Saturday, March 28, 2009

တောချောက်ခြင်း...(ယဉ်ထွန်း)


မိုးကောင်းကင်တောင်မှ
မလှပတဲ့အချိန်တွေ ရှိရှိနေတတ်တာ
နင့်ဘဝ၊ ငါ့ဘဝ
ပြောနေကြအတိုင်းပြောရရင်
လှချင်တိုင်းလှမတဲ့လား…။

ကမ္ဘာကြီးပူနွေးလာပြီး
လူတွေလဲပူနွေးနေလိုက်တာ
ပိုလာဝက်ဝံတွေကြတော့
နေစရာပျောက်ပျောက်လာရော
အိုဇုန်းလွှာပါးပါးလာတော့
လူတွေလဲပါးပါးလာကြတယ်
ကြာလာရင်
လူသားကနေ လူပါးလို့တောင်ပြောင်းသွားမလားပဲ…။

ခေတ်ကြီးရယ်တဲ့ မီဒီယာ
ငယ်ငယ်က အမေ့သားချော့တေး
ကြောင်ကြီးရယ်တဲ့ မီးတံတို
အဆီကိုစားလို့အသားကိုမျို…။

ဟော့ဒီအဖြစ်အပျက်တွေဟာ
ခလုတ်တိုက်နေတာမဟုတ်ဘူး
ဖားပြုတ်ကိုက်နေတာဗျို့
လူသားဆန်စွာပဲ လူပါးဝလိုက်ကြတာ
ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း…။

ကဲပါလေ
သမိုင်းရေး အမြင်အရ
မရိုင်းကြေး ပြောကြစတမ်းဆိုရင်
လူ့အဖွဲ့အစည်းကို
လူသားတွေက ချစ်သလောက်
လူပါးတွေက နှစ်နှစ်ပစ်နေတာပါပဲ…။

ကဲ…. ကိုလူပါးတို့ရေ
အစာဝရင်ဖြင့် ဌာနကို
မတိမ်းမစောင်း
ဗိန်းမောင်းနဲ့သာကြွ….။

ယဉ်ထွန်း

6 comments:

  1. မိုးကောင်းကင်တောင်မှ
    မလှပတဲ့အချိန်တွေ ရှိရှိနေတတ်တာ
    နင့်ဘဝ၊ ငါ့ဘဝ
    ပြောနေကြအတိုင်းပြောရရင်
    လှချင်တိုင်းလှမတဲ့လား…။
    ..............
    အတွေးရော အရေးရော ကောင်းပါတယ်
    ပြန်လည်တင်ပြပေးတဲ့ အစ်ကိုဂ၉်ကြီး ကျေးဇူး ပါ

    ReplyDelete
  2. စိတ်အစာပြေသွားပါသည်။
    ကျေးဇူးတင်ပါသည်။

    ReplyDelete
  3. စကားလုံးအသုံး အနှုန်းဖွဲ့သီမူတွေက ကျစ်လစ်ပြီး ထိမိတယ် ကိုယဉ်ထွန်းရဲ့ ကဗျာတွေကိုကြိုက်မိတယ်၊ မျှဝေပေးတဲ့ ဂင်ဂင်ကိုလည်းကျေးဇူးပေါ့......။
    ကမာကောင်လည်း ကဗျာဖတ်ပြီး ဗိန်းမောင်းလေးနဲ့ ပြန်ကြွသွားပါတယ်။

    ReplyDelete
  4. ကိုဂင်ရေ...
    ကောင်းလိုက်တဲ့ ကဗျာ ပါလားဗျာ...ပြန်လည်မျှဝေပေးတာ ကျေဇူးပါ...
    အကိုလဲ ရေးဦးလေဗျာ...။

    ReplyDelete
  5. ဆိုက်ကစ်လေးဆိုပေမဲ့ သိတတ်ရင်တော့ ဒဲ့ထိတာနော့၊၊
    တန်ဖိုးရှိတရ် ဦးဂင်ကြီးရာ မျှဝေရကြိုးနပ်ပါတယ်ဗျာ၊၊

    ကိုယဉ်ထွန်း ကိုလဲ ဂရ၀ပြုပါ၏၊၊

    ReplyDelete
  6. ကဗျာလေး ကောင်းတယ်ဗျာ။

    ReplyDelete