Tuesday, June 30, 2009

ခွင့်တောင်းပါတယ်။

ဘလော့ရေးတာ(၁)ပတ်လောက်ခနနားပါမယ်ဗျာ မကြာမှီအသစ်တွေနဲ့ပြန်လာမှာပါ။

အားလုံးကိုလေးစားလျှက်
ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, June 22, 2009

ဦးနှောက်စားသူများအကြောင်း...(ထူးအံ့)



ဦးနှောက်တွေနဲ့ 
ဦးနှောက်
ကစားနေရတာရှိတယ်။

ဦးနှောက်တွေနဲ့ 
ဘောလုံးကန်နေရတာ
ရှိတယ်သလို
ဦးနှောက်တွေ နဲ့ 
အရောင်းအ၀ယ်တွေလုပ်နေရတယ်။

ဦးနှောက်တွေကြောင့်ပဲ
ချော့သိမ့်ရတာရှိပြီး
ဦးနှောက်တွေနဲ့ ပဲ
လိပ်ပြာမသန့် နေတာတွေ
ရှိတယ်။

ဦးနှောက်တွေနဲ့ ပဲ
စစ်တိုက်နေရသလို
ဦးနှောက်တွေနဲ့ ပဲ လိပ်ပြာမလုံတာတွေ
တွေ့ ရမယ်။

ဒါပေမယ့်
ဦးနှောက်တွေကြောင့်ပဲ
ငွေကြေးတန်ဘိုးတွေ
ထိုးကျသွားရသလို။

ဦးနှောက်တွေကြောင့်ပဲ
ငြိမ်းချမ်းရေးတွေ တည်ဆောက်
ညီညွတ်ရေးတွေ...
တစ်မျိုးတစ်မြည်...အဓိပ္ပါယ်ပြယ်သွားကြ။

သြော်......
အဲဒီဦးနှောက်ကြောင့်လည်း
ငါ့ ...ကိုယ်ပိုင်ဦးနှောက်ကလေး
တလွဲအသုံးချ ခံလိုက်ရတယ်။

ထူးအံ့ ။ ၀၆-၂၀-၂၀၀၉(စနေနေ့ညနေ-နယူယောက်တိုင်းစံတော်ချိန် ၅နာရီနှင့်၃၅မိနစ်တွင် ထိုကဗျာကို ရေးချင်စိတ်ရှိလာလို့ ရေးနိုင်အောင်ထမ်းဆောင်ရင်း ရေးလိုရသွားလို့ ကဗျာလေးတစ်ပုဒ်ဖြစ်သွားပုံကို မှတ် တမ်းပြုလိုက်ရပါသည်။

မှတ်ချက်။ ဓာတ်ပုံကို ဂူဂယ်မှရပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, June 18, 2009

Spanish Romance...(ဂင်ကြီး)

တခါကတီးပြီးတင်ဘူးတဲ့ Classical သမားတိုင်းတီးလေ့ရှိတဲ့ Romance တေးသွားလေးပါ။ ဒီတေးသွားလေးကို Spanish ဂစ်တာသမားတွေက Flamenco စတိုင်နဲ့ တီးထားတာလေး တွေရှိပါတယ်။ ကျနော်လည်းလောလောဆယ်မှာ Flamenco တွေတီးဖြစ်နေတော့ Spanish Romance ကိုတီးလိုက်ပါတယ်။ Classical နဲကတော့ကွဲပါတယ်။ သူတို့တီးတာလဲ သူ့ပုံစံနဲ့သူ ကောင်းနေတာပါပဲ ရုတ်တရက်ကြည့်လိုက်ရင် Classical နဲ့သိတ်မကွဲသလိုထင်ရပေမဲ့ သေသေချာချာနားထောင်ရင် တမူကွဲပြားတဲ့ Flamenco ပုံစံကို သတိထားမိလာပါလိမ့်မယ်ဗျာ။ တေးရေးဆရာမသိရတဲ့ တကယ်ဂန္ဓဝင်တေးသွားတပုဒ်ပါ နားဆင်ခံစားကြပါအုံး။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, June 10, 2009

The Most Evolved (ဂင်ကြီး)

အခုတလော အလုပ်လေးတွေများနေတာနဲ့ နောက်ပြီး လူကလဲဖျားလိုက်သေးတော့ အသစ် လေးတွေမတင်ဖြစ်တာကြာသွားတော့တာလေ အခုနလံထလာတာနဲ့ ဂစ်တာကောက်ကိုင် လိုက်မိတော့တာပါပဲ မတီးဖြစ်တာတောင်ရက်အနည်းငယ်ရှိနေပြီ ဒါနဲ့ ကျနော်ကြိုက်တဲ့ Flamenco တေးသွားလေးတပုဒ် တီးဖြစ်ပါတယ်။ မူလတီးထားတဲ့ပညာရှင်ကတော့ Spanish Guitarist တဦးဖြစ်တဲ့ John H, Clarke ပါ။ သီချင်းအမည်ကတော့ The Most Evolved လို့ခေါ်တဲ့ သီချင်လေးပါ။ သူတီးထားတာကြည့်ပြီးကတည်းက ကြိုက်နှစ်သက်မိတယ်ဗျာ ကျနော်တို့မြန်မာ သီချင်းလေးတွေနဲ့တော့ ပုံစံကွဲနေပါလိမ့်မယ်။ ဒါပေမဲ့သေသေချာချာ နားထောင်လေ ကျနော်တော့ ပိုကြိုက်လာလေဖြစ်လို့ မိတ်ဆွေတွေအတွက် တီးတင်လိုက်တာပါ နားဆင်ကြပါအုံးလို့ပြောပါရစေတော့ဗျာ။ လိုအပ်ချက်လေးတွေလည်းရှိနိုင်ပါတယ်နော်။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, June 6, 2009

‘ ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း ’ (ဝင်းတင့်ထွန်း)

ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ် တည်လာစဉ်ကတည်းက၊ အလုပ်သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်၊၊ နိုင်ငံရေး နိုးကြာားမှုကို ပြသခဲ့ပါတယ်၊၊
နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်၊၊ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီအုပ်ချုပ်ရေးခေတ်တလျောက်မှာလဲ၊ ဘီအိုစီအလုပ်သမား သ ပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ်-စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ် ကိုလိုနီအစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်း ဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်၊၊
မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာ ရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင်ခဲ့ပါတယ်၊၊ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမားတိုက်ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ်ဇွန်(၆)ရက်အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်၊၊
‘ ၇၄ ဇွန်(၆)အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်၊၊
ဒီသပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်၊၊ ဒါကြောင့် သွေးမြေကျရမှုတွေ ဖြစ်ခဲ့ရပါတယ်၊၊ ဇွန်(၆)ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်၊၊ အဲဒီနေ့ကအဖြစ်အပျက်ကို ကိုယ်တွေ့တွေ့ကြုံ ခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာဒေါင့်ကနေ လေးလေးနက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ - -

---------------------------------

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် -
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြ ချိန်သာသာလောက်မှာပဲ၊ ရန်ကုန်အင်းစိန်လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေ စည် လာပါတယ်၊၊
ဒို့အရေး - ဒို့အရေး… ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့ လေးပါ ၊၊ နောက်တော့ တစထက်တစ -
‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ...’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး ...’


‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ...’
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါတယ်၊၊
ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်၊၊ အလုပ်သမား ထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံအောင်ထွက်ပေါ်လာနေပါတယ်၊၊ အဲဒီကနေ အင်းစိန် လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး
ပြန်လာတော့၊ ခဝဲခြံ မှတ်တိုင်ရှေ့ တည့်တည့်က ၅သုံးလုံးရာဘာဖိနပ်စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်၊၊ ဒီစက်ရုံထဲမှာ ကျနော့်မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်၊၊ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါ တယ်၊၊ ဆက်ပြီးထွက်လာတော့ - သမိုင်းလမ်းဆုံက ဓါတု(၄)၊ ဓါတု(၆)စက်ရုံတွေက ကြွေး ကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်၊၊ ရှေ့ဆက်တက် လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ’၊၊
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေ ပါတယ်၊၊ ပထမတော့ အတွင်းပိုင်းစက်ရုံတွေအတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ၊၊
သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ ကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်)မြေကွက်လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့ အ နီးမှာ တထပ်တိုက်အဆောက်အဦ ရှည်ကြီးတခု ရှိပါတယ်၊၊ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်၊၊ တဆက်တည်းမှာ အလုပ်သမားကောင်စီ-လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမား မင်းသားများရဲ့ အခန်းရှိပါတယ်၊၊ အဲဒါတွေပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင် ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံ နဲ့သူ အစီအရီ တန်းစီတည်ရှိနေပါတယ်၊၊ ပထမဆုံး ကြွေးကြော်သံတွေတိုင်နေ၊ထွက်နေတဲ့နေရာကအဲဒီအတွင်းစက်ရုံတွေအတွင်းကပါ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ် ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်၊၊
ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်၊၊
အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေးကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ် ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်၊ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်း တရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမား ကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါတယ်၊၊
လက်တွေ့ဘဝထဲက လာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ် သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရားမျှတပြီး အင်မတန်မှ ကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်၊၊
ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြ ရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်းများလာပါတယ်၊၊ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက် ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါပါနေလို့ အခြေအနေလာ ကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်၊၊
ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီ နိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက် ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်၊၊ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်း လိုက်ရပါတယ်၊၊ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်၊၊
အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်း၈ုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ၊၊ ကြွေးကြော်သံ တွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့ တယ်၊၊
ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေ သတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေ သတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့ - ဆိုတဲ့အသံတွေဟာလဲ နေရာ ပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်၊၊
အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာ ကျ လာပါတယ်၊၊ ဇွန်လရဲ့ မိုးရေစက် တွေဟာ ခပ်ဖွဲဖွဲလေးပါ ပဲ၊၊ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး၊၊ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်း ဖြည်း ပိုပိုများလာပါတယ်၊၊
နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်၊၊ ဆယ်စီး လောက် ရှိပါတယ်၊၊ နောက်ဆုံးကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်၊၊ ကားတိုင်းပေါ်မှာ - မျက်နှာထားတင်းတင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေး မင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်၊၊ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ် ထား လို့၊၊ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထား လို့၊၊ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး၊၊ စစ်သား တချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက် ချလိုက်ပြီး ပေတရာ လမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက်တန်းစီပြီး ထောင်ထားလိုက်ကြတယ်၊၊ ရှေ့ကား ပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံ၈ိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက်အကွာ မှာပဲပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက် ကြတယ်၊၊ အဲဒီမျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ် သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်၊၊ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်၊၊ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်၊၊
ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်၊၊
စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက် ညီညီ အော်နေကြတယ်၊၊ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှား မှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေး ရင်း ရပ်ကြည့်နေမိကြတယ်၊၊ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် - ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်၊၊ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူ တယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်၊၊
၈ိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမား ခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်းဆိုနေတာဖြစ် တယ်…’ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်၊၊
အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန်ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ-လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်းဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ ရောက်လာ ကြတော့ - ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရတော့ -
မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေး များလာတယ်၊၊ လူအုပ်ကြီးက ပိုပို များလာတယ်၊၊ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တခဏ၊၊ တချို့လဲ ဘာများဆက် ဖြစ်ကြဦးမလဲ - စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြကြာာ၊၊
တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်း ဖြတ်မှုမျိုးနဲ့၊၊ တချို့ကတော့ စစ်တပ်ကနေဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော- သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်၊၊ လူထုပရိသတ်ကြီးဟာ တဖြေးဖြေး များများလာနေတယ်၊၊ သွားတဲ့သူ သွား၊ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖေါင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်၊၊ အလျဉ်မပျက်စီးမျော လှုပ်ရှားနေပါတယ်၊၊ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး၊၊ ဘာဒါဖက်ကအပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက် ပါတယ်၊၊ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိ ပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်၊၊
ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါး နှစ်ရိုက်သာ သာလောက်မှာ လှိုင် ရဲစခန်း ရှိပါတယ်၊၊
လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှု ရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်၊၊
အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာ ပြီ၊၊
ကြွေးကြော်သံတွေက ညံနေဆဲ၊၊
အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့် ရလိုက်သလဲ မသိပါဘူး၊၊ တစုံတရာ လှမ်းပြောလိုက်တယ်၊၊ မျက်ရည် ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်၊၊ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်၊၊ အဲဒီအချိန်မှာ လှိုင်ရဲစခန်း ထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာ တုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်၊၊ ပြီးတော့အဲဒီဖက်ခြမ်း က နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်၊၊ အဲဒီ တော့ လူတွေဟာလဲ ရှောင်ကြ တိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ်ဖြစ် သွားပါတယ်၊၊
ရှေ့ ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်၊၊ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြို ကျ လာပါတယ်၊၊ အဲဒီအချိန်မှာ သေနတ်သံ နှစ်ချက် ထွက်လာတယ်၊၊
‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -
‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -
နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ ‘ ဟ - ကျည် ပါတယ်ဟ... ရှေ့ မှာ ထိသွားပြီ æသွေးတွေနဲ့ မတွေ့ဘူးလား…’ ဆိုတဲ့အသံတွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာ လမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်၊၊ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်၊၊ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်၊၊ အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်၊၊ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ်လှမ်းပစ်တော့တာပါ ပဲ၊၊ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့ တာပါ ပဲ၊၊ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်၊၊ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေ ပေါ်မှာလဲ ကျည်ဆံတွေတဝီဝီ ဖြတ်လာပါတယ်၊၊
မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေကျ ၊ စပ်ပူစပ်လောင် ခံစားကြ ရရင်း၊ စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင် ‘ရေပေးပါ - ရေလေး ပေးကြပါ ခင်ဗျာ…’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာအုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာ သစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်၊၊ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏ သုတ်ပေးနေရ တယ်၊၊
ဒီနားမှာ ဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီး ရှင်းရင်၊ အဖမ်းခံကြရနိုင် တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက်လာခဲ့ကြတော့၊ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေကြား သွားတိုးပါတယ်၊၊ ကျနော် တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်၊၊ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည်ထွက်နေပါတယ်၊၊ သွေးတွေကလဲ ဒလဟော ထွက် လို့၊၊
တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ ၊၊
သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ (ပလက)အလုပ်သမားကားကြီး တစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါ လို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်၊၊ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူ လိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူ လိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်၊၊
အဲဒီအချိန်မှာပဲ ...‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက်အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ် လာနေပါတယ်၊၊ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်၊၊ မရှေးမနှောင်းမှာပဲ ...‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်၊၊ စစ်မာန် စစ်သံတင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ်စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်၊၊
အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက် ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း- ရှင်းလင်းပြေဆိုသံဟာ မြန်မာ့ အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်၊၊
ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ ဒီပစ်ခတ်မှု ကြီးကြောင့် သွေးမြေကျ ရတာမှာ သေကြေထိခိုက် ဒဏ်ရာရ ကြရသူတွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရ ပါတယ်၊၊ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ၊၊ ကျနော်ကိုယ်တိုင် မမြင် လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ၊၊ ဒါ - ဇွန်လ(၆)ရက် သမိုင်းချည် စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ၊၊ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျ ခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ -ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်၊၊
ဇွန်လ(၆)ရက်အကျော် (ရ)ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေး မြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့အလုပ်သမားတွေရှိခဲ့ရပါတယ်၊၊ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံ တိုင်းလိုလိုပဲ ဖြစ်ပါတယ်၊၊
အထူးသဖြင့် - အင်းစိန်မီးရထားစက်ခေါင်းရုံ ၊ အုတ်ကျင်း၈ုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံ နဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများ ဆုံးဖြစ်ခဲ့ပါတယ်၊၊ အုတ်ကျင်း၈ုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာဖိုးကျော့ တို့လဲ ပါခဲ့ပါတယ်၊၊
ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြု ထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ’ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ်အတည်ပြု ပြဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲ သေးမီ မှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကိုကျည်ဆံတွေပဲ ပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်၊၊ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်၊၊ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ ၊၊ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီးသဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်၊၊
ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရမော်ကွန်းထူထားခဲ့ရပါ ပြီ၊၊
အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ၈ုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ....

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ဇွန်(၆)အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်၊၊ အခု ပြန်လည်ရှာဖွေကူးယူ ရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်၊၊


အပြည့်အစုံဖတ်ချင်ရင်>>>

Monday, June 1, 2009

အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ


အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများရဲ့ လှုပ်ရှားမှုပုံရိပ်များ။

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, May 31, 2009

မေ ၃၀ .. ဒီပဲယင်းအကြမ်းဖက်မှု ၆-နှစ်မြောက် ဆန္ဒပြပွဲ (အော်ရီဂွန်)

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, May 27, 2009

သံတိုင်ကြားက လရောင်ဆီ ...(ဝင်းတင့်ထွန်း)



‘ သံတိုင်ကြားက လရောင်ဆီ ... ’

--------------------------------------
ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင်ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ..၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်းရှု့ချီရာ လတမင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လဲ
တိမ်ဖုံးပေမဲ့ သာမြဲသာ ... ၊၊

နအဖဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင်ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ် ဖြိုခွင်း ...
( ကိုင်း .. ) ပြကြ အလင်း ....၊၊ ၊၊

( ဝင်းတင့်ထွန်း )

(မတရားသဖြင့်အမှုဆင် ရုံးတင်တရားစွဲဆိုခြင်းခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - သို့)

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, May 23, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပတ်စဉ် ဆန္ဒပြပွဲ




Oregon ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြွေးကြော် ဆန္ဒပြပွဲကို အပတ်စဉ်ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် လက်ကမ်းစာစောင်များဝေငှပြီး အောက်ပါကြွေးကြော်သံများနှင့် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, May 22, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ...(ရဲဘော်ဖိုးသံချောင်း)


နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ- ဒါမှမ ဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွား တယ်လို့ယူဆစရာရှိပါတယ်။ ဒါပေမဲ့လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေ ပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက် ကိုယ့် တသက်လုပ်ရမယ့်ကိစ္စလို့ သတ်မှတ်ထားကြဟန်တူပါတယ်။ ဒါကြောင့်နေအိမ်ချုပ်သက်တမ်း စေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာအိမ်ရှင်ကိုစွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာဖြစ် ပါတယ်။ ဒါပေမဲ့သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ် သန်းရွှေတယောက်ထိုင်နေအကောင်းသားလို့ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေ လမ်းငွေလမ်းတော့ဖြင့် ပေါက်တော့မယ်လို့မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ် အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်”ဆိုတာမျိုးဖြစ်သွားပါတယ်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလိုအပြစ် တင်တာခံလိုက်ပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ်တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက် ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်းခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံ တကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ်နစ်နာရတဲ့ ဘယ်သူမပြုမိမိမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့တခြားòမိ့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူနေရတာကိုကြည့်ရင်သိနိုင်ပါတယ်။ ပဒူအုံကိုတုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ် လို့သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေးလို့ စသဖြင့်ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ်ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။
ဒီလို တိုင်းပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့်


အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရ တာပါ။ ဒါကြောင့်မို့ သံတမာန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံးတက် ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက် က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ယူဆရင်ရပါတယ်။

အခုတော့အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေးဆိုတဲ့တောင်းဆိုချက်ဟာ ကျယ်လောင် သထက်ကျယ်လောင်လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရ ဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ဖက်ကသက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက်အထောက်အကူလုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြသက်သေတွေကို တောင် စစ်နေဖို့ မလိုလောက်အောင်ဖြစ်ပါတယ်။ ဒါပေမဲ့နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင်တဲ့ဝံပုလွေလိုပဲ “နင်မဟုတ်နင့်အဖေပဲ”လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးတဲ့ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက်နားထောင်နိုင်တဲ့ တရားရုံးမှာစစ်ဆေးရေး ဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက် မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့ အပြင် လူတိုင်းသဘောတူနိုင်တဲ့ တောင်းဆိုချက်ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံဖြစ်ပါတယ်။

ဒီတခါဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝရွေးကောက်ပွဲကိုဝင်ဖို့ပြင် နေတဲ့လူ တွေအတွက်တော့ အတော်လေး အကြပ်ရိုက်သွားမှာဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကိုယမ်းချေးပန်းတယ်လို့ပြောနိုင်ပါတယ်။ တကယ်လို့သာသူတို့ အနေနဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာအတတ်နိုင်ဆုံး ခေါင်း ရှောင်ချင်ကြမှာပါ။ နအဖ အလိုကိုလိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော် တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ကိုယ့်ခံစားချက်၊ ကိုယ့်အမြင် တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် တွေ ဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တယ်ဆို တာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှုဆင်ပြီး တင်တာဟုတ်မဟုတ် ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေး မနေကြတော့ပါဘူး။ ဘာကို-ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်းမသိတာမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့အတွက် အနည်းဆုံး ရွေးကောက်ပွဲပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုလူထုထဲ မှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါတယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေဘယ်လောက်ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။


ရဲဘော်ဖိုးသံချောင်း


အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့