုံလိုက်ရပြီးသည့်နောက်တွင် မိမိကိုယ်တိုင် အံ့သြတုန်လှုပ်နေမိသည်။ မည်သို့ဖြစ်ပျက် ခဲ့သည်ကို အစကောက်၍ အပြင်းအထန် ဉာဏ်မီသမျှ ပြန်တွေးသည်။ မိမိတို့ ဆန္ဒပြသူများက အမှန်တရားနှင့် တရား မျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး လူထုတရပ်လုံးကလည်း မိမိတို့ဘက်က ထောက်ခံအားပေးခဲ့ကြသည့် တိုင်အောင် မည်သည့်အတွက်ကြောင့် ဤအရေးဆိုက်ခဲ့ရသနည်း ဆိုသည့်အချက်က... စဉ်းစားစရာ ဖြစ်လာခဲ့ရသည်။
ဤသည်မှာ မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ရန် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ပူးပေါင်း ပါဝင်ခဲ့သည့် ၁၄-နှစ် အရွယ် ကျောင်းသားလေးတဦး၏ မေးခွန်းမျှသာ ဖြစ်သည်။
အချိန်ရလာသည်နှင့်အမျှ မိမိ ရှုပ်ထွေးနေခဲ့သည့် ကိစ္စများအပေါ် ပြန်သုံးသပ်နိုင်ခဲ့သည်။ အထူးသဖြင့် ဖမ်းဆီး မခံရရန် ရှောင်တိမ်းပြေးလွှား ပုန်းအောင်းနေရသည့် ၉-နှစ်တာ ကာလအတွင်း ပြန်၍ စိစိစစ်စစ် တွေးမိခဲ့သည်။ အမှန်တရား သက်သက်နှင့် အောင်ပွဲကို မဆောင်ကျဉ်းနိုင်မှန်း သဘောပေါက်လာခဲ့ရသည်။ နိုင်ငံရေးသမားများအနေနှင့် အမှန်တရား တခုတည်းအပေါ် ရပ်တည်သဖြင့် အောင်မြင်သူများရှိသလို ဆုံးရှုံးခဲ့သူများလည်း ရှိကြောင်း ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။ ထိုမျှမက မဟာဗျူဟာအရေးပါပုံကိုလည်း လေးလေးနက်နက် စဉ်းစားကြရန် လိုအပ်ပါလိမ့်မည်။
ဧရာဝတီမဂ္ဂဇင်းအတွက် ၂၀၀၀ ပြည့်နှစ် ဧပြီလတွင် ရေးခဲ့သည့် ဆောင်းပါးတပုဒ်တွင် မိမိက “သင်၏ အနာဂတ်ကို လက်တွေ့ ကျကျ ဖြစ်မြောက်အောင် ဖန်တီးလိုပါက အမှန်တရားနှင့် တရားမျှတမှု သင့်ဖက်တွင် ရှိရုံမျှနှင့် မလုံလောက် ကြောင်း သမိုင်းက သက်သေပြသခဲ့ပြီ။ အမှန်ဘက်တွင် ရပ်တည်နေသည်ဆိုပြီး ကျေနပ်ကာ မိမိ၏ ရည်မှန်းချက်များ အတွက် ထိရောက်သည့် ဗျူဟာချမှတ် မကျင့်သုံးလျင် အောင်မြင်မှု နည်းပေလိမ့်မည်” ဟု ဖော်ပြရေးသားခဲ့ဖူးသည်။
ယနေ့ကာလတိုင် မိမိယုံကြည်နေခဲ့သည်မှာ မြန်မာအတိုက်အခံများအတွင်း “ပွဲသိမ်းဗျူဟာ” လုံးဝ မရှိ ဟူသည့် အချက်ဖြစ်သည်။ ဤသို့ ဗျူဟာမဲ့နေသည့် အနေအထားကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ဆန္ဒပြပွဲများတွင်လည်း တဖန်တွေ့ခဲ့ကြရပြန်သည်။
ထောင်ပေါင်းများစွာသော သံဃာများဦးဆောင်ထွက်လာခဲ့ကြသည့် ဆန္ဒပြပွဲများက မြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့သည်။ သံဃာများက မေတ္တာသုတ်ကိုရွတ်၍ နိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဆုတောင်းခဲ့ကြရာ ကျောင်းသားများနှင့် လူထု ပူးပေါင်းပါဝင်လာခဲ့ကြပြီး ရန်ကုန်တွင်ပင် ဆန္ဒပြသူအရေအတွက် ၂ သိန်းကျော်အထိ တိုးတက်များပြားလာခဲ့သည်။
ဤလှုပ်ရှားမှုက အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးကို တောင်းဆိုသော်လည်း သူတို့၏ မေတ္တာက နေပြည်တော်အထိ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မလွှမ်းခြုံနိုင်ခဲ့ပါ။ ဆိုလိုသည်က ကြားခံများဖြစ်သည့် တရုတ်နိုင်ငံမှ တဆင့်သော်လည်းကောင်း ကုလသမဂ္ဂမှ တဆင့်သော်လည်းကောင်း ပြောကြား နိုင်ခြင်း မရှိပါ။
ဤဆန္ဒပြတောင်းဆိုသူများ၏ အသံကို ပြည်ပ မြန်မာသတင်းမီဒီယာများမှ တဆင့်သာ ကြားကြရသည်။ ထိုသတင်းဌာန များတွင်ပင် အတိုက်အခံခေါင်းဆောင်များက ရဲရဲတောက်မိန့်ခွန်းများပြောသည်။ တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ကြသည်၊ ထုတ်ပြန်ကြေညာချက်များ ပြုခဲ့ကြသည်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဆန္ဒပြသူများနှင့် စစ်အစိုးရအကြား ကွာဟနေသည့် ချောက်ကမ်းပါးကို ပေါင်းကူးသဖွယ် တံတားထိုးရန် ကြိုးပမ်းရမည့်အစား ဆန္ဒပြပွဲများတွင် ပူးပေါင်းခဲ့သည်။ ကုလသမဂ္ဂက နောက်ဆုံးတွင် ၀င်ရောက်လာခဲ့ပါသည်။ လူအများ အသက်ဆုံးရှုံးရပြီး နောက်ကျပြီးမှ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ စေလွှတ်နိုင်ခဲ့သည်။
သို့သော်လည်း မြန်မာအတိုက်အခံ ခေါင်းဆောင်များက လူထုအုံကြွမှု ဖြစ်ပွားရန် အစဉ်သဖြင့် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။ လူထုအုံကြွမှုများ အထွတ်အထိပ်ရောက်ပြီးသော်လည်း ၎င်းတို့မျှော်မှန်းထားသည့် ရလဒ်ကို ဆုပ်ကိုင်ရယူရန် ပျက်ကွက်ခဲ့သည့်တိုင် လူထုအုံကြွမှုကို မျှော်လင့်နေကြဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ နည်းလမ်း (လူထုအုံကြွမှု) နှင့် နိဂုံး ရလဒ် (အောင်ပွဲ) ကို မသဲကွဲရှုပ်ထွေးနေကြ ပုံရပါသည်။
၈ လေးလုံးအရေးတော်ပုံ မှသည် ပြီးခဲ့သည့်နှစ် “ရွှေဝါရောင်တော်လှန်ရေး” တိုင် လူထုလှုပ်ရှားမှုများ၏ သဘောသဘာဝ ကို မြန်မာအတိုက်အခံများက သင်္ခန်းစာထုတ်ယူနိုင်ကြပုံ မရသေးဘဲ ယခင်ကကဲ့သို့ ဆက်လက်တကျော့ပြန် ပြုမူနေကြ ဆဲ ရှိသည်။
ခေါင်းမာလွန်းလှသည့် မြန်မာစစ်အစိုးရက အင်အားစုများအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ငြင်းဆန်နေသမျှ ကာလပတ်လုံး လူထုအုံကြွမှုကသာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် နောက်ဆုံးအဖြေထုတ်ပေး နိုင်ဖွယ်ရှိပါသည်။ လူထုဖိအားတခုတည်းကသာ ပိုနေမြဲ-ကျားနေမြဲ အခြေအနေ ပြောင်းလဲရန် စိမ်ခေါ်နိုင်ပါလိမ့်မည်။
လူထုလှုပ်ရှားမှုများ ဖြစ်လာသည်ထား အမှန်တကယ် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု ရှိ မရှိဆိုသည်ကတော့ အတိုက်အခံများ အနေနှင့် “ပွဲသိမ်းဗျူဟာ” ကို မည်မျှ ထိရောက်စွာ အသုံးချနိုင်မှု ရှိ မရှိ ဆိုသည့် အပေါ်မှာ မူတည်နေသည်။ ဤအချက်က “၈ လေးလုံး လူထုအရေးတော်ပုံ” အနှစ် ၂၀ ပြည့်ကာလတွင် မြန်မာအတိုက်အခံများ သင်္ခန်းစာ ထုတ်ယူသင့်သည့် ကိစ္စများထဲမှ တခုသာ ဖြစ်ပါသည်။ ။

မင်းဇင်ရေးသားသည့် Where’s the ‘End Game’ Strategy? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
မင်းဇင်သည် မြန်မာနိုင်ငံ ပြည်ပရှိ သတင်းထောက်တဦးဖြစ်သည်။ သူက ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ပြည်တွင်းတွင် ၉-နှစ်ကျော် ပုန်းအောင်းနေထိုင် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, August 6, 2008

ရှစ်လေးလုံးဂုဏ်ပြုကဗျာ...(ဝင်းတင့်ထွန်း)


ရှစ်လေးလုံးအရေးတော်ပုံကြီးးရဲ့ ဂုဏ်ရောင်
ထာဝရ ထွန်းပြောင်ပါစေ

-------------------------------
၈ - ၈ - ၈၈ မှ
၁၈ - ၉ -၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြို ပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။


ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။

ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။

ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှုနိုင်ခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒပြ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂအသီးသီး ပေါ်ထွန်းလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ဒီရေ ပမာအလား
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။။

ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။။

ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
အ၀င်းပဆုံး ထွန်းတောက်
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။

( ၀င်းတင့်ထွန်း )

( မှတ်ချက်။ ၁၉၉၅ ခုနှစ်က။ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်။ ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’ လုံးချင်းကဗျာစာအုပ်မှ
၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံအပိုင်းကဏ္ဍပါ ကဗျာပိုဒ်များကို ထုတ်နှုတ်ပြီး။ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀)မြောက်ကို အထိမ်းအမှတ်ပြုလိုက်
ခြင်းဖြစ်ပါတယ်။)



အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့