Monday, September 7, 2009

၁/၄၄ မှတ်တမ်း


၁/၄၄ မှတ်တမ်း

ကိုးလ လည် ဆယ်လ ဖွား
ဝမ်းရေ(ရည်) စပ်လွန်းသလားလို့ပါတဲ့
ယောင်္ကျားလေးလား မိန်းခလေးလားတဲ့
ယောင်္ကျားလေး ဟေ့…
(မွေးရကျိုးနပ်ပြီတဲ့…)
သားငတ်နေတဲ့ အမေ
ဂုဏ်ယူခဲ့ဘူးသတဲ့လေ
(၁၉၆၅)။

ရှားရှားပါးပါးရတဲ့သား
ကျန်းမားရေးဂရုစိုက်..ဟ
ဒီကောင်ကချူချာတယ်နော်
ပိန်ပိန်ပါးပါးနဲ့ ငါ..
သနပ်ခါးလေးလိမ်းပြီး
အဖြူအစိမ်းလေးဝတ်လို့
လာ..သား ကျောင်းသွားကြရအောင်
ပညာတတ်ကြီးဖြစ်အောင်သင်နော်
ဟုတ်ကဲ့..
ငါကျောင်းတက်ရပြီးဟေ့…ငါကျောင်းတက်ရပြီ…
မှောင်ကုတ်ကုတ် ကျောင်းကြီးထဲ
ဒါ ကျောင်းသားသစ်နော်
ဆရာမပြောလိုက်မှ မျက်ရေ တွေ ဝဲနေလိုက်မိတာ
အမေသားအိမ်ပြန်လိုက်မယ်လေ
မရဘူးနေခဲ့ရမယ်တဲ့
ရက်စက်လိုက်တဲ့ အမေများနော်
အိမ်ပြန်တော့ ငိုလိုက်ရတာများ
အဲ့ဒါ (၁၉၇၁) မူလတန်းကျောင်းသားတယောက်ရဲ့
ဖြစ်ရပ်မှန်တွေပါ။

ကျောင်းသားတွေနားထောင်စမ်း
ကျောင်းနှစ်လပိတ်တယ်..
(ဟိုက်)
ပျော်စရာကြီးဟေ့
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာ ကျောင်းသားတွေရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေလို့
ဘာဖြစ်…ခေါက်…အား
အဲ့ဒါ သံစဉ်ဖြစ်သွားမှန်း
(၁၉၇၄) တုန်းက ကျနော်တကယ်မသိခဲ့တာပါ ဆရာမရယ်။

ကျောင်းသားတွေနားထောင်နော်
ကျောင်းနှစ်လပိတ်တယ်..

(ဟင်)
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာကျောင်းတွေပိတ်နေပြီ
ဘာဖြစ်လို့လဲဆရာမ
ဟယ်.. ဒီကောင်လေး
ခလေးလိုမနေတတ်ပါလား
(၁၁) နှစ်သားတယောက်မှာ
ဒီလိုသိချင်နေတဲ့စိတ်ရှိတာ
မကောင်းဘူးလားဆရာမရယ်
ဆရာမ မပြောပြပေမဲ့
အဖေက ပြောပြခဲ့တယ်လေ
ကျောင်းသားတွေ ဆန္ဒပြကြလို့တဲ့
အော်…ဘာဖြစ်လို့ပါလိမ့် (၁၉၇၆) ရယ်..။

ကျောင်းပေါင်းစုံ ဘော်လုံးပွဲ
ဟုတ်တယ် ကျနော်ဝါသနာပါတာဘော်လုံး
အ.ထ.က(၁) ဖိုင်နယ်နှစ်က
ကျောင်းက ဒိုင်း ရပေမဲ့
ကျနော်က ဒိုင်းမရခဲ့ဘူး
အတိုင်းမရ ရင်ခုန်ဘူးတဲ့ကောင်မလေးက
တို့မှာ ရှိနေပြီတဲ့လေ
သူ့မှာ ဘာရှိတာလဲ..
ကျနော့်မှာ ရင်ခုန်သံတွေ ဒီလောက်များတာ
ကြာပါတယ်ကွာ ကျောင်းပြေးပြီး ထန်းရည်သွားသောက်ပစ်လိုက်တယ်
ကျောင်းပြေးတာလား အချစ်ပြေးတာလား
ကျနော် ကောင်းကောင်းမသိဖြစ်ခဲ့တာ
(၁၉၇၉) ဂစ်တာပိုး ဝင်ကာစကပေါ့…။

မန္တလေးရောက် ရှမ်းတယောက်..
မင်း ဘယ်လမ်းသွားသွား..
ဆဌမမြောက်ရည်းစား..
လမ်းဆက်လျှောက်မယ်..
ဟုတ်တယ်…
ကျနော် လမ်းဆက်လျှောက်တယ်
ငါ့ကိုမုန်းတာ ရပ်ကွက်လူကြီးလို့သိလိုက်ရတဲ့အခါ
ကိုသန်းနိုင်က ကျနော့်သူရဲကောင်းပေါ့ဗျာ
ဂစ်တာတီးရင် လမ်းသရဲတဲ့
လမ်းမှာမတီးလို့ အိမ်မှာတီးရင်
အမေက နားငြီးတတ်တော့
အိမ်သရဲတော့ ကျနော်အဖြစ်မခံနိုင်ဘူး
ပါတီတို့ ကောင်စီတို့ရယ်
ငါ့ကိုမုန်းတာဘယ်သူတွေလဲ (၁၉၈၂)

စစ်နဲ့ငြိမ်းချမ်းရေး ခိုင်ထူး..
၈/၈၂ အင်းယား..
အဆောင်က ဂစ်တာသမားတွေထဲ
ဘေစ် တီးတဲ့ ကျနော်ကို
ကောင်မလေးတယောက်ကပြောဘူးတယ်
အခွေထုတ်ပါလားတဲ့
ဟိုလေ... စာလေးခွေကိုပြောတာတဲ့
ဒါပေမဲ့ ကျနော်ပျော်ပါတယ် အမိရယ်
မထိတထိပြောပေမဲ့ ငါကမင်းကို….
နာရီပေါ်ကမျက်ရည်စက်တွေ ပေးခဲ့နိုင်တာကိုး
(၁၉၈၆) ရဲ့ အပိုင်းအစလေးရယ်။

(၁၉၈၈) ကျောင်းသားထုအခွင့်အရေး
ဖမ်းဆီးကျောင်းသားပြန်လွတ်ပေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
အရေးတော်ပုံအောင်ရမည်
ဘဝဂ်ညံတဲ့အထဲ မဆလ မုန်းတဲ့ကျနော်
ခေါ်စရာတောင်မလိုဘူး
သပိတ်စုံ သူပုန်ထ ရရင်ရမရရင်ချ
စက်တင်ဘာ ညတွေက
ကျနော်ကို ဆေးခြောက်မရှူရလို့ အမိန့်ပေးလိုက်တယ်။

စစ်အစိုးရကို တိုက်ရမယ်
အဟောင်းတွေနေရာမှာ အသစ်တွေနဲ့ အစားထိုးရမယ်
ဒီတော့ကျနော်လဲ လူ့လောကအဟောင်းထဲမှာ
လူ့ဘောင်သစ်ဖြစ်လာခဲ့ရတယ် (၁၉၈၉) ရယ်
(၉၀) ရွေးကောက်ပွဲ အာဏာလွှဲမပေးတော့
ရရင်ရ မရရင်ချရမှာပေမို့
သေဘို့မကြောက်လို့ တော့ထဲဝင် တောင်ကြီးဂွင်ကပေါ့ဗျာ
ကျောင်းသားတပ်မတော် မဲနယ်တောင်
မိုးဖရား၊ဖဖရား အမေနေမှကောင်းရဲ့လား…။

အာဏာသစ်ရဲ့စစ်ခေါ်သံ
လက်နက်ကိုင်တိုက်ပွဲ
ကျောင်းသားတပ်မတော်လက်စွဲ
ယုံကြည်ချက်ပဲဗျာ
(၉၁) ကနေ (၉၄)ဟာ နယ်စပ်မျဉ်းပေါ်က
သူပုန်ကြီးကျနော် အပုန်ကြီးပျော်ခဲ့ဘူးတာလေ။

(၁၉၉၇) တပ်မဟာခြောက်မှာ
ထပ်ကာထပ်ကာကိုသောက်ခဲ့တာအရက်
ရင်မှာဟာတယ်လေဗျာ မဟေသီ မရှိ ပေသည်ငတိ ပေါ့ဗျာ
နေထိုင်မထိရင် ရောခ်ဂီတနဲ့ ချော့သီကြရတာပေါ့
ငှက်ပျောပင်စားတဲ့ ငါ့ဗိုက်ထဲမှ
ကျည်ဆံက ဝင်တယ်ဗျို့
ဟုတ်တာပေါ့လေ စစ်တိုက်တယ်ဆိုတာ
ပန်းနဲ့ပေါက်တာမှမဟုတ်တာကိုး…။

ဒဏ်ရာစစ်မှာ အပြန်တရာဖြစ်တာက
တံတျာအချစ် အမှန်လာဖြစ်ခြင်တော့
ရဲဘော်တို့ရေ အမှန်အကန်လာချစ်သူနဲ့တွေ့ပါရောဗျို့
(၁၉၉၇) တောထဲက အချစ်ဆိုတာ
ဝက်သားနဲ့ ဆန်တအိပ် ဝဝစား ဝေးဝေးရှောင်
အိုအောင်မင်းအောင်ပေါင်းကြမှာကလား။

(၁၉၉၈) မှာ သမီးကြီးမွေးတယ်
ကျနော်(ထိုင်း) ရောက်တယ်
သူပုန်ဆိုတာတော့တပြားမှမလျော့ဘူးနော်
ကျုပ်က ထိုင်းရဲကလွဲလို့ ဘယ်သူ့မှမကြောက်တတ်ဘူး
တီတီတာတာလေးပြောတော့ သမီးကချစ်စရာလေး
သူ့အမေဆိုပြောမနေနဲ့တော့
ဟောဆို တယောက်
မပြောမဆိုနဲ့ ရောက်တယ်ဗျာ
(၂၀၀၀) ရပြီ...နောက်ထပ်သမီးတယောက်။

(၂၀၀၄) ကျနော်သူပုန်ကြီးပါဗျာ
မယုံရင် ကျနော့်မိန်းမကိုမေးကြည့်ပါပေါ့
ဟုတ်တယ်..
တော်လှန်ရေးသမားတယောက်ရဲ့
ဒုက္ခသည်သွား တောလားပေါ့ဗျာ
(ယူအင်) လျှောက်မှ အူအဝင်တောင့်ရတော့မှာကလား
မထူးတော့ဘူးသမီးတို့ရေ….

(၂၀၀၆) ရောက်တော့
ရေခြားမြေခြား အမေရိကားတဲ့
သွားကွာ…
ရီဖျူဂျီသမားဖြစ်လည်း နိုင်ငံရေးလုပ်လို့ရတယ်။
အနည်းဆုံးသမီးတို့ ပညာတတ်မယ်
လူထုကိုသာမမေ့နဲ့
အားတင်းသာထားကိုယ့်လူ
လုပ်နိုင်တာလုပ်
ပေးနိုင်တာပေး
ကျွေးနိုင်တာကျွေးပေါ့ကွာ။

ဟုတ်တယ်ဗျာ
အခု (၂၀၀၉) ကျနော် ၄၄ နှစ်
တော်လှန်ရေး နှစ် ၂၀
ပစ်ပယ်လို့မရဘူးနော်
အော်…သမီးတို့ရေ
မင်းတို့အရွယ်လေးတွေ
မြန်မာပြည်မှာလေ..
ကဗျာမပီ စာမမှီလို့
မြန်မာ့ပြည် ရတနာလေးတွေလေ
မျက်နှာငယ်ညှိုးနေကြတာဟာဖြင့်
အဖေ့ရင်မှာ တိုးလို့သာနင့်…။

ဂင်ကြီး

12 comments:

Nge Naing September 7, 2009 at 3:09 AM  

ဦးဂင်ကြီးရေ ဒီကဗျာကို ရင်ထဲက တကယ်ကို လှိုက်လှိုက်လှဲလှဲလာခံစားသွားတယ်။ ကျွန်မတို့ ကိုးတန်းနှစ်မှာ ငွေစက္ကအရေးအခင်း ရန်ကုန်မှာ ဖြစ်ပြီး ကျောင်းပိတ်လိုက်တော့ ဟိုတုန်းကလည်း ဦးသန့်အရေးအခင်းဆိုတာ ရန်ကုန်မှာ ဖြစ်ခဲ့ဖူးလို့ အခုလိုကျောင်းပိတ်ဖူးတယ် ပြောလို့ စပြီးကြားဖူးတယ်။ ၈၈ မတိုင်ခင်က မြန်မာလူမျိးအချင်းချင်း ဆန္ဒပြတဲ့ အရေးအခင်းဆိုလို့ ဒီနှစ်ခုပဲ ကျွန်မကြားဖူးပါတယ်။ ၈၈ ရောက်မှ အကုန်လုံး ပွင့်သွားတာ။

ATN September 7, 2009 at 4:32 AM  

ကဗျာ ကောင်းတယ်ဗျာ...

MoeThwayNge September 7, 2009 at 5:05 AM  

လာခံစားတယ် အကိုရေ..။ဘဝ တစိတ် တဒေသ ကို ဖော်ပြနေတဲ့ ကဗျာကောင်းလေး တပုဒ်ပါပဲဗျာ။ တော်တယ်ဗျာ။
လေးစားပါတယ် ။
ခင်မင်မူဖြင့်........
အားလုံးကို ပျော်စေချင်တဲ့ -

Anonymous,  September 7, 2009 at 6:51 AM  

ဦးဂင်ကြီးရေ....
အရမ်းကောင်းတဲ့ ကဗျာလေး
လာခံစားသွားတယ်သိလား
ကဗျာကို တခါမှနားမလည် ခဲ့ဖူး
ခက်ခက်လေးတွေ ရေးကြလို့ 
ဒီတပုဒ်လေးပဲ နားလည်တော့တယ်
အဖြစ်ချင်းကလဲ နည်းနည်းတူလို့ လေ

ခြေလှမ်းသစ် September 7, 2009 at 8:32 AM  

ကိုဂင်ကြီးရေ ဒီလိုကဗျာလေးတွေကို ဖတ်ရတာ အရမ်း ကြိုက်တယ်ဗျာ ... လိုရင်းအဓိပါယ်ကိုလဲရတယ် .. ကဗျာထဲမှာလဲ နစ်ဝင်သွားတယ်ဗျာ ...

ကိုအောင် September 7, 2009 at 10:29 AM  

ကဗျာလာဖတ်သွားတယ် အကိုကြီး၊ မွေးနေ့ဆိုရင်
happy birthday! ဗျာ၊ ကဗျာက ကောင်းတယ်
ဗျို့။

ယွန်း September 7, 2009 at 2:36 PM  

ဦးဂင်ကြီးးရေ....
ကဗျာလေးကကောင်းလိုက်တာ...
ခံစားလို့ရပါတယ်......
ဘ၀ချင်းကနဲနဲ တူနေလို့လေ...

မဆုမွန် September 8, 2009 at 4:47 AM  

ဒီကဗျာလေးကို ဖတ်ပြီး အဖေ့ကို သတိရသွားတယ်..

မမသီရိ September 8, 2009 at 6:02 PM  

အကိုရေ
ဘ၀မှတ်တမ်းကဗျာလေး အရမ်းကောင်းပါတယ်
အကို့ မွေးနေ့များလား
မွေးနေ့ဆိုရင် Happy Birthday ပါနော်
ချစ်တဲ့မိသားစုနဲ့ သေတပန်သက်တဆုံး မခွဲမခွာ စိတ်လက်ချမ်းသာ နေရပါစေ လို့ ဆုတောင်းပေးပါတယ်

တောင်ပေါ်သား September 11, 2009 at 9:11 PM  

ဦးဂင်ကြီးရေ ကဗျာလေးကို ခံစားရတယ် ဘ၀ပါပဲ.. ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း ပြည်သူတွေအတွက် ၊ မိသားစုအတွက် စိတ်ထဲ ရှိနေတယ်ဆိုရင် ဂုဏ်ယူနေရစမြဲပါ


လေးစားလျက်
တောင်ပေါ်သား

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့