ဝမ်းနည်းမနေပါနဲ့ အမေရယ်
ပြည်တွင်းစစ် နှစ် ၆၀
ကျောင်းသားခေါင်းဆောင်
ထောင် ၆၅ နှစ်...။
ဂုဏ်ယူလိုက်ပါအမေရယ်
မတရားမှု အာခံတုခဲ့ကြတဲ့
လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ
သွေးရိုင်းနှင်းဆီတွေ
ဝေချင်တိုင်းဝေစေဘို့
တရားတဲ့သူပုန်
ပုန်ကန်တဲ့သားတွေပါ…။
ခြွေချင်တိုင်း ခြွေရရိုးလားအမေရယ်
ကမ္ဘာပေါ်မှာ
ဘယ် အာဏာရှင်မှ
ဇာတ်သိမ်းမကောင်းခဲ့ပါ
အမှန်တရားကိုထုဆစ်
မြင့်မြတ်တဲ့သူတွေကသာ
အဆုံးသတ်အောင်ပွဲကို ယူခဲ့ကြတာပါ…။
ထပ်ပြီးသာ ဂုဏ်ယူလိုက်ပါတော့အမေ
အမေ့သားတွေ ပြောခဲ့သလိုပ
ဓမ္မက အဓမ္မကိုနိုင်တဲ့နေ့
အမှန်တရားက အောင်ပွဲခံတဲ့တနေ့
ကျောင်းနံရံမှာသာမက
ဒေါင်းအလံ တဝေဝေ
ပြည်သူ့ရင်ပြင်ကြီးမှာလေ
အမေမြင်တွေ့ရမှာပါ အမေရယ်…။
ဂင်ကြီး
(ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက်တွင် ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်လျှက်ရှိသော သားများအတွက် ရင်နာနာနဲ့ဂုဏ်ယူခဲ့ကြသော အမေများအားလုံးအတွက်။)
Friday, November 28, 2008
အမေများသို့
Friday, November 21, 2008
အဖော်မဲ့ငှက်တကောင်ရဲ့...ဘဝ ( ယဉ်ထွန်း )
အခုမောင့်ချစ်သူဟာ ဘဝကို အကောင်းဆုံးဖြတ်သန်းနေပါပြီမောင်ရယ်..၊ အခု ‘မြင့်‘ ရောက် နေတာလေ သောင်ရင်းမြစ်ကမ်းနားမှာပါ မောင်..၊ ဒီမှာလွိုင်ကထုံ (မီးမျှောပွဲ) ရောက်ပြန် ပြီလေ မောင်တယောက် ဟို……နိုင်ငံမှာ အခုလောက်ဆို နေသားကျနေရောပေါ့…။ မောင့်သူငယ်ချင်း နဲ့တွေ့လို့ မောင်အိမ်ထောင်ကျသွားတာ လေးလလောက်ရှိနေပြီဆိုတာ မြင့် သိပါတယ် မောင်ရယ်၊ ဒီကနေ့ သူငယ်ချင်းတွေခေါ်လို့ လိုက်လာတာ၊ မောင့်ဘဝ သာယာဖြောင့်ဖြူး စေဘို့ မီးမျှောရင်း မြင့် ရဲ့အလွမ်းတွေကိုပါ ရုတ်သိမ်းရအောင်လာခဲ့တာ၊ စိတ်ထဲကတော့ မပျော်ပါဘူးမောင်ရယ်…။
ကျမနဲ့မောင်နဲ့စတွေ့တာ ဟိုးလွန်ခဲ့တဲ့ သုံးနှစ်က တန်ဆောင်မုန်းလမှာပါ၊ ကျမက မဲ့ဆောက် က…ရုံမှာ..အလုပ်လုပ်နေတာပါ၊ ဝါသနာပါလို့တော့မဟုတ်ပါဘူးလို့ ကျမတို့ပြောရင် လူတွေ တော်တော်များများက ခပ်ပေါ့ပေါ့ပါပဲ အော်ဟုတ်လားပေါ့။ ကျမ ဒါတွေဂရုမစိုက်ပါဘူး ကျမ ဘဝက ရှစ်တန်းနှစ်မှာ ဖေဖေဆုံးသွားတယ်၊ မေမေကကွမ်းယာရောင်းရင်း ကျမတို့ မောင်နှမကို ကျောင်းထားပေးတယ်၊ မောင်လေး နှစ်ယောက်နဲ့ကျမ က ကျောင်းတက်တယ်။ နောက် ကျမဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်နိုင်ဘူး။ နောက်တော့ မဲ့ဆောက်ရောက်ပြီး စက်ရုံမှာအလုပ်လုပ်တယ်၊ အဆင်မပြေဘူး။ မေမေ့ကိုပြန်ပို့ ဖို့တောင် မနည်း..၊ သိကြတဲ့အတိုင်း ငွေလေ.. ကျမ သိသလောက် လူကိုအများဆုံးဒုက္ခ ပေးတာ..ငွေပဲ၊ ကျမလဲမလွန်ဆန်နိုင်ဘူး။ ထားပါ တော့လေ.. နောက်ဆုံးတော့ ဝင်ငွေများများ ရတဲ့ ရုံ.. ဆိုတဲ့အလုပ်ဘဝထဲကို ကျမ ရောက်လာခဲ့ပါတယ်။
အိမ်ကို အရင်ကထက် လေးဆလောက်ပို့နိုင်တယ်။ ကိုယ်လည်းအနေအစား အများကြီးသာ တယ် စက်ရုံမှာလုပ်တာထက်စာရင်ပြောတာပါ။ မောင်နဲ့စတွေ့တာပြောရရင် ကျမ အဲ့ဒီ့နေ့ က မဲ့ဆောက်ရဲလိုင်းမှာ အလှည့်ကြ လာအိပ်ရတဲ့နေ့ပါ။ ကျမတို့ဒီအလုပ်လုပ်ရတာ ထိုင်းရဲကို ပိုက်ဆံတင်မဟုတ်ဘူး လိုအပ်ရင်သူတို့နဲ့ လာအိပ်ပေးရတယ် တပြားမှမရဘူး ပိုင်ရှင်ကိုယ်တိုင်က သွားခိုင်းတာ။ လူတိုင်းလဲမသွားရဘူး ကျမတို့ရုံမှာ ရုပ်သိပ်မဆိုးတဲ့၊ ဆေးစစ်ချက် ထောက်ခံစာရှိတဲ့ ဆယ်ယောက်လောက်ပဲ အလှည်ကြ သူတို့လိုရင် သွားပေးကြရတာ။ ခြောက်လကြာရင် တခါ ဆေးရုံကြီးမှာ ဆေးစစ်ရတယ်၊ ဆေးမအောင်ရင် အလုပ်ဆက်လုပ်လို့မရဘူး။ ကျမတို့ အလုပ်ရှင်ထိုင်းက အဲ့ဒါတော့ဂရုစိုက်တယ်၊ ထားလိုက်ပါလေ..၊ မောင်နဲ့တွေ့ပုံက ကျမက မနက်ကွတ်တီယိုစားပြီးပြန်လာ လမ်းမှာ ဆိုင်ကယ်တစီးကို ရဲကဖမ်းနေတာ၊ သိတဲ့အတိုင်းလေ ငွေညှစ်မလို့ပေါ့။ ကျမလဲ လှမ်း တော့ကြည့်ဖြစ်တယ်..။ ပြီးတော့ဆက်လျှောက် လာတာပဲ ကျမတို့မှာက သူဌေး လုပ်ပေးထားတဲ့ အလုပ်သမားလက်မှတ်ရှိတယ်လေ။ အေးအေးဆေးဆေးပေါ့ ဟော..ဖြစ်ချင် တော့ရှင် အနားရောက်မှ သေသေချာချာကြည့်မိတာ၊ ဘသားချောရဲက ညက ကျမနဲ့.. သူပါ လား..၊ အဲ့ဒီရဲကလဲ နှုတ်ဆက်တယ် ကျမလဲအလိုက် သင့်ပြန်နှုတ် ဆက်ရင်း တဖက်က အဖမ်းခံရတဲ့သူကို (နောက်ကျမရဲ့..မောင်ဖြစ်လာမဲ့ သူ့ကိုလေ) လှမ်းကြည့်လိုက် မိတယ်။
ရုပ်ရည်က သနားကမား ထိုင်းစကားလဲ ကောင်းကောင်းမတတ်၊ ဆိုင်ကယ်ခြင်း ထဲမှာလဲ ဟင်းချက် စရာတွေနဲ့။ ဟုတ်ပါတယ်.. ဒီလူကဗမာပါပဲ၊ သူ့ဖုန်းကို လဲ ရဲက ယူထားတယ်။ သိတဲ့အတိုင်းပဲလေ.. ကျမတို့နိုင်ငံသားတွေဟာ ထိုင်းမှာ အောက်ကျရ တာပဲ။ သူ့မှာပါလာ တဲ့လက်မှတ်ကို ထုတ်ပြနေတာ၊ ဒါပေမဲ့ မရဘူးလေ ထိုင်းမှာ ယာဉ်မောင်း လိုင်စင် မရှိရင်မရဘူး။ ကျမလဲ ကိုယ့်အလုပ်မဟုတ်ပါဘူးလေ ဆိုပြီးဆက်လျှောက်သွားမလို့ပဲလေ၊ သူ့ကိုလှမ်းကြည့်လိုက်တော့ မျက်နှာပျက်နေတာတွေ့ရတယ်။ ရှေးရေစက်ဆိုတာ မှန်သလား မဆိုတတ်ပါဘူး…။
ကျမသူ့ကို ကူညီချင်စိတ်ဖြစ်သွားတယ်။ နင့်မို့ရင်လဲကူညီဖြစ်မှာမဟုတ်ပါဘူး ဖမ်းနေတဲ့သူက ညက ကျမနဲ့တော်တော်ရင်းနှီးခဲ့တာကလား။ ကျမ ချက်ချင်းပဲ အဲ့ဒီ့ရဲကို ထိုင်းလို ပြောလိုက် တယ်၊ ကျမကူညှိပေးရမလားလို့..၊ ရတယ်တဲ့.. ဟုတ်တယ်လေ ထိုင်းရဲတွေ လိုချင်နေတာ ပိုက်ဆံပဲ။ ပြီးတော့သူတို့က ဆိုင်ကယ်ကို ဟိုရှာသလိုလို ဒီရှာသလိုလို လုပ်နေကြတယ်။ ကျမသဘောပေါက်လိုက်တယ်လေ ဒီတော့..ရှင့်မှာ ပိုက်ဆံ ၂၀၀ လေက်မပါဘူးလား၊ ကျမပြောပေးမယ်.. ရဲစခန်းခေါ်သွားရင်ပိုပေးနေရလိမ့်မယ်၊ လို့ဆိုတော့ ကျနော်မှာ ဘတ်၄၀ ပဲကျန်တော့တယ်ဗျာ၊ ရုံးမှာချက်ဘို့ ဈေးသွားဝယ်ပြီးပြန်လာတာ။ နေပါအုံးရှင်က ဘယ်မှာနေ တာလဲ ဆိုတော့.. သူကျမကို တချက်အကဲခတ်ရင်း… ထုံထောင်ထဲက …… ရုံးကပါတဲ့။ သူပြောတာ ကူညီစေချင်တဲ့သဘောပါပါတယ်။ (အဖမ်းခံရမှာ ကြောက်တာလဲပါမှာပေါ့) ကျမကြားဘူးတယ်၊ အစိုးရအတိုက်အခံတွေ မဲ့ဆောက်မှာရှိတယ်ဆိုတာ။ ကျမတို့နဲ့စကား ပြောဘူးတာကတော့ ကျမ စာအုပ်သွားသွား ငှားဖတ်နေကြ စာကြည့်တိုက်ကအမတွေပဲ။ အမျိုးသမီးအဖွဲ့လို့ပြောတာပါပဲ၊ သဘော ကောင်းကြပါတယ်၊ ကျမတို့က စာအုပ်သွားငှားဖတ် ရင်းသိနေကြတာပါ။ ကျမလဲလေ ဘာကြောင့်မသိပါဘူး ထိုင်းရဲကို ကျမတို့ရွာကပါလို့ပြောပြီး ငွေ ၁၀၀ ပေးလိုက်ပါရော။ ဘသားချောတွေ ပိုက်ဆံ ၁၀၀ ယူပြီး ဆိုင်ကယ်မောင်းထွက် သွားကြတာပဲ.. သေခြင်းဆိုး တွေလို့ စိတ်ထဲကကျိတ်ကျိန်ဆဲလိုက်သေးတယ်။
ကျေးဇူးတင်ပါတယ်ဗျာ အခုလိုကူညီတာ၊ ဘယ်မှာနေတာလဲဆိုတော့ ဘတ်နူဝါ ဘက်မှာ နေတာ ဟုတ်လားကျနော်လဲအဲ့ဒီ့ဘက်မှာပဲ လာအမ ဆိုင်ကယ်ပေါ်တက် ကျနော် လိုက်ပို့ပေးမယ်တဲ့ ဘသာချောအခုမှ စကားပြောနိုင်တာဖြောင့်လို့။ ကျမစိတ်ထဲတော့ သူစကားပြောတာ ဆွဲဆောင်မှုရှိတယ်လို့ထင်မိတယ် အဲ့ဒါမောင်နဲ့စတွေ့ရတဲ့ အဖြစ်ပါ ဆက်ပြောရအုံးမယ် သူက ဆိုင်ကယ်မောင်းလာရင်း လ္ဘက်ရည်ဆိုင်တဆိုင်ကို ဝင်လိုက်တယ်။ လာပါ အစ်မ တဲ့ကျနော်ကျေးဇူးတင်လို့ပါတဲ့ မလိုပါဘူး လို့ဆိုတော့ ကျနော်လဲဘာမှ မစားရသေးဘူးတဲ့ သူစကားပြောတာရိုးတာလေးကြည့်ပြီး ခေါင်းညိမ့်လိုက်မိတယ်။ သူနဲကျမနဲ့ လဘက်ရည်ဆိုင်ထဲ ဝင်လာတော့ လူတချို့က အကဲခတ်တယ်၊ ကျမအခုမှသတိ ထားမိတယ် သူအထဲမှာခံဝတ်လာတဲ့ အင်္ကျီက HIV တိုက်ဖျက်ရေး၊ ကျမဝတ်လာတာလဲ အတူတူပဲ တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်။် သူတော့ဘယ်လိုရတာလဲမသိဘူး ကျမက (SAW) အဖွဲ့က လာပြီးကျမတို့ရုံမှာ ပညာပေးလာရင်းနဲ့ ပေးသွားတာ၊ ကျမဝတ်လာတာက မဲ့ဆောက်က ဗမာမိန်းခလေးတွေထဲမှာဆို အဆင့်မဆိုးဘူးလို့ပြောလို့ရတယ်။ နောက်ကျမက ဆံပင်လဲ ဖြောင့်ထားတာ ရုံမှာလုပ်တယ်ဆိုပေမဲ့ ကျမတို့သူဌေးက ဝတ်စားတာ သေသပ်မှ ကြိုက်တာ အခုကျမအသက်က ၂၅ နှစ် ရုံမှာလုပ်တာ တနှစ်ခွဲလောက်ရှိနေပြီ။ ကျမအဲ့ဒီ့ရုံမှာ အလုပ်ရတာ ကျမရုပ်နဲ့ ခန္တာကိုယ် ပြေပြစ်မှုကြောင့်လဲပါတယ်၊ အတူတူထိုင်လိုက်မှ သေသေ ချာချာကြည့် မိတာ သူကအသားလတ်လတ် အရပ်က အတန်ငယ်မြင့်တယ် အထူးသဖြင့် သူ့မျက်လုံး တွေမှာ ဆွဲဆောင်မှုပါတယ် (ကျမထင်နေတာလဲဖြစ်နိုင်ပါတယ်)။ ကျမက.. ရှင်းရှင်းပြောရရင် အပျော်မယ်လုပ်နေတော့ အတွေ့အကြုံတော့ များတယ်၊ ဒါပေမဲ့ ကျမဘဝမှာ ရည်းစား တယောက်ပဲ ထားခဲ့ဘူးတယ် ၁၀ တန်းတုန်းကပါ…၊ အခုမောင့်ကို တွေ့တာက ဒုတိယ အကြိမ်ပေါ့ (နောက်မှ ကျမပြန်တွေးတယ် ကျမအဲ့ဒီ့ကတည်းက မောင့်ကို စိတ်ဝင်စားခဲ့ တာဖြစ်မယ်)။ မောင့်နံမည်က မြင့်စိုးသူတဲ့ အကိုတယောက်နဲ့ပါတ်သက်ပြီး ဒီဘက်က အဖွဲ့တွေကိုရောက်ခဲ့တာတဲ့ တတိယ နှစ် YIT တက်နေတာတဲ့ သူ့အကြောင်း တွေကို အဲ့ဒိလို မိတ်ဆက်ပါရော ကျမရင်ထဲမှာ တမျိုးကြီးခံစားလာရတယ် သူနဲ့ငါ ရွယ်တူ လောက်ရှိမယ်၊ သူကတကယ်လူတွေအတွက် အလုပ်လုပ်တဲ့ အဖွဲ့တွေမှာလုပ်နေတယ် ငါကြတော့….. ကျမ အတွေးရပ်လိုက်တယ်။ အဒေါ် တယောက်နဲ့နေတာ မဲ့ဆောက်ဈေးထဲ မှာ အဒေါ့်ဆိုင်ရှိတယ် ဘာညာပေါ့ ရွှီးလိုက်မိတယ်၊ သူကခေါင်းညိမ့်တယ် ကျမနံမည်မေး တယ် ကျမသူ့ကို အမှန်အတိုင်း အမေမွေးတဲ့နံမည် ပြောပြလိုက်တယ်၊ မြင့်မြင့်နိုင်လို့။ အမက တယ်ဟုတ်ပါ လား ခုနကရဲတွေနဲ့က အသိတွေလား တဲ့ ကျမရှက်သွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခတ်တည်တည်နဲ့ပဲ အင်းဈေးထဲက အဒေါ့် ဆိုင်မှာ လစဉ်ကြေးလာ ကောက် နေကြမို့လို့ပါလို့ ပြောသာပြောလိုက်ရတာ ဘာကြောင့်မှန်းမသိဘူး အားနာသွား သလိုမျိုးပါ ခံစားလိုက်ရတယ်။
ကျမအဲ့ဒီနေ့က အိပ်လို့မပျော်ဖြစ်ရတယ် အော်..ငါတို့ဘဝက လတ်တလောအခြေအနေကိုပဲ ဖြေရှင်းနေတာပါကလား၊ တကယ်တန်းအိမ်ထောင်ရက်သားကြရင် ဘဝကိုဘယ်လိုရပ်တည် မလဲ စတာတွေ စုံနေတာပါပဲ။ မြင့်စိုးသူ ကိုလိမ်ပြောလိုက်ရတာကိုလဲ လိပ်ပြာမလုံသလို ခံစား နေရတာ ဘာကြောင့်မှန်းကျမစဉ်းစားလို့ အဲ့ဒီတုန်းကမရခဲ့ပါဘူး၊ မောင့်အကြောင်း (မြင့်စိုးသူ) ဆက်ရရင် ကျမတို့ ဖုံးအဆက်အသွယ်ရသွားကြတယ်။ ကျမလေ မောင့်ဆီက (သူနဲ့ကျမ ချစ်သူတွေမဖြစ်သေးပါဘူး) ဖုံးလာရင် အလိုလိုရွှင်ပြနေတာလေ၊ အလုပ်အတူလုပ်တဲ့ သူတွေ ကတောင် ကျမကိုကျိတ်ပုံးတဲ့ စကြတယ်၊ တခါက မောင့်ကိုတွေ့ချင်လို လ္ဘက်ရည်ဆိုင်မှာ ချိန်းလိုက်တယ်။ သူရောက်လာတယ် ကျမသူ့ကိုတွေ့လိုက်တော့ ရင်ထဲမှာ တမျိုးလေးဖြစ် သွားတယ် ကျမသိလိုက်ပါတယ်..ကျမသူ့ကို…ချစ်နေမိပြီဆိုတာ။ သူလဲပျော်နေ တဲ့ပုံတွေ့ရ တယ် ကျမအားတက်မိတာပေါ့ ဒီလိုနဲ့ မောင်နဲ့ကျမရင်းနှီးမှုတွေပိုလာခဲ့ကြတာ၊ ကျမဘယ် လိုလုပ်ရမလဲ မောင်ကကျမဘဝကို သိသေးတာမဟုတ်ဘူး သိသွားရင်ကော …ကျမကိုသူ
ချစ်ပါအုံးမလား…ကျမကရော လက်ရှိဝင်ငွေနဲု့..အလုပ်ကိုစွန့်လိုက်ရင်.. အမေ နဲ့မောင် လေးတွေကို ထောက်ပံနိုင်ဘို့။ အခုဆိုမောင်အကြီးကောင်လေးက မော်လမြိုင်မှာ ကောလိပ် တက်နေတာ၊ အငယ်ကောင်က ၁၀ တန်း ဒီကျောင်းစရိတ်တွေအတွက အမေဘယ် လိုရုန်း ကန်နိုင်မှာလဲ မောင့်ဘဝကသန့်တယ် ကျမကမသန့်ရှင်းတာ….။
ဒါပေမဲ့ရှင် ကျမတို့နှစ်ယောက်ရဲ့အချစ်ကို ဘာနဲ့မှတားဆီးလို့မရခဲ့ပါဘူး။ ကျမလေ ပိုသတိ ထားလာခဲ့ရတယ် သွားတာ၊လာတာ အလုပ်လုပ်တာကအစ မောင်လုံးဝမသိနိုင်အောင်..ပေါ့ မောင်ကမသိရှာပါဘူး။ ကျမနဲ့သူချစ်သူတွေဖြစ်တာကိုတောင် သူ့သူငယ်ချင်းတယောက်က လွဲရင် ဘယ်သူမှပေးသိတာမဟုတ်ပါဘူး၊ ကျမလေမောင့်နောက်ကနေ ဆိုင်ကယ်လိုက်စီး ရတာ..မောင်နဲ့စကားတွေပြောရတာ..နောက်ဆုံးရှင် မောင်အနမ်းလေးတွေ ပေးတာကအစ သိပ်သာယာခဲ့တာကလား…။ အော် အချစ်..အဲ့ဒါအချစ်ပါလားနော်..နောက်ကျမ မောင့်ကို ပိုလေး စားရတာက မောင်ကလေကျမတို့လိုမဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းတွေတော်တော် သိတယ် သူပြောပြမှ ကျမတို့ဟာ တကယ်တော့စံနစ်ဆိုးရဲ့ သားကောင်တွေဖြစ်နေရတယ် ဆိုတာ ကျမ သဘောပေါက်တော့တယ်။ မောင်ဆက်သာလုပ် မောင်လုပ်နေတဲ့အလုပ်က မြင့် မြတ်ပါတယ်လို့၊ ကျမလေ မောင်လိုအပ်တာမှန်သမျှ ကြည်ကြည်ဖြူဖြူ လိုက်ရောကူညီခဲ့ တယ်။ တခုတော့ ရှိတယ် ကျမခန္တာကိုယ်ကိုတော့ ကျမလုံးဝဖြူစင်သန့်ရှင်းတဲ့နေ့ ကျမနဲ့ မောင်နဲ့လက်ထပ် တဲ့အချိန်အထိပေါ့။ ကျမက မောင့်ကိုတန်ဘိုးထား မောင်နဲ့ လက်တွဲပြီးတဲ့ နောက်မှာ ဘဝကို အကောင်းဆုံးတည်ဆောက်ပြီး၊ မောင့်ကိုပါရမီဖြည့်ချင်တာ ဒါကြောင့်ကျမ ထိမ်းသိမ်းခဲ့တာပါ.. အဲ့ဒါမောင့်ကိုသိတ်ချစ်လွန်းလို့ပါမောင်ရယ်..။
ကံကြမ္မာ..ဆိုတာဟာလေ ကျမတို့လိုလူတွေအတွက် သိတ်ဘက်လိုက်တတ်ကြတာပါလား… ။ နော် လောကမှာလေအကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ့်ဘဝထဲကို ဝင်ချင်တဲ့အချိန် ဝင်ရောက်တတ်ပါလားနော်။ ကျမနဲ့မောင်နဲ့ ချစ်သူတွေဖြစ်လာတာ ၁၀ လလောက်ရှိနေပါပြီ ကျမလဲ မောင်နဲ့လက်တွဲပြီးတော့၊ ဘဝတခုကို ထူထောင်ဘို့စဉ်းစားလာတယ်။ ဟုတ်တယ် လေ လူ့ဘဝမှာ ပိုက်ဆံကြောင့် ဘဝကို ဒီအထိဆွဲချမိခဲ့တဲ့ ကျမကိုယ်ကျမလဲ၊ ငါ့နှယ်နော် ငါလူညံ့ဖြစ်သွားတာပါကလားလို့။ နောက်ပြီးတော့ ငါချစ်တဲ့မောင်၊ ဟုတ်တယ် ငါဒီဘဝကို မောင် ပြောတဲ့စကားနဲ့ပြောရရင်၊ တော်လှန်ပြောင်းလဲပစ်ရမယ်ပေါ့။ ကျမကသာ ဒီလို ဘဝကို ပြုပြင် ပြောင်လဲပြီး မောင်နဲ့လက်တွဲဘို့စဉ်းစားနေတာ ကံကြမ္မာက ခွင့်မပြုခဲ့ပါဘူးရှင်၊ ကျမမှာ လေ HIV ပိုးတွေ့တယ်တဲ့၊ ဖြစ်မှဖြစ်ရလေရှင် ကျမလေ ဘဝကိုကောင်းအောင် ပြုပြင်ပြီး… မောင်နဲ့..ကျမ..ကျမလေကိုကိုယ်ကိုတောင် အဆုံးစီရင်ချင်စိတ်ပေါက်ပါတယ်ရှင်၊ ဘဝရယ်.. ကျမလေ စိတ်သိတ်ထိခိုက်လွန်းလို့…။
ကျမအလုပ်ထွက်ရတယ် ကျမမှာပိုက်ဆံနည်းနည်းရှိတော့ အိမ်ခန်းလေးတခန်းအရင်ငှား လိုက်တယ်၊ ကျမတယောက်တည်းပဲနေချင်တော့တာကိုး။ လုပ်ဖော်ကိုင်ဘက်တချို့ကတော့ အားပေးပါတယ် အနာသိရင်ဆေးရှိပါတယ်တဲ့၊ အနာသိပြီးဆေးမရှိတော့ကော..။ကျမစိတ် တွေ.. ဟုတ်တယ် ကျမလေစိတ်တွေကို ထိမ်းချုပ်နိုင်အောင်လုပ်ရမယ်၊ ကျမစိတ်ကိုလျောချ လိုက်တယ် ကျမဘယ်သူနဲ့မှအတွေမခံပဲ အရေးအကြောင်းဆို လူတွေရဲ့ဖြစ်လေ့ရှိတဲ့အတိုင်း ကျမ မြတ်စွာဘုရားကိုအားကိုးလာမိတယ်။ ကျမနဲ့ရင်းနှီးတဲ့ ဆရာတော်တစ်ပါးက ကျမကို တရားထိုင်ဘို့ ပြောတယ်၊ ကျမတရားထိုင်တယ် နှစ်ပါတ်လောက်ကြာတော့ ကျမနေသား နည်းနည်းကျလာတယ်။ ဖြစ်လာမှတော့ လောကဓံကို ခါးစည်းခံရုံပါပဲလို့ စိတ်လေးနည်းနည်း ထားတတ်လာပါတယ်၊ ဒါပေမဲ့ရှင် ကျမမောင့်အကြောင်းတွေးတိုင်း စိတ်မကောင်းဖြစ်ရတယ်၊ မောင်အခုလောက်ဆို ကျမကိုရှာနေရောမယ် ကျမဒီဘဝနဲ့ မောင့်ကိုဘယ်လိုလုပ် လက်တွဲရမ လဲမောင်ရယ်။ ကျမကြောင့်မောင်…အို.. ကျမလေ.. ရင်နဲ့အမျှ ကြေကွဲခဲ့ရပါတယ်မောင်ရယ်၊ တကယ်တော့ ကျမရဲ့ အိမ်မက်ကမ္ဘာလေးပြိုကွဲခဲ့ရတာပါမောင်ရယ်…။
ကျမဆုံးဖြတ်လိုက်တယ် မောင့်ကိုအတွေ့မခံတော့ဘူးလို့၊ မောင့်ကိုတွေ့ချင်နေတဲ့စိတ်တွေကို ကျမရဲ့ ကွဲကြေနေတဲ့ ဟော့ဒီရင်ပတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့မယ်။ ကျမနောက်ဆုးံအ နေနဲ့ မောင့်ဆီကိုဖုံးခေါ်လိုက်တယ်…။ မောင်… ဟာ မြင့်ကွာ ဘယ်ပျောက်သွားတာလဲ မောင် ဖြင့်ရှာလိုက်ရတာကွာ၊ မောင့်အသံက ကျမရင်ကို ဆို့နင့် မွချေ ပစ်လိုက်သလိုပါပဲ.. မောင်..။ မြင့်နဲ့လက်ထပ်ဘို့ လူကြီးတွေကိုပြောထားပြီးပြီတဲ့၊ ထပ်မံပြီးကြေမွရပြန်ပါပေါ့မောင်ရယ်..။ ကျမအံကိုတင်းတင်ကျိတ်ထားပြီး မယိုင်လဲသွားအောင် မနည်းအားယူထိမ်းထားရတာပါ၊ ကျမ နောက်ဆုံးအားယူပြီး မောင့်ကိုတခွန်းပဲပြောလိုက်နိုင်ပါတယ်….၊ မောင်…… ကျမကိုမေ့လိုက်ပါ တော့ လို့…။
ဒီ့နောက်မှာတော့ ကျမ နယ်စပ်ကထိုင်းရွာလေးတရွာမှာ ကျမအသိတယောက်နဲ့ သွားနေရင်း၊ ထိုင်းသူဌေးတယောက်ဆီမှာ လယ်ယာလုပ်သားဘဝနဲ့ ကျမဘဝကိုကျမဘာသာ ကုစားနေမိ တော့တယ်။ တနှစ်လောက်အကြာမှာတော့ ကျမငှက်ဖျားအကြီးအကျယ် ဖျားပါလေရော၊ နောက်ဆုံးတော့ ကျမ မဲ့ဆောက်က ဆရာမစင်သီယာမောင်ရဲ့ဆေးခန်းကိုရောက်လာတယ်၊ ငှက်ဖျားပိုးကိုသွေးဖောက်စစ်ရင်းနဲ့ ကျမသွေးကိုထပ်မံဓါတ်ခွဲကြည့်ရာကနေ HIV ပိုးရှိနေတာ ဆေးခန်းကသိသွားတာပေါ့။ ဆရာမတွေကအားပေးပါတယ် အားမငယ်ပါနဲ့တဲ့၊ ဒီမှာအမျိုး သမီးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ SAW အဖွဲ့ဆီကိုပို့ပေးမယ်တဲ့။ အော်..မောင်ရေ.. ဒီအဖွဲ့ဆီကရတဲ့ အကျီင်္လေးဝတ်တဲ့နေ့က မောင်နဲ့စဆုံဖြစ်ခဲ့ကြတာနော်၊ ကျမသိတာပေါ့ သူတို့က ခလေးတွေ၊ ခိုကိုးရာမဲ့တွေ၊ HIV ပိုးစွဲကပ်နေတဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ကူညီစောင့်ရှောက်နေတာလေ။ ကျမဆုံးဖြတ်လိုက်တယ် ဟုတ်တယ် ငါဟာ လူ့လောကကြီး မှာ အဓိပ္ပါယ်မဲ့နေသွားမလား၊ ရှိတဲ့အချိန်မှာ အကျိုးရှိရှိနေသွားမလား၊ ကျမဆုံးဖြတ်ချက် ကိုခိုင်ခိုင်မာမာချလိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ ကျမခြေလှမ်းတွေက SAW အဖွဲ့ရဲ့ save house လို့ခေါ်တဲ့ ဂေဟာာလေးဆီကိုသာ….။
အခုတော့ကျမလေ ကျနဲ့ဘဝတူ ရောဂါအခြေအနေတွေဆိုးတဲ့ တခြားအမျိုးသမီးတွေကို ကူညီစောင့်ရှောက်တဲ့သူတယောက် ဖြစ်လို့နေပါပြီမောင်ရယ်..။ တရက်ဈေးထဲမှာ အမှတ်မ ထင်မောင့်သူငယ်ချင်းနဲ့တွေ့လို မောင်နိုင်ငံခြားထွက်သွားတယ်ဆိုတဲ့အကြောင်း၊ အိမ်ထောင် ရက်သားကျသွားပြီဆိုတဲ့အကြာင်း သိရပါတယ်မောင်ရယ်။ မြင့်… မောင့်အတွက်ဝမ်းမြောက် ပါတယ် မောင်ရယ်..မောင်ကတော‘့မြင့်‘ ကို သစ္စာမရှိတဲ့သူလို့ ထင်နေမှာပါ။ ရပါတယ်မောင် ရယ် မြင့်..လေ..အခုဆိုရင် ဘဝတူတွေကို ပြန်လည်စောင့်ရှောက်တဲ့ လူမှုရေးလုပ်သား တဦးဖြစ်နေပါပြီ။ မြင့်နားလည်တာတော့မောင်ရယ် လူမှုရေးဆိုတာ၊ နိုင်ငံရေးစံနစ်ရဲ့ အခြေခံ လေးတွေလို့ လုပ်ရင်းနဲ့သိလာရတယ် ဒါကြောင့် ဒီဘဝနဲ့ပဲ မြင့်ရဲ့ဘဝ တနေ့အဆုံးသတ်တဲ့ အထိ နေထိုင်သွားပါတော့မယ်မောင်။ မောင့်ကိုလွမ်းတဲ့စိတ်တွေကိုလည်း လူမှုရေးလုပ်ငန်း တွေမှာ တစ်တတ်တစ်အားလုပ်ကိုင်နေရင်း နေတတ်လာပါပြီမောင်ရယ်….။
ညီမရေ..မြင့် သွားကြရအောင်လေ၊ အတူတူလာတဲ့ အဖေါ်အမကြီး မမေကြည် လှမ်းခေါ်မှပဲ ကျမဘယ်လောက်အထိ အတွေးရေယာဉ်ကြောမှာ မျောနေမိသလဲမသိတော့ပါ။ ဘာလဲ.. ညီး မောင့်ကို လွမ်းနေတုန်းပဲလားဟေ့၊ မဟုတ်ပါဘူးအမကြီးရယ်..၊ ကျမအမကြီးအမေးကိုပြန်ဖြေ ရင်း သောင်ရင်းမြစ်ကမ်းကနေ ပြန်လာခဲ့ကြပါတော့တယ်။ ရုံးနားရောက်တော လ္ဘက်ရည် ဆိုင်က နွှဲ့ယဉ်ဝင်း သီဆိုထားတဲ့သီချင်းလေးက ကျမနှလုံးသားထဲအထိ ပြန်နှံဝင်ရောက်လာ ခဲ့ပါတယ်ရှင်…။
မောင်လိုအင်တွေကိုxxxxx
ညိုညင်တာမရှိဘူးxxxxxမxကxခွင့်လွှတ်ခဲ့တယ်xxxx- မောင့်အတွက်နဲ့မနှလုံးသားxxxမြေ့မြေ့
ကျွမ်းပြီကွယ်xxxx-xxxx
ဟူ၍သာ…..။
(မဲ့ဆောက်ရှိ မြန်မာအမျိုးသမီးလေးဦးရဲ့ အဖြစ်အပျက်တချို့အား မှီငြမ်းဇာတ်အိမ်ဖွဲ့ပါသည်။)
ကျိုးစားပါအုံးမည်။
ယဉ်ထွန်း
Thursday, November 20, 2008
အကြွေစောတဲ့ ပွင့်သစ်သို့...( ဝင်းတင့်ထွန်း )
ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -
မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …
ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -
ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။
( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )
သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု (ကိုအေးဝင်း)
လက်ရှိတော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်းကြွေလွင့်သွားရှာတဲ့ ရဲဘော်ကြီးဂုရု..ရဲဘော်ကြီးကောင်းရာသုဂတိ လားပါစေ...(ဂင်ကြီး)
သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု
ရေးသူ- မောင်အေးဝင်း
"နေလ (ဦးအောင်ခင်သား အကြီး) ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး မဲဆောက်ဆေးရုံကို ဒီညနေမှာ တင်ထားလိုက်ပါသည်။ အခြေအနေမကောင်းပါ။" လို့ မဲဆောက် ယမုံနာကျောင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ရဲဘော်တယောက်က အီးမေလ် ပို့တယ်။ ကိုလဲ အလုပ်သွားရဘို့ အချိန်ကပ်နေတော့ သူ့ရဲ့ contact ဖုံးနံပါတ်ကို ကမန်းကတန်း ရေးချပီး၊ အလုပ်ကို ထွက်လာခဲ့တာ။ အလုပ် ရောက်ရောက်ချင်းပဲ သူတို့ဆီ ဖုံးဆက်လိုက် တယ်။ ကိုပေါက် ဆိုတဲ့ရဲဘော်လေးက "အကိုရေ.. မနက်တနာရီလောက်ကဘဲ ဆုံးသွားပီ" တဲ့။
ရုတ်တရက် ရင်ထဲ ဆို့သွားတယ်။ ချက်ချင်း ဆက်စရာရှိတဲ့ လူတွေဆီ ဖုံးခေါ်လိုက်တယ်။ 'ဂုရု မနက် တနာရီမှာ ဆုံးသွားဘီ' လို့။
သူတို့မိသားစုမှာ သူက သားအကြီးဆုံး။ သူ့မိဘတွေက သူ့ကို သားသားကြီးလို့ ခေါ်တော့ ကျနော်တို့လဲ လိုက်ပီး သားသားကြီးလို့ ခေါ်ကြတယ်။ ကျနော်တို့ဆိုတာက ကိုသက်ခိုင်(ခ)ကိုလတ်၊ မျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ၊ နဲ့ ကျနော်။ သူ့အဖေက ကိုအောင်ခင်။ ကျနော်တို့ ရဲဘော်။
သူ့ အိမ်နာမည် 'နေလ'၊ သူ့အောက်က အငယ်ကောင်က 'သီလ'။ သီလအောက်မှာ 'မနှင်းဖွေး' ဆိုတဲ့ ညီမလေးတယောက် ရှိတယ်။ နောက်တော့မှ အငယ်ဆုံးကောင်လေးကို မွေးတာ။ အဲဒီ အငယ်ဆုံးကောင်ကို မွေးတော့ ဆရာဒဂုန်တာရာက 'ဗညားမော်' လို့ နာမည် ပေးလိုက်တယ်။ အော်လွန်းအားကြီးလို့ ကျနော်တို့က 'တအားအော်တဲ့-ဗညားမော်' လို့ ဘွဲ့ပေးထားတဲ့ ကလေးပေါက်စ။
ချစ်စရာကောင်းတဲ့ မောင်နှမလေးယောက်။
'နေလ' က လူအေး။ မျက်မှန်လေးနဲ့။ စာကြိုက်တဲ့ စာဂျပိုး။ 'သီလ' က သွက်သွက် လက်လက်။ ငမျောက်။ 'နေလ' တောခိုလာတယ်ဆိုတော့ ကျနော် အံ့သြသွားတယ်။ ဒါမျိုးကို လုပ်မယ့်လုပ်ရင် သီလ လုပ်မယ်ထင်တာ။ နောက်ပီး စိတ်မကောင်းလဲ ဖြစ်မိတယ်။ အဖေက ကျနော်တို့ ကိစ္စမှာသူလဲပါတော့ အဖမ်းခံသွားရတယ်။ သားအကြီးဆုံးကလဲ တောထဲ ရောက်ရတယ်။ မရောက်ရင်လဲ သူလဲ သူ့အဖေလို ထောင်ထဲရောက်မှာ။ ရိုးရိုးအေးအေး မဒမ်အောင်ခင် (ဒေါ်အေး) တော့ လူမမယ် ကလေးသုံးယောက်နဲ့ ဒုက္ခပါဘဲ။
'နေလ' အဖို့ရာ သူဖတ်ခဲ့တဲ့ စာတွေက သူရလိုက်တဲ့ အတွေးအခေါ်တွေဟာ သူ့လက်တွေ့ ဘဝကို ပြဌာန်းပေးလိုက်ခြင်းဖြစ်တယ်။ တော်လှန်ရေးနယ်ထဲရောက်လာပီး တော်လှန်ရေးသမားဘဝကို သူ ခုံခုံမင်မင် ဖြတ်သန်းတာဘဲ။ စာသင်ခန်းကိုစွန့်၊ ကျောင်းလွယ် အိတ်ကိုချ၊ AK 47 မောင်းပြန်သေနတ်ကို သူကိုင်ခဲ့တယ်။
ကျနော် ဘန်ကောက်မှာတုန်းက သူ ဘန်ကောက်ကို တက်လာသေးတယ်။ သူ့ကို ကျနော်က ဘန်ကောက်မှာ နေမလားမေးတော့ ကျနော် စစ်ပဲ တိုက်ချင်တယ်ဆိုပီး နယ်စပ်ကို ပြန်ဆင်းသွားတယ်။ တပ်နီတော်ရဲ့ စည်းကမ်းကြီး (၈) ချက်ကို လိုက်နာတဲ့ ABSDF ရဲ့ စံပြတပ်သားကောင်းတယောက် သူဖြစ်လာတယ်။ နိုင်အောင်တို့တပ်က သူတို့ [(၆၀)လောက်ရှိ မယ်ထင်တယ်] ခွဲထွက်လာကြတယ်။
သူ့တို့ ငယ်ဘဝလေးကို ကျနော့်မျက်စိထဲမှာ ပြန်မြင်လာတယ်။ ဒင်းတို့ ညီအကိုနှစ် ယောက်ကို ဘယ်လက်ညာလက်မှာ ဆွဲပီး၊ စော်ဘွားကြီးကုန်းကနေ မြို့ထဲမှာ ရုပ်ရှင်ကြည့်ဘို့ ခေါ်လာရတာ။ ရုပ်ရှင်ကအပြန် ကျနော့် စာအုပ်ဆိုင်ကိုဝင်၊ မင်းတို့ ဖတ်ချင်တဲ့စာအုပ်ကြိုက်တာ ယူဆိုတော့၊ 'သီလ'က ကာတွန်းစာအုပ်ပဲ။ 'နေလ' ကတော့ ဘာသာပြန်စာအုပ် ကောင်းကောင်း တွေကိုပဲ ရွေးတယ်။
သူတို့ အိမ်မှာ ကျနော် အိပ်တဲ့အခါ နှစ်ယောက်အိပ်ခြင်ထောင် တလုံးစာပဲ ကျယ်တဲ့ သူတို့အိမ်ရှေ့ခန်း ၀ါးကြမ်းခင်းရဲ့ ဖျာကြမ်းပေါ် ဖျာချော ထပ်ခင်းပီး ညီအကိုနှစ်ယောက်ရယ်၊ ကျနော်ရယ် သုံးယောက် အိပ်ကြတယ်။ တခါတလေ မျိုးသန်း(ခ)ဂျပ်ကြီးတောင် ပါလိုက် သေး။ ဒီကလေးတွေက အအိပ်ဆော့တော့ ခြင်ထောင်ထဲကို ခြင်တွေဝင်၊ မနက်ဆိုရင် သွေးဝနေတဲ့ ခြင်တွေ၊ ခြင်ထောင်ထဲ သီးနေလိုက်တာ၊ ရိုက်လို့မကုန်ဘူး။
တခါတလေ မျိုးသန်းက 'နေလ' ဂစ်တာကို ယူတီးတယ်။ ကျနော်တို့ အများဆုံး ဆိုတီးကြတာ စိုင်းထီးဆိုင်ရဲ့ 'သိတ်ချစ်ရတဲ့ နွဲ့တင်'။ တခါတော့ ကျနော်နဲ့ မျိုးသန်း ရောက်သွား တုန်း သူ့အမေက ကျနော်တို့ကို သူ့ သားအကြောင်း တိုင်တယ်။ ဘာလဲတော့ မမှတ်မိတော့ ဘူး။ မျိုးသန်းကလဲ နဲနဲ မူးလာတော့ ဆူနေတာ မဆုံးတော့ဘူး။ ဓါတ်ပြားက အပ်ကြောင်း ထပ်နေပီ။ ဆူတာကလဲ အတည်ပေါက်နဲ့ ဆူချင်ဟန်ဆောင်ပီး၊ တဖက်က ကျနော်ကို မျက်စိ မှိတ်ပြနေသေးတယ်။ ကြာတော့ အဆူခံရတဲ့ မောင်နေလ စိတ်ညစ် နားညည်းပီး ငိုပါလေရော။ သူကငို ကျနော်က စ။ ဆယ်တန်းကျောင်းသား လူပျိုပေါက်အရွယ်တောင် ရောက်နေပီ။
၁၉၈၈ လူထုအုံကြွမှုမှာ သားသားကြီး(ခ)နေလ(ခ)မောင်မြင့်အောင်ဟာ အထက်တန်း ကျောင်းသားဖြစ်နေပီ။ အင်းစိန်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂမှာ လှုပ်ရှားနေတာ တွေ့မိတယ်။ အာရုဏ်ဦးသတင်းစာအတွက်လဲ သူတို့ ကျောင်းသားလှုပ်ရှားမှု သတင်းတွေ သူ့ဆီက ရတယ်။
ကျောင်းသားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အနှစ် ၂၀ နီးပါး ဖြတ်သန်း လာပြီး အသက် ၃၆နှစ် (၄၀ နားနီးမှ) အိမ်ထောင်ပြုတယ်။ ဘဝကို အသစ်ပြန်စဖို့ ရည်ရွယ်တာမှ လေးလလောက်ပဲ ရှိသေးတယ်။ မကြွေသင့်ပဲ ကြွေခဲ့ရပါရောလား။ ကိုယ့်မျက်စိထဲမှာတော့ မင်းကို ကလေးလို့ပဲ မြင်နေတုန်း။ တူလိုသားလို ချစ်ပီး၊ ရဲဘော်တယောက်လို လေးစားတဲ့ သားသားကြီး'နေလ' အကြွေစောလို့ နှမြောရပါတယ်။
မောင်အေးဝင်း
နိုဝင်ဘာ ၁၉၊ ၂၀၀၈။
Friday, November 14, 2008
ဗဟုဇာတ်စုံ
ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
တော်လှန်ကဗျာတွေ ရှိသလို
မလျော်ကန်တာတွေ ရှိတယ်…၊
ပေးဆပ်သူတွေ ရှိသလို
စေးကပ်သူတွေ ရှိတယ်…။
တော်တာတွေ မြင်ရသလို
မှော်ဆရာတွေ ဂွင်ကျတယ်…၊
ဘော်ဒါတွေ ပြန်တွေ့ရသလို
မတော်တာတွေ အမှန်တွေ့ရတယ်…။
အသေ.. မြတ်ခဲ့သူတွေ ရှိသလို
အနေ..တတ်ခဲ့သူတွေ ရှိတယ်…၊
ခြေ..ပြတ်တဲ့သူတွေ ရှိသလို
ငွေ..တပ်မက်နေသူတွေ ရှိတယ်…။
ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
သမိုင်း..ရေးတဲ့သူတွေ ရှိသလို
သမိုင်း..ကွေးခဲ့သူတွေ ရှိတယ်…၊
လမ်း..ဖောက်တဲ့သူတွေ ရှိသလို
စမ်း..လျှောက်နေတဲ့သူတွေ ရှိတယ်…။
ဒုက္ခသည်တွေ ရှိသလို
အထုတ်မ ဝယ်သူတွေရှိတယ်…၊
အသက်အရွယ် ထောက်သူတွေ ရှိသလို
အရက်ဝယ် သောက်နေသူတွေ ရှိတယ်…။
အမှန်တရားကို မြတ်နိုးသူတွေ ရှိသလို
အကြံသမားကို လာဘ်ထိုးနေသူတွေ ရှိတယ်…၊
ကြိုးစားနေတဲ့ သူတွေရှိသလို
မရိုးမသား လေတဲ့သူတွေလဲ ရှိတယ်…။
ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
မီဒီယာတွေ ရှိသလို
စီမီနာတွေ ရှိတယ်…၊
ပညာ.. တတ်သူတွေ ရှိသလို
ဂွင်ရှာ.. မြတ်နေသူတွေ ရှိတယ်…။
အကြင်နာ ပေးနေသူတွေ ရှိသလို
တမင်တကာ ရွေးယူနေသူတွေ ရှိတယ်…၊
ရင်းနှီးနေတဲ့ သူတွေရှိသလို
အပြင်းကြီးနေတဲ့ သူတွေရှိတယ်…။
မိတ်ဆွေ…
အဲ့ဒီ့တောင်တန်းကြီးဟာလေ
ဗဟုစုံခင်း ရင်းထားခဲ့ကြရတာပါ
ရာဇဝင် ကျောက်သားတွေနဲ့
ထုသားရင့် ပေသားနင့် နေတာပါကွယ်…
မယုံရင်ကြည့်…
တနေ့မှာ မကောင်းမှုတွေကို
မောင်းထုကြေငြာလိမ့်မကွဲ့…
ပြီးတော့ သူ့ရင်ကိုဖွင့်ပြီး
ပေးဆပ်သူတို့ရဲ့ အောင်ပွဲကွလို့
မာန်ပါပါနဲ့ ဟစ်ကြွေးပါလိမ့်မယ်…။
မိတ်ဆွေ…အဲ့ဒီ့တောင်တန်းကြီးတွေဆီ
ကျနော်ရောက်ခဲ့တယ်…။ ။
ယဉ်ထွန်း
Wednesday, November 12, 2008
နာနာထုလေ ဓါးကောင်းလေပါပဲ…
ပေပေါ်တင်ထု ထုချင်ထု
မီးပေါ်တင်ရှို့ ရှို့ချင်ရှို့
သံမဏိသား ကြွေမသွားဘူး
နာနာထုလေ ဓါးကောင်းလေ…
ကဗျာဆရာ ကိုလွမ်းဏီ ရဲ့ကဗျာပိုဒ်လေးပါ ၁၉၉၀ တဝှိုက်က စပ်ဆိုခဲ့တယ်လို့မှတ်မိပါတယ်၊ ကျနော်အထက်ဗမာပြည်ဘက်ကို ပါတီအလုပ်တခုနဲ့ ခရီးထွက်နေရာကနေပြန်လာတာပါ မှတ်မိနေပါသေးတယ် မိုးကဖွဲဖွဲရွာနေတာ ရန်ကုန်ဆိပ်ကမ်းရောက်တော့ ကျနော်တို့မြို့ NLD က သူငယ်ချင်းတယောက်နဲ့ တွေ့ပါရော ဂျပန်ကြီး (ကျော်မျိုးသန့်) ထောင်ထဲမှာ ကျသွားပြီတဲ့ ကျနော် ဒီသတင်းကြောင့် သိပ်စိတ်ထိခိုက်သွားခဲ့ရပါတယ်၊ အော်..ပေးဆပ်လိုက် ရပြန်ပါပြီပေါ့ ဂျပန်ကြီးက ကျနော်တို့ငယ်ငယ်ကတည်းကသူ့ကိုခေါ်ခဲ့တဲ့ နံမည်ပြောင်ပါ သူ့နံမည်ရင်းက ကျော်မျိုးသန့် ဒါပေမဲ့ ကျနော်တို့ ဘိုကလေးမြို့မှာ သူ့ကိုဂျပန်ကြီးလို့ပဲ သိကြတာများပါတယ်၊ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးပါ ထောင်ကျသွားရတာက စစ်အစိုးရက ၈၈၈၈ လေးလုံးကာလက သပိတ် တိုက်ပွဲတွေမှာပါခဲ့တဲ့ သမဝါယမဝန်ထမ်း(၄၀)ကို အလုပ်ဖြုတ်ပစ်တဲ့ကိစ္စနဲ့ ဝေါ မြို့နယ်မှာ လယ်သမားတွေကို သေနတ်ဖေါက်ပြီး အတင်းစပါးရောင်းခိုင်းတဲ့ကိစ္စတွေကို ကျနော်တို့ မြို့နယ်မှာ စာတွေဖြန့်ကြပါတယ် ကန့်ကွက်ကြောင်းလည်း မဝတ ကိုစာတင်ပြီး တရားဝင် တောင်းဆိုတိုက်ပွဲဝင်တာပါ။
အဲ့ဒီ့အချိန်က ပါတီဗဟိုကလဲ နဝတ ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာပါ ကျနော်တို့ ပါတီကအဲ့ဒီအချိန်မှာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေး တောင်းဆိုနေတဲ့အချိန်ပါ စစ်အုပ်စုက ပြည်သူလူထုကို မတရားလုပ်ဆောင်မှုမှန်သမျှ ဖွင့်ချတိုက်ပွဲဝင်တာပါပဲ ပါတီဟာအဲ့ဒီအချိန်က အင်အားကောင်းကောင်းနဲ့ တစည်းတလုံးတည်းတိုက်ပွဲ ဝင်ကြတာပါ ဗဟို၊မြို့နယ်၊ တိုင်း ပြောစရာမလိုလောက်အောင် ညီညွတ်ပါတယ် အားလုံးတသားတည်းပါ စုပေါင်းခေါင်းဆောင်မှု ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတာပါ ဆက်ရရင်တော့ဗျာ မဝတ ဥက္ကဌက ဆွေးနွေးစရာ ရှိလို့ပါဆိုပြီး ကျနော်တို့ မြို့နယ်ရုံးကိုစာပို့လာပါတယ်၊ ကျနော်တိုဆီက မြို့နယ်ပါတီဥက္ကဌ ကိုအံဇော်၊ကိုတင်နိုင်ထွန်း (၂၀၀၃-ခုနှစ်တွင်တောထဲတွင်ကျဆုံး)၊ ကိုကျော်တင့်မောင်၊ ကိုကျော်မွှေး တို့လေးဦးသွားတွေ့ပါတယ်၊ ဒီစာတွေဖြန့်နေတာရပ်ပစ်ဘို့ ပြောပါတယ် ကျနော် တို့ရဲဘော်တွေက မတရားလုပ်တာကိုရပ်ပေးရင် စာထုတ်တာရပ်ပေးမယ် မတရားဆက်လုပ် နေရင်စာတွေထုတ် ဆက်လက်ကန့်ကွက်လှုပ်ရှားနေပါပဲလို့ ပြောပါတယ် ဒါဆိုမင်းတို့ကို ဖမ်းမယ်ဆိုတော့ ဖမ်းစမ်းဆိုပြီး အားလုံအဖမ်းခံခဲ့ကြတာပါ။
နောက်ဒီမတရားမှုကို မတရားကြောင်း ဆက်လက်တောင်းဆိုကြပါတယ် စာတွေဆက်ထုတ် တယ် စာတွေဖြန့်တယ် ကျနော်တို့မြို့မှာတင် ပါတီဝင် ၂၀၀၀ ကျော် ရှိပါတယ် ပြတ်ပြတ်သားသား၊ဗြောင်ဆန့်ကျင်ခဲ့ကြတာပါ၊ နောက်ထပ် ပါတီမြို့နယ်မှာတာဝန်ရှိတဲ့ ဂျပန်ကြီးနဲ့ ကိုပေါက်(ယ္ခုလက်ရှိ ဗဟိုကော်မတီဝင် ABSDF) တို့ကိုပါ မှတ်မိပါသေးတယ် ဖမ်းမယ်ဆိုတာသိနေကြပေမဲ့ ဘာကိုမှဂရုမစိုက်သလိုပါပဲ ကျနော်တို့ကို လဘက်ရည်ဆိုင်မှာ ငါ့အလှည့်ကွတဲ့ ဂျပန်ကြီးပြောသွားတာပါ စပ်ဖြဲဖြဲတောင်လုပ်သွားပါသေးတယ်၊ ကိုပေါက် ကလဲ ခတ်ပြုံးပြုံးပါပဲ ပေးဆပ်တယ်ဆိုတာ တော်လှန်ရေးရဲ့အလုပ်တဲ့ ဂျပန်ကြီးက ပင်ကိုယ်စရိုက်က ပျှော်တတ်ပါတယ် သူရှိရင် ပါတီရုံးမှာ တဝါးဝါးတဟားဟားပါပဲ စကား ပြောလဲသိပ်ကောင်းပါတယ် သူတို့မဝတရုံးကိုသွားတော့ ကျန်တဲ့လူတွေကလဲ လိုက်သွားကြ တာပါပဲ ဒါပေမဲ့ရုံးထဲကိုတော့ ဝင်ခွင့်မရကြဘူးလေ ဂျပန်ကြီးကတော့ရင်းတယ်ဗျို့ ဟေ့ဒီမှာ ခင်ဗျားတို့ဖမ်းမလို့မလား ကျုပ်တို့ကလာအဖမ်းခံတာ ဆိုပြီးအချုပ်ထဲတန်းဝင်သွားခဲ့တာပါ။
ပါတီမှာ ဗဟိုမှာရော မြို့နယ်အဆင့်လိုက်မှာပါ အဖမ်းခံပြီးတော့တိုက်ပွဲဝင်ကြတာ ဒုဥက္ကဌ ကိုသက်ထွန်း၊ ကိုဂျင်မီ(ကျော်မင်းယု) (လက်ရှိ နအဖ မှ ထောင် ၆၅ နှစ်ချလိုက်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်) ကိုယဉ်ထွေး တို့ အဖမ်းခံတိုက်ပွဲဝင်ခဲ့သလို ကျနော်တို့မြို့နယ် မှာလဲ ပါတီခေါင်းဆောင်တွေ အဆင့်ဆင့် အဖမ်းခံတိုက်ပွဲဝင်ခဲ့ကြတာပါ ကျနော်တို့မြို့နယ်မှာ NLD ရယ် ပြည်သူ့တိုးတက်ရေးပါတီရယ် လူ့ဘောင်သစ်ရယ် ပူးပေါင်းလှုပ်ရှားကြတာပါ လူ့ဘောင်သစ်မြို့နယ်ခေါင်းဆောင်တွေကို မတရားဖမ်းတာကို ဝိုင်းကန့်ကွက်ကြလို့ ကျနော်တို့ဆီက မြို့နယ်အတွင်းရေးမှူး ကိုကျော်တင့်ဦး၊ပြည်သူ့တိုးတက်ရေးပါတီက ကိုဇော်ဖေ၊ မနီ၊ NLD က ဆရာထွန်းမြင့်အောင်တို့ ဆက်တိုက်ဆိုသလို အဖမ်းခံခဲ့ကြရ ပါတယ်။
ဂျပန်ကြီးအကြောင်းကို ဆက်ရရင် ထောင် ၂ နှစ်ကျတယ် မအူပင်ထောင်ကိုပို့လိုက်တယ် ကျနော်ပြောပြချင်ပါသေးတယ် ဂျပန်ကြီးကို မအူပင်ထောင်ပို့ဘို့ သင်္ဘောဆိပ်ကိုခေါ်လာ တော့ စားစရာတွေလာပို့ကြ လာနှုတ်ဆက်ကြ လူတွေက ၅၀၀ လောက်ရှိတယ်ဗျာ အဲ့ဒီ့ လောက်ကို မြို့လူထုကချစ်ကြတာ ထောင်ထဲရောက်တော့လဲ ထောင်ထဲမှာမတရားတာတွေ တွေ့ရင် ဘယ်ရလိမ့်မလဲဗျာ ဆက်တိုက်နေတော့တာပဲ ဒီတော့ စစ်ထောက်လှမ်းရေးက သူ့ကိုတော်တော်ညှိုးပါတယ်၊ သူဆုံးပါးရတာကိုရေးရရင် ရင်နာစရာပဲဗျို့ ဖြစ်တာက အသဲရောင်အသားဝါရောဂါပါ အပြင်မှာဆို ကုလို့ရတယ် ဒါပေမဲ့ ဆေးကုသခွင့် သေသေချာချာမရဘူး ထောက်လှမ်းရေးကညစ်ထားတာလေ နောက်ရောဂါသိပ်ကျွမ်းလာမှ မအူပင်ဆေးရုံထုတ်ပေးတယ် နောက်ဆုံအဲ့ဒီ့ရောဂါကြောင့် ဂျပန်ကြီးဆုံးသွားရတာပါ၊ စစ်အုပ်စုဟာ ကျောင်းသားတွေအပေါ်မှာ ဘယ်လောက်ရက်စက်သလဲဆို ဂျပန်ကြီးက သေဆုံးချိန်အမှာတောင် လက်ထိပ်တန်းလန်းနဲ့ဗျာ( ကျနော်ဒီစာကြောင်းကိုရေးရတာ တော်တော်ရင်နာနာနဲ့ပါ) ဂျပန်ကြီးအသုဘ မအူပင်သမိုင်းမှာ အစည်ဆုံးပဲလို့ မအူပင်လူ့ဘောင်သစ်က ရဲဘော်တွေပြောကြပါတယ် ရန်ကုန်ကရော ဧရာဝတီတိုင်း တခြားမြို့ကရဲဘော်တွေရော ဂျပန်ကြီးကိုဂရုဏာသက်တဲ့ မြို့ခံလူထုတွေရော တော်တော် စည်ကားပါတယ် ကျနော်တို့တတွေပေါက်ကွဲလုနီးနီးပါ စစ်တပ်ကလဲ ဆန္ဒပြပွဲဖြစ်မှာစိုးလို့ လမ်းတလျှောက်လုံချထားပါတယ်၊ြဲမို့လူထုဆိုမျက်ရေမဆည်နိုင်အောင်ပါပဲ။
ကျနော်တို့ကိုဂျပန်ကြီးမဆုံးခင်က စာတစောင်ပို့လာပါတယ် စာထဲမှာရေးထားတာက ပါတီညီလာခံက ဆုံဖြတ်တဲ့အတိုင်းညီညီညွတ်ညွတ်နဲ့ ကြယ်လေးလုံးအလံကို စုပေါင်းလွှင့်ထူ သွားကြပါတဲ့… ဂျပန်ကြီးဟာ ထောင်ထဲမှာ ပထမဆုံးကျဆုံးတဲ့ (၈၈ နောက်ပိုင်း) လူ့ဘောင် သစ်ပါတီဝင် ကျောင်းသားရဲဘော်ပါ ကျနော်တို့မြို့မှာလဲ ကျနော်တို့ ဂျပန်ကြီးအတွက် ကောင်းမှုကုသိုလ်လုပ်ကြပါတယ် လက်ပါတ်အနက်တွေပတ်ပြီး မြို့ကိုပတ်လိုက်ကြပါတယ် ကျောင်းသားလူငယ်တွေရာနဲ့ချီပြီးပါကြတယ်၊ သွေးပူနေတဲ့အချိန်မို့ စစ်အုပ်စုကမဖမ်းခဲ့ဘူး လို့ ထင်တာပါပဲ။
နောက်နေ့အခန်းအနားလုပ်ပါတယ် လူ ၅၀ ထက်ပိုမစုရတဲ့ ကျနော်တို့ လူ ၁၀၀၀ လောက်နဲ့အခန်းအနားလုပ်တယ် အဲ့ဒီ့မှာ ကဗျာတပုဒ်ရွတ်ခဲ့ကြတယ်…..
ချွေ..ချွေ..ချွေ စမ်း
မကြွေ..မကြွေ..ဘယ်မကြွေ..တဲ့
မကြွေပန်းတို့ရဲ့ အရေးတော်ပုံ
အောင်ရမည်..။
နားထောင်သူတိုင်း မျက်ရေဝဲခဲ့ရပါတယ် ကိုလွမ်းဏီ ရေးသားပေးပို့လိုက်တာလို့ နောက် မှသိရပါတယ်၊ စစ်အုပ်စုရဲ့ အုပ်စိုးချိန်ကာလတလျှောက်မှာ ကျနော်တို့ရဲဘော်တွေ လေးစားအပ်တဲ့ပုဂ္ဂိုလ်တွေ၊ ပေးဆပ်ခဲ့ရသူတွေ၊ ထောင်ထဲမှာ..တောထဲမှာ..ညှင်းပန်းရေး စခန်းတွေမှာ မနည်းတော့ပါဘူး ယ္ခုလက်ရှိလဲ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ထောင်နှစ်ရှည်တွေချလိုက်ပြန်ပါပြီ ကျနော်တို့ခေါင်းဆောင် တွေ မတုန်လှုပ်ပါ…၆၅ နှစ်တဲ့လား…ပြည်သူ့အရေးတော်ပုံ တနေ့အောင်ရမယ် လို့ဆိုပြီး ရင်ဆိုင်ခဲ့ကြတာပါ ဒါဟာ… နာနာထုလေ ဓါးကောင်းလေဆိုတာပါပဲ…စစ်အုပ်စု ဘယ်လိုပဲ ဖိနှိပ်စမ်းပါစေ.. ဘယ်လောက်ပဲနှစ်ရှည်ထောင်တွေချပါစေ…မကြွေပန်းတို့အရေးတော်ပုံ တနေ့အောင်မြင်မှာ မုချမလွဲမသွေပါပဲ….။
ဂင်ကြီး
(ကိုလွမ်းဏီရဲ့ ကဗျာစာသားတွေကို ယူသုံးထားပါတယ်..လက်ရှိထိုင်မြန်မာနယ်စပ်မှာ ဒီမိုကရေစီတော်လှန်ရေးကို တဒေါင့်တနေရာမှ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်..)
Thursday, November 6, 2008
ဓါတ်ပုံ
ဓါတ်ပုံ
ကျနော်ညက
ကျနော့်ဓါတ်ပုံနဲ့တွေ့တယ်..
ဓါတ်ပုံက..
အရောင်ရှိတယ်
ခံစားချက်ရှိတယ်
အရုပ်မရှိဘူး
ကျနော်မေးတယ်..
သူပြန်ဖြေတယ်
မင်းအရုပ်ပေါ်ချင်ရင်
မင်းကိုယ်ပေါ်က
အတ္တခြုံလွှာကြီး
ဝတ်မလာပါနဲ့တဲ့
ကျနော်…
စောဒကတက်တယ်
သူထပ်ရှင်းပြတယ်
အတ္တဆိုတာ
လူတိုင်းထမ်းထားကြတာပဲ..
မင်းထမ်းထားတာများနေလို့တဲ့
ကျနော်ထပ်မေးတယ်
ခင်ဗျားရောဗျာ
ငါ့အတ္တတွေကို
လာလာသယ်သွားကြတာပဲတဲ့
ဘယ်သူတွေလဲဆိုတော့…
မင်းတို့လိုကောင်တွေပဲတဲ့….။
ဂင်ကြီး
မှတ်ချက်။ ။ တခုခုကိုသိပ်အာရုံစိုက်လွန်းသော အခါ မိမိဖြစ်တတ်သော ကမူးရှူးတိုးအကျင့်အား ဒီကဗျာလေးဖြင့်..ဆုံးမတာပါ..။
Wednesday, November 5, 2008
ထော်လေး...(ဂင်ကြီး)
ကျနော်ခင်မင်ရတဲ့ ချာတိတ်လေးတယောက်ရှိပါတယ်၊ သူ့နံမည်က ထော်လေး လို့ခေါ်ပါ တယ် နံမည်ပြောင်လေးပါ နံမည်အရင်း မြတ်မင်း လို့ခေါ်ပါတယ်၊ သူနဲ့ကျနော် စတွေ့တော့ သူက တနှစ်နဲ့ သုံးလသားလေးပဲရှိသေးတာ ဒါပေမဲ့အရွယ်နဲ့မလိုက်အောင် အင်မတန် တတ်တဲ့ခလေးပါ ရုတ်ပြောင်တွေအမျိုးမျိုးလုပ်ပြတတ်တော့ ကျနော်လဲတွေ့ပြီးသိတ်မကြာ ပါဘူး တအားခင်သွားတာပါပဲ၊ သူ့အဖေနံမည်ကထော်ကြီး ဒါလဲနံမည်ပြောင်ပဲခင်ဗျ ဒီကောင် ကနှုပ်ခမ်းနဲနဲထော်တော့ဗျာ အဲ့ဒါထော်ကြီးဖြစ်သွားရတာပါ ကျနော်တို့ တော်လှန်ရေးရဲဘော် တွေမှာက နံမည်ပြောင်တွေ နံမည်ပြောင်းထားရတာတွေ (အခြေအနေကိုလိုက်လို့ပဲဗျို့) ကျနော့်ကိုလဲတော်တော်များများက ဂင်ကြီးဆိုတဲ့နံမည်ပြောင်ပဲ ခေါ်ကြတာများတယ် ရုတ်စွ အဆုံးမဟေသီကတောင်(ဦးဂင်)လို့ခေါ်တယ်ဗျို့ ထားလိုက်ပါတော့ဗျာ အဲ့ဒါဆက်ရေးရရင် ရှည်တယ်ဗျို့။
ထော်လေးတို့အိမ်ကို ကျနော်ရောက်သွားရတာကတော့ဗျာ ဆေးကုရင်းနဲ့ပါ အဲ့ဒီအချိန်က ထော်ကြီးက အလယ်ပိုင်းဒေသမှာ တာဝန်ကျနေတာလေ ကျနော်တို့ကဗမာပြည်မှာက တည်းက လူ့ဘောင်သစ်မှာ အတူတူလုပ်ခဲ့ကြတော့ ဒီရောက်လို့ပြန်တွေ့ကြတော့လဲ ရဲဘော် ရဲဘက်တွေဆိုတော့ ခင်မင်တယ်ဗျို့ ကျနော်ဆေးနားနေတောသူတို့ချက်စားတာပဲ စားရ တာဗျို့ ကြက်သားစားချင်တယ်ဆိုရင်လဲ့  ထော်ကြီးကမွေးထားတဲ့ကြက် ရိုက်ချက်တာပဲ တခါတလေ အသီအနှံလေးတွေဘာတွေ သူတို့လင်မယားသွားရှာရင် ကျနော်တို့က ထော် လေးထိန်းပေါ့ဗျာ သိတယ်မဟုတ်လား ရဲဘော်တွေလေဗျာ ထော်လေးကိုအကုန်သင် ကောင် မလေးတွေ့ရင်မျက်စေ့မှိတ်ပြတာကအစ ဒီကလေးကသိပ်တတ်လွယ်တာဗျ သင်လိုက်ခဏပဲ တော်တော့ကို တတ်တာဗျို့ ကျနော်တို့မှာပြင်းရင်သူနဲ့ပဲအပန်းဖြေရတာ ဒီခလေးရုပ်ပြောင် တာ ဗီဇသဘောပါမယ်ထင်တယ် သူ့အဖေထော်ကြီးကရုပ်ပြောင်ဟာသ ဝါသနာထုံလေ့ရှိ တယ် တခါတလေဒီကောင်တွေပြောတိုင်အတည်ယူရင် ခင်ဗျားကြပ်ခံထိပြီလို့သာမှတ်လိုက် ဗျာ ကျနော်အိမ်ထောင်ကြတာ သူတို့နားမှာနေရင်းဗျို့ ပြောလက်စနဲ့ နည်းနည်းဆက်ပြော ရရင် ကျနောအမျိုးသမီးကအဲ့ဒီ့်အချိန်က အဲ့ဒီဒေသမှာရှိတဲ့ မိဘမဲ့ခလေးတွေကိုစာသင်ပေးတဲ့ တောကျောင်းလေးမှာ ခလေးတွေကိုစာပြပေးနေရင်း တော်လှန်ရေးတာဝန်ယူနေတာဗျို့ သူနဲ့ ထော်ကြီးက မကဒတ ကျနော်ကအဲ့ဒီအချိန်က လူ့ဘောင်သစ်မှာ ဆရာမတွေဆီသွားလည် ဆရာမတွေက ပြန်လာလည် နောက်တော့ညားကြတာပေါ့ဗျာ ထော်ကြီးတခါတလေ ကျနော့် ကိုကြပ်ရင်ကျနော်က အေးငါကမင်းတို့ကိုတဂိုးသွင်းထားတာကွလို့ ပြောလိုက်ရင် သူငြိမ်ရ တာပဲ အဲ့ဒါနဲ့ဆက်ရရင်ဗျို့ ထော်လေးအမေအကြောင်းလေးလဲပြောမှဖြစ်မယ် အေးနုတဲ့ ကယန်းအမျိုးသမီးလေးပါ တော်လှန်ရေးနယ်မြေမှာ ထော်ကြီးနဲ့တွေ့ပြီးအိမ်ထောင်ကြတာ တော်တော်ရိုးပြီး အနေအေးတဲ့သူလေးပါ သူထော်ကြီးနဲ့ရတော့ ကျနော်ထင်တာတော့ ၁၈ နှစ်မပြည့်ဘူးထင်တာပဲ ထော်ကြီးကတော့ ၁၉ နှစ်ရှိပြီးပြောတာပဲဗျို့ ကျနော်တို့တခါတလေ သောက်တဲ့အခါ မင်းကခလေးမုန့်ပေးကြိုက်တာမဟုတ်လားဆို အသက်ပြည့်ပါပြီလို့ ပဲပြောတာပဲဗျို့ အခုထက်ထိ အေးနုအသက် ထော်ကြီးမှလြွဲ့ပီးဘယ်သူမှအတိအကျမသိပါဘူး...။
တော်လှန်ရေးမှာက နေရာအတည်တကျပုံသေရှိတာမှမဟုတ်တာ ကျနော်တို့လဲနေရာ ပြောင်းရ ထော်လေးတို့လဲ နေရာပြောင်းရနဲ့ နှစ်အနည်းငယ် ကြာတော့မှထော်လေးနဲ့ ပြန် တွေ့ရတယ် သူတို့ကဒုက္ခသည်စခန်းမှာ သူ့အမေနဲ့နေ သူအဖေထော်ကြီးက တာဝန်ကြ ရာသွား တခါတလေမဲ့ဆောက်မှာတွေ့ကြရတယ် ထော်လေးကဘာမှမပြောင်းဘူး ကရင် စကားတွေတောင်တတ်လာသေးတယ် ကျနော်မိန်းမကလဲ သူ့ကိုခင်တယ်လေ ကျနော်လည်း ခလေးတွေရနေပြါ့ပီ သူ့မှာလဲညီလေးတယောက်ရနေပြီ ဒါပေမဲ့ကျနော်တို့ထော်လေးကိုချစ် တုန်းပဲ သူတို့အိမ်ကိုလာရင်ချက်ပြုတ်ကျွေးတာပဲဗျို့ ကျနော်ကအဲ့ဒီအချိန်က မဲ့ဆောက်က ရုံးမှာ တာဝန်ကျနေတာ သူတို့နေတဲဒုက္ခသည်စခန်းမှာ ယမုန်နာဆိုတဲ့ကျောင်းလေး သူတို့ ဖွင့်ထားတယ်လေ အေးနုကအဲ့ဒီမှာကျောင်ဆရာမလုပ်တယ် ကျနော်အဓိကပြောချင်တာက တော့ဗျာ ဒီကနေ့အထိ ကြံကြံခံပြီးနယ်စပ်မှာ ရပ်တည်လုပ်ကိုင်နေရတဲ့ ရဲဘော်တွေရဲ့ သား သမီးတွေရဲ့ ပညာရေးကိစ္စပါ ထော်လေးကဒုက္ခသည်စခန်းမှာ ကျောင်းနေရတယ် သူတို့ ဘယ်လောက်အထိပညာတတ်လာမလဲ ဘယ်သူမှအာမမခံနိုင်ဘူး အာမခံချက်မရှိဘူးပေါ့ဗျာ အဖွဲ့အစည်းဆိုတာကလဲ မူလတန်းပညာလောက်အထိပဲ တာဝန်ယူနိုင်တာလေ ကျနော် တွေးကြည့်တယ်ဗျာ တချို့ကအဖွဲ့အစည်းတာဝန်ရယ် တခြားလူမှုရေး၊ပညာရေး၊ကျန်းမာရေး စတဲ့ အင်ဂျီအို အလုပ်တွေပါတွဲလုပ်တော့ ထိုင်းကျောင်းတွေမှာ ခလေးတွေကို ထားကြတယ် ဗျာ ဒါလဲအာမခံချက်ရှိတာတော့မဟုတ်ဘူး ထိုင်းကဒီကလေးတွေကို ဘယ်နှစ်တန်းအထိ ပညာသင်ခွင့်ပေးမှာလဲ စဉ်းစားစရာတွေအများကြီး ဒါပေမဲ့ ကျန်တဲ့ရဲဘော်တွေရဲ့ခလေးတွေ ကဒုက္ခသည်စခန်းက ပညာရေး ဒါမှမဟုတ် ထိုင်းထဲမှာဗမာလူမှုရေး၊ပညာရေး၊ အဖွဲ့အစည်း တချို့ကဖွင့်ထားတဲ့ မူလတန်းကျောင်းလေးတွေမှာနေ ဒီလိုပဲသွားနေကြရတာ ကျနော် မဲ့ ဆောက်မှရှိနေတုန်းက ကျနော်သမီးလေးတွေလဲ လူ့ဘောင်သစ်ကဖွင့်ထားတဲ့ မူလတန်း ကျောင်းလေးမှာနေကြရတာ အခုတော့ ဒီနိုင်ငံမှာ တကယ့်ကောင်းမွန်တဲ့ပညာရေး သူတို့သင် နေကြရပြီ ဒါပေမဲ့ကျနော်စိတ်မကောင်းဘူး ကျနော်တိုရဲဘော်တွေရဲ့ခလေးတွေက ဒုက္ခသည် စခန်းတွေမှာ၊မဲ့ဆောက်က ဗမာမူလတန်းကျောင်းလေးတွေမှာ၊ ထိုင်းကျောင်းလေးတွေမှာ ဒီလိုပဲနေနေကြရတာပါ သူတို့မိဘတွေကပညာရေးအကြောင်းမသိလို့ မဟုတ်ပါဘူး သူတို့ တာဝန်တွေအရ ယုံကြည်ချက်တွေအရ သူတို့ခလေးတွေရဲ့ဘဝတွေပါ တကယ်တော့… အ ရောင်မှေးနေသလို ဖြစ်နေကြရတာပါ ထော်လေးဆို အခု ၆ တန်းရောက်ပါပြီ မနှစ်က ဆရာမ စင်သီယာမောင်ဖွင့်ထားတဲ့ကျောင်းမှာ နေတယ်တဲ့ ဒီနှစ်တော့ မဲ့ဆောက်မှာနေရတာ အခက် အခဲတချို့ရှိလို့တဲ့ ဒုက္ခသည်စခန်း မှာပဲ ပြန်နေနေရတယ်တဲ့ ထော်လေးကစာသိပ်တော် တာလို့ထော်ကြီးပြောလို့သိရပါတယ်၊ တစ်ရက်ထော်လေးနဲ့ ဖုန်းရတယ် မင်း ကောင်မလေးတယောက်ကို ကြိုက်နေတာဆိုလို့ဆိုတော့ ဟုတ်တယ်တဲ့ ကျနော်ကပွင့်ပွင့်လင်းလင်းပဲတဲ့ ဟေ့ကောင်ထော်ကြီး မင်းသား ကဘယ်အရွယ်ရောက်နေပြီလဲဆိုတော့ ၁၂ နှစ်ကြော်ပြီတဲ့ ဒီကောင်သိပ်ဆိုးတာဗျာ… တဲ့ ဟိုတနေ့က ဥက္ကဌကို ပထမ ဥက္ကဌလို့ခေါ် တယ်တဲ့ နောက်လှမ်းလှမ်းရောက်တော့ မကြားတကြား ယောက္ခမ လို့ခေါ်တယ်တဲ့ ဥက္ကဌကစိတ်ဆိုးလို့လားဆိုတော့ စိတ်မဆိုးပါဘူး တဲ့ ဒီကောင်တော်တော်နောက်တဲ့ကောင် ဆိုပြီးပြောတာပါတဲ့ ထော်လေးကို ငါတို့ငယ်ငယ်ကသင်ပေးခဲ့တာတွေက အခုထက်ထိလက် စောင်းထက်တုန်းပဲပေါ့ကွာလို့ဆိုတော့ လက်စောင်းထက်နေတော်ကြာ ခင်ဗျားပါထိနေအုံးမယ် ဒီကောင်က အရွယ်လေးရလာတော့ ဖွန်ကြောင်ချင်နေပြီတဲ့၊ ထော်ကြီးပြောမှကျနော်သတိထားမိတယ် ကျနော်မွေးထားတာက မိန်းခလေးတွေ တော်ကြာ ငါ့ဖုန်းထဲမှာခေါ် လိုက်မှလို့တောင် စဉ်းစားမိသေးတာ သမီးကြီးတောင်၁၀ နှစ်ရောက်နေပြီလေ အဓိကကတော့ဗျာ တော်လှန်ရေးလုပ်လာတဲ့ လုပ်နေ ဆဲဖြစ်တဲ့ ရဲဘော်တွေမှာ အနာဂါတ် အလင်းရောင်လင်းလက်နေတဲ့ ခလေးတွေနဲ့ အနာဂတ်မရေရာတဲ့ ခလေးတွေရှိကြတယ်ဆိုတာ ပါပဲ…ပြောရရင်တော့ ဗျာ…ထော်လေးတွေအများကြီးရှိနေတာပါ…။
(စာဖတ်သူတွေ အသေစိတ်လေးတွေလေ့လာချင်ရင်)
http://socialactionforwomen.blogspot.com
http://yamounnar.blogspot.com
တို့ကိုသွားစေချင်ပါတယ်။