Wednesday, January 26, 2011

ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း၊ အင်အားမဖြစ်ဘူးဟေ့..(ခင်မမမျိုး)


တခါတရံ အားလပ်တဲ့ အချိန်လေးတွေကျရင် သီချင်းလေးတွေ နားထောင်ရင်း ကျွန်မရဲ့စိတ် အစဉ်လေးတွေကို ဖြန့်ကျက်မိလေ့ရှိပါတယ်။ ခုတလောမှာတော့ ကရင်နီရဲဘော်တွေသီဆို ထားတဲ့ "ဆီဖြစ်မယ့် နှမ်းတစေ့"၊ "ဖောင်ဖျက်စွန့် လွတ်ထွက်ခဲ့"၊ "အချိန်တန်ပြီ" စတဲ့ သီချင်း လေးတွေ၊ အဆိုတော် ဇော်ပိုင်သီဆိုထားတဲ့ "လမ်းဆုံ" သီချင်းလေးနဲ့ အမျိုးသားဒီမိုကရေစီ ပါတီဝင် ဒီချစ်မျိုး ရေးသားခဲ့တဲ့ ကဗျာလေးကို ဂီတအနုပညာရှင် ဦးရဲလွင်က သံစဉ်ထည့်ပြီး သီဆိုထားတဲ့ "ပန်းရဲ့လမ်း" ဆိုတဲ့ သီချင်းလေးတွေကို နားထောင်ဖြစ်ပါတယ်။ ပန်းရဲ့လမ်း သီချင်းထဲမှာ ကျွန်မ အရမ်းကြိုက်တဲ့ စာသားလေး တခုပါပါတယ်။ "ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါး တိုင်း၊ အင်အားမဖြစ်ဘူးဟေ့" ဆိုတဲ့ စာသားလေးပါ။

ဒီစာသားလေးကို ကြားမိတဲ့ အခါတိုင်း ကျွန်မရဲ့ အတွေးလေးတွေက အကြောင်းအရာများစွာ ကို သတိရမိသွားတတ်ပါတယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘုန်းကြီးပျံပွဲခရီးစဉ် လေးတခုလဲပါပါတယ်။ အဲဒီတုန်းက ကျွန်မကမန္တလေးမှာပညာသွားသင်နေတဲ့အချိန်ပါ။ ဒါပေ မယ့် ကျောင်းမပိတ်ရင်တောင်ကျောင်းလစ်ပြီး တလတခါလောက် တောင်ကြီးကိုပြန်လေ့ရှိ ပါတယ်။ ဘာကြောင့်ရယ်လဲမဟုတ်။ တောင်ကြီး- မန္တလေး ခရီးစဉ်လေးကို ကျွန်မအတော်ပဲ စွဲစွဲလန်းလန်း ရှိပါတယ်။ အထူးသဖြင့် ရွာငံလမ်းလို့ ကျွန်မတို့ခေါ်ကြတဲ့တောင်ကြီး-အောင် ပန်း- ရွာငံ-ဟန်မြင့်မိုရ်- မန္တလေးလမ်းလေးကိုပါ။ ရွာငံကနေ မန္တလေးဘက် အထွက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားတဆူကိုသွားဖူးရတာ၊ စိုက်ပျိုးရေးခြံတွေကိုလိုက်ကြည့်ရတာ၊ ကားလမ်း ပေါ်ကနေ လှမ်းမြင်ရတဲ့ မြစ်ရေပြင်ကြီးကိုငေးမောရတာတွေကို ကျွန်မနှစ်သက်ပါတယ်။ ဒီ ဒေသထဲရောက်ရင် ကျွန်မစိတ်တွေလန်းဆန်းသွားတာပဲ။ ဒါကြောင့်လဲ ဒီဒေသကိုဖြတ်ပြီး တောင်ကြီးကို ခဏခဏပြန်ဖြစ်ခဲ့ပါတယ်။

တောင်ကြီးကိုပြန်ဖြစ်ရင်း တခါတလေမြို့အနီးတ၀ိုက်ကရွာလေးတွေကို အလည်သွားဖြစ်ပါ တယ်။ ဒီလိုနဲ့ အိမ်အပြန်ခရီး တခေါက်မှာတော့ သူငယ်ချင်းတွေက ဘုန်းကြီးပျံပွဲတခုကိုသွား ကြဖို့ အဖော်စပ်တာကြောင့် သွားဖို့စီစဉ်ဖြစ်ကြပါတော့တယ်။ အဲဒီမှာတင် ဘယ်လိုသွားမှာလဲ ဆိုတဲ့ပြဿနာကစတက်လာပါတယ်။ ဘုန်းကြီးပျံပွဲက ကျွန်မတို့မြို့နဲ့အတန်ငယ်ဝေးပါတယ်။ တောင်တွေကိုဖြတ်ပြီးတောလမ်းကသွားရင် ငါးနာရီကျော်ကြာနိုင်ပါတယ်။ ဂျစ်ကားနဲ့သွား မယ်ဆိုရင်တော့ နာရီအနည်းငယ်အတွင်းမှာရောက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကားနဲ့သွားမယ့်သူနဲ့ လမ်းလျှောက်သွားမယ့်သူတွေ နှစ်အုပ်စုကွဲပါလေရော။ ကျွန်မကတော့ တောတောင်တွေ၊ မြစ် ချောင်းတွေကိုနှစ်သက်လွန်းလို့ အချိန်အားရတာနဲ့ နီးစပ်ရာတောလမ်းထဲလမ်းလျှောက်ထွက် သွားလေ့ရှိသူဆိုတော့ ထုံးစံအတိုင်း တောလမ်းခရီးအုပ်စုထဲ ရောက်သွားပါတော့တယ်။

ဒီလိုနဲ့ နံနက်ခြောက်နာရီလူစုပြီး၊ မွန်းမတည့်ခင်ရောက်အောင်ခရီးစနှင်ကြပါတယ်။ ကနဦး အစမှာတော့ အားလုံးပျော်ပျော်ပါးပါးပါပဲ။ နှစ်နာရီ၊ သုံးနာရီလောက်ရောက်တော့ တချို့ကစပြီး ငြီးငြူလာကြပါတယ်။ တောလမ်းခရီးကိုရွေးမိတာမှားပြီတဲ့။ ဂျစ်ကားနဲ့သာလိုက်သွားမိရင် ခု ချိန်ဆိုရောက်လောက်ပြီလို့ဆိုကြပါတယ်။ ခရီးကလဲ ကြမ်းသထက်ကြမ်းလာပါတယ်။ လမ်းပြ ပေးတဲ့ပအိုဝ့်အမျိုးသားလူငယ်လေးကိုလဲ လမ်းမှန်ရဲ့လားလို့လိုက်မေးကြပါတယ်။ တယောက် နဲ့တယောက်လဲအပြစ်မြင်လာကြပါတယ်။ စထွက်စတုန်းကလမ်းချော်တတ်တဲ့ နေရာလေးတွေ ဆို တယောက်နဲ့တယောက် လမ်းကမ်းပြီးဖေးကူပေးကြပါတယ်။ အဲဒီစိတ်လေးတွေကလဲ တစ တစပျောက်သွားသလိုပဲ။ တချို့ဆို နောက်လူတောင်မကြည့်တော့ပဲ တောင်အတက်လမ်းတွေ မှာ ကိုယ့်ဘာသာကိုယ်တက်သွားတာတွေတောင် ရှိလာပါတယ်။

အဲလိုနဲ့ လျှောက်လာလိုက်ကြတာ လေးနာရီကျော်လောက်အကြာမှာ ကံကောင်းချင်တော့ ရွာ လေးတရွာကို ရောက်ပါတယ်။ ဘုန်းကြီးပျံပွဲသွားမယ့် ခရီးသည်တင်ဂျစ်ကားတချို့လဲ အဲဒီမှာ ရှိနေပါတယ်။ အဲဒါနဲ့ ထွက်လာတဲ့ လူဆယ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပါတယ်။ ကားကြုံလိုက်ချင်သူတွေရှိရင် ဒီရွာကလမ်းဆုံပဲမဟုတ်လား။ လေးယောက်ကကားကြုံဆက် လိုက်သွားပါတယ်။ ကျန်တဲ့ကျွန်မတို့ငါးယောက်နဲ့ လမ်းပြကောင်လေးကတော့ ခရီးဆက် ထွက်ခဲ့ကြပါတယ်။ ဘုန်းကြီးပျံပွဲရောက်တော့မွန်းတည့်ပြီးနေပါပြီ။ ဆာလောင်နေကြပြီမို့ ဝေ နေတဲ့ ထမင်းထုပ်လေးတွေကို တန်းစီပြီးအမြန်ပြေးယူရပါတယ်။ ပြီးတော့မှ နေအရမ်းမပူမယ့် တနေရာကိုရှာပြီး မောမောနဲ့ထိုင်စားမိကြပါတယ်။ ကျောပိုးအိတ်ထဲမှာထည့်သယ်လာကြတဲ့ ငါးခြောက်ကြော်၊ပဲပုတ်ထောင်းကြော်လေးတွေကိုဝေမျှစားဖြစ်ကြပါတယ်။ အဲဒီအချိန်မှာကျွန်မ သတိထားမိသွားတာတခုက ခရီးစထွက်လာကြတဲ့ သူငယ်ချင်း ကိုးယောက်လုံး ထမင်းလက် ဆုံမစားဖြစ်ကြတော့ပေမယ့် အဲဒီနေ့နံနက်ကမှတွေ့ရတဲ့ လမ်းပြကောင်လေးနဲ့တော့ လက် ရေတပြင်တည်းထမင်းစားဖြစ်နေတာကိုပါ။

လူ့ဘ၀ခရီးလမ်းကိုလျှောက်ကြတာမှာလဲ ဒီလိုပဲကြုံရဦးမယ်လို့ ဒီတုန်းက ကျွန်မတွေးလိုက် မိပါတယ်။ ပန်းတိုင်တူတိုင်းလဲ သွားကြတဲ့လမ်းတွေက တူချင်မှတူကြမှာပါ။ လမ်းလျှောက်ခရီး ကိုရွေးပြီးမှ ခရီးမဆုံးခင် ကားကြုံလိုက်ချင်သူတွေလဲရှိချင်ရှိမှာပါ။ လူတဦးချင်းစီရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်နဲ့ဇွဲလုံ့လတွေကမတူကြပါဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရတဲ့ဘ၀တွေမို့ လမ်းဆုံ မှာ လမ်းခွဲသွားမယ့်သူတွေကို အပြစ်တင်နေတာ၊ မသွားဖို့တားနေတာတွေက အဓိပ္ပာယ်မရှိ လှပါဘူး။ အရေးကြီးတာက ကိုယ်သွားရမယ့်ပန်းတိုင်အတွက်၊ ကိုယ်နဲ့အတူခရီးဆက်မယ့်လူ တွေရဲ့လက်တွေကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားနိုင်ဖို့ပါပဲ။

အဲဒီသဘောတရားလေးတွေကို "ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း အင်အားမဖြစ်ဘူးဟေ့" ဆိုတဲ့ စာသားလေးက ပြန်ပြီးအမှတ်တရဖြစ်စေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်အားမဖြစ်မယ့် လက်ဖ၀ါးတွေအများကြီးထိတွေ့ပြီး လက်ဖ၀ါးချင်းထိ ခတ်နေတာထက်စာရင် အင်အားဖြစ်စေမယ့်လက်ဖ၀ါးလေးတွေပဲ မိမိရရ ချိတ်ဆက်လိုက်တာ က ပိုပြီးအကျိုးကျေးဇူးရှိမှာတော့ အမှန်ပါပဲ။

ခင်မမမျိုး (၂၇၊ ၁၊ ၂၀၁၁)

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့