Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, March 5, 2012

''အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန်ပြင်ဆင်"


အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်
ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစု များ၊ မြန်မာ့ အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ် ကို အော်ရီဂွန်ပြည်နယ် ၊ ပေါ့တလန်းမြို့ ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ်ကွန်ုမြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214.) ၌ မတ်လ(၃)ရက်နေ့ နေ့လည် (၂)နာရီမှ (၅)နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း(၂၅) ဦးခန့်တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲ၏ သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခန်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြ ပါသည်။ တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန် မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့်နှီးနှော ဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပသွားကြရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြပါသည်။ ဆက်လက်၍ ညိုနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်း အဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသောစိတ်ပါဝင်စားသူပြည်ထောင်စုမြန်မာနိုင်ငံ သားများဖြင့် လာမည့် မတ်လ(၂၄)ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံလူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်)၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ လုပ်ဆောင်သွားမည့်ရည်ရွယ်ချက်၊လုပ်ငန်းစဉ်များကို လာမည့်မတ်လ(၂၄) ရက်နေ့တွင်ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, January 23, 2011

အော်ရီဂွန်ပြည်နယ်မှ HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေဈေးရောင်းပွဲ မှတ်တမ်းဓာတ်ပုံများ



မြန်မာနိုင်ငံအတွင်းရှိ HIV လူနာများအတွက် ရံပုံငွေဈေးရောင်းပွဲကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်မြို့ IRCO အားကစားခန်းမတွင် ဇန္နဝါရ်ီလ(၂၂)ရက် နံနက်(၁၀)နာရီမှ နေ့လည် (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်ကျင်းပမှုကို အော်ရီဂွန်ပြည်နယ်မှ စေတနာ ရှင်မြန်မာမိသားစုများ၊ ပြည်သူ့ဂုဏ်ရည်ဝိုင်းတော်သားများ၊ အော်ရီဂွန်လူငယ်များမှ တက်ကြွ စွာလုပ်အားပေးဆောင်ရွက်ကြပြီး မြန်မာမိသားစု(၁၆)စုနှင့် အော်ရီဂွန်လူငယ်များမှ ဈေးဆိုင် များတည်ခင်းရောင်းချကြပါတယ်။
ဈေးရောင်းပွဲတော်သို့မြန်မာမိသားစုများနှင့်အမေရိကန်မိတ်ဆွေတချို့လာရောက်အားပေးခဲ့ကြပါတယ်။ စုစုပေါင်းလူဦးရေ (၃၀၀) ဝန်းကျင်လာရောက်အားပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကိုစတင်ဖွင့်လှစ်ကာ ကာရာအိုကေသီချင်းများသီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစား အစာပေါင်းစုံတည်ခင်းရောင်းချမှုများကိုအားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်၏အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
ပွဲတော်တွင်တည်ခင်းရောင်းချမှုမှရရှိသော အလှူငွေစုစုပေါင်းဒေါ်လာ(၂၂၀၀)တိတိကို မြန်မာ ပြည်အတွင်းရှိ HIV ဝေဒနာသည်များအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, August 8, 2009

(၂၁) မြောက်ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံအခမ်းအနား (အော်ရီဂွန်)



















(၂၁) မြောက်ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံအခမ်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများလှုပ်ရှားမှုကော်မတီမှ ဦးဆောင်ကျင်းပခဲ့ ပါသည်။ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ

၁။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မဆလ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်း ပစ်လိုက်နိုင်သော်လည်း စစ်မှန်သောကြားဖြတ်အစိုးရတရပ် ဖော်ဆောင်နိုင်ရေးကို မလုပ် ဆောင်နိုင်ခဲ့ခြင်း။

၂။ ထိုလူထုအရေးတော်ပုံကြီး၏ အဆုံးသတ်တိုက်ပွဲမဆင်နွဲနိုင်မီ စစ်အုပ်စုမှ ရက်စက်စွာ ဖြိုခွင်း အာဏာသိမ်းခဲ့ခြင်း။

၃။ ထိုအာဏာသိမ်းစစ်အုပ်စုမှ တိုင်းပြည်ကို ၂၁ နှစ်တိုင်တိုင် စစ်ကျွန်ပြုအုပ်ချုပ်မှုခံရခြင်း စသည့်အခြေအနေပေါင်းစုံသည် လတ်တလောဗမာပြည်သူလူထုတရပ်လုံး ခံစားနေရသော လက်ငင်းလူမှုရေး အနိဌာရုံများအဖြစ် တည်ရှိနေပေသည်။ ထိုအနိဌာရုံများမှ ပြည်သူလူထု ရေးတရပ်လုံးလွတ်မြောက်ရေးအလို့ငှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲ ဝင်သွားရေးနှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် စစ်အုပ်စုအလိုကျ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီိး ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ဒီကနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။

ဒီကနေ့အခမ်းအနားကို အော်ရီဂွန်ပြည်နယ်ရောက် မကဒတရဲဘော်ဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ ဇိုမီးအမျိုးသားကွန်ဂရက်မှ ရဲဘော်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရိုဟင်ဂျာအမျိုးသားများ၊ ဒီမိုကရေစီလိုလားသော မြန်မာပြည်သူပြည်သားများ စုပေါင်းဆင်နွဲခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးမှပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၏ စိတ်ဓာတ်ကိုကိုင်စွဲကာ စစ်အုပ်စုအား ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားရန် ရဲဘော်အသီးသီးမှ ဆွေးနွေးဟောပြော သွားခဲ့ ကြပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, July 20, 2009

မမေ့ထက်နိုင်တဲ့ အာဇာနည်နေ့...။







(၆၂)နှစ်မြောက် အာဇာနည်နေ့အခန်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့မှာ ဒီက နေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခန်းအနားကို အော်ရီဂွန်ပြည်နယ်မြန်မာ့ ဒီမိုကရေစီရေးလှုပ် ရှားမှုကော်မတီနဲ့ အာဇာနည်နေ့ကို အလေးထားတန်ဘိုးထားကြတဲ့ တိုင်းရင်းသားညီအကိုများ စုပေါင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခန်းအနားမှာ အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ရဲဘော်ထွန်းထွန်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အဖိုးဦးအုံးတင်၊ အာဇာနည်ဆိုတဲ့အ ကြောင်းကိုရဲဘော်သန်းဝင်း (မကဒတ ရဲဘော်ဟောင်း)၊ မျိုးဆက်သစ်များရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင်ကိုရဲဘော်ပါပေါင်း (ဇိုမီးအမျိုးသားကွန်ဂရက်)၊ အာဇာနည်ခေါင်းဆောင်ကြီး များအတွက် ဂုဏ်ပြုကဗျာကို ရဲဘော်လှစိုး(မကဒတရဲဘော်ဟောင်း) တို့မှ အသီးသီးပြောကြား၊ရွတ်ဖတ်သွားကြပါတယ်။
ဆက်လက်ပြီး ခရစ်ယန်ဘာသာနဲ့အစ္စလမ်ဘာသာတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရည်စူး ဆု တောင်းမေတ္တာပို့သကြပြီး သီရိမင်္ဂလာကျောင်းဆရာတော်မှ အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တဲ့ ဩဝါဒစကားနဲ့ ရေစက်ချတရားတော်ဟောကြားခြင်း တို့ကိုပြုလုပ်ပေးပါတယ် ဆက်လက်ပြီး ဆရာတော်အား နေ့ဆွမ်းဆက်ကပ်လျှူဒါန်းကြပြီး အခန်းအနားကို တက်ရောက်လာသော မြန်မာနိုင်ငံသား(၁၀၀)ကျော်ကိုလဲ နေ့လည်စာထမင်းနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။
ဒီအခန်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို ကိုထွန်းထွန်းမှရှင်းပြရာမှာ “ဒီကနေ့ တိုင်းပြည်အာဏာ ကို မတရားရယူထားတဲ့ နအဖစစ်အုပ်စုဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းတွေကို ဖျောက် ဖျက်ဘို့ စနစ်တကျကျိုးပမ်းနေတဲ့အချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တန်ဘိုး နဲ့သမိုင်းကို ရောက်တဲ့အရပ်မှာဖေါ်ထုတ်ရမှာက မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်လို့ ဒီအခန်းအနားကို စီစဉ်ကျင်းပရတာပါ” လို့ပြောကြားသွား ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, July 6, 2009

ယူတီကာညီလာခံ အောင်မြင်စွာကျင်းပပြီးစီး......။








မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင် အားစုများ မဟာဗျုဟာညီလာခံတရပ်ကို မြောက်အမေရိကတိုက်ရှိ မြန်မာ့ဒီမိုကရေစီအင်အား စုများဖြစ်သော သံဃာ့ခေါင်းဆောင်များ၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေးအကျဉ်း သားဟောင်းများ၊ တိုင်းရင်းသား ညီအကိုများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ NLD ပါတီဝင်များ၊ (FBF)မှ အဖွဲ့ဝင်များစုပေါင်းပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ယူတီကာမြို့မှာ ဂျူလိုင်လ(၃)ရက်၊ (၄)ရက် နှစ်ရက်တိုင်ကျင်းပခဲ့ပါသည်။

၎င်းညီလာခံမှ ညီလာခံကျင်းပရခြင်း၏ အခြေခံမူပေါ်လစီ (၃) ရပ်ချမှတ်နိုင်ရေးအတွက် (၃) လခန့် ကြိုတင် ပြင်ဆင်ကာ အပတ်စဉ်တယ်လီဖုန်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး အောက်ပါ အခြေခံမူ(၃)ရပ်ကိုချမှတ်ကာညီလာခံကိုကျင်းပခဲ့ပါသည်။

(က)၂၀၁၀ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်ရေး။ (ခ) စစ်အာဏာရှင်စနစ်ကို ထိပ် တိုက်ရင်ဆိုင် တိုက်ပွဲဝင်ရေး(နည်းလမ်းပေါင်းစုံ)။ (ဂ) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးဟူသော မူသုံးရပ်ကို ညီလာခံမှ အတည်ပြုခဲ့ကြပြီး စစ်အာဏာရှင်စနစ်အား “ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ဖျက်သွားရေး” ဟူသော မဟာဗျူဟာကိုချမှတ်နိုင်ခဲ့ပြီး ရှေ့လုပ် ငန်းစဉ်များချမှတ်ကာ တိုက်ပွဲစဉ်အဆင့်အလိုက် ရှင်းလင်းစွာ ပြတ်ပြတ်သားသားဆောင်ရွက် နိုင်ရေးအတွက် ကော်မတီ (၆)ရပ် ကိုဖွဲ့စည်းခဲ့ကြပါသည်။ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ် သားသားတိုက်ပွဲဝင်မည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို ကျယ်ပြန့်သော မြန်မာ့ အမျိုးသားကွန်ဂရက်တရပ်ကို ဖွဲ့စည်းနိုင်ရန် အင်အားစုအသီးသီးသို့ ကမ်းလှမ်းပြီး၊ စုစည်း ညီညွတ်စွာ စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များမှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပြီး။ နောက်ဆက်တွဲ ထုတ်ပြန်ချက်များ၊ ညီလာခံအတွင်း တင်သွင်းခဲ့သောစာတမ်းများ၊ ညီလာခံ၏ အသေးစိတ်ဆုံးဖြတ်ချက်များကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, May 23, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပတ်စဉ် ဆန္ဒပြပွဲ




Oregon ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြွေးကြော် ဆန္ဒပြပွဲကို အပတ်စဉ်ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် လက်ကမ်းစာစောင်များဝေငှပြီး အောက်ပါကြွေးကြော်သံများနှင့် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, May 17, 2009

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း






၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မခြင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။


ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုပါက အောက်ပါရဲဘော်များထံမှ ခွင့်ပြုချက်တောင်းဆိုပါရန် ပန်ကြားအပ်ပါ သည်။

ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)

ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)


ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)

အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, April 11, 2009

အော်ရီဂန်ပြည်နယ်မှ မြန်မာ့သင်္ကြန်

မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲအော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့တွင်ကျင်းပတဲ့ ရိုးရာသင်္ကြန်ပွဲပါ။ ဒီပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှုဆန်စွာ သင်္ကြန် သံချပ်၊မြန်မာ့သမီးပျိုလေးများ ရဲ့ယိမ်းအက၊သင်္ကြန်သီချင်းများ၊ခေတ်ပေါ်တေးဂီတ စသည့် ဖြင့်တင်ဆက်သွားးကြပါတယ်။ လာရောက်အားပေး သူမြန်မာနိုင်ငံသား၊ မိတ်ဆွေအမေရိကန် များနှင့် အသီးသီးသောပရိသတ်များအား မြန်မာ့ရိုးရာအစားအစာမျိုးစုံလင်စွာဖြင့် တည့်ခင်း ဧည်ခံခဲ့ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သက်ကြီးပူဇော်ပွဲကိုလဲ ကျင်းပခဲ့ကြပါတယ်။



သက်ကြီးရွယ်ကြီးများကို ကြွရောက်လာကြသော ပရိတ်သတ်များမှ ကန်တော့ကြပြီး သမီိးငယ်လေးများက ပူဇော်ပစ္စည်းများကို လှူဒါန်းနေကြစဉ်


သမီိးငယ်လေးများက သင်္ကြန်ယိမ်းအကနှင့် ဖျော်ဖြေနေကြစဉ်


အဆိုနှင့်အက တွဲဖက်ဖျော်ဖြေနေကြစဉ်


ပေါ့လန်းလှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်းအက


မန်းတောင်ရိပ်ခိုသီချင်းနှင့် ပရိတ်သတ်အားလုံး ပျော်ရွှင်စွာ အဆုံးသတ်ကြစဉ်


နောက်ရက်တွေမှာ ဗွီဒီယိုသတင်းတွေကို ဆက်တင်ပြသွားပါမယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, March 30, 2009

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)


လာမဲ့ ဧပြီလ(၁၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရောက် မြန်မာလူ ငယ်တွေရဲ့ ရိုးရာအတာသင်္ကြန် ဖိတ်စာပါ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်နေ ကြသော်လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကိုတော့ တခုတ်တရ တမ်းတမိကြတာပါ။ မိဘတွေ နဲ့အတူ အမေရိကားကိုရောက်လာကြတဲ့ ခလေးတွေ၊လူငယ်တွေကိုလဲ ရိုးရာသင်္ကြန်ရဲ့ အစဉ် အလာတွေကို ဆက်လက်လက်ဆင့်ကမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်သင်္ကြန်မဏ္ဍပ်ကို မွေးဖွားလိုက်ကြတယ် ဆိုပါတော့။ ဖိတ်စာမှာပါတဲ့ ပန်းချီလေးကိုတော့ ကျနော်တို့ရဲ့ရဲဘော်ကြီး ပန်းချီသစ်နက်ဆူး ဘလော်ဂါ ဆူးပြတိုက် က နော်ဝေနိုင်ငံကနေ မေတ္တာနဲ့ရေးဆွဲပေးလိုက်တာပါ အထူးလဲကျေးဇူးတင်ရပါတယ်။


ဖိတ်စာမရကြပေမဲ့ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလဲ မျှဝေလိုက်ပါတယ် မုဒိတာပွားနိုင်ကြ ပါစေ လာရောက်ဆင်နွှဲဘို့ကိုလဲ အားလုံးကိုဖိတ်ခေါ်ပါရစေ။ မြန်မာ့ရိုးရာအစားအစာ၊ ရိုးရာ သံချပ်၊ မြန်မာ့သမီးပျိုလေးတွေရဲ့ မြန်မာ့အက၊ တေးဂီတအစီအစဉ် စသည့်စသည်ဖြင့် တင်ဆက်၊ဆင်နွှဲကြမှာဖြစ်တဲ့အကြောင်း သတင်းပါးလိုက်ရပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, March 13, 2009

အထက်ဗမာပြည် ဗကသရဲ့ ဖုန်းမော်နေ့ထုတ်ပြန်ကြေငြာချက်

bkt

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, September 18, 2008

မိုင် ၃၀၀၀ ပြီးတော့ သံဃာတွေနဲ့အတူ မိုင် ၃၀၀

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, August 25, 2008

I C ရဲ့ နာဂစ်ရံပုံငွေ ဂီတဖျော်ဖြေပွဲကြီး...


အလင်းရောင် လက်ဖြာည … သို့မဟုတ် … လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ …

ညနေ ၄း ၄၀ နာရီ။
မိုးရွာပြီးစ ကောင်းကင်က ခပ်မှိုင်းမှိုင်းဖျော့တော့နေချိန် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီး ရှေ့မှာတော့ သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေနဲ့ လူငယ် ထောင် ပေါင်းများစွာ စုရုံး ရောက်ရှိနေကြတယ်။ သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းနေတယ်။ သူတို့တတွေကို လုံထိန်း ရဲကားတွေ၊ အချူပ်ကား တွေနဲ့ ရာပေါင်းများသော လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတယ်။
ဒါပေမယ့် ဒီလူငယ်တွေက လုံထိန်းရဲတွေကိုသတိမမူအား အချင်းချင်းစကြနောက်ကြနဲ့ ပျော်ရွှင်လို့နေကြတယ်။ သူတို့တွေ ဟာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲလာရောက်ကြတဲ့လူငယ်တွေပါ။
“လက်မှတ်တွေ ၁၃၀၀၀ နော်၊ ကုန်တော့မှာ”ဆိုတဲ့လက်မှတ်ရောင်းတဲ့သူတွေရဲ့အသံတွေကလည်း ဆူညံ နေတယ်။ မြန်မာ ပြည်မှာ ဈေးအကြီးဆုံးလို့ဆိုနိုင်မယ့် စတိတ်ရှိုးလက်မှတ် တစောင် ကျပ် ၁၅၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ဈေးနှုန်းတွေဟာ များပြားလွန်းလှတဲ့ ဈေးနှုန်းဖြစ်ပေမယ့်စတိတ်ရှိုးငတ်နေတဲ့ လူငယ်တွေကတော့ ဈေးနှုန်းကို ဂရုမထား၊ အံ့သြဖွယ်ကောင်း လောက်အောင် ရုံပြည့်ရုံလျှံဝယ်ယူအားပေးကြလို့ ရက်ပိုင်းအတွင်း လက်မှတ်တွေရောင်းကုန်သွားတယ်။ မူလ က ၂၄ ရက် တရက်တည်းကျင်းပဖို့ စီစဉ်ထားပေမယ့် လက်မှတ် မရလိုက်တဲ့ သူတွေအများအပြားရှိတာမို့ ၂၅ ရက်ကိုပါထပ်ပြီး ပွဲကျင်းပ ဖို့စီစဉ်ခဲ့တာလို့ရှိုးပွဲ စီစဉ်သူ ALPINE သောက်ရေသန့် ကုမဏီက တာဝန်ရှိသူ တဦးကဆိုပါတယ်။
သုဝဏ္ဏအားကစားရုံကြီးရှေ့မှာ လူတွေ၊ ကားတွေ၊ ဈေးသည်တွေ၊ ရဲတွေ ရှုပ်ယှက်ခတ်နေတယ်။ ရှိုးပွဲကျင်းပမယ့် အားကစားရုံထဲဝင်ဖို့ တန်းစီနေတဲ့ လူတန်းကြီးကလည်း ရထားတန်းကြီးပမာ ရှည်လျားလွန်းလှတယ်။

ညနေ ၅ နာရီ။
သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ဂီတကို ချစ်မြတ်နိုးကြတဲ့ လူကြီးလူငယ် အရွယ်မျိုးစုံ မိမိတို့လက်မှတ် ၀ယ်ယူ ထားရာနေရာအသီးသီးကို ရောက်ရှိနေရာယူကြတယ်။ တချို့က ထိုင်ခုံတွေမှာနေရာယူနေကြသလို တချို့ ကတော့ မတ်တတ်ရပ် အားပေးဖို့ ဟန်ပြင်နေကြတယ်။
ALPINE သောက်ရေသန့်နဲ့ မြန်မာဘီယာဆိုတဲ့ ဆိုင်းဘုတ်တွေက ရုံအတွင်းမှာ ပြည့်နှက်နေရာယူထားတယ်။ တေးဂီတ ဖျော်ဖြေမှုပေးမယ့် စင်ကြီးကတော့ သံတိုင်တွေနဲ့တည်ဆောက်ထားပြီး ခန့်ညားလွန်းလှတယ်။ တေး ဂီတစင်ကို ပရိုဂျက် တာတွေနဲ့တန်ဆာဆင်ထားပြီး အနီရောင် i နဲ့ c ဆိုတဲ့ စာလုံးကြီးနှစ်ခုကလည်း စတိတ်ရှိုး စင်ကို ပိုပြီးထင်ရှား ပေါ်လွင်စေ တယ်။ ပရိုဂျက်တာပေါ်မှာကတော့ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းနဲ့မျိုးကြီး တို့ရဲ့ ပုံရိပ် လေးခု နဲ့ IRON CROSS ဆိုတဲ့ စာတန်းကြီး ထိုးထားပြီး နောက်ခံ ရော့ခ် တေးဂီတအသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။
ညနေ ၅ နာရီ ၁၁ မိနစ်။
ပရိုဂျက်တာပေါ်မှာ မြစ်ပြင်ကျယ်တွေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တံငါတွေ၊ ဆော့ကစားပြေးလွှားနေတဲ့ ကလေးငယ်ပုံ ရိပ်တွေက လှုပ်ရှားသက်ဝင်ပြသတယ်။ အဲဒီနောက်မှာတော့ လျှပ်စီးလျှပ်လက်ရောင်တွေထပြီး မုန်တိုင်းဒီရေတွေတက်လာ တဲ့ ပုံတွေ တခုတခုပြီး ပြသတယ်။ ပြီးတော့ ငိုကြွေးနေတဲ့ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်တွေရဲ့ပုံတွေက ဆက်တိုက်ဆိုသလိုပေါ်ထွက်လာတယ်။
“အားလုံးရဲ့ မျက်ရည်ကိုယ်စီဆုတောင်းခြင်းများနဲ့…..ဒီကမ္ဘာမှာကျခဲ့ရ ၊ မိဘမဲ့ကလေးများ အမေရေ ခေါ်တဲ့ အသံများလား …”ဆိုတဲ့“နေရောင်အောက်က အသက်ရှုသံများ”သီချင်းကို မျိုးကြီး၊ လေးဖြူ၊ အငဲ နဲ့ ၀ိုင်ဝိုင်းတို့ သံပြိုင်စတင်သီဆိုလိုက်ချိန် မှာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ သီချင်းကို သံပြိုင်လိုက်လံသီဆိုတဲ့ အသံတွေ က အားကစားရုံတခုလုံးလျှံထွက် ဖုံးလွှမ်းသွားတယ်။
အဲဒီသီချင်းပြီးတဲ့ နောက်မှာတော့ အဆိုတော် အငဲက “အချစ်ကခါး” သီချင်းဆိုပါတယ်။ ပရိသတ်တွေက ခုန်ပေါက်ကကြ သလို တချို့ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်လေးတွေက အငဲ လို့အော်ပြီး မျက်ရည်တွေ ကျကြတယ်။ တချို့ ဆယ်ကျော်သက် အမျိုးသားလူငယ်တွေကလည်း အင်္ကျီတွေချွတ်လို့ ကခုန်ကြတယ်။
နာမည်ကျော်အဆိုတော်တွေဖြစ်တာနဲ့အညီ ပရိသတ်ရဲ့အားပေးမှုကလည်း ကြောက်ခမန်းလိလိ။ ပရိသတ်ကြိုက် နှစ်သက် ပြီးသား နာမည်ကြီး ရော့ခ်တေးသီးချင်းတွေ၊ အချစ်သီချင်း အေးအေးလေးတွေကို အငဲနဲ့ ၀ိုင်ဝိုင်းတို့က ဆက်တိုက် သီဆိုကြပါတယ်။
ညနေ ၅ နာရီ ၃၈ မိနစ် မှာတော့ ...
ဘယ်တော့မှ စတိတ်ရှိုးမဆိုတော့ပါဘူးလို့ ကြေညာထားတဲ့ အဆိုတော်ကြီး လေးဖြူ တကိုယ်တော်ဖျော်ဖြေသီဆို ဖို့ပြင်ဆင် ချိန်မှာ တော့ ပရိတ်သတ်တွေက “လေးဖြူ” “လေးဖြူ”ဆိုပြီး ညာသံပေးအော်ဟစ်သံတွေက သုဝဏ္ဏ အားကစားရုံ ပြင်ပ ထိအောင် ဟိန်းထွက်သွားတယ်။
“ခင်ဗျားတို့နဲ့အတူ နာဂစ်လေဘေးဒုက္ခသည်တွေအတွက် ကုသိုလ်ပြုရတာ အရမ်းပျော်ရွှင်ပါတယ်။ အားလုံး မင်္ဂလာပါ”လို့ လေးဖြူနှုတ်ခွန်းဆက်ပြီးချိန်မှာတော့ ပရိသတ်ရဲ့ လှုပ်ရှားမှုတွေက လေးဖြူ သီဆိုတဲ့ ရော့ခ် သီချင်းတွေမှာ နစ်မျောခုန် ပေါက်ကြတယ်။ ပွဲစချိန်ကတည်းက ရုံပြည့်ရုံလျှံနေတဲ့ လူအုပ်က ပွဲစပြီး ၄၅ မိနစ် လောက်အကြာမှာ ပို၍ပို၍ များပြား လာပါတယ်။
“ဒီပွဲလောက်ပရိတ်သတ်များတာ တခါမှ မမြင်ဖူးဘူး။ အတော်ကို အားရစရာကောင်းတယ်”လို့ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် တဦးက မှတ်ချက်ပြုတယ်။
နာမည်ကျော် ဟစ်ဟော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ “အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးပွဲပါပဲ။ အားကျမိပါတယ်” လို့ စတိတ်ရှိုးပွဲကို ခုန်ပေါက် အားပေးကခုန်ရင်း မှတ်ချက်ပေးတယ်။
ရော့ခ်သီချင်းတွေသီဆို နာမည်ကြီးတဲ့ အမျိုးသမီးအဆိုတော် ကော်နီကလည်း “ပရိသတ်များနဲ့အတူတူ ပျော်ရွှင်ရပါတယ်။ ဂုဏ်ယူပါတယ်”လို့ ရယ်မောစွာနဲ့ တုံ့ပြန်မှတ်ချက်ပြုတယ်။ စူးရှတဲ့ အသံနဲ့အချစ်သီချင်းတွေရော၊ ရော့ခ်သီချင်းတွေပါ သီဆို နိုင်တဲ့ ပရိသတ်အချစ်တော် ချောစုခင်ကလည်း “ဘာဖြစ်ဖြစ် အခုလို ကိုလေးဖြူစတိတ်ရှိုးပြန်ဆိုတဲ့အတွက် ပရိသတ် အတွက်ရော ချောစုကပါ အရမ်းပျော်တယ်။ ဒီနေ့ ၂၄ ရက်နဲ့မနက်ဖြန် ၂၅ ရက်ပါ ၂ ရက်စလုံး ကိုလေးကို အားပေးမယ်။ မကြည့်ရတာကြာပြီဖြစ်တဲ့ ကိုလေး ရဲ့ ဖျော်ဖြေတာ ပြန်ကြည့်ရတဲ့အတွက် အရမ်းမိုက်ပါတယ်”လို့ သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပါတယ်။
စတိတ်ရှိုးပွဲကိုလာကြည့်တဲ့ ပရိသတ်အရေအတွက်က ခန့်မှန်းဖို့ခက်လောက်အောင် များပြားလွန်းလှတယ်။ ပွဲလုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးဝန်ထမ်းတဦးကတော့ အနည်းဆုံး ငါးသောင်းကျော်ရှိမယ်လို့ ခန့်မှန်း တယ်။ ပရိသတ်တွေထဲမှာ နိုင်ငံခြားသားတွေ တော်တော်များများကိုလည်း တွေ့ရတယ်။
ပရိသတ်အချစ်တော် လေးဖြူ၊ ၀ိုင်ဝိုင်း၊ အငဲနဲ့မျိုးကြီးတို့ဟာ သီဆိုဖျော်ဖြေချိန်မှာ ပရိသတ်ဘက်ကို မိုက်ကရိုဖုန်း ကို ထိုးပေးပြီး ပရိသတ်ရဲ့သံပြိုင်သီချင်းလိုက်လံသီဆိုမှုကို အသိအမှတ်ပြုရင်း ပရိသတ်ကိုလည်း အရွှန်းဖောက် ပါတယ်။
“ပရိသတ်ကြီး မျိုးကြီးမြှောက်ပေးတိုင်း အင်္ကျီတွေချွတ်မနေကြနဲ့ အအေးပတ်ကုန်လိမ့်မယ်”လို့ အဆိုတော်အငဲက ပြောတော့ ပရိသတ်တွေကလည်း ရယ်ကြတယ်။
လေးဖြူကလည်း “ရောမီသောဖော (တရုတ်ကားထဲကပုံစံအတိုင်းလုပ်ပြ)”ဆိုပြီး ပရိသတ်ကို နောက်တယ်။
တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ပရိသတ်နဲ့ အဆိုတော်တွေ အပေးအယူ မျှမျှ အတိုင်အဖောက် ညီလာ ကြတယ်။ အဆိုတော်တွေက ပရိသတ်ကို အစွမ်းကုန်ဖျော်ဖြေ ကြသလို ပရိသတ်တွေကလည်း ပွဲကို စည်းကမ်း ရှိရှိ ရန်ပွဲမရှိအား ပေးနေကြတယ်။
ည ၉ နာရီ မိနစ်၂၀ အချိန်ကျတော့ …
အဆိုတော်လေးဖြူက “ဒီညလေးကိုတော့ ဘယ်လိုမှမေ့လို့ရတော့မှာမဟုတ်ပါဘူး” လို့ပြောပြီး ပွဲကို နိဂုံးချူပ်ဖို့ ပြင်တော့ ပရိသတ်တွေက အော်ဟစ်ပြီး သီချင်းတောင်းကြတယ်။
ပရိသတ် တောင်းဆိုမှုကြောင့် လေးဖြူက နောက်ထပ်သီချင်းနှစ်ပုဒ် ထပ်ဆိုပေးမယ်။ မနက်ဖြန်ကျရင်လည်း ကျနော်ဆွဲရ ဦးမယ် (သီချင်းထပ်ဆိုရဦးမယ်)။ အဲဒီတော့ နှစ်ပုဒ်ပြီးရင် ပွဲနားကြပါစို့လို့ တောင်းပန်ပါတယ်။
ည ၉နာရီ ၃၀ မိနစ်အချိန် မှာတော့ …
အဆိုတော် လေးဖြူက နောက်ဆုံးပွဲသိမ်းသီချင်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော နာမည်ကြီး သီချင်းဖြစ်တဲ့ “အလင်းရောင်” သီချင်းကို ဖျော်ဖြေတော့ ပရိသတ်ကလည်း သီချင်းကို သံပြိုင်အော်ဟစ်သီဆိုကြတယ်။ တချို့ပရိသတ်တွေက မီးခြစ် ကိုခြစ်ပြီး မီးတောက်လေးတွေကို ဝှေ့ယမ်းပြီး လွမ်းလွမ်းဆွေးဆွေးအားပေးကြတယ်။
ပွဲကို လာရောက်အားပေးတဲ့ အသက်၂၀ ကျော်အရွယ် ပြင်သစ်နိုင်ငံသူလေးတဦးရဲ့မျက်နှာမှာ မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတယ်။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် သီဆိုကြတဲ့ အဆိုတော်တွေနဲ့ အားပေးကြတဲ့ ပရိသတ်ကို မြင်တွေ့ရတာ သူမအဖို့ဝမ်းသာလွန်းလို့ မျက်ရည်ကျတာပါလို့ ပြောတယ်။
ည ၉ နာရီ ၄၀ မိနစ် အချိန်မှာပဲ …
နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ဖျော်ဖြေတဲ့ရန်ပုံငွေ စတိတ်ရှိုးပွဲက အောင်မြင်အေးချမ်းစွာနဲ့ အဆုံးသတ်သွား ပါတော့တယ်။ ။

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, July 8, 2008

ဒေါက်တာလွမ်းဆွေရဲ့...အိပ်ဖွင့်ပေးစာ

ပြည်တွင်းပြည်ပ ခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-၇-၀၈)
လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပအတိုက်အခံခေါင်းဆောင် များသို့ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ


မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သား တစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက် ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။

နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမ ဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန် အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အ ရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာ ၀န်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟို ကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်းအားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက် လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိ သည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင် တောင်းပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက် နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာ ရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါ ရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အ ထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်း ပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။

တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)


myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့