Saturday, March 31, 2012

''ခလေးဘဝ... ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေးဆက်စပ်ကြည့်မိခြင်း"


အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တစ်ရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော်ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့အသေးစိတ်မမှတ်မိတတ်ကြပေမဲ့ ထူးခြားတဲ့အကြောင်းလေးတွေ ဆို.. လူတိုင်းမှတ်မိတတ်ကြတယ်မလား...ကဲဗျာ...ငယ်ဇာတ်ကြောင်းလေးတွေထဲက စွဲနေတဲ့ မှတ်မိစရာလေး တွေပြောပြချင်ပါတယ်။
ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ကြောက်နေရတဲ့ ဗိုလ်ကလေးတွေရှိ တယ်။ ထားပါတော့လေ... ကျနော်နဲ့ကစားဖေါ်ထဲက ကျနော်ကြောက်ရတာက ရပ်ကွက်ထဲမှာကကျော်ဦး ဆိုတဲ့ကစားဖေါ်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့်ဆိုတဲ့ကျောင်းနေဖက်တို့နှစ်ဦးပေါ့။ ကျနော်ကျော်ဦးကို ကြောက်ခဲ့ရတာလေးမှတ်မိသမျှအရင်ပြောရရင် ကျနော်(၅)နှစ်သားလောက်က သရေကွင်းပစ်တယ် လက်မှာ စွတ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင်နိုင်တဲ့ ကစားနည်း ပေါ့လေ ကျနော်ကလက်တည့်တယ် ကျနော့်အဖေကလည်းသားရေကွင်းပူဆာရင်အဲ့ဒီ့အချိန်က အထုတ်လိုက် ဝယ်ပေးတတ်တယ်။ ကျနော်ပူစာတာကို အဖေကနာညည်းလို့နေမှာပါ။ ဒီတော့သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ ကျောင်းကမတက်ရသေးဘူး ကျနော်တို့ခေတ်က (၅) နှစ်ပြည့်တယ်ဆိုတာထက် လက်ကိုခေါင်းပေါ်ကတည့်တည့်ကျော်ပြီး တဖက်ကနားကိုမှီအောင်ကိုင်ပြနိုင်မှ ကျောင်းတက်ရတာကိုး တော် တော်လက်တွေ့ကြတဲ့သဘောထင်တာပဲ ကျနော်ကလက်နည်းနည်းလေးမမှီဖြစ်နေတာကို ကျောင်းလက်ခံတဲ့ ဆရာရှေ့မှာ အကြောကိုနည်းနည်းလေးတွန့်ဆုတ်ထားလိုက်တာ ငါးနှစ်ကလည်းမပြည့်သေးတော့ဗျာ နောက် နှစ်မှလာခဲ့ပါတဲ့ ကျနော်ကတော်တော်ပျော်သွားတာ ကျောင်းတက်ရမှာပျင်းစရာကြီးဆိုတာထက် ကျောင်းကြီး ကိုသွားရမှာကိုက အားငယ်စရာကြီးဗျာ ဒီတော့ကျောင်းမတက်ချင်တာဘာဆန်းလဲ သားရေကွင်းတွေလည်း တစ်ဝတစ်ပြဲပစ်ဆော့ကစားရတော့မှာမို့လေ။ ဒါပေမဲ့ဗျာ မသက်သာဘူးဗျာတို့ အမေကကျောင်းသွားထားတာ ဆရာရှေ့မှာ လက်ကိုနည်းနည်းလေးမဆန့်ရကောင်းလားဆိုပြီး အိမ်ရောက်တော့ဆော်လိုက်တာ အီစလန်ဝေ တယ်ဗျို့ အဖေရှိလို့တော်သေးတာ အမေကကျနော်တို့သာနိုင်တာ အဖေပြောရင်နာခံတာပဲ "နင့်အဖေရှိနေ လို့နင်သက်သာသွားတယ်မှတ်တဲ့'' အဖေကပြောတယ် ''ခလေးဆိုတာသင့်တော်တဲ့အချိန်ရောက်မှပညာသင် တာကောင်းတယ်တဲ့" အဖေ့ကျေးဇူးကြောင့် ကျနော်သားရေကွင်းအဝပစ်ရတော့မှာပေါ့လေ....။
ဆက်ရရင်တော့ဗျာ....သားရေကွင်းကိုအိမ်ရှေ့မှာတင်မကဘူး လမ်းထိပ်အထိထွက်ပစ်ဘို့ကျိုးစားတော့တာပဲ အဲ့ဒီမှာကျော်ဦးဆိုတဲ့ကစားဘက်နဲ့တိုးတော့တာဆိုပါတော့ ကျနော်ကလက်ကကျင့်သားကောင်းတော့နိုင်တယ် ဒီမှာတင် ကျော်ဦးတို့ညီအကိုက ကျနော့်သားရေကွင်းတွေကိုလုတော့တာပဲ ကျနော်ကသူများလုတာမခံဘူး တော့အလုခံရတယ်လေ ကျနော်ပြန်လုတော့ ကျော်ဦးကကျနော့်ကိုထိုးတာ ပါးစပ်ကသွေးနည်းနည်းတောင် ထွက်တယ် ဒီတော့ငိုတာပေါ့ဗျာ ဘေးကလူကြီးတယောက်ကကျော်ဦးကိုပြန်ပေးဘို့ပြောတော့ ဒီကောင်တွေညီ အကိုကထွက်ပြေးကြပါရော အဲ့ဒီ့တော့ဦးလေးကြီးက ''မင်းသူ့အဖေကိုသွားတိုင်တဲ့" ကျနော်လည်းငိုလက်စနဲ့ သွားတိုင်တယ်။ သူ့အဖေဦးကောက်က ဖဲဒိုင်ခံတယ်၊ အရက်ရောင်းတယ် ရက်ကွက်ထဲမှာမိုက်တဲ့သဘောရှိ တယ် ဒါကကြီးလာမှသိတာ ငယ်ငယ်ကတော့ဆိုးတယ်လောက်ပဲသိတာပေါ့။ ဆိုကြပါတော့ဗျာ....သွားတိုင် တော့ ဦးကောက်က ''ဟေ့ကျော်ဦးလာအုံးမင်း သူ့သားရေပင်ယူလာလားပြန်ပေးလိုက်တဲ့" တခွန်းပဲပြောတယ်။ ကျော်ဦးကမကျေမနပ်နဲ့ဆင်းလာတယ်၊ အဲ့ဒီ့အချိန်မှာသူ့အဖေကအိမ်နောက်ဖေးဘက်ထွက်သွားရော သူ့ဖေမရှိ တော့ ကျော်ဦးကရော့ဆိုပြီး သူလုသွားတဲ့ထဲကတဝက်မရှိတရှိလောက်ကို လှမ်းပစ်ပြီးပေးတယ်။ သူ့ညီက လည်းမိုက်ကြည့်လေးနဲ ကျနော်ရသမျှလေးယူလိုက်တယ် သွားတိုင်တာက ငိုနေတဲ့စိတ်ခံစားမှုနဲ့မို့လေ သူ့ အဖေမရှိတဲ့အချိန်မှာ ကျော်ဦးမျက်နှာက ခုနကဆော်ပလော်ထားတဲ့မျက်နှာထက်တောင်ပိုပြီးကြောက်စရာ ကောင်းနေသလိုပဲဗျို့ ပြောရရင်တော့ဗျာ ငယ်ကြောက်ဖြစ်သွားရတာပါ အိမ်ပြန်ခဲ့တာပေါ့ အိမ်ရောက်တော့ နှုတ်ခမ်းကနည်းနည်းလေးရောင်နေရော အမေက''ဘာဖြစ်လာသလဲဆိုတော့" ကျနော်က.... ''ကျော်ဦးလုပ် တာ"လို့ ပြောတော့ အမေက"လာသူ့အဖေကိုသွားတိုင်ရမယ်"တဲ့ အဖေကတော့ ''လုပ်မနေပါနဲ့ကွာတဲ့ခလေး ချင်းဆိုတာ ဒီလိုပါပဲ"တဲ့ ဒါပေမဲ့အမေကသားဇောကပ်နေပြီလေ ကျနော့်လက်ကိုဆွဲပြီးကျော်ဦးတို့အိမ်ဆီကို ပေါ့....... ဒီတခါ သူ့အမေနဲ့တွေ့တယ် ဘာပြောတယ်မှတ်သလဲ ''ခုနကသူ့သားကျော်ဦးကသားရေကွင်း တွေပြန်ပေးလိုက်ပါပြီတဲ့" အမေကကျနော့်ကိုမေးတယ် ဟုတ်သလားဆိုတော့ ကျနော်ကျော်ဦးမျက်နှာကို တချက်ကြည့်လိုက်ပြီး အမေ့ကိုပြန်ပြောလိုက်တယ် ''ဟုတ်တယ်"လို့ ကျော်ဦးထပ်ထိုးခံရမှာကြောက်တဲ့စိတ်က အရှိ့အတိုင်းဖြစ်ခဲ့တာကိုမပြောရဲတာပေါ့လေ။ အမေကထပ်ပြောတယ် ''လက်သီးနဲ့လည်းထိုးသေးတာ" ဆို တော့ ကျော်ဦးအမေက ''အေးအေးဆုံးမ လိုက်မယ်"ပြောပြီး ကျော်ဦးကိုလာစမ်းလို့ခေါ်တော့ ရုတ်တရက် ကျော်ဦးကထွက်ပြေးရော ကျနော်လည်းကြောင်နေတာပေါ့ သူ့အမေက ''ဆုံးမလိုက်ပါ့မယ်" ''စိတ်ချတဲ့" ''ဒီ ကောင်လေးဒီလိုပဲတဲ့" အမေလည်းဘာမှတော့ ဆက်မပြောတော့ဘူး ကျနော့်ကိုလက်ဆွဲပြီးပြန်လာတယ်။ လမ်းရောက်တော့ အိမ်ရှေ့ဘက်ကအဒေါ်ကမေးတယ် ဘယ်လိုလဲအမဆိုတော့ အမေက ''ကျော်ဦးအမေက ဆုံးမမယ်ပြောတယ်"လို့ပြောတော့ "အမလေးအမရယ် အဲ့ဒီ ကလေးတွေက မိမဆုံးမ၊ ဖမဆုံးမတွေ" "သွားတိုင် ဘယ်တော့မှမဆုံးမဘူး" "သူတို့ကလေးခံလာရတယ်ဆိုရင်သာ လင်မယားနှစ်ယောက်စလုံးရန်တွေ့တတ်တာ" တဲ့ "စရိုက်ကြမ်းတယ် ကျမခလေးတွေတော့သူတို့နဲ့မကစားခိုင်းဘူး" ......"ခလေးခြင်းအနိုင်ကျင့်နေရာကနေ အိမ်ကသူ့အဖေနဲ့ပါတော်ကြာပြသာနာဖြစ်တတ်တယ်မလားတဲ့" အော်.... ကျော်ဦးနဲ့ သူ့အမေ၊ အဖေက ဘာဖြစ်လို့ဒီလိုလုပ်တာလည်းခလေးဘဝကတော့ကျနော်မသိဘူးဗျာ။
အခုလည်းဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့၊ ကြံခိုင်ရေး ဒီကြားဖြတ်ရွေးကောက်ပွဲအတွက်ပြိုင်ဆိုင်ဘို့ကျိုး စားနေတာကြည့်ရတာ ငယ်ငယ်တုန်းကကျနော်နဲ့ ကျော်ဦးဖြစ်သလိုများဖြစ်နေသလားတွေးနေတာ NLD အဖွဲ့ ဝင်တွေ လေးဂွနဲ့အပစ်ခံရတယ်၊ စည်းရုံးရေးဆင်းရင် ဒေါ်စုကအစ အဆင်မပြေအောင်လုပ်နေတာ၊ မဲစာရင်း တွေမမှန်မကန်လိမ်ထားတာ၊ ကချင်ပြည်နယ်က(၃)နေရာကိုလုံခြုံရေးအရဆိုပြီးရပ်ဆိုင်းထားတာ.. စသည်ဖြင့် ပေါ့လေ ကျနော်ထင်တယ် လိုက်တိုင်နေလည်း ကျော်ဦးတို့မိဘတွေလိုပဲနေမှာ... သားသမီးမဆုံးမပဲနေတဲ့မိဘ တွေလိုပဲနေမှာပါ..မိမဆုံးမဖမဆုံးမတွေကိုတိုင်နေလို့တော့မထူးပါဘူး အရှက်ပြေဆုံးမလိုက်ပါ့မယ်ပြောနေမှာ ပဲဗျ ခလေးအတွေးဆိုလည်းမတတ်နိုင်ဘူးဗျာ ကြားဖြတ်ရွေးကောက်ဝင်တဲ့သူတွေ ကျနော်ငယ်ငယ်ကလိုမဖြစ် စေခြင်ဘူး.......။
ဇာတ်လမ်းကဆက်ရရင်တော့.... သိန်းညွန့်ဆိုတဲ့သူငယ်ချင်းအကြောင်းပါ သိန်းညွန့်က အတန်းထဲမှာဗလ အကောင်းဆုံး ကျနော်ထင်တာတော့သူက သက်ကြီးပုဖြစ်မယ်ထင်တာပဲ သူနဲ့က (၂) တန်းအရောက်မှာ ဆုံ တာပဲဗျ...။ သူကတမျိုး ခလေးအရွယ်မှာကတည်းက သူနဲ့အပေါက်အလန်းတည့်တဲ့သူ (၃) ယောက်ရှိတယ် သူတို့သုံးရောက်ကို တခန်းလုံးနီးပါးကခလေးတွေ ကျနော်အပါအဝင်ပေါ့တနေ့ ဒါမှမဟုတ် တပါတ်ကို သုံးခါ လောက်တော့ ငါးပြားပေးရတယ်။ မပေးရင် သိန်းညွန်က အဖွဲ့ခေါင်းဆောင် သမတယ် သူ့ကိုဘယ်သူမှ ဆရာမကိုတိုင်မပြောရဲကြဘူး။ ဆရာမတိုင်ရင်လည်းသိန်းညွန်က ကျောင်းဆင်းရင်ထိုးတယ် ဒီတော့ ကျနော် လည်း ငါးပြားဆက်သရတဲ့အမှုကိုထမ်းရတယ်ပေါ့လေ ကြောက်တာကိုးနော။ ပြောရအုံးမယ်ဗျ ကျနော်အဲ့ဒီ အတန်းကိုတက်ခါစက ငါးပြားမပေးရသေးဘူး ဖြစ်ခြင်တော့ဗျာ ကျနော်နဲ့ခုံတတန်းတည်းကျတဲ့ ဗသိန်းဦးနဲ့ လှချစ်တင်တို့ကစတာပဲ သူတို့ကစပြီး ငါးပြားပေးနေတော့ ကျနော်လဲလိုက်ပေးရတာပေါ့လေ ဟုတ်ဘူးလား ရောရောင်ပြီးထည့်တယ်လို့ဆိုရမလားပဲ ခလေးဆိုတော့မသိဘူးလေဗျာ...။
သိန်းညွန့်လုပ်နေသလိုမျိုး ဒီဘက်ခေတ်မှာကို မတရားအဓ္ဓမအလုပ်ခိုင်းတာ၊ အလှူငွေထည့်ခိုင်းတာ၊ ပေါ် တာဆွဲတာ၊ ဖိအားပေးခြိမ်းခြောက်တာ တယ်စုံတဲ့ခေတ်ဗျာ မဲထည့်တာတောင်မှ ဖိအားပေးထည့်ခိုင်းနေတာ စစ်မှန်တဲ့ဒီမိုကရေစီတဲ့ ပြောနေကြတာ သိန်းညွန့်ဘေးကလို ကပ်ဖားကပ်မြှောင်တွေကလည်းရှိပါသဘိနဲ့ ထား လိုက်ပါတော့လေ သိန်းညွန့်အကြောင်းဆက်ရအောင်....။
တနေ့တော့ဗျာ ကျနော်ကျောင်းကပြန်လာတော့ အမေကခေါင်းကိုပွတ်သပ်ပြီး ဟိုလှန်ဒီလှန်လုပ်တယ် သန်း ဥလေးတွေဘာလေးတွေကြည့်တယ် မိခင်မေတ္တာပေါ့ နှပ်ချေးညှစ်တယ် ဒါမိခင်တိုင်းလုပ်တတ်တဲ့သဘောပါ။ ကျောင်းကအကြောင်းတွေမေးတယ် စာလိုက်နိုင်လား စသည်ဖြင့်ပေါ့...ကျနော်အမေရောအဖေရော သားက တယောက်ပဲမွေးတာ အိမ်မှာက မိန်းကလေး(၄)ယောက်ဆိုတော့ ကျနော့်ကို သိတ်ချစ်ကြတယ်ထင်တာပဲ ..ဆက်ကြပါစို့ဗျာ အမေကအဲ့ဒီ့လိုကြည်နူးစရာလေးတွေပြောတော့ဗျာ ခလေးဆိုတော့ ကိုယ့်အဖြစ်ကို ရင်ဖွင့် တတ်တယ်မလား အဲ့ဒီတော့အမေ့ကိုချွဲချင်ပြန်ရော "အမေသားလေ မုန့်မဝဘူး"လို့ပြောလိုက်ကရော အမေက "ဘာဖြစ်လို့လည်း အမေဆယ်ပြားတောင်ပေးတာပဲ"တဲ့ အဲ့ဒီ့ခေတ်က မုန့်ဟင်းခါးတပွဲမှတောမြို့မှာဆို ဆယ် ပြားပဲ.....တော်တော်ဝတယ်ဗျ။ ဒီတော့မှ..... အတန်းဖေါ်လူမိုက်သိန်းညွန့်က တနေ့ငါးပြားလောက်ပေးနေရ တာအမေ့ကိုဖွင့်ပြောမိပါရောဗျို့ အမေတော်တော်စိတ်မကောင်းဖြစ်သွားပုံရတယ် ခနနေတော့ "နင်တဲ့ဒီအတိုင်း လူလူချင်းကြောက်နေရရင်ခက်နေမယ်"ဆိုပြီး အမေက သားဇောနဲ့လုပ်ငန်းစတော့တာပဲကွယ်ရို့ ခနနေတော့ အမေကဝါးချမ်းခတ်ထူထူတခုကို ပေတံလုပ်ပေးတယ် သာမန်ပေတံထက်တော်တော်ထူတယ် "နင့်ကိုအနိုင် ကျင့်နေတာဆရာမကိုပြောသလား" တဲ့ "ကျနော်မပြောရဲဘူးအမေ သူကကျနော့်ကိုကျောင်းဆင်းရင်ထိုးမှာ ကြောက်တယ်" အမေတင်းတာပေါ့ "ယောင်္ကျားပဲ မတရားရင်ပြန်လုပ်တဲ့" တခွန်းပဲပြောတယ်။ အမေမှန်တာ မှားတာတော့တပိုင်းပေါ့လေ ကျနော်နောက်နေ့ကျောင်းသွားတော့ အဲ့ဒီပေတံကြီးထည့်သွားရောဗျို့ စိတ်ထဲ လည်းတင်းထားတယ် ငါ့မှာပေတံကြီးရှိတယ်ပေါ့...။
ကျောင်းရောက်ပြီးမုန့်စားဆင်းတော့ အမေပေးတဲ့ဆယ်ပြားကို ဒေါ်တုတ်မကြီးဆီမှာ မုန့်ဟင်းခါးတပွဲဝယ်စား ပစ်လိုက်တယ် မစားရတာကြာပြီ သိန်းညွန့်ကိုဆက်နေရတာနဲ့လေ စားလို့ကောင်းလိုက်တာ။ ကျောင်းပြန် မတက်ခင်ပဲလေ ပွဲကစပြီဗျို့.... သိန်းညွန့်တို့တသိုက်နဲ့တိုးပါလေရော တိုတိုပြောရရင် ငါးပြားတောင်းပါပြီကော ကျနော့်မှာပေးစရာမရှိ့တော့ဘူးလေ အမေပေးတဲ့ပေတံကြီးအားကိုးနဲ့ဝယ်စားပစ်လိုက်ပြီလေ။ ပေတံကြီးကို တော့လက်ထဲမှာကိုင်ထားတယ် ဒါပေမဲ့ဗျာ... ကျနော့်မှာ မရိုက်ရဲဘူးဗျာ ငယ်ကြောက်လိုဖြစ်နေတယ်ဗျ တော် တော်အားတင်းထားပြီးသိန်းညွန့်ကိုတောင်းပန်တယ်။ ဒါပေမဲ့မရဘူး သိန်းညွန့်က ရင်ပတ်ကိုလာကိုင်တယ်။ ကျနော်ပြာနေပြီ ဘာလုပ်ရမှန်းမသိတော့ဘူး နောက်တော့ သူစိတ်မဆိုးအောင်ဆိုပြီး ပေတံနဲ့ရောကိုင်ထားတဲ့ "ကျောက်တံအသစ်လေးယူပါကွာ"ဆိုပြီးပြောမိတယ်၊ သိန်းညွန့်ကမရဘူးဗျာ ကျောက်တံလေးက အဖေဈေးက နေဝယ်လာတာ တော်တော်လေးကောင်းပါတယ်။ သိန်းညွန့်က ကျောက်တံကိုယူပြီးတော့ ချိုးပစ်လိုက်ရော ကျ နော်လည်းကြောင်သွားတယ် ပြီင်္းတော့စိတ်ထဲလွှတ်ကနဲ့ဖြစ်သွားပြီး သိန်းညွန့်ကိုကြောက်ကန်ကန်ပြီး ပေတံနဲ့ တီးလိုက်မိပါရော။ သိန်းညွန့်လည်းကြောင်အန်းသွားတယ် ကြောက်လို့ရိုက်လိုက်တာဆိုတော့ အားကလည်း မထင်တဲ့နေရာကထွက်သလားတော့မပြောတတ်ဘူး ကြောက်ကျွဲခတ်ရင်သေတတ်တယ်လို့ ကြီးတော့သိလာရ တာပေါ့လေ...။
သိန်းညွန့်နဖူးကြီးညိုသွားပြီး အာလူးသီးထွက်တော့တာပါပဲ။ သိန်းညွန့်ငိုပါလေရော ကျနော်ကဆက်တိုက် သုံးချက်ရိုက်လိုက်မိတာကိုး ခဏနေတော့ ကျောင်းအုပ်ဆရာကြီးရုံးခန်းရောက်တဲ့အထိပါပဲ နှစ်ယောက်စလုံးခုံ ပေါ်တက်ပြီးအရိုက်ခံရတယ် ကျနော်က (၅) ချက် သိန်းညွန့်က (၂) ချက် နင့်မို့ဆိုသူအရိုက်ခံရမှာမဟုတ်ဘူး အဖြစ်အပျက်စုံကိုကျောင်းအုပ်ကြီးကသိသွားတော့ သိန်းညွန့်ကိုနောက်ဒီလို ကျောင်းသားချင်းအနိုင်မကျင့်ရ အောင်ဆိုပြီး (၂)ချက် ကျနော်ကတော့ကျောင်းသားချင်း တုတ်နဲ့ရိုက်လို့(၅)ချက် မှတ်မိသေးတယ်ဗျာ ကျနော် သေးတောင်ထွက်ကျချင်တယ်။ ကိစ္စကမပြီးသေးဘူး နောက်နေ့မိဘတွေခေါ်ရတယ် ကျနော့်ပေတံကြီးလည်း အသိမ်းခံရတယ် အမေနဲ့ သိန်းညွန့်အမေတော့ အလုပ်ရှုပ်တော့တာပေါ့...။
အဲ့ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျောင်းမှာ ခလေးတွေချင်းအဲ့ဒီ့လိုအနိုင်ကျင့်တာမရှိတော့ဘူးဗျာ သိန်းညွန့် လည်း ကျနော့်ကိုမနိုင်ရဲတော့ဘူး ကျနော့်အမေလည်း အဖေဆူတာခံလိုက်ရတယ်ဆိုပါတော့...။ ဗသိန်းဦးနဲ့၊ လှချစ်တင်လည်း ကျနော့်ကိုပိုပြီးခင်လာကြတယ်ထင်တာပါပဲ။
ဒီတော့ဗျာ... သိတ်မတရားလုပ်နေရင်လည်း ဒီကနေ့ခေတ်မှာသိတ်ကိုခေတ်စားနေတဲ့ ရင်ကြားစေ့ရေးဆိုတာ လောက်နဲ့ အလုပ်ဖြစ်ပါ့မလားတွေးမိတယ်။ သိန်းညွန့်လိုလုပ်နေရင်တော့ ပေတံနဲ့တီးသင့် တီးပစ်ရမယ်လို့ ခလေးဘဝကလိုတောင် စဉ်းစားနေမိသေးတယ်။ တကယ်လို့ (Do or Die) ဆိုသလိုဖြစ်လာခဲ့ရင်ရော နေမလား သေမလားပေါ့ဗျာ နိုင်ငံရေးကိုပြောတာပါ။ ကျနော်ကတော့ ပေတံနဲ့တီးခဲ့ဘူးပါတယ်....။

ကိုယဉ်ထွန်း(လူ့ဘောင်သစ်)
မတ်လ(၃၁)ရက်နေ့ ၂၀၁၂။

Monday, March 5, 2012

''အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန်ပြင်ဆင်"


အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်
ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစု များ၊ မြန်မာ့ အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ် ကို အော်ရီဂွန်ပြည်နယ် ၊ ပေါ့တလန်းမြို့ ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ်ကွန်ုမြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214.) ၌ မတ်လ(၃)ရက်နေ့ နေ့လည် (၂)နာရီမှ (၅)နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း(၂၅) ဦးခန့်တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲ၏ သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခန်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြ ပါသည်။ တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန် မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့်နှီးနှော ဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပသွားကြရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ညိုနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်း အဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသောစိတ်ပါဝင်စားသူပြည်ထောင်စုမြန်မာနိုင်ငံ သားများဖြင့် လာမည့် မတ်လ(၂၄)ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံလူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်)၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို လာမည့်မတ်လ(၂၄) ရက်နေ့တွင်ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Monday, January 16, 2012

ခွတ်ဒေါင်းစိတ်ဓါတ်အတွက် သီချင်းတပုဒ်...။

Tuesday, December 20, 2011

ရုပ်ရှင်သရုပ်ဆောင်တွေအမှန်တရားကိုပြောပြီ.....။

Sunday, August 7, 2011

(၂၃) နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနား (ဗွီဒီယို)

Sunday, May 22, 2011

Seattle ရောက်ခဲ့စဉ်က....

Wednesday, January 26, 2011

ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း၊ အင်အားမဖြစ်ဘူးဟေ့..(ခင်မမမျိုး)


တခါတရံ အားလပ်တဲ့ အချိန်လေးတွေကျရင် သီချင်းလေးတွေ နားထောင်ရင်း ကျွန်မရဲ့စိတ် အစဉ်လေးတွေကို ဖြန့်ကျက်မိလေ့ရှိပါတယ်။ ခုတလောမှာတော့ ကရင်နီရဲဘော်တွေသီဆို ထားတဲ့ "ဆီဖြစ်မယ့် နှမ်းတစေ့"၊ "ဖောင်ဖျက်စွန့် လွတ်ထွက်ခဲ့"၊ "အချိန်တန်ပြီ" စတဲ့ သီချင်း လေးတွေ၊ အဆိုတော် ဇော်ပိုင်သီဆိုထားတဲ့ "လမ်းဆုံ" သီချင်းလေးနဲ့ အမျိုးသားဒီမိုကရေစီ ပါတီဝင် ဒီချစ်မျိုး ရေးသားခဲ့တဲ့ ကဗျာလေးကို ဂီတအနုပညာရှင် ဦးရဲလွင်က သံစဉ်ထည့်ပြီး သီဆိုထားတဲ့ "ပန်းရဲ့လမ်း" ဆိုတဲ့ သီချင်းလေးတွေကို နားထောင်ဖြစ်ပါတယ်။ ပန်းရဲ့လမ်း သီချင်းထဲမှာ ကျွန်မ အရမ်းကြိုက်တဲ့ စာသားလေး တခုပါပါတယ်။ "ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါး တိုင်း၊ အင်အားမဖြစ်ဘူးဟေ့" ဆိုတဲ့ စာသားလေးပါ။

ဒီစာသားလေးကို ကြားမိတဲ့ အခါတိုင်း ကျွန်မရဲ့ အတွေးလေးတွေက အကြောင်းအရာများစွာ ကို သတိရမိသွားတတ်ပါတယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘုန်းကြီးပျံပွဲခရီးစဉ် လေးတခုလဲပါပါတယ်။ အဲဒီတုန်းက ကျွန်မကမန္တလေးမှာပညာသွားသင်နေတဲ့အချိန်ပါ။ ဒါပေ မယ့် ကျောင်းမပိတ်ရင်တောင်ကျောင်းလစ်ပြီး တလတခါလောက် တောင်ကြီးကိုပြန်လေ့ရှိ ပါတယ်။ ဘာကြောင့်ရယ်လဲမဟုတ်။ တောင်ကြီး- မန္တလေး ခရီးစဉ်လေးကို ကျွန်မအတော်ပဲ စွဲစွဲလန်းလန်း ရှိပါတယ်။ အထူးသဖြင့် ရွာငံလမ်းလို့ ကျွန်မတို့ခေါ်ကြတဲ့တောင်ကြီး-အောင် ပန်း- ရွာငံ-ဟန်မြင့်မိုရ်- မန္တလေးလမ်းလေးကိုပါ။ ရွာငံကနေ မန္တလေးဘက် အထွက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားတဆူကိုသွားဖူးရတာ၊ စိုက်ပျိုးရေးခြံတွေကိုလိုက်ကြည့်ရတာ၊ ကားလမ်း ပေါ်ကနေ လှမ်းမြင်ရတဲ့ မြစ်ရေပြင်ကြီးကိုငေးမောရတာတွေကို ကျွန်မနှစ်သက်ပါတယ်။ ဒီ ဒေသထဲရောက်ရင် ကျွန်မစိတ်တွေလန်းဆန်းသွားတာပဲ။ ဒါကြောင့်လဲ ဒီဒေသကိုဖြတ်ပြီး တောင်ကြီးကို ခဏခဏပြန်ဖြစ်ခဲ့ပါတယ်။

တောင်ကြီးကိုပြန်ဖြစ်ရင်း တခါတလေမြို့အနီးတ၀ိုက်ကရွာလေးတွေကို အလည်သွားဖြစ်ပါ တယ်။ ဒီလိုနဲ့ အိမ်အပြန်ခရီး တခေါက်မှာတော့ သူငယ်ချင်းတွေက ဘုန်းကြီးပျံပွဲတခုကိုသွား ကြဖို့ အဖော်စပ်တာကြောင့် သွားဖို့စီစဉ်ဖြစ်ကြပါတော့တယ်။ အဲဒီမှာတင် ဘယ်လိုသွားမှာလဲ ဆိုတဲ့ပြဿနာကစတက်လာပါတယ်။ ဘုန်းကြီးပျံပွဲက ကျွန်မတို့မြို့နဲ့အတန်ငယ်ဝေးပါတယ်။ တောင်တွေကိုဖြတ်ပြီးတောလမ်းကသွားရင် ငါးနာရီကျော်ကြာနိုင်ပါတယ်။ ဂျစ်ကားနဲ့သွား မယ်ဆိုရင်တော့ နာရီအနည်းငယ်အတွင်းမှာရောက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကားနဲ့သွားမယ့်သူနဲ့ လမ်းလျှောက်သွားမယ့်သူတွေ နှစ်အုပ်စုကွဲပါလေရော။ ကျွန်မကတော့ တောတောင်တွေ၊ မြစ် ချောင်းတွေကိုနှစ်သက်လွန်းလို့ အချိန်အားရတာနဲ့ နီးစပ်ရာတောလမ်းထဲလမ်းလျှောက်ထွက် သွားလေ့ရှိသူဆိုတော့ ထုံးစံအတိုင်း တောလမ်းခရီးအုပ်စုထဲ ရောက်သွားပါတော့တယ်။

ဒီလိုနဲ့ နံနက်ခြောက်နာရီလူစုပြီး၊ မွန်းမတည့်ခင်ရောက်အောင်ခရီးစနှင်ကြပါတယ်။ ကနဦး အစမှာတော့ အားလုံးပျော်ပျော်ပါးပါးပါပဲ။ နှစ်နာရီ၊ သုံးနာရီလောက်ရောက်တော့ တချို့ကစပြီး ငြီးငြူလာကြပါတယ်။ တောလမ်းခရီးကိုရွေးမိတာမှားပြီတဲ့။ ဂျစ်ကားနဲ့သာလိုက်သွားမိရင် ခု ချိန်ဆိုရောက်လောက်ပြီလို့ဆိုကြပါတယ်။ ခရီးကလဲ ကြမ်းသထက်ကြမ်းလာပါတယ်။ လမ်းပြ ပေးတဲ့ပအိုဝ့်အမျိုးသားလူငယ်လေးကိုလဲ လမ်းမှန်ရဲ့လားလို့လိုက်မေးကြပါတယ်။ တယောက် နဲ့တယောက်လဲအပြစ်မြင်လာကြပါတယ်။ စထွက်စတုန်းကလမ်းချော်တတ်တဲ့ နေရာလေးတွေ ဆို တယောက်နဲ့တယောက် လမ်းကမ်းပြီးဖေးကူပေးကြပါတယ်။ အဲဒီစိတ်လေးတွေကလဲ တစ တစပျောက်သွားသလိုပဲ။ တချို့ဆို နောက်လူတောင်မကြည့်တော့ပဲ တောင်အတက်လမ်းတွေ မှာ ကိုယ့်ဘာသာကိုယ်တက်သွားတာတွေတောင် ရှိလာပါတယ်။

အဲလိုနဲ့ လျှောက်လာလိုက်ကြတာ လေးနာရီကျော်လောက်အကြာမှာ ကံကောင်းချင်တော့ ရွာ လေးတရွာကို ရောက်ပါတယ်။ ဘုန်းကြီးပျံပွဲသွားမယ့် ခရီးသည်တင်ဂျစ်ကားတချို့လဲ အဲဒီမှာ ရှိနေပါတယ်။ အဲဒါနဲ့ ထွက်လာတဲ့ လူဆယ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပါတယ်။ ကားကြုံလိုက်ချင်သူတွေရှိရင် ဒီရွာကလမ်းဆုံပဲမဟုတ်လား။ လေးယောက်ကကားကြုံဆက် လိုက်သွားပါတယ်။ ကျန်တဲ့ကျွန်မတို့ငါးယောက်နဲ့ လမ်းပြကောင်လေးကတော့ ခရီးဆက် ထွက်ခဲ့ကြပါတယ်။ ဘုန်းကြီးပျံပွဲရောက်တော့မွန်းတည့်ပြီးနေပါပြီ။ ဆာလောင်နေကြပြီမို့ ဝေ နေတဲ့ ထမင်းထုပ်လေးတွေကို တန်းစီပြီးအမြန်ပြေးယူရပါတယ်။ ပြီးတော့မှ နေအရမ်းမပူမယ့် တနေရာကိုရှာပြီး မောမောနဲ့ထိုင်စားမိကြပါတယ်။ ကျောပိုးအိတ်ထဲမှာထည့်သယ်လာကြတဲ့ ငါးခြောက်ကြော်၊ပဲပုတ်ထောင်းကြော်လေးတွေကိုဝေမျှစားဖြစ်ကြပါတယ်။ အဲဒီအချိန်မှာကျွန်မ သတိထားမိသွားတာတခုက ခရီးစထွက်လာကြတဲ့ သူငယ်ချင်း ကိုးယောက်လုံး ထမင်းလက် ဆုံမစားဖြစ်ကြတော့ပေမယ့် အဲဒီနေ့နံနက်ကမှတွေ့ရတဲ့ လမ်းပြကောင်လေးနဲ့တော့ လက် ရေတပြင်တည်းထမင်းစားဖြစ်နေတာကိုပါ။

လူ့ဘ၀ခရီးလမ်းကိုလျှောက်ကြတာမှာလဲ ဒီလိုပဲကြုံရဦးမယ်လို့ ဒီတုန်းက ကျွန်မတွေးလိုက် မိပါတယ်။ ပန်းတိုင်တူတိုင်းလဲ သွားကြတဲ့လမ်းတွေက တူချင်မှတူကြမှာပါ။ လမ်းလျှောက်ခရီး ကိုရွေးပြီးမှ ခရီးမဆုံးခင် ကားကြုံလိုက်ချင်သူတွေလဲရှိချင်ရှိမှာပါ။ လူတဦးချင်းစီရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်နဲ့ဇွဲလုံ့လတွေကမတူကြပါဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရတဲ့ဘ၀တွေမို့ လမ်းဆုံ မှာ လမ်းခွဲသွားမယ့်သူတွေကို အပြစ်တင်နေတာ၊ မသွားဖို့တားနေတာတွေက အဓိပ္ပာယ်မရှိ လှပါဘူး။ အရေးကြီးတာက ကိုယ်သွားရမယ့်ပန်းတိုင်အတွက်၊ ကိုယ်နဲ့အတူခရီးဆက်မယ့်လူ တွေရဲ့လက်တွေကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားနိုင်ဖို့ပါပဲ။

အဲဒီသဘောတရားလေးတွေကို "ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း အင်အားမဖြစ်ဘူးဟေ့" ဆိုတဲ့ စာသားလေးက ပြန်ပြီးအမှတ်တရဖြစ်စေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်အားမဖြစ်မယ့် လက်ဖ၀ါးတွေအများကြီးထိတွေ့ပြီး လက်ဖ၀ါးချင်းထိ ခတ်နေတာထက်စာရင် အင်အားဖြစ်စေမယ့်လက်ဖ၀ါးလေးတွေပဲ မိမိရရ ချိတ်ဆက်လိုက်တာ က ပိုပြီးအကျိုးကျေးဇူးရှိမှာတော့ အမှန်ပါပဲ။

ခင်မမမျိုး (၂၇၊ ၁၊ ၂၀၁၁)

Sunday, January 23, 2011

အော်ရီဂွန်ပြည်နယ်မှ HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေဈေးရောင်းပွဲ မှတ်တမ်းဓာတ်ပုံများ



မြန်မာနိုင်ငံအတွင်းရှိ HIV လူနာများအတွက် ရံပုံငွေဈေးရောင်းပွဲကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့ IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ(၂၂)ရက် နံနက်(၁၀)နာရီမှ နေ့လည် (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်ကျင်းပမှုကို အော်ရီဂွန်ပြည်နယ်မှ စေတနာ ရှင်မြန်မာမိသားစုများ၊ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများ၊ အော်ရီဂွန်လူငယ်များမှ တက်ကြွ စွာလုပ်အားပေးဆောင်ရွက်ကြပြီး မြန်မာမိသားစု(၁၆)စုနှင့် အော်ရီဂွန်လူငယ်များမှ ဈေးဆိုင် များတည်ခင်းရောင်းချကြပါတယ်။
ဈေးရောင်းပွဲတော်သို့မြန်မာမိသားစုများနှင့်အမေရိကန်မိတ်ဆွေတချို့လာရောက်အားပေးခဲ့ကြပါတယ်။ စုစုပေါင်းလူဦးရေ (၃၀၀) ဝန်းကျင်လာရောက်အားပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကိုစတင်ဖွင့်လှစ်ကာ ကာရာအိုကေသီချင်းများသီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစား အစာပေါင်းစုံတည်ခင်းရောင်းချမှုများကိုအားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်၏အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
ပွဲတော်တွင်တည်ခင်းရောင်းချမှုမှရရှိသော အလှူငွေစုစုပေါင်းဒေါ်လာ(၂၂၀၀)တိတိကို မြန်မာ ပြည်အတွင်းရှိ HIV ဝေဒနာသည်များအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။

Saturday, January 22, 2011

အော်ရီဂွန်မှ လူငယ်များသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား..

Monday, December 27, 2010

ဘိုဘိုကျော်ငြိမ်း သို့  ထပ်ဆင့်တုံ့ ပြန်ချက်

ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက်ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင် အငြင်းအခုန်မလုပ်ချင်တဲ့ကြားထဲကနေ၊ မလွဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံးအကြိမ်အဖြစ် ‘ဘိုဘိုကျော်ငြိမ်းသို့တုံ့ ပြန်ချက်’ကို ပြန် လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါ ပြီ၊၊ ဒါလောက်ဆိုရင် လုံလောက်ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်၊၊ ဟို လူနဲ့ ပြဿနာဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာဖန်တီးလိုက်-ဖြစ်နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့  တကယ့် ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသားမြင်မိ တွေ့မိနေလို့ပါပဲ၊၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ-ဆိုတာကိုပြောသလိုလိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင်ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါလှမ်းပြီး ထိကပါးရိကပါး ထိုးနှက် လာခဲ့တာ တွေ့ရပါတယ်၊၊ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိလိုက်သူတွေလဲ သိလိုက်ကြမှာပါ၊၊

ကျနော်က ယဉ်ကျေးစွာနဲ့ ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို - ကျွန်းကို ပါစေချင်တဲ့ ဦးပေါ်ဦး က ‘ပိတောက်လဲကောင်းပါတယ် - ကျွန်းလဲကောင်းပါတယ်’၊ ‘ပျဉ်းကတိုးလဲ ကောင်းပါတယ်- ကျွန်းလဲ ကောင်းပါတယ်’ လို့ချည်း လျှောက်တင်နေတာကို အမှတ်ရချင်စရာပဲလို့ပြောခဲ့ပါ တယ်၊၊ တကယ်က ‘ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ်- ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’ ‘ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ်- ကျုပ်အဖေဦးကျော်ငြိမ်းလဲ တော်ပါတယ်’လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ် ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်(၃)ချက်ကိုလဲ ကျနော့်ဖက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်၊၊

ဟော အခုတခါ - ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်၊၊ ကျနော့်ရဲ့ တုံ့ ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမ ထဲမှာပဲ -‘ဦးကျော်ငြိမ်း နှင့် တိုင်း ၆ ’- တဲ့၊၊

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့