Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, July 19, 2010

၆၃ကို တိုင်တည်ခြင်း



၆၃ကို တိုင်တည်ခြင်း

ကြာနေပြီ ---
ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်၊
မကောင်းဆိုးဝါးခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ၊
ခံစားမှုစာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်၊
ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ၊
မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့ ။ ။

ဒေါင်းနီ
ဝ၇ - ၁၆ - ၂ဝ၁ဝ

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, October 14, 2009

(ဦးညွတ်ခြင်း)...

ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီတဲ့
ရင်ကိုခွင်းတဲ့သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..
သေတဲ့အထိတိုက်တဲ့ရဲဘော်
အကသ တဲ့
အခုတော့မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။

ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့စတဲ့ ကျောင်းသားတွေ..။

သူတို့ယုံကြည်တာ
စေ့စပ်ရေးကြေအေးရေးမဟုတ်
အညံခံရေးမဟုတ်
တိုက်ပွဲဝင်ရေး
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။

အာဇာနည်တွေလေ
ပေးခဲတဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခတ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစလွှင့်သူများ
သတိသာထားဗျာ
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ်မကြံလေနဲ့
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိကြုံကြရမယ်ကွယ်ရို့…။

ထွဏ်းထွဏ်း (လူ့ဘောင်သစ်)

(ကိုသက်ဝင်းအောင်ကျဆုံးခြင်း (၃) နှစ်ပြည့် အမှတ်တရ)

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, September 12, 2009

အိုဘယ့် … တမာန်တော်


၁ -
ဟော့ဒီ တ၀ါးဝါးအော်နေတဲ့ အမှောင်ထဲ
မြွေတကောင်ရဲ့ တွန်သံတွေလို
ကြယ်တွေကို ကလူ၊ ကောင်းကင်ကိုဖြတ်
အိမ်မက် သစ်ပင်ပေါ် ခပ်ဖွဖွခြေသံ
ငါ့အမက်မောဆုံး မှိုင်းတိုက်ခံရခြင်းအတွက်
ခေတ္တနားဆင်ပါ …
အို.. ညရဲ့ဂုတ်ပေါ် ခွစီးထားတဲ့ လေချွန်သံပွဲတော်။

၂ -
မည်းနက်နက် ညဝတ်ရုံပေါ် ရှပ်တိုက်ပြေးနေတဲ့
အိုဘဲ့ ခရီးသည် …. ၊
သူမရဲ့တဖက်မှာ ငါ့ပျိုးပင်တွေ ခါးကိုင်းနေလေရဲ့
ငါ့မြို့လယ်ကွက်ထဲ ၊ ပတ်ကြားအက် နှုတ်ခမ်းတစုံဟာ
ခပ်ရိုင်းရိုင်း သက်ပြင်းထဲ ပျိုးကြဲရင်း
ဒရွတ်တိုက်ဆွဲ၊ အသေကောင် ဖြစ်မဲ့အကြောင်း
ပြောပြပါကွဲ့ ... … ။

သွတ်ချာပါဒ ငါ့ဇာတိက အတွက်
နုံချာချာ အိတ်တလုံးနဲ့ တိမ်ဖုံးခြင်းကိုဖေါက်
လမ်းပျောက်နေတဲ့ ရေစီးကြောင်းကိုလဲ
သီချင်းဟောင်းတပိုဒ် ဆိုပြပါ၊
ငါ့ဝတ္တုကို ကျောပေါ်တင်ရင်း
သင့်ရှေ့
ကုန်ကြမ်းထုပ်၊ ကုန်သည်လက်
မင်းအဆက်ဆက် အမွေပေးပုံ
ပြန့်ကျဲနေတဲ့ ငါ့ဆံရိုင်းနဲ့ ဒုန်းစိုင်းပါလှည့် … …။

သင့်ရဲ့အောက်က အအိပ်မက်မြစ်ရဲ့
ပခုံးသားကိုရိုက်ပါ၊ သူလဲ ငါ့ဇက်ကြိုးကိုကိုင်သူပေါ့၊
အစွယ်ဖွေးဖွေးနဲ့ ဟိန်းဟောက်တတ်တဲ့ ညနာရီတွေ
ရူးသွတ်သော အသေကောင်တွေအပေါ်
ခတ်ဖွဖွ ခြေလှမ်းနဲ့၊ ခပ်ကိုင်းကိုင်းမိုးကုပ်အစ၊
အရိုးထုပ်နေတဲ့ လွင်ပြင်ဘဝမှာ
သရဖူကိုဆောင်း အကြမ်းဆုံးသော စကားဆို
ဗျတ်စောင်းအိုရဲ့ နောက်ပိုင်းတေးနဲ့
ကြယ်တွေကိုလဲ ခူးယူပါကွဲ့ … …။

၃ -
ပါးရေတွန့် ပင်လယ်ရဲ့ သောင်ပေါ်မေးတင်
မြွေတကောင်ရဲ့ မျက်ခုံးမွှေးစပ်မှာ
မြေမြုတ်နေတဲ့ ငါ့ချစ်သူပေါ့၊
မင်း သတင်းစာတွေရဲ့ အဆုံးသပ်ခြင်း
ငါ့နှုပ်ခမ်းနဲ့ နမ်းထားတဲ့ ပေးစာဆိုပါတော့၊
အန်ချပါကွဲ့ အို ….. ခရီးသည် …
လက်ပြတတ်တဲ့ သင်္ဘောတစင်းရဲ့ ခြေဖနောင့်နားက
လေဘာလျှောက် သက်ပြင်းတို့ နံရံ ပွင့်တဲ့အကြောင်း၊
နာရီစင်ပေါ်က ခြေစုံရဲ့ လေပေါ်အနမ်း
အလင်းတိုင် မျက်နှာဝရဲ့ ပြောင်းပြန်ကျမျက်ရည်ပေါ်
ကိုယ်လုံးတီးဦးနှောက်ရဲ့ ကျဆုံးသော ပျိုးပင်၊
အရိုးစင်ပေါ်တင်ထားတဲ့ “ချစ်ခြင်း”
အဆိပ်မိ တွဲလွဲခို စို့နင့်ခြင်း သရဖူ
ရင်ဘတ်ဟောင်းလောင်းရဲ့ ချစ်သူလှိုင်းပုပ်အရပ် ….။

အို …. သေချာကြည့်လိုက်ပါ
ခရုကောင်တွေ ထုပ်ပိုးထားတဲ့ အနှစ်သက်ဆုံး
မျက်ရည်လှောင်တမံ၊ ကုန်းထဖို့ပြင်နေတဲ့ စကားထွက် အရပ်
ငါ ပျိုးကြဲခဲ့၊ အနမ်းလယ်နှစ်ဧက
ပင်လယ်ကိုပစ်ပေါက်မဲ့ သတင်းလွှင့်ရေဒီယိုနဲ့
ငါ့ကို လိမ်လည်ထားတဲ့ သားကောင်တွေအကြောင်း စလုံးပေါင်းရင်း၊
ခပ်ဝေးဝေးက
တယောတလက်
ကျောက်ဆောင်
မှန်တချပ်နဲ့
မုန်းတိုင်းဆင်ပါကွဲ့ ….။

၎ -
ပင်လယ်ကို သွေးထိုးစမ်းမယ့် ငါ့တမာန်တော်
ငါ့မွေးနေ့ပေါ်က လက်မှတ်တခုနဲ့
သူ့မွေးနေ့ရဲ့ လက်ပြ ခြေတစုံထဲက
တယောထိုးခြင်း အတတ်တွေကို သင်ပြကွဲ့၊
စတ်လစ်စလစ်မြို့ရဲ့ အန်းမဲ့ ကပ်ဆိုက်ခြင်း
နံရံကပ် ဦးနှောက် ပိုစတာထူပွဲတွေမှာ
စလုံးမပေါင်းတတ်သေးတဲ့ ပေါင်းကူးတံတားအတွက်
အိမ်မက်တွေ မ တင်မယ့်ညကို သရဏဂုံတင်ခိုင်းပါ။

ရှုံးနိမ့်လဲကျ ရွှံရောင်သရဖူရပ်ဝန်းရဲ့
အလေးပြု ကုန်းထမဲ့၊ ရေပန်း
ဆာလောင်သောကလေးရဲ့ တွန်းလှန်အလံဖြူ
ရဲဝံ့မဲ့ ပစ်ကွင်းတခုပေါ်က မြားနှစ်စင်း
အသိဥာဏ်ကို ခွစီးမဲ့ မျိုးစေံ ပိရမစ်၊ ဒါဟာ
မြက်ပင်နဲ့ မိုးကုပ်အစပ်ကြားမှာ ခုံးထလာမယ့်
သံစဉ် ၇ မျိုး ရှာဖို့လိုကြောင်း သွေးထိုးစမ်းပါကွဲ့ …။

၅ -
တာဝန်ကျေစွာ ကျောပိုးအိတ်ကို ဖြည်ချတဲ့
အိုဘဲ့ … ငါ့ရဲ့ တမာန်တော် …
ကျေးဇူးတင်စွာ ငါတုန့်ပြန်၏၊
ငါဆိုတာကိုလဲ ငါရုပ်သိမ်းရဲ၏၊
အဓိပ္ပါယ်ရှိတဲ့ ငါ့အလံကို ပင်လယ်ပေါ်ဖြန့်ရင်း
တထပ်တည်းကျ ခြေရာတစုံ ဖြစ်ခဲ့ရင်
သက်ပြင်းတို့ရဲ့ တံခါးဖွင့်ပွဲ အရက်သောက်ခြင်း
စနေ ပေါ် ကျထားတဲ့ မျက်ရည်၏ အရောင်ပြောင်းလဲခြင်း
ငါ့မြေကြီးတို့နဲ့ ဖွဲ့စည်းထားတဲ့ နှုတ်ခမ်းတခု
…….. ဒါဆို
ကျေးဇူးတင်စွာ ငါ တုန့်ပြန်၏
ငါ ဆိုတာကိုလည်း ငါ ရုပ်သိမ်း၏။

KN

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, September 7, 2009

၁/၄၄ မှတ်တမ်း


၁/၄၄ မှတ်တမ်း

ကိုးလ လည် ဆယ်လ ဖွား
ဝမ်းရေ(ရည်) စပ်လွန်းသလားလို့ပါတဲ့
ယောင်္ကျားလေးလား မိန်းခလေးလားတဲ့
ယောင်္ကျားလေး ဟေ့…
(မွေးရကျိုးနပ်ပြီတဲ့…)
သားငတ်နေတဲ့ အမေ
ဂုဏ်ယူခဲ့ဘူးသတဲ့လေ
(၁၉၆၅)။

ရှားရှားပါးပါးရတဲ့သား
ကျန်းမားရေးဂရုစိုက်..ဟ
ဒီကောင်ကချူချာတယ်နော်
ပိန်ပိန်ပါးပါးနဲ့ ငါ..
သနပ်ခါးလေးလိမ်းပြီး
အဖြူအစိမ်းလေးဝတ်လို့
လာ..သား ကျောင်းသွားကြရအောင်
ပညာတတ်ကြီးဖြစ်အောင်သင်နော်
ဟုတ်ကဲ့..
ငါကျောင်းတက်ရပြီးဟေ့…ငါကျောင်းတက်ရပြီ…
မှောင်ကုတ်ကုတ် ကျောင်းကြီးထဲ
ဒါ ကျောင်းသားသစ်နော်
ဆရာမပြောလိုက်မှ မျက်ရေ တွေ ဝဲနေလိုက်မိတာ
အမေသားအိမ်ပြန်လိုက်မယ်လေ
မရဘူးနေခဲ့ရမယ်တဲ့
ရက်စက်လိုက်တဲ့ အမေများနော်
အိမ်ပြန်တော့ ငိုလိုက်ရတာများ
အဲ့ဒါ (၁၉၇၁) မူလတန်းကျောင်းသားတယောက်ရဲ့
ဖြစ်ရပ်မှန်တွေပါ။

ကျောင်းသားတွေနားထောင်စမ်း
ကျောင်းနှစ်လပိတ်တယ်..
(ဟိုက်)
ပျော်စရာကြီးဟေ့
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာ ကျောင်းသားတွေရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေလို့
ဘာဖြစ်…ခေါက်…အား
အဲ့ဒါ သံစဉ်ဖြစ်သွားမှန်း
(၁၉၇၄) တုန်းက ကျနော်တကယ်မသိခဲ့တာပါ ဆရာမရယ်။

ကျောင်းသားတွေနားထောင်နော်
ကျောင်းနှစ်လပိတ်တယ်..

(ဟင်)
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာကျောင်းတွေပိတ်နေပြီ
ဘာဖြစ်လို့လဲဆရာမ
ဟယ်.. ဒီကောင်လေး
ခလေးလိုမနေတတ်ပါလား
(၁၁) နှစ်သားတယောက်မှာ
ဒီလိုသိချင်နေတဲ့စိတ်ရှိတာ
မကောင်းဘူးလားဆရာမရယ်
ဆရာမ မပြောပြပေမဲ့
အဖေက ပြောပြခဲ့တယ်လေ
ကျောင်းသားတွေ ဆန္ဒပြကြလို့တဲ့
အော်…ဘာဖြစ်လို့ပါလိမ့် (၁၉၇၆) ရယ်..။

ကျောင်းပေါင်းစုံ ဘော်လုံးပွဲ
ဟုတ်တယ် ကျနော်ဝါသနာပါတာဘော်လုံး
အ.ထ.က(၁) ဖိုင်နယ်နှစ်က
ကျောင်းက ဒိုင်း ရပေမဲ့
ကျနော်က ဒိုင်းမရခဲ့ဘူး
အတိုင်းမရ ရင်ခုန်ဘူးတဲ့ကောင်မလေးက
တို့မှာ ရှိနေပြီတဲ့လေ
သူ့မှာ ဘာရှိတာလဲ..
ကျနော့်မှာ ရင်ခုန်သံတွေ ဒီလောက်များတာ
ကြာပါတယ်ကွာ ကျောင်းပြေးပြီး ထန်းရည်သွားသောက်ပစ်လိုက်တယ်
ကျောင်းပြေးတာလား အချစ်ပြေးတာလား
ကျနော် ကောင်းကောင်းမသိဖြစ်ခဲ့တာ
(၁၉၇၉) ဂစ်တာပိုး ဝင်ကာစကပေါ့…။

မန္တလေးရောက် ရှမ်းတယောက်..
မင်း ဘယ်လမ်းသွားသွား..
ဆဌမမြောက်ရည်းစား..
လမ်းဆက်လျှောက်မယ်..
ဟုတ်တယ်…
ကျနော် လမ်းဆက်လျှောက်တယ်
ငါ့ကိုမုန်းတာ ရပ်ကွက်လူကြီးလို့သိလိုက်ရတဲ့အခါ
ကိုသန်းနိုင်က ကျနော့်သူရဲကောင်းပေါ့ဗျာ
ဂစ်တာတီးရင် လမ်းသရဲတဲ့
လမ်းမှာမတီးလို့ အိမ်မှာတီးရင်
အမေက နားငြီးတတ်တော့
အိမ်သရဲတော့ ကျနော်အဖြစ်မခံနိုင်ဘူး
ပါတီတို့ ကောင်စီတို့ရယ်
ငါ့ကိုမုန်းတာဘယ်သူတွေလဲ (၁၉၈၂)

စစ်နဲ့ငြိမ်းချမ်းရေး ခိုင်ထူး..
၈/၈၂ အင်းယား..
အဆောင်က ဂစ်တာသမားတွေထဲ
ဘေစ် တီးတဲ့ ကျနော်ကို
ကောင်မလေးတယောက်ကပြောဘူးတယ်
အခွေထုတ်ပါလားတဲ့
ဟိုလေ... စာလေးခွေကိုပြောတာတဲ့
ဒါပေမဲ့ ကျနော်ပျော်ပါတယ် အမိရယ်
မထိတထိပြောပေမဲ့ ငါကမင်းကို….
နာရီပေါ်ကမျက်ရည်စက်တွေ ပေးခဲ့နိုင်တာကိုး
(၁၉၈၆) ရဲ့ အပိုင်းအစလေးရယ်။

(၁၉၈၈) ကျောင်းသားထုအခွင့်အရေး
ဖမ်းဆီးကျောင်းသားပြန်လွတ်ပေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
အရေးတော်ပုံအောင်ရမည်
ဘဝဂ်ညံတဲ့အထဲ မဆလ မုန်းတဲ့ကျနော်
ခေါ်စရာတောင်မလိုဘူး
သပိတ်စုံ သူပုန်ထ ရရင်ရမရရင်ချ
စက်တင်ဘာ ညတွေက
ကျနော်ကို ဆေးခြောက်မရှူရလို့ အမိန့်ပေးလိုက်တယ်။

စစ်အစိုးရကို တိုက်ရမယ်
အဟောင်းတွေနေရာမှာ အသစ်တွေနဲ့ အစားထိုးရမယ်
ဒီတော့ကျနော်လဲ လူ့လောကအဟောင်းထဲမှာ
လူ့ဘောင်သစ်ဖြစ်လာခဲ့ရတယ် (၁၉၈၉) ရယ်
(၉၀) ရွေးကောက်ပွဲ အာဏာလွှဲမပေးတော့
ရရင်ရ မရရင်ချရမှာပေမို့
သေဘို့မကြောက်လို့ တော့ထဲဝင် တောင်ကြီးဂွင်ကပေါ့ဗျာ
ကျောင်းသားတပ်မတော် မဲနယ်တောင်
မိုးဖရား၊ဖဖရား အမေနေမှကောင်းရဲ့လား…။

အာဏာသစ်ရဲ့စစ်ခေါ်သံ
လက်နက်ကိုင်တိုက်ပွဲ
ကျောင်းသားတပ်မတော်လက်စွဲ
ယုံကြည်ချက်ပဲဗျာ
(၉၁) ကနေ (၉၄)ဟာ နယ်စပ်မျဉ်းပေါ်က
သူပုန်ကြီးကျနော် အပုန်ကြီးပျော်ခဲ့ဘူးတာလေ။

(၁၉၉၇) တပ်မဟာခြောက်မှာ
ထပ်ကာထပ်ကာကိုသောက်ခဲ့တာအရက်
ရင်မှာဟာတယ်လေဗျာ မဟေသီ မရှိ ပေသည်ငတိ ပေါ့ဗျာ
နေထိုင်မထိရင် ရောခ်ဂီတနဲ့ ချော့သီကြရတာပေါ့
ငှက်ပျောပင်စားတဲ့ ငါ့ဗိုက်ထဲမှ
ကျည်ဆံက ဝင်တယ်ဗျို့
ဟုတ်တာပေါ့လေ စစ်တိုက်တယ်ဆိုတာ
ပန်းနဲ့ပေါက်တာမှမဟုတ်တာကိုး…။

ဒဏ်ရာစစ်မှာ အပြန်တရာဖြစ်တာက
တံတျာအချစ် အမှန်လာဖြစ်ခြင်တော့
ရဲဘော်တို့ရေ အမှန်အကန်လာချစ်သူနဲ့တွေ့ပါရောဗျို့
(၁၉၉၇) တောထဲက အချစ်ဆိုတာ
ဝက်သားနဲ့ ဆန်တအိပ် ဝဝစား ဝေးဝေးရှောင်
အိုအောင်မင်းအောင်ပေါင်းကြမှာကလား။

(၁၉၉၈) မှာ သမီးကြီးမွေးတယ်
ကျနော်(ထိုင်း) ရောက်တယ်
သူပုန်ဆိုတာတော့တပြားမှမလျော့ဘူးနော်
ကျုပ်က ထိုင်းရဲကလွဲလို့ ဘယ်သူ့မှမကြောက်တတ်ဘူး
တီတီတာတာလေးပြောတော့ သမီးကချစ်စရာလေး
သူ့အမေဆိုပြောမနေနဲ့တော့
ဟောဆို တယောက်
မပြောမဆိုနဲ့ ရောက်တယ်ဗျာ
(၂၀၀၀) ရပြီ...နောက်ထပ်သမီးတယောက်။

(၂၀၀၄) ကျနော်သူပုန်ကြီးပါဗျာ
မယုံရင် ကျနော့်မိန်းမကိုမေးကြည့်ပါပေါ့
ဟုတ်တယ်..
တော်လှန်ရေးသမားတယောက်ရဲ့
ဒုက္ခသည်သွား တောလားပေါ့ဗျာ
(ယူအင်) လျှောက်မှ အူအဝင်တောင့်ရတော့မှာကလား
မထူးတော့ဘူးသမီးတို့ရေ….

(၂၀၀၆) ရောက်တော့
ရေခြားမြေခြား အမေရိကားတဲ့
သွားကွာ…
ရီဖျူဂျီသမားဖြစ်လည်း နိုင်ငံရေးလုပ်လို့ရတယ်။
အနည်းဆုံးသမီးတို့ ပညာတတ်မယ်
လူထုကိုသာမမေ့နဲ့
အားတင်းသာထားကိုယ့်လူ
လုပ်နိုင်တာလုပ်
ပေးနိုင်တာပေး
ကျွေးနိုင်တာကျွေးပေါ့ကွာ။

ဟုတ်တယ်ဗျာ
အခု (၂၀၀၉) ကျနော် ၄၄ နှစ်
တော်လှန်ရေး နှစ် ၂၀
ပစ်ပယ်လို့မရဘူးနော်
အော်…သမီးတို့ရေ
မင်းတို့အရွယ်လေးတွေ
မြန်မာပြည်မှာလေ..
ကဗျာမပီ စာမမှီလို့
မြန်မာ့ပြည် ရတနာလေးတွေလေ
မျက်နှာငယ်ညှိုးနေကြတာဟာဖြင့်
အဖေ့ရင်မှာ တိုးလို့သာနင့်…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, September 4, 2009

ငါဆိုတဲ့တေး

ငါဆိုတဲ့တေး

ငါအိပ်မပျော်တဲ့အခါ
ဝိုင်တခွက်သောက်လို့ရတယ်။
ပြီးတော့ ကျိန်စာသင့်မနေတဲ့
ဂစ်တာတလုံးနဲ့ တညလုံးနေလို့ရတယ်။

ငါဗိုက်ဆာတဲ့အခါ
ထမင်းအဝစားလို့ရတယ်။
ပြီးတော့ လေ့ကျင့်မှုပြည့်နေတဲ့
ကားတစီးကို စီးလို့ တနေကုန်အလုပ်လုပ်လို့ရတယ်။

ရဲဘော်ရေ မင်းအိပ်မပျော်တဲ့အခါ
ပြီးတော့ ကျိန်စာသင့်နေတဲ့နံရံကို
လက်သီးနဲ့ထိုးနေရမှာပေါ့
နောက် …မင်းနှလုံးသားမှာ
ဒါဏ်ရာတွေနဲ့ကခုန်နေမှာပါလေ။

ရဲဘော်ရေ မင်းဗိုက်ဆာနေတဲ့အခါ
ထမင်းကျန်လေးမှရှိရဲ့လား
ဟာတာတာဖြစ်နေတဲ့ မင်းဝမ်းငြိမ်းအောင်
ခံယူချက်တွေပဲ မျိုချရမှာပေါ့နော်။

စိတ်ချပါ ရဲဘော်ရေ
ရေမြေခြားနေပေမဲ့
ရဲဘော်ကိုဂုဏ်ယူတမ်းတနေတဲ့
ငါ့နှလုံးသားမှာလေ
မင်းကိုတမ်းတရင်း…

အလွမ်းသီချင်းတွေ ငါဆိုနေမှာဟုတ်ဘူး...။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, August 13, 2009

တောထုတ်ခြင်း



တောထုတ်ခြင်း

မိတ်ဆွေ ဒါနိုင်ငံရေးလုပ်နေတာ
တူတူရေဝါး သားအမိကစားနေတာမဟုတ်
ပါရမီမရှိသူတွေဟာ ကျားမြီးဆွဲတတ်ပါကလား
မလုပ်နဲ့မောင် ကျားကိုက်တတ်တယ်။

မိတ်ဆွေ ဒါနိုင်ငံရေးကစားတာလား
(ဂျကာတာ)သွား တောလားတောင်လား
ရာသီမသိသူတွေ တောမလိုက်တတ်ပါဘူး
ပိုးသာကုန် မောင်ပုံစောင်းမတတ်ပါကလား။

မိတ်ဆွေ ဒါရပ်တည်ချက်စစ်ဆေးနေတာ
အဆိတ်ခွက်နဲ့ ဆေးခွက်မမှားစေနဲ့
အနာသိဆေးရှိတယ်ဆိုပေမဲ့
ဆေးမသိရင် ဘေးထိတတ်တယ်နော်။

မိတ်ဆွေ ဒါပျာ်ပွဲစားနေတာမဟုတ်ဘူး
ကျားသတ္တဝါကိုမှ သနားစရာငိုပြရသလား
မယားအသပြာပိုရအောင်
သားရတနာပိုလှအောင်
ခါးမှာသာ ဟိုပလင်း(ပုလင်း)ဆောင်။

အိုအောင်မင်းအောင်ပေါင်းချင်ရင်တော့
ကိုယ့်လူတို့ရေ…
သနပ်ခါးလိမ်းပြီး ပန်းစိမ်းသာပန်လိုက်ပါတော့လေ
အမျှပေးဝေ ဒူဝေဝေပေါ့
နတ်လူသာဓုခေါ်..စေ…သောဝ်……။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, July 17, 2009

အနီကဒ်.....။ (ယဉ်ထွန်း)

လမ်းအသစ်ဖောက်ရတာ ပင်ပန်းလားဗျ
ပင်ပန်းတာပေါ့ဗျာ
ဆူးညှောင့်ခလုပ်ကအစ အိုအစအဆုံး
မပင်ပန်းရှိမလား...။

ဖောက်ပြီးသားလမ်းမှာ လျှောက်ရတာရော
ပင်ပန်းတာပါပဲဗျာ
ခွန်အားသုံးရ နေပူပူမိုးရွာရွာ
ပင်ပန်းတာပါပဲဗျို့...။

ကဲကိုယ့်လူရေ လှည်းယာဉ်ကလေးနဲ့ရောဗျာ
အင်းလေဗျာ
ညောင်းညာသလိုပဲဗျ
တော်..တော် ကိုယ့်လူ
လှည်းပေါ်ကကန်ချမခံချင်ရင် မြန်မြန်သာဆင်း...။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, June 22, 2009

ဦးနှောက်စားသူများအကြောင်း...(ထူးအံ့)



ဦးနှောက်တွေနဲ့ 
ဦးနှောက်
ကစားနေရတာရှိတယ်။

ဦးနှောက်တွေနဲ့ 
ဘောလုံးကန်နေရတာ
ရှိတယ်သလို
ဦးနှောက်တွေ နဲ့ 
အရောင်းအ၀ယ်တွေလုပ်နေရတယ်။

ဦးနှောက်တွေကြောင့်ပဲ
ချော့သိမ့်ရတာရှိပြီး
ဦးနှောက်တွေနဲ့ ပဲ
လိပ်ပြာမသန့် နေတာတွေ
ရှိတယ်။

ဦးနှောက်တွေနဲ့ ပဲ
စစ်တိုက်နေရသလို
ဦးနှောက်တွေနဲ့ ပဲ လိပ်ပြာမလုံတာတွေ
တွေ့ ရမယ်။

ဒါပေမယ့်
ဦးနှောက်တွေကြောင့်ပဲ
ငွေကြေးတန်ဘိုးတွေ
ထိုးကျသွားရသလို။

ဦးနှောက်တွေကြောင့်ပဲ
ငြိမ်းချမ်းရေးတွေ တည်ဆောက်
ညီညွတ်ရေးတွေ...
တစ်မျိုးတစ်မြည်...အဓိပ္ပါယ်ပြယ်သွားကြ။

သြော်......
အဲဒီဦးနှောက်ကြောင့်လည်း
ငါ့ ...ကိုယ်ပိုင်ဦးနှောက်ကလေး
တလွဲအသုံးချ ခံလိုက်ရတယ်။

ထူးအံ့ ။ ၀၆-၂၀-၂၀၀၉(စနေနေ့ညနေ-နယူယောက်တိုင်းစံတော်ချိန် ၅နာရီနှင့်၃၅မိနစ်တွင် ထိုကဗျာကို ရေးချင်စိတ်ရှိလာလို့ ရေးနိုင်အောင်ထမ်းဆောင်ရင်း ရေးလိုရသွားလို့ ကဗျာလေးတစ်ပုဒ်ဖြစ်သွားပုံကို မှတ် တမ်းပြုလိုက်ရပါသည်။

မှတ်ချက်။ ဓာတ်ပုံကို ဂူဂယ်မှရပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, May 27, 2009

သံတိုင်ကြားက လရောင်ဆီ ...(ဝင်းတင့်ထွန်း)



‘ သံတိုင်ကြားက လရောင်ဆီ ... ’

--------------------------------------
ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင်ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ..၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်းရှု့ချီရာ လတမင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လဲ
တိမ်ဖုံးပေမဲ့ သာမြဲသာ ... ၊၊

နအဖဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင်ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ် ဖြိုခွင်း ...
( ကိုင်း .. ) ပြကြ အလင်း ....၊၊ ၊၊

( ဝင်းတင့်ထွန်း )

(မတရားသဖြင့်အမှုဆင် ရုံးတင်တရားစွဲဆိုခြင်းခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - သို့)

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, May 4, 2009

အတောင်မဲ့..ငှက်တကောင်




ငါ့ရင်ထဲရှိခဲ့ဘူးတဲ့ မြို့ပျက်ကြီးအကြောင်း
အလင်းတန်းတခုနဲ့..
အတောင်မရှိတဲ့ ငှက်တကောင်အကြောင်း
ရာသီပျက်သွားတဲ့ ဈေးကွက်တခု
ပါးပါးကလေးတွေ့ရတဲ့ ဖြစ်တည်မှု
ရင်ခွင်တခု ခိုးလိုးခုလုဖြစ်ခဲ့ဘူးတယ်…။

စောင်းကြိုးတွေ တင်းနေတာကို
ညင်းညင်သာသာ မတီးတတ်ပါလား
ပဋိပက္ခတရားကို ဒွိဟပွားစေတာလား
ရှိသမျှအမှားကို ကလိပြ…ပြနေတာလား
အိုဘယ် သူယောင်မရေ
မင်းဖန်ဆင်းလို့ အသစ်ဖြစ်ရင်တောင်
ကမ္ဘာကြီးမှာ တယ်မလွယ်ဘူးကွဲ့…။

အပင်သန်တိုင်း မျိုးစေ့မှန်မတဲ့လား
မျိုးပွားပုံတူတွေ ကမ္ဘာပေါ်မှာရှိနေတာလေ..
ငယ်ငယ်တုန်းက ချိုမိုင်မိုင်ကခဲ့တိုင်း
ပန်တျာသည် ဖြစ်မလာဘူးကွဲ့
ချစ်ခြင်း၊မုန်းခြင်းသည် ရာဇဝင်မဖြစ်
ရောမမြို့ပျက်ကြီိးသာ…။

အမှားတွေကို မျိုမျိုချနေသလောက်
ဝမ်းတလုံးကောင်း ခေါင်းမခဲတာကလား
ကဗျာဆရာသည် နှလုံးသားကိုဖောက်ထွင်းတတ်သတဲ့
အသစ်မဟုတ်ပေမဲ့ မဟောင်းသေးတာကတော့
နေရောင်မမြင်ရတဲ့အရပ်မှာ လူသားတွေကြာရှည်မနေဘူးဆိုတာပါပဲ…။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, April 14, 2009

ဝိရောဓိ အချစ်


ဝိရောဓိ အချစ်


အင်္ကြန်မှာ
ရေမစိုတဲ့အခါ
လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။

ရေမစိုတဲ့ သင်္ကြန်တွေနဲ့
စီးချင်းထိုးခဲ့ရဖူးတယ်
စစ်မြေပြင်ကျေးလက်မှာ။

ရှားပါးပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ ခုတ်လိုက်ပြီ လို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျား ကျေးလက်မှာ။

တူးပို့တေးသံနဲ့
ရေတွေ ...ရေတွေစိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့
ပုတတ်စာတွေ လိုက်ချိုးကြ
ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ
ခါချဉ်ဥတွေ လိုက်ဖွတ်ကြ
မြင်းခွာရွက်တွေ လိုက်နှုတ်ကြ
ပုရစ်တွေ လိုက်တူးရ
ပုစဉ်းရင်ကွဲတွေ လိုက်ဖမ်းရ။

နွေခေါင်ခေါင် ရေခေါင်ခေါင်မှာ
ရန်နဲ့ငါ
ကျည်ဆန်တွေလောင်းချကြဖို့
တောင်တန်းတွေပေါ်မှာ
မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။
ရေမစိုတဲ့သင်္ကြန်
သံလွင်
သောင်ရင်း
သောက်ရေခပ်
ပွန်ချောင်း
ပေါင်းလောင်းချောင်းတွေထဲ
ခုန်ခုန်ချကြ
အဲဒီလိုနဲ့ ကျေနပ်ခဲ့ရ။

လူထုကိုမှီခိုကာ
တော်လှန်စစ်နွဲရမှာ။

သင်္ကြန်မှာ ရေမစိုစဉ်က
တခုခုကိုလွမ်းခဲ့ပြီး
အခုတော့
ရေမစိုတဲ့ သင်္ကြန်တွေကိုပဲ
ပြန်ပြန်လွမ်းနေရ
တောင်ယာတွေက ရေမကစားတတ်ဖူးလေ။

သားရေ ...
မင်းရဲ့ ရေသေနတ်ကလေးနဲ့
မပစ်လိုက်ပါနဲ့
အဖေ့တကိုယ်လုံး
အလွမ်းတွေနဲ့ ရွှဲရွှဲစိုကုန်မှာစိုးလို့ပါကွယ်။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, March 28, 2009

တောချောက်ခြင်း...(ယဉ်ထွန်း)


မိုးကောင်းကင်တောင်မှ
မလှပတဲ့အချိန်တွေ ရှိရှိနေတတ်တာ
နင့်ဘဝ၊ ငါ့ဘဝ
ပြောနေကြအတိုင်းပြောရရင်
လှချင်တိုင်းလှမတဲ့လား…။

ကမ္ဘာကြီးပူနွေးလာပြီး
လူတွေလဲပူနွေးနေလိုက်တာ
ပိုလာဝက်ဝံတွေကြတော့
နေစရာပျောက်ပျောက်လာရော
အိုဇုန်းလွှာပါးပါးလာတော့
လူတွေလဲပါးပါးလာကြတယ်
ကြာလာရင်
လူသားကနေ လူပါးလို့တောင်ပြောင်းသွားမလားပဲ…။

ခေတ်ကြီးရယ်တဲ့ မီဒီယာ
ငယ်ငယ်က အမေ့သားချော့တေး
ကြောင်ကြီးရယ်တဲ့ မီးတံတို
အဆီကိုစားလို့အသားကိုမျို…။

ဟော့ဒီအဖြစ်အပျက်တွေဟာ
ခလုတ်တိုက်နေတာမဟုတ်ဘူး
ဖားပြုတ်ကိုက်နေတာဗျို့
လူသားဆန်စွာပဲ လူပါးဝလိုက်ကြတာ
ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း…။

ကဲပါလေ
သမိုင်းရေး အမြင်အရ
မရိုင်းကြေး ပြောကြစတမ်းဆိုရင်
လူ့အဖွဲ့အစည်းကို
လူသားတွေက ချစ်သလောက်
လူပါးတွေက နှစ်နှစ်ပစ်နေတာပါပဲ…။

ကဲ…. ကိုလူပါးတို့ရေ
အစာဝရင်ဖြင့် ဌာနကို
မတိမ်းမစောင်း
ဗိန်းမောင်းနဲ့သာကြွ….။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, March 3, 2009

မော်ကွန်းများ


စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်...။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ...။

ဂုဏ်ယူစရာချည်းပဲ...။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ....။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်...။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ...။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ်
တပွဲလုံးနိုင်ခဲ့တယ်....။

တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျောက်သူ ဘယ်ကိုမှမရောက်ဘူး....။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, January 31, 2009

မိုးမစိုအောင်ကာကွယ်ခြင်း



မိုးတိမ်တွေဖြုတ်ဖြုတ်ချလိုက်တဲ့
လှတပတ မဟုတ်ရင်တောင်
ရုပ်သိတ်မဆိုးလှတဲ့ နှင်းဆီရောင်အပျိုမလေးအလား
ရီရီယိမ်းနွှဲနေတဲ့ မိုးစက်လေးတို့ရေ…။
ဟော့ဒီ့ပုခုံးထက်မှာ
(ဆမ်ဘာ) တေးသွားလေအလား
မြူးကြွ..လှုပ်ရှား
ကခုန်နေခဲ့ပါပေါ့လား..။
အရောင်တွေမရှိတဲ့အရပ်မှာ
တခုခုကိုငေး..နေမိတဲ့သူ
ပေါင်မုန့်မကြိုက်တဲ့သူ
မီးရောင်တွေအောက်မှာ
လျှောက်သွားနေတတ်တဲ့သူ..။
လေတချက်အဝှေ့မှာ
လူကယိုင်နဲ့သွားပေမဲ့
သူ့ကဗျာကိုတော့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်လေရဲ့
လွန်ခဲ့တဲ့ အနှစ်(၂၀)ကတည်းက
အဆုံးမသတ်နိုင်ခဲ့သေးတဲ့
သူ့ကဗျာဟာ…။
ပစ္စိဖိတ်ကမ်းခြေမှာရွာတဲ့..မိုး
အင်းလေးမှာရွာတဲ့..မိုး
ဘင်္ဂလားပင်လယ်အော်က..မိုး
ချစ်သူရဲ့..မိုး
အို…
ဒီလူ့ရင်ကွဲအောင်သာရွာပါမိုးရယ်
ငါ့ကဗျာကိုတော့ လုံအောင်ကာမိုးထားပါရစေတော့…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, January 1, 2009

သုံးနှစ်တာ မှတ်တမ်းတို...။ (ယဉ်ထွန်း)

သုံးနှစ်တာ မှတ်တမ်းတို...။

၂၀၀၇ အလင်းတွေတောက်ပခဲ့
စက်တင်ဘာရဲ့ သံဃာ့လှုပ်ရှားမှုကြီး
ဆူးလေရင်ပြင်မှာ သာသနာ့အလံတလူလူ
ဒေါင်းအလံ ထူခဲ့ကြတာကလား။

လူမဆန်တဲ့စစ်အုပ်စု
သံဃာနဲ့ကျောင်းသား
လူထုနဲ့မျက်ရည် သွေးသက်သေတည်ခဲ့
မမေ့တဲ့နိုင် ချွေနိုင်တုန်းချွေထား
အသဲနာလို့ ကမ္ဘာမကြေခဲ့ကြတာကလား။

၂၀၀၇ ရဲ့မှတ်တမ်းတွေ ၂၀၀၈ ထဲဆွဲခေါ်
စေ့စပ်မယောင် ဆွေးနွေးမယောင်
ကုလ ကိုဘန်းပြ လူထုကိုလှည့်ဖြား
တကယ်လား၊ တကယ်လားလိုလို
ဟိုလိုလို ဒီလိုလိုနဲ့။

သံယာ့ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်
တက်ကြွလှုပ်ရှား ပြည်သူ့ရတနာတွေ
အမှုတွေဆင် ဂွင်တွေထည့်
၆၅ နှစ်တဲ့ ကြမ်းခင်းဈေးပေါက်
ရောက်ချင်ရာရောက်
များလှတဲ့ထောင်တွေ လူထုရဲ့မျက်ရည်
တပူပေါ် နှစ်ပူဆင့်သလိုမျိုး
ဘဝရင်ခွင်ထဲ လေနီကြမ်းဆွဲလေပြီ
နာဂစ်ခေါ် ဒီမုန်တိုင်း
မြစ်ဝကျွန်းပေါ်တတိုင်းလုံး
ဘဝလှိုင်းလုံး အသက်တွေဆုံးရရှာပေါ့လား
မုန်တိုင်းနီရဲ့ ငိုခြင်းရှည်။

ကဲ...လာပြီဟဲ့ ၂၀၀၉
အသစ် အသစ်တွေဆိုတာ
အဟောင်းကိုအစားထိုးစမြဲမို့
ရာဇဝင်ဟောင်း အသစ်မပြောင်းတဲ့
စစ်အာဏာရှင် စံနစ်ဟောင်းကြီးကို
လာကြဟဲ့ ညီအကိုတို့
တွဲလက်တွေမဖြုတ်စတမ်းနော်
ရာဇဝင်သစ်တွေဖေါ်ကြပါစို့လား...။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, December 24, 2008

မိုးဖြားတို့ကျတဲ့မျက်ရည်...(လူဗိုလ်)...(၆၀၁)



ကိုခင်ဝမ်းက
ကျနော်တို့မှာ ညီအကိုများစွာရှိတယ် တဲ့....
မွေးသမိခင်ကိုယ်စီနဲ့
ကျွေးသမိခင် ကဋေကဋာ
ကျနော်တို့မှာလည်း အမေတွေများစွာရှိပါတယ် ကိုခင်ဝမ်းရေ။

အမေ
အမိုး
အမဲ့
မိခင်တွေများစွာကြား
မိုးဖြား(မိုးဖရား) ခေါ် ပအိုဝ်းမိခင်တွေ
ကျနော်တို့အတွက်
အကြိမ်ကြိမ် မျက်ရည်ဝေခဲ့ကြဖူးတယ်။

ပအိုဝ်းနယ်မြေကို
ကျောင်းသားတွေ တောခိုအလာ
သပြေပန်းနဲ့ဆည်းကြိုခဲ့တာ
ပအိုဝ်းမိခင်တွေ။

မြို့ပြဘဝ
ရှစ်လေးလုံးအခြေအနေ
ကျောင်းသားတွေ ဘယ်လိုသေကြေခဲ့ကြ
ရုပ်လုံးပုံဖေါ်ရှင်းပြ
ဘီဘီစိ၊ ဗွီအိုအေ ရေဒီယိုတွေကလည်းဖွင့်ဟ
ဘာသာစကားဖလှယ်ပေးမှ
တစွန်းတစသိရ ပအိုဝ်းမိခင်များ
ရောက်စထဲကကို
ကျနော်တို့အတွက် မျက်ရည်ကျ။

ရွာတွေရောက်လို့
အိမ်တွေခွဲချတိုင်း
အိမ်တိုင်းအိမ်တိုင်းမှာ
ကျနော်တို့ထမင်းချက်စရာမလိုပါဘူး
အမ်းကို့ကို့
အမ်းအာအာ နဲ့
ဦးဦးဖြားဖြားကျွေးလေ့ရှိတာ
ချစ်စရာ့ ပအိုဝ်းဓလေ့တခုပါ။

မနက်လင်းတာနဲ့
သွားတိုက်ဖို့ ဆား
မျက်နှာသစ်စရာ ရေခွက်မှာရေပြည့်
ဒီဧည့်ဝတ်ကျေပွန်မှုတွေက ကျနော်တို့အတွက် အင်အား။
ခရီးထွက်ဖို့ နှုတ်ဆက်ကြရင်
ကျနော်တို့ရဲ့အလေ့အထ
လက်အုပ်ချီ ဦးချတိုင်း
မျက်ရည်ကျကြတာလည်း
မိုးဖြားတွေပါပဲ။

၁၉၉၂
အပစ်အခပ်ရပ်စဲမှုတွေ ခေတ်စား
စီးကြောင်းအတိုင်း ပအိုဝ်းတပ်ပါသွား
စသိကြားရ
ပအိုဝ်းပြည်သူတွေဆီက
ပအိုဝ်းအမေတွေဆီက
ကျောင်းစားပေးတို့မြို့ပြန်ရောက်ရင်
မိုးဖြားတို့လာလည်မယ်နော်တဲ့။


တော်လှန်ရေးနယ်မြေသစ်ထဲ
ဆက်လက်တိုးဝင်နိုင်ဖို့
ပအိုဝ်းနယ်မြေကိုခွဲ
မိုးဖြားတို့ကိုနှုတ်ဆက်
မိုးဖြားတို့ရဲ့ နောက်ဆုံးမျက်ရည်တွေကိုကြည့်
ဆို့နင့်ကြေကွဲဝမ်းနည်းစရာအတိ။

အိုအမေတို့ရယ်
အို မိုးဖြားတို့ရယ်

ကတိတည်ရပါစေ့မယ်
ကျနော်တို့ကြောင့် ကျရတဲ့မျက်ရည်
စစ်အစိုးရကြောင့် ကျရတဲ့မျက်ရည်
ဘယ်အခါမှ မတူစေရပါဘူး။ ။

လူဗိုလ်
၂ဝ ၊ ၅ ၊ ဝ၆
၎း ၃၅ (နံနက်)

(အမ်းကို့ကို့ = ဝဝစား
အမ်းအာအာ = များများစား
ကျောင်းစားပေး=ကျောင်းသားလေး)

မှတ်ချက်။ ။ ကျနော်တို့ရဲဘော်ကြီးကိုလူဗိုလ် ထိုင်းမြန်မာနယ်စပ်ကနေ တကူးတကပို့လိုက်တဲ့ လက်တွေ့ဘဝထဲက ကဗျာလေးပါ...။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, December 17, 2008

ချစ်သူဝတ်ပါ ဒီကဗျာ...ညိုထက် (လမ်းသစ်ဦး)

တရာဖိုး သုံးထည်
အချစ်ရယ်...
ကိုယ်ဝယ်ပေးနိုင်တာ ဒါပါပဲကွယ်။

သားကလေးကစားချင်စရာ
အရုပ်ကလေးတွေကလည်း အများသားကလား
အဲဒီအရုပ်ကလေးတွေကို
ကိုယ်လက်တွေနဲ့ တို့ထိမိလေတိုင်း
ဆူနာမီရေလှိုင်းကြီးဟာ
ကိုယ်ရဲ့ရင်လှိုင်းကြီင်္း ဖြစ်ဖြစ်သွားတယ်။

ကိုယ်ရဲဘော်ကြီးတယောက်ဆီက စာလာတယ်
တိုက်ပွဲ (၂)ရပ်တဲ့။

အခုဆို
မယ်လာဦးမှာ နေတွေပူနေရောပေါ့နော်
“သားအတွက် ချိုင်းပြတ်အင်္ကျီ (၅)စုံလောက်ဝယ်လာပေးနော်” တဲ့
မှာတော်ပုံသူ့စကား
သြော်... လွမ်းပါရစေတော့လား ချစ်သူရယ်။

ဟုမ်လုမ်
မိုက်ခရို
စီယမ် ပလာဇာ
မဲဆောက်ဈေးတန်း
သင်္ကြန်ဈေး
သောကြာဈေး။

ကိုယ့်အရက်တွေကို ဆိုဒါရောပြီး သောက်ချလိုက်တယ်အချစ်ရယ်။
မင်းကိုတော့
ဘာဆိုဘာမှ မရောဘဲသောက်ခဲ့တာပါကွယ်။

ထုတ်ချင်းခတ်ပေါက်တဲ့အထိ
ချစ်မိတဲ့ အချစ်တွေနဲ့လူပါကွယ်
ဒါပေမယ့်အချစ်ရယ်
ကိုယ်ဝယ်ပေးနိုင်တာက
တရာဖိုး သုံးထယ်။


ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, November 28, 2008

အမေများသို့

ဝမ်းနည်းမနေပါနဲ့ အမေရယ်
ပြည်တွင်းစစ် နှစ် ၆၀
ကျောင်းသားခေါင်းဆောင်
ထောင် ၆၅ နှစ်...။
ဂုဏ်ယူလိုက်ပါအမေရယ်
မတရားမှု အာခံတုခဲ့ကြတဲ့
လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ
သွေးရိုင်းနှင်းဆီတွေ
ဝေချင်တိုင်းဝေစေဘို့
တရားတဲ့သူပုန်
ပုန်ကန်တဲ့သားတွေပါ…။
ခြွေချင်တိုင်း ခြွေရရိုးလားအမေရယ်
ကမ္ဘာပေါ်မှာ
ဘယ် အာဏာရှင်မှ
ဇာတ်သိမ်းမကောင်းခဲ့ပါ
အမှန်တရားကိုထုဆစ်
မြင့်မြတ်တဲ့သူတွေကသာ
အဆုံးသတ်အောင်ပွဲကို ယူခဲ့ကြတာပါ…။
ထပ်ပြီးသာ ဂုဏ်ယူလိုက်ပါတော့အမေ
အမေ့သားတွေ ပြောခဲ့သလိုပ
ဓမ္မက အဓမ္မကိုနိုင်တဲ့နေ့
အမှန်တရားက အောင်ပွဲခံတဲ့တနေ့
ကျောင်းနံရံမှာသာမက
ဒေါင်းအလံ တဝေဝေ
ပြည်သူ့ရင်ပြင်ကြီးမှာလေ
အမေမြင်တွေ့ရမှာပါ အမေရယ်…။

ဂင်ကြီး

(ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက်တွင် ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်လျှက်ရှိသော သားများအတွက် ရင်နာနာနဲ့ဂုဏ်ယူခဲ့ကြသော အမေများအားလုံးအတွက်။)

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, November 20, 2008

အကြွေစောတဲ့ ပွင့်သစ်သို့...( ဝင်းတင့်ထွန်း )


ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, November 14, 2008

ဗဟုဇာတ်စုံ


ပန်းချီ ပိအိုင်း
ဗဟုဇာတ်စုံ

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
တော်လှန်ကဗျာတွေ ရှိသလို
မလျော်ကန်တာတွေ ရှိတယ်…၊
ပေးဆပ်သူတွေ ရှိသလို
စေးကပ်သူတွေ ရှိတယ်…။

တော်တာတွေ မြင်ရသလို
မှော်ဆရာတွေ ဂွင်ကျတယ်…၊
ဘော်ဒါတွေ ပြန်တွေ့ရသလို
မတော်တာတွေ အမှန်တွေ့ရတယ်…။

အသေ.. မြတ်ခဲ့သူတွေ ရှိသလို
အနေ..တတ်ခဲ့သူတွေ ရှိတယ်…၊
ခြေ..ပြတ်တဲ့သူတွေ ရှိသလို
ငွေ..တပ်မက်နေသူတွေ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
သမိုင်း..ရေးတဲ့သူတွေ ရှိသလို
သမိုင်း..ကွေးခဲ့သူတွေ ရှိတယ်…၊
လမ်း..ဖောက်တဲ့သူတွေ ရှိသလို
စမ်း..လျှောက်နေတဲ့သူတွေ ရှိတယ်…။

ဒုက္ခသည်တွေ ရှိသလို
အထုတ်မ ဝယ်သူတွေရှိတယ်…၊
အသက်အရွယ် ထောက်သူတွေ ရှိသလို
အရက်ဝယ် သောက်နေသူတွေ ရှိတယ်…။

အမှန်တရားကို မြတ်နိုးသူတွေ ရှိသလို
အကြံသမားကို လာဘ်ထိုးနေသူတွေ ရှိတယ်…၊
ကြိုးစားနေတဲ့ သူတွေရှိသလို
မရိုးမသား လေတဲ့သူတွေလဲ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
မီဒီယာတွေ ရှိသလို
စီမီနာတွေ ရှိတယ်…၊
ပညာ.. တတ်သူတွေ ရှိသလို
ဂွင်ရှာ.. မြတ်နေသူတွေ ရှိတယ်…။

အကြင်နာ ပေးနေသူတွေ ရှိသလို
တမင်တကာ ရွေးယူနေသူတွေ ရှိတယ်…၊
ရင်းနှီးနေတဲ့ သူတွေရှိသလို
အပြင်းကြီးနေတဲ့ သူတွေရှိတယ်…။

မိတ်ဆွေ…
အဲ့ဒီ့တောင်တန်းကြီးဟာလေ
ဗဟုစုံခင်း ရင်းထားခဲ့ကြရတာပါ
ရာဇဝင် ကျောက်သားတွေနဲ့
ထုသားရင့် ပေသားနင့် နေတာပါကွယ်…
မယုံရင်ကြည့်…
တနေ့မှာ မကောင်းမှုတွေကို
မောင်းထုကြေငြာလိမ့်မကွဲ့…
ပြီးတော့ သူ့ရင်ကိုဖွင့်ပြီး
ပေးဆပ်သူတို့ရဲ့ အောင်ပွဲကွလို့
မာန်ပါပါနဲ့ ဟစ်ကြွေးပါလိမ့်မယ်…။

မိတ်ဆွေ…အဲ့ဒီ့တောင်တန်းကြီးတွေဆီ
ကျနော်ရောက်ခဲ့တယ်…။ ။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့