အားလုံးပဲဂီတမှာ ခံစားစီးဝင်နိုင်ကြပါစေ။
ဂင်ကြီး
၁၉၄၅ ခုနှစ်တွင် မြန်မာပြည်သူတို့သည် ဂျပန်ဖက်ဆစ် စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၄၂ ခုနှစ်က မိမိတို့ တိုက်ထုတ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပြန်လည်ရင်ဆိုင် ကြရပြန်သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ ယခင်က အင်္ဂလိပ်အစိုရအပေါ် ဆန့်ကျင်ခဲ့ကြသော တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်များ သဘောထားကြီးကြောင်း၊ သစ္စာရှိကြောင်း၊ ပုဂ္ဂိုလ်အနေအားဖြင့် အင်္ဂလိပ် နန်းရင်းဝန်ကြီး မစ္စတာအက်တလီသည် မြန်မာပြည်သူတို့အပေါ် စေတနာကောင်းထားသူ ဖြစ်ကြောင်း၊ ဆာစတက်ဖို့ကရစ် ဆိုသူက မြန်မာပြည်သူတို့ကို ခင်မင်မြတ်နိုးသူ ဖြစ်ကြောင်း၊ မစ္စတာဖာနီဗယ်ကြီးက မြန်မာတို့အတွက် ဘောဂဗေဒပညာ ပေးခဲ့ကြောင်း စသဖြင့် အင်္ဂလိပ်ချီးကျူးခန်း ဖွင့်ကြသည်။
ယင်းကဲ့သို့ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်ချီးကျူးခန်းဖွင့်နေကြသည်ကို ကြားသိရသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ဘူးပါသည်။
ဘဲနဲ့လဲကွဲ့ မင်းသခင်ခေါင်းဆောင်အချို့က အင်္ဂလိပ် နယ်ချဲ့ကောင်တွေကို သိပ်ချီးကျူး နေပါကလား။ ဒီကောင် ခွေးမသားတွေက ဟိုတုန်းက အင်္ဂလိပ်နယ်ချဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး အခုတော့ သိပ်သဘောကျနေကြပြီထင်တယ်။ ဒိကောင် တွေက ဆရာတို့ ငယ်ငယ်တုန်းက ကြားဘူးတဲ့ ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးနဲ့ တူနေတယ်ဟု မိန့်ကြားပါသည်။
ထိုအခါ ကျွန်တော်တို့က ဘယ်လိုလဲဆရာ အမိန့်ရှိပါအုံးဟု မေးကြသဖြင့် ဆရာကြီးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
ဆရာတို့ ငယ်ငယ်တုန်းက မန္တလေးမြို့မှာ ကြွယ်ကြီးရုပ်သေးဆိုတာ ရှိတယ်။ ကြွယ်ကြီး ဆိုတာက ရုပ်သေးမင်းသားရဲ့ အမည်။ သူ့အမည်ကို အစွဲပြုပြီး သူပါဝင်တဲ့ ရုပ်သေးအဖွဲ့ကို ကြွယ်ကြီးရုပ်သေးလို့ ခေါ်ကြတယ်။
ကြွယ်ကြီးရုပ်သေးဟာ မန္တလေးမြို့ပေါ်နှင့်တကွ အညာအကြေတခွင်မှာတော့ အဲဒီ အချိန်က အကျော်ကြားဆုံး လူကြိုက်အများဆုံးပေါ့။ ကြွယ်ကြီးရုပ်သေး လူကြိုက်များတာ ကျော်ကြားတာကတော့ မင်းသား ကြွယ်ကြီး အသံကောင်း အဆိုကောင်းတဲ့ အတွက်ပါဘဲ။
ကြွယ်ကြီးရုပ်သေးကို ကြည့်ကြရာမှာလဲ အများစုက အမျိုးသမီးတွေ ဖြစ်ကြတယ်။ မောင်တို့ အခုခေတ် ဖိုးစိန်ကြီးကို အမျိုးသမီးတွေက အကြည့်များသလိုပေါ့။ မင်းသား ဦးဖိုးစိန် အရွယ်ကောင်းတုန်းအချိန်က ရန်ကုန်မှာ ကွမ်းသီးဖက်ဆေးပေါ့လိပ်ကလဲ တော်တော်ခေတ် စားတာကိုး။ အဲဒီတုန်းက ဦးဖိုးစိန်တို့ ဘယ်လောက်များ စန်းပွင့်သလဲဆိုရင် အချို့ အမျိုးသမီးတွေက ကွမ်းသီးဖက်ဆေးလိပ်ထဲ ရွှေင်္ဒဂါးထည့်ပေးကြဆို မဟုတ်လား၊ အဲဒီအထိ ဦးဖိုးစိန်တို့ ခေတ်စားခဲ့တာကလား။
ရုပ်သေးမင်းသား ကြွယ်ကြီးကိုလဲ ဇာတ်မင်းသား ဦးဖိုးစိန်လိုပဲ မိန်းမပိုင်းက အလွန်သဘောကျကြတယ်။ အဲဒီအထဲ မန္တလေးတရုပ်တန်းက တရုပ်သူဌေးမယား တရုပ်မကြီး တယောက်လဲ ပါတယ်။ မန္တလေးမြို့ပေါ်မှာ ကြွယ်ကြီးရုပ်သေး ဘယ်နေရာကက ကတဲ့နေရာ လိုက်ကြည့်တာဘဲတဲ့။ နောက်တော့ တရုပ်မကြီးဟာ ဘယ်လောက်များ စွဲလန်းသွားသလဲ ဆိုရင် မန္တလေးမြို့ပေါ်သာမဟုတ် ကြွယ်ကြီးရုပ်သေး ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုမြို့များမှာ ကတယ်ဆိုရင်လဲ ကားတစီးနဲ့ သတင်းမေးပြီး လိုက်ကြည့်သည်အထိ ဖြစ်ရသတဲ့။
အဲဒီလို မန္တလေးမြို့ပေါ်သာမက နယ်မြို့များအထိ လိုက်ပီး ကြည့်ပါများတော့ လင်ယောက်ျား တရုပ်သူဌေးကြီးက အစတော့ အေးအေးဆေးဆေး ပြောတယ်။ နောက် အေးအေးဆေးဆေး ပြောမရတော့ ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်လာသတဲ့။ တရုပ် သူဌေးကြီးက ဆူပူကြိမ်းမောင်းခြင်း ပြုလာတဲ့အခါ တရုပ်မကြီးက ရှင်မကြည့်ဘူးသေးလို့ အခုလို ကျမကို ကြိမ်းမောင်း တားမြစ်နေတာ၊ ရှင်တခါကြည့်ဘူးရင် ကျမလို ခဏခဏ ကြည့်ချင်မှာဘဲလို့ ပြန်ပြောသတဲ့။
တရုပ်မကြီးက မကြခဏ ကြိမ်းမောင်းတိုင်း အခုလို ရှင်မကြည့်ဘူးသေးလို့ပါ ရှင်တခါကြည့်ဘူးရင် ကြွယ်ကြီးရုပ်သေးကို ခဏခဏကြည့်ချင်မှာ ကျမလိုဘဲ စွဲသွားမှာပေါ့လို့ ပြောပါများတော့ တရုပ်ကြီးက အေးနောက်တခါလိုက်ကြည့်မယ်လို့ သူ့မယားကို ပြောသတဲ့။
ရက်များမကြာခင် မန္တလေးမြို့တနေရာမှာ ကြွယ်ကြီးရုပ်သေးကတော့ တရုပ်မကြီးက ခပ်စောစောထဲက နေရာကောင်းကောင်း အယူခိုင်းလိုက်ပြီး ညကျတော့ သူ့ယောက်ျား တရုပ်သူဌေးကြီးကိုပါ ခေါ်သွားတယ်။ တရုပ်ကြီးကလဲ အေး ငါအခုလိုက်ကြည့်မယ် နင်ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်ရင် နင်ဘယ်တော့မှ မကြည့်ရဘူးလို့ ပြောရင်း လိုက်သွား သတဲ့။
ရုပ်သေးပွဲရောက်ကြတော့ ထုံးစံအတိုင်း မျောက်၊ မြင်း၊ ဇော်ဂျီ၊ အပျိုတော်၊ ၀န်၊ ရှင်ဘုရင် စသည်တို့ အစီအစဉ်အတိုင်း ထွက်တာ ကြည့်ကြရတယ်။ အဲဒီနောက်တော့ မင်းသား မင်းသမီး ထွက်လာပြီး ကြွယ်ကြီးက နှစ်ပါးသွားသီချင်းတပုဒ် ကောက်ဆိုလိုက်ရင်ဘဲ ပရိသတ်ဟာ ချောင်းဟန့်သံတောင် မကြားရအောင် ငြိမ်သွားတယ်။ တရုပ်ကြီးလဲ စောစောကလို လှုပ်လှုပ်ရှားရှား မနေတော့ဘဲ ကြွယ်ကြီးသီချင်းသံကို စိုက်နားထောင်သတဲ့။ တရုပ်ကြီးဟာလဲ ဘာစကားမှ မပြောတော့ဘဲ သီချင်းသံကို နားထောင်ရင်း ထောင်ရင်းနဲ့ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်တာ ကိုယ့်ဖျားပေါ်ကနေ အခြားသူရဲ့ ဖျာပေါ်တောင် ရောက်သွားသတဲ့။
အဲဒီတော့မှ သူ့ယောက်ျားအကဲကို ကြည့်နေတဲ့ တရုပ်မကြီးက အသာလက်တို့တဲ့ပြီး "ဘဲ့နဲ့လဲမောင်ရဲ့ သဘောမကျဘူးလား" လို့ မေးလိုက်တဲ့အခါ တရုပ်ကြီးက တရုပ်မကြီးဘက် ကို လှည့်တဲ့ပြီး "အေး ကြွယ်ကြီး ကို နင်တို့မိန်းမတွေ မပြောနဲ့ ငါတောင် သူ့မယားဖြစ်ချင်စိတ် ပေါက်လာပြီဟ" လို့ ပြောလိုက်သတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ၏ပါးစပ်ကို လက်ဝါးဖြင့် ခပ်ကွယ်ကွယ်ပြုကာ ရယ်မောရင်း "အေး- တို့သခင်တွေဟာ အစကတော့ အင်္ဂလိပ်နယ်ချဲ့သမားကို မကြိုက်ခဲ့ကြဘူး၊ ဆရာနဲ့အတူ ရွာရိုးလျှောက်ပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးတရားတွေ လက်သီးလက်မောင်းတန်း ပြောခဲ့ ဟောခဲ့ ဆဲခဲ့ကြတာကလား။ ဒါပေမဲ့ အခု အင်္ဂလိပ်က ဖိတ်ပြီး ထမင်းကျွေးလိုက်၊ အရက်ကလေးတိုက်။ အာဏာပါဝါနံ့ကလေးပေးလိုက်ဆိုတော့ အချို့သခင်တွေဟာ ကြွယ်ကြီးကို ပေါက်ဖော်ကြီး ကြိုက်သလို ဖြစ်ကုန်ကြပထင်ပါရဲ့ ကွာ" ဟု ပြောကြားပါတော့သည်။
{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}
မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄၇ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ် သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့် အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ် အဆက် ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု မေးမြန်းကြပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အထက်ပါအမေးစကားကို အောက်ပါပုံပမာကလေး ဖြင့် မိန့်ဆို ဖြေကြားပါသည်။
အုပ်ကျစ်ကျော်အေး မန္တလေးတည်ဆိုတော့ အုပ်က ၁၊ ကျစ်က ၂၊ ကျော်က ၂၊ အေးက ၁၊ အစဉ်အလိုက်ချကြည့်ရင် ၁၂၂၁ ဖြစ်တယ်။ အဲဒီ ၁၂၂၁ ခုနှစ်ဟာ ရတနာပုံ မန္တလေးမြို့ကို မင်းတုန်းဘုရင်ကြီး တည်ဆောက်ခဲ့တဲ့ နှစ်ဖြစ်တယ်။ မန္တလေးမြို့ တည်ဆောက် တာနှင့် မန္တလေးနန်းတည်ဆောက်တာ တချိန်တည်း တနှစ်တည်းတော့ မဟုတ်ဘူး။ နန်းတော်ကြီးကို ၁၂၂၉ မှာ တည်ဆောက်ပြီး၊ ကျုံးမြို့ရိုးအစရှိတဲ့ မြို့တော်ကြီးကို ၁၂၂၁ ခုနှစ်မှာ စတင်တည်ဆောက်တယ်။ မြို့တော်တည်ဆောက်မဲ့နေရာကိုတော့ ၁၂၁၈ ခုနှစ်ကစပြီး၊ တောရှင်း မြေညှိလုပ်ငန်းတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မှတ်သားလို့ လွယ်အောင်ဆိုပြီး ကျုံးမြို့ရိုး ပနက်ချတည်ဆောက်တဲ့ သက္ကရာဇ် ၁၂၂၁ ခုနှစ်ကို အုပ်ကျစ်ကျော်အေး မန္တလေးတည် လို့ ခေါ်တွင်ခဲ့ကြတယ်။
မင်းတုန်းမင်းသားဟာ ၁၂၁၄ ခုနှစ်မှာ အာဏာရရှိခဲ့တယ်။ အာဏာရရှိတာကို အမှန်တကယ်ပြောရရင် အိမ်ရှေ့မင်းသား ကနောင်မြို့ စားရဲ့ သတ္တိရှိမှုနဲ့ လုပ်ရည်ကြံရည် ပါဝင်ခဲ့တဲ့အတွက်ဆိုရင် မမှားပါဘူး။ အိမ်ရှေ့ မင်းသားဆိုတာက ၁၃၀၀ပြည့် အရေးတော်ပုံခေတ်မှာ တို့ဗမာအစည်းအရုံးဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သခင်ထိပ်တင် ကိုယ်တော်ကြီးရဲ့ အဖိုးဖြစ်တယ်။
စကားစပ်မိလို့ သခင်ထိပ်တင်ကိုယ်တော်ကြီးအကြောင်း နဲနဲပြောရအုံးမယ်။ သူ့ရဲ့ အိမ်ရှင်မဇနီးက တို့သီပေါဘုရင်ရဲ့ တတိယ သမီးတော်ပေါ့။ သီပေါဘုရင်က မင်းတုန်းဘုရင်ရဲ့ သားဖြစ်တော့ တတိယသမီးတော်ဟာ မင်းတုန်းဘုရင်ရဲ့ မြေးပေါ့ကွယ်။ ညီတော်နောင်တော် အရင်းဖြစ်ကြတဲ့ အိမ်ရှေ့မင်းသားရဲ့မြေး သခင်ထိပ်တင်ကိုယ်တော်ကြီးနှင့် မင်းတုန်းဘုရင်ရဲ့ မြေး တတိယသမီးတော်တို့ဟာ တကယ်ဆိုတော့ မောင်နှမ နှစ်ဝမ်းဘဲကွဲကြသေးတာကလား။ သူတို့နှစ်ဦး လက်ထပ်တဲ့ကိစ္စမှာ ဆရာလဲ တော်တော်ကူညီ ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။
တို့ဗမာအစည်းအရုံးက ဆရာတို့ပါဝင်ပြီး နာယက တာဝန်ထမ်းဆောင်တဲ့အခါ သူလဲ တော်တော်ကူညီအားပေးဘော် ရလာတယ်။ သူ့အနေနဲ့ အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင် သမက်ဖြစ်ပေမဲ့ ပဒေသရာဇ်စိတ် မရှိရှာပါဘူး။ ဆင်းရဲသား ပစ္စည်းမဲ့များ အတွင်းမှာပဲ အရောတ၀င် ဆက်ဆံနေထိုင်လိုတဲ့ ဆန္ဒရှိတာကို သိရတယ်။ နေလဲနေတယ်။
တို့ဗမာအစည်းရုံးကြီးရဲ့ စည်းရုံးရေးကိစ္စအတွက် မုံရွာအထက် ကနီကနဲတို့ မင်းကင်းတို့ဆိုတဲ့ မြို့ရွာတွေကို ဆရာတို့ သွားကြတဲ့အခါ ပထမတခေါက်တုန်းကဆိုရင် ဆေးဖော်ကြောဖက် သိပ်မရှိပါဘူး။ သခင်အသင်းဝင်ထားတဲ့ လူလောက်ပဲ သင်္ဘေဆိပ်က ဆီးကြိုကြ၊ ဆရာတို့ဆီ လာမေးကြ မြန်းကြတာဘဲ။ တရားပွဲတို့ ဆွေးနွေးပွဲတို့ ဆိုရင်လဲ ကြက်ပွဲငှက်ပွဲလောက်တောင် မစည်ပါဘူး။
ဆရာတို့လဲ စိတ်မကျေနပ်တာနဲ့ နောက်တခေါက် ထပ်သွားကြပြန်တယ်။ အဲဒီအခါ ထိပ်တင်ကိုယ်တော်ကြီးကို ခေါ်သွားပြီး အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင်ရဲ့ သမက် မင်းသားထိပ်တင်ကိုယ်တော်ကြီး ပါတယ်လို့ သတင်းလွှင့်လိုက်တယ်။ အဲဒီသတင်းလဲ ကြားရော တောရောမြို့ပါဆိုသလို မင်းသားကို ကြည့်ချင်မြင်ချင်ကြတဲ့အတွက် ဆရာတို့ကို သင်္ဘေဆိပ်က လာကြိုကြတာ ကမ်းညွတ်မတတ်ပါဘဲ။ တရားပွဲတွေလဲ ၀က်ဝက်ကွဲပါဘဲ။ ကျွေးမွေးဧည့်ခံလိုက်ကြတာလဲ မပြောပါနဲ့။ ဗိုက်ခွေးနမ်းမတတ် ဆိုသလိုပါဘဲ။ သူ့အကြောင်း ပြုပြီး တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးရေးအားဟာလဲ တော်တော်တက်လာတယ်။ အသင်းဝင်တွေလဲ များလာတယ်။
ထိပ်တင်ကိုယ်တော်ကြီးက ပဒေရာဇ်စိတ်၊ ရှင်ဘုရင်စိတ် မပေါက်ပေမယ့် လူရုပ်လက္ခဏာ ပုံသဏ္ဍာန်ကတော့ ရှေးကလူတွေအမြင်နဲ့ဆိုရင် တကယ်ထီးမူနန်းဟန် ပါတယ်လို့ ဆိုကြတာပေါ့။ အသားအရေလဲကောင်း လူရည်လဲသန့်တယ်။ အလုံးအရပ်ကလဲ လူတန်းစေ့ဖြစ်ပြီး၊ တော်တော်ခန့်ညားချောမောတဲ့ ပုဂ္ဂိုလ်တဦးပါဘဲ။ သူလဲ အဲဒီ ကနီကနဲက အပြန် သိပ်မကြာပါဘူး။ သခင်အသင်းဝင်ဖြစ်ပြီး သူ့အမည်ရှေ့က သခင်ဆိုတာ တိုးလိုက်လို့ သခင်ထိပ်တင်ကိုယ်တော်ကြီးရယ်လို့ ဖြစ်လာတော့တာဘဲ။
အေး..အေး.. ခုတင်က စကားဆက်ရအောင်၊ မင်းတုန်းမင်းသား အာဏာရရှိတယ် ဆိုတာ ညီတော်အိမ်ရှေ့မင်းသားရဲ့ လုပ်ရည် ကြံရည် အများအပြား ပါဝင်ခဲ့ခြင်းကြောင့် ဆိုရင် မမှားပါဘူး။ နောင်တော် ပုဂံမင်းလက်ထက် အမရပူရမြို့မှာ မင်းတုန်းမင်းသားနဲ့ ကနောင် မင်းသားတို့ နေထိုင်ကြတဲ့အခါ ပုဂံမင်းရဲ့ အိမ်တော်ပါများနဲ့ အချို့မှူးမတ်များက မင်းတုန်းမင်း နှင့် ကနောင်မင်းသားတို့ ရှိနေကြရင် သူတို့ သြဇာမကြီးမှာ သူတို့သဘောကျ မလုပ်ကြရမှာ တွေကို စိုးရိမ်ပြီး လုပ်ကြံပစ်ကြဘို့ ကြံစည်ကြတယ်။ အဲဒါကို ညီတော်ကနောင်မင်းသားက ရိပ်မိလေတော့ ၁၂၁၄ ခုနှစ် ပြာသိုလမှာ သားမယား အချွေအရံ များပါ အမရပူရက မတ္တရာ၊ အဲဒီကမှ အနောက်ဖက်ကူးပြီး ရွှေဘိုအထိ ထွက်သွားကြတယ်။
ရွှေဘိုရောက်တော့ မင်းတုန်းမင်းသားကို အေးအေးဆေးဆေး နေရစ်စေပြီး ကနောင် မင်းသားက ဗိုလ်ပါရဲမက်များကို ဦးစီးပြီး အမရပူရကို ရက်ပေါင်းလေးဆယ်ကျော် ၀ိုင်းရံ လုပ်ကြံတော့မှ ၁၂၁၄ ခုနှစ်တပေါင်းလထဲမှာ အောင်မြင်တယ်။ အောင်မြင်ပြီးတဲ့နောက်မှ ရွှေဘိုက နောင်တော်မင်းတုန်းမင်းသားထံ အကြောင်းကြားတယ်။ အဲဒီအခါ မင်းတုန်းမင်းသား က နောင်တော်ပုဂံမင်းနှင့်မိဖုရားရော အချွေအရံများပါ ရွှေဘိုသို့ ခေါ်လာစေပြီး ဘေးတော် အလောင်းမင်းတရားကြီးရဲ့ ရွာနေဖြစ်တဲ့ ရွှေဘိုမြို့မှာ ထီးနန်းစိုက်ဖို့ ကြံရွယ်တယ်။
ဒါပေမယ့် ဆရာတော်သံဃာတော်များ၊ မူးမတ်ပညာရှိများက အမရပူရမြို့ကို ပြန်လည် ထီးနန်းစိုက်တာက ပိုမိုသင့်မြတ်မည်ဖြစ်ကြောင်း အကြံပေးကြလို့ ရွှေဘိုမြို့မှာ တနှစ်ကိုးလ ဆိုသလို နေပြီးမှ ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလမှာ အမရပူရမြို့ကိုပြန်ပြီး ထီးနန်းစံတယ်။ ညီတော်ကနောင်မင်းသားကို အိမ်ရှေ့မင်းအဖြစ်ခန့်တယ်။ နောင်တော်ပုဂံမင်း ကိုလဲ နန်းတော် ရဲ့ အရှေ့ မြောက်ဘက်မှာ သီးခြားအိမ်တော်နှင့် အိမ်နိမ့်စံအဖြစ် ချမ်းချမ်းသာသာထားတယ်။ တခါ အမရပူရမှာ သုံးနှစ်လောက်နေပြီးမှ အခု မန္တလေးမြို့တော်နေရာမှာ ယာယီစံနန်း ဆောက်လုပ်နေထိုင်ပြီး မန္တလေးနန်းတော်ကြီးနှင့် မြို့တော်ကိုပါ တည်ဆောက်နန်းစိုက်တယ်။
မန္တလေးမြို့နှင့် နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဟာ အသစ်စက်စက် သုံးသင့်တာသုံးပီး အမရပူရမြို့ဟောင်းက ပစ္စည်းတွေ သုံးသင့်တာ ထည့်သုံးရသေးတယ်။ အဲဒီလို အသုံးပြုနိုင်ရေးအတွက် ထီးနန်းဆိုင်ရာ အဆောင်အယောင် ပစ္စည်းတွေ၊ လွှတ်တော်ဗြဲတိုက်ကစပီး အုပ်ချုပ်ရေးဘက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ဘာသာ သာသနာရေးဆိုင်ရာ အဆောင်အယောင်ပစ္စည်းတွေ၊ ဘဏ္ဍာတိုက်နှင့် စားနပ်ရိက္ခာ ကျည်တော်များမှ ပစ္စည်းတွေ၊ မင်းမိဖုရား သားတော်သမီးတော် နန်းတော်သူ နန်းတော်သား များရဲ့ အသုံးအဆောင်ပစ္စည်းတွေ စသဖြင့် ရွှေ့ ဘို့ပြောင်းဘို့ခဲယဉ်းတဲ့ အဆောက်အဦ အရာဝတ္ထုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်းရွှေ့ ကြရတယ်။
အဲဒီလို ပြောင်းရရွှေရတဲ့အခါ ဆင်းရဲသား တောင်သူလယ်သမားများက သူတို့လှည်း များနှင့်သူတို့ အမရပူရမြို့ဟောင်းက မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေးရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းတော်ကြီးက တနေ့တကျပ်ခွဲ သတ်မှတ်ပေးထားသတဲ့။ ဒါပေမဲ့ ခုခေတ်လိုပေါ့။ လှီးကြဖြတ်ကြတော့ ဆင်းရဲသားလှည်းသမားများလဲ တကျပ် ငါးမတ်ဆိုသလို ရကြတယ်။ ဒီအချက်ကို ဆင်းရဲသားလှည်းသမားများက မကျေနပ်ကြဘူး။ ကျယ်ကျယ်လောင် လောင်လဲ မပြောရဲကြတော့ တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြောကြသတဲ့။ မင်းနားတထောင် ဆိုတဲ့အတိုင်း အဲဒီလို တိုးတိုးတိတ်တိတ် ပြောတာကိုပဲ နန်းတော်ကြီးက သိရလို့ အိမ်ရှေ့မင်း သားကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းရဲသားလှည်းသမားများထံ သွားရောက်စုံစမ်း တယ်။
တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂နာရီ လောက်မှာ ဆင်းရဲသား လှည်း သမားများ သစ်ပင်ရိပ်မှာ ထမင်းစားရင်း အနားယူနေတုန်း ချည်လုံချည်၊ ချည်အင်္ကျီ တဘက် (မျက်နှာသုတ်ပုဝါ) ခေါင်းပေါင်းကြီးနှင့် ဆင်းရဲသားလို ရုပ်ပြောင်းဝင်သွားသတဲ့။ ပီးတော့ လှည်းသမားကြီးများနှင့် ရောက်တတ်ရာရာ စကားများပြောရင်း အမရပူရ မြို့ဟောင်းက မန္တလေးမြို့သစ်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခ ဘယ်လောက်ရ သလဲလို့ မေးမြန်းကြည့်သတဲ့။
အသက် ခြောက်ဆယ် ခွန်နှစ်ဆယ်ခန့်ရှိ အဖိုးကြီးတယောက်က နန်းတော်ကြီး ကတော့ တကျပ်ခွဲပေးဘို့ အမိန့်ချထားတယ် ဆိုတာပဲ။ ဒါပေမဲ့ ဘကြီးတို့ ရတော့ တကျပ် အလွန်ဆုံး ငါးမတ်ဆိုသလို ရသကွဲ့လို့ ဖြေကြားသတဲ့။
တခါ အိမ်ရှေ့မင်းသားက အဖိုးကြီးကို "ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ" လို့ ထပ်မေးတော့ အဘိုးကြီးက "ဘကြီးအသက်လား ခုနှစ်ဆယ် ဆိုပါတော့ကွယ်" လို့ ပြန်ဖြေ သတဲ့။
အိမ်ရှေ့မင်းသားက ဒီလိုဆို ဘကြီးဟာ မှန်နန်းရှင်တို့ ကုန်းဘောင်ဘုရင်တို့ ပုဂံဘုရင် တို့ကို ကောင်းကောင်းမီတာပေါ့နော်ဟု မေးလိုက်တဲ့အခါ အဖိုးကြီးက မီတာပေါ့မောင်ရဲ့။ မှန်နန်းရှင် ကုန်းဘောင်တို့တွင် ဘယ်ကမလဲ ဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ ကောင်း ကောင်းမီတာပေါ့ဟု ပြန်ပြောသတဲ့။
တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး ဒါဖြင့် ဘကြီးရယ် ကျွန်တော်တို့ လူငယ်တွေ ဗဟုသုတအဖြစ် မေးပါရစေ၊ အခုမင်းတုန်း ရှင်ဘုရင်အထိပေါ့ဗျာ၊ အဲဒီ ဘကြီးမီခဲ့ တွေ့ကြုံ ခဲ့တဲ့ မင်းတွေ မင်းတွေခေတ်မှာ ဘယ်မင်းဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူ ပြည်သား များအတွက် ငဲ့ညှာထောက်ထားပြီး စားဝတ်နေရေး မျှတချောင်လည်အောင် ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်ပါသလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူ ပြည်သားများ အပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့ အပြုအမူတွေနှင့် ဆိုးဆိုး ၀ါးဝါး အုပ်ချုပ်ပါသလဲဆိုတာ သိပါရစေခင်ဗျာလို့ မေးလိုက်သတဲ့။
အဲဒီအခါကျတော့ အဖိုးကြီးက မျက်နှာကြီး ရှုံ့မဲ့လိုက်ပြီး အင်း မေးမှမေးတတ်ပလေ တူမောင်ရာ၊ သူတို့ ကြားအောင်တော့ မပြောရဲပါဘူး၊ ဘကြီးတွေ့ခဲ့သမျှ သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ မယားကြီးမယားငယ် မယားမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ သြဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါဘဲ။ တို့ ဆင်းရဲသားတောင်သူ လယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘ၀က မတက်ကြရပါဘူးလို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမျှ မမေးရဲ တော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။
ယခုခေတ်မှာလဲ ဆရာတွေ့ကြုံခဲ့ရသမျှ မင်းအစိုးရဆိုတဲ့ အကောင်တွေဟာ အဲဒီ ဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထား လုပ်ကြတာ မတွေ့ရသေးပါဘူး။ တအိမ်ထောင်၊ ကားတစီး တိုက်တလုံး၊ တလ၀င်ငွေ ရှစ်ရာဆိုတာလဲ သူတို့ တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေပါတော့သည်။
{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသော ပုံပြင်များ - စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}
မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ပြည်သူကို အုပ်ချုပ်ရေးအာဏာအချို့ ခွဲဝေပေးသည်ဆို သော ဒိုင်အာခီခေတ်တွင်၎င်း၊ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၅ (၁၂၄၇) ခုနှစ် သီပေါမင်းလက်ထက်က တနိုင်ငံလုံး သိမ်းယူပြီး အိန္ဒိယဘုရင်ခံချုပ် လက်အောက်ခံ အိန္ဒိယ နိုင်ငံ၏ ပြည်နယ်တခု အဖြစ်ထားရာမှ ခွဲထုတ်ရန်စီစဉ်သည့် ခွဲရေးတွဲရေး ခေတ်တွင်၎င်း၊ အုပ်ချုပ်ရေးဌာနပေါင်း ၉၇ ဌာနအနက် အရေးအကြီးဆုံးဖြစ်သည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ တောင်တန်းဒေသများအရေးအစရှိသည့် ခြောက်ဌာနကို ဘုရင်ခံက ကိုင်ပြီး၊ ကျန် ၉၁ ဌာနကို တိုင်းပြည်က ရွေးကောက်တင်မြောက်သည့် အမတ်များအား အပ်နှင်းအုပ်ချုပ်စေသည်ဆို သော ၉၁-ဌာန ခေတ်တွင်၎င်း၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေး ကြေငြာပြီးသော ခေတ်များတွင် ၎င်း၊ တင်စားပြောဟောလေ့ရှိသော ဥပမာ ပုံပြင်များအနက် "အယောင်ဆောင်တောခွေး" နှင့် ယခုဖော်ပြမည့် "ချက်ကြီးနှင့်ရွှေပန်း" အကြောင်းကို အများဆုံးပြောခဲ့ပါသည်။ ကြားနာသူတို့ အဖို့လည်းစိတ်အ၀င်စားဆုံးပွဲအကျဆုံးဖြစ်ပါသည်။
ထိုခေတ် ထိုကာလများအတွင်း သူရိယဦးဘဘေ (ဘကြီးဘဘေ)၊ ၀တ်လုံဦးပု၊ ရွှေတိဂုံဘုရား ဘုရားလူကြီး ဦးသိမ်းမောင်၊ ရဲတပ်ဦးမောင်ကြီး အစရှိသော ၂၁ ဦးတို့၊ ဂျီစီဘီအေ (မြန်မာ အသင်းချုပ်ကြီး) မှ ခွဲထွက်ပြီး ဒိုင်အာခီအုပ်ချုပ်ရေး လက်ခံကာ "သမတကြီး" ဟု ရဟန်းရှင် လူ ပြည်သူတို့ ကိုယ်တိုင်က အသိအမှတ်ပြုခြင်း၊ လေးစားခေါ်ဝေါ်ခြင်း ခံရသော ဦးချစ်လှိုင်၊ သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော် စသည့် ဂျီစီဘီအေခေါင်းဆောင်များ၊ အသင်းဝင်များ အား အနှောက်အယှက် အမျိုးမျိုးပေးသည်တို့ကို အကြောင်းပြု၍ ဤပုံပြင်များကိုပြောကြား ခဲ့ပါသည်။
ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထွက်ရေးအတွက် ခေါင်းဆောင်ကြသည့် ဦးဘဘေ၊ ဦးပု၊ ဦးသိမ်းမောင် စသော ခွဲရေး ဂိုဏ်းသားများ၊ ယခုမခွဲ သင့်သေး၊ နောက်မှ ခွဲမည်ဟု တွဲရေးအတွက် ခေါင်းဆောင်ကြသည့် ဦးချစ်လှိုင်၊ ဦးထွန်း အောင်ကျော် စသော တွဲရေးဂိုဏ်းသားများ။ မူလက တွဲရေးဘက်မှ ပါဝင်ဆောင်ရွက် ရန် မဲဆန္ဒအရွေးခံခဲ့ကြပြီး အမတ်ဖြစ်ခါမှ ခွဲရေးဘက်သို့ ပြောင်းသွားကြသည့် ဒေါက်တာဘမော်၊ ယမ်းဗြဲဦးမောင်မောင် စသူများ တဖက်နှင့်တဖက်၊ တဦးနှင့်တဦး အပြန်အလှန် စွပ်စွဲပြော ဆိုကြသည်ကို၎င်း၊ အင်္ဂလိပ်တို့ထံမှ ၉၁ ဌာန အုပ်ချုပ်ရေး လက်ခံသင့် မခံသင့် ဆွေးနွေးပြော ဆိုကြရာတွင် ပုဂ္ဂိုလ်အဖွဲ့ချင်း စွပ်စွဲ၊ပုတ်ခတ် ပြောဆိုကြသည်ကို၎င်း၊ ၉၁-ဌာနအုပ်ချုပ်ရေး လက်ခံပြီးနောက် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ၊ ဦးပုအစိုးရ၊ ဦးစောအစိုးရတို့ တဖွဲ့ပြီး တဖွဲ့ ပြောင်းလဲကြပြီး၊ အာဏာလက်ရှိအဖွဲ့နှင့် အာဏာလက်မဲ့အဖွဲ့တို့ အပြန်ပြန် အလှန်လှန် ပြောဆိုဖိနှိပ်ကြသည်ကို၎င်း၊အကြောင်းပြု၍လည်းဤပုံများကိုပြောကြားခဲ့ပါသည်။
တဖန် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကစ၍ လွတ် လပ်ရေးကြေညာပေးပြီးသည့် နောက်ပိုင်းခေတ်များတွင် အများအားဖြင့် တို့ဗမာအစည်း အရုံး ၀င်ဟောင်း သခင်အချင်းချင်း အပြန်အလှန် စွပ်စွဲပြောဆိုကြသည်ကို၎င်း၊ အာဏာရသူ တို့က အာဏာမဲ့အဖွဲ့၊ အာဏာမဲ့အင်အားစုများအပေါ် ဖိနှိပ်ညှင်းပမ်းခြင်း စသည်တို့ကို၎င်း၊ အ ကြောင်းပြု၍ဤပုံများကိုပြောကြားခဲ့ပါသည်။
အခုလို ဆရာတို့နိုင်ငံမှာ နိုင်ငံရေးသမားကြီးငယ်တို့ဟာ တဦးအပေါ်တဦး အမျိုးမျိုး စွပ်စွဲပုတ် ခတ်ပြောဆိုနေကြတာ ကိုယ်အာဏာကလေး ရတဲ့အခါ ကိုယ်နှင့် ဂိုဏ်းဂဏကွဲပြားသူ၊ အယူ ၀ါဒ မတူညီသူကို ဖိနှိပ်ညှင်းပမ်းတာ၊ ညစ်ပတ်သေးသိမ်တာတွေ အပြန်ပြန် အလှန်လှန် လုပ် နေကြတာ ကြားရတွေ့ရတော့ ဆရာငယ်ငယ်က ကြားဘူးတဲ့ ချက်ကြီးနဲ့ရွှေပန်းတို့လို ဖြစ်နေ ကြပြီလို့တွေးမိတယ်။
ဆရာတို့ မြန်မာနိုင်ငံကို မြန်မာဘုရင်များ အုပ်စိုးနေစဉ်က ရေနံချောင်းမြို့နယ်မှာ ကျေးရွာ ကြီးတရွာ ရှိတယ်။ အဲဒီရွာကြီးဟာ တောရွာဆိုသော်လဲ အိမ်ခြေလေးငါးရာရှိပြီး သူ့ခေတ်သူ့ အခါအလျောက် တော်တော် စည်ကားသိုက်မြိုက်တယ် ဆိုဘဲ။ ရွာကြီးစည်ကား သလောက် ကျောင်းကန်ဘုရားပုထိုးများလည်း ပေါများတယ်။ ရွာကြီးမှာ တောင်ပိုင်း မြောက်ပိုင်းရယ်လို့ အပိုင်းကြီး နှစ်ပိုင်းရှိပြီး နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ ကျောင်းပွဲ လုပ်ကြရာမှအစ ရှင်ပြုမင်္ဂလာ ပွဲနေ ပွဲထိုင်မကျန် ပွဲလမ်းများကျင်းပကြတိုင်း၊ အပြိုင်အဆိုင် သူ့ထက်ငါ သာအောင် လုပ်ကြတယ်။
အဲဒီလို အပြိုင်အဆိုင်လုပ်ကြတဲ့အခါ တောင်ပိုင်းမှာ ဦးချက်ကြီးဆိုသူက ဦးစီးခေါင်း ဆောင်လုပ်ပြီး၊ မြောက်ပိုင်းမှာတော့ ဦးရွှေပန်း ဆိုသူက ဦးစီးခေါင်းဆောင်ပြုလုပ်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ကြေးရည်တတ် မြေရှင်ကြီးများ ဖြစ်ကြလို့ ရပ်သူရွာသားများဟာ သူတို့ကြေး ငွေများကို ချေးငှားသုံးစွဲရသူ၊ သူတို့လယ်ယာများကို သီးစားလူငှား လုပ်ကိုင်ကြရသူတို့က များတော့ သူတို့အစေအပါး၊ အချွေအရံတွေချည်းလို ဖြစ်နေကြတာပေါ့။
သူတို့နှစ်ဦးဟာ ဘုရားပွဲ ကျောင်းပွဲ၊ အလှူမင်္ဂလာပွဲများကို အကြောင်းပြုပြီး ပြိုင်ဆိုင်ကြရုံမ ကဘူး၊ လူချင်းလဲ ပြိုင်ကြသေးတယ်။ တဦးထက်တဦးက သာအောင် ကြံစည်ကြိုးစား ကြ သေးတယ်။
တခါတော့ ရေနံချောင်မြို့မှာ ဦးချက်ကြီးနှင့် ခင်မင်ရင်းနှီးသူတဦး မြို့ဝန်အဖြစ်ပြောင်းလာ တယ်။ အဲဒီတော့ ဦးချက်ကြီးက မြို့ဝန်ထံသွားပြီး သူတို့ရွာကြီးမှာ သူ့ကို သူကြီးဖြစ်အောင် ဆောင်ရွက်ပေးဘို့ ပြောတယ်။ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူဖြစ်လို့ ဦးချက်ကြီးကို သူကြီးအဖြစ်ဆောင်ရွက်ခန့်ထားပေးလိုက်တယ်။
ဟိုခေတ်က သူကြီးဆိုတာ ရုံးပိုင် ဓားပိုင်ကလား၊ သူ့ရွာမှ သူဟာ ဘုရင်ငယ်တဦးပေါ့။ ရပ်သူ ရွာသားထဲက မလိုသူကို သတ်တောင်ပစ်နိုင်တာကဘဲ။ ဒါကြောင့်မို့ ဦးချက်ကြီးကိုရွာသူ ကြီးဖြစ်လာပြီဆိုတော့ ပြိုင်ဖက်ဦးရွှေပန်းဟာ ဒူးတုန်အောင် ကြောက်နေတာပေါ့။
ဦးချက်ကြီးဟာ သူကြီးဖြစ်လာတဲ့အခါ သူ့အိမ်ကို တရွာလုံးတအိမ်တယောက် မောင်းတီးခေါ်ပြီး ဦးရွှေပန်းကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းတယ်။ ဦးရွှေပန်းဟာ ခါတိုင်း လိုဆိုရင် သူ့အိမ်တောင် လာမှာ မဟုတ်ပါဘူး။ အခုတော့ ဦးချက်ကြီးက သူကြီးဖြစ် နေတဲ့အ တွက် အထက်အရှိန်အ၀ါ ကြောက်လန့်ပြီး အများနည်းတူ လာရတယ်။ တခါ ဦးချက်ကြီးက သူကြီးအာဏာနှင့် မတ်တပ်အရပ်ခိုင်းပြန်တော့ မငြင်းသာဘဲ လူပုံအလယ်မှာထမတ်တပ် ရပ်လိုက်ရတယ်။
ဦးရွှေပန်း မတ်တပ်ရပ်နေတဲ့အခါ ဦးချက်ကြီးက "ဟေ့ ရွှေပန်း၊ အခု ချက်နဲ့ ရွှေပန်း ဘယ်ဒင်း က အပေါ်ကလဲ" လို့ မေးသတဲ့။ အဲဒီအခါမှာ ဦးရွှေပန်းက ခတ်ရှက်ရှက်နှင့် "ချက်အပေါ်ကပါ" လို့ဖြေလိုက်ရသတဲ့။
ဦးချက်ကြီးက လူပုံအလယ်မှာ အခုလို လုပ်လိုက်ထာကို ဦးရွှေပန်းအနေနဲ့ အခဲမကျေ နိုင်ဘူး တဲ့။ ဘယ် ကျေနိုင်ပါ့မလဲ။ သူ့ခမျာ လူပုံအလယ် အကြောင်းမဲ့ အရှက်ခွဲခံရတာကိုး။ နောက် တချိန်ရောက်တော့ ရေနံချောင်းမြို့က ဦးချက်ကြီးနဲ့ ခင်မင်တဲ့ မြို့ဝန်တနေရာ ပြောင်း သွားရပြီး ဦးရွှေပန်းနဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်တဦးက ရေနံချောင်းမြို့မှာ မြို့ဝန် ဖြစ်လာပြန်တယ်။ အတုန့်အလှဲ့ ကြုံချင်တော့ကြံကြံဖန်ဖန်ဖြစ်လာရတာပေါ့။
အဲဒီတော့ ဦးရွှေပန်းကလဲ သူ့လူ မြို့ဝန်ထံသွားပြီး သူတို့ရွာမှာ သူ့ကို သူကြီးဖြစ်အောင်လုပ် ပေးဖို့ပြောတယ်။ သူ့လူ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူမို့ ဦးရွှေပန်းကို သူကြီးဖြစ် အောင်ဆောင်ရွက်ပေးလိုက်တယ်။
ဦးရွှေပန်း သူကြီးဖြစ်လာတဲ့အခါ ဟိုတုန်းကလိုဘဲ သူ့အိမ်ကို တရွာလုံး တအိမ် တယောက် မောင်းတီးခေါ်ပြီး ဦးချက်ကြီးကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းပြန်တာဘဲ။ သူကြီးဟောင်း ဦးချက်ကြီးဟာလဲ သူကြီးသစ် ဦးရွှေပန်းရဲ့အာဏာကို မဖီဆန်သာတော့ မတ်တပ်ရပ်လိုက် ရတယ်။
ဦးချက်ကြီး မတ်တပ်ရပ်လိုက်တဲ့အခါ ဦးရွှေပန်းက "ခါးတောင်းကျိုက်ပြီး အုံးပင်စိုက်လိုက်ကွာ" လို့ ထပ်ခိုင်းပြန်တယ်။ ဒီတခါမှာလဲ ဦးရွှေပန်းရဲ့ သူကြီးအာဏာကို မလွန်ဆန်ဝံ့တော့ ဦးချက်ကြီးဟာ ခါးတောင်းမြောင်အောင်ကြိုက်ပြီး အုန်းပင်စိုက်ရပြန်တယ်။ ဦးချက်ကြီး အုံးပင် စိုက်နေတဲ့အခါ ဦးရွှေပန်းက "ဟေ့ချက်ကြီးရ၊ အခု ချက်နဲ့ရွှေပန်း ဘယ်ဒင်းက အပေါ်ကလဲ ကွ" လို့ မေးလိုက်တော့ "ရွှေပန်းအပေါ်ကပါ" လို့ ဦးချက်ကြီးကဖြေရတော့သတဲ့။
ကျုပ်တို့ခေတ် နိုင်ငံရေးသမားတွေလဲ တယောက်တပြန် ညစ်ပတ်ကြ၊ ဖိနှိပ်ညှင်းပမ်း ကြတာကတော့ ချက်ကြီးနဲ့ ရွှေပန်းလိုပါဘဲဟု မိန့်ကြားပြီး၊ ဆရာကြီးမှာ ခါတိုင်းလိုပင် ပါးစပ်ကိုလက်ဝါးနဲ့ကာလျက် ပြုံးရယ်နေပါတော့သည်။ ။
{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}
မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။
ဝမ်းနည်းမနေပါနဲ့ အမေရယ်
ပြည်တွင်းစစ် နှစ် ၆၀
ကျောင်းသားခေါင်းဆောင်
ထောင် ၆၅ နှစ်...။
ဂုဏ်ယူလိုက်ပါအမေရယ်
မတရားမှု အာခံတုခဲ့ကြတဲ့
လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ
သွေးရိုင်းနှင်းဆီတွေ
ဝေချင်တိုင်းဝေစေဘို့
တရားတဲ့သူပုန်
ပုန်ကန်တဲ့သားတွေပါ…။
ခြွေချင်တိုင်း ခြွေရရိုးလားအမေရယ်
ကမ္ဘာပေါ်မှာ
ဘယ် အာဏာရှင်မှ
ဇာတ်သိမ်းမကောင်းခဲ့ပါ
အမှန်တရားကိုထုဆစ်
မြင့်မြတ်တဲ့သူတွေကသာ
အဆုံးသတ်အောင်ပွဲကို ယူခဲ့ကြတာပါ…။
ထပ်ပြီးသာ ဂုဏ်ယူလိုက်ပါတော့အမေ
အမေ့သားတွေ ပြောခဲ့သလိုပ
ဓမ္မက အဓမ္မကိုနိုင်တဲ့နေ့
အမှန်တရားက အောင်ပွဲခံတဲ့တနေ့
ကျောင်းနံရံမှာသာမက
ဒေါင်းအလံ တဝေဝေ
ပြည်သူ့ရင်ပြင်ကြီးမှာလေ
အမေမြင်တွေ့ရမှာပါ အမေရယ်…။
ဂင်ကြီး
(ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက်တွင် ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်လျှက်ရှိသော သားများအတွက် ရင်နာနာနဲ့ဂုဏ်ယူခဲ့ကြသော အမေများအားလုံးအတွက်။)

ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -
မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …
ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -
ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။
( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

လက်ရှိတော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်းကြွေလွင့်သွားရှာတဲ့ ရဲဘော်ကြီးဂုရု..ရဲဘော်ကြီးကောင်းရာသုဂတိ လားပါစေ...(ဂင်ကြီး)
သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု
ရေးသူ- မောင်အေးဝင်း
"နေလ (ဦးအောင်ခင်သား အကြီး) ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး မဲဆောက်ဆေးရုံကို ဒီညနေမှာ တင်ထားလိုက်ပါသည်။ အခြေအနေမကောင်းပါ။" လို့ မဲဆောက် ယမုံနာကျောင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ရဲဘော်တယောက်က အီးမေလ် ပို့တယ်။ ကိုလဲ အလုပ်သွားရဘို့ အချိန်ကပ်နေတော့ သူ့ရဲ့ contact ဖုံးနံပါတ်ကို ကမန်းကတန်း ရေးချပီး၊ အလုပ်ကို ထွက်လာခဲ့တာ။ အလုပ် ရောက်ရောက်ချင်းပဲ သူတို့ဆီ ဖုံးဆက်လိုက် တယ်။ ကိုပေါက် ဆိုတဲ့ရဲဘော်လေးက "အကိုရေ.. မနက်တနာရီလောက်ကဘဲ ဆုံးသွားပီ" တဲ့။
ရုတ်တရက် ရင်ထဲ ဆို့သွားတယ်။ ချက်ချင်း ဆက်စရာရှိတဲ့ လူတွေဆီ ဖုံးခေါ်လိုက်တယ်။ 'ဂုရု မနက် တနာရီမှာ ဆုံးသွားဘီ' လို့။
သူတို့မိသားစုမှာ သူက သားအကြီးဆုံး။ သူ့မိဘတွေက သူ့ကို သားသားကြီးလို့ ခေါ်တော့ ကျနော်တို့လဲ လိုက်ပီး သားသားကြီးလို့ ခေါ်ကြတယ်။ ကျနော်တို့ဆိုတာက ကိုသက်ခိုင်(ခ)ကိုလတ်၊ မျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ၊ နဲ့ ကျနော်။ သူ့အဖေက ကိုအောင်ခင်။ ကျနော်တို့ ရဲဘော်။
သူ့ အိမ်နာမည် 'နေလ'၊ သူ့အောက်က အငယ်ကောင်က 'သီလ'။ သီလအောက်မှာ 'မနှင်းဖွေး' ဆိုတဲ့ ညီမလေးတယောက် ရှိတယ်။ နောက်တော့မှ အငယ်ဆုံးကောင်လေးကို မွေးတာ။ အဲဒီ အငယ်ဆုံးကောင်ကို မွေးတော့ ဆရာဒဂုန်တာရာက 'ဗညားမော်' လို့ နာမည် ပေးလိုက်တယ်။ အော်လွန်းအားကြီးလို့ ကျနော်တို့က 'တအားအော်တဲ့-ဗညားမော်' လို့ ဘွဲ့ပေးထားတဲ့ ကလေးပေါက်စ။
ချစ်စရာကောင်းတဲ့ မောင်နှမလေးယောက်။
'နေလ' က လူအေး။ မျက်မှန်လေးနဲ့။ စာကြိုက်တဲ့ စာဂျပိုး။ 'သီလ' က သွက်သွက် လက်လက်။ ငမျောက်။ 'နေလ' တောခိုလာတယ်ဆိုတော့ ကျနော် အံ့သြသွားတယ်။ ဒါမျိုးကို လုပ်မယ့်လုပ်ရင် သီလ လုပ်မယ်ထင်တာ။ နောက်ပီး စိတ်မကောင်းလဲ ဖြစ်မိတယ်။ အဖေက ကျနော်တို့ ကိစ္စမှာသူလဲပါတော့ အဖမ်းခံသွားရတယ်။ သားအကြီးဆုံးကလဲ တောထဲ ရောက်ရတယ်။ မရောက်ရင်လဲ သူလဲ သူ့အဖေလို ထောင်ထဲရောက်မှာ။ ရိုးရိုးအေးအေး မဒမ်အောင်ခင် (ဒေါ်အေး) တော့ လူမမယ် ကလေးသုံးယောက်နဲ့ ဒုက္ခပါဘဲ။
'နေလ' အဖို့ရာ သူဖတ်ခဲ့တဲ့ စာတွေက သူရလိုက်တဲ့ အတွေးအခေါ်တွေဟာ သူ့လက်တွေ့ ဘဝကို ပြဌာန်းပေးလိုက်ခြင်းဖြစ်တယ်။ တော်လှန်ရေးနယ်ထဲရောက်လာပီး တော်လှန်ရေးသမားဘဝကို သူ ခုံခုံမင်မင် ဖြတ်သန်းတာဘဲ။ စာသင်ခန်းကိုစွန့်၊ ကျောင်းလွယ် အိတ်ကိုချ၊ AK 47 မောင်းပြန်သေနတ်ကို သူကိုင်ခဲ့တယ်။
ကျနော် ဘန်ကောက်မှာတုန်းက သူ ဘန်ကောက်ကို တက်လာသေးတယ်။ သူ့ကို ကျနော်က ဘန်ကောက်မှာ နေမလားမေးတော့ ကျနော် စစ်ပဲ တိုက်ချင်တယ်ဆိုပီး နယ်စပ်ကို ပြန်ဆင်းသွားတယ်။ တပ်နီတော်ရဲ့ စည်းကမ်းကြီး (၈) ချက်ကို လိုက်နာတဲ့ ABSDF ရဲ့ စံပြတပ်သားကောင်းတယောက် သူဖြစ်လာတယ်။ နိုင်အောင်တို့တပ်က သူတို့ [(၆၀)လောက်ရှိ မယ်ထင်တယ်] ခွဲထွက်လာကြတယ်။
သူ့တို့ ငယ်ဘဝလေးကို ကျနော့်မျက်စိထဲမှာ ပြန်မြင်လာတယ်။ ဒင်းတို့ ညီအကိုနှစ် ယောက်ကို ဘယ်လက်ညာလက်မှာ ဆွဲပီး၊ စော်ဘွားကြီးကုန်းကနေ မြို့ထဲမှာ ရုပ်ရှင်ကြည့်ဘို့ ခေါ်လာရတာ။ ရုပ်ရှင်ကအပြန် ကျနော့် စာအုပ်ဆိုင်ကိုဝင်၊ မင်းတို့ ဖတ်ချင်တဲ့စာအုပ်ကြိုက်တာ ယူဆိုတော့၊ 'သီလ'က ကာတွန်းစာအုပ်ပဲ။ 'နေလ' ကတော့ ဘာသာပြန်စာအုပ် ကောင်းကောင်း တွေကိုပဲ ရွေးတယ်။
သူတို့ အိမ်မှာ ကျနော် အိပ်တဲ့အခါ နှစ်ယောက်အိပ်ခြင်ထောင် တလုံးစာပဲ ကျယ်တဲ့ သူတို့အိမ်ရှေ့ခန်း ၀ါးကြမ်းခင်းရဲ့ ဖျာကြမ်းပေါ် ဖျာချော ထပ်ခင်းပီး ညီအကိုနှစ်ယောက်ရယ်၊ ကျနော်ရယ် သုံးယောက် အိပ်ကြတယ်။ တခါတလေ မျိုးသန်း(ခ)ဂျပ်ကြီးတောင် ပါလိုက် သေး။ ဒီကလေးတွေက အအိပ်ဆော့တော့ ခြင်ထောင်ထဲကို ခြင်တွေဝင်၊ မနက်ဆိုရင် သွေးဝနေတဲ့ ခြင်တွေ၊ ခြင်ထောင်ထဲ သီးနေလိုက်တာ၊ ရိုက်လို့မကုန်ဘူး။
တခါတလေ မျိုးသန်းက 'နေလ' ဂစ်တာကို ယူတီးတယ်။ ကျနော်တို့ အများဆုံး ဆိုတီးကြတာ စိုင်းထီးဆိုင်ရဲ့ 'သိတ်ချစ်ရတဲ့ နွဲ့တင်'။ တခါတော့ ကျနော်နဲ့ မျိုးသန်း ရောက်သွား တုန်း သူ့အမေက ကျနော်တို့ကို သူ့ သားအကြောင်း တိုင်တယ်။ ဘာလဲတော့ မမှတ်မိတော့ ဘူး။ မျိုးသန်းကလဲ နဲနဲ မူးလာတော့ ဆူနေတာ မဆုံးတော့ဘူး။ ဓါတ်ပြားက အပ်ကြောင်း ထပ်နေပီ။ ဆူတာကလဲ အတည်ပေါက်နဲ့ ဆူချင်ဟန်ဆောင်ပီး၊ တဖက်က ကျနော်ကို မျက်စိ မှိတ်ပြနေသေးတယ်။ ကြာတော့ အဆူခံရတဲ့ မောင်နေလ စိတ်ညစ် နားညည်းပီး ငိုပါလေရော။ သူကငို ကျနော်က စ။ ဆယ်တန်းကျောင်းသား လူပျိုပေါက်အရွယ်တောင် ရောက်နေပီ။
၁၉၈၈ လူထုအုံကြွမှုမှာ သားသားကြီး(ခ)နေလ(ခ)မောင်မြင့်အောင်ဟာ အထက်တန်း ကျောင်းသားဖြစ်နေပီ။ အင်းစိန်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂမှာ လှုပ်ရှားနေတာ တွေ့မိတယ်။ အာရုဏ်ဦးသတင်းစာအတွက်လဲ သူတို့ ကျောင်းသားလှုပ်ရှားမှု သတင်းတွေ သူ့ဆီက ရတယ်။
ကျောင်းသားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အနှစ် ၂၀ နီးပါး ဖြတ်သန်း လာပြီး အသက် ၃၆နှစ် (၄၀ နားနီးမှ) အိမ်ထောင်ပြုတယ်။ ဘဝကို အသစ်ပြန်စဖို့ ရည်ရွယ်တာမှ လေးလလောက်ပဲ ရှိသေးတယ်။ မကြွေသင့်ပဲ ကြွေခဲ့ရပါရောလား။ ကိုယ့်မျက်စိထဲမှာတော့ မင်းကို ကလေးလို့ပဲ မြင်နေတုန်း။ တူလိုသားလို ချစ်ပီး၊ ရဲဘော်တယောက်လို လေးစားတဲ့ သားသားကြီး'နေလ' အကြွေစောလို့ နှမြောရပါတယ်။
မောင်အေးဝင်း
နိုဝင်ဘာ ၁၉၊ ၂၀၀၈။
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့်အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာမလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေးဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက်သမားတွေ၊ ဝဘ်ဆိုက်လုပ်ငန်းနဲ့ ပုံနှိပ်လုပ်ငန်းတွေအတွက် အလွန်သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။
တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
© ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈
အောက်မှ အပေါ်သို့