Friday, November 14, 2008

ဗဟုဇာတ်စုံ


ပန်းချီ ပိအိုင်း
ဗဟုဇာတ်စုံ

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
တော်လှန်ကဗျာတွေ ရှိသလို
မလျော်ကန်တာတွေ ရှိတယ်…၊
ပေးဆပ်သူတွေ ရှိသလို
စေးကပ်သူတွေ ရှိတယ်…။

တော်တာတွေ မြင်ရသလို
မှော်ဆရာတွေ ဂွင်ကျတယ်…၊
ဘော်ဒါတွေ ပြန်တွေ့ရသလို
မတော်တာတွေ အမှန်တွေ့ရတယ်…။

အသေ.. မြတ်ခဲ့သူတွေ ရှိသလို
အနေ..တတ်ခဲ့သူတွေ ရှိတယ်…၊
ခြေ..ပြတ်တဲ့သူတွေ ရှိသလို
ငွေ..တပ်မက်နေသူတွေ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
သမိုင်း..ရေးတဲ့သူတွေ ရှိသလို
သမိုင်း..ကွေးခဲ့သူတွေ ရှိတယ်…၊
လမ်း..ဖောက်တဲ့သူတွေ ရှိသလို
စမ်း..လျှောက်နေတဲ့သူတွေ ရှိတယ်…။

ဒုက္ခသည်တွေ ရှိသလို
အထုတ်မ ဝယ်သူတွေရှိတယ်…၊
အသက်အရွယ် ထောက်သူတွေ ရှိသလို
အရက်ဝယ် သောက်နေသူတွေ ရှိတယ်…။

အမှန်တရားကို မြတ်နိုးသူတွေ ရှိသလို
အကြံသမားကို လာဘ်ထိုးနေသူတွေ ရှိတယ်…၊
ကြိုးစားနေတဲ့ သူတွေရှိသလို
မရိုးမသား လေတဲ့သူတွေလဲ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
မီဒီယာတွေ ရှိသလို
စီမီနာတွေ ရှိတယ်…၊
ပညာ.. တတ်သူတွေ ရှိသလို
ဂွင်ရှာ.. မြတ်နေသူတွေ ရှိတယ်…။

အကြင်နာ ပေးနေသူတွေ ရှိသလို
တမင်တကာ ရွေးယူနေသူတွေ ရှိတယ်…၊
ရင်းနှီးနေတဲ့ သူတွေရှိသလို
အပြင်းကြီးနေတဲ့ သူတွေရှိတယ်…။

မိတ်ဆွေ…
အဲ့ဒီ့တောင်တန်းကြီးဟာလေ
ဗဟုစုံခင်း ရင်းထားခဲ့ကြရတာပါ
ရာဇဝင် ကျောက်သားတွေနဲ့
ထုသားရင့် ပေသားနင့် နေတာပါကွယ်…
မယုံရင်ကြည့်…
တနေ့မှာ မကောင်းမှုတွေကို
မောင်းထုကြေငြာလိမ့်မကွဲ့…
ပြီးတော့ သူ့ရင်ကိုဖွင့်ပြီး
ပေးဆပ်သူတို့ရဲ့ အောင်ပွဲကွလို့
မာန်ပါပါနဲ့ ဟစ်ကြွေးပါလိမ့်မယ်…။

မိတ်ဆွေ…အဲ့ဒီ့တောင်တန်းကြီးတွေဆီ
ကျနော်ရောက်ခဲ့တယ်…။ ။

ယဉ်ထွန်း

7 comments:

  1. ကဗျာလာဖတ်ပါတယ်... တော်တော်လေး ကောင်းပါလား။ အခုလို မျှဝေပေးတာ ကောင်းတယ်ဗျာ :)

    ReplyDelete
  2. ဗဟုဇတ်စုံဆိုတဲ့
    တောင်တန်းကြီးကို
    အလည်တခေါက် ရောက်ခဲ့တယ် ၊
    ကောင်းမူနဲ့၊မကောင်းမူ
    တရားမူနဲ့မတရားမူတွေ
    ပြည့်နှက်နေတဲ့ အဲဒီတောင်တန်းမှာ
    ကမာကောင်
    အကြောင်းစုံလင်
    သိလိုက်ရတာမို့
    ကလောင်သွားထက်နဲ့
    အမှန်တကယ်ခင်းကျင်းပြလိုက်သူရေ
    ဗဟုဇတ်စုံ အတွက်
    ကျေးဇူးတင်မဆုံး

    ReplyDelete
  3. ကျွန်မလဲ တောင်တန်းတွေဆီရောက်သွားသလိုပါပဲ ..
    ဦးဂင်ရေ.....
    တောင်တန်းကြီးတွေ ဆီမှာ အဲဒိဟာတွေ တစ်ကယ်ရှိတာလား...

    ReplyDelete
  4. အဲဒိတောင်တန်းတွေကြား ကျနော်က
    မျက်လှည့်ဝိုင်းတွေ
    တွေ့ ခဲ့ တယ်...။

    ReplyDelete
  5. ရုပ်မဖမ်းမိရင်လဲနေပါစေတော့...
    တောင်တန်းတွေဆီကလာခဲ့တာပါ
    တော်လှန်ကဗျာတွေတွေးသလို
    မော်ဒန်ကဗျာတွေရေးချင်နေတဲ့
    အပြင်းကြီးပြီး
    ဦးဂင်နဲ့ ရင်းနှီးတဲ့
    ဘော်ဒါတယောက်ပါ
    အသက်အရွယ် မထောက်ပေမယ့်
    မတော်တာတွေ မြင်ရလို့
    တခါတလေ အရက်ဝယ်သောက်တယ်
    ဒုက္ခသည် ဝယ်သူတွေရှိသလို
    အထုတ်မ သယ်သူတွေရှိတယ်
    တမင်တကာရွေး အကြင်နာပေးနေသူတွေ ရှိသလို
    ကြိုးစားကာ သမိုင်း..ရေးတဲ့သူတွေ ရှိတယ်
    အမှန်တရားကို မြတ်နိုးပေမယ့်
    အကြံသမားတွေရဲ့ ပက်စက်ပုံကြောင့်
    မျိုသိပ်ပါများရင်း ဆွံ့ အသွားတဲ့
    ဘဝ လေဖြတ်ခဲ့ရသူတွေရှိတယ်
    အစေးမကပ် ပေမယ့်
    အရေးကြုံရင် အများအတွက်
    ပေးဆပ်တတ် သူတွေရှိသလို
    ဘေးထွက် ကာ...
    အေးစက်ရက် သူတွေရှိတယ်
    ပညာတတ်ပေမယ့်
    ဂွင်ရှာရက်သူတွေကြောင့်...
    ငါးသေတ္တာ တဘူးအတွက်နဲ့
    ဘဝပျက်ဖူး ခဲ့သူတွေရှိတယ်
    သစ္စာဖောက်ဆိုတဲ့ ဆိုင်းပုဒ်အောက်မှာ
    သစ္စာရှိရှိပေးဆပ်ရင်း
    အချိန်မတိုင်ခင်ကြွေလွှင့်ခဲ့ရတဲ့
    ဝိညဉ်တွေကိုယ်စား
    တောင်တန်းကြီးကိုစကားပြောရဲအောင်...
    ကူညီပံပိုးပေးခဲ့သော...
    ကဗျာဆရာ ယဉ်ထွန်းအား
    ကျေဇူးတင်စွာဖြင့်...

    ReplyDelete
  6. တော်တော်လေးကို ကွတ်တိ ဒတ်ထိဖြစ်တဲ့ ကဗျာလေးပဲ..
    အတွေးကောင်းကောင်း အရေးကောင်းကောင်းနဲ့ ကဗျာလေးကို ခံစားသွားတယ်
    များများဆက်ရေးပါ...

    ReplyDelete
  7. အနေမြတ်ဖို့
    အနေတတ်စရာ လိုမလား
    အသေမတတ်ဖြစ်ခဲ့လဲ
    အနေမြတ်တဲ့ သမိုင်း
    မရိုင်းချင်ပါဘူး

    ReplyDelete