Sunday, August 7, 2011
Sunday, May 22, 2011
Wednesday, January 26, 2011
ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း၊ အင်အားမဖြစ်ဘူးဟေ့..(ခင်မမမျိုး)
ဒီစာသားလေးကို ကြားမိတဲ့ အခါတိုင်း ကျွန်မရဲ့ အတွေးလေးတွေက အကြောင်းအရာများစွာ ကို သတိရမိသွားတတ်ပါတယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘုန်းကြီးပျံပွဲခရီးစဉ် လေးတခုလဲပါပါတယ်။ အဲဒီတုန်းက ကျွန်မကမန္တလေးမှာပညာသွားသင်နေတဲ့အချိန်ပါ။ ဒါပေ မယ့် ကျောင်းမပိတ်ရင်တောင်ကျောင်းလစ်ပြီး တလတခါလောက် တောင်ကြီးကိုပြန်လေ့ရှိ ပါတယ်။ ဘာကြောင့်ရယ်လဲမဟုတ်။ တောင်ကြီး- မန္တလေး ခရီးစဉ်လေးကို ကျွန်မအတော်ပဲ စွဲစွဲလန်းလန်း ရှိပါတယ်။ အထူးသဖြင့် ရွာငံလမ်းလို့ ကျွန်မတို့ခေါ်ကြတဲ့တောင်ကြီး-အောင် ပန်း- ရွာငံ-ဟန်မြင့်မိုရ်- မန္တလေးလမ်းလေးကိုပါ။ ရွာငံကနေ မန္တလေးဘက် အထွက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားတဆူကိုသွားဖူးရတာ၊ စိုက်ပျိုးရေးခြံတွေကိုလိုက်ကြည့်ရတာ၊ ကားလမ်း ပေါ်ကနေ လှမ်းမြင်ရတဲ့ မြစ်ရေပြင်ကြီးကိုငေးမောရတာတွေကို ကျွန်မနှစ်သက်ပါတယ်။ ဒီ ဒေသထဲရောက်ရင် ကျွန်မစိတ်တွေလန်းဆန်းသွားတာပဲ။ ဒါကြောင့်လဲ ဒီဒေသကိုဖြတ်ပြီး တောင်ကြီးကို ခဏခဏပြန်ဖြစ်ခဲ့ပါတယ်။
တောင်ကြီးကိုပြန်ဖြစ်ရင်း တခါတလေမြို့အနီးတ၀ိုက်ကရွာလေးတွေကို အလည်သွားဖြစ်ပါ တယ်။ ဒီလိုနဲ့ အိမ်အပြန်ခရီး တခေါက်မှာတော့ သူငယ်ချင်းတွေက ဘုန်းကြီးပျံပွဲတခုကိုသွား ကြဖို့ အဖော်စပ်တာကြောင့် သွားဖို့စီစဉ်ဖြစ်ကြပါတော့တယ်။ အဲဒီမှာတင် ဘယ်လိုသွားမှာလဲ ဆိုတဲ့ပြဿနာကစတက်လာပါတယ်။ ဘုန်းကြီးပျံပွဲက ကျွန်မတို့မြို့နဲ့အတန်ငယ်ဝေးပါတယ်။ တောင်တွေကိုဖြတ်ပြီးတောလမ်းကသွားရင် ငါးနာရီကျော်ကြာနိုင်ပါတယ်။ ဂျစ်ကားနဲ့သွား မယ်ဆိုရင်တော့ နာရီအနည်းငယ်အတွင်းမှာရောက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကားနဲ့သွားမယ့်သူနဲ့ လမ်းလျှောက်သွားမယ့်သူတွေ နှစ်အုပ်စုကွဲပါလေရော။ ကျွန်မကတော့ တောတောင်တွေ၊ မြစ် ချောင်းတွေကိုနှစ်သက်လွန်းလို့ အချိန်အားရတာနဲ့ နီးစပ်ရာတောလမ်းထဲလမ်းလျှောက်ထွက် သွားလေ့ရှိသူဆိုတော့ ထုံးစံအတိုင်း တောလမ်းခရီးအုပ်စုထဲ ရောက်သွားပါတော့တယ်။
ဒီလိုနဲ့ နံနက်ခြောက်နာရီလူစုပြီး၊ မွန်းမတည့်ခင်ရောက်အောင်ခရီးစနှင်ကြပါတယ်။ ကနဦး အစမှာတော့ အားလုံးပျော်ပျော်ပါးပါးပါပဲ။ နှစ်နာရီ၊ သုံးနာရီလောက်ရောက်တော့ တချို့ကစပြီး ငြီးငြူလာကြပါတယ်။ တောလမ်းခရီးကိုရွေးမိတာမှားပြီတဲ့။ ဂျစ်ကားနဲ့သာလိုက်သွားမိရင် ခု ချိန်ဆိုရောက်လောက်ပြီလို့ဆိုကြပါတယ်။ ခရီးကလဲ ကြမ်းသထက်ကြမ်းလာပါတယ်။ လမ်းပြ ပေးတဲ့ပအိုဝ့်အမျိုးသားလူငယ်လေးကိုလဲ လမ်းမှန်ရဲ့လားလို့လိုက်မေးကြပါတယ်။ တယောက် နဲ့တယောက်လဲအပြစ်မြင်လာကြပါတယ်။ စထွက်စတုန်းကလမ်းချော်တတ်တဲ့ နေရာလေးတွေ ဆို တယောက်နဲ့တယောက် လမ်းကမ်းပြီးဖေးကူပေးကြပါတယ်။ အဲဒီစိတ်လေးတွေကလဲ တစ တစပျောက်သွားသလိုပဲ။ တချို့ဆို နောက်လူတောင်မကြည့်တော့ပဲ တောင်အတက်လမ်းတွေ မှာ ကိုယ့်ဘာသာကိုယ်တက်သွားတာတွေတောင် ရှိလာပါတယ်။
အဲလိုနဲ့ လျှောက်လာလိုက်ကြတာ လေးနာရီကျော်လောက်အကြာမှာ ကံကောင်းချင်တော့ ရွာ လေးတရွာကို ရောက်ပါတယ်။ ဘုန်းကြီးပျံပွဲသွားမယ့် ခရီးသည်တင်ဂျစ်ကားတချို့လဲ အဲဒီမှာ ရှိနေပါတယ်။ အဲဒါနဲ့ ထွက်လာတဲ့ လူဆယ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပါတယ်။ ကားကြုံလိုက်ချင်သူတွေရှိရင် ဒီရွာကလမ်းဆုံပဲမဟုတ်လား။ လေးယောက်ကကားကြုံဆက် လိုက်သွားပါတယ်။ ကျန်တဲ့ကျွန်မတို့ငါးယောက်နဲ့ လမ်းပြကောင်လေးကတော့ ခရီးဆက် ထွက်ခဲ့ကြပါတယ်။ ဘုန်းကြီးပျံပွဲရောက်တော့မွန်းတည့်ပြီးနေပါပြီ။ ဆာလောင်နေကြပြီမို့ ဝေ နေတဲ့ ထမင်းထုပ်လေးတွေကို တန်းစီပြီးအမြန်ပြေးယူရပါတယ်။ ပြီးတော့မှ နေအရမ်းမပူမယ့် တနေရာကိုရှာပြီး မောမောနဲ့ထိုင်စားမိကြပါတယ်။ ကျောပိုးအိတ်ထဲမှာထည့်သယ်လာကြတဲ့ ငါးခြောက်ကြော်၊ပဲပုတ်ထောင်းကြော်လေးတွေကိုဝေမျှစားဖြစ်ကြပါတယ်။ အဲဒီအချိန်မှာကျွန်မ သတိထားမိသွားတာတခုက ခရီးစထွက်လာကြတဲ့ သူငယ်ချင်း ကိုးယောက်လုံး ထမင်းလက် ဆုံမစားဖြစ်ကြတော့ပေမယ့် အဲဒီနေ့နံနက်ကမှတွေ့ရတဲ့ လမ်းပြကောင်လေးနဲ့တော့ လက် ရေတပြင်တည်းထမင်းစားဖြစ်နေတာကိုပါ။
လူ့ဘ၀ခရီးလမ်းကိုလျှောက်ကြတာမှာလဲ ဒီလိုပဲကြုံရဦးမယ်လို့ ဒီတုန်းက ကျွန်မတွေးလိုက် မိပါတယ်။ ပန်းတိုင်တူတိုင်းလဲ သွားကြတဲ့လမ်းတွေက တူချင်မှတူကြမှာပါ။ လမ်းလျှောက်ခရီး ကိုရွေးပြီးမှ ခရီးမဆုံးခင် ကားကြုံလိုက်ချင်သူတွေလဲရှိချင်ရှိမှာပါ။ လူတဦးချင်းစီရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်နဲ့ဇွဲလုံ့လတွေကမတူကြပါဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရတဲ့ဘ၀တွေမို့ လမ်းဆုံ မှာ လမ်းခွဲသွားမယ့်သူတွေကို အပြစ်တင်နေတာ၊ မသွားဖို့တားနေတာတွေက အဓိပ္ပာယ်မရှိ လှပါဘူး။ အရေးကြီးတာက ကိုယ်သွားရမယ့်ပန်းတိုင်အတွက်၊ ကိုယ်နဲ့အတူခရီးဆက်မယ့်လူ တွေရဲ့လက်တွေကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားနိုင်ဖို့ပါပဲ။
အဲဒီသဘောတရားလေးတွေကို "ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း အင်အားမဖြစ်ဘူးဟေ့" ဆိုတဲ့ စာသားလေးက ပြန်ပြီးအမှတ်တရဖြစ်စေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်အားမဖြစ်မယ့် လက်ဖ၀ါးတွေအများကြီးထိတွေ့ပြီး လက်ဖ၀ါးချင်းထိ ခတ်နေတာထက်စာရင် အင်အားဖြစ်စေမယ့်လက်ဖ၀ါးလေးတွေပဲ မိမိရရ ချိတ်ဆက်လိုက်တာ က ပိုပြီးအကျိုးကျေးဇူးရှိမှာတော့ အမှန်ပါပဲ။
ခင်မမမျိုး (၂၇၊ ၁၊ ၂၀၁၁)
Sunday, January 23, 2011
အော်ရီဂွန်ပြည်နယ်မှ HIV- AIDS ဝေဒနာရှင်များအတွက် ရံပုံငွေဈေးရောင်းပွဲ မှတ်တမ်းဓာတ်ပုံများ
ဈေးရောင်းပွဲတော်သို့မြန်မာမိသားစုများနှင့်အမေရိကန်မိတ်ဆွေတချို့လာရောက်အားပေးခဲ့ကြပါတယ်။ စုစုပေါင်းလူဦးရေ (၃၀၀) ဝန်းကျင်လာရောက်အားပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အော်ရီဂွန်ပြည်နယ်ရှိ လူငယ်များကိုပေးပို့သော အမှာစကား ဗွီဒီယိုဖြင့် ပွဲတော်ကိုစတင်ဖွင့်လှစ်ကာ ကာရာအိုကေသီချင်းများသီဆိုခြင်း၊ စုံလင်လှသော မြန်မာ့အစား အစာပေါင်းစုံတည်ခင်းရောင်းချမှုများကိုအားပေးခြင်းများဖြင့် ပွဲတော်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ပွဲတော်၏အဆုံးသတ်အစီအစဉ်အဖြစ် အော်ရီဂွန် လူငယ်များမှ Heal the World သီချင်းကို စုပေါင်းသီဆိုခဲ့ကြပါတယ်။
ပွဲတော်တွင်တည်ခင်းရောင်းချမှုမှရရှိသော အလှူငွေစုစုပေါင်းဒေါ်လာ(၂၂၀၀)တိတိကို မြန်မာ ပြည်အတွင်းရှိ HIV ဝေဒနာသည်များအတွက် ပေးပို့လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။
Saturday, January 22, 2011
Monday, December 27, 2010
ဘိုဘိုကျော်ငြိမ်း သို့  ထပ်ဆင့်တုံ့ ပြန်ချက်
ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက်ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင် အငြင်းအခုန်မလုပ်ချင်တဲ့ကြားထဲကနေ၊ မလွဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံးအကြိမ်အဖြစ် ‘ဘိုဘိုကျော်ငြိမ်းသို့တုံ့ ပြန်ချက်’ကို ပြန် လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါ ပြီ၊၊ ဒါလောက်ဆိုရင် လုံလောက်ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်၊၊ ဟို လူနဲ့ ပြဿနာဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာဖန်တီးလိုက်-ဖြစ်နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့  တကယ့် ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသားမြင်မိ တွေ့မိနေလို့ပါပဲ၊၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ-ဆိုတာကိုပြောသလိုလိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင်ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါလှမ်းပြီး ထိကပါးရိကပါး ထိုးနှက် လာခဲ့တာ တွေ့ရပါတယ်၊၊ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိလိုက်သူတွေလဲ သိလိုက်ကြမှာပါ၊၊
ကျနော်က ယဉ်ကျေးစွာနဲ့ ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို - ကျွန်းကို ပါစေချင်တဲ့ ဦးပေါ်ဦး က ‘ပိတောက်လဲကောင်းပါတယ် - ကျွန်းလဲကောင်းပါတယ်’၊ ‘ပျဉ်းကတိုးလဲ ကောင်းပါတယ်- ကျွန်းလဲ ကောင်းပါတယ်’ လို့ချည်း လျှောက်တင်နေတာကို အမှတ်ရချင်စရာပဲလို့ပြောခဲ့ပါ တယ်၊၊ တကယ်က ‘ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ်- ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’ ‘ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ်- ကျုပ်အဖေဦးကျော်ငြိမ်းလဲ တော်ပါတယ်’လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ် ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်(၃)ချက်ကိုလဲ ကျနော့်ဖက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်၊၊
ဟော အခုတခါ - ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်၊၊ ကျနော့်ရဲ့ တုံ့ ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမ ထဲမှာပဲ -‘ဦးကျော်ငြိမ်း နှင့် တိုင်း ၆ ’- တဲ့၊၊
ရွှေမန်းတင်မောင် ရဲ့ ပြဇာတ်၊ ဓါတ်ပြားတောင် သွင်းထားပြီး ကျနော်တို့တောသူတောင်သား ကျေးလက်နေပြည်သူလူထုအများစုကြီးကြားမှာ နားရည်ကို တော်တော်ဝနေရတဲ့ ဇာတ်လမ်း၊ ‘ရွဲကုန်သည် ဇာတ်’ ကို သတိရချင်စရာလို့ပဲပြောရဦးမှာပါပဲ၊၊ မတော်လောဘကြီးလှတဲ့ ‘ရွဲကုန် သည်’ ရဲ့  “ မပေး ပေးပေး - ငါ့ ရွှေခွက်ပေး၊ မပေးပေးပေး- ငါ့ ရွှေခွက်ပေး ” ဆိုပြီး၊ ဟစ်ဟစ် ပြီး ငိုလိုက်ဆိုလိုက် တောင်းဆိုလိုက်တဲ့ အသံကို ကြားဖူးကြမှာပါ၊၊ အခုလဲ- ‘မပေး ပေးပေး-ငါ့ရွှေခွက်ပေး၊ မပေးပေးပေး- ငါ့ရွှေခွက်ပေး-’ ဆိုသလို၊ ‘ မသွား သွားသွား- တိုင်း ၆ နိုင်ငံရေး မှူး ’ ‘ မသွား သွားသွား-တိုင်း ၆ နိုင်ငံရေးမှူး ’ လို့ချည်း အတင်းကိုပြောဆိုနေတော့တာပါပဲ၊၊
ဘိုဘိုကျော်ငြိမ်းက ‘အချက်အလက်-အချက်အလက်’ ဆိုတာကို တွင်တွင်ပြောပြီး၊ ဖက်ဆစ် တော်လှန်ရေးမှာ ဦးကျော်ငြိမ်းက တိုင်း(၆) နိုင်ငံရေးမှူးဆိုတာကို အရှင်ရရအသေရရ ကျားပိန် တွယ် တွယ်တောင်းဆိုနေတာဖြစ်ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်း ပြောနေတဲ့အချက်အလက်(facts) ဆိုတာက အစည်းအဝေးမှာ တိုင်းတာဝန်တွေခွဲကြစဉ်က သဘောတူစာရင်းပါ အချက်အလက် ကိုပဲ အချက်အလက်လို့ ပြောနေတာဖြစ်ပါတယ်၊၊ ဟုတ်ကဲ့-ကျနော်ကလဲ အချက်အလက်နဲ့ ပဲ အတိုချုပ်အဖြစ်နဲ့ရေးပါတယ်၊၊ ကျနော်ရေးတဲ့အချက်အလက်က အဖြစ်မှန်အချက်အလက် (တကယ့်အမှန်တကယ် လက်တွေ့အချက်အလက်)နဲ့ပဲ သမိုင်းမှန်အဖြစ်ရေးပါတယ်၊၊ဦးကျော် ငြိမ်းဟာ ဘယ်တိုင်းမှကိုသွားခြင်းမရှိတဲ့အတွက် ဘယ်တိုင်းရဲ့ နိုင်ငံရေးမှူးအဖြစ်နဲ့မှ မဖေါ်ပြ ခဲ့တာဖြစ်ပါတယ်၊၊ ဒါ တကယ့်သမိုင်းမှန် လက်တွေ့အချက်အလက်ဖြစ်ပါတယ်၊၊
လက်တွေ့အရ- တိုင်း(၆)နိုင်ငံရေးမှူးအဖြစ်က ဦးကျော်ငြိမ်း မသွားတဲ့အတွက်၊ တိုင်း (၆) နိုင်ငံ ရေးမှူးအဖြစ် ဖြစ်သွားရတာက-သခင်တင်ထွန်း(ကွန်မြူနစ်) ဖြစ်သွားရပါတယ်၊၊ ဒါဖြင့် - ဦးဗ ဆွေနဲ့ဦးကျော်ငြိမ်းကို ဘာလို့ရန်ကုန်တာဝန်ခံလို့ရေးရတာလဲ၊၊ ဗိုလ်ချုပ်ကျော်ဇော ကလဲ ပြောင်းပြီး ရေးခဲ့တာမဟုတ်ပါ၊၊ ဗိုလ်ချုပ်ကျော်ဇောရဲ့ ရေးသားချက်တွေကို အလေးထားပြီး ကိုးကားရေးသားခဲ့တဲ့ ကျနော်(ဝင်းတင့်ထွန်း)ကလဲ မလိုတမာပြောင်ပြီး ရေးခဲ့တာမဟုတ်ပါ၊၊ ဗိုလ်ချုပ်ကျော်ဇောက သူ့ရဲ့ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ စာမျက်နှာ (၈ဝ) မှာ- မှတ်ချက်(၂) ဆို တာမှာ ရေးထားတာက “ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း(၆)သို့ မပို့တော့ပဲ ရန်ကုန်တွင် ကိုဗဆွေ နဲ့ တွဲဘက်တာဝန်ပေးသည်”လို့ ရေးပါတယ်၊၊ အဲဒါကို ( သခင်တင်မြ ၏ တိုင်းကြီး ၁ဝတိုင်း၊ နှာ ၄၄ ) လို့လဲ ဖေါ်ပြပါတယ်၊၊ အဲဒီတော့ သခင်တင်မြရဲ့ တိုင်းကြီး (၁ဝ) တိုင်းကို အင်မတန်မှ ဖတ်ထားသယောင် ပြောဆိုနေတဲ့ ဘိုဘိုကျော်ငြိမ်းပဲ ပြန်ရှာပြန်ဖတ် ကြည့်စေချင်ပါတယ်၊၊ ကျနော်ကတော့ ကျနော့်စာအုပ်ပြုစုရေးသားစဉ်က အဲဒီစာအုပ်ကို ကိုး ကားခဲ့ခြင်းမရှိတော့၊ ရိုးရိုးသားသားပဲ အဲဒီသခင်တင်မြရဲ့  တိုင်းကြီး(၁ဝ)တိုင်းကို မကိုးကားခဲ့ပါ လို့ပြောခဲ့ပါတယ်၊၊ ကျနော့်ရဲ့ ကိုးကားစာအုပ်စာရင်းမှာလဲ ထည့်ထားခြင်း မရှိခဲ့ပါ၊၊ မကိုးကား ခဲ့တာကို မကိုးကားခဲ့ဘူး-ပြောတာဟာ ဘိုဘိုကျော်ငြိမ်း ဆွဲချပြော ကောက်ချက်ချသလို-ကိုယ့် ဟာကိုယ် ဆင်ဆာလုပ်ခဲ့တာလဲမဟုတ်ပါ၊၊ ကျနော် သခင်တင်မြကို နိုင်ငံရေးအရ မကြိုက်ပေ မဲ့၊သခင်တင်မြ ရေးတာတွေကိုလဲ၊ ကျနော် အဆင်ပြေသလို ဖတ်တာ ရှိပါတယ်၊၊ ဘိုဘိုကျော် ငြိမ်းပဲ အတွင်းသိဖြစ်လို့  သခင်တင်မြရဲ့ စာအုပ်ကိုဖတ်ရမယ်လို့ ပြောနေတော့၊ ဖတ်ကြည့် လိုက်ပါဦး၊၊ ဗိုလ်ချုပ်ကျော်ဇော ရဲ့ မှတ်ချက် (၂)ဆိုတာဟာလဲ၊ အဲဒီသခင်တင်မြရဲ့  တိုင်းကြီး (၁ဝ)တိုင်းထဲက အောက်ခြေမှတ်စု (၂)နဲ့ အတူတူပါပဲ၊၊ သခင်တင်မြရဲ့  တိုင်းကြီး(၁ဝ)တိုင်း အောက်ခြေမှတ်စု (၂) မှာက- ‘တိုင်း ၆ တွင်တာဝန်ကျသောဦးကျော်ငြိမ်းကို တိုင်း(၆) သို့မပို့  တော့ဘဲ ရန်ကုန်တွင် ကိုဗဆွေနှင့်တွဲဖက်တာဝန်ပေးသည်၊၊ တိုင်း၆ နိုင်ငံရေးမှူးအဖြစ် သခင် တင်ထွန်း ( ယခုတောခို ကွန်မြူနစ်)ကို တာဝန်ပေးသည်၊၊ (စာရေးသူ)- တဲ့၊၊ အဲဒါ - သခင်တင် မြရဲ့  “ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း(၁ဝ)တိုင်း” စာအုပ် စာမျက်နှာ (၆၂) မှာ ရေး ထားတာတွေ့ရပါတယ်၊၊ ကျနော့်ဆီက စာအုပ်ကတော့- ကျုံ ပျော်စာအုပ်တိုက်က ထုတ်တဲ့၊ ‘၂၃ကြိမ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့ အတွက် ’ဆိုပြီး ထုတ်တဲ့ ၁၉၆၈၊ ဇူလိုင်-သြ၈ုတ်လ ဒုတိယအကြိမ် အုပ်ရေ (၃ဝဝဝ) ထုတ်စာအုပ်ဖြစ်ပါတယ်၊၊ ဗိုလ်ချုပ်ကျော်ဇော ယူတာက ဘယ်အကြိမ်ထုတ်လဲမသိပါ၊၊ ဒါကြောင့်-အဲဒီအချက်ပါ စာမျက်နှာနံပတ်တော့ ကွဲနေတာတွေ့  ရပါမယ်၊၊ အဲဒီမှာ-( ဦးဗဆွေက ရန်ကုန်တာဝန်ခံအဖြစ် ဆောင်ရွက်ရန် ) လို့  ဖေါ်ပြထားလေ တော့၊ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေးလိုက်တဲ့ ဦးကျော်ငြိမ်းကို - ကျနော်က ‘ရန်ကုန်တာဝန်ခံ’ လို့ ဖေါ်ပြကာ ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံဖြစ်ပါတယ်’ လို့ရေးတာဟာ ဘယ် မှာမှားပါသလဲ၊ဦးဗဆွေက ရန်ကုန်တာဝန်ခံ - ဦးကျော်ငြိမ်းက ရန်ကုန်တွဲဖက်တာဝန်ခံလို့  ဖေါ် ပြပေးရမှာလား၊၊ ကျနော် မလိုတမာစိတ်နဲ့ရေးသားခဲ့တာမဟုတ်ပဲ၊ သမိုင်းအမှန်အတိုင်း၊သမိုင်း လက်တွေ့ အချက်အလက်အစစ်အမှန်အတိုင်း ရေးသားခဲ့တာဖြစ်ပါတယ်၊၊ သမိုင်းကိုရေးကြ တဲ့အခါမှာစာရင်းပါ အထောက်အထားထက်၊ လက်တွေ့အစစ်အမှန်အထောက်အထားကိုပါ ကြည့်ရှူ့ပြီး စိစစ်ဝေဖန်မှုပါပါအမြင်နဲ့ ရေးသားနိုင်ရေးဟာအင်မတန်မှ အရေးကြီးပါတယ်၊၊ ဘို ဘိုကျော်ငြိမ်းရဲ့ အဖေ- ဦးကျော်ငြိမ်းကိုယ်တိုင် ဝိဓူရသခင်ချစ်မောင်နဲ့ ပတ်သက်ပြီး ဟောဒီလို ရေးသားခဲ့တာတောင် ရှိတယ်မဟုတ်လား၊၊
“(အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ) အတ္တုပ္ပတ္တိစာအုပ် စာမျက်နှာ (၃၁၄) တွင် ထိုခေတ်သာယာဝတီခရိုင် မြေအောက်တော်လှန်ရေးအဖွဲ့ တွင် ခေါင်းဆောင်တဦးဖြစ်သည်ဟု ဝိဓူရသခင်ချစ်မောင်က ရေးသားထားသော်လည်း၊ ထိုတော်လှန်ရေးအချိန်၌ သူ့ကိုမတွေ့ရပါ၊၊ သူ ပါသည်ဟုလည်းမကြားဖူးပါ၊၊ ဗိုလ်ချုပ်နေဝင်းအသိဖြစ်သည်၊၊ (ဤအချက်ကို ဖေါ်ပြသည် မှာ သမိုင်းမှန်အတိုင်းဖြစ်စေလို၍ဖြစ်သည်၊၊ အာဃာတ ရှိ၍မဟုတ်ပါ၊၊ ) တဲ့၊၊ အဲဒါ ဦးကျော် ငြိမ်းက ဦးကျော်ငြိမ်းရဲ့  ‘ (၁၉၃၆ - ၁၉၄၅ )မြေအောက်သူပုန်အဖွဲ့ ဆိုင်ရာမှတ်စု ’ စာမျက်နှာ (၈)မှာ ရေးသားထားချက်ဖြစ်ပါတယ်၊၊ ဝိဓူရသခင်ချစ်မောင်ဟာ သခင်မြခေါင်းဆောင်တဲ့ ဗဟို မြေအောက်တော်လှန်ရေးအဖွဲ့ ကနေ မြေအောက်တော်လှန်ရေးအဖွဲ့ ခွဲတွေအဖြစ် ခရိုင်(၂ဝ) အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရာမှာ အမှတ်(၁ဝ)ဖြစ်တဲ့ သာယာဝတီခရိုင်အဖွဲ့ ရဲ့ အဖွဲ့ဝင်စာ ရင်းမှာ အဖွဲ့ ဝင်အဖြစ်ပါပါတယ်၊၊ ဒါပေမဲ့ လက်တွေ့ ပါဝင်လှုပ်ရှားခဲ့တာ မတွေ့ရတဲ့အတွက်၊ ဦးကျော်ငြိမ်းကသမိုင်းမှန်ဖြစ်စေရေးအတွက် အထက်မှာဖေါ်ပြထားသလို အတိအလင်းရေး သားထားတာ ရှိပါတယ်၊၊ ဘိုဘိုကျော်ငြိမ်းသိမှာပါ၊၊ အဲဒီတော့….အခုလဲ ကျနော်က ဦးကျော် ငြိမ်းက စာရင်းမှာသာပါပေမဲ့၊ ဘယ်တိုင်းကိုမှ နိုင်ငံရေးမှူးအဖြစ်သွားရောက်ခဲ့ဖူးတာ လက် တွေ့အားဖြင့် မရှိတဲ့အတွက်၊ သမိုင်းဖြစ်ရပ်မှန်အတိုင်းရေးသားခဲ့တာ ဘာမှ နာလိုခံခက်ဖြစ် စရာမလိုပါဘူး၊၊ ဒါဟာ သမိုင်းမှန်ပဲလေ၊၊ ဘိုဘိုကျော်ငြိမ်းအနေနဲ့ ဓမ္မဓိဌာန်ကျကျ စဉ်းစားသုံး သပ်ပြောဆိုသင့်ပါတယ်၊၊
ဘိုဘိုကျော်ငြိမ်းက “ -- ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း(၁)တာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို ရောက်မလာတော့ဘူး၊၊ ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား..စသည် စသည်ဖြင့် တွေးမယ်..မေးမယ်..၊ ခရစ်တီကယ်တွေးခေါ်မှု ရှိခဲ့ရင်ပေါ့လို့ သရော်တော်တော်ဖေါ်ပြထားရင်း၊ ဦးကျော်ငြိမ်း-တာဝန်ကျတိုင်း(၆) ကို မသွားတာနဲ့  သခင်ဗဟိန်း - တာဝန်ကျ တိုင်း(၁) မသွားခဲ့တာကို အတူတူပါပဲ သဘောမျိုး၊ ညီမျှခြင်းထိုးပြထားတာလဲမှတ်မှတ်ထင်ထင်တွေ့ရပါတယ်၊၊မသိသား ဆိုးဝါးလှချည်လား-ဘိုဘိုကျော်ငြိမ်း၊၊ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်း တာဝန်ကျတိုင်းကို ရောက်အောင်မသွားခဲ့တာနဲ့  သခင်ဗဟိန်း-တိုင်း(၁)ကို မသွားခဲ့တာဟာ နိုင်ငံရေးသဘောအရ ရော လက်တွေ့ ဖြစ်စဉ်အရပါ လုံးဝလုံးဝကိုမတူညီဘူး၊၊အဲဒီဟာကိုညီမျှခြင်းထိုးပြဖို့ ကြိုးစားရင် ၊အတူတူပဲလို့ထင်ရင်၊ လူရယ်စရာ ဖြစ်သွားလိမ့်မယ်၊၊ သခင်ဗဟိန်း တိုင်း(၁)ကို မသွားတော့ တာက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောင်းလဲပေးလိုက်တာ၊၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ် တိုင်လဲ အခြေအနေအရ တိုင်း(၁)ကိုမသွားတော့ပဲ၊ စစ်ဦးစီးချုပ်ရုံးကိုကွပ်ကဲပြီး၊ တိုင်း(၇) နယ် မြေထဲမှာ အခြေစိုက်ရင်း တိုင်းအသီးသီးရဲ့ တိုက်ပွဲတွေကို ရှေ့ ဆောင်သွားဖို့  ဆုံးဖြတ်လိုက် တာဖြစ်တယ်၊၊ ဖြူးမြို့ နယ်ထဲကို အစောကြီးကတည်းက ရောက်နေတဲ့ သခင်ဗဟိန်းကိုလဲ ရန်ကုန်ကို လာရန်မလိုတော့ပဲ ဖြူးမှာပဲ ဆက်လက်နေထိုင်ပြီး၊ တောင်ငူခရိုင်ထဲက ‘ရဲခေါင် ပြောက်ကျား’တွေကို ဦးစီးသွားစေဖို့ ပြောင်းလဲတာဝန်ပေးလိုက်တာ ဖြစ်တယ်၊၊ အချက်အ လက် အထောက်အထားတွေကို သိချင်တယ်ဆိုရင်တော့ ‘ရဲဘော်မြ’ ရဲ့  ‘ဖက်ဆစ်တော်လှန် ရေး ပြည်သူ့ ရဲခေါင်ပြောက်ကျား’ ဆိုတဲ့ စာအုပ် စာမျက်နှာ (၁၃၅)ထဲမှာလဲ ရှိပါတယ်၊၊ မယုံရင် ဘိုဘိုကျော်ငြိမ်းဖာသာ ရှာဖတ်နိုင်ပါတယ်၊၊ စာတွေကို အပိုဒ်လိုက်ချရေးပြနေရရင် မပြီးနိုင် မစီးနိုင်ဖြစ်နေမှာ စိုးလို့ ၊၊ သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေးမစခင် အစောကြီး ကတည်းက ( ၁၉၄၄ သြ၈ုတ်)ကတည်းက၊ ပဲခူးစံပြတပ်ရင်းက ဗိုလ်ချုပ်ကျော်ဇောရဲ့ အိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ သခင်စိုး၊ သခင်သန်းထွန်းတို့  (၃)ဦးတည်းပဲ ဘယ်သူမှမသိအောင် လျှို့ ဝှက်တွေ့ ဆုံကြပြီး နောက်ပိုင်းကတည်းက အဲဒီ ဖြူးဒေသထဲသွားပြီး ပြောက်ကျားစစ် အတွက် အစီအစဉ်ရှိရှိ တာဝန်ယူပြင်ဆင်နေခဲ့တာဖြစ်တယ်၊၊ သွားလိုက်ပြန်လိုက်နဲ့  လျှိှု့ဝှက် စည်းရုံးရေးတွေလုပ်၊ သင်တန်းတွေပေး၊ ပြောက်ကျားစစ်နည်းသစ်တွေကို ရေးသားပြုစုပြင် ဆင်ပေးနဲ့  အခြေခံစခန်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပျိုးထောင်တည်ဆောက်ထားခဲ့ပြီးသား ဖြစ်တယ်၊၊ ပြောရရင် အစောကြီးကတည်းက သခင်ဗဟိန်းရဲ့ အခြေခံစခန်းဟာ ဖြူးနယ်ထဲမှာ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ တည်ဆောက်ထားခဲ့ပြီးသားဖြစ်တယ်၊၊ ဒါကို အဓိကအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့ လောက်ပဲ လူအနည်းစုလောက်ပဲ သိထား ကြတယ်၊၊ တရုံး၊တဌာနတည်းအတူတူနေနေတဲ့ သခင်နု(ဦးနု)တောင်မသိသလို၊ ဦးကျော်ငြိမ်း လဲမသိပါဘူး၊၊ ဒါကြောင့်လဲ ဖက်ဆစ်တော်လှန်ရေးဆင်နွဲခါနီးအချိန် နီးနေပြီဖြစ်တဲ့အခါမှာ ဖြူးမှာရောက်နေတဲ့ သခင်ဗဟိန်းကို ရန်ကုန်ကိုတက်မလာစေတော့ပဲ၊ ဖြူးနယ်ထဲမှာနေဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောင်းလဲပေးလိုက်တာ ဖြစ်တယ်၊၊ ပြောင်းလဲလာတဲ့အခြေအနေတွေ အရ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က အစီအစဉ်တွေကို ပြောင်းလဲသတ်မှတ်ပေးခဲ့တာ ဖြစ် တယ်၊၊ ဒါ့ကြောင့် မသွားတာဖြစ်တယ်၊၊တကယ် ဖက်ဆစ်တော်လှန်ရေးကြီးဆင်နွဲကြပြီ ဆို တော့လဲ သခင်ဗဟိန်းဟာ ကိုယ်တိုင်ကာဘိုင်လွယ်ပြီး၊ လက်တွေ့စစ်မြေပြင်မှာ လက်တွေ့  တိုက်ပွဲဝင်ခဲ့သူမျိုး ဖြစ်တယ်၊၊ ဦးကျော်ငြိမ်းနဲ့ဘာမှမဆိုင်ဘူး၊ မတူဘူး၊၊ ဖက်ဆစ်တော်လှန်ရေး အတွင်းမှာ သခင်ဗဟိန်းခေါင်းဆောင်တဲ့ တောင်ငူခရိုင်အတွင်းက ရဲခေါင် ပြောက်ကျားတွေရဲ့  ရွပ်ရွပ်ချွံချွံတိုက်ပြခဲ့ကြတဲ့ တိုက်စွမ်းအားဟာလဲ ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင်၊ ကြိုက်တဲ့ စစ်တိုင်းတွေနဲ့ ယှဉ်ကြည့်လိုက်-ထိပ်တန်းက ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်၊၊ သြဂုတ်လ (၁၄)ရက်နေ့အထိ တိုက်ပွဲစာရင်းချုပ်အရ - ရန်သူဖက်ဆစ်ဂျပန်ပေါင်း( ၇၁၅၉ ) ယောက် ကျ ဆုံးစေခဲ့ပြီး၊ ရန်သူဒဏ်ရာရ ( ၂၇၇၃ )ယောက်၊ သုံ့ ပန်းအဖြစ်နဲ့ က (၅၃၈)ယောက်တောင် ရှိခဲ့တယ်၊၊ ဖက်ဆစ်ရန်သူ(၅၃၈)ယောက်အထိ သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာဟာ အင်မတန်ကို ထူးခြားတဲ့ တိုက်စွမ်းရည်ပါပဲ၊၊ တခြားလူမျိုးတွေနဲ့စစ်တိုက်ရတဲ့အခါ သုံ့ပန်း အဖြစ်ရဖို့လွယ်ပေမဲ့ ဂျပန်ကိုသုံ့ပန်းရဖို့ဆိုတာမလွယ်ဘူး၊၊ ဒီအချက်ကို မဟာမိတ်တွေကိုယ် တိုင်ကတောင် အသိအမှတ်ပြုကြတယ်-ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖေါ်ထုတ်ပြော ဆိုခဲ့ရတယ်၊၊ ဒီအချက်တွေဟာ သခင်တင်မြရဲ့  တိုင်းကြီး(၁ဝ)တိုင်းစာအုပ် စာမျက်နှာ (၂၆၈) မှာလဲ ပါသလို၊ ‘ဖက်ဆစ်တော်လှန်ရေးရဲခေါင်ပြောက်ကျား’ ဆိုတဲ့စာအုပ် စာမျက်နှာ (၃၃၆) မှာလဲ ပါပါတယ်၊၊
“အဲဒီတောင်ငူရဲခေါင်ပြောက်ကျားတွေကိုဦးစီးပြီး ခေါင်းဆောင်တိုက်ပွဲဝင်ခဲ့တာဟာ သခင်ဗ ဟိန်းနဲ့ သခင်သန်းဖေပါပဲ၊၊ အဓိက နံပတ်တစ်ခေါင်းဆောင်က သခင်ဗဟိန်းပါပဲ၊၊”
ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဦးကျော်ငြိမ်း ဘာလုပ်နေခဲ့သလဲ၊၊ လက်တွေ့ အားဖြင့် ဘာလုပ်နေခဲ့သလဲ၊၊ တိုင်း(၆) ကိုလဲ မသွားပဲ ဘာတွေလုပ်နေခဲ့သလဲ၊၊ ဖက်ဆစ်တော်လှန်ရေး အတွက် မတ်လ (၂၅)ရက်နေ့ လို့  ပထမ ရက်ချိန်းသတ်မှတ်ခဲ့ကြတယ်၊၊ နောက် ဧပြီ (၂)ရက် နေ့လို့သတ်မှတ်တယ်၊၊ အဲဒီလိုသတ်မှတ်ချက်အရ၊ မတ်လ(၁၇)ရက်နေ့မှာ ဗိုလ်ချုပ်အောင် ဆန်းက ရွှေတိ၈ုံဘုရားအနီး ( ယခု-တော်လှန်ရေးပန်းခြံ) မှာ တပ်မတော်စစ်ရေးပြအခမ်း အနားလုပ်ပြီး ‘ရန်သူကို အနိုင်တိုက်ကြ ’ဆိုတဲ့ စစ်ထွက်မိန့် ခွန်းတိုတိုပြောပြီး စစ်ထွက်အခမ်း အနားကိုလုပ်လိုက်တယ်၊၊ မတ်လ(၁၈)ရက်နေ့မှာ သခင်သန်းထွန်းက စစ်တရားဟောဖို့ဆို တာအကြောင်းပြပြီး သူစီစဉ်ပြင်ဆင်ထားတဲ့လျှို့ ဝှက်စခန်းရှိရာ ဖြူးတောင်ငူဖက်ကိုထွက်သွား တယ်၊၊ မတ်လ(၂၃)ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တော်လှန်ရေးအတွက် ရန်ကုန် ကနေ-ပြည်-ရွှေတောင်ဖက်ကို ထွက်သွားတယ်၊၊ ဦးဗဆွေကတော့ ရန်ကုန်တာဝန်ခံမို့  ရန်ကုန် မှာပဲ ရှိနေတယ်၊၊ ဦးဗဆွေ အဖမ်းမခံရသေးပါ၊၊
အဲဒီအချိန်မှာ ကိုယ်တာဝန်ကျရာ စစ်တိုင်းစစ်နယ်မြေဒေသတွေကို နည်းလမ်းမျိုးစုံနဲ့ အသီး သီးထွက်သွားနေကြတာကိုလဲ ဦးကျော်ငြိမ်းသိနေပါလျက် ဦးကျော်ငြိမ်းက တာဝန်ကျတိုင်း (၆)ရှိရာ ပျဉ်းမနားကိုမသွားပဲ ရန်ကုန်မှာပဲဆက်ရှိနေတယ်၊၊ ကိုယ်သွားရမှာကိုမသွားပဲ ဦး ကျော်ငြိမ်းဘာလုပ်နေတာလဲ၊၊ ဦးကျော်ငြိမ်းအကြောင်းပြတာကတော့ ‘ဒေါက်တာဗမော်နဲ့ သစ္စာရှိဟန်ဆောင်နေရမယ့် သခင်မြကို ဂျပန်က မယုံပဲသတ်မှာများတယ်၊၊ ဒါကြောင့် သခင်နု၊ ကိုလှမောင်နဲ့ သူ(ဦးကျော်ငြိမ်း)တို့ဟာ တောမခိုသင့်တော့လို့စဉ်းစားပြီး၊ အားလုံးညီညီညွတ် ညွတ်နဲ့  သခင်မြနဲ့ အတူ ၈ျပန်အလိုတော်ရိဟန်ဆောင်ပြီး နေသင့်တယ်ဆိုတာကို ဦးလှမောင် နဲ့ ဦးကျော်ငြိမ်းက သခင်နုကို ဆွေးနွေးပြီး ဦးနုကလဲသဘောတူလိုက်တဲ့အတွက် နေလိုက်တာ လို့ ဆိုပါတယ်၊၊ အဲဒီအချက်အလက်တွေဟာ ဦးကျော်ငြိမ်းရဲ့  ‘မြေအောက်သူပုန်အဖွဲ့ ဆိုင်ရာ မှတ်စု’မှတ်တမ်းထဲမှာ ပါပါတယ်၊၊ အဲဒီနေ့ဟာလဲ မတ်လ(၂၃)ရက်နေ့ပါပဲ၊၊ အဲဒီရက်ပိုင်း တွေအတောတွင်းမှာပဲ ‘တပြည်လုံးအတွက် တော်လှန်ရေးရက်ကို ဧပြီ (၂)ရက်နေ့ အဖြစ်က နေ မတ်လ(၂၇)ရက်နေ့ လို့  ပြောင်းလဲသတ်မှတ်လိုက်တာကိုလဲ ဦးကျော်ငြိမ်းသိပါတယ်၊၊ ဦးဗဆွေ ဂျပန်ကင်ပေတိုင်ရဲ့ အဖမ်းကို ခံရတာက၊ ဦးကျော်ငြိမ်းရဲ့ အဲဒီမှတ်တမ်းအရ မတ်လ (၂၉)ရက်နေ့ မှ ဖြစ်တဲ့အတွက်၊ ဦးကျော်ငြိမ်း အဲဒီနေ့အထိ တိုင်း(၆)ကို မသွားပဲနေနေတာ ဟာ ဦးဗဆွေလွတ်မြောက်ရေးအတွက်မဟုတ်ပဲ၊ သခင်မြအတွက်ပဲဖြစ်နေတာ ထင်ရှားပါ တယ်၊၊ တကယ်က ဦးဗဆွေလွတ်မြောက်ရေးအတွက် ရန်ကုန်မှာ နေနေတာ-ဆိုတဲ့ ဖေါ်ပြ ချက်ကိုကမှားယွင်းနေပါတယ်၊၊ ဒေါက်တာမောင်မောင်တို့၊ သခင်တင်မြတို့ရဲ့ စာအုပ်ပါအ ချက်အလက်ကိုက ဦးကျော်ငြိမ်းအတွက် ဖာဖာထေးထေးဖေါ်ပြပေးထားရဘိသကဲ့သို့  ဖြစ်နေ ပါတယ်၊၊ ဂျပန်ကင်ပေတိုင်က ဦးကျော်ငြိမ်းအိမ်ကိုလာမေးလို့ ဦးကျော်ငြိမ်း နောက်ဖေးပေါက် ကနေထွက်ပြေးရပြီး သခင်မြအိမ်သွားပုန်းနေရတဲ့နေ့ဟာ မတ်လ(၂၇)ရက်နေ့ဖြစ်ပါတယ်၊၊ ဗိုလ်ကျော်ဇောတို့ တိုင်း(၄)ရှိရာ ပဲခူးဖက်နဲ့ တပြည်လုံးနေရာတော်တော်များများမှာ ဖက်ဆစ် တော်လှန်ရေးကို မတ်လ(၂၇)ရက်နေ့မှာပဲ စတင်ဆင်နွဲနေကြပြီဖြစ်ပါတယ်၊၊ အဲဒီတော့ ဦး ကျော်ငြိမ်း ဘာလုပ်ပါသလဲ၊၊ ဦးကျော်ငြိမ်းကိုယ်တိုင်ရေး ‘မြေအောက်သူပုန်အဖွဲ့ဆိုင်ရာ မှတ်စု ’ မှာ - ‘မတ်လ (၂၈)ရက် ကင်ပေတိုင်လာရာကိစ္စအတွက် သခင်မြကတဆင့် အဓိပတိထံအ ကူအညီတောင်းသည်၊၊ ဂျပန်ပြည်သို့အတူအလည်သွားစဉ်က ခင်မင်ရင်းနှီးလာသော ဗိုလ် ချုပ်ကလေး အီချီဒါ ကိုလဲ တယ်လီဖုန်းဆက်အကူအညီတောင်းရာ ၊မကြာမီ မေဂျာဂျင်နရယ် က မစိုးရိမ်ပါနှင့်၊ သူအကာအကွယ်ပေးမည်ဟု အဓိ့ပတိ၏စကားပြန် ‘ဆိုင်တို’ထံမှ စကားပြန် လာပါသည်၊၊
မတ်လ (၂၉) ရက် ထိုနေ့နံနက် ကိုဗဆွေနှင့်ကိုတင်ညွန့်ကို ဂျပန်ကဖမ်းသွားသည်၊၊ တော် လှန်ရေးလုပ်ရန်အချိန်ကျပြီ၊ တော်လှန်ရေးနေ့ မှာ ဧပြီ (၂)ရက်နေ့ မဟုတ်၊ မတ်လ (၂၇)ရက် ဖြစ်သည်၊၊ ပဲခူးနှင့်တပြည်လုံးတွင် (၂၇)ရက်နေ့က ထချနေကြပြီ၊၊ ပဲခူးသခင်ချစ်ထံမှ ဆက် သားလာသည်၊၊ ခင်ဗျား ယနေ့ပုန်းတော့မှ ဖြစ်မည်ဟု ကိုကျော်ညွန့်က ကိုဗဆွေကိုပြောပြီး အိမ်ပေါ်မှ ဆင်းလာပြီးချိန်၌ ကိုဗဆွေကို ဂျပန်ကတက်ဖမ်းသည်ဟု နောင်မှ ကိုကျော်ညွန့်  ပြောပြ၍ သိရသည်၊၊’ - တဲ့၊၊ ဦးဗဆွေ အဖမ်းခံရပြီးနောက် ဦးဗဆွေလွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများဆောင်ရွက်ခဲ့ပါသလဲ၊၊ မတ်လ (၂၉)ရက်ကနေ- ဧပြီလ (၂၂)ရက်နေ့ အထိ( ဂျပန်တွေ ရန်ကုန်က ဧပြီ (၂၃)ရက်နေ့ မှာ ဆုတ်ခွါမှာ ဖြစ်တဲ့အတွက်-မဆုတ်ခွါခင် တရက်အလိုအထိအတွင်း ) ဦးဗဆွေ လွတ်မြောက်ရေးအတွက် ဦးကျော်ငြိမ်း ဘာတွေများ ဆောင်ရွက်ခဲ့ပါသလဲ၊၊ ဘာတခုမှ မတွေ့ရပါ၊၊
ဒါဖြင့်….. ဦးကျော်ငြိမ်း ရန်ကုန်မှာ ဘာတွေလုပ်နေသလဲ၊၊ ဦးကျော်ငြိမ်းရဲ့ ကိုယ်တိုင်ရေး မှတ် စုထဲကအတိုင်းပဲ ရေးထားချက်အတိုင်းပဲ ကြည့်ကြရအောင် -၊၊ ဂျပန်ကင်ပေတိုင်က လာရှာတဲ့ မတ်လ(၂၇)ရက်နေ့ က စပြီး ဟောဒီလိုရေးထားပါတယ်၊၊ [ ကျွန်တော်သည် မတ်လ(၂၇)ရက် နေ့မှစ၍ မိမိအိမ်သို့မပြန်တော့ဘဲ ဂိုးဒင်းဘီဘီလမ်း နိုင်ငံခြားရေးရုံး၌သာနေတော့သည်၊၊ ည အခါစားပွဲပေါ်၌အိပ်သည်၊၊ အိမ်သားများကိုလည်း တိုးကြောင်ကြီးရွာသို့ပို့ထားသည်၊၊ ညအချိန် တွင် ရန်ကုန်တမြို့ လုံးမှာ စစ်ကားထရပ်ကားကြီးများစွာ ဥဒဟိုသွားလာနေသည် ကိုထောက်၍ မိတ္တီလာစစ်မျက်နှာဖက်၌ အဘယ်မျှ စစ်အရေးကြီးနေသည်ကို သိသာသည်၊၊ နိုင်ငံခြားရေးရုံး မှာရှိသောရေဒီယိုမှာလည်း နိုင်ငံခြားသတင်းကို ခိုးနားထောင်ရာတွင် မကြားတချက်ကြားတ ချက်ဖြစ်နေသည်၊ညအချိန်၌ ရုံးရှေ့ ဖြတ်သွားနေသော ဂျပန်စစ်ကားကြီးများကိုကြည့်၍ ဘယ် ကားသည် ၈ျပန်ကင်ပေတိုင်မောင်းလာပြီး ငါ့ကိုဖမ်းမည်နည်းဟု တထိတ်ထိတ်ဖြစ်နေရသည်၊၊ စစ်ရှုံးခါနီးတွင် ဂျပန်စစ်တပ်က မရမ်းကားဘူးဟု မည်သူပြောနိုင်မည်နည်း၊၊ ဂျပန်လက်တွင်း၌ အကျယ်ချုပ်မိနေသော ကျွန်တော်တို့ဖက်ဆစ်တော်လှန်ရေးသမားတို့က စိတ်သောကရောက် ၍ ကြောက်နေကြသော်လည်း မြို့သူမြို့သားတို့က အသွားအလာပျက်ဟန်မတူကြချေ၊၊ ထို နှစ် ဧပြီ (၁၃)ရက်မှ (၁၆)ရက်နေ့ အထိ မဟာသင်္ကြန်ပွဲတွင်ရန်ကုန်မြို့သူမြို့သားများသည် မြန်မာအမျိုးသမီးများကို စော်ကားဖျက်ဆီးကြသည့် ဂျပန်များကို သရော်ကြသည်၊၊
(အမေနိုးပါ့မယ် မာစတာရဲ့ ၊ ယော်ရောရှိ ယောရောရှိ)
(ဘီးကျိုးပါ့မယ် မာစတာရဲ့ ၊ ယော်ရောရှိ ယောရောရှိ)
(ကြမ်းကျိုးပါ့မယ် မာစတာရဲ့၊ ယော်ရောရှိ ယောရောရှိ)
မြို့သူမြို့သားပေါင်းများစွာတို့ကဤသံချပ်ကို ထိုးကြသဖြင့် ဂျပန်ကင်ပေတိုင်တို့ လည်း ဘယ် သူ့ကိုဘာမျှ အရေးယူ၍မရတော့ချေ၊၊ ဘယ်သူ့လက်ချက်ဟု တရားခံဖေါ်၍မရချေ၊၊ ဤ နည်းဖြင့် ရက်တွေကုန်ခဲ့ပြီးနောက် ၁၉၄၅ ဧပြီ(၂၂)ရက်နေ့တွင် နံက်(၉)နာရီလောက်၊ ဂျပန် တပ်များ ရန်ကုန်မြို့မှ နောက်တနေ့တွင်ထွက်ခွါရတော့မည်၊၊ ဝန်ကြီးအဖွဲ့ကလည်း ဂျပန်နှင့် မော်လမြိုင်သို့ လိုက်ရတော့မည့် ဝန်ကြီးအဖွဲ့  ချက်ချင်းစည်းဝေးတော့မည်ဟု သခင်နုထံမှ ကျွန်တော်သိရသည်၊၊ သူက နိုင်ငံခြားရေးဝန်ကြီး၊ ကျွန်တော်ကနိုင်ငံခြားရေးအတွင်းဝန် ဖြစ် သည်၊၊ ထိုနေ့နံနက်တွင် ကိုလှမောင်(သံအမတ်ကြီးဟောင်း)နှင့် ကျွန်တော်တို့စိတ်အပူကြ ဆုံးမှာ ကိုဗဆွေကိစ္စဖြစ်သည်၊၊ ဝန်ကြီးအဖွဲ့မော်လမြိုင်မပြောင်းမီ ဂျပန်ဖမ်းထားသော ကိုဗ ဆွေကို လွတ်အောင်မလုပ်နိုင်လျှင် ဂျပန်အသတ်ခံရမှာသေချာသည်၊၊ ကိုဗဆွေကို ဝန်ကြီးအ ဖွဲ့နှင့်ခေါ်သွားနိုင်ခွင့် ဂျပန်ကိုတောင်းရမည်ဖြစ်သည်၊၊ ထိုကိစ္စကိုခေါင်းဆောင်ရန် ကိုလှမောင် နှင့် ကျွန်တော်တို့  သခင်မြကို ချဉ်းကပ်ရာ သခင်မြက ပျော့ညံ့ညံ့ဖြစ်နေသည်၊၊ ဂျပန်ကို သူမပြောရဲသလို ဖြစ်နေသည်၊၊ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက် သခင်နုထံပြေးကြရ သည်၊၊ သခင်နုက ဤကိစ္စမျိုးတွင် ရဲဘော်စိတ်အပြည့်ရှိသည်၊၊ တက်ကြွမှုအပြည့်ဖြင့် ကျွန် တော်တို့ နှစ်ယောက်ကို ချက်ချင်း ဒေါက်တာဗမော်ထံ ခေါ်သွား၍ ကိုဗဆွေအတွက် ဂျပန်ကို ပြောပေးရန် ပူဆာသည်၊၊ဒေါက်တာဗမော်သဘောတူသည်၊၊ ] - တဲ့၊၊
ဦးကျော်ငြိမ်းရဲ့ မှတ်စုအရ ဆိုရင်- (၂၃)ရက်နေ့ ဂျပန်တွေ ရန်ကုန်က ဆုတ်ခွါအပြီး တရက် နှစ်ရက်လောက်အတွင်း ဦးဗဆွေ လွတ်လာခဲ့တဲ့အတွက် ဧပြီ(၂၄)ဝန်းကျင်ခန့်မှာ ဦးဗဆွေ လွတ်လာခဲ့တယ်လို့ ယူဆနိုင်ပါတယ်၊၊ အဲဒီတော့ ဦးဗဆွေ လွတ်မြောက်ရေးအတွက် ရန်ကုန် မှာနေခဲ့ရတယ်ဆိုတဲ့ ဦးကျော်ငြိမ်းဟာ ဦးဗဆွေအတွက် ဘာတွေများလုပ်ဆောင်ပေးနေခဲ့ရ လို့ ပါလဲ၊၊ ဦးဗဆွေအဖမ်းခံရတာက မတ်လ(၂၉)ရက်နေ့ မှ၊ အဲဒီမတ်လ(၂၉)ရက်နေ့ က ဧပြီ (၂၂)အကြား ဦးကျော်ငြိမ်းဘာတွေလုပ်နေပါသလဲ၊၊ တကယ်က ဖက်ဆစ်တော်လှန်ရေးအ တွက် နောက်ဆုံးရက်သတ်မှတ်လိုက်တာက မတ်လ(၂၇)ရက်၊၊ မတ်လ(၂၇)ရက်အကြား တာဝန်ကျတိုင်း(၆) ကိုသွားရမှာကဦးကျော်ငြိမ်း၊၊ မသွားပဲ ပထမတော့သခင်မြအတွက် ဂျပန် အလိုတော်ရိဟန်ဆောင်ပြီးနေခဲ့တယ်လို့ ဆိုတယ်၊၊ ဦးဗဆွေ (၂၉)ရက်နေ့ အဖမ်းခံရပြီးတော့ နောက်ဆုံးမှာ ဦးဗဆွေလွတ်မြောက်ရေးအတွက်လို့ ဖြစ်လာခဲ့ရတယ်၊၊ အဲဒီမတ်လ (၂၉)နဲ့ ဧပြီ လကြားမှာ ဦးဗဆွေလွတ်မြောက်ရေးအတွက် မယ်မယ်ရရ ဘာမှလဲ လုပ်ခဲ့တာမတွေ့ရပဲ၊ ဂျပန်ဆုတ်ခါနီးတရက်အလိုမှ သခင်နုအကူအညီ-ဒေါက်တာဗမော်အကူအညီ ယူခဲ့တာဖြစ် ကြောင်းတွေ့နေရပါတယ်၊၊ ဒီကြားထဲကပဲ သမိုင်းကြောင်းရေးသူ သခင်တင်မြ၊ ဒေါက်တာ မောင်မောင်- စတဲ့စတဲ့ပု၈္ဂိုလ်တွေက ဦးကျော်ငြိမ်းဟာ ဦးဗဆွေလွတ်မြောက်ရေးအတွက် ရန်ကုန်မှာနေခဲ့ရတယ်၊ တိုင်း(၆)ကိုမသွား၊ ရန်ကုန်မှာ ဦးဗဆွေနဲ့ တွဲဖက်တာဝန်ပေး- စသဖြင့် စသဖြင့် အတိုချုပ်ရေးသားဖေါ်ပြ မှတ်တမ်းတင်ပေးထားကြတာတွေဟာ အဖြစ်မှန်နဲ့ဆိုရင် တော်တော်လေးကို မြှင့်တင်ပေးထားဘိသကဲ့သို့တောင် ဖြစ်နေပါသေးတယ်၊၊ ထားပါတော့… ကျနော်က အဲဒီလိုအချက်အလက်တွေအရ ဦးကျော်ငြိမ်းကို ဦးဗဆွေနဲ့တွဲပြီး ရန်ကုန်တာဝန်ခံ များဖြစ်ကြတယ်လို့ ရေးခဲ့တာဟာ ဘာများမှားပါသလဲ၊၊ လုံးဝ လုံးဝကို မမှားပါ၊၊
အဲဒီလိုတွေကြားထဲကပဲ ဘိုဘိုကျော်ငြိမ်းဟာ မကျေနိုင် မချမ်းနိုင် ကပ်သပ်ပြောနေတာဟာ ဘာရည်ရွယ်ချက်ပါလဲ၊၊ ခရစ်တီကယ်တွေးခေါ်မှု ရှိခဲ့ရင်ပေါ့ - ဆိုပြီး၊ ဦးကျော်ငြိမ်း-တိုင်း(၆) မသွားတာကို၊ သခင်ဗဟိန်း-တိုင်း(၁)မသွားတာနဲ့ပါ ယှဉ်ထိုးပြီး ညီမျှခြင်းချပြသလို လုပ်လာ တာကတော့ ကမ်းကုန်အောင် မသိသားဆိုးဝါးမှုပါပဲ၊၊ ဦးပုညရဲ့အဆိုမျိုးနဲ့ပြောရရင် - ‘မိုးကြိုးနဲ့ အီးသံလို ခရီးမှန် ကွာလွန်းလှလေး-’လို့ ပဲ ပြောရတော့မှာပါ၊၊
ဒုတိယတချက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးတုန်းက စစ်တိုင်းနိုင်ငံရေးမှူးတွေဟာ ကွန်မြူနစ် တွေချည်းဖြစ်ကြတယ်-ဆိုတဲ့ အတိုချုပ်ရေးသားချက်အပေါ် မကျေနိုင်မနပ်နိုင် ဖြစ်နေရတာက လဲ အနှစ်သာရအားဖြင့်တော့ - သူ့ အဖေ ဦးကျော်ငြိမ်းအတွက် အသေအလဲကာကွယ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်၊၊ ဦးကျော်ငြိမ်းက ပြည်သူ့ အရေးတော်ပုံပါတီက ဖြစ်နေတော့ တန်းတူထပ်မျှ လုပ်ချင်နေတဲ့သဘောပါပဲ၊၊ ဘိုဘိုကျော်ငြိမ်းက- ‘ထို့ကြောင့်အချက်အလက် အမှန်က ပြည်သူ့ရေးတော်ပုံပါတီက ဦးကျော်ငြိမ်းသည် တိုင်း(၆) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့  အရေးတော်ပုံပါတီက သခင်ချစ်က တိုင်း(၄)နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့ အရေးတော်ပုံပါတီက ဦးဗဆွေကြီးက ရန်ကုန်နိုင်ငံရေးတာဝန်ခံ၊ ထို့ကြောင့်ဝင်းတင့်ထွန်းရေးတဲ့ တိုင်းနိုင်ငံရေးမှူး များမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည့်အချက်မမှန်၊ အဓိပ္ပါယ်မရှိပါ၊၊’ လို့တွင် တွင်အော်နေရှာခြင်း ဖြစ်ပါတယ်၊၊ ‘ပြည်သူ့ အရေးတော်ပုံပါတီ’ ပြည်သူ့ အရေးတော်ပုံပါတီလို့ တွင်တွင်အော်နေတဲ့အပေါ် ကျနော်ကထပ်ပြီးပြောလိုက်ပါဦးမယ်၊၊ ပြည်သူ့အရေးတော်ပုံပါတီ က ဦးကျော်ငြိမ်းက ဖက်ဆစ်တော်လှန်ရေးမှာ ဘယ်မှမသွား၊ ဦးဗဆွေက မတ်လ(၂၉)ရက်က တည်းကဂျပန်အဖမ်းခံထားလိုက်ရတာကြောင့် ဂျပန်ရန်ကုန်ကဆုတ်သွားမှသာ ပြန်လွတ်လာ၊ တပြည်လုံးအကြီးအကျယ်ချနေကြစဉ်တလျောက်မပါနိုင်၊၊ ဒါကြောင့် သခင်ချစ် တယောက်ပဲ ပါ၊၊ သခင်ချစ်တယောက်တောင် ‘ပြည်သူ့အရေးတော်ပုံပါတီ’က ဆိုတာ ဆိုင်းဘုတ်သဘော မျှသာပါ၊၊အနှစ်သာရကျကျ ပြောရလျှင်-ကွန်မြူနစ်ဖြစ်နေခဲ့ပြီလို့တောင်ဆိုနိုင်၊ ဒါကြောင့် တ ကယ်တိုက်နေကြတဲ့ တကယ့်ဖက်ဆစ်တော်လှန်ရေးကြီးအတွင်းမှာ စစ်တိုင်းနိုင်ငံရေးမှူးတွေ ဟာ ကွန်မြူနစ်ပါတီကချည်းလို့ အတိုချုပ်ချုပ်ပြီးရေးလိုက်တာဟာ အမှားလို့မဆိုနိုင်၊၊ တကယ် လို့နောင်မှာ ကျနော်ကိုယ်တိုင်က သည့်ထက်သည် ရှင်းရှင်းလင်းလင်းရှိအောင်ဖြည့်စွက်ချင် တယ်ဆိုပါက‘ကွန်မြူနစ်ပါတီကချည်းလိုလို ဖြစ်တယ်’ဆိုပြီး ‘လိုလို’ နှစ်လုံးတည်းပဲထည့်ပြီး ပြင်နိုင်ပါတယ်၊၊ ကျနော့်ရဲ့စာအုပ်မှာ ‘ရည်စူးပန်ကြား အမှာစကား’မှာ နောင်မှာပိုမိုပြည့်စုံ အောင်ဖြည့်ဆည်းသွားပါ့မယ်လို့ ကြိုတင်ဖေါ်ပြထားပြီးဖြစ်ပါတယ်၊၊
တကယ်က ပြည်သူ့အရေးတော်ပုံပါတီ-ဆိုကာက အခုချိန်အထိ ရှုပ်ထွေးမှုတွေရှိနေပါတယ်၊၊ ဒါကြောင့်သခင်မြနဲ့အရင်းနှီးဆုံးရဲဘော်လဲဖြစ်၊ အာဇာနည်နေ့တိုင်းသခင်မြအတွက် အထိမ်းအ မှတ်အဖြစ် နိုင်ငံရေးသမားဟောင်းကြီးတွေကိုဖိတ်ကြားပြီး နှစ်စဉ်နှစ်တိုင်း သူ့အိမ်မှာဆွမ်း ကျွေးလုပ်လေ့ရှိတဲ့ သခင်ခင်အောင်(သာယာဝတီ)ကိုယ်တိုင်က သခင်မြရဲ့ရာပြည့်အထိမ်း အမှတ်အဖြစ် ၁၉၉၇ခုနှစ်အောက်တိုဘာ(၇)ရက်နေ့ကျင်းပပွဲမှာ ‘ပြည်သူ့အရေးတော်ပုံပါတီ ကို သခင်မြက ဖွဲ့ခဲ့တာလား’ဆိုတဲ့ တစုံတဦးရဲ့ အမေးကို ‘အဲဒီကိစ္စက ရှုပ်ထွေးနေတယ်၊ဘာမှ အတိအကျပြောလို့မရဘူး၊ ဂျပန်ခေတ်တုန်းက ဘယ်သူမှဘာမှ ထင်ထင်ရှားရှားပြောခွင့် လုပ်ခွင့်ရတာမဟုတ်ဘူးဗျ’လို့ ဖြေခဲ့ရဖူးတာရှိပါတယ်၊၊ ၁၉၉၇၊ဒီဇင်ဘာ၊မိုးဂျာနယ်-တက္ကသိုလ် စိန်တင်ရဲ့အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ နှစ်တစ်ရာပြည့်ဆောင်းပါးမှာ ပါပါတယ်၊၊ အဲဒီ့ သခင်ခင်အောင်ဟာ ဦးကျော်ငြိမ်းရဲ့ မြေအောက်သူပုန်အဖွဲ့ ဆိုင်ရာမှတ်စုထဲမှာ ပါတဲ့- သခင် ခင်အောင်ပါပဲ၊၊ မတ်လ(၂ဝ)ရက်နေ့ခန့်မှာ သခင်မြအိမ်မှာနေတဲ့၊ သခင်မြရဲ့အတွင်းဝန်က လေးဖြစ်တဲ့ သခင်ခင်အောင်ဟာ သူ့အဖေကာလဝမ်းရောဂါဆန်ဆန်ဖြစ်နေလို့ သာယာဝတီ ကို ချက်ချင်းသွားရမယ်ဆိုပြီး၊ သခင်သန်းထွန်းရဲ့လျှို့ဝှက်တာဝန်ပေးထားချက်အရ၊ သာယာ ဝတီဖက်ကို လေထီးဆင်းကြမယ့်သူတွေအတွက်အစီအစဉ်လုပ်ဖို့ သခင်မြဘေးကနေ သခင်မြ ကိုထားခဲ့ပြီး တော်လှန်ရေးတာဝန်ထမ်းဆောင်ဖို့ ပြေးသွားခဲ့တဲ့သူဟာ ဒီသခင်ခင်အောင် ပါပဲ၊၊သခင်ခင်အောင်ဟာ ခေတ်တိုင်းခေတ်တိုင်း အဖမ်းမခံ၊ထောင်မကျခဲ့ရဖူးတာ မရှိခဲ့ပါဘူး၊၊ ကိုကိုးကျွန်းလဲ အပို့ခံခဲ့ရဖူးပြီး၊ နဝတ-နအဖခေတ်မှာလဲ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ မှာ တဦးအပါအဝင်ဖြစ်ခဲ့ရင်း အသက်(၉ဝ)ကျော်မှ ဆုံးသွားခဲ့သူဖြစ်ပါတယ်၊၊ နဝတဗိုလ်ခင်ညွန့် က ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်ထံ သခင်ဗသိန်းတင်ရဲ့ပေးစာကို ပို့ခဲ့သူလို့လဲ အပြောခံခဲ့ ရသူဖြစ်ပါတယ်၊၊ သခင်မြခေါင်းဆောင်တဲ့မြေအောက်လက်နက်ကိုင်အဖွဲ့  ခရိုင်အဖွဲ့ ခွဲ(၂ဝ)မှာ သာယာဝတီခရိုင်ရဲ့နံပတ်တစ်ခေါင်းဆောင်တာဝန်ယူခဲ့သူလဲဖြစ်ပါတယ်၊၊ ဆိုလိုတာက.. မြေ အောက်အဖွဲ့ မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ သခင်ခင်အောင်ကတောင် ပြည်သူ့ အရေးတော်ပုံပါတီ ပေါ်ပေါက်လာမှုဟာ ရှုပ်တွေးမှုတွေရှိနေတယ်လို့ပြောခဲ့ရပါတယ်၊၊ ကွန်မြူနစ်ပါတီဖက်က ပြောမယ်ဆိုရင် - လျှို့ဝှက်ရပ်တည်နေရတဲ့ကွန်မြူနစ်ပါတီနဲ့ တရားဝင်ရပ်တည်နေတဲ့ တို့ ဗမာအစည်းအရုံးကြားမှာ တော်လှန်တက်ကြွတဲ့သူတွေကို စုစည်းဘို့  ‘ပြည်သူ့ အရေးတော်ပုံ ပါတီ’ကို ဖွဲ့လိုက်တာပဲ၊၊ ဒါကြောင့်-ကွန်မြူနစ်ပါတီမှာလဲ အထွေထွေအတွင်းရေးမှူး၊ တို့ ဗမာအစည်းအရုံးမှာလဲ အထွေထွေအတွင်းရေးမှူးလုပ်နေတဲ့ သခင်အောင်ဆန်းဟာ ပြည်သူ့ အရေးတော်ပုံပါတီမှာလဲ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူလိုက်တာဖြစ်သလို၊ သခင်ဗဟိန်းတို့၊အာအီးတီဦးကျော်ငြိမ်းတို့လို ကွန်မြူနစ်တွေလဲ စတင်ဖွဲ့စည်းစဉ်က ပါနေတာ ဖြစ်တယ်၊၊ အင်္ဂလိပ်ကိုလိုနီခေတ်က အိန္ဒိယရော ဗမာပြည်မှာပါ ကွန်မြူနစ်ပါတီကို ကိုယ့်ဟာ ကိုယ် တရားဝင်ထောင်လို့မရဘူး၊၊ အဲဒီခေတ်က ဂရိတ်ဗြိတိန်ကွန်မြူနစ်ပါတီ (CPGB )ပါတီက ကမကထပြုဖွဲ့မှ တတိယကွန်မြူနစ်အင်တာနေရှင်နယ်ရဲ့စည်းမျဉ်းအရ ကွန်မြူနစ်ပါတီဖြစ် နိုင်တယ်၊၊ အဲဒီတော့ (CPB) က တရားမဝင်ပါတီ၊၊ ဗမာပြည်မှာတရားဝင်ပါတီက တို့ဗမာ အစည်းအရုံး၊ (CPB) နဲ့တို့ ဗမာအစည်းအရုံးကြားမှာ တက်ကြွတဲ့သူတွေကိုစုစည်းဘို့ အရေး တော်ပုံပါတီကို ဖွဲ့လိုက်တဲ့အခါမှာ ကွန်မြူနစ်တွေရော ကွန်မြူနစ်မဟုတ်သူတွေပါ ပါလာ တယ်၊၊ မာ့က်စ်ဝါဒသမားရော မာ့က်စ်ဝါဒဆန့်ကျင်သူတွေပါ ပါလာတယ်၊၊ ဆရာချစ်က မာ့က်စ် ဝါဒယုံကြည်သူအဖြစ်ပါလာတယ်၊ဦးကျော်ငြိမ်းက မာ့က်စ်ဝါဒဆန့်ကျင်သူအဖြစ်နဲ့ ပါလာတယ်၊၊ အရေးတော်ပုံပါတီကတော့ အရေးတော်ပုံပါတီပဲ၊၊ ၁၉၄၄အောက်တိုဘာလဆန်းထဲမှာ သခင် ချစ်အပါ-ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်တချို့ဟာ ဒေးဒရဲနယ်မှာခိုနေတဲ့ ကွန်မြူနစ် သခင်စိုးဆီ သွားတွေ့ကြပြီး၊ ၁၉၄၄ခုအောက်တိုဘာ(၃)ရက်နေ့ နေ့စွဲနဲ့‘တော်လှန်ရေးတပ်ဦး’ ဆိုတာဖွဲ့စည်းလိုက်ကြတဲ့အခါ၊ ပြည်သူ့အရေးတော်ပုံပါတီဆိုတဲ့နာမည်ကိုတောင် ဖျက်လိုက် ပြီး တပါတီတည်းအဖြစ်၊ ‘ကွန်မြူနစ်ပါတီ (ဗမာပြည်)’ဆိုတဲ့နာမည်ကို ခံယူလိုက်ကြကြောင်း ကျေညာချက်တောင် ထုတ်ခဲ့ကြဖူးပါတယ်၊၊ အဲဒီအခေါက်မှာ ခေါင်းဆောင်သွားခဲ့သူဟာ ဆရာ ချစ်(သခင်ချစ်)ပါပဲ၊၊ အဲဒီလိုတပါတီတည်းလုပ်ရေးကို သဘောတူခဲ့ကြတာအပေါ် ဦးကျော်ငြိမ်း တောင် တအံ့တသြဖြစ်သွားခဲ့ရတယ်လို့ဆိုတယ်၊၊ ဦးကျော်ငြိမ်းရဲ့ မှတ်စုထဲမှာ-စာမျက်နှာ (၁၄)မှာ- ‘ကျွန်တော်တို့ သည် သခင်ချစ်၊ ဗိုလ်မောင်၊ ဗိုလ်အောင်ကြီးတို့ အုပ်စုက မိမိတို့ အဖွဲ့ ကြီး (ပြည်သူ့ အရေးတော်ပုံအဖွဲ့)ကို ဖျက်သိမ်းသည်အထိ သဘောတူခဲ့သည်ကို အံ့သြမိ သည်၊၊ ’ လို့တောင်ရေးထားပါတယ်၊၊ နောက်ပိုင်းမှ သခင်စိုးရဲ့မိုက်လုံးကြီးမှုနဲ့  ဒီဇင်ဘာမှာ ဒီသဘောတူညီချက်ကိုလဲဖျက်သိမ်းပစ်ခဲ့တာဟာ ကိစ္စတခုဖြစ်ပါတယ်၊၊ သခင်ချစ်ဟာ မာ့က်စ် ဝါဒီလဲဖြစ်တာကြောင့်၊ အဲဒီကာလကတည်းက ဆိုင်းဘုတ်ကသာ ပြည်သူ့အရေးတော်ပုံနဲ့ ဆက်ကျန်နေပြီး သူ့ အသွေးအသားက ကွန်မြူနစ်ဖြစ်နေပြီလို့ ကျနော့်အနေနဲ့ယူဆတယ်၊၊ ဒါကြောင့်လဲ ကွန်မြူနစ်ပါတီဆိုင်းဘုတ်တရားဝင်ထွက်ပေါ်လာတာနဲ့  ကွန်မြူနစ်ပါတီဖက်ကို လုံးဝရောက်ရှိလာခဲ့တာဖြစ်တယ်၊၊ စာဖတ်သူများ စဉ်းစားကြည့်နိုင်ကြဖို့ ဖြစ်ပါတယ်၊၊
ဘိုဘိုကျော်ငြိမ်းက ကျားကုတ်ကျားခဲပြောနေတဲ့ နောက်ဆုံးတချက်က သခင်ဗဟိန်းနဲ့ သခင် တင်မြကိစ္စပါ၊၊ ဘိုဘိုကျော်ငြိမ်းက- ‘သခင်တင်မြ ပြဿနာကို ကြည့်ရင်လဲ ကျနော့်အယူအဆ ကတော့ တယောက်ယောက်က ဝင်းတင့်ထွန်းလို့ အစောကြီးပြောင်းရေးလိုက်တယ်လို့ သံသယရှိတယ်’တဲ့၊၊ ကြည့်စမ်း.. ဘယ့်လောက်အောက်တန်းကျလိုက်တဲ့ စွပ်စွဲချက်ပါလဲ၊၊ ဘိုဘိုကျော်ငြိမ်းရဲ့စွပ်စွဲချက်နဲ့ တန်အောင်သာတုံ့ပြန်ရမယ်ဆိုရင်တော့၊ အဲဒီလိုအောက်တန်း ကျကျလုပ်တတ်တာ ဘိုဘိုကျော်ငြိမ်းအဖေ ဦးကျော်ငြိမ်းပဲရှိလိမ့်မယ်-လို့ ၊၊ သူ့ များဒိုင်ယာရီ ကို သူများရေချိုးသွားနေတုန်းခိုးဖတ်တာ၊ ဗိုလ်နေဝင်းကိုကာကွယ်ရေးဝန်ကြီးပေးဖို့  ဦးနုကို မျက်ရည်ထွက်ပြီးငိုပြတာ၊ ဗိုလ်ဇေယျနဲ့ဗိုလ်နေဝင်းကြား တို့မီးရှို့မီးလုပ်ပြီး ‘အောင်ပြီအောင် ပြီ’ လို့ အော်ပြီး ဝမ်းသာအူမြူးဖြစ်ခဲ့တာ- ဦးနုရဲ့ တာတေစနေသားကိုပဲ ပြန်ဖတ်ကြည့်ကြပါ၊၊
ဘိုဘိုကျော်ငြိမ်းက သူအတ္တနောမတိနဲ့မကိုက်တော့ ကျနော်ကိုးကားရှင်းလင်းပြခဲ့တဲ့ တို့ဗမာ အစည်းအရုံးသမိုင်းစာအုပ်ကြီးထဲက အချက်အလက်တွေကိုတောင် ကရောကမယ်ဖြစ်အောင် လုပ်ချင်တယ်၊၊ သခင်ကြီးတွေရာနဲ့ချီပြီး ရေးသားပြုစုထားတဲ့စာအုပ်ကြီးကိုတောင် စာမျက်နှာ (၅၇၇)နောက်ပိုင်းကစပြီး- ‘စာစီစာကုံးဆန်ဆန် ရေးသားခြင်းသာဖြစ်တယ်’ တို့  ‘ရဲရဲဝံ့ဝံ့ ရေး သားထားတဲ့လေသံမရှိ’တို့ဆိုပြီးလုပ်တော့တာပါပဲ၊၊ ပြီးတော့ကျနော်ရေးတာကိုတောင် သေချာ ဖတ်ဟန်မတူပါ၊၊ ‘ဖတပလ’ဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ၊၊ သခင်ကြီးတွေကော ဒီအစည်းအဝေးမှာ ရှိလို့လား’ တဲ့၊၊ လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ က သခင်သိန်းဖေ တို့လဲပါတယ်ဆိုတာ၊ မေးကြည့်ချင်မေးကြည့်နိုင်ဖို့ပြောတာကို၊ ထိုးနှက်ချင်ဇောအားနဲ့ ဘာကို မှ ခွဲခွဲခြားခြားမသိနိုင်တော့သလိုပါပဲ၊၊ ဦးမြဟန်ရဲ့သမိုင်းအဘိဓါန်စာအုပ်ကိုပါ ပူးတွဲဖေါ်ပြ ပေးလိုက်ပြန်တော့လဲ ‘ဦးမြဟန် ရဲ့ သုတေသနပြုမှု မည်မျှသေချာတိကျတယ်ကို ကျနော်မသိ ပါ’လို့လုပ်ချလိုက်ပြန်တယ်၊၊ စာတွေကို တော်တော်ကိုဖတ်သယောင်ယောင်ပြောပြီး အဲဒီအ ချက်အလက်တွေကိုတောင် မသိဘူးဖြစ်နေတာက ဘိုဘိုကျော်ငြိမ်းပါ၊၊ သခင်ကြီးတွေ ယူထား တာက ‘သခင်တင်မြ’ မပါခင်၊ အရင်ဆုံး ပထမဆုံးကျတဲ့ ‘ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အ ဖွဲ့ချုပ်’ ဖွဲ့ စည်းတည်ထောင်လိုက်တဲ့ အစည်းအဝေးပါစာရင်းပါ၊၊ ဒါကြောင့် သခင်ကြီးတွေက ပထမဆုံးလို့ ပြောတာပါ၊၊ ၁၉၄၄ ခုနှစ် သြဂုတ်(၂၃)ရက်နေ့ ၊ ဗိုလ်ချုပ်အိမ်အစည်းအဝေးက ဖွဲ့စည်းတည်ထောင်လိုက်တဲ့စာရင်းပါ၊၊ သခင်တင်မြရဲ့တိုင်းကြီး(၁ဝ)တိုင်းပါစာရင်းက တော် တော်နောက်ကျပါတယ်၊၊ ၁၉၄၅ မတ်လ (၁)ရက်ကနေ (၃)ရက်နေ့အထိကျင်းပတဲ့ ပြင်ဆင်ဖွဲ့  စည်းလိုက်တဲ့ ‘ဦးစီးအဖွဲ့’စာရင်းပါ၊၊ နေရာကတော ဦးထွန်းမြတ်လမ်းဒေါင့်က ဗိုလ်ချုပ်အိမ်မှာ ပါပဲ၊၊ ပထမဆုံးဟာ ၂၃-၈-၁၉၄၄အစည်းအဝေးစာရင်းဖြစ်တဲ့အတွက် သခင်ကြီးတွေကလဲ အဲဒါကိုပဲ အဓိကပထမဆုံးအဖြစ် ယူခဲ့တာဖြစ်သလို၊ သူ့ စာအုပ်ကို (၅)နှစ်ကြာသုတေသန ပြုပြီးမှ ရေးသားထားတဲ့ ဦးမြဟန်ကလဲ အဲဒီအတိုင်းယူခဲ့တာဖြစ်ပါတယ်၊၊ ဝင်းတင့်ထွန်းကလဲ အဲဒီအတိုင်း ယူခဲ့တာဖြစ်ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်း- ထိကပါးရိကပါးပြုပြီး စွပ်စွဲနေသလို၊ မသိ သားဆိုးဝါးမိုက်မဲလွန်းလှစွာ တဖက်သတ်စွပ်စွဲပြောဆိုနေသလို မဟုတ်ကြောင်း ရှင်းလောက် ပြီလို့ထင်ပါတယ်၊၊ အကိုးအကားအဖြစ် ကြည့်ချင်သေးတယ်ဆိုရင်တော့၊ ၂ဝဝ၄စာပေဗိမာန်က ထုတ်တဲ့ ‘ဖိုးအောင်လေး’ရဲ့  “မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း” ဆိုတဲ့ စာအုပ်ထဲ မှာ ရှာကြည့်လိုက်ပါ၊၊
ကျမ်းကိုးဆိုတာဘယ်လို..
သူတေသနဆိုတာဘယ်လို..ဆိုပြီး
ကိုယ့်ဆန္ဒနဲ့ကိုယ်ကိုယ့် အတ္တနောမတိနဲ့ကိုယ်-ပြောချင်ရာတွေ ပြောနေတာကိုလဲ စာတွေရှည် နေပြီဖြစ်တဲ့အတွက် စာဖတ်သူတွေကို အားနာလှပြီဖြစ်တဲ့အတွက် အသေးစိတ်မတုံ့ပြန်လို တော့ပါဘူး၊၊သမိုင်းတွေရေးတဲ့အခါမှာ အကယ်ဒမစ်ဆန်ဆန်ရေးမယ်ဆိုရင်ဖြင့် အောက်ခြေ မှတ်စု (Foot Note)၊ ကျမ်းဆုံးမှတ်စု (End Note)၊ နံဘေးမှတ်စု (Marginal Note)တွေ ပါကို ပါရပါမယ်၊၊ ကျမ်းတွေ-သမိုင်းတွေမှမဟုတ်၊ လိုအပ်တဲ့စာတမ်းတွေ ဆောင်းပါးတွေမှာ အဲဒီ လိုမှတ်စုတွေပါသုံးနိုင်ရင်တော့ကောင်းတယ်ဆိုတာငြင်းစရာမလိုပါ၊၊ဒါပေမဲ့အကြောင်းကြောင်းကြောင့် အခက်အခဲမျိုးစုံကြောင့်-အဲဒီလို ကိုးကားမှတ်စု(Note)တွေကိုမထည့်နိုင်ပဲ အဆုံးကျ မှ ကျမ်းကိုးစာရင်း၊ ရည်ညွှန်းကိုးကားစာရင်းတွေပဲ ထည့်သွင်းပြုစုထုတ်ဝေနေရတာ တွေလဲ- ဗမာပြည်မှာအများကြီးရှိပါတယ်၊၊ဆရာဗန်းမော်တင်အောင်ရဲ့ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း တို့ ၊ ဦးမြဟန်ရဲ့  ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓါန်တို့ဟာ နောက်ဆုံးမှ ကျမ်းကိုးစာရင်း ထည့်ပြီးထုတ်ဝေခဲ့ရတာတွေပါ၊၊ ဘိုဘိုကျော်ငြိမ်းရမ်းရမ်းကားကားပြောသလို ဘာအဓိပ္ပါယ်မှ မရှိဆိုတာမဟုတ်ပါဘူး၊၊
အဲဒီတော့ အခုနောက်ဆုံး ပြောပါတော့မယ်၊၊ ဘိုဘိုကျော်ငြိမ်းနဲ့ ပတ်သက်ပြီး၊ ‘အရေးထားတုံ့ ပြန်မနေပါနဲ့ဗျာ’ ‘သူကအခုလိုပြောနိုင်ဖို့တမင်စင်ရှာနေတာမှာ၊ သူ့ရည်ရွယ်ချက်အထမြောက် အောင်၊ တန်းထားပြီး တုံ့ပြန်မနေပါနဲ့ ’ လို့ အသီးသီး ပြောကြဆိုကြ စေတနာနဲ့ သတိပေး ကြတာတွေလဲရှိပါတယ်၊၊ ထိုင်း၊ ဂျပန်၊ အမေရိကန်- စတဲ့စတဲ့ ပြည်ပတွေကနေ ပြောကြ တာလဲ ရှိသလို၊ အနီးအနားကနေ ပြောကြတာတွေလဲ ရှိပါတယ်၊၊ အဲဒီ ပုဂ္ဂိုလ်တွေကို ကျနော် ကတိပေးလိုက်ပြီးသားဖြစ်သလို ကျနော်ကလဲ ဘိုဘိုကျော်ငြိမ်းရဲ့ပကတိရုပ်ပုံမှန်ကို အတိုင်း သား မြင်နေရပြီးသားဖြစ်တာကြောင့် တကြောင်း၊ ကျနော်ကိုယ်တိုင် ပထမတုံ့ပြန်ချက်တုန်း ကတည်းက ပြောထားပြီးသား။ ဒီကနေ့လိုကာလကြီးမှာ ‘အဓိက ပျောက်’ ‘ဘုံရန်သူ ပျောက်’ ဖြစ်စေပြီး ‘ပလုံစီ အမြှုပ်ထရမယ့်ကိစ္စတွေကို တကယ်ကို မလုပ်ချင်တာကြောင့်ပါ၊ ကျနော်ဟာ ဘိုဘိုကျော်ငြိမ်းကို တန်းထားတုံ့ ပြန်ဖို့ သဘောထားမရှိတော့ပါ၊၊အခု နောက်ဆုံးတုံ့ ပြန်ချက် အဖြစ် တုံ့ ပြန်လိုက်တာ ဖြစ်ပါတယ်၊၊
စာရှုသူများကိုလဲ တော်တော်ကို အားနာမိပါတယ်၊၊ ဒါဟာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် နောက်ဆုံးတုံ့ ပြန်ချက်ပါပဲ၊၊ အဲဒီတော့…
ဘိုဘိုကျော်ငြိမ်းကို နောက်ဆုံးပြောချင်တာက ဒါလောက်တတ်တယ် သိတယ် နားလည်တယ် လုပ်နေမယ့်အစား၊စာတအုပ် ပေတအုပ်ဖြစ်အောင် အရင်ဆုံး ရေးသားထုတ်ဝေကြည့်ပါဦး၊၊ ပထမဆုံးအနေနဲ့  ဘိုဘိုကျော်ငြိမ်းရဲ့ အဖေ ဦးကျော်ငြိမ်းရဲ့  ‘ကိုယ်ရေးမှတ်တမ်း’ တို့ ‘၁၉၃၆
-၁၉၄၅ မြေအောက်သူပုန်အဖွဲ့ဆိုင်ရာမှတ်စု’တို့ကိုပဲ စာအုပ်အဖြစ်၊ လူတွေကြား ကျယ်ကျယ် ပြန့် ပြန့် ချထား ထုတ်ဝေလိုက်ပါလို့လဲ ပြောချင်ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်းက ပြောထားတယ်- ‘ဦးကျော်ငြိမ်းကို (မုန်း)လို့ရပါတယ်၊၊ (မုန်း)ခွင့်ရှိပါတယ်၊၊ သို့သော် ဦးကျော်ငြိမ်းကို (မုန်း)တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့  မလုပ်ကောင်းပါ ’ ဆိုတာကိုလဲ နောက်ဆုံးပြောလိုက်ချင်ပါတယ်၊၊ စိတ်ချ -စိတ်ချ- ဘိုဘိုကျော်ငြိမ်း၊၊ ဦးကျော်ငြိမ်းကို ရာဇဝင်ထဲကဆွဲမနှုတ်ပါ၊၊ ရာဇဝင်ထဲကို ထားခဲ့မှာပါ၊၊ သမိုင်းဧည့်ခန်းဆောင်ထဲမှာ ဖြစ်မလား၊ သမိုင်းပြတိုက်ထဲမှာဖြစ်မလား၊ သမိုင်း အမှိုက်ခြင်းတောင်းထဲမှာ ဖြစ်မလား-ဆိုတာကတော့၊ ပြည်သူလူထုကြီးကပဲ ရွေးချယ်သတ် မှတ်ပေးကြမှာပါ၊၊ သမိုင်းကြောင်းကို အမှန်အတိုင်းသိမြင်ကြမယ့် နောင်မျိုးဆက်သစ်လူငယ် တွေကပဲ ကောင်းကောင်းကြီး နေရာရွေးချယ် သတ်မှတ်ပေးကြမှာပါ၊၊
ဒါ- နောက်ဆုံးတုံ့ ပြန်ချက်ပါပဲ၊၊
( ဝင်းတင့်ထွန်း )
၂၆-၁၂-၂ဝ ၁ဝ
Tuesday, December 14, 2010
လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း
နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့ စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်း ယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေး ချုပ်ကိုင် ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ် လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစားတရပ်လဲ ပေါ်ထွက်လာ တတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလဲ ပေါ်ထွက်လာပါတယ်။
ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အများက ယုံကြည်သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်စင်မြင့်ပေါ်ကို တွန်းထိုးတိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ်ထားခြင်းမရှိပဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီလိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့၊ လူထုတိုက်ပွဲထဲမှာ ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်းဆောင်ဖြစ်ပါတယ်။
တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ၀န်းရံပေးနိုင်မှုကလဲ အရေးပါတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒီလို ၀န်းရံပေးမှုလို့ ပြောတဲ့အခါ အချို့က ဒီခေါင်းဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာနေတာလို့ ယူဆတတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွယ်ပေမယ့် မြေအောက်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ကတော့ မြေအောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ လိုင်းပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။
ဒီလိုမဟုတ်ရင် မြေအောက်ယူဂျီကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံမက လူထုခေါင်းဆောင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတကာ ကင်ပိန်းလှုပ်ရှားမှု တွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက်မှုတွေဟာ မြေအောက်ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ်မများပေမယ့်၊ လူထုခေါင်းဆောင်နဲ့ မြေပေါ် အဖွဲ့အစည်းတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက်စေနိုင်ပါတယ်။ တာဝန်ယူမှုဟာ တာဝန်သိတတ်မှုနဲ့ ဒွန်တွဲနေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှုတွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှုတို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်းဆောင်ကို ၀န်းရံမှုဆိုတာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာ၊ အနီးကပ်တွေ့ဆုံ ဆက်သွယ်တာတွေကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုးလေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန်ခွဲဝေမှု၊ တွေ့ဆုံမှုဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။
စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ဆုံဆွေးနွေးအဖြေရှာရေး (၀ါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယဦးတည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ်စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ကြရမှာပါ။ လူထုခေါင်းဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်ထု စွမ်းအား တိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။
ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်းပြည်တခုအတွက် လိုအပ်နေတဲ့ ဦးတည်ချက်တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထု ခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် လူထုခေါင်းဆောင်နဲ့အတူ လက်တွဲပြီး ပြည်သူတရပ်လုံးက ၀ိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာ တမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာကဏ္ဍကနေ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံတော် အရေး ဦးတည်ချက်တွေကို ကိုင်စွဲထားတဲ့ လူထု ခေါင်းဆောင်ကို ၀န်းရံကြရာမှာလဲ လက်တွေ့ကျကျ ၀န်းရံနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။
ဒီမိုကရေစီစနစ် ထွန်းကားရေး
ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်တခု ထွန်းကားလာဖို့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး (Democratization) ကို အကောင်အထည်ဖော်ကြရပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာ ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization) (သို့မဟုတ်) political liberalization အဆင့်ဖြစ်ပြီး၊ ဒုတိယအဆင့်က ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာလာအောင် တည်ဆောက်ခြင်း (Democratic consolidation) ဖြစ်ပါတယ်။
တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်ကျင့်သုံးဆဲ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ကျန်ရစ်နေဆဲပါ။ စစ်အုပ်စုတို့က ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) ကိုသာ ကျင်းပခဲ့တာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ပထမအဆင့်ကို ဖော်ဆောင်ခြင်း မဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဆောင်မှုသာ ဖြစ်သွားခဲ့ပါတယ်။
ဒါတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကို စနစ်တကျ ဖော်ဆောင်ဖို့အတွက် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပထမအဆင့်အနေနဲ့ ဖြတ်သန်းပြီးမှ ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာလာအောင် တည်ဆောက်မှု ကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒီလိုကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ထွန်းလာရေးအတွက် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံတကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦးဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာလဲ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။
ဒီလို အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးအတွက် လမ်းစဉ်တွေ၊ တွန်းအား (leverage) တွေ အများအပြား လိုအပ်ပါတယ်။ အညင်သာဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလို့ ကမ္ဘာက သတ်မှတ်ခဲ့ရတဲ့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာတောင် normative leverage နဲ့ coercive leverage တွေကို အတိုက်အခံတွေဘက်က သုံးစွဲခဲ့ရပါတယ်။ normative leverage ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအား တမျိုးတည်းနဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၊ လူထုတိုက်ပွဲလမ်းစဉ်တို့ ပေါင်းစပ်ပါဝင်တဲ့ mass rolling actions တွေကို အသုံးပြုပြီး coercive leverage ဖြစ်ထွန်းလာအောင် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြေပေါ်အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်ရောက်နေတဲ့ လူထု ခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း coercive leverage ကို အသုံးပြုနိုင်ဖို့က ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ coercive leverage ကို အကောင်အထည်ဖော်ရမယ့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လူထုခေါင်းဆောင်ကို တိုက်ရိုက်ဝန်းရံပေးမှု မဟုတ်တဲ့ သွယ်ဝိုက်ဝန်းရံပေးမှုကို ပြုလုပ်တတ်ဖို့လိုပါတယ်။
နိုင်ငံတကာကြားဖြတ်အစိုးရကတော့ တရုတ်နဲ့ အနောက်အုပ်စုတွေအကြား တတိယကမ္ဘာစစ် မဖြစ်လာမချင်း ဖြစ်နိုင်ချေ မရှိပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျနေရာ ဖြစ်နေတဲ့ မြန်မာ့မြေပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုနှင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) ဖြစ်လာခဲ့ရင်တောင် တရုတ်တပ်၊ အိန္ဒိယတပ်၊ ပြင်သစ်တပ်၊ အမေရိကန်တပ်၊ ယူကေတပ်ပေါင်းစုံ ၀င်လာပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အချက်အချာ ဒေသတွေကို လုကြရင်း ဖွတ်ဖွတ်ညက်ညက် ကြေသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ခဲ့ရင်လဲ ကိုးရီးယားလို proxy war ဖြစ်ပြီး၊ မြောက်မြန်မာနဲ့ တောင်မြန်မာ ကွဲထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Iraq Dilemma လို့ ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ အီရတ်ကို ၀င်လာသလို ၀င်လာပြီး ဒီမိုကရေစီရအောင် လုပ်ပေးတော့မယောင်ယောင် စိတ်ကူးယဉ်အိပ်မက်တွေကို အမြစ်ကလှန်ပြီး ဖယ်ရှားပစ်ဖို့ မလွဲမသွေ လိုအပ်လှပါတယ်။
အတိုက်အခံ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရတို့ဟာ coercive leverage နဲ့ normative leverage ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးမပြုပဲ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တောင်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ဦးဆောင်သော အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကနေတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာတောင် ၁၉၆၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sharpeville Massacre၊ မင်ဒဲလားဖွဲ့စည်းခဲ့တဲ့ military wing ဖြစ်တဲ့ Umkhonto we Sizwe (in Zulu means “Spear of the Nation”) ၊ ၁၉၇၆ ခုနှစ် The Soweto uprising၊ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Mass Democratic Movement (MDM) စတဲ့ coercive leverage တွေက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံဆွေးနွေးနေဆဲကာလမှာတောင် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ de Klerk တို့ဘက်က သဘောထား ပျော့ပျောင်းတဲ့ ရွေးချယ်မှုတွေကို ရွေးလာစေဖို့ တွန်းအားအနေနဲ့ လူထုတိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ပြီး coercive leverage ကို အသုံးပြုခဲ့ကြပါတယ်။
ဒါကြောင့် လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို မြေပေါ်ပါတီအဖြစ် ရပ်တည်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု၊ မြေအောက်ယူဂျီလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး၊ လူထုတိုက်ပွဲဖော်ဆောင်မှု စတဲ့ မိမိတို့အားသန်ရာ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီး လက်တွေ့ကျကျ ၀န်းရံကြဖို့ လိုအပ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး....
မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍမျိုးစုံမှာ နှောင့်နှေးမှုတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေဆိုးတွေကို နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ကယ်တင်ရှင်ကသာ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ အမျိုးသားညီညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံးပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်တပ် အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီးတွေအထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲမှာ ကြိုးပမ်းမှု အဆင့်ဆင့်တွေ ကနေတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အုတ်မြစ်ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာအောင် ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ ဆိုတာက အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာ ဒီမိုကရေစီထွန်းကားရေးအတွက်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါ အရေးကြီးပါတယ်။
လူထုခေါင်းဆောင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ၀န်းရံပေးမှုမှာ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ ပေါ်ထွက်ရေး ကြိုးပမ်းမှုတွေအပြင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (transitional justice) ကို ဖော်ဆောင်နိုင်မှုအတွက် ကြိုတင်လေ့လာ ပြင်ဆင်ချက်တွေ၊ အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင် (National Unity and Reconciliation Commission) အဆင့်ဆင့် ဖွဲ့စည်းရာမှာ လိုအပ်မယ့် လူ့စွမ်းအား အရင်းအမြစ်အတွက် capacity building လုပ်ဆောင်ချက်တွေ၊ ပဋိပက္ခနှောင်းပိုင်းကာလ အခြေအနေ (post- conflict situations) မှာ ကြုံရနိုင်တဲ့ အခက်အခဲ စတာတွေကို ကြိုတင်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ခေါင်းဆောင်တွေအကြားမှာ ပြုလုပ်တဲ့ Highly Inclusive Dialogue ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်တခုပဲ ဖြစ်ပြီး၊ ပဋိပက္ခတွေ ရဲ့ ဂယက်တွေကို ခါးစီးခံခဲ့ကြရတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အခန်းကဏ္ဍ၊ တက်ကြွလှုပ်ရှားသူများရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ ဥပဒေ၀န်ထမ်းများရဲ့ အခန်းကဏ္ဍ၊ ပညာရှင်များရဲ့ အခန်းကဏ္ဍ စပြီး လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတာကြောင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လူထုအကြားမှာ ပညာပေးဖြန့်ဖြူးမှုတွေ ကြိုတင်ပြုလုပ်ထားဖို့လဲ လိုအပ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး...
ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေ အားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာ ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။
ပထမအပိုင်းက ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး၊ ဒုတိယပိုင်းက လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာခြင်း ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ လူနဲ့တိရစ္ဆာန်ကို အသုံးပြုထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာခြင်း၊ မြို့ပြလူနေမှု အဆောက်အအုံကို ရွှေ့ပြောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။
လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုး စဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင်စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှု တိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ပဲ တိုင်းတာလို့ မရပဲ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုမှာ လူအများစုဟာ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းအားတွေ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိဖို့ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းပြီး လူသားတိုင်းမှာ တန်းတူညီမျှမှုရှိရပါမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုရာမှာလဲ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေလဲ တိုးတက်မြင့်မားပြီး အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေ ကင်းဝေးတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရပါမယ်။ ဒီလို ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး၊ လူသားများရဲ့ လိုအပ်ချက်အပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ထုစွမ်းအား တိုးတက်မြင့်မားရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတော်လုံခြုံရေး၊ စာပေ၊ ဂီတအနုပညာ၊ အမျိုးသမီးအရေး စတဲ့ ကဏ္ဍမျိုးစုံမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အများအပြားရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တနိုင်တပိုင် ကျွမ်းကျင်ရာ ဆောင်ရွက်ခြင်းအားဖြင့်လဲ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေး ဦးတည်ချက် တွေကို ၀န်းရံပေးရာ ရောက်ပါတယ်။
နိဂုံး...
နိဂုံးချုပ်ဆိုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေလို့ လေ့လာတွေ့ရှိရတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ လက်တွေ့ကျကျ ကိုက်ညီတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဦးတည်ချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တူညီသော ဘုံလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊ မတူညီသော်လည်း လိုအပ်သော လမ်းစဉ်များဖြင့် အားဖြည့်ခြင်း၊ တိုင်းနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ အသိဥာဏ်ဗဟုသုတ ဖြန့်ဝေ ပညာပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် လူထုခေါင်းဆောင်အား ၀န်းရံကြပါစို့ဟု ရေးသား တိုက်တွန်းအပ်ပါတယ်။
ခင်မမမျိုး (၁၄၊ ၁၂၊ ၂၀၁၀)
Sunday, December 12, 2010
ဘိုဘိုကျော်ငြိမ်းသို့တုန့်ပြန်ချက်.......။
၂ဝ၁ဝ ဒီဇင်ဘာ ၁၁၊ စနေနေ့  “မဇ္ဈိမ” ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ “ဘာကြောင့် ဗိုလ်ချုပ်အောင် ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ဘိုဘို ကျော်ငြိမ်းကသာကြာနေ့၊ဒီဇင်ဘာ(၁ဝရက်နေ့ နေ့စွဲနဲ့ရေးထားတာပါ။
“ကျနော်တို့ဗမာလူမျိုးတွေဟာ သူရဲကောင်းကိုးကွယ်ချင်စိတ်ရှိကြတယ်။ ဒါကြောင့် သူရဲ ကောင်းမျှော်တဲ့ (မင်း) လောင်းမျှော်တဲ့အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြ ပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ့်ကိုးချင် တဲ့စိတ်တွေ နည်းပါး လာကြပြီး၊ စကြာဝတေးမင်း မြင်းပျံစီးပြီးလာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရပါတယ်။
……………………………….
စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် (ငါ) တို့ ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊ ဘာတွေ ပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်ရမယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ်ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။”လို့ အစချီပြီး ရေးထားရင်း၊ ဗိုလ်ချုပ်တို့ခေတ်က မျိုးချစ်တော် လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ် ပြရင်း “ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု” တို့ “ကျောင်းသားသမဂ္ဂ”၊ “စုပေါင်းခေါင်းဆောင်မှု” ၊ “မှတ်သားစရာနဲ့ သုံးသပ်မှု” - စတဲ့စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖေါ်ပြသွားရာမှာ၊ ဒီ ဆောင်းပါးထဲမှာ “ဦးကျော်ငြိမ်း” ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာ ရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ်-စတဲ့ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း သင့်သလို တွဲဆက်ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။
“ဦးပေါ်ဦးလျှောက်ထုံး” တွေထဲက ဘိုးတော်ဘုရားနန်းတော်တည်ဖို့မှာ “ကျွန်းသစ်”ကိုပါ စေချင်တဲ့ ဦးပေါ်ဦးက၊ ဘိုးတော်ဘုရားရဲ့  “ပိတောက်နဲ့ မကောင်းဘူးလား” “ပျဉ်းကတိုးနဲ့ မ ကောင်းဘူးလား” ဆိုတဲ့ အမေးတွေကို “ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါ တယ်” “ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲကောင်းပါတယ်” လို့၊ အမြဲလိုလို သူပါစေ ချင်တဲ့ “ကျွန်း” ကို တွဲတွဲပြောသွားလေ့ရှိတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီးအမှတ်ရမိချင် စရာပါပဲ။ ဦးကျော်ငြိမ်းဟာလဲ ခေသူမဟုတ်ဆိုတာ၊ မူကိုအလေးထားတတ် မိမိကိုယ်ကိုမိမိ လေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဥာဏ်အား မြင့်မားသူတ ယောက်ဆိုတာကို ပေါ်လွင် အောင်ရေးသားပြသွားတာလက်ကနဲလက်ကနတွေ့လိုကရပါတယ်။
သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့လူလဲ ရှိမယ်။ မကြိုက်တဲ့သူ လက်မခံတဲ့ လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲ လွဲပိုင်ခွင့်အရ ၊ ဘာမှမပြောလိုပါဘူး။ သူ့သဘောသူဆောင်လိမ့်မယ်လို့ပဲ သဘောထားပါ တယ်။ အထူးသဖြင့် ကနေ့လိုအချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန်ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ “အဓိက ပျောက်” “ပစ်ကွင်းပျောက်” ပြီး “အမြှုပ်ထပလုံစီရမယ့်ကိစ္စမျိုးတွေ” မလုပ်ချင်ပါဘူး။ဒါပေမဲ…
သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အချက်တွေ ပါဝင်နေလေတော့၊ ပြန် လည်ရှင်းလင်းပြမှုမလုပ်ရင် အဓိပ္ပါယ်တမျိုးပေါက်စေနိုင်တဲ့အတွက် လိုအပ်သလောက်ပဲ ကျ နော်ပြန်လည်ရှင်းလင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အချက်တွေကိုပဲ ဖေါ် ပြရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ကြိုက်နှစ်သက်သလို လက်ခံသုံးသပ် သွားကြမှာပဲဖြစ်ပါတယ်။
ကျနော်နဲ့ ပတ်သက်နေတဲ့အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလိုဖေါ်ပြထားပါတယ်…
ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဖက်ဖြစ်ခဲ့သော်လဲ ရာဇဝင်အချက် အလက်ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်းရေးပြခဲ့တယ်။ (မူ) principle ကို အလေး ထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေးစားတာကြောင့်လဲ ဖြစ်ပါတယ်။
သို့သော် အသိဥာဏ်စွမ်းအားနဲသော လက်ဝဲတယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်း တာနဲ့  ရာဇဝင်အချက်တွေကိုပါပြင်ချင်ကြတယ်။
ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ ဦးကျော် ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ ( သခင်တင်မြ ၏ ဖက်ဆစ် တော်လှန်ရေး ဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း-စာမျက်နှာ၄၄)
သို့သော် ဝင်းတင့်ထွန်းရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်း သည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်၊ (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေးရွှေရတုသဘင်) စာအုပ် မှာလည်းဤနည်းတူရေးသားခဲ့ကြတယ်။
ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ) “စစ်တိုင်းများ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့လိုရာဆွဲကောက်ချက်ချပြန်တယ်။ ဒီတုန်းက သခင်ချစ် ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ် ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာတာဝန်မဲ့ရေးသားချက်သာဖြစ်တယ်။
ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက်၊ကွန်မြူနစ်အငြိုးနဲ့ ရာဇ ဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေး တော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ကိုယ်စားလှယ်ခေါင်းဆောင် (၃) ဦးစီ၊ ပေါင်း (၉) ဦးပါပြီး ဗဟိုဦး စီးအဖွဲ့နဲ့စတင်ဖွဲ့ စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ် ၊ တပ်မတော်မှ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်လက်ျာ ၊ ဗိုလ်နေဝင်း တို့ဖြစ်ကြပါ တယ်။ ( သခင်တင်မြ ရဲ့ ဖက်ဆစ်တော် လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း-စာမျက်နှာ၎ဝ)၊
ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်များစွာတွင်လည်း ဖေါ်ပြထားပြီးဖြစ်ပါသည်။ အရေးပါသော ရာဇဝင်အချက်တ ချက်ပင် ဖြစ်သည်။
ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်း ကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကိုကြည့်ပါ) ဒီလို ရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုး လို့မရသလို၊ လိုရာကိုဖြစ်သလိုမရေးကောင်းပါ။
အထက်ပါကွင်းစကွင်းပိတ်ထဲကပါအတိုင်းရေးသားထားပါတယ်။
အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော့်စာအုပ် “အမှောင်ကြားကဗမာပြည်” စာအုပ်ကိုဖေါ်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်ဟာ အဓိကအားဖြင့် အချက် (၃) ချက်ရှိ ပါတယ်။
ပထမအချက်က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး နိုင်ငံ ရေးမှူးတွေခွဲဝေတာဝန်ချထားသတ်မှတ်ရာမှာ၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူး ဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ “ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည်ရန်ကုန်တာဝန်ခံဖြစ်သည်”လို့ဖေါ်ပြထားချက်။
ဒုတိယအချက်က - “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲကောက်ချက်ချထားချက်။
တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ (၉) ဦးဖွဲ့ရာမှာ သခင် တင်မြအစားသခင်ဗဟိန်းကိုပြောင်းလဲထည့်သွင်းရေးသားထားချက်။
သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့် သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလိုရေးသားထားချက်။
တို့ပဲဖြစ်ပါတယ်။
ကျနော်ဘာလို့ဒီလိုရေးသားထားခဲ့သလဲ။
ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အ ထားမဲ့ တာဝန်မဲ့ရေးသားထားတာလား။ တချက်ချင်း ကျနော် ပြန်လည်တုန့် ပြန်သွားပါ့ မယ်။ အဲဒီလို မတုန့်ပြန်ခင်မှာ “အမှောင်ကြားက ဗမာပြည်” စာအုပ်နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောမှဖြစ်မှာကတော့၊ “အမှောင်ကြားကဗမာပြည်” စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကျေ ညာနိုင်တဲ့ ၁၉၄၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အကျဉ်းရုံးဖေါ်ပြထား တဲ့စာအုပ်ဖြစ်ပါတယ်။
ဒါ့ကြောင့် “အမှောင်ကြားက ဗမာပြည်” ဆိုတဲ့ အမည်ကို ပေးထားရုံမက၊ (အနီးခေတ် ဗ မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း ၁၉၄၈ - ၂ဝဝဝ ) လို့လဲ ဖေါ်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ ပြည့်နှစ်အထိအတွင်း အနီးခေတ်နိုင်ငံရေးလှုပ်ရှားမှု သမိုင်း ကိုပဲအကျဉ်းရုံးဖေါ်ပြသွားနိုင်ဖို့ဇောင်းပေးရေးသားထားတာဖြစ်ပါတယ်။
အဲဒီမှာ ၁၉၄၈ ခုနှစ်ကို စပြီးဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်လိုဖြစ်ခဲ့ရ တဲ့ “ပြည်တွင်းစစ်” ကို ဖေါ်ကျူးရေးသားရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူစသလဲ၊ ဘာ့ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရသလဲ-ဆိုတာတွေကို ဖေါ်ပြရာမှာ၊ အဖြစ်အပျက်တွေဟာ ရှောင် တခင်ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်၊ အဲဒီ အကြောင်းရင်းခံ တွေကိုလဲ သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲ ဆက် စပ်ကြည့်ဖို့လိုတယ်-ဆိုပြီး၊ ၁၉၄၈ ခုနှစ်မတိုင်ခင် (၁ဝ) နှစ်တာလောက်အကြောင်းကို မလွှဲမရှောင်သာ နောက်ခံ ကားချပ်ကိုဖေါ်ပြခဲ့ရပါတယ်။
၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတခုလုံးကိုတောင် အကျဉ်းအဖြစ်ပဲ ရေးသားခဲ့ ရာမှာ၊ အဲဒီရဲ့ အဦးအစဖြစ်တဲ့ နောက်ခံကားချပ် (၁ဝ) နှစ်တာဟာ အကျဉ်းရဲ့အကျဉ်း သဖွယ်ပဲချုပ် ပြီးရေးသားခဲ့ရတာ ဖြစ်ပါတယ်။ အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ပတ် သက်ပြီး ရေးသားထား ချက်များဟာ အဲဒီအကျဉ်းထဲကမှ “ဖက်ဆစ်တော်လှန်ရေး” နဲ့ ပတ်သက်တဲ့အခန်းကဏ္ဍထဲက အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲ ကမှ တခန်းတဏ္ဍပါ အချက် (၃) ချက် ပဲဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖေါ်ပြထားချက်တွေထဲက အတိုချုပ်ပြီးရေးထား တာဖြစ်ပေမဲ့၊တချက်ချင်းကျနော်ပြန်လည်ရှင်းလင်းသွားပါ့မယ်။
ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း(၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း-လို့ သခင်တင်မြရဲ့  ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း (၁ဝ)တိုင်းမှာ ဖေါ်ပြထားပါလျက်နဲ့ ကျနော်က “ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန် တာဝန်ခံ ဖြစ်ပါတယ်”လို့ဘာ့ကြောင့်ရေးသားဖေါ်ပြခဲ့တာလဲ။
ကျနော်က အမှန်ကိုပဲ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာပါခဲ့ပြီး၊ အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ သွားရောက်ခဲ့ခြင်းမရှိလို့ပါပဲ။ ဘိုဘိုကျော် ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ထဲကကို ကိုးကားပြခဲ့ပြီး၊ ကျနော်က သခင်တင်မြစာအုပ်ကို ကိုးကားခဲ့ခြင်းမရှိပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူး ချုပ်ကျော်ဇောရဲ့ရေးသားဖေါ်ပြချက်တွေကိုအဓိကထားကိုးကားခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက…
“ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မ ယူခဲ့၊ ပထမတိုင်း (၄) နိုင်ငံရေးမှူးတာဝန်လျာထားရာကိုလဲ မသွား၊ နောက် တိုင်း (၆) နိုင်ငံရေး မှူးတာဝန်ကိုလဲ သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး၊ ရန်ကုန်မှ ဂျပန် တပ်များဆုတ်ခွါပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်း နေခဲ့သည်။” လို့ဖေါ်ပြခဲ့ တာရှိပါတယ်။
မှတ်ချက် (၂) ဆိုပြီးဖေါ်ပြရာမှာ၊ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) မပို့တော့ပဲ၊ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ လို့လဲ ရေးသားထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်ရှု့နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က “ဦးဗဆွေနဲ့ ဦး ကျော်ငြိမ်း ကရန်ကုန်တာဝန်ခံဖြစ်ပါတယ်လို့ရေးသားတာပါ။
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖေါ်ပြထားချက်၊ မှတ်ချက် (၄) ဆိုတာမှာဆိုလျှင်- ၁၉၅၂ ခုနှစ် က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေးအဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း (၄) ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူးတာဝန် ကျတာကို ဘာ့ ကြောင့်မလာသလဲလို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကိုကြောက်လို့ မလာတာ လို့ခပ်ပြောင်ပြောင်ပဲဖြေခဲ့ဖူးတယ်ဆိုတာတောင်ရေးသားထားပါတယ်။
“အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကိုသိနိုင်ပေသည်။” လို့တောင် ရှင်းရှင်း လင်းလင်းဖေါ်ပြ ထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ-စာမျက်နှာ-၈၁) ထဲမှာပဲတဆက်တစပ်တည်းဖတ်ရှု့ကြည့်နိုင်ပါတယ်။ အမုန်းကိုသာ အဓိက ထား ရေးရမယ်ဆိုရင်-အဲဒီလိုအချက်အလက်တွေကိုပါ ကျနော် ရှာဖွေရေးထည့်လိုက်မှာ ဖြစ် ပါတယ်။အခုကျနော်အတိုချုပ်ပဲရေးပြခဲ့တာဖြစ်ပါတယ်။
ဒုတိယအချက်၊ “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်းဖြစ်သည်” လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက်ဆိုတာနဲ့ပတ်သက်ပြီးလဲ ကျနော်ရှင်းပြနိုင် ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ အတိုချုပ်ပြီး ရေးခဲ့ တာအမှန်ကအဲဒီစာမျက်နှာ(၃၅)မှာ…
“စစ်တိုင်းများရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး၊ စစ် ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်းဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေးခေါင်း ဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ သခင် တင်မြ၊ ကိုစံညွန့်တို့ဖြစ်ကြပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင် မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း။ ဗိုလ်ရဲထွတ်၊ ဗိုလ်မှူး အောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့ဖြစ်ပြီး တိုင်း(၂) တိုင်း (၄)ဆက်သွယ်ရေးတာဝန်ခံ က ဗိုလ်လက်ျာဖြစ်ပါတယ်လို့ရေးခဲ့တာပါ။အဲဒီတော့…
အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ်ထောက်ပြ ချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းက အထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး၊ မေလဆန်း ကွန်မြူနစ်ပါတီဌာန ချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်း ပြောင်း လဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ်ကြီးအဖြစ် ပြတ်ပြတ်သားသား ဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ဖေါ်ပြခဲ့မိတာဟာ ဘိုဘို ကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ်ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ် တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ်တိတိလင်း လင်းခံယူလိုက်တော့)၊ ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့ မလား။
တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ (၉) ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်၊ ဝင်းတင့်ထွန်းဟာ သခင် တင်မြကို ကြည့်မရ၍သော်၎င်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်၎င်း၊ သခင် တင်မြ အစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ်ဆိုတဲ့ကိစ္စအပေါ်မှာလဲ ကျနော် ရှင်းလင်းပြ နိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနော်မတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ “တိုင်းကြီး (၁ဝ)တိုင်း”ကိုပဲကိုင်ပြီးတဖက်သတ်ပြောဆိုနေတာဖြစ်တယ်။
ဟုတ်ပါတယ် … ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့် မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါ ပဲ။ ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကိုကိုင်စွဲပြီး ရေးခဲ့တာမဟုတ်ဘူး။ သခင်တင် မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော့်ရဲ့ ရေးသားချက်အတွက် ကျနော်ကိုး ကားခဲ့တဲ့ “ကျမ်းကိုးစာရင်း”ကိုလဲ စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားရာမှာ၊ သခင်တင်
မြရဲ့ အဲဒီတိုင်းကြီး (၁ဝ) တိုင်း မပါပါဘူး။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ကျနော်ကိုးကား ခဲ့တာက သခင်ကြီးတွေစုစုပေါင်း ရာဂဏန်းလောက်ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီ တီတွေဖွဲ့ပြီး အထပ်ထပ်ရေးသားခဲ့ကြတဲ့ “တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့” က ပြုစုထုတ်ဝေခဲ့တဲ့ “တို့ဗမာအစည်းအရုံးသမိုင်း”ပါအချက်အလက်အရရေးခဲ့တာပါ။
အဲဒီ တို့ဗမာအစည်းအရုံးသမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးဘူးလို့ထင်ပါတယ်။ ဦးသိန်းဖေ မြင့်လဲ ရှိနေသေးရုံမက အဲဒီသမိုင်း ပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါဝင်နေပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းဖေ၊ သခင် သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ “ဒို့ဗမာ အစည်းအရုံးသမိုင်း” ဒုတိယတွဲ စာမျက်နှာ (၅၈ဝ) မှာ “မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီးဖွဲ့စည်းခြင်း”ဆိုတဲ့အခန်းမှာဟောဒီလိုရေးထားပါတယ်။…
“ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့  အရေးတော်ပုံပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက် ဆစ်တိုက် ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ခေါင်းဆောင်များမှာ-
၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်-တို့ ဖြစ်ကြသည်။”
တဲ့။
အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်း ရပြီး အပြင်မှာ ရှိနေသေးတဲ့အချိန်လို့ပြောရမှာပါ။ ၁၉၇၆ ခုနှစ် ပထမအကြိမ် သောင်းနဲ့ ချီထုတ် ဝေထွက်ပေါ်လာခဲ့ရာမှာ အချက်အလက်မှားနေတယ်လို့လဲ ပြောသံထွက်လာတာ မကြားခဲ့ရ ဖူးပါဘူး။ ဒါကြောင့် သခင်တင်မြတယောက်တည်းရေးတာထက်၊ သခင်တွေ ရာနဲ့ချီရေးထား တဲ့ အဲဒီစာအုပ်ပါအချက်အလက်ကို ကျနော်ကိုးကားရေးသားခဲ့တာ ဖြစ်သလို၊ အဲဒီအချက်နဲ့ ပတ်သက်ပြီး နောက်ထပ်ကိုးကားမိခဲ့တဲ့ အထောက်အထား စာ အုပ်တအုပ်လဲ ရှိပါသေးတယ်။
တက္ကသိုလ်များသမိုင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓါန်” စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့အမှာ ရေးသား ထားကြတဲ့ စာအုပ်ပါ။ အဲဒီ “မြဟန်” ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန်” ထဲမှာလဲ စာမျက်နှာ(၁ဝ၄) မှာ၊ “ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့် ဖေါ်ပြထားရာမှာ ဟောဒီလို ရေးသားထားပါတယ်။
ဖတပလဗဟိုဦးစီးအဖွဲ့ဝင်(၉)ဦး…..
၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊၇။သခင်ချစ်၊၈။ကိုဗဆွေ၊၉။ကိုကျော်ငြိမ်းဆိုပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီစာအုပ် နှစ်အုပ်ပါ အချက်အလက်ကို အထောက်အထားပြုပြီး၊ ကျနော့်ရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ အဲဒီအချက်အလက်ကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်းထင်သလိုသခင်တင်မြကိုကြည့်မရလို့ မလိုတမာပြောင်းလဲရေးသားခဲ့ခြင်း မ ဟုတ်ပါ။ အဲဒီစာအုပ် (၂) အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှု့ကြည့်ဖို့ လိုပါလိမ့် မယ်။
သမိုင်းကိုရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အရာကိစ္စတွေဟာ များသောအား ဖြင့် ကျနော်တို့ မမီ မတွေ့လိုက်ရဖူးတဲ့ကိစ္စတွေက အများစုကြီးဖြစ်တဲ့အတွက်၊ အကိုးအ ကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော် မှီငြမ်းကိုး ကားခဲ့တဲ့ “ကျမ်းကိုး” စာရင်းကိုလဲ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ အမှာစာမှာလဲ “ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ်ဝေဖန်အကြံပေးကြမှုမှန်သမျှလေးစားစွာကြိုဆိုရင်း၊ နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်၊” လို့ ရိုး ရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။
သမိုင်းဆိုတာ ညာလို့မရသလို၊ ညှာလို့လဲမရပါဘူး။ ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွား စေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။
(ဝင်းတင့်ထွန်း)
၁၂- ၁၂- ၂ဝ၁ဝ
Tuesday, August 17, 2010
တော်လှန်ရေး အဖွဲ့အစည်းများ
တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ တော်လှန်ရေးဆင်နွှဲဖို့အတွက် တော်လှန်ရေးသမားတွေ စုစည်းမိလာ ကြတဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းကို ဘယ်လိုသဏ္ဍာန်နဲ့ စုဖွဲ့ပြင်ဆင်မှာလဲ ဆိုတာက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လူအများကို အခြေပြုတဲ့ (Mass-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ထိပ်ပိုင်းက လူအနည်းစုကို အခြေပြုတဲ့ (Elite-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ဗဟိုဦးစီးစနစ် (Centralization) ကို အခြေခံမှာလား၊ ဗဟိုဦးစီးမှုဖြေလျှော့ထားသောစနစ် (Decentralization) ကို အခြေခံမှာလား ဆိုတဲ့ စဉ်းစားရွေးချယ်စရာ အချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ centralization စနစ်ကို ကျင့်သုံးမှာလား၊ decentralization စနစ်ကို ကျင့်သုံးမှာလား ဆိုတာက ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်လုပ်ကိုင်ကြမယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ လူတ ယောက်ကပဲ ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးချမှတ်မယ်ဆိုရင် centralization စနစ် ကိုကျင့်သုံးတယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ လူအယောက် (၁၀၀၀) ရှိတဲ့ အဖွဲ့အစည်း ထဲမှာ ဆုံးဖြတ်ချက်တွေအားလုံးက လူအယောက် (၁၀၀၀) လုံးက ညီတူညာတူဆုံးဖြတ်ချက် ချမှတ်မယ်ဆိုရင်တော့ decentralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မဟုတ်ပဲ သာမန်အဖွဲ့ဝင်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့နဲ့ ခေါင်းဆောင်ငယ် တွေက ဆုံးဖြတ်ချက်အများစုကို ချမှတ်ပြီး၊ ဗဟိုအမှုဆောင်များက အရေးပါတဲ့ဆုံးဖြတ် ချက်အချို့ကို ချမှတ်မယ်ဆိုရင်တော့ centralization- decentralization continuum ရဲ့ အလယ်အလတ် စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရေးရာ လေ့လာဆန်းစစ်သူ Jennergren က decentralization စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေမှာလဲ decentralized လုံးဝမလုပ်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေရှိသေးကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အဲဒီ အရေးကြီးဆုံးဖြတ်ချက် များ (important decisions) တွေထဲမှာ အဖွဲ့အစည်းရေးရာဦးတည်ချက်များ (Organizational Objectives)၊ မဟာဗျူဟာ စီမံချက်များ (Strategic Plans) နဲ့ အခြေခံမူ ၀ါဒများ (Basic Policies) စတာတွေ ပါဝင်ပါတယ်။
စီးပွားရေးလောကက အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ အဖွဲ့အစည်းရေးရာ လေ့လာသူ Mintzberg က ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် ထိပ်ပိုင်းခါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ရှိပြီး၊ ဈေးကွက်ရှာဖွေရေးနဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အလယ်အလတ်ခေါင်းဆောင်များက ဆုံးဖြတ်ချက် ချလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ centralized decisions တွေ ရှိနိုင်သလို decentralized decisions တွေလဲ ရှိနိုင်ကြောင်း သိသာ ထင်ရှားလှပါတယ်။ centralization နဲ့ decentralization စနစ်တွေကိုပဲ သီးခြား ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေဆိုတာ မရှိသလောက်ရှားပါးလှပါတယ်။ အဖွဲ့အစည်းရဲ့သဘောသဘာဝ ပေါ်မူတည်ပြီး degree of decentralization ကတော့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။
decentralization ဟာ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အခြေခံပြီး၊ ဆုံးဖြတ်ချက်ချမှတ်မှု အတွက် သတင်းအချက်အလက်ဟာ အရေးပါလာတဲ့အခါမှာ အိုင်အက်စ်လို့ခေါ်တဲ့ သတင်း အချက်အလက်စနစ် (Information System) ရဲ့ အခန်းကဏ္ဍဟာလဲ degree of decentralization အပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ တိုးတက်လာတဲ့ အိုင်အက်စ် စနစ်နဲ့ centralization/ decentralization တို့အကြားက ဆက်နွယ်မှုနှစ်ခုကို ပညာရှင် တွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်အနေနဲ့ အိုင်အက်စ်စနစ်ဟာ ဆုံးဖြတ် ချက်တွေချမှတ်ဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်စေတဲ့ အတွက် centralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခြားတဘက်မှာလဲ အိုင်အက်စ်စနစ် ဟာ အဖွဲ့အစည်းအတွင်းက စီမံခန့်ခွဲမှုအဆင့်တိုင်းကို သတင်းအချက်အလက်တွေ ပြည့် ပြည့်စုံစုံ ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက် ခြေအဆင့်ဆင့်ကို ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ခွင့်တွေ ပေးအပ်နိုင်ပြီး decentralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။
ဒါကြောင့် မတရားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကို ဖြိုလှဲဖို့ ကြိုးစားလုပ်ဆောင်ကြတဲ့ political entrepreneurs တွေအနေနဲ့ အိုင်အက်စ်စနစ်ကို သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ လိုအပ်ကြောင်း ပညာရှင်များကို ထောက်ပြပြောဆိုကြ ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုထိရောက်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စိန်ခေါ်နိုင်မှုတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ တဆင့် တော်လှန်ရေးကွန်ယက်တွေ ချိတ်ဆက်ဖွဲ့စည်းပြီး ကွန်ယက်စစ်ပွဲ (netwar) ကို ဆင်နွှဲနိုင်ကြောင်း စစ်မဟာဗျူဟာလေ့လာရေး ပညာရှင် Arquilla နဲ့ Ronfeldt တို့က အကြံပြုထားခဲ့ကြပါတယ်။
ခေတ်မီဖွံ့ဖြိုးတဲ့ နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲတွေကို တော်လှန်ရေးအင်အားစုကြီး တွေနဲ့ ထိပ်တိုက်တိုက်ပွဲဝင်စရာမလိုပဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွေကို တိုက်ရိုက် တိုက်ခိုက်လာနိုင်စေပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အာဏာ ရှင်ယန္တရားကို ထောက်ကူပေးတဲ့ ဘဏ်တခုကို လူအင်အားသုံးပြီး ၀င်ရောက်စီးနင်းတိုက် ခိုက်တာထက် ဒီဘဏ်လုပ်ငန်းလည်ပတ်မှုကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို တိုက်ခိုက် နိုင်မှုက ပိုပြီး ထိရောက်မှုရှိလာကြောင်း ပြောဆိုလာကြပါတယ်။
ဒါပေမယ့်လဲ ခေတ်မီတိုးတက်တဲ့ အိုင်တီစနစ်၊ အိုင်အက်စ်စနစ်တွေကို အသုံးပြုခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ လုံခြုံရေး (security of the organization) ကို ထိခိုက်မှုရှိစေနိုင်ကြောင်း ကိုလဲ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင် Bell ဆိုခဲ့တဲ့အတိုင်း တော်လှန်ရေး အဖွဲ့အစည်းတွေ ပတ်သက်တဲ့ old wives' tale တခုရှိပါတယ်။ ဒါကတော့ အဖွဲ့အစည်းရဲ့ လုံခြုံရေး (Security of the organization) နဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက် အောင်မြင် အောင် လုပ်ဆောင်နိုင်မှု (efficiency) တို့ အကြားမှာ ပြောင်းပြန်ဆက်စပ်မှု (inverse relation) ရှိနေတာပဲ ဖြစ်ပါတယ်။
လံခြုံရေးဆိုတာက နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားရဲ့ ချေမှုန်းနိုင်စွမ်းကို တောင့်ခံနိုင်မှုနဲ့ သတင်းအချက်အလက်ပေါက်ကြားမှုကို ထိန်းချုပ်နိုင်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ Efficiency ဆိုတာကတော့ ချမှတ်ထားတဲ့ စီမံချက်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးအဆက်ဆက်ရဲ့ သင်ခန်းစာများအရ Efficiency ကို အာရုံစိုက် လုပ်ဆောင်မှုများလေလေ၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်လေလေပဲ ဖြစ်ပါတယ်။ မဟာဗျူဟာလေ့လာသူ McCormick က တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပြီး ကွန်ယက်ချိတ်ဆက်မှုတွေ၊ decentralization process တွေကို အကောင်အထည်ဖော်တဲ့အခါ အချိန်အနည်းငယ်အတွင်း Efficiency ဖြစ်အောင် လုပ်ဆောင်နိုင်မှသာ အောင်ပွဲကို ရမှာဖြစ်ပြီး၊ အချိန်ကြာလာခဲ့ရင်တော့ တော်လှန်ရေးအဖွဲ့ အစည်းရဲ့ လုံခြုံရေးကို ထိခိုက်မှု ပိုများလာတာနဲ့အမျှ ပျက်စီးတိမ်ကောသွားနိုင်ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ရေတိုကာ လမှာ Efficiency ရဖို့အတွက် ရေရှည်ရပ်တည်နိုင်မှုရဲ့ security ကို ဘယ်လောက် အတိုင်းအတာအထိ sacrifice လုပ်ဖို့သင့်သလဲဆိုတာကို တိုက်ပွဲဖော်ဆောင် လှုပ်ရှားမှု သဏ္ဍာန်တိုင်းမှာ ရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။
ဒီလိုမဟုတ်ပဲ ဗဟိုဦးစီးစနစ်နဲ့ မြေအောက်ဆဲလ်တွေအပေါ်မှာ အခြေခံတည်ဆောက်မှု သဏ္ဍာန် (hierarchical cell-based organization) ကနေ ကွန်ယက်သဏ္ဍာန် (network structures) ကို ကူးပြောင်းမှု လုပ်မယ်ဆိုရင်လဲ တိုးတက်ပြောင်းလဲလာတဲ့ efficiency နဲ့ ညီမျှတဲ့ security ကို တပြိုင်တည်း တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ Network structures ပေါ် အခြေခံတဲ့ ချိတ်ဆက်မှုတွေမှာ အဖွဲ့အစည်းငယ်လေးတွေ (nodes) အများအပြား ပါဝင်ပြီး၊ ဒီ nodes တွေအကြားက ဆက်စပ်မှု၊ ဆက်သွယ်မှု (interconnections) တွေလဲ အများအပြား ပါရှိတဲ့အတွက် သတင်းလုံခြုံရေး ရဖို့ဆိုတာကတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ Node တခုကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားဒေါက်တိုင်တွေက ခြေရာခံမိတာနဲ့ Network structure ကြီးတခုလုံးကို ရန်သူက ဖြိုခွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတတ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် centralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက security ကောင်းမွန်ပြီး ရေရှည်မြှုပ်နှံဖို့ လိုအပ်တဲ့ တော်လှန်ရေးအတွက် ပိုပြီး အသုံးဝင်တတ်သလို၊ decentralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက efficiency တိုးမြှင့်ပေးနိုင်တဲ့အတွက် ရေတိုတော်လှန်ရေးကာလအတွင်း အောင်ပွဲရနိုင်မှုအတွက် အသုံးဝင်တတ်ပါတယ်။ သက် ဆိုင်ရာတော်လှန်ရေးရဲ့ ရေတိုရေရှည် အတိမ်အနက်ကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက် နိုင်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ရေရှည်မြှုပ်နှံရမယ့် မြေအောက်တော်လှန်ရေးအချိန်မှာ ပဲ့ကထောင်၊ ဦးကနင်းနဲ့ ကသောင်းကနင်း decentralization အဖွဲ့အစည်းတွေ မှိုလိုပေါက် လာပြီး၊ ရေတိုကာလအတွင်း အဆုံးသတ်တိုက်ပွဲနွှဲရမယ့် အချိန်မှာကျတော့မှ ဟိုအဖွဲ့ကလဲ နှစ်ယောက်တပိုင်း၊ ဒီအဖွဲ့ကလဲ မချိသာမဆန့်သာနဲ့ မပီမပြင်ထွက်ပေါ်လာတာမျိုးတွေ ကြုံတွေ့ကြရမှာပဲ။
တော်လှန်ရေးအဖွဲ့အစည်းတွေမှာ elite-based နဲ့ Mass-based organization ကွဲပြားမှု တွေလဲ ရှိပါသေးတယ်။ centralization/ decentralization ကွဲပြားမှု သဏ္ဍာန်လိုပါပဲ။ continuum အနေနဲ့သာ ရှိပါတယ်။ ရေပေါ်ဆီအခြေပြုအဖွဲ့အစည်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုပြီး သီးခြားခွဲထုတ်နိုင်ဖို့ကတော့ အလွန်ခဲယဉ်းလှပါတယ်။ အဖွဲ့အစည်းတခု ဟာ elite-based လား၊ mass-based လားဆိုတာကို ပညာရှင်အများစုက အဖွဲ့အစည်းရဲ့ အရွယ်အစားနဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ အလွယ် တကူ စဉ်းစားနိုင်တဲ့ နည်းလမ်းတခုကတော့ တော်လှန်ရေးအဖွဲ့အစည်းတခုမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် ဆယ်ယောက်ကို ဖမ်းဆီးထောင်ချလိုက်ရင် (သို့မဟုတ်) လုပ်ကြံသတ် ဖြတ်လိုက်ရင် ဒီအဖွဲ့အစည်းရဲ့ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမှု ရှိမရှိ ဆိုတာပါပဲ။ ဒီလိုဖြစ်မယ်ဆိုရင်တော့ ဒါကို elite-based revolutionary organization လို့ သတ်မှတ်နိုင် ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့အစည်းအတွင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တ၀က်ကျော်ကို ချေမှုန်းနိုင်မှ သာ အောင်ပွဲရနိုင်မှုစွမ်းရည် ကျဆင်းသွားမယ်ဆိုရင်တော့ ဒါကို mass-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။
တော်လှန်ရေးတရပ်ဆင်နွှဲရာမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ elite-based များနေရင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ဒေါက်တိုင်တွေအနေနဲ့ ဖြိုခွင်းရ လွယ်ကူပါတယ်။ ဒီလိုအာဏာပိုင်တွေဘက်ကနေ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းအားဖြင့် တော်လှန်ရေးဟာလဲ ကြန့်ကြာနေတတ်ပါတယ်။ Mass-based များ နေရင်တော့ ဖြိုခွင်းရ ခက်ခဲတတ်တာကြောင့် တော်လှန်ရေးဘက်မှာ ပိုပြီး အားသာချက်ရှိ လာနိုင်ပါတယ်။
စစ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းရဲ့ centre of gravity ဟာ ဘယ်မှာတည်ရှိနေလဲဆိုတာကို သိလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ elite-based, mass-based သဏ္ဍာန်ကို ဆန်းစစ်နိုင်လာပြီး၊ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်နိုင် မှုအတိုင်းအတာကို သုံးသပ်မှန်းဆနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရူပဗေဒပညာရပ်မှာ centre of gravity ဆိုတာ ရုပ်ဝတ္တုတခုရဲ့ ရွေ့လျားခြင်း၊ လည်ပတ်ခြင်း၊ ရွေ့လျားမှု ရပ်ဆိုင်းခြင်းတွေကို ဖြစ်ပေါ်စေတဲ့ extraneous forces အားလုံး ဆုံတဲ့ ဆုံမှတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝတ်စ်က စစ်တပ်များ တပ်စွဲနေရာယူမှုတွေကို ဖော်ပြတဲ့အခါမှာ ဒီသဘောတရားကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တနည်းဆိုရင် centre of gravity ဆိုတာ ပါဝါနဲ့ လှုပ်ရှားမှုတွေ အားလုံးတည်မှီနေတဲ့ hub တခုလို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးနိုင်သော၊ အားအကောင်းဆုံးသော တပ်ရင်း၊ တပ်မတွေကို centre of gravity အနေနဲ့ conventional war တွေမှာ သတ်မှတ် လေ့ရှိကြပါတယ်။
ကလော့ဝစ်ရဲ့ strategic doctrine အရ တပ်မှူးတွေဟာ မိမိရဲ့ centre of gravity ကို သိဖို့ လိုအပ်သလို၊ တဘက်ရန်သူရဲ့ centre of gravity ကိုလဲ သိဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလဲ ဒီအတိုင်းပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ centre of gravity ကိုသာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားရဲ့ centre of gravity ကိုပါ သိဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ centre of gravity ဟာ mass-based မဟုတ်ပဲ elite-based ဖြစ်နေသရွေ့ ကာလပတ်လုံးမှာတော့ အောင်ပွဲနဲ့ ဝေးကွာနေဦးမှာ အသေအချာပါပဲ။
ခင်မမမျိုး (၁၇၊ ၈၊ ၂၀၁၀)
ရည်ညွှန်းကိုးကားစာရင်း
Arquilla, J. & Ronfeldt, D. (1997) 'The Advent of Netwar', in 'In Athena's Camp: Preparing for Conflict in the Information Age', Santa Monica: RAND
Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)
Jennergren, L. P. (1981) 'Decentralization in Organizations', in Nystrom, P. & Starbuch, W. (eds.) Handbook of Organizational Design: Volume 2, Remodeling Organizations and their Environments, Oxford, Oxford University Press
McCormick, G. H. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998
Mintzberg, H. (1993) Structure in Fives: Designing Effective Organizations, Englewood Cliffs, N.J.: Prentice Hall
Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill
Monday, July 19, 2010
၆၃ကို တိုင်တည်ခြင်း

၆၃ကို တိုင်တည်ခြင်း
ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်၊
မကောင်းဆိုးဝါးခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ၊
ခံစားမှုစာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်၊
ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ၊
မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့ ။ ။
ဒေါင်းနီ
ဝ၇ - ၁၆ - ၂ဝ၁ဝ

