Monday, December 8, 2008

ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးလို .. (သခင်ဘမောင်)

၁၉၄၅ ခုနှစ်တွင် မြန်မာပြည်သူတို့သည် ဂျပန်ဖက်ဆစ် စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၄၂ ခုနှစ်က မိမိတို့ တိုက်ထုတ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပြန်လည်ရင်ဆိုင် ကြရပြန်သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ ယခင်က အင်္ဂလိပ်အစိုရအပေါ် ဆန့်ကျင်ခဲ့ကြသော တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်များ သဘောထားကြီးကြောင်း၊ သစ္စာရှိကြောင်း၊ ပုဂ္ဂိုလ်အနေအားဖြင့် အင်္ဂလိပ် နန်းရင်းဝန်ကြီး မစ္စတာအက်တလီသည် မြန်မာပြည်သူတို့အပေါ် စေတနာကောင်းထားသူ ဖြစ်ကြောင်း၊ ဆာစတက်ဖို့ကရစ် ဆိုသူက မြန်မာပြည်သူတို့ကို ခင်မင်မြတ်နိုးသူ ဖြစ်ကြောင်း၊ မစ္စတာဖာနီဗယ်ကြီးက မြန်မာတို့အတွက် ဘောဂဗေဒပညာ ပေးခဲ့ကြောင်း စသဖြင့် အင်္ဂလိပ်ချီးကျူးခန်း ဖွင့်ကြသည်။
ယင်းကဲ့သို့ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်ချီးကျူးခန်းဖွင့်နေကြသည်ကို ကြားသိရသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ဘူးပါသည်။

ဘဲနဲ့လဲကွဲ့ မင်းသခင်ခေါင်းဆောင်အချို့က အင်္ဂလိပ် နယ်ချဲ့ကောင်တွေကို သိပ်ချီးကျူး နေပါကလား။ ဒီကောင် ခွေးမသားတွေက ဟိုတုန်းက အင်္ဂလိပ်နယ်ချဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး အခုတော့ သိပ်သဘောကျနေကြပြီထင်တယ်။ ဒိကောင် တွေက ဆရာတို့ ငယ်ငယ်တုန်းက ကြားဘူးတဲ့ ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးနဲ့ တူနေတယ်ဟု မိန့်ကြားပါသည်။
ထိုအခါ ကျွန်တော်တို့က ဘယ်လိုလဲဆရာ အမိန့်ရှိပါအုံးဟု မေးကြသဖြင့် ဆရာကြီးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
ဆရာတို့ ငယ်ငယ်တုန်းက မန္တလေးမြို့မှာ ကြွယ်ကြီးရုပ်သေးဆိုတာ ရှိတယ်။ ကြွယ်ကြီး ဆိုတာက ရုပ်သေးမင်းသားရဲ့ အမည်။ သူ့အမည်ကို အစွဲပြုပြီး သူပါဝင်တဲ့ ရုပ်သေးအဖွဲ့ကို ကြွယ်ကြီးရုပ်သေးလို့ ခေါ်ကြတယ်။
ကြွယ်ကြီးရုပ်သေးဟာ မန္တလေးမြို့ပေါ်နှင့်တကွ အညာအကြေတခွင်မှာတော့ အဲဒီ အချိန်က အကျော်ကြားဆုံး လူကြိုက်အများဆုံးပေါ့။ ကြွယ်ကြီးရုပ်သေး လူကြိုက်များတာ ကျော်ကြားတာကတော့ မင်းသား ကြွယ်ကြီး အသံကောင်း အဆိုကောင်းတဲ့ အတွက်ပါဘဲ။
ကြွယ်ကြီးရုပ်သေးကို ကြည့်ကြရာမှာလဲ အများစုက အမျိုးသမီးတွေ ဖြစ်ကြတယ်။ မောင်တို့ အခုခေတ် ဖိုးစိန်ကြီးကို အမျိုးသမီးတွေက အကြည့်များသလိုပေါ့။ မင်းသား ဦးဖိုးစိန် အရွယ်ကောင်းတုန်းအချိန်က ရန်ကုန်မှာ ကွမ်းသီးဖက်ဆေးပေါ့လိပ်ကလဲ တော်တော်ခေတ် စားတာကိုး။ အဲဒီတုန်းက ဦးဖိုးစိန်တို့ ဘယ်လောက်များ စန်းပွင့်သလဲဆိုရင် အချို့ အမျိုးသမီးတွေက ကွမ်းသီးဖက်ဆေးလိပ်ထဲ ရွှေင်္ဒဂါးထည့်ပေးကြဆို မဟုတ်လား၊ အဲဒီအထိ ဦးဖိုးစိန်တို့ ခေတ်စားခဲ့တာကလား။
ရုပ်သေးမင်းသား ကြွယ်ကြီးကိုလဲ ဇာတ်မင်းသား ဦးဖိုးစိန်လိုပဲ မိန်းမပိုင်းက အလွန်သဘောကျကြတယ်။ အဲဒီအထဲ မန္တလေးတရုပ်တန်းက တရုပ်သူဌေးမယား တရုပ်မကြီး တယောက်လဲ ပါတယ်။ မန္တလေးမြို့ပေါ်မှာ ကြွယ်ကြီးရုပ်သေး ဘယ်နေရာကက ကတဲ့နေရာ လိုက်ကြည့်တာဘဲတဲ့။ နောက်တော့ တရုပ်မကြီးဟာ ဘယ်လောက်များ စွဲလန်းသွားသလဲ ဆိုရင် မန္တလေးမြို့ပေါ်သာမဟုတ် ကြွယ်ကြီးရုပ်သေး ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုမြို့များမှာ ကတယ်ဆိုရင်လဲ ကားတစီးနဲ့ သတင်းမေးပြီး လိုက်ကြည့်သည်အထိ ဖြစ်ရသတဲ့။
အဲဒီလို မန္တလေးမြို့ပေါ်သာမက နယ်မြို့များအထိ လိုက်ပီး ကြည့်ပါများတော့ လင်ယောက်ျား တရုပ်သူဌေးကြီးက အစတော့ အေးအေးဆေးဆေး ပြောတယ်။ နောက် အေးအေးဆေးဆေး ပြောမရတော့ ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်လာသတဲ့။ တရုပ် သူဌေးကြီးက ဆူပူကြိမ်းမောင်းခြင်း ပြုလာတဲ့အခါ တရုပ်မကြီးက ရှင်မကြည့်ဘူးသေးလို့ အခုလို ကျမကို ကြိမ်းမောင်း တားမြစ်နေတာ၊ ရှင်တခါကြည့်ဘူးရင် ကျမလို ခဏခဏ ကြည့်ချင်မှာဘဲလို့ ပြန်ပြောသတဲ့။
တရုပ်မကြီးက မကြခဏ ကြိမ်းမောင်းတိုင်း အခုလို ရှင်မကြည့်ဘူးသေးလို့ပါ ရှင်တခါကြည့်ဘူးရင် ကြွယ်ကြီးရုပ်သေးကို ခဏခဏကြည့်ချင်မှာ ကျမလိုဘဲ စွဲသွားမှာပေါ့လို့ ပြောပါများတော့ တရုပ်ကြီးက အေးနောက်တခါလိုက်ကြည့်မယ်လို့ သူ့မယားကို ပြောသတဲ့။
ရက်များမကြာခင် မန္တလေးမြို့တနေရာမှာ ကြွယ်ကြီးရုပ်သေးကတော့ တရုပ်မကြီးက ခပ်စောစောထဲက နေရာကောင်းကောင်း အယူခိုင်းလိုက်ပြီး ညကျတော့ သူ့ယောက်ျား တရုပ်သူဌေးကြီးကိုပါ ခေါ်သွားတယ်။ တရုပ်ကြီးကလဲ အေး ငါအခုလိုက်ကြည့်မယ် နင်ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်ရင် နင်ဘယ်တော့မှ မကြည့်ရဘူးလို့ ပြောရင်း လိုက်သွား သတဲ့။
ရုပ်သေးပွဲရောက်ကြတော့ ထုံးစံအတိုင်း မျောက်၊ မြင်း၊ ဇော်ဂျီ၊ အပျိုတော်၊ ၀န်၊ ရှင်ဘုရင် စသည်တို့ အစီအစဉ်အတိုင်း ထွက်တာ ကြည့်ကြရတယ်။ အဲဒီနောက်တော့ မင်းသား မင်းသမီး ထွက်လာပြီး ကြွယ်ကြီးက နှစ်ပါးသွားသီချင်းတပုဒ် ကောက်ဆိုလိုက်ရင်ဘဲ ပရိသတ်ဟာ ချောင်းဟန့်သံတောင် မကြားရအောင် ငြိမ်သွားတယ်။ တရုပ်ကြီးလဲ စောစောကလို လှုပ်လှုပ်ရှားရှား မနေတော့ဘဲ ကြွယ်ကြီးသီချင်းသံကို စိုက်နားထောင်သတဲ့။ တရုပ်ကြီးဟာလဲ ဘာစကားမှ မပြောတော့ဘဲ သီချင်းသံကို နားထောင်ရင်း ထောင်ရင်းနဲ့ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်တာ ကိုယ့်ဖျားပေါ်ကနေ အခြားသူရဲ့ ဖျာပေါ်တောင် ရောက်သွားသတဲ့။
အဲဒီတော့မှ သူ့ယောက်ျားအကဲကို ကြည့်နေတဲ့ တရုပ်မကြီးက အသာလက်တို့တဲ့ပြီး "ဘဲ့နဲ့လဲမောင်ရဲ့ သဘောမကျဘူးလား" လို့ မေးလိုက်တဲ့အခါ တရုပ်ကြီးက တရုပ်မကြီးဘက် ကို လှည့်တဲ့ပြီး "အေး ကြွယ်ကြီး ကို နင်တို့မိန်းမတွေ မပြောနဲ့ ငါတောင် သူ့မယားဖြစ်ချင်စိတ် ပေါက်လာပြီဟ" လို့ ပြောလိုက်သတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ၏ပါးစပ်ကို လက်ဝါးဖြင့် ခပ်ကွယ်ကွယ်ပြုကာ ရယ်မောရင်း "အေး- တို့သခင်တွေဟာ အစကတော့ အင်္ဂလိပ်နယ်ချဲ့သမားကို မကြိုက်ခဲ့ကြဘူး၊ ဆရာနဲ့အတူ ရွာရိုးလျှောက်ပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးတရားတွေ လက်သီးလက်မောင်းတန်း ပြောခဲ့ ဟောခဲ့ ဆဲခဲ့ကြတာကလား။ ဒါပေမဲ့ အခု အင်္ဂလိပ်က ဖိတ်ပြီး ထမင်းကျွေးလိုက်၊ အရက်ကလေးတိုက်။ အာဏာပါဝါနံ့ကလေးပေးလိုက်ဆိုတော့ အချို့သခင်တွေဟာ ကြွယ်ကြီးကို ပေါက်ဖော်ကြီး ကြိုက်သလို ဖြစ်ကုန်ကြပထင်ပါရဲ့ ကွာ" ဟု ပြောကြားပါတော့သည်။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။

1 comments:

သစ်နက်ဆူး December 8, 2008 at 9:53 AM  

ကိုဂင်....
ကွက်တိဘဲဗျ....
အခုဆိုတစ်ချို့ က ပေါက်ဖော်ဇာတ်ခင်းပြီး ကြွယ်ကြီးကို လင်ဘဲ တော်ရ၊တော်ရ။
ပထွေးဘဲခေါ်ရခေါ်ရ.....
နယ်တွေကျွံနေကြလေရဲ့ ....။
မှောင်ခို ဖျာလဲ ဈေးကောင်းပေးပြီး ၀ယ်ကြလေရဲ့ ..။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့