‘ သစ္စာသေသော် ’
---------------
သစ္စာ သေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ၊၊
မြေပုံ နေရာ
မမှတ်ပါ နဲ့
ထိုနေရာ ၌
ပန်းမစိုက် နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် - ၊၊
ထူးခြားတာက
ထို ဈာပန...
ရောက်လာကြသူ ရှုကြသူနဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ...
မုန်းသူတွေက ပန်းခွေ ချ ပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြု ကြ ပေါ့...
တရံခါက
သံယောဇဉ်ဖြစ် ချစ်ခဲ့ကြသူ
ချစ်ဦးသူတွေ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင်တော့
ရင်မှာမေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ၊၊ ၊၊
( ဝင်းတင့်ထွန်း )
၁၉၈၃၊ အင်းစိန်ထောင်တွင်း
Monday, September 29, 2008
‘ သစ္စာသေသော် ’...(ဝင်းတင့်ထွန်း)
Labels:
ကဗျာ
ပင်လယ်ချစ်သူ....(ချွန်း)
ပင်လယ်ချစ်သူ
ရုပ်မြင်သံကြားမှာ မှုန်တိုင်းသတင်းတွေ ဆက်တိုက်ပါလာပြီး တနေ့ထူးထူးခြားခြား တနေရာ မှာ ပတ်ဝန်းကျင်တခုလုံး ပြိုပျက်လဲကျ ကုန်ပေမဲ့ အိမ်တလုံးက ထီးထီးကြီး ကျန်နေ ခဲ့တာ တွေ့မိတယ်။ ဒါပေမဲ့ လူအားလုံးကလုံခြုံတဲ့နေရာတွေမှာ။ မှုန်တိုင်းလာတော့မယ် ဆိုရင်ပဲ လုံခြုံတဲ့ နေရာတွေကိုရွေ့ဖို့ အစိုးရကစီစဉ်တော့ မရွေ့ချင်တဲ့သူကရှိသေးတယ်။ ပတ်ဝန်းကျင်တခုလုံး ပျက်စီးကြေမွနေပေမဲ့ သေဆုံးတဲ့စာရင်းက ဆယ်ဂဏန်းထက်မပို။ ရွေးကောက်ပွဲအတွက် မဲဆွယ်မယ့်သမ္မတတွေကလည်း စာနာစိတ်တွေနဲ့ သူတို့ကိစ္စကိုဦး စား မပေး။ အကျိုးစီးပွားအတွက်ဆိုပေမဲ့ သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတ။ သြော်.. လူလူခြင်း အတူတူတောင် လူဖြစ်ရတဲ့ ဘဝခြင်းက မတူ။ အင်း… တူအောင်ညှိဖို့ကလည်း သကြားမင်း တောင်မတတ်နိုင်ဘူးထင်ပါတယ်။
တို့ဗမာပြည်မယ်လေ… သူများနိုင်ငံလို လေမှုန်တိုင်းခဏခဏတိုက်လို့ကတော့ အခု လောက်ဆို လူတွေ ( ပြည်သူ ) တောင်ကျန်ပါ့ တော့မလားပဲ။ မေလဆန္ဒခံယူပွဲကိုဖျက်ဖို့ အချိန်ကိုက်ရောက်လာတဲ့ မှုန်တိုင်းကိုတောင် န.အ.ဖက ဂရုမစိုက်။ သူမိုက်ချင်သလို မိုက်ရဖို့ အတွက် လိုင်စင်ရရေးကို ဦးစားပေးလုပ်သွားလိုက်တာ ကမ္ဘာကတောင်တုန်လှုပ်ရတဲ့အထိ။ အဲ့ဒီအချိန်က ရင်ထဲမှာမခံချိမခံသာနဲ့ ဘာ လုပ်လို့ လုပ်ရမှန်းမသိနိုင်အောင် အင်တာနက် စာမျက်နှာတွေပေါ်က အတုံးအရုံးသေဆုံးနေကြတဲ့ ဓါတ်ပုံတွေကြည်ရင်း တချိန်လုံးငိုနေ မိတာ။ ကိုယ်ချစ်တဲ့ ကောင်လေးတယောက်လည်း ဒီအထဲပါသွားပြီလား။
၁၉၉၂- ၁၉၉၃ ကိုယ်အဝေးသင် တက်တုန်းကပါ။ ကျောင်းက စာပေးပွဲဖြေကာနီးမှ ၁၀ ရက်လောက်ကျောင်းတက်ရတာဆိုတော့ မူလ တန်းကျောင်းလေးတခုမှာ အလုပ်ဝင်လုပ်နေခဲ့ တယ်။ ကိုယ်လုပ်ခဲ့တဲ့ကျောင်းက ဧရာဝတီမြစ်ချောင်းနားက မြစ်ကျိုး ဆိုတဲ့ရွာကလေး။
ရေပတ်လည်ဝိုင်းထားတဲ့ ကုန်းလို့ဆိုရပေမဲ့ ကုန်းပေါ်မှာလည်း ရေတွေ။ လယ်ကွင်း တွေရဲ့ဘေးမှာ ကျမသင်ရတဲ့စာသင်ကျောင်း။ လမ်း ဆိုလို့ ကျောက်တုံးကလေးတွေ ခင်းထား ပေမဲ့ မြေနီစေးစေးတွေကြောင့် လမ်းလျှောက်ရအတော်ခက်တဲ့နေရာ။ မနက်ဆို ကျောင်းရှေ့ မြစ်လက်တက်လေးမှာ မုန်းဟင်းခါးသည်က လှေလေးတစင်းနဲ့။ ကိုယ့်နေရာက ကျောင်း ထောင့်မှာ အခန်းငယ်လေးဖွဲ့ပေးထားတယ်။ ရန်ကုန်ကနေလာတဲ့ ဆရာမနဲ့ နှစ်ယောက်အ တူတူ။
ကလေးတွေက ပညာလိုချင်ရှာကြလို့သာ။ ကျောင်းကိုလာရတဲ့လမ်းက ဗွက်တတန်၊ ရေတတန်။ လယ်ကွင်းတွေကိုဖြတ်ပြီး လာလိုက်ကြ တာ၊ ကျောင်းရောက်ရင် တကိုယ်လုံးဗွက် တွေလူးလို့။ ကျောင်းရှေ့ကရေကန်မှာ ပေနေတာတွေကိုဆေးပြီး အပိုယူလာတဲ့အဝတ်နဲ့လဲ ကြရတယ်။ လက်တွေ့ဘဝကပေးတဲ့ သင်ခန်းစာတွေက သူတို့နေရာနဲ့သူတို့ အသုံးချတတ် ကြတယ်။ စာသင်ခန်းဆိုတာကလည်း အ မိုးနဲ့အကာသာရှိပြီး ကြမ်းခင်းကမရှိ။ တခါတခါ မိုကြီးလာရင် စာသင်ခန်းထဲအထိ ရေဝင်တတ်လို့ ခြေတံရှည်ခုံကလေးတွေနဲ့ သင်ကြရ တာ။
ကျောင်းဖွင့်ရင်စာသင်ကြ၊ ကျောင်းပိတ်ချိန်မှာ ကလေးတွေရဲ့မိဘတွေကဖိတ်လို့ သူတို့အိမ်တွေကိုအလည်သွား။ ထမင်းစားသောက် ပြီးမှပြန်ကြတာ။ အိမ်အတည်တကျမရှိ။ ကျောင်းထောင့်ကအခန်းကျဉ်းလေးထဲမှာ ကြပ်ကြပ်တည်းတည်းနေကြရလို့ ရပ်မိရပ်ဖတွေက သနားကြတယ်ထင်ပါရဲ့။ ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ။ တခါတလေဗွက်တောထဲသွားလာ ရပျင်းတာနဲ့ အတင်းကိုငြင်းရတယ်။ နောက်ပိုင်းကြတော့ ငြင်းတဲ့အကြောင်းကိုရိပ်မိပြီး ကလေးတွေနဲ့ဟင်းပို့ခိုင်းတဲ့အထိ။ တခါတလေ သူတို့အိမ်မှာ ဟင်းကောင်းလေး စားရတဲ့ အချိန်တွေမှာပေါ့။ ရိုးသားတဲ့ ရွာသူရွာသားတွေက ဆရာမတွေအပေါ် အဲ့ဒီလောက်ချစ်ကြ တာပါ။
ကိုယ်တွေကလည်း ကလေးတွေကိုသံယောဇဉ်တွေဖြစ်လို့။ အဲ့ဒီမှာ ဇော်ဆိုတဲ့ကောင် လေးကို ကိုယ်ကပိုတယ်။ ပုတက်တက်ကလေးနဲ့ အရမ်းသွက်တဲ့ကလေး။ ဒုတိယတန်းမှာ စာသင်နေပေမဲ့ သူ့အသက်က လေးတန်းလောက်တက်လို့ရနေပြီ။ စာဆိုရင်အရမ်းတတ် ချင် တဲ့စိတ်ရှိပေမဲ့၊ သူကျောင်းမှန်မှန်မတက်နိုင်ဘူး။ မိဘတွေရဲ့အလုပ်ပေါ်မူတည်ပြီး အလုပ် များရင်ဝိုင်းကူရလို့လေ။ သူ့လိုကလေးတွေက အများကြီးပါပဲ။ ခိုင်းမကောင်းသေးတဲ့ အရွယ် လေးတွေဘဲ ကျောင်းမှန်မှန်တက်ကြရတာ။ ကျောင်းမတက်နိုင်တဲ့ရက်တွေဆို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နဲ့ အစားထိုးသင်ပေးရတယ်။ ဒါလည်းသူတို့အားတဲ့အခါမှပါ။ တခါတလေ သူတို့ကိုကြိုးစားသင်ထားပေး ပေမဲ့ စာမေးပွဲဖြေချိန်မှာ ပေါ်မလာကြလို့လည်း ရင်မောရသေး တယ်။ ကျမတို့လည်း စာတတ်ဖို့အတွက် ရုံးကန်ခဲ့ရပေမဲ့ သူတို့ လောက် မခက်ခဲခဲ့။ ဘဝတွေက တဖြည်းဖြည်း ကြပ်ကြပ်လာလိုက်တာ ကြာရင်အသက်ရူရပ်သွားကြမလားပဲ။
အဲ့ဒီရွာလေးမှာ ကျမပျော်ရွင်ခဲ့ပေမဲ့ မနေချင်အောင်ဖြစ်လာတဲ့တနေ့။ အဲ့ဒီနေ့က ရွာထဲကို စစ်သားစုဆောင်းရေးက တပ်ကြပ်တဦီး ခေါင်းဆောင်တဲ့ စစ်သားတွေရောက်လာ တယ်။ ရွာလေးဆိုတော့ ရွာသားအားလုံးစုရုံးဖို့ ကျယ်ကျယ်ဝန်းဝန်းဆိုလို့ ကျမတို့နေတဲ့ စာသင်ကျောင်းလေးဘဲရှိတာကိုး။ သူတို့ကျောင်းမှာစုကြမဲ့အကြောင်း မိဘတယောက်ကလာ ပြောပြီး၊ ကျောင်းမှာလူစုကြတဲ့အချိန် သူ့အိမ်မှာနေချင်လျှင်နေနိုင်ကြောင်း ကျမတို့ကိုခေါ် ပါတယ်။ သူတို့မျက်နှာတွေကိုမမြင်ချင်လို့ ကျောင်းသားအိမ်မှာသွားနေပေမဲ့၊ သေးငယ်တဲ့ ရွာလေးမှာ သတင်းကချက်ခြင်းရတယ်။ ဒီရွာက လူနှစ်ယောက် စစ်တပ်ထဲကိုဝင်ရမယ်။ လိုလိုချင်ချင်နဲ့ ဝင်မဲ့သူမရှိရင် မဲနှိုက်ရမယ်တဲ့။ မဲပေါက်တဲ့လူနှစ်ယောက်ကိုထောက်ပံ့ဖို့ တရွာလုံးက ငွေထည့်ရမယ်တဲ့။ ရတဲ့ငွေရဲ့တဝက်ကို သူတို့နှစ်ယောက်ကိုခွဲ ပေးမယ်တဲ့။ ကျန်တဲ့ငွေက သူတို့အတွက် လိုအပ်တဲ့နေရာမှာသုံးဖို့ တပ်ကြပ်ကြီးက သိမ်းထားရမယ်လို့ ဆိုပါတယ်။ သူတို့ကိုပေးမဲ့ငွေက ကျန်ခဲ့တဲ့မိသားစုအတွက်တဲ့။
အဲ့ဒီနေ့ကတယောက်က သူ့သဘောနဲ့သူဝင်သွားတယ်။ ရွာတောင်စွန်းက သားအမိ နှစ်ယောက်တည်းရှိတဲ့ ကိုရှည်ကြီး။ ရှာစားရခက် ခဲလွန်းလို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ရှာတဲ့ အမေအိုကို ကျေးဇူးဆပ်ချင်လို့တဲ့။ နောက်တယောက်ကတော့ မဲပေါက်သွားတဲ့ ၁၆နှစ် သာရှိ သေးတဲ့ မောင်သိန်းဦး။ အားကိုးနေရပြီဖြစ်တဲ့ သားကြီးအတွက် မိဘတွေမှာမျက်ရည်တွေနဲ့။ ကျောင်းတောင်မတက်တော့ပဲ မိ သားစုအတွက်အလုပ်လုပ်နေရရှာတဲ့ မောင်သိန်းဦးက သူ့ ဝေစုရတဲ့ ငွေလေး ကျပ် ၇၅၀ နဲ့ မိဘတွေကိုကန်တော့ခဲ့ရတယ်။ မိုးချုပ်ခါနီးနေပေမဲ့ သူတို့ ကမပြန်သေး။ လမ်းမမြင်ရရင် ပြန်လို့မတတ်မှာစိုးလို့ ကျောင်းနောက်ပေါက်ကနေ အခန်း ကျဉ်းလေးထဲဝင် လိုက်တော့ ဝေစုခွဲနေတဲ့ တပ်ကြပ်ဖြစ်သူရဲ့အသံကို ကြားရတယ်။ ရွာကနေ စုစုပေါင်းရတာက အဲ့ဒီအချိန်က ကျပ်ငွေသုံးထောင်။ အိမ်အရေအတွက်ကိုမေးပြီး ဒီလောက်ရ အောင်ခွဲကောက်လိုက်တာလေ။ ကျပ် ၁၅၀၀ ကိုစစ်ထဲဝင်ရမဲ့သူတွေကို ခွဲပေးပြီး၊ ကျန်တာကို အဆင့်အလိုက်ဝေယူကြတာ။ တော်သေးတာပေါ့ ဒီတခါလာတာ တပ်ကြပ်ကအကြီးဆုံးမို့လို့ ဒီလောက်နဲ့ပြီိးသွားတာတဲ့။ လူခံတွေက ပြောကြတယ်။ သြော်.. သူတို့က ခံနေကျလူတွေကိုး။
ကျောင်းပိတ်လို့ အိမ်ပြန်တော့မယ်ဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးကို ဒီဒုက္ခတွေ ကလွတ်အောင် မြို့မှာလိုက်နေချင်ရင် ကျောင်းထား ပေးမယ်ဆိုတော့၊ ရေမရှိတဲ့နေရာမို့ မလိုက်ချင်ပါဘူးတဲ့။ ကျမနေတဲ့မြို့လေးရဲ့ အလှဘွဲ့ကို သူတို့ကိုစာသင်ရင်း ပြောပြဖူးတာကိုး ကုန်းမြေမြင့်မြင့် မှာ ဘုရားစေတီတွေနဲ့ လှပတဲ့ငါတို့မြို့လေးက ဒီမှာလို ရေတွေ၊ ဗွက်တွေ မရှိဘဲ အိမ်ရှေ့လမ်းလေးကို တံမျက်စည်း နဲ့လှည်းလိုက်ရင် ချောပြောင်နေတာ သံမံတလင်း ကျနေတာဘဲလို့။ ပင်လယ်ပျော်တဲ့ ဇော်လေးက မလိုက်ချင်ပါဘူးတဲ့။ အဲ့ဒီအချိန်တုန်းက ဇော်လေးက အခုကျမသမီးကြီးအရွယ်ဘဲရှိအုန်းမှာပေါ့။ အခု ကျမသမီးကြီး ၁၀ နှစ်က တောက်တိုမယ်ရလေးခိုင်းရင် တောင် ပင်ပန်းနေတတ်တာ။ သူတို့ဘဝလေးတွေနဲ့တော့ တခြားစီပါဘဲလေ။
မေလတုန်းက တိုက်ခတ်ခဲ့တဲ့မှုန်တိုင်းက ပင်လယ်ပျော်လေးတွေကို သိမ်းကြုံးဆွဲငင် သွားလိုက်တာ ရေပြင်တွေ၊ မြေပြင်တွေ၊ သစ်ပင် တွေမှာ ကြည်လို့မကောင်းအောင် အတုန်း အရုံးပါဘဲလား။ ကျမချစ်တဲ့ကလေး အသက်ရှင်လျှက်မှ ရှိနိုင်ပါတော့မလား။ သူလည်း က လေးမှ မဟုတ်တော့ပဲလေ။ ဘဝအပြောင်းအလဲတွေရဲ့ကြားမှာ ဝမ်းစာရေးအတွက် တခြား နေရာတွေလဲ ရောက်ချင်ရောက်နေနိုင်တာပဲ။ ပင်လယ်ပျော်လေးတွေ သက်တမ်းစေ့စေ့ နေနိုင်ကြပါစေ။
ချွန်း
(၂၈. ၉. ၂၀၀၈)
Labels:
ဆောင်းပါး
Wednesday, September 24, 2008
Monday, September 22, 2008
ဖွတ်သားဟင်းတခွက်နှင့်ချစ်သက်သေ...(ချွန်း)
ဖွတ်သားဟင်းတခွက်နှင့်ချစ်သက်သေ
ကျမရဲ့ဆင်ဦးစီးက ကျမကိုဘယ်လောက်ချစ်သလဲဆိုတာ စာဖတ်သူတွေကိုသိစေချင်ရုံလေးပါ။ ကျမတို့ထိမ်းမြားပြီးကာစ ပစ္စည်းမဲ့တို့ ဒေသလေးမှာပါ။ စားစရာဆန်ကလွဲရင် ကျန်တာရှာစားကြရတဲ့နေရာလေးပါ။ ရှာစားရတာက တောထဲက ဟင်းသီးဟင်းရွက်နဲ့ အ ကောင်ဗလောင်ရယ်၊ ချောင်းထဲကငါးကလေးတွေရယ်ကို ရှာစားကြရ တာပါ။ ပိုက်ဆံရှိရင်တော့ တညအိပ်သွားရတဲ့ ဈေးဆိုင်လေး တွေရှိတဲ့နေရာမှာလိုချင်တာတွေ ဝယ်လို့ရပါတယ်။ တလကိုတခါလောက်သွားလေ့ရှိကြပါတယ်။ တလစာစားဖို့ ဟင်းချက်ရာ မှာသုံးဖို့ တိုလီနဖာနဲ့၊ ဆပ်ပြာ၊ သွားတိုက်ဆေးလောက်သာပုံမှန်ဝယ်နိုင်ပြီး ဟင်းစားဖို့ ကတော့ တောတိုးရင်းဖြေရှင်းကြတာများပါတယ်။
ကျမကတောတိုးတာဝါသနာပါတယ်။ အရွက်တွေ၊ အသီးတွေခူးရတာ အရမ်းပျော်ပါတယ်။ မှိုများတွေ့ပြီဆို အပျော်ဆုံးဘဲ။ မှိုကြတော့လဲ တွေ့ခဲပါတယ်။ တွေ့ပြန်ရင်လဲ ဆင်ဦးစီးနဲ့ကျမ စကားများကြရမြဲ။ သူကမှိုကိုသိပ်မကြိုက်သလို မှိုတောင့်မှာစိုးရိမ်တတ်တယ်။ ကျမကတော့မှိုဆိုသိပ်ကြိုက်။ သူကတော့အသားဆို ဘာသားဖြစ်ဖြစ်လာထားဘဲ။ နှစ်ယောက်သားကဆန့်ကျင်ဖက်။ ဒါပေမဲ့ ပစ္စည်းမဲ့ တွေပီပီ ပြဿနာတော့မရှိခဲ့ပါဘူး။ လူတွေကပစ္စည်းနည်းလေ ပြဿနာနည်းလေပဲမဟုတ်လား။ အခုတော့အရင်းရှင်နိုင်ငံမှာ ဝင်ငွေနဲ့ ထွက်ငွေတွေကိုတွက်ချက်ရှယ်ယာခွဲရင်း တခါတခါ စကားများရလို့ ပစ္စည်းမဲ့ဒေသကိုပြန်သတိရမိပါရဲ့။
တနေ့.. နေ့စွဲအတိအကျမမှတ်မိပေမဲ့ အဲ့ဒီနေ့က ကျမမှိုရတဲ့နေ့။ သရက်ပင်ကြီးတပင်လေတိုက်လို့လဲနေတာကြာပြီ။ အဲ့ဒီပေါ်မှာ ပေါက်နေတဲ့မှိုတွေ။ မှိုစထွက်ကတည်းကတွေ့ပေမဲ့ စားလို့ရ၊ မရ မသေချာလို့မနှုတ်ခဲ့ဘဲ၊ နှစ်ရက်လောက်ကြာမှ တောင်ယာကပြန်လာ တဲ့ ထိုင်းနိုင်ငံသားကရင်တစု အလုအယက်နှုတ်ကြတာတွေ့မှ ကိုယ်လည်းဝင်နှုတ်တာ ကိုယ့်မှာပါလာတဲ့ဇကာလေးနဲ့ တခါကြော်စာရခဲ့ တယ်။ စားလို့ရတာသေချာတဲ့အကြာင်းပြချက်ရလို့ ဝမ်းသာအားရနဲ့အိမ်ပြန်ပြီးမှိုနှင့်တကွ အကျိုးအကြောင်းပြောပြတော့ ဆင်ဦးစီးက အင်တင်တင်ဘဲ။ ဒါနဲ့ပိုသေချာအောင် ခပ်လှမ်းလှမ်းကရေချောင်းနားမှာနေတဲ့ အမိုးကြီးတို့လင်မယားဆီမှာ အတည်ပြုချက်ယူလိုက်ရ သေးတယ်။ အမိုးကြီးတို့က စားလို့ရတဲ့အကြာင်းပြောမှ မှိုကြော်ဖို့ပါမစ်ကို ဆင်ဦးစီးကချပေးတာ။ ဒါတောင်ကန်ဇွန်းရွက်ပါမှကြော်ရမယ်ဆိုလို့ တောင်စောင်းနားက ရေအိုင်ဘေးမှာပေါက်နေတဲ့၊ ခူးလွန်းလို့အတက်ထွက်နှေးနေတဲ့ ကန် ဇွန်းပင်က ထွက်ကာစအညွတ် လေး၊ငါးညွတ်ကို မိနစ်နှစ်ဆယ်လောက်ကြာအောင် သွားပြီး ခူးလိုက်ရသေးတယ်။
မနက်စာစားပြီးဆင်ဦးစီးတရေးတမောအိပ်တုန်း ကျမလည်း ညစာချက်ဖို့အတွက် ဆန်ဗန်းရယ်၊ မှိုဇကာရယ်ယူပြီး တဲရှေ့က ကွပ်ပြစ်မှာ ထိုင်ပြီး ဆန်ရွေးနေတုန်း ခပ်သဲ့သဲ့အော်သံတခုကြားလိုက်ရတယ်။ ဘာသံပါလိမ့်ဆိုပြီး နားစိုက်ထောင်လိုက်ရင်း အသံကပျောက်သွား ရင်းဖြစ်နေတယ်။ ဘာသံမှန်းဝေခွဲလို့မရဘူး။ တောထဲမှာက အသံအမျိုးမျိုး ကြားရပေမဲ့ ကျမ မခွဲခြားတတ်ဘူး။ မျောက်သံ၊ ချေသံ၊ ဝေးဝေးကလူအော်သံ သဲ့သဲ့ တွေဟာ ကျမနားထဲမှာ တူနေသလိုထင်ရတယ်။ အသံကပျောက်သွားလိုက်၊ ပြန်ကြားရလိုက်နဲ့ ချေအော် သံဖြစ်မှာပါလေဆိုပြီး ဆင်ဦးစီးနဲ့မတွေ့ခင်က အဖြစ်အပျက် တခုကို သတိယမိသွားတယ်။
ချေမလေးတကောင်ရဲ့ အဖြစ်ဆိုးကိုပါ။ ကျမရောက်စကပါ။ ကျမနေတဲ့တဲက ချောင်းဘေးနားမှာ။တဲအရှေ့ချောင်းကို ကျော်ကြည့်လိုက် ရင်တောင်ချေက လူသွားလမ်းလေးကို မြင်ရတယ်။ ကျမတို့တဲအုပ်စုကတောင်နှစ်လုံးကြားကမြှောင်ထဲမှာပါ။ တနေ့ ကျောင်းဆရာတ ယောက်က တဲစုဘက်ကိုလာလည်ရင်းတဲရှေ့ဘက်က တောင်စောင်းမှာ ချေတစုံကိုတွေလို့ လက်ခုပ်တီးပြီးချောက်လွှတ်ပေမဲ့ ချေတ ကောင်က ပြေးသွားပြီး တကောင်ကျန်နေလို့ဆိုပြီး ကျမတို့ရောက်နေတဲ့တဲမှာ သေနတ်လာတောင်းပြီး ပစ်လိုက်တာ ကျောရိုးကိုရှပ် ထိသွားတယ်။ ကံဆိုးလှတဲ့ချေမလေးဟာ လူနေတဲ့ တဲတန်း ဘက်ကို အားကိုတကြီးပြေးလာခဲ့ပါတယ်။ အဲဒီမှာ သူ့ကိုကယ်မယ်အထင် နဲ့ အပြေးလာခဲ့တဲ့ ချေမလေးကို ဝါးလုံးဆွေးတွေနဲ့ဝိုင်းရိုက်လို့လဲကျနေတုန်း မူဆလင်ဘာသာဝင် စက်ဆရာ တယောက်က သူလည်း ချေသားစားရအောင်ဆိုပြီး တဲထဲကဓားတချောင်းဆွဲပြီး ချေမလေးကို လည်လှီးလိုက်ပါသေးတယ်။ ဘယ်အချက်နဲ့ သေပွဲဝင်သွားရမှန်း မသိလိုက်ရတဲ့ ချေမလေးရဲ့ အသားကို ကျမမစားရက်တော့ပါဘူး။
အတိတ်အကြောင်းကိုစဉ်းစားနေတုန်း ဆင်ဦးစီးနိုးလားပြီး ကျမကြားတဲ့အသံကို သူလည်းသတိထားမိသွားပြီး သေနတ်တလက်နဲ့ အ သံကြားတဲ့ဘက်ထွက်သွားလိုက်တာ ကျမတားချိန်တောင်မရလိုက်ပါဘူး။ သိပ်မကြာလိုက်ပါဘူးဆင်ဦးစီးပြန်ရောက်လာပြီး မီးခြစ် တောင်းသွားတယ်။ ဘာအရေးကြီးနေမှန်းသိချင်လို့မေးပေမဲ့ စကားပြန်မရခဲ့ဘူး။ နာရီဝက်လောက်ကြာမှပြန်ရောက်လာပြီး အကျိုးအ ကြောင်းပြောပြတယ်။ ဆေးမှုးတယောက် တောလည်ထွက်ရင်း ဖွတ်နဲ့ပက်ပင်းတိုးမိပြီး၊ အနီးကပ်မို့ သေနတ်နဲ့ပစ်လို့မရဘဲ သစ်ခေါင်း ထဲဝင်ပြေးတဲ့ဖွတ်မြီးကို အားကုန်ဆွဲပြီး အော်နေခြင်းဖြစ်သတဲ့။ တနာရီလောက် ကြာအောင် ဖွတ်နဲ့လွန်ဆွဲနေတဲ့ဆေးမှုး၊ (ဆင်ဦးစီးနိုး လာလို့သာ… နို့မဟုတ်လျှင် ဘယ်အချိန်ထိအောင် ဇွဲနှင့်အော်နေမည်မသိ) ဆင်ဦးစီးကို သစ်ရွက်ခြောက်တွေ သစ်ခေါင်းထဲထည့်ပြီိး မီးရှို့ခိုင်းလိုက်မှ ဖွတ်မီးခိုးမွှန်ပြီး ဆေးမှုးလက်ထဲ ပါလာတော့တယ်။
အဲ့ဒီညက ကျမတို့ထမင်းဝိုင်းလေးက စိုစိုပြည်ပြည်လေးဖြစ်ခဲ့ပါတယ်။ လွန်ဆွဲပွဲမှာ အနိုင်ရအောင်ကူညီခဲ့တဲ့ ဆင်ဦးစီးအတွက် ဖွတ်သား ဟင်းတခွက်ကို ဆေးမှုးကလာပို့ ပေးလို့ပါ။ မှိုကြော်နဲ့ဖွတ်သားဟင်း အရသာရှိရှိလေးကို လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင် စား ကြတော့မယ်ပြင်ကာမှ ဆင်ဦးစီးက သူဗိုက်မဆာသေးလို့ စားနှင့်ပါတဲ့။ အင်းလေ.. သူတို့အစီအစဉ် (အဲ့ဒီနေရာမှာ အရက်မသောက်ရ အမိန့်ထုတ်ထားပေမဲ့ နှစ်နာရီ လောက်သွားရတဲ့ထိုင်းရွာက အရက်ဝယ်ပြီး စုသောက်ကြခြင်း) ရှိလို့နေမှာပါအထင်နှင့် တယောက် တည်း မှိုဟင်းများများနှင့်စားလိုက်ရတယ်။ ထမင်းစာပြီး ထမင်းဝိုင်းတခုချန်ကာ ကျန်တာတွေရှင်းပြီး အဆင်သင့်ဆွဲထားတဲ့ စစ်ပုခက်ထဲ ဝင်ပြီးနှပ်နေလိုက်တယ်။ သူတို့ဝိုင်းစုကြပြီဆို ကိုယ်ကဒီလိုပဲ တယောက်တည်းနှပ်နေကြလေ။ ဒါပေမဲ့ဆင်ဦးစီးက ဘယ်မှမသွားဘဲကျမ နဲ့လှမ်းစကားပြောနေခဲ့ပြီး သိပ်မကြာခင်မှာ ထမင်းဝင်စားတော့တယ်။ ကျမက အစီအစဉ်မဖြစ်ဘူးလားမေးတော့ အစကတည်းကမရှိ ပါဘူးတဲ့။ ဗိုက်မဆာလို့ စောင့်နေတာတဲ့။ ကျမအနည်းငယ်တော့အဲ့သြခဲ့ပါတယ်။ အသားဟင်းကြိုက်တဲ့ဆင်ဦးစီးက အသားဟင်းပါတဲ့ နေ့မှ ဗိုက်အဆာနောက်ကျလို့လေ။
အိမ်ထောင်သက် ငါးနှစ်ပြည့်ပြီး သမီးနှစ်ယောက်ရပြီးမှ သူ့ရဲ့အချစ်ကိုကျမသိခွင့် ရခဲ့ပါတယ်။ တနေ့သူ့မိတ်ဆွေတွေနှင့် စကားပြော ရင်း မှိုတောင့်တဲ့အကြောင်းပါလာပြီး ဆင်ဦးစီးဗိုက်အဆာနောက်ကျခဲ့တာမဟုတ်ဘဲ မှိုဟင်းတောင့်မှာစိုးသောကြောင့် ကျမစားပြီး တ နာရီကြာမှ စားခဲ့ခြင်းဖြစ်သည်တဲ့။ အကယ်၍ နှစ်ယောက်အတူတူစားပြီး တခုခုဖြစ်နေခဲ့လျှင် တယောက်နှင့်တယောက်မကူညီနိုင်ဘဲ ဒုက္ခရောက်မည်စိုးသောကြောင့် သူဆာပေမဲ့ စောင့်နေခြင်းဖြစ်သည်တဲ့။ ဆင်ဦးစီးရဲ့ ကျမအပေါ်ချစ်ခြင်းဟာ ဘယ်လောက်အထိ စိတ်ချလုံခြုံမှုရှိလိုက်သလဲဆိုတာ...။
ချွန်း
Labels:
အက်ဆေး/ဝတ္ထုတို
ကဗျာတပုဒ်...(မောင်တင်ထွန်း)
ကဗျာတပုဒ်
ငါရေးနေတဲ့ ကဗျာသစ်
မြားတစင်းလို ပစ်ခွင်းနိုင်ခဲ့လျှင်
စစ်အာဏာရှင်ရဲ့ ရင်ဝတည့်တည့်ကို
ထွင်းဖေါက်နိုင်တဲ့မြား … ဖြစ်ပါစေသား။
ငါရေးနေတဲ့ ကဗျာတပုဒ်
ရန်သူ့နှစ်လုံးသားကို ဆွဲဆုတ်မွှချေနိုင်ခဲ့သော်
ဘုရားသားတော်တွေကိုသတ်တဲ့
နအဖစစ်အုပ်စုရဲ့ နှစ်လုံးသားများ …
အမြစ်ပါမကျန် … ဆွဲထုတ်ချေမှုန်းနိုင်စေသား။
ငါရေးနေတဲ့ ကဗျာတပုဒ်နဲ့ 
ငါ့နှစ်လုံးသားကို ထုဆစ်သစ္စာဆိုရသော်
မလျော့သောမာန်တင်းကာထန်
ဆက်လက်တိုက်ပွဲဝင်သွားရန်
တော်လှန်သစ္စာ ပန်ပါ၏ ...။ ။
မောင်တင်ထွန်း
20-1-2008
နေ့သစ် ဝဘ်ဆိုက်မှ ကူးယူဖေါ်ပြပါသည်။
Labels:
ကဗျာ
Thursday, September 18, 2008
Monday, September 15, 2008
ပခုက္ကူ - စက်တင်ဘာ နဲ့ သမိုင်းစဉ်ထဲက ရွှေဝါရောင်မှတ်တိုင်များဆီ....(ဝင်းတင့်ထွန်း)
ပခုက္ကူ - စက်တင်ဘာ နဲ့ သမိုင်းစဉ်ထဲက ရွှေဝါရောင်မှတ်တိုင်များဆီ -
------------------------------------------------
(အက်ဆေး) ( ၁ )
စက်တင်ဘာလထဲ ရောက်ကတည်းက၊ သြော် - ရွှေဝါရောင်လှုပ်ရှားမှုကြီး နှစ်ပတ် လည် တိုင်ခဲ့ပါပေါ့ လား...ဆို တဲ့အတွေးတွေ ရင်ထဲမှာ တရိပ်ရိပ်ဝေလာခဲ့ရပြန်ပါတယ်၊၊ ရွှေဝါ ရောင်လှုပ်ရှားမှု - သံဃာ့လှုပ်ရှားမှု - ဆိုတဲ့ အသံတွေနဲ့အတူ၊ တဆက်တည်းလိုလိုရင်ထဲ ပြေးဝင်လာတာက ‘ပခုက္ကူ’ ‘ပခုက္ကူ’ ဆိုတဲ့ အမည်နာမပါပဲ၊၊
ပခုက္ကူ ဆိုတာ ကျနော်တို့အမိဗမာနိုင်ငံတော်ကြီးရဲ့ အလယ်ပိုင်းဒေသက ထင်ရှားတဲ့ မြို့ကြီးတမြို့ ရဲ့ နာမည်ဆို တာ လူတိုင်းသိကြပြီးသားပါ ပဲ၊၊ ဗမာဆန်တဲ့ အညာဟန်ကို ချစ်သူ ပခုက္ကူသား ပခုက္ကူနွယ်တချို့ကတော့၊ သူတို့ ကိုယ်တိုင် ပခုက္ကူကို အညာမြေ အညာဒေသအ ဖြစ် နှစ်နှစ်ကာကာ သတ်မှတ်ပြောဆို ရေးဖွဲ့ကြတာတွေလဲ ရှိ ပါတယ်၊၊ ပခုက္ကူနယ်သား ဖြစ်တဲ့ ဆရာမြသန်းတင့်ကတော့၊ သူ့မွေးရပ်မြေကို တမာရိပ် မန်ကျီးရိပ် ထနောင်းရိပ် တွေနဲ့ လွမ်းစရာ့အညာဒေသအဖြစ် လှလှပပ ဆွတ်ဆွတ်ပျံ့ပျံ့ ရေးခြယ်ဖွဲ့နွဲ့ခဲ့ဖူး ပါတယ်၊၊ ပခုက္ကူဟာ စာပေအနု ပညာသမားတွေ ထွက်သလို၊ နိုင်ငံရေးသမားတွေလဲ ထွက်တဲ့ သမိုင်းရှိတဲ့ မြို့တမြို့ ပါ ၊၊ သမိုင်းစဉ်ဆက် ထင်ရှား တဲ့ သံဃာတော် ဆရာတော်ကြီးတွေလဲ ထွန်းတောက် ပေါ်ထွက် သီတင်းသုံးခဲ့ကြတဲ့ ဘူမိနက်သန်အထင်ကရ မြို့ကြီးတမြို့လဲ ဖြစ်ပါတယ်၊၊ ကျနော်တို့ ဗမာ နိုင်ငံရဲ့ ထေရဗုဒ္ဒဘာသာသာသနာသမိုင်းမှာ- ပရိယတ္တိသာသနာနဲ့ပတ်သက်ရင်၊ ကုန်းဘောင် နောက်ဆုံးမင်းဆက် ထီးနန်းစိုက်ရာ ရတနာပုံမန္တလေးမြို့ကြီး ပြီးရင်အထက်ဗမာနိုင်ငံမှာ အထင်ရှားဆုံးဖြစ်တာကတော့ ပခုက္ကူမြို့ကြီးပါပဲ၊၊ စာပေပရိယတ္တိ လိုက်စားကြမယ့် သံဃာ တော်အရှင်သူမြတ်တွေအတွက်ပရိယတ္တိစာပေသင်အံပို့ချရာကျောင်းတိုက်ကြီးတွေ အစီအရီ ပေါ်ထွန်းခဲ့ ရာမှာ၊ မန္တလေး၊ အမရပူရ တို့နဲ့အပြိုင်၊ ပခုက္ကူစာသင်တိုက်ကြီးတွေဟာလဲ ထင်ရှားခဲ့ပါတယ်၊၊
သံဃာ့လောကမှာ အစဉ်အလာကြီးတဲ့ မြို့တမြိြုဲ့ဖစ်ခဲ့ပါတယ်၊၊ အနီးခေတ်သံဃာ့လောကမှာ ပရိယတ္တိစာပေနဲ့ ပတ်သက်ပြီး နေတဆူ၊လတဆူ ကျော်စောထင်ရှားခဲ့တဲ့၊ အမရပူရ မဟာ ဂန္ဒာရုံစာသင်တိုက်ကြီးကို စနစ်တကျ တည်ထောင်ခဲ့တဲ့၊ ထေရဝါဒဗုဒ္ဒဘာသာစာပေ ကျမ်းဂန် ပေါင်းများစွာကို ရေးသားပြုစုသွားခဲ့တဲ့ ရှင်ဇနကာ ဘိဝံသလို ဆရာတော်ကြီးပင်လျှင်၊ ငယ် ရွယ်စဉ် ပထမကြီးတန်းအောင်ပြီးစဉ်က ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်ကို သွားပြီး စာဝါတက်ခဲ့ရဖူးပါတယ်၊၊ ပရိယတ္တိစာပေကို ပခုက္ကူမှာသွားပြီး ဆည်းပူးလေ့ လာသင် အံခဲ့ ရဖူးပါတယ်၊၊ အထက်ဗမာနိုင်ငံမှာ မန္တလေးမြို့ ကြီးပြီးရင်၊ သံဃာ့မြို့လို့တောင် ပြောရလောက် တဲ့နေရာဟာ ပခုက္ကူ မြို့ကြီး ဖြစ်ခဲ့ပါတယ်၊၊
ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင် ထပ်မံပြီးတွေ့ရတာကတော့၊ အမိဗမာနိုင်ငံတော်ရဲ့ ဗုဒ္ဓြွဘာသာသာသနာ သမိုင်းလမ်းကြောင်းမှာ -ပခုက္ကူဟာ အဲဒီလို ပရိယတ္တိသာသနာ စည်ပင် ထွန်းကားရေးနဲ့ ထဲထဲဝင်ဝင်ဆက်နွယ် ပတ်သက်နေတဲ့ မြို့ကြီး ဖြစ်ရုံမက၊ ဗမာ့နိုင်ငံရေးလှုပ် ရှားမှုသမိုင်းလမ်းကြောင်းမှာ - အမျိုး ဘာသာ သာသနာ အတွက် စွမ်းစွမ်းတမံရွက်ဆောင် ဖေါ်ပြသွားခဲ့ကြတဲ့ သံဃာ့အာဇာနည်ကြီးတွေနဲ့လဲ ဆက်နွယ်ပတ်သက်နေတဲ့ မြို့ကြီးတမြို့ ဖြစ်ခဲ့တယ် ဆိုတာပါပဲ၊၊ ဘာ့ကြောင့်လဲ၊ ဘာကို ဆိုလိုတာလဲ၊၊
ဗမာ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ- ဗမာပြည်က ဘယ်နိုင်ငံရေးသမား တော်လှန်ရေး သမားမဆို၊ လေးလေးစား စားတန်ဖိုးထား ဦးခိုက်အသိအမှတ်ပြုရထားရမယ့်၊ အငြင်းပွား ဖွယ်မရှိ - တကယ့်အထင်ကရ သံဃာ့အာဇာနည် ကြီးနှစ်ပါး ရှိခဲ့ပါတယ်၊၊ အဲဒါကတော့- ဆရာတော်ဦးဥတ္တမနဲ့ ဆရာတော် အရှင်ဦးဝိစာရပါပဲ၊၊
နယ်ချဲ့အင်္ဂလိပ်အစိုးရ ရဲ့လက်အောက်၊ အမိဗမာပြည်ကြီးတခုလုံး ကျရောက်နေရပေမဲ့၊ အင်္ဂလိပ်ဘုရင်ခံ ‘ဆာ ရယ်ဂျီနယ် ကရက်ဒေါက်’ကို‘ဟေ့ - ကရက်ဒေါက် ပြန်သွား’ လို့ အားနဲ့ မာန်နဲ့ မောင်းထုတ်ပြခဲ့သူဟာ ဆရာ တော်ဦးဥတ္တမပါ ၊၊ ဆရာတော်ဦးဥတ္တမ ရဲ့ ‘ကရက်ဒေါက်-ပြန်သွား’ဆိုတဲ့ အဲဒီ ရဲရဲတောက်အသံဟာ မကြောက် တရားရဲ့ ပဲ့တင်သံ၊ ဗမာပြည် ပြည်သူလူထုတရပ်လုံးကို လှုပ်နှိုးပစ်လိုက်တဲ့ ရဲတင်းသံ၊ နယ်ချဲ့ဆန့်ကျင်ရေး အ တွက် ဟစ်ကြွေးလိုက်တဲ့ တပ်လှန့်သံလဲ ဖြစ်ခဲ့ပါတယ်၊၊ ၁၉၂၁ ခုနှစ်မှာ ဒေးဒရဲနယ် ဆူးကလပ်ရွာ တရားပွဲမှာ အစိုးရကို အကြည်ညို ပျက်စေမှု နဲ့ ပထမဆုံးအကြိမ် ထောင်ဒဏ် (၂)နှစ်၊၊ ၁၉၂၄ ခုနှစ်မှာ မန္တလေးမှာ အဓိက ရုဏ်းကိစ္စနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ထောင်ဒဏ် (၃)နှစ်၊၊နယ်ချဲ့အစိုးရက ဖမ်းဆီးထောင်ချ ပြခဲ့ တယ်။ ဆရာတော်က ခေါင်းမော့်မပျက် ထောင်ထဲ ရဲရဲဝံ့ဝံ့ ဝင်ပြခဲ့တယ်၊၊ ဗမာပြည်မှာ နိုင်ငံရေးလုပ်မှု နဲ့ ပထမဆုံးထောင်ဒဏ် အပြစ် ပေးခံရတဲ့ သံဃာတော်အဖြစ် မော်ကွန်းထူပြသွားခဲ့တဲ့ သံဃာ့အာဇာနည်ကြီး ဖြစ်ခဲ့တယ်၊၊
ဆရာတော်ဦးဥတ္တမ ထောင်ချခံရ ပြီးနောက်၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ရဲရဲရင့်ရင့် ရောက်လာခဲ့တဲ့ သံဃာ တော်အရှင်မြတ်ကတော့၊ ဆရာတော်ဦးဝိစာရပါပဲ၊၊ နယ်ချဲ့ အင်္ဂလိပ် ဆန့်ကျင်ရေးကို သတ္တိသွေးနဲ့ ဖေါ်ကျူးပြသ ခဲ့ပါတယ်၊၊ နယ်ချဲ့အစိုးရ ရေးဆွဲချမှတ်ပေးတဲ့ ‘ဒိုင်အာခီ’ကို ပြတ်ပြတ်သားသားသပိတ်မှောက်ခဲ့သလို၊ နယ်ချဲ့အ စိုးရကို အခွန်မပေးရေး တိုက်ပွဲတွေ၊ ‘နယ်ချဲ့အစိုးရနဲ့မဆက်ဆံဘူး’ ‘ဒိုင်အာခီအုပ်ချုပ်ရေးကို အသိအမှတ်မပြု ဘူး’‘ နယ်ချဲ့နိုင်ငံထွက် ပစ္စည်းတွေကို အသုံးမပြုဘူး’ဆိုတဲ့ကြွေးကြော် သံတွေနဲ့ထွက်ပေါ်လာတဲ့ ‘ဘူးအသင်း’ လှုပ်ရှားမှုတိုက်ပွဲတွေမှာ ရှေ့တန်းကနေ ပါဝင်ပြသခဲ့ပါတယ်၊၊ နယ်ချဲ့အင်္ဂလိပ် အစိုးရက ဆရာတော်ဦးဝိစာရ အရှင်သူမြတ်ကိုလဲ ၁၉၂၆ ခုနှစ် နိုဝင်ဘာ (၂)ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် (၂)လချခဲ့ပါ တယ်၊၊ ပုဒ်မ (၁၈၈)အာဏာဖီဆန်မှု နဲ့ ထောင်ချပြခဲ့တာပါ ၊၊ သာရဝေါတိုက်နယ် ဓနော်ညောင်ကုန်းတရားပွဲမှာ အာဏာကိုဖီဆန်ပြီး တရားဟောခဲ့တဲ့အတွက် ဖြစ်ပါတယ်၊၊ ၁၉၂၇ ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့မှာ ထောင်က အ လွတ်၊ ဗူးဝမှာပဲ ပြန်ဖမ်းပြီး၊ အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ (၁၂၄-က)နဲ့ ဒုတိယ မြောက်အဖြစ် ထောင် ဒဏ်(၁) နှစ်နဲ့(၉)လ-ထပ်မံချတာ ခံရ ပြန်ပါတယ်၊၊ ထောင်ထဲမှာ ရဟန်းတော်များနဲ့ထိုက်တန်တဲ့အခွင့်အရေးတွေရဖို့ ဆရာတော်ဦးဝိစာရ ဟာ၊ အကြိမ်ကြိမ် အစာငတ်ခံ ဆန္ဒပြ တိုက်ပွဲဆင်ခဲ့ပါတယ်၊၊ ထောင်က လွတ်ပြီးတဲ့နောက်မှာလဲ ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေကို ရဲရဲရင့်ရင့်ဆက်လက်ဟောကြားခဲ့ပြီး၊ ၁၉၂၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှာ သုံးခွမြို့နယ် ဖရုံကန်ရွာအစည်း အဝေးဟောပြောမှုနဲ့ထပ်မံဖမ်းဆီးတာ ခံရပါတယ်၊၊ တတိယအကြိမ်မြောက်အဖြစ်၊ ပုဒ်မ(၁၂၄-က)နဲ့ အလုပ် ကြမ်းနဲ့ထောင်ဒဏ် (၆)နှစ် ချမှတ်တာခံခဲ့ရပြန်ပါတယ်၊၊ ထောင်ထဲမှာ ဆရာတော်ဟာ ရဟန်းတော်ပီပီ သင်္ကန်း ဝတ်ရုံ ခွင့်၊ သိမ်ဝင်ဥပုသ်ပြုခွင့်တွေအတွက် အကြိမ်ကြိမ်တောင်းဆိုတိုက်ဝင်ခဲ့ပြီး ရဲရဲရင့်ရင့် အစာငတ်ခံဆန္ဒပြ ခဲ့ပါတယ်၊၊ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ထောင်တွင်းတိုက်ပွဲတွေထဲမှာ အမြင့်ဆုံးတိုက်ပွဲပုံသဏ္ဍာန်တခု ဖြစ် ပါတယ်၊၊ တကယ်မသေရဲ ပဲ၊ ပိုင်းဖြတ်ချက်နဲ့သံဓိဌာန် လေးလေးနက်နက်မခိုင်မာပဲ ဆင်နွဲလို့ရတာမျိုး မဟုတ်ပါ ဘူး၊၊ ဆရာတော်ဦးဝိစာရဟာ အာဇာနည်ပီပီ ဘာမထီစိတ်ဓါတ်နဲ့ နောက်ဆုံးသွေးတစက်အထိ၊ အသက်ခန္တာ ကြွေတဲ့အထိ အသေခံအစာငတ်ခံဆန္ဒပြသွားခဲ့ပါတယ်၊၊
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ၊ ထောင်တွင်းနိုင်ငံရေးတိုက်ပွဲများသမိုင်းမှာ၊ ရက်ပေါင်း (၁၆၆)ရက်ကြာ အောင် အစာငတ်ခံဆန္ဒပြသွားခဲ့ပြီး သေတဲ့အထိ နယ်ချဲ့ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမားလွှင့်တင်ခဲ့ရင်း၊ စံချိန်တင် စိုက်ထူပြသသွားခဲ့ပါတယ်၊၊ ဆရာတော်အရှင် သူမြတ်ရဲ့ သေတဲ့အထိ၊ ရက်ပေါင်း(၁၆၆)ရက်တိုင်တိုင် အစာငတ်ခံဆန္ဒပြသသွားနိုင်မှု စံချိန်ကို အခုချိန်အထိ ဘယ်သူမှ မချိုးနိုင်ကြသေးပါဘူး၊၊ ချစ်မြတ်နိုးတော်မူလှတဲ့ ဗမာပြည် ပြည်သူတွေကို ဆရာတော် နောက်ဆုံးမှာကြားသွားခဲ့တဲ့စကားကတော့ ‘လိမ္မာရစ်ကြပါ’ တဲ့၊၊
ဆရာတော်ဦးဥတ္တမဟာ ဗမာပြည်ပြည်သူတွေကို ရဲမောင်းတင်ပေးခဲ့တဲ့၊ မကြောက် တရားကို ဟောကြားပြသ သွားတဲ့၊ ကမ္ဘာ့အခြေအနေတွေနဲ့အမှီ- နားမျက်စေ့ပွင့်အောင် ဖွင့်ပေး သွားခဲ့တဲ့၊ ဗမာပြည်လွပ်လပ်ရေးကြိုးပမ်း လှုပ်ရှားမှုသမိုင်းမှာ မော်ကွန်းတင်ထားရမယ့် ပထမ ဆုံးသောသံဃာ့အာဇာနည်ကြီးပါ၊၊
ဆရာတော်ဦးဝိစာရ အရှင်မြတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးအလံကို နောက်ဆုံးသွေးတ စက်ကျန်တဲ့အထိ အသေခံ လွှင့်ထူပြသသွားခဲ့တဲ့၊ စိတ်ဓါတ်ခိုင်ကျည်မှုမှာ နမူနာယူစရာ စံချိန် ထူ ပြသသွားခဲ့တဲ့၊ အမျိုးဘာသာ သာသနာ အတွက် သံဃာတော်တွေပါ ပါဝင်ကြရေးကို အသက်ပေးပြီး လက်တွေ့ဖေါ်ကျူးပြသသွားတဲ့၊ တကယ့်စံထားဖွယ် ရာ သံဃာ့အာဇာ နည်ကြီးပါ၊၊
ကျနော့် တဦးချင်းအမြင်အရ ပြောရမယ်ဆိုရင်-
ဆရာတော်ဦးဥတ္တမဟာ - ဝံ့ဝံ့စားစားဆင်နွဲရေး၊ မကြောက်တရားစိုက်ထူရေး၊ ရဲရဲရင့်ရင့် လုပ်ဆောင်ရေး၊ ချုပ်ပြီးပြောရရင်- လုပ်ရဲရေးအတွက်……
စံနမူနာရှင် ၊၊
ဆရာတော်ဦးဝိစာရ ဟာ - ပြတ်ပြတ်သားသားတိုက်ကြရေး၊ ခိုင်ခိုင်မာမာရပ်တည်ရေး၊ အနစ်နာခံကာ စွန့်ဝံ့ရေး၊ ချုပ်ပြီးပြောရရင် - ခံရဲရေးအတွက်…..
စံနမူနာရှင် ၊၊
အမျိုး ဘာသာ သာသနာအတွက် ရဲရဲရင့်ရင့်ရွက်ဆောင်ပြသခဲ့ကြတဲ့ ဒီ သံဃာ့အာဇာ နည်ဆရာတော်ကြီး နှစ်ပါးလုံးဟာ ပခုက္ကူဇာတိမဟုတ်ရပေမဲ့၊ပခုက္ကူနဲ့ပတ်သက်နေကြတာ ဟာလဲ ထူးထူးခြားခြားတိုက်ဆိုင်နေပြန် ပါတယ်၊၊
ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေဇာတိဖြစ်ပြီး၊ အသက်(၁၅)နှစ်သားမှာ ရှင်သာမဏေပြု ၊ ကလကတ္တားသွား ပညာသင်၊ (၁ဝ)တန်းအောင်တဲ့အခါ ဗမာနိုင်ငံပြန် လာတဲ့အခါမှာတော့ - ပခုက္ကူ ရေစကြို ကျောင်းတိုက်မှာ ပရိယတ္တိစာပေတွေကို လေ့လာ လိုက်စားခဲ့ပါတယ်၊၊ စာဝါတက်ခဲ့ပါတယ်၊၊ ရဟန်းခံတော့လဲ ပခုက္ကူမှာပဲ ရဟန်းခံခဲ့ပြီး၊ ပခုက္ကူမှာပဲ ရဟန်းဘဝရောက်ရှိ ခံယူတော်မူခဲ့ပါတယ်၊၊ ဆရာတော်ရဲ့ထေရု ပ္ပတ္တိဟာ ပခုက္ကူနဲ့ထဲထဲဝင်ဝင်ပတ်သက်နေတာတွေ့ရပါတယ်၊၊
ဆရာတော်ဦးဝိစာရဟာလဲ ပခုက္ကူသားမဟုတ်၊ စစ်ကိုင်းတိုင်း အမြင့်မြို့အပိုင် ကမ်းနိမ့် ရွာဇာတိဖြစ်ခဲ့ပေမဲ့၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက်မှာ စာချဆရာတော်ဖြစ်ခဲ့ရုံမက၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ စတင် ရောက်ရှိလာခဲ့တဲ့နေရာဟာ ပခုက္ကူမှာပဲ ဖြစ်ပါတယ်၊၊ ဆရာ တော်ဟာ ပခုက္ကူသံဃသာမဂ္ဂီဝင် ရဟန်းတော် တပါးဖြစ်ခဲ့ပါတယ်၊၊ ပခုက္ကူမှာပဲ သံဃသာ မဂ္ဂီဝင် ရဟန်းတော်တပါးအနေနဲ့ အမျိုးဘာသာသာသနာအတွက် နိုင်ငံရေးတရား တွေကို တက်တက်ကြွကြွစတင်ဟောကြားခဲ့တာ တွေ့ရပါတယ်၊၊
ဒါ့ ကြောင့် ပခုက္ကူဟာ - ဗုဒ္ဓြွဘာသာ သာသနာသမိုင်းကနေ ကြည့်ရင်- ပရိယတ္တိ သာသနာထွန်းကားရေး နဲ့ပတ် သက်နေတဲ့ သမိုင်းရှိတဲ့ မြို့တမြို့ဖြစ်ရုံမက၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားသမိုင်းကနေ ကြည့်ရင်၊ အမိနိုင်ငံလွပ် လပ်ရေးအတွက် စွမ်းစွမ်းတမံရွက်ဆောင် ခဲ့ကြတဲ့ သံဃာ့အာဇာနည်ကြီးတွေနဲ့ပါ ဆက်စပ်ပတ်သက်နေတဲ့ မြို့တမြို့လို့ဆိုခဲ့တာပါ၊၊ သမိုင်းရှိတဲ့မြို့ လို့ ဆိုခဲ့တာပါ ၊၊
ဒီလို သံဃာ့အာဇာနည်ကြီး နှစ်ပါး သီတင်းသုံးခဲ့ကြဖူး၊ ဆက်စပ်ပတ်သက်ခဲ့ကြဖူးတဲ့၊ သမိုင်းနောက်ခံ ရေခံမြေခံ ကောင်းရှိခဲ့လို့ပဲလား မပြောတတ်၊မနှစ် (၂ဝဝရ)ခုနှစ်က သံဃာ တော်တွေရဲ့ အမျိုးဘာသာ သာသနာအတွက် ဆုတောင်းမေတ္တာပို့သ လမ်းလျှောက်ပွဲကြီးတွေ ပေါ်ပေါက်လာချိန်မှာတော့၊ပခုက္ကူ - ပခုက္ကူ ဆိုတဲ့ နာမည်ဟာ ဟိုးလေးတကျော် ဖြစ်ခဲ့ရ ပါတော့တယ်၊၊ သံဃာ့လှုပ်ရှားမှုဖက်က ကြည့်ရင် စာတင်ထားရမယ့် အထင်ကရ ဖြစ် မှုကြီးတွေ ရှိခဲ့သလို၊ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ကမ်းကုန်အောင် ရက်စက်ယုတ်မာ မှုအလီလီကို အပီအပြင် စာရင်းတင်ကြည့်ကြမယ်ဆိုရင်လဲ၊ ပခုက္ကူ ရဲ့အဖြစ်အပျက်ဟာ ဘယ်တော့မှ မမေ့နိုင်ကြေး မှတ်တမ်းထားရ လောက်အောင် ဟိုးလေးတကျော် ဖြစ်ခဲ့ ရပါတယ်၊၊ တပြည်လုံးအတိုင်းအတာ၊ တခုလုံးအတိုင်းအတာနဲ့ပြောရ မယ်ဆိုရင်၊ ၂ဝဝ၇-ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ စတင်ရာဟာ ပခုက္ကူ လို့တောင် ပြောရပါလိမ့်မယ်၊၊
စက်တင်ဘာ (၅)ရက်နေ့ဟာ ပခုက္ကူမှာ စစ်အစိုးရ ရဲ့ လက်ကိုင်တုတ် အာဏာပါး ကွက်သား လူယုတ်မာ လူရမ်း ကားတွေက ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်မေတ္တာပို့သနေတဲ့ သံဃာတော်တွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် စော်ကား နှိပ်ကွပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်၊၊ တတိုင်းပြည်လုံး ကြားရသူတိုင်းရင်ဆို့ရ ဒေါသအမျက် ချောင်းချောင်း ထွက်ရလောက်အောင်၊ စစ်အာဏာရှင်အစိုးရရဲ့ လက်ပါးစေ ခွေးမျိုးတွေက သံဃာတော်တွေအပေါ် မတော် မလျော်ရိုင်းစိုင်းယုတ်မာခဲ့ကြပါတယ်၊၊ သံဃာတော်ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး၊ ဓါတ်တိုင် မှာ ကြိုးနဲ့တုပ်ချည် ဖမ်းဆီးပြတဲ့အထိ ယုတ်ယုတ်မာမာနှိပ်ကွပ်စော်ကားခဲ့ပါတယ်၊၊ ပခုက္ကူက ဒီအဖြစ်အပျက်ဟာ တနိုင်ငံလုံးက စစ်မှန်တဲ့သံဃာတော်အားလုံးရဲ့ နှလုံးသားထဲကိုသာမက၊ ဗုဒ္ဓြွဘာသာဝင်ပြည်သူလူထုတရပ်လုံးရဲ့ ရင်ထဲအသဲထဲကိုပါ နက်နက်ရှိုင်းရှိုင်း ခါးခါးသည်း သည်း ထိခိုက်နာကျည်းစေခဲ့ရပါတယ်၊၊
စက်တင်ဘာ တလလုံးလိုလို မဆုံးနိုင်တဲ့ ရွှေ ဝါရောင်လှုပ်ရှားမှုကြီး၊ နိုင်ငံအနှံ့ဖြစ် ပွားပေါ်ထွန်းခဲ့ရပါတယ်၊၊
သံဃာတော်တွေက အမျိုးဘာသာ သာသနာအတွက် သတ္တိသွေးကို ထုတ်ဖေါ်ပြသ ခဲ့ကြပါတယ်၊၊ ဒီလထဲမှာပဲ သံဃာတော်တွေ နေရာအနှံ့ သွေးမြေကျခဲ့ရပါတယ်၊၊ စက်တင်ဘာ ဟာ သံဃာ့အာဇာနည်တွေရဲ့ သွေးတွေနဲ့ စွန်းပေနေခဲ့ရတဲ့ နေ့စွဲတွေ၊ ပြည့်နှက်နေတဲ့ လတလလဲ ဖြစ်နေခဲ့ရ ပြန်ပါကလား၊၊
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊၊ ဒီမှာလဲ ထပ်မံတိုက်ဆိုင်နေပြန်တာက- သံဃာ့အဇာနည် ဆရာတော်၊ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခဲ့ရတာကလဲစက်တင်ဘာ..၊ သံဃာ့အာဇာ နည်ကြီး ဆရာတော်ဦးဝိစာရ ပျံလွန်တော်မူခဲ့ ရတာကလဲ စက်တင်ဘာ…၊၊
တိတိကျကျ ပြောရမယ်ဆိုရင်၊ ဆရာတော်ဦးဝိစာရ က- ၁၉၂၉ ခုနှစ် စက်တင်ဘာ (၁၉)ရက်နေ့မှာ ပျံလွန်တော် မူခဲ့ရပြီး၊ ဆရာတော်ဦးဥတ္တမက၁၉၃၉ ခုနှစ် စက်တင်ဘာ (၉)ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်၊၊
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးထဲမှာကော…
သံဃာ့အာဇာနည်ကြီးတွေရဲ့သွေးတွေ…
လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ၊ သိ၈င်္ုတ္တရ ကုန်းမြေ - ကုန်းခြေကပါ သိပါတယ်၊၊
ဗမာပြည် အရပ်ရပ် အနယ်နယ်…. ပခုက္ကူ - ရန်ကုန်-သင်္ကန်းကျွန်းတို့ကနေ၊ ရခိုင်ပြည် နယ်စစ်တွေ၊ ကချင်ပြည်နယ်မြစ်ကြီးနား-ဗန်းမော်အထိ၊သွေးတွေ…သွေးတွေ……….၊၊ သံဃာ တော်တွေ အသိဖြစ်ပါတယ်၊၊
( ၂ )
…သာသနာ့ဒါယကာ မြန်မာသနင်းတွေနှင့်ဗုဒ္ဓြွဘာသာမှာ ဒုက္ခအရာရာကင်းအောင်ပ..
ရန်ငုတ်ရန်ပင်ကို မကျန်သုတ်သင်လို့ ရှင်းမဟဲ့ လို့၊
အမယ်မင်း - သတင်းလှလှ အဆင်းမြရယ်နှင့်
မင်းတရာ့ခေါင်းထက် တောင်ပန်တမော်မော် ဝဲခဲ့တဲ…
အိုကွယ် - ယင်းမဌမ တကောင်းအဆက်ဆီက၊ ဒေါင်းငှက်အောင်လံ တော်ကဘဲ ၊၊
(ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဇေယျဒေါင်းလံဘွဲ့လေးချိုးကြီး-မှ )
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ-အမျိုးဘာသာ သာသနာအတွက်၊ အမိနိုင်ငံ တော်အတွက် စွန့်လွှတ်အ နစ်နာခံရွက် ဆောင်တိုက်ပွဲဝင်ခဲ့ကြသူ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ် သူတွေ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ထွန်း ခဲ့ကြပါတယ်၊၊ အဲဒီထဲမှာ သံဃာတော်အရှင် သူမြတ်တွေလဲ ပါဝင်ခဲ့ပါတယ်၊၊ အ၈င်္လိပ်နယ်ချဲ့သမားလက်အောက် ကျွန်သဘောက်ဘဝက လွတ်မြောက်ရေးအတွက် နယ်ချဲ့သမားကို ရရာလက်နက်နဲ့သူ့ကျွန်မခံတွန်းလှန်တိုက်ပွဲ ဆင်ခဲ့ကြတဲ့လက်နက်ကိုင်တိုက်ပွဲကြီးတွေထဲမှာတောင်၊ လောကုတ္တရာနယ်သားဖြစ်ပေမဲ့ နိုင်ငံ ကိုချစ်လွန်းလှတဲ့ ရဟန်းတော်မြတ်တချို့ဟာမခံချင်လွန်းလှလို့ ပါဝင်ခဲ့ဖူးတာရှိပါတယ်၊၊ ဝံသာနုလှုပ်ရှားမှုခေတ်မှာတော့၊ ရဟန်း သံဃာတော်တွေ ထုနဲ့ထည်နဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေထဲ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်၊၊ ၁၉၁၈-၁၉ ဝန်း ကျင်မှာတော့ သံဃသာမဂ္ဂီ အဖွဲ့ကြီးတွေတောင် ဖွဲ့စည်းပြီး၊ အမျိုးဘာသာသာသနာအတွက် အုံနဲ့ကျင်းနဲ့ပါဝင် လှုပ်ရှား တော်မူခဲ့ကြပါတယ်၊၊ ရန်ကုန်မှာ ဗဟိုထားတဲ့ သံဃသမဂ္ဂီအဖွဲ့ချုပ်နဲ့ မန္တလေးမှာ ဗဟိုပြုတဲ့ သံဃ သာ မဂ္ဂီအဖွဲ့ချုပ်ကြီးတွေ ပေါ်ထွန်းခဲ့သလို၊ အဲဒီနှစ်ဖွဲ့လုံးကိုစုပေါင်းပြီး ‘နိုင်ငံလုံးဆိုင်ရာ မဟာသံဃသာမဂ္ဂီ အဖွဲ့ချုပ် ကြီး’ ဖွဲ့နိုင်ခဲ့တဲ့အထိတောင် တိုးတက်ကြီးထွားခဲ့ပါတယ်၊၊ ဝံသာနု ၈ျီစီဘီအေအသင်းချုပ်ကြီးကို အားပေးထောက် ခံခဲ့ကြပြီး ဝံသာနုလှုပ်ရှားမှုတွေမှာ ရှေ့တန်း ကနေ ပါဝင်ခဲ့ကြပါတယ်၊၊ ၁၉၂၄ခုနှစ်က ကျင်းပတဲ့ ဂျီစီဘီအေ ကွန်ဖရင့်မှာ နိုင်ငံလုံးဆိုင်ရာ သံဃသာမဂ္ဂီအဖွဲ့ချုပ်ဥက္ကဌ၊ သက်တော်(၈၂)နှစ်ရှိ ဘေးမဲ့ဆရာတော်ကြီး အပါအ ဝင် သံဃာတော်(၇ဝဝဝ)ကျော်တောင် ပါဝင်တက်ရောက်ခဲ့ပါတယ်၊၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒိုင်အာ ခီဆန့်ကျင် ရေး၊ ‘ဘူး’အသင်းလှုပ်ရှားမှုတွေမှာ သံဃာတော်တွေ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်၊၊ ရန်ကုန်အလယ်တောရ ဆရာတော်၊ ဝေဠုဝန်ဆရာတော်၊သာဓုဆရာတော်၊ ဗားကရာ ဆရာတော်၊ အလုံဇောတနာရာမဆရာတော်၊ သရက်တောကျောင်းတိုက် မှန်ကင်းဆရာတော်၊ ပြည်မြို့ ပွင့်လှသိမ်ကုန်းဆရာတော်တို့လို ထေရ် ကြီး ဝါ ကြီး သံဃာတော်ကြီးတွေကိုယ်တိုင် သံဃသာမ၈္ဂီ အဖွဲ့ကြီးတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြပါတယ်၊၊ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးနာ၈ိန္ဒ၊ဦးဝိသုဒ၊ဦးစန္ဒောဘာသ၊ သရက်ဦးဝိမလဗုဒ္ဒ..မလှိုင်၊ ဦးဒေဝိန္တ၊ အာလံဦးလာဘ၊ သာယာဝ တီဦးညေယျ ၊ ဆင်ဖြူကျွန်းစိန်ရောင်ခြည်ဦးအာစရ၊ ကိုးထောင်စံဦးဃောသ၊ ရှင်အရိယ၊ အုတ်ဖိုဦးအရိယဝံသ၊ ဦးအာသဖ၊ ရေနံချောင်းဦးနန္ဒ၊ ကြို့ပင်ကောက် ဦးဝိမလ- စတဲ့ ထင်ရှားတဲ့ သံဃသာမဂ္ဂီကိုယ်တော်ကြီးတွေ ပေါ် ထွန်းပါဝင်ခဲ့ကြပါတယ်၊၊ တို့ဗမာအစည်းအရုံးပေါ်ပေါက်လာတဲ့ တို့ဗမာသခင်လှုပ်ရှားမှုခေတ်ကို ရောက်ရှိလာ တော့လဲ၊ သံဃာတော်ကြီးတွေ ပါဝင်ခဲ့ကြတာပါပဲ၊၊ တို့ဗမာအစည်းအရုံးဝင်တွေ ‘သခင်’ရှေ့ကတပ်ပြီး၊ သခင် နာ မည်ကို ရဲရဲတောက်ခံယူပြီး၊ နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုကြီးတွေ လုပ်ကြတော့လဲ၊ ‘သခင်’နာမည် ပြောင်အတိအလင်းခံယူထားတဲ့ သံဃာတော်တွေ ပေါ်ပေါက် ခဲ့ပါတယ်၊၊ တို့ဗမာအစည်းအရုံး - သာယာဝတီကွန်ဖရင့်မှာ၊ ‘သခင်ဆရာတော်များ၏ ထုတ်ပြန်ချက်’ ဆိုပြီးတော့တောင် ‘သခင်’ရှေ့ ကတပ်ပြီး အတိအလင်းထုတ်ပြန်ခဲ့တာမျိုး ရှိခဲ့ပါတယ်၊၊ သခင်ဆရာတော် ဦးကွာပိန္ဒာဓိပတိ၊မဟာသုဗောဓာရုံတိုက်- လက်ပံတန်း၊ သခင်ဆရာတော် ဦးပဏ္ဍိစ္စ၊ သခင်ဆရာတော် ဦးဝိလာသ၊ တောင်ပန်ဆွဲ-သုံးဆယ်၊ သခင် ဆရာ တော်ဦးအရိယဝံသ၊သခင်ဆရာတော် ဦးဝိစိတ္တ - စတဲ့စတဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ သခင်လှုပ်ရှားမှုကြီးအတွင်း မားမားမတ်မတ်ပါဝင်လှုပ်ရှားတော်မူခဲ့ကြပါတယ်၊၊
တနိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရတဲ့ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ ပေါ်ထွန်းပေါက် ဖွားလာခဲ့ရတဲ့ အခါမှာလဲ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေနဲ့အတူ သံဃာ တော်တွေ ပါဝင်ခဲ့ပါတယ်၊၊ မန္တလေးမှာ နယ်ချဲ့အ၈င်္လိပ်ရဲ့လက်ချက်နဲ့ ‘အာဇာနည် (၁၇)ဦး’ကျဆုံးရတဲ့အခါမှာလဲ၊ အာဇာနည်(၁၇)ဦးမှာ (၇)ဦးဟာ သံဃာတော်တွေဖြစ်တာ တွေ့မြင်နိုင်ပါတယ်၊၊ ဦးပဏ္ဍိတ၊ ဦးပညာဇောတ၊ ဦးဝေပုလ္လ၊ ဦးဇနိတ၊ ဦးအာလောက၊ ဦးကေလာသ၊ ဦးကေတု-စတဲ့ ရဟန်းတော်(၇)ပါး အသက်ပေးလှူကျဆုံးခံခဲ့ရပါတယ်၊၊ အာဇာနည်(၁၇)ဦး ကျဆုံးရ ပြီးတဲ့နောက်၊ နယ်ချဲ့အစိုးရက မန္တလေးမှာ ရဟန်းပျိုအဖွဲ့ ချုပ်ဥက္ကဌဆရာတော်ဦးကလျာဏ၊ ရွှေမျက် မှန်ဦးသြဘာသ နဲ့အာဇာနည် ဦးသုမန တို့ကို ဆက်လက်ဖမ်းဆီးထောင်ချခဲ့ပါသေးတယ်၊၊
၈ျပန်ဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးခေတ်မှာလဲ သံဃာတော်တချို့ တက်တက်ကြွကြွပါဝင်ခဲ့တာ ရှိပါတယ်၊၊ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရတဲ့ ရဟန်းတော်တွေ ရှိခဲ့ပါတယ်၊၊ သခင်နန္ဒသာရ (ဘီလူးကျွန်း-အဘင်ဆရာတော်)၊ ဦးစန္ဒန နဲ့သခင်၈န္ဓြွမာ-စတဲ့ သံဃာတော်တွေ ဖြစ်ပါတယ်၊၊ ဗမာပြည်ကြီး လွတ်လပ်ရေး ကျေညာပြီး နောက်ပိုင်း ခေတ်တလျောက်မှာလဲ၊ မဆပလအစိုးရလက်ထက်မှာ ဖဆပလအစိုရကို ဆန့်ကျင်ခဲ့တဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ ဝန်ကြီးချုပ် ဦးနုက ဆွမ်းဆန်စိမ်းလောင်းလှူတာကို လက်မခံ၊ ဆွမ်းဆန်တောင်း မှောက်ပြန်ခဲ့ကြတဲ့ ကိုယ်တော် တွေရှိခဲ့ပါတယ်၊၊ နေဝင်း-စန်းယုစစ်အစိုးရလက်ထက်မှာလဲ ပြည်သူလူထုဘက်ကနေ စစ်အာ ဏာရှင်တွေကို ရဲရဲရင့်ရင့် ဆန့်ကျင် ပြခဲ့ကြတဲ့ ကိုယ်တော်တွေ ပေါ်ထွက်ခဲ့ပါတယ်၊၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ သံဃာတော်တချို့ ပါဝင်ခဲ့ ကြသလို၊ ၁၉၇၅ခုနှစ် ဇွန်(၆)နှစ် လည်အရေးအခင်းမှာလဲ ပါဝင်အားပေးခဲ့ကြပါတယ်၊၊
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန်ဟည်းအောင် ပေါ်ထွန်းလာချိန်မှာတော့၊ ကျောင်းသားတွေနဲ့ အတူ၊ အုံနဲ့ကျင်းနဲ့ အင်တိုက်အားတိုက်ပါဝင်လာသူတွေကတော့၊ တိုက်ပွဲ အဆက်ဆက်-မရပ်မနားမပျက် ပါဝင် လာခဲ့ကြလေ့ရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေပါပဲ၊၊ ကျောင်းသားထုရဲ့ ခွပ်ဒေါင်းအလံနဲ့အတူ၊ သံဃာတော် တွေရဲ့ သာသနာ့အလံဟာ အတူယှဉ်တွဲ တလူလူဝေနိုင်ခဲ့ ပါတယ်၊၊ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ - ဦးပြေညိန္ဒ၊ ဦးကဝိန္ဒ၊
ဦးခေမာစာရ ၊ ဦးကာဝိယ၊ ဦးကလျာဏ၊ ဦးရေဝတ-တို့လို၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သံဃာ့ရှေ့ဆောင် ကြီးတွေ ထွက်ပေါ်လာခဲ့ပါတယ်၊၊ ရဟန်းပျိုအဖွဲ့ချုပ်၊ ရဟန်းငယ်အဖွဲ့နဲ့ မန္တလေး-လေးပြင်လေးရပ် သံဃသာ မဂ္ဂီအဖွဲ့ချုပ်တို့လို သံဃာ့အဖွဲ့အစည်းတွေ မားမား မတ် မတ် ထွက်ပေါ်လာခဲ့ပါတယ်၊၊
ပြည်သူလူထုကြီးတရပ်လုံးရဲ့ အုံးအုံးကျွက်ကျွက် တခဲနက်တောင်းဆိုနေကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို၊ ရက်ရက်စက်စက် လက်နက်နဲ့အတင်းအဓမ္မဖြိုခွင်းပြီး နောက် ထပ်လက်သစ် စစ်အာဏာရှင်တသင်း တက်လာ တော့လဲ၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ် သားသားဆန့်ကျင်ခဲ့ကြရာမှာ၊ သံဃာတော်တွေ ရှေ့တန်းနေရာက ပါဝင်ခဲ့ကြပါတယ်၊၊ ဗမာနိုင်ငံသမိုင်းမှာ အဖေါက်ပြန်ဆုံးသော နဝတ-နအဖစစ်အစိုးရ ရဲ့မတရားအုပ်စိုးမှုကို နည်းအမျိုးမျိုးနဲ့ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြရာမှာ သံဃာ့အာဇာနည်တွေ ပါဝင်ခဲ့ပါတယ်၊၊ ထောင်တန်းအကျ ခံရ ရုံမက၊ သေဒဏ်တောင်အချ ခံရတဲ့ သံဃာတော်တွေ ရှိခဲ့ပါတယ်၊၊ သံဃာတော်ကို သေဒဏ်ချမှတ်တယ်ဆိုတာ ဘယ်ခေတ်ဘယ်နေရာမှာမှ မကြားဖူးပါ ၊၊ ဗမာပြည်မှာ နဝတ-နအဖဆိုတဲ့ အယုတ်မာဆုံးစစ်အစိုးရလက်ထက် မှာပဲ ရှိခဲ့တယ်လို့ သမိုင်း တင်ရ မှာပါ၊၊ ဒါကြောင့်လဲ ဂုဏ်ရောင်ပြောင်တဲ့သံဃာတော်တွေကနေ ဦးစီးပြီး၊ အင် မတန်ဖေါက်ပြန်ယုတ်မာလှတဲ့နဝတနအဖစစ်အစိုးရကို‘ပတ္တနိက္ကုဇ္ဇန’သပိတ်ကံဆောင်တာကို နှစ်ကြိမ်နှစ်ခါပြန် တောင် ပြုလုပ်ခဲ့ကြပါတယ်၊၊ ပထမဆုံးအကြိမ်က ၁၉၉ဝပြည့်နှစ်ထဲမှာ သံဃာ့မြို့တော် မန္တလေးမြို့ကြီးမှာ၊ လေးပြင်လေးရပ်သံဃသာမဂ္ဂီ အဖွဲ့ကြီးကနေ ဆရာတော် ဦးရေဝတ တို့ဦးဆောင်ပြီး၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြပါတယ်၊၊ နဝတစစ်အစိုးရ အဖို့ အူနုကျွဲခတ် ဆတ်ဆတ်တုန်အောင်ဖြစ်ခဲ့ရ ပြီး၊ ၁၉၉ဝပြည့်နှစ်ကုန်ပိုင်းမှာပဲ နဝတဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ဆိုသူကိုယ်တိုင် မန္တလေးအထိဆင်းလာပြီး၊ ကိုယ်တိုင်ဦးစီး ညွှန်ကြားကာ ဘုန်းကြီးကျောင်းပေါင်း(၃၅ဝ)ကျော်ကို စစ်တပ်နဲ့အတင်းဝင် ရောက်စီးနင်း ရှာဖွေတာတွေ လက်ရဲဇက်ရဲ လုပ်ဆောင်စေခဲ့ပါတယ်၊၊ သံဃာတော်တွေ ရာနဲ့ချီပြီးအဖမ်း အဆီး ခံခဲ့ကြရပါ တယ်၊၊ အဲဒီလိုတွေ ယုတ်ယုတ်မာမာပြုလုပ်ခဲ့တာကြောင့်လဲ၊ နောက်ဆုံးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ဘယ်လို ဇာတ်သိမ်းသွားခဲ့ရ ပါသလဲ၊၊ ရူးကြောင်ကြောင်ဘဝနဲ့ပဲ ဇာတ်သိမ်းသွားခဲ့ရတာ အားလုံးအသိပါ ၊၊
ဒုတိယအကြိမ်အဖြစ် ‘ပတ္တနိက္ကုဇ္ဇန’ကံဆောင်မှု ကြီးကိုတော့၊ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်းမှာပဲ၊ နဝတတဖြစ်လဲ နအဖစစ်အစိုးရ အပေါ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ ရဲရဲတောက်သံဃာတော်တွေကနေ ပြုလုပ်ခဲ့ကြပါတယ်၊၊ နဝတ-နအဖစစ်အစိုးရဟာဗမာပြည်သမိုင်းမှာသာမက၊ သာသနာ့သမိုင်း မှာပါ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့၊ သံဃာတော်များရဲ့ နှစ်ကြိမ် နှစ်ခါ နှစ်ထပ်ကွမ်း ကံ ဆောင်ကံပြု ခြင်းခံထားရတဲ့ အစိုးရအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာလှပါတယ်၊၊ ၂ဝဝ၇ ခုနှစ်က ပေါ် ထွန်းခဲ့တဲ့ ဒီ ရွှေဝါရောင်လှုပ်ရှားမှု ကြီးဟာ သံဃာတော်တွေရဲ့ သမိုင်းဝင်လှုပ်ရှားမှု ကြီးအဖြစ် ဗမာပြည်သမိုင်း မှာ မော်ကွန်းတင် ထားခဲ့ပြီးပြီ ဖြစ်ပါတယ်၊၊ ဒီ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကြီးအတွင်းမှာ၊ ဦးဂမ္ဘီရ ၊ဦးသြဘာသ၊ ဦးဇဝန၊ ဦးတေဇ စတဲ့ စတဲ့ ရဲရဲတောက်သံဃာတော်တွေလဲ ထွက်ပေါ်လာခဲ့ပါတယ်၊၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကြီးရဲ့ ရလဒ်အဖြစ်၊ သံဃာ့တပ်ပေါင်းစုကြီးနဲ့၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များရဲ့ သာသနာ့ ဥသျှောင်အဖွဲ့ကြီးလဲ ငွါးငွါးစွင့်စွင့် ပေါ်ထွန်းလာတာ တွေ့ရပါတယ်၊၊ ယခု ပျံလွန်တော်ရှာပြီ ဖြစ်တဲ့၊ အမေရိကန်ရောက် မစိုးရိမ်ဆရာတော်ကြီးနဲ့ ကမ္ဘာ့သာသနာပြု အကျော်အမော် ပီနန်ဆရာတော်ကြီးတို့ ဦးစီးဦးဆောင်ပြု ဖွဲ့စည်းပေါ်ထွန်းခဲ့တဲ့၊ ဒီ သာသနာ့ သျှောင်အဖွဲ့ကြီးဟာ အဆက်မပြတ်ဆက်လက်ကြီးထွားရှင်သန်နေရင်း၊ အမိဗမာနိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ သာသနာတော်ရဲ့အကျိုးစီးပွားကို ရောက်ရာနေရာကနေ စွမ်းစွမ်းတမန် ရွက်ဆောင်နေတာကိုလဲ တွေ့မြင်နေရပါတယ်၊၊
‘အမျိုး ဘာသာ သာသနာ’ ဆိုတဲ့ ကြွေးကြော်သံဟာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကြွေးကြော်သံ ဖြစ်ပေမဲ့၊ အခုချိန်အထိ ရှင်သန်နေဆဲ ဖြစ်တာကိုလဲ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်၊၊ သမိုင်းစဉ်တလျောက်မှာ နိုင်ငံနဲ့ပြည်သူတွေ ဖက်ကနေ၊ အမျိုး ဘာသာ သာသနာနဲ့ အမှန်တရားဖက်ကနေ၊ ဂုဏ်ရောင်ပြောင်စွာ ရဲရဲရင့်ရင့် စွန့်လွှတ်အနစ်နာခံကာ၊ ရွက်ဆောင်ဖေါ်ပြ ချီတက် လျှောက်လှမ်းခဲ့ကြတဲ့ သံဃာ့အာဇာနည် တွေအားလုံးကိုလဲ ဦးခိုက် ကြည်ညိုလိုက်မိပါတယ်၊၊ ၊၊
( ဝင်းတင့်ထွန်း )
၁၄-၉-၂ဝဝ၈
Labels:
အက်ဆေး/ဝတ္ထုတို
Thursday, September 11, 2008
နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား
နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား
ရဲဘော်ဖိုးသံချောင်း
လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကို နိုင်ငံ တကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်းအကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။ အရေးတော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေ လည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာစုတ်ရင်း လေကန်သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ်အရလို့ပဲ ဆိုကြပါစို့။
ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ်ဆောင်ကြမယ့် လူတွေက တော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေးကိစ္စလို ဆွေးနွေးသုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကိုတွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာ ဘာရှိသလဲဆိုတာကို ရှာဖွေစူးစမ်းကြပါတယ်။
တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံး တွေ့ခဲ့ကြရ ပါပြီ။
၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ် ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှားပြသခဲ့ပါတယ်။
လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊လယ်သမား နဲ့ သံဃာတော်များ ကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။
ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်း တန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။
အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရ တယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူ တွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြုခံနေရသူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီ ပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာ ဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါ တယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင် ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့အစီအစဉ်အတိုင်း ရာသက် ပန် အာဏာဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။
ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင် နေကြ တယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင် ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီးလက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ် တော့မှမရှိဘူး။
အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေတွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံးလက်ခံထားတဲ့ နည်းနာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ် အမျိုးမျိုးဆင်နေပါတယ်။
အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကိုမောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ်စေချင်တာကို နှုတ်နဲ့ပြော ဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်းဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။
ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။
ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက် အောင် ထိန်းချုပ်ထားရပါမယ်။
ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲနေ နိုင်ချိန်မှာ အချင်းချင်း တိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက်ပေါင်းစုံ ကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ်တာ အပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ် အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လိုနည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။
လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက် နေသူတွေကို မျက်စိစုံ မှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။
အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်းအမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကို တာ့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။
ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေ တွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ်တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲသတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဍကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။
ရဲဘော်ဖိုးသံချောင်း
Labels:
ဆောင်းပါး
Tuesday, September 9, 2008
မြန်မာ့ဒီမိုကရေစီရေးအတွက် ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်
မြန်မာ့ဒီမိုကရေစီရေးအတွက် ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်
စိုးနေလင်း
စိုးနေလင်း
ကုလသမဂ္ဂရဲ့ အထူးသံတမန်ကြီး မစ္စတာဂမ်ဘာရီကတော့ သူ့ရဲ့ တရက်တိုး (၆) ရက်တာ ခရီးစဉ်ကို သြ ဂုတ်လ ၂၃ ရက်နေ့က အဆုံးသတ်ပြီး ပြန်လည်ထွက်ခွာသွားခဲ့ပြန်ပါပြီ။ ဒီတကြိမ်မှာတော့ သံတမန်ကြီးခမျာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများရဲ့ မင်းနေပြည်တော်ကိုတောင် ဖိတ်ကြားတာ မခံခဲ့ရရှာပါဘူး။ တကယ့်အာဏာရှင် ဗိုလ်ချုပ်ကြီးဆိုသူရဲ့ အနားကိုတောင် သီခွင့်မရခဲ့တာပါ။ ရုပ်သေးဝန်ကြီးတချို့၊ အကြီးအကဲတချို့နဲ့ စစ်အစိုး ရရဲ့ ကျောရိုးပါတီအချို့က တာဝန်ရှိပုဂ္ဂိုလ်လေးတချို့နဲ့ ခဏတွေ့ခွင့်ရသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်တချို့နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် တကယ့်မြန်မာ့ဒီမိုကရေစီရေးအတွက် အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ရှာပါဘူး။ ထူးခြားတာကတော့ စစ်အစိုးက တွေ့ဆုံခွင့်မပေးလို့ တွေ့ဆုံခွင့် မရခဲ့ တာမဟုတ်ဘဲ သံတမန်ကြီးက တွေ့ဆုံဖို့ ကြိုးစားခဲ့ပါရဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့ကိုတွေ့ဆုံဖို့ ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအရတော့ သံတမန်ကြီးက မပြန်ခင်မှာတွေ့ဆုံခွင့်ရဖို့ ထပ်ပြီးကြိုး စားခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်မကောင်းဖြစ်စရာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အဲဒီလို လုပ်လိုက်ရတာကို စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို လုပ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်သင့်မြတ်တယ်လို့ ကျနော်က တော့ ယုံကြည်ပါတယ်။ သံတမန်တချို့ကတော့ အာရှမဆန်ဘူး၊ သံခင်းတမန်ခင်းအရ ရိုင်းပြတာ ဘာညာ ဝေဖန်ပြောဆိုကြပေမယ့် မှန်ကန်ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဒီမိုကရေစီ ချစ်မြတ်နိုးကြသူ မြန်မာ နိုင်ငံသား ပြည်သူအများစုကလည်း နှစ်ထောင်းအားရ ထောက်ခံကြမယ်ဆိုတာလည်း အသေအချာပါပဲ။ ခုတ ခေါက်ဟာ သံတမန်ကြီးရဲ့ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း စတုတ္ထမြောက်ခရီးစဉ် ဖြစ်ပါ တယ်။
ဒီအရင်ခရီးစဉ် တချို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ စစ်အစိုးရက နိုင်ငံတကာကို လှည့်စားဖို့သက်သက် ခန့်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆက်ဆံရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်အောင်ကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့တာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံဖြိုးတိုးတက်ရေးအတွက် လောက်လောက်လားလားရှိတဲ့ရလဒ် ဘာတခုမှ ထွက်ပေါ်မလာခဲ့ပါ ဘူး။ အနိမ့်ဆုံး လွှတ်သင့်လွှတ်ထိုက်နေပြီဖြစ်တဲ့ အိုနာ နိုင်ငံရေးအကျဉ်းသားကြီးတွေကိုတောင် လွတ် မြောက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။
ရှင်းလင်းပေါ်လွင်နေတဲ့ အချက်ကတော့ စစ်အစိုးရဟာကုလသံတမန်ကြီးကို စတင်တွေ့ဆုံခဲ့ကတည်းက ရည်ရွယ်ချက် မမှန်ကန်ဘူးဆိုတာပါပဲ။ ကမ္ဘာကို သံတမန်ရေးကစားကွက်နဲ့ လှည့်စားဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ သံတမန်ကြီးခမျာလည်း မြန်မာအာဏာရှင် ဗိုလ်ချုပ်တွေ ကြိုးဆွဲတဲ့အတိုင်း လိုက်ကရ၊ ခေါင်းညိတ်ရ၊ အ လိုက်သင့် ပြောဆိုဆက်ဆံရနဲ့ ဘာမှထူးခြားတဲ့ရလဒ် ထွက်ပေါ်မလာခဲ့တော့ နိုင်ငံတကာအလယ်မှာ မျက်နှာ ပျက် သိက္ခာကျရတာပဲ အဖတ်တင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ David Scott Mathieson ကတာ့ “ မြန်မာစစ်အစိုးရဟာ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို သူတို့အကျိုးစီးပွားအတွက် သူတို့ လုပ်နေတာတွေကို ပြဖို့သက်သက် အသုံးချလိုက်တာပါပဲ။ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခွင့် ရခဲ့တဲ့ သံတမန်တိုင်းဟာ ဒီလိုပါပဲ၊ သူတို့ဟာ စစ်အစိုးရက သူတို့ကို ကြည့်စေချင် တွေ့စေချင်တာတွေကို သွားကြည့်၊ သွားတွေ့ကြမယ်။ အဲဒီတော့ စစ်အစိုးရ လုပ်ကြံဖန်တီထားတာတွေကိုပဲ သူတို့မြင်ရမှာပေါ့ ” လို့ ပြောဆိုခဲ့ပါ တယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အဓိက ဦးဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အကျယ်ချုပ် ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ကာလက များနေတော့ နိုင်ငံရေးအရ လှုပ်ရှားဦး ဆောင်မှုပေးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လည်း ကုလသံတမန်ကြီးကများ မြန်မာ့ဒီမိုကရေစီရေးမှာ ထိထိရောက်ရောက် ကူညီပေးနိုင်မလားဆိုပြီး တွေ့ဆုံခဲ့ ဆွေးနွေးပြောဆိုခဲ့တာပါပဲ။ ဒါပေမယ့် တဘက်က အာဏာရယူထားတဲ့ စစ်အစိုးရကိုယ်နှိုက်ရဲ့ စေတနာနဲ့ ရည်ရွယ်ဦးတည်ချက်က မမှန်ကန်လေတော့ သံတ မန်ကြီးအနေနဲ့လည်း ဒီထက်ဘာမှပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ကလည်း မြန်မာနိုင်ငံစစ်အစိုးရကို မလိုက်နာမနေရ (binding) အရေးယူ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ပဲ ထိထိရောက်ရောက် ဖိအားပေးအရေးယူမှု လက်တွေ့မရှိတဲ့အတွက် စစ်အစိုးရ အတွက်ကတော့ နေသာသပ လေညာက ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။ တခါ တရုတ်နဲ့ ရုရှတို့လို ဗီတိုအာဏာ သုံးခွင့်ရ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံကို အကျိုးစီးပွားမက်လုံးပေးပြီး အကာအကွယ် ယူထားနိုင်လေတော့ စစ်အစိုးရ ငရဲခွေးကြီးဟာ လွတ်ချင်တိုင်း လွတ်နေတော့ တာပါပဲ။
ဒါပေမယ့် ဒီတကြိမ်မှာတော့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကြိုးဆွဲ တိုင်းကနေတဲ့ သံတမန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေလို့လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဘာမှအကျိုးမရှိ နိုင်ဘူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ သံတမန် စေလွှတ်နေတာ တွေဟာလည်း ဘာမှအရာမရောက်တဲ့အတွက် သူမအနေနဲ့ အရေးတယူ လက်ခံဆွေးနွေးနေရင် သူ့ပြည်သူ လူထုကို မှားယွင်းတဲ့ အားကိုးယုံကြည်မှုတွေ ပေးနေရာကျတော့မယ်လို့ ယုံကြည်လာတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုလိုက်တာ ဖြစ်မှာပါပဲ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဟာ စစ်အစိုးရက ခင်းပေးတဲ့အတိုင်း မျှောလိုက်မနေဘူး။ နိုင်ငံတကာ သံခင်းတမန်ခင်းအရ အခွင့်အရေးရသမျှ ဆွေးနွေးပြီးရင်း ဆွေးနွေး မျောမနေဘူးဆိုတာ၊ ခိုင်မာပြတ်သားတဲ့ ယုံကြည်မှု ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လုပ်နိုင်တယ် လုပ်ရဲတဲ့သတ္တိ ရှိတယ်ဆိုတာကို အထင်အ ရှား ပြသလိုက်တာပါပဲ။
တပြိုင်နက်ထဲမှာပဲ မြန်မာနိုင်ငံက ပြည်သူလူထုကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက အရေးယူဆောင် ရွက်မှု၊ အားပေးကူညီမှုဆိုတာတွေအပေါ်မှာ သိပ်ပြီးအားထားမျှော်လင့်မနေကြဖို့ ပြသလိုက်တဲ့ အချက်ပေးမှု တခုလည်း ဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံတွေနဲ့ အာဆီယံဆိုတဲ့အဖွဲ့တွေ မြန်မာ့ဒီမိုကရေစီရေး အားပေးကူညီမှုတွေဟာ ဘာမှသိပ် ထူးခြားတိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုတာကိုလည်း ပြသလိုက်တာပါပဲ။ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသား လွှတ်တော် နိုင်ငံခြားရေးရာကော်မီတီ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မီဒီယာရေးရာဥက္ကဌ Son Chhay ကတော့ “ သူတို့နှစ်ယောက်စလုံး (ကုလအထွေထွေအတွင်းရေးမှူးချုပ်နဲ့ မစ္စတာဂမ်ဘာရီ) မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စုံစမ်းစစ်ဆေးပြီး အဲဒါတွေအတွက် အဖြေရှာပေးပါမယ်လို့ ကတိပေးထားခဲ့ကြတယ်လေ။ ဒါပေမယ့် ခုထိ ဒီကတိတွေအတိုင်း လောက်လောက်လားလား လုပ်ပြတာ၊ လက်တွေ့အကောင်အထည်ဖော်တာ ဘာတခုမှ မတွေ့ရသေးပါဘူး။ ကျနော်တို့က ပိုပြီးလေးနက်တဲ့ လှုပ်ရှားမှုကို လိုချင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ တခြားတယောက်ယောက်ကို ခန့်အပ်သင့်ပါတယ်”လို့ မကြာသေးခင်ရက်က ပြောဆိုဝေဖန်သွားခဲ့ပါတယ်။
စစ်အာဏာရှင် အစိုးရကတော့ ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံတွေရဲ့ ပြောစကား၊ မေတ္တာရပ်ခံချက်၊ သတိပေး ချက်ကိုမှ လက်မခံဘဲ စစ်အာဏာတည်မြဲရေးအတွက် တဘက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းပြဌာန်း၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုတော့ဘဲ ရွေးကောက်ပွဲသစ် ကျင်းပဖို့ အတင်းစီစဉ်၊ ဒီမိုကရေစီလိုလားသူ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို အင်အားသုံး ပိတ်ပင်တားဆီး၊ တက်ကြွလှုပ်ရှားသူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချနေတာတွေကို တိုးမြှင့်၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေကို ပိုပြီးချိုးဖောက်လာတာတွေကို တွေ့နေရပါပြီ။
တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ မတရားဖိစီးနှိပ်ကွပ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို အများကြီး သည်းခံ အလျှော့ပေး ဆက်ဆံလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရပြီးတော့ လည်း ဒီလိုပါပဲ။ အမြဲအလျှော့ပေးပြီး အပျော့ပျောင်းဆုံး ဆက်ဆံခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းပြောဆိုလာခဲ့ပါတယ်။
ဒါပေမယ့် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်သာထင်ရှား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒီပဲ ယင်းလူသတ်ပွဲကြီးအပြီး အသက်အန္တရယ်က သီသီကလေး လွတ်မြောက်ခဲ့တဲ့ လူထုခေါင်းဆောင်နဲ့ ဒုဥက္ကဌ ဦးတင်ဦးကို ဆက်ပြီး မတရားဖမ်းဆီး ချုပ်နှောင်ထားခဲ့ပါတယ်။ ဒါကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးက သည်းခံအလျှော့ပေးခဲ့တာပါပဲ။ ရက်စက်ကြမ်းတမ်းလွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ကြောင့် မနိုင်လို့ သည်းခံရခြင်းတွေကတော့ အများစုပေါ့လေ။
ဒီအချိန်မှာတော့ အနှစ်နှစ်အလလ မျောလာတဲ့ ဖြစ်စဉ်ကြီးကို ပြန်စဉ်းစားသုံးသပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေ စီရေးအတွက် မဟာဗျူဟာသစ် နည်းပရိယယ်သစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ လူထုဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအတိုင်းတော့ ဆက်ပြီး လက်မခံနိုင်တော့ဘူးဆိုပြီး ကုလသမဂ္ဂ သံတမန်ကြီးကို တွေ့ဆုံဖို့ကိုတောင် ငြင်းဆန်ပစ်ခဲ့ပါပြီ။ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လူထုက ယုံယုံကြည်ကြည် အပ်နှင်း ထားတဲ့ လုပ်ပိုင်ခွင့်တွေကို လူထုကို ယုံယုံကြည်ကြည်နဲ့ ဥပဒေတွင်းတိုက်ပွဲတွေ မြန်မာနိုင်ငံတ၀ှမ်းလုံး အုံးအုံးကျွက်ကျွက် တခဲနက် ဖြစ်ပေါ်လာအောင် ဦးဆောင်လမ်းညွှန်မှုပေးဖို့ ကြိုးစားသင့်ပါပြီ။
စစ်အစိုးရခင်းပေးထားတဲ့ လမ်းအတိုင်းလျှောက် ဥပဒေကြောင်းအရ တောင်းဆိုကန့်ကွက်နေရုံနဲ့တော့ စစ် အာဏာရှင်အစိုးရဟာ ပြည်သူလူထု ပိုင်ဆိုင်ထားတဲ့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ပြီး အသာတကြည် ပေးအပ်လိမ့်မယ် မဟုတ်ပါဘူး။ ဒီအချက်ကတော့ အထူးသက်သေပြနေစရာ လိုအပ်မှာ မဟုတ်ဘူးလို့ ကျ နော်က ယုံကြည်ပါတယ်။ ကျနော့်အမြင်အရတော့ စစ်အစိုးရဟာ ပြုပြင်လို့မရအောင် ကမ်းကုန်နေပြီလို့ ထင် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ လူထု တိုက်ပွဲ ဆင်နွှဲကြပါစို့၊ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေရဲ့ ဦးဆောင်မှု၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သုံးစွဲးလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေကို သုံးစွဲပြီး စစ်အာဏာ ရှင်စံနစ်ကို အမြစ်က မြေလှန်ဖြိုလှဲပစ်ကြရအောင်ပါ။ ။
စိုးနေလင်း
Labels:
ဆောင်းပါး
Thursday, September 4, 2008
တွမ်တီး.. သရီး..ဘို့(သ်)...(ဂင်ကြီး)..
တွမ်တီး.. သရီး..ဘို့(သ်)်
ပုံသေနည်းတွေ ပုံသေနည်းတွေ ကျနော်တို့လူ့အဖွဲ့အစည်းမှာ ကျနော်တို့တတွေဟာ ပုံသေနည်းတွေနဲ့ ကြီးပြင်း ပုံသေနည်းတွေအတိုင်းဖြတ်သန်း ပုံသေနည်းတွေအတိုင်းတွက် ချက်တတ်တဲ့ အကျင့်တွေ အင်မ တန်များလွန်းတာကလား လူကြီးမိဘ၊ဆရာသမားတွေဆို ခံမပြောရဘူးတို့ ကြီးသူကိုရိုသေရမယ်တို့ စုံနေ တာပဲ၊လူကြီးမိဘတွေရော အမှားဆိုတာ မ ကင်းကြပါဘူး သူတို့တတွေမှားယွင်းနေတဲ့အခါ စံနစ်တကျ ပြန် လည်ပြောဆိုတာတို့ ကြီးတဲ့ သူတွေမှားနေရင်ရော အလကားနေပုံသေနည်းအတိုင်း အရိုအသေပေးနေရမှာ လား မဟုတ် ပါဘူးလေကြီးးကြီး၊ငယ်ငယ်ပါ မှားနေရင်ထောက်ပြသင့်တယ် ရိုသေသင့်တဲ့သူဆိုရိုသေရမှာပဲ မှားနေရင်တော့ဘယ်သူပဲဖြစ်ဖြစ် ထောက်ပြပြောဆိုရမှာပဲ အဲ့ဒါတွေကတော့ မိတ်ဆက်သ ဘောလောက်ပါပဲ။
ကျနော်အဓိကပေးချင်တဲ့ မက်ဆေ့ (message) ကတော့ ပုံသေနည်းကျင့်သုံးခဲ့တဲ့ စစ်တပ် တတပ်အကြောင်းပါ ဟာသဆန်ပေမဲ့ ကျနော်တို့လူ့အဖွဲ့အစည်းအတွက် အင်မတန်အကျိုး ရှိမယ်လို့ထင်ပါတယ်။
ဗြိတိသျှကိုလိုနီခေတ်ကပေါ့ ရခိုင်ဘက်မှာတပ်စွဲထားတဲ့ ဂေါ်ရခါးတပ်တစ်တပ်မှာပါ အဲ့ဒီ့တပ် မှာရှိတဲ့ ရဲဘော် တွေတော်တော်များများဟာ အင်္ဂလိပ်လိုကောင်းကောင်မတတ်ကြတဲ့ ချင်းနဲ့ ဂေါ်ရခါးရဲဘော်တွေအများ စုဖြစ်ကြပါသတဲ့ အင်္ဂလိပ်လိုမတတ်ပဲ စစ်တပ်ထဲဘယ်လိုရောက် လာသလဲလို့ ခင်ဗျားတို့မေးကြလိမ့်မယ်..ဟုတ် …ပြောမနေနဲ့ဗျာ အင်္ဂလိပ်စစ်တပ်ကလူလို လို့ ဆွဲခေါ်လာတာတဲ့ဗျာ (ခုခေတ်လိုဆို အတင်းအဓမ္မစစ်ထဲခေါ် လာတာပေါ့ဗျာ) ကဲထား လိုက်ပါတော့ဗျာ စကားမတတ်ပဲဘယ်လိုသင်တန်းပြီးသွားသလဲလို့ ထပ်ပြီးမေးကြ အုံးမယ် ..ဟုတ်စ ရှေ့ကသင်တန်းဆရာကလုပ်ပြ မတတ်ရင်ရိုက်သင်တာပေါ့ဗျာ ဆိုပါတော့ အဲ့ဒါ နဲ့အားလုံး သင်တန်းတွေဘာတွေဆင်း ရှေတန်းတွေဘာတွေထွက် ကြက်တွေဘာတွေခိုး အော်ယောင်သွားလို့ဗျို့ ..အင်္ဂလိပ်စစ်တပ်ကကြက်ခိုးရင်အပစ်ကြီးသတဲ့ဗျ ထားလိုက်ပါတော့ ဖြစ်ပုံကဒီလိုဗျို့ တနေ့အဲ့ဒီ့တပ်ကို ဂျင်နရယ် (ဗိုလ်ချုပ်ကြီးတယောက်) လာစစ်မယ်တဲ့ဗျို့ အဲ့ဒါဗျာ တပ်ရင်မှူးနဲ့ဒုတပ်ရင်းမှူးတော်တော် အလုပ်ရှုပ် ကုန်ပါရောလား ရဲဘော်တွေကဗိုလ်လို မကိန်(အင်္ဂလိပ်လိုမတတ်)… လားလား… လာစစ်တဲ့ဗိုလ်ချုပ်ကမျက်နှာ ဖြူလေဗျာ ဗိုလ်လိုပဲ ရဲဘော်တွေကိုမေးတတ်တာတဲ့ဗျို့ ကဲအဲ့ဒါတပ်ရင်းမှူးတွေဗျာ ဘယ်လောက်အကြပ်ရိုက် ကုန်မလဲ ခင်ဗျားတို့စဉ်းစားသာကြည့်ကြတောဗျာ ဒီခေတ်တောင်ဗိုလ်ချုပ်တွေကိုဒီလောက် ကြောက်ရတာ အဲ့ဒီ့ ခေတ်ဆိုစဉ်းစားသာကြည်ကြတောဗျာ..
ဒါပေမဲ့နည်းနည်းစိတ်သက်သာစရာရှိတာက (တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးအတွက်ပါ) အဲ့ဒီ့ဗိုလ် ချုပ်က တပ်က ရဲဘော်တွေကို စကားကြီးသုံးခွန်းပဲမေးလေ့ရှိတယ်တဲ့ဗျ အဲ့ဒီ့မှာတပ်မှူးတွေက
ဗြိတိသျှလိုမကိန်တဲ့ ရဲဘော်တွေကို ပုံသေနည်းစသင်တော့တာပဲဗျို ပထမမေးခွန်း(How old are you) မင်းအ သက် ဘယ်လောက်ရှိပြီလဲဆိုတာအတွက် ရဲဘော်တွေဖြေဘို့က (Twenty Sir) နှစ်ဆယ်ရှိပါပြီခင်ဗျာပေါ့ဗျာ ဒုတိယမေးခွန်း (How long have you servent been့ here)မင်းတာဝန်ထမ်းဆောင်တာဘယ်နှစ်နှစ်ရှိပြီလဲ ဒါကမေးလေ့ရှိတဲ့ဒုတိယမေးခွန်းတဲ့ဗျ ဒါကလဲလွယ်ပါတယ်လေ(Three Sir) သုံးနှစ်ပါခင်ဗျာလို့သင်ကြသတဲ့ ဟုတ်တယ်လေဗျာ ဒါကလည်း ပျှမ်းမျှခြင်းဆိုငယ်တဲ့ရဲဘော်တွေဆို ဟုတ်နေရော တနည်းအားဖြင့်ကိုက်နေရော ဆိုပါတော့ဗျာ လာပြီဗျို့တတိယမေးခွန်း (Who’s better than your cornel and l-cornel) မင်းတို့တပ်ရင်း မှူုးနဲ့ဒုတပ်ရင်းမှူး ဘယ်သူကပိုကောင်းသလဲ ဒါလည်းသိတ်မခက်ပါဘူး ဟုတ်တယ်မဟုတ်လား မြွေမသေတုတ် မကျိုးပေါ့လေ နှစ်ယောက်စလုံး အကျိုးရှိစေမဲ့ အဖြေ ပဲပေါ့ (Both Sir) နှစ်ယောက်စလုံးအကျိုးမရှိပေဘူးလား အတူတူပါပဲဆရာပေါ့ဗျာ သူတို့ ဗိုလ်ချုပ်မေးလေ့ရှိတာနဲ့ တပ်ရင်းမှူးတွေ ရဲဘော်တွေကိုသင်တာတွေနဲ့က တော ဟန်ကျ နေရောဗျို့ သူ့အရပ်နဲ့သူ့ဇာတ်ပေါ့ဗျာ ဟုတ်ဘူးလား သိတ်လည်းစိတ်ပူနေစရာ မလိုဘူးဗျို တခြားတပ်တွေလည်း အဲ့ဒီ့လိုပုံသေမေးခွန်းသုံးခု အစဉ်လိုက်မေးပြီး ဗိုလ်ချုပ်ကပြန်သွား တာပဲတဲ့ ဘာမှပြဿ နာမရှိဘူးတဲ့ ဒီတော့တပ်မှူးတွေလဲ စိတ်းအေးရတာ ပေါ့မဟုတ်ဘူးလား။
ဒါနဲ့ ဗိုလ်ချုပ်ကြီးလာရောဗျို့ တပ်ကိုစစ်ပြီးရဲဘော်တွေကို မေးခွန်းကြီးသုံးခုမေးပါရောဗျာ အဆင်ပြေတယ်ဗျို့ တပ်ရင်းမှူးတွေကသေသေချာချာ သင်ပေးထားတာလေဗျာ (How old are you) လို့မေးတဲအခါ (Twenty Sir) ဟုတ်ဟုတ်ကြီး (How long have you servent been့ here) လို့မေးတော့လဲ (Three Sir) ပေါ့မဟုတ်ဘူး လား ဟန်ကိုကျနေတာပဲ (Who’s better than your cornel and l-cornel) လို့မေးတော့လဲ (Both Sir) လို့ဖြေတော့ ကွက်တိပေါ့ဗျာ ဘာလိုသေးလို့လဲ ပုံစံခွက်ထဲကနေဗိုလ်ချုပ်ဖြစ်လာတယ်ဗျာ မေးခွန်းကို ပုံသေ နည်းပဲမေးတယ်လေ ဒီတော့ရဲဘော်တွေကလဲ တပ်မှူးတွေသင်ထားတဲ့အတိုင်း ပုံသေနည်းပဲဖြေတတ်တာကိုး ဒါ ပေမဲကွက်တိဖြစ်နေတာပဲမဟုတ်လား ဒီလိုနဲ့မေးသွားစစ် သွားလိုက်တာဗျာ အဆင်ကိုပြေနေရာကနေ ရဲဘော် တယောက်အလှည့်လည်းရောက်ရော လားလား..ဗိုလ်ချုပ်ကြီးကရုတ်တရက်ဗျာ မေးခွန်းပြောင်းသွားရော က လား (How long have you servent been here) မေးလိုက်ပါကရော မင်းဒီမှာအမှုထမ်းတာ ဘယ်လောက်ကြာပြီလဲတဲ့လေ ဘာရမလဲရဲဘော်ကလည်းသင်ထားတဲ့အတိုင်းပဲလေ (Twenty sir) ပေါ့ဟုတ် တယ်လေသင် ထားတဲ့အတိုင်းဖြေတာပဲ တပ်ရင်းမှူးတွေစိတ်ထဲမှာတော ဟာသွားပါပြီပေါ့ ဒါပေမဲ့ ပေါက်လေတဲ့နဖူးမထူးတော့ ပါဘူးပေါ့။
ရင်တစ်မမနဲ့ပေါ့ ဘသားချောဗိုလ်ချုပ်ကဆက်မေးပါလေရော(How old are you) ရဲဘော် ကလည်းမသိဘူး လေဗျာ တပ်မှူးတွေသင်ထားတဲ့အတိုင်းပဲလေ ဖြေလိုက်တာပေါ့(Three Sir) လို့ဖြေလိုက်တာပေါ့ ဗိုလ်ချုပ် ကဘာဖြစ်လို့ ဒီလိုဆက်ပြီးမေးတာလဲဆိုတာက စစ်မှုထမ်းလာ တာအနှစ်နှစ်ဆယ်ရှိပြီဆိုတဲ့ ရဲဘော်ရဲအသက် သိချင်တာလေ ရာထူးလေးဘာလေးတိုးပေး ရအောင်မဟုတ်လား ဘသားချောရဲဘော်ဖြေလိုက်ပုံက ကျနော် တို့ဇာတ်လိုက်ကျော်ဗိုလ်ချုပ် ရှက်သွားတာပေါ့ဗျာ ခင်ဗျားစဉ်းစားကြည့်လေ စစ်မှုထမ်းသက်ကြတော့နှစ်ဆယ် အသက် ကြတော့သုံနှစ်တဲ့လေ ဒီငနဲသားတော့တွေ့ပြီသာမှတ်…ဆိုပြီး (Who’s fool you and me) မင်းနဲ့ငါ ဘယ်သူရူးသလဲလို့..အနိလို…မျက်နှာနီကြီးနဲ့…မေးထည့်လိုက်ကရော ရဲဘော်လည်း ဗိုလ်ချုပ်ကြီးမေးခွန်းတွေပြီးပြီ..ဟူး..ကနဲပုံစံနဲ့ ခတ်ခတ်တည်တည်ဖြေထည့်လိုက်ပါ ကရော လား…....(Both Sir) နှစ်ယောက်စလုံး..တဲ့လေ……..။
(ဂင်ကြီး)
Labels:
ဆောင်းပါး
Wednesday, September 3, 2008
ဆိုင်ဘာအတိုက်အခံတယောက်၏အရှုံး(ဂါမဏိ...ဘာသာပြန်)
ဆိုင်ဘာအတိုက်အခံတယောက်၏အရှုံး
ဂါမဏိTuesday, September 02, 2008
တနေ့တာ ဆူညံလှုပ်ရှားခဲ့ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုင်ရိုမြို့ရဲ့ အင်တာနက်ကဖီးဆိုင်တဆိုင် ထဲမှာတော့ နာရီကသန်းခေါင်ကျော်ပြီး ၁ နာရီ ၄၉ မိနစ်ကိုညွှန်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာမက်ဒ်မာဟာ ဟာကွန်ပျုတာတလုံးရှေ့မှာ အလုပ်လုပ်နေပါတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီဟာ ဒီက နေ့ပါဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အခြေခံအသုံးအဆောင်တွေက ကွန်ပျူတာကီးဘုဒ်ဘေးမှာ ပျံ့ကျဲတည်ရှိနေပါတယ်။ အဲဒါတွေကတော့ ကားသော့၊ စီးကရက်နဲ့ ဆဲလ်ဖုံးတလုံးတို့ဖြစ်ပါတယ်။
မာဟာ ဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း စာရိုက်နေပါတယ်။ သူစိတ်ကူးယဉ်ခဲ့တဲ့ အင်တာနက် ဖေ့စ်ဘွတ်က် အကျိုးဆောင်ဝက်ဘ်ဆိုက်ကတဆင့် လူထုအုံကြွမှုတခုစည်းရုံးလှုံ့ဆော်ခဲ့တာဟာ အခုတော့ ကီးဘုဒ်ပေါ် လူးလာလှုပ်ရှားနေတဲ့ သူ့လက်ချောင်းတွေကြားထဲက ချော်ထွက်သွားနေပါပြီ။ အိဂျစ်နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှုရဲ့ အန္တရာယ်အကျိုးဆက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ကွန်ပျုတာမြင်ကွင်း မှာ တင်လာကြပါတယ်။ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တယောက်ကရိုက်လာပါတယ်။ အစိုးရက ငါတို့အထဲ ကို စိမ့်ဝင်ထိုး ဖောက်ထားပြီလို့ နောက်တယောက်က ရေးလာတယ်။ အခုလုပ်နေတာက မိုက်မဲဉာဏ်နည်း ရာရောက်တယ်လို့ တတိယတယောက်က စာရိုက်ပါတယ်။
မတ်လကုန်ပိုင်းလောက်ကစပြီး မာဟာနဲ့တခြားအိဂျစ်လူငယ် လေး - ငါးယောက် ဖန်တီးလွှင့်တင်ထိန်း ချုပ်ခဲ့တဲ့ ဖေ့စ်ဘွတ်က် Facebook စာမျက်နှာမှာ အိဂျစ်ပြည်သူ ၇၄၀၀၀ စာရင်းသွင်းမှတ်ပုံတင်ခဲ့ပါတယ်။ အများစုဟာ နိုင်ငံရေးလှုပ်ရှားတက်ကြွရေးနယ်ပယ်မှာ လူသစ်တွေဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အလားအလာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သက်ကြီးပိုင်းအိဂျစ်လူမျိုးတချို့ကတောင် အမေရိကန် ကောလိပ်ကျောင်းသားတွေ စတီထွင်ခဲ့တဲ့ လူမှုရေးပေါင်းသင်းသဟာယဖွဲ့မှု ၀က်ဘ်ဆိုက်ဟာ သမတ ဟော့စ်နီမူဘာရတ်ရဲ့ ၂၇ နှစ်တာအုပ်စိုးမှုကို ဆန့်ကျင်ဖို့ အီလက်ထရွန်နစ် နည်းပညာနဲ့စုစည်းတဲ့ အစပြု မှတ်ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်က်လှုပ်ရှားတက်ကြွသူတွေရဲ့အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရတရပ်ကို ဆန့်ကျင် အတိုက်အခံပြုရာမှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လ အတွင်း နိုင်ငံရေးလှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရတဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့အခြေဆိုက်ဖို့သာ များပါတယ်။
စီစဉ်ထားတဲ့သပိတ်တိုက်ပွဲရက်ဖြစ်တဲ့ မေ ၄ ရက် တနင်္ဂနွေနေ့ အရုဏ်မတက်မီမှာတော့ မာဟာရဲ့ ဖေ့စ် ဘွတ်က် လှုပ်ရှားမှုဟာ အချည်းနှီးဖြစ်သွားတဲ့အကြောင်း တစတစ ပေါ်လွင်လာပါတယ်။ မာဟာနဲ့ တခြား စည်းရုံးရေးသမားတွေက မိမိတို့နောက်လိုက်တွေရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာအောင် ကြိုးစားကြပါ တယ်။ တခုခုတော့လုပ်မှဖြစ်မယ်လို့ မာဟာက အင်တာနက်ပေါ်မှာပြောပါတယ်။ မနက် ၇ နာရီမှာတော့ မာဟာ ဟာ ကုလားထိုင်နောက်မှီပေါ်လှဲပြီး အဲဒီညအတွက် ပထမဆုံးအဖြစ်မျက်စိမှတ် တရေးအိပ်ခဲ့ပါ တယ်။ နောက်တနာရီအကြာ ပြန်နိုးလာတော့ ကွန်ပျူတာမြင်ကွင်းမှာ သူ့စာမျက်နှာပိတ်ခံရပြီဖြစ်ကြောင်း စာတန်းကိုတွေ့ရပါတယ်။ သူဟာ အီးမေးတွေ စာတွေအများကြီးပို့ခဲ့တာကြောင့် ဖေ့စ်ဘွတ်က်က သူ့ကို စပမ် (ကြော်ငြာ အမှိုက်စာ) စာပို့သမားလို့ သံသယဖြစ်ပြီး ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
အစ္စရာအက်ဘ်ဒဲလ်ဖာတာဟာ အသက် ၂၇ နှစ်အရွယ် လူသားရင်းမြစ်စီမံခန့်ခွဲရေး ကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံ ဘာမှမရှိပါဘူး။ “ဖေ့စ်ဘွတ်က်မိန်းကလေး” လို့လူသိများတဲ့ သူမဟာ မာဟာနဲ့တွဲပြီး အင်တာနက်ပေါ်က စည်းရုံးလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ကန့်ကွက်ဆန္ဒပြတဲ့ ဧပြီ ၆ ရက်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို အတိအလင်း ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ချည်မျှင်အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးရေး၊ ကုန်ဈေးနှုန်း ကျ ဆင်းရေး အလုပ်ရပ်သပိတ်မှောက်ပွဲနဲ့ တိုက်ဆိုင်မိသွားတဲ့အခါ အိဂျစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အထူးခြားအကြီးကျယ်ဆုံး နိုင်ငံရေးဆန္ဒပြပွဲ ဖြစ်ပေါ်သွားပါတယ်။
ကိုင်ရိုမြို့တော်ကနေ နှစ်နာရီခရီးမှာရှိတဲ့ အဲလ်မာဟာလာအဲလ်ကူဘရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒ ပြအရပ်သားတွေကို နှိမ်နင်းတဲ့အခါ အနည်းဆုံး နှစ်ယောက်သေပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မူဘာရတ်ရုပ်ပုံ ပိုစတာကြော်ငြာ ဘုတ်ကြီးတခုကို တွန်းလှဲပစ်တာကိုတွေ့ရတဲ့ အိဂျစ် ပြည်သူအများအပြားဟာ အံ့သြတကြီး ကြက်သီးမွှေးညှင်းထမိပြီး ဒါဟာ အိဂျစ်နိုင်ငံရဲ့ အလှည့်အပြောင်း ဆုံချက်တခုကို ရောက်သွားပြီလားလို့ ထင်မိကြတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေကနိုင်ငံတလွှားမှာ အက်ဘ်ဒဲလ်ဖာတာအပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ သူမ ထောင်ကထွက်လာတဲ့အခါမှာတော့ နိုင်ငံရေးကိုစွန့်လွှတ်ကြောင်း ကြေညာခဲ့ပါ တယ်။
အဲဒီအခါ မာဟာကပဲ မူဘာရတ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကိုချိန်ရွယ်တဲ့ မေ ၄ ရက်ဆန္ဒပြပွဲကို ဦးစီးစီ စဉ်ခဲ့ပါတယ်။ “ဖေ့စ်ဘွတ်က်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းဟာ အရင်ကဘယ်နိုင်ငံရေးပါတီမှာမှ မပါခဲ့ဖူးဘူး၊ ကျနော်တို့ဟာ နိုင်ငံရေးအုပ်စုမဟုတ်ဘူး” လို့ မာဟာက မေ (၄) ရက်ဆန္ဒပြပွဲမတိုင်မီ နှစ်ရက်အလိုက ပြောပြခဲ့တယ်။ “ကျနော်တို့ရဲ့ အဓိကလုပ်ငန်းတာဝန်က ပြည်သူလူထုတွေ မိမိတို့အခွင့်အရေးကို သိမြင် နားလည်လာပြီး ကိုယ့်ကိုတုပ်နှောင်ထားတဲ့ လက်ထိပ်တွေ သံခြေကျင်းတွေကို ဘယ်လိုရိုက်ချိုးရမလဲ ဆိုတာ သိလာအောင်လုပ်ဖို့ဖြစ်တယ်” လို့ဆက်ပြောပါတယ်။
အစိုးရက သူတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ တွက်ဆမိတဲ့အတွက် ခေါင်းဆောင်တွေ က ခရမ်းသီး၊ သခွားသီး စတဲ့ နိုင်ငံရေးပုံမပေါက်တဲ့ နာမည်တွေနဲ့ ဖေ့စ်ဘွတ်က်အုပ်စုခွဲလေးတွေ ထပ်ဖန် တီးခဲ့ပါတယ်။ သူတို့ဟာ အင်တာနက်ပေါ်မှာ အယူအဆတွေ ဖလှယ်ကြ၊ မဟာဗျူဟာတွေ ဆွဲကြပါတယ်။ မွတ်စလင်နိုင်ငံရဲ့ အလုပ်ပိတ်ရက်မဟုတ်တဲ့ တနင်္ဂနွေနေ့ မေ (၄) ရက်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲ မှာပဲ နေကြဖို့ပြည်သူလူထုကို ပန်ကြားဆော်သြခဲ့ပါတယ်။ သတ္တိအရှိဆုံးလူတွေကတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာစုဝေးပြီးဆန္ဒပြကြဖို့ဖြစ်ပါတယ်။ စုဝေးဖို့နေရာတွေကို ဖုံးမက်ဆေ့ဂ်ျတွေနဲ့ အကြောင်းကြားဖို့ စီစဉ်ထားပါတယ်။ သတ္တိသိပ်မရှိသူတွေကိုတော့ အနက်ရောင်တီရှပ်တွေဝတ်ကြဖို့ သို့မဟုတ် အိဂျစ်နိုင်ငံ တော်အလံတွေ မိမိတို့အိမ်တံခါးပေါက်တွေ အိမ်ခေါင်မိုးတွေမှာ ထောင်ဖို့ဆော်သြထားပါတယ်။ အကြမ်း ဖက်ရေးလှုံ့ဆော်မှုတွေအားလုံးကို ဆန္ဒပြပွဲစည်းရုံးစီစဉ်သူတွေက ပယ်ဖျက်ပစ်ခဲ့ပါတယ်။
မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူအများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲ့ဘူး၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က် အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲကခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်း ခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ “ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ် တယ်ဆိုတာ ကျမ သဘောပေါက်သွားတယ်” လို့ မူစတာဖာက ပြောတယ်။
လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြ ပါတယ်။ စိန်ခေါ်မှုတခုကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေ ရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့ အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ဆော်စာတွေ ရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူး သဖြင့် ဆင်းရဲသားပြည်သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုး လည်း လုပ်ကြပါတယ်။
မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင် နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမတော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါတယ်။ မူစတာဖာကတော့ ကိုင်ရိုမြေ အောက်ရထားဘူတာရုံထဲဝင်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာဟာမိမိရဲ့ သုံးလသမီးနဲ့ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။
ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော် သြတာကို ပျက်ရယ်ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက် မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မ တက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။
မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ် သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာ တွေလုပ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင် တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ် ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမားတဦးကိုလည်း တရားစွဲခဲ့ပါတယ်။
မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော် ငြာဘုတ်အသစ်ကြီး တွေ့မြင်ရပါတယ်။ “လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။” “တွေးခေါ်တတ်သော ပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။” လို့ ရေးထားပါတယ်။
မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါ တယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့် နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည်က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုး ရိမ်ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြ တယ်။
အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူ ထားပါတယ်။ အဲဒီမှာ အနက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာ ရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံ တွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အခါ ရဲ တွေက တွန်းထုတ်ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ ဆော်ထားတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။
ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာ ဘာ ဆင်းရဲသားရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ “အင်တာနက် တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး” လို့ သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က်အ ကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်ကလူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါ မှမကြားဖူးပါဘူး။
ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အား ထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။
မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ်ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။ “ငါ ဘာလုပ်ရမလဲ။”
“အိမ်ဘဲပြန်လိုက်ပါ” လို့
မာဟာကပြောလိုက်တယ်။ ညနေစောင်းတဲ့အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်းခါးသီးစွာနဲ့ သူမ နာမည်ကိုဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နာရီအနည်းငယ်ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။
နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အ သွားမှာ ရဲတွေဖမ်းတာကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ ကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက်နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါတယ်။ သူ တို့က ဖေ့စ်ဘွတ်က်အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမည်ရင်းတွေတောင်းတယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။
မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသျှိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါ တယ်။
“ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ” လို့ လုံထိန်း အရာရှိတယောက်က မာဟာကို ပြောလိုက်ပါသတဲ့။
ဂါမဏိ
ရည်ညွှန်း။ ။ ၀ါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၈ ရက် ၂၀၀၈
Labels:
ဆောင်းပါး
Subscribe to:
Posts (Atom)