Friday, March 27, 2009

ဟေး...အာရွဲ့လာအုံး...။


စာမရေးဖြစ်တာလဲ အတော်ကြာသွားတယ်ဗျာ ရေးမယ်လို့တည်လိုက် ရေးခြင်စိတ်ကိုမရှိ သလိုပဲလေ ကမ္ဘာ့ recession မှာ ကျနော်က depression များဖြစ်နေသလားမသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ လောကဓံတွေဆိုတာ ဒီလိုပဲကြုံရမှာမဟုတ်လား အတက်အကျ၊ အချိုးအကွေ့၊ အလှည့်အပြောင်း မျိုးစုံကြုံရမှာပဲလေ မတတ်နိုင်ဘူးဗျို။ မနေ့က ကျနော်အဖေနဲ့ကျနော် နိုင်ငံရေး၊ ကမ္ဘာ့အရေး ပြောဆိုဆွေး နွေးဖြစ်တယ်လေ။ စကားဝိုင်းဖွဲ့တာ နောက်ပိုင်းကြတော့ ရပ်ဓလေ့ရွာဓလေ့ အကြောင်းလေးတွေဆီ ရောက်သွားကြပါရော အဖေက အသက်အရွယ်အရသိတဲ့အသိတွေ၊ အတွေ့အကြုံအရသိတဲ့အသိတွေကို ကျနော်တို့ကို ဟိုးအရင်ကတည်းက ပြောပြောပြလေ့ရှိတယ်ဗျ။

သူပြောပြတဲ့ အကြောင်းအရာလေးက ကျနော့်အတွက်တော့ ဟာသနှောတယ်ဆိုပေမဲ့ သင်္ခန်းစာရလိုက်တယ်ဗျာ။ အဲ့ဒီ့အကြောင်း လေးပြန်မျှချင်တယ်ဗျို့….။ ဒီလိုဗျ အထက်ဗမာ ပြည်က ရွာတရွာမှာပေါ့ဗျာ လူတယောက်ကို အဲ့ဒီရွာကလူတွေက သူတပါးကိုပြော ဆိုရာမှာ သိတ်ကိုတည့်တိုးပြောတတ်လွန်းလို့၊ လူတွေနဲ့ခဏခဏပြသာနာတက်လွန်းလို့ နောက်ဆုံးတော့ အဲ့ဒီ့လူကို ရွာအပြင်ကို ထုတ်ပစ်လိုက်ကြတယ်တဲ့ ရွာအပြင်မှာထွက်နေခိုင်းတယ်ပေါ့ ဗျာ။ ဒီလူပြောတဲ့စကားတွေက ပြောရရင်တော့မှန်တယ်ဗျ ဒါပေမဲ့ သူတပါးလက်ခံအောင် ပါတ်ဝန်းကျင်ကနားခံသာတဲ့ပုံစံမျိုး မရှိတာတဲ့။ တဖက်သားခံနိုင်၏၊ မခံနိုင်၏မကြည့်ပဲပြောတတ်တာဆိုပဲ ဒါကလဲလူတိုင်းဖြစ်ဘူးကြတာပါပဲ သူကတော့အမြဲတမ်း ပြောနေကြဆိုတော့ နောက်ဆုံး ရွာပြင်အထုတ်ခံလိုက်ရတော့တာ ဆိုပါတော့။

တရက်မှာတော့ အဲ့ဒီလူနေတဲ့တဲလေးနားကို ခရီးသွားဧည့်သည်တယောက် ရောက်လာတယ်တဲ့ ရေဝင်တောင်းသောက်ရင်း စကားစမြည်လေး ပြောကြတာပေါ့ ခရီးသွားဧည်သည်လဲ နေကပူတော့ ဆောင်းလာတဲ့ဦးထုတ်လေးဘေးချပြီး စကားစမြည်ပြော တာပေါ့။ “နောင်ကြီးက ဘာဖြစ်လို့ ရွာအပြင်မှာတယောက်တည်း နေနေရတာတုန်း”လို့ဆိုသတဲ့ “ကျုပ်ကအမှန် တွေပြောတတ် လွန်းလို့ ရွာအပြင်ထုတ်ခံထားရတာပါ” လို့ သူ(ရွာအပြင်ထုတ်ခံထားရသူ) ကပြန်ပြောသတဲ့ ခရီးသွားဧည့်သည်လဲ စကားပြောပုံက တော့ ဘွင်းဘွင်းသမားပုံပဲ လူတယောက်အခုလို ရွာအပြင်ကိုထုတ်ခံထားရတာက ခိုးလို့၊လိမ်လို့ ဒါမှမဟုတ် ရပ်ရွာစည်းကမ်း မလိုက် နာလို့ ရုတ်စွအဆုံး အနူရောဂါရှိ လို့(စစ်ကြိုခေတ်က အထက်အညာဒေသ တွေမှာ အနူရောဂါဖြစ်ရင် ရွာအပြင်ထုတ်ထားလေ့ ရှိ့ပါ တယ်ကုစရာဆေးမပေါ်သေးတော့ တခြားသူ တွေကူးမှာစိုးလို့ လုပ်လေ့လုပ်ထရှိတယ် လို့ကြားဘူးပါတယ်) ဆို ဟုတ်သေးရဲ့ အခုတော့ ဘာဖြစ်ပါလိမ့်လို့ တွေးမိတယ်တဲ့လေ…။

နောက်တော့ ခရီးသွားဧည်သည်လဲ အဲ့ဒီပုဂ္ဂိုလ်ကိုနှုတ်ဆက်ပြီး သှူုတဲ့လေးကနေထွက် လာတာပေါ့ ဖြစ်ချင်တော့ ခရီးသွားက သူ့ဦးထုတ်လေး မေ့ပြီးချထားခဲ့မိတယ်လေ ဒီတော့ တဲရှင်က အော်..သူ့ဦးထုတ်လေးမေ့သွားပါလား ဆိုပြီး ခပ်လှမ်းလှမ်းရောက် နေတာကို အခုလို လှမ်းအော်ပြောသတဲ့..“ဟေး … အာရွဲ့လာအုံး” “ဒီမှာမင်းဦးထုတ်မေ့ကျန်နေပြီ” လို့ လှမ်း အော်ပြောသတဲ့ ဒီတော့ခရီးသွားလည်း ခတ်သုတ်သုတ်လေးပြန်လျှောက်လာပြီး သူ့ဦးထုတ် လေးပြန်ကောက်ရင်း မှတ်ချက်ပေးသတဲ့ “ခင်ဗျားကတော့ ရွာအပြင်ထုတ်ထားရုံမကဘူး ဒီ့ထက်ဝေးတဲ့နေရာကို ပို့လိုက်ဘို့ကောင်းတာ” လို့ပြောသွားသတဲ့ ဘာဖြစ်နေလို့လဲဆို တော့ အဲ့ဒီ့ခရီးသွားဟာ ပါးစပ်လေးမွေးရာပါရွဲ့နေတဲ့သူတဲ့ဗျာ…။

ဂင်ကြီး

10 comments:

မမသီရိ March 27, 2009 at 3:48 AM  

မှန်တာပြောလို့ ရွာပြင်ထွက် ရတဲ့ စကားပုံ လေး လာဖတ် ပါတယ် အကိုရေ
ဘာမှ မရေးတာထက်စာ ရင် ခုလိုရေးတာ ကောင်းပါတယ်
စိတ်ဓါတ်တော့ မကျပါနဲ့ရှင်

phonekyaw March 27, 2009 at 4:02 AM  

ကိုဂင်
သွေးထွက်အောင်မှန်တယ်။ မှန်..ကန်ရင် ကွဲတက်တယ်...။

Anonymous,  March 27, 2009 at 4:16 AM  

လောကမှာ လူတွေက အမှန်တရားကိုချစ်တယ်၊ အမှန်တရားကိုလက်ခံတယ်လို့တာပြောနေကြတာ၊
တကယ်တမ်း အမှန်တွေကြီးဘဲ တင်ပြပြော ဆိုလာကြရင် အဲဒီလူကို သောက်မြင်ကပ်ကြ ပါရောလား၊ လောကမှာ မှန်လွန်းရင်လည်း ဂင်ဂင်ပြောသလို ရွာပြင်ထုတ်ခံရမှာ သေချာတာမို့ တခါတလေ အမှန်တွေ ပြောချင်ရေးပြချင်ပေမယ့်လို့ သတိလေးနဲ့ထိမ်းနေရတယ်၊ ဂင်ဂင် ဥပမာပုံပြင်လေးနဲ့ ရေးပြထားတာ ကောင်းသဗျို့။

သစ်နက်ဆူး March 27, 2009 at 6:43 AM  

ကိုဂင်...
မှန်လွန်းတော့လဲ...ခုမှတွေ့ ဆုံတဲ့  အာရွဲ့ တောင်မခံနိုင်ဘူးဗျ...။
တရွာလုံးနဲ့ တယောက်မှန်တာပြောလို့ ရွာပြင်ထုတ်ခံရပေမယ့်....ဂုဏ်တော့ရှိတယ်နော်...
တဖက်လှည့်တွေးရင်တော့...ရွာထဲကလူတွေအားလုံးက မမှန်စကားပြောသူတွေ ဖြစ်နေပြန်ပေါ့..း)

JulyDream March 27, 2009 at 7:02 AM  

အင်း... ကျွန်တော်လည်း ရွာပြင်ထုတ်ခံရမယ့် သူထဲမှာ ပါတယ်ခင်ဗျ။ ဘယ်နေ့ ဘယ်အချိန် အထုတ်ခံရမယ်တော့ မသိသေးဘူး။ အဟား...

molay88 March 27, 2009 at 7:07 AM  

ပြုံးပြုံးလေး ရီသွားတယ် ...။ ကိုအာရွဲ့ ..အဲမှားလို့ ဦးဂင်ကြီး..ဟီးဟီး..။

FreedomFighter88 March 27, 2009 at 9:24 AM  

မင်္ဂလာပါဦးဂင်ကြီး။
Recession ကြောင့် Depression မဖြစ်ပါနဲ့ 
တော်လှန်ရေးရဲဘော်ကြီးပဲ ဒီလောက်တော့မမူ့ ပါဗျာ
လို့ ကြွေးကြော်လိုက်ပါ။
ကျနော်တို့ တွေရှိသားပဲ စိတ်ဓါတ်မကျနဲ့ ၊
အားလုံးအဆင်ပြေပါစေ။

မိုးခါး March 27, 2009 at 6:45 PM  

ဟီးဟီး မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ် .. :D

ATN March 27, 2009 at 7:28 PM  

မှန်တာပြောရင် လူမကြိုက်ဘူးဆိုတာ အမှန်ပဲပေါ့...း)

kay March 27, 2009 at 9:32 PM  

လူ့သဘောကို တဲ့တဲ့ ရှင်းရှင်းလေး မြင်လိုက်သိလိုက်ရတာပဲ။း) တွေးစရာလေး

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့