Monday, March 30, 2009

မျိုးဆက်သစ်သင်္ကြန် (အော်ရီဂွန်)


လာမဲ့ ဧပြီလ(၁၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်ရောက် မြန်မာလူ ငယ်တွေရဲ့ ရိုးရာအတာသင်္ကြန် ဖိတ်စာပါ။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်နေ ကြသော်လည်း မြန်မာ့ ရိုးရာယဉ်ကျေးမှုကိုတော့ တခုတ်တရ တမ်းတမိကြတာပါ။ မိဘတွေ နဲ့အတူ အမေရိကားကိုရောက်လာကြတဲ့ ခလေးတွေ၊လူငယ်တွေကိုလဲ ရိုးရာသင်္ကြန်ရဲ့ အစဉ် အလာတွေကို ဆက်လက်လက်ဆင့်ကမ်းလိုတဲ့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ်သင်္ကြန်မဏ္ဍပ်ကို မွေးဖွားလိုက်ကြတယ် ဆိုပါတော့။ ဖိတ်စာမှာပါတဲ့ ပန်းချီလေးကိုတော့ ကျနော်တို့ရဲ့ရဲဘော်ကြီး ပန်းချီသစ်နက်ဆူး ဘလော်ဂါ ဆူးပြတိုက် က နော်ဝေနိုင်ငံကနေ မေတ္တာနဲ့ရေးဆွဲပေးလိုက်တာပါ အထူးလဲကျေးဇူးတင်ရပါတယ်။


ဖိတ်စာမရကြပေမဲ့ ရပ်နီး၊ ရပ်ဝေးမှ မိတ်ဆွေတွေကိုလဲ မျှဝေလိုက်ပါတယ် မုဒိတာပွားနိုင်ကြ ပါစေ လာရောက်ဆင်နွှဲဘို့ကိုလဲ အားလုံးကိုဖိတ်ခေါ်ပါရစေ။ မြန်မာ့ရိုးရာအစားအစာ၊ ရိုးရာ သံချပ်၊ မြန်မာ့သမီးပျိုလေးတွေရဲ့ မြန်မာ့အက၊ တေးဂီတအစီအစဉ် စသည့်စသည်ဖြင့် တင်ဆက်၊ဆင်နွှဲကြမှာဖြစ်တဲ့အကြောင်း သတင်းပါးလိုက်ရပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, March 28, 2009

တောချောက်ခြင်း...(ယဉ်ထွန်း)


မိုးကောင်းကင်တောင်မှ
မလှပတဲ့အချိန်တွေ ရှိရှိနေတတ်တာ
နင့်ဘဝ၊ ငါ့ဘဝ
ပြောနေကြအတိုင်းပြောရရင်
လှချင်တိုင်းလှမတဲ့လား…။

ကမ္ဘာကြီးပူနွေးလာပြီး
လူတွေလဲပူနွေးနေလိုက်တာ
ပိုလာဝက်ဝံတွေကြတော့
နေစရာပျောက်ပျောက်လာရော
အိုဇုန်းလွှာပါးပါးလာတော့
လူတွေလဲပါးပါးလာကြတယ်
ကြာလာရင်
လူသားကနေ လူပါးလို့တောင်ပြောင်းသွားမလားပဲ…။

ခေတ်ကြီးရယ်တဲ့ မီဒီယာ
ငယ်ငယ်က အမေ့သားချော့တေး
ကြောင်ကြီးရယ်တဲ့ မီးတံတို
အဆီကိုစားလို့အသားကိုမျို…။

ဟော့ဒီအဖြစ်အပျက်တွေဟာ
ခလုတ်တိုက်နေတာမဟုတ်ဘူး
ဖားပြုတ်ကိုက်နေတာဗျို့
လူသားဆန်စွာပဲ လူပါးဝလိုက်ကြတာ
ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း…။

ကဲပါလေ
သမိုင်းရေး အမြင်အရ
မရိုင်းကြေး ပြောကြစတမ်းဆိုရင်
လူ့အဖွဲ့အစည်းကို
လူသားတွေက ချစ်သလောက်
လူပါးတွေက နှစ်နှစ်ပစ်နေတာပါပဲ…။

ကဲ…. ကိုလူပါးတို့ရေ
အစာဝရင်ဖြင့် ဌာနကို
မတိမ်းမစောင်း
ဗိန်းမောင်းနဲ့သာကြွ….။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, March 27, 2009

ဟေး...အာရွဲ့လာအုံး...။


စာမရေးဖြစ်တာလဲ အတော်ကြာသွားတယ်ဗျာ ရေးမယ်လို့တည်လိုက် ရေးခြင်စိတ်ကိုမရှိ သလိုပဲလေ ကမ္ဘာ့ recession မှာ ကျနော်က depression များဖြစ်နေသလားမသိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ လောကဓံတွေဆိုတာ ဒီလိုပဲကြုံရမှာမဟုတ်လား အတက်အကျ၊ အချိုးအကွေ့၊ အလှည့်အပြောင်း မျိုးစုံကြုံရမှာပဲလေ မတတ်နိုင်ဘူးဗျို။ မနေ့က ကျနော်အဖေနဲ့ကျနော် နိုင်ငံရေး၊ ကမ္ဘာ့အရေး ပြောဆိုဆွေး နွေးဖြစ်တယ်လေ။ စကားဝိုင်းဖွဲ့တာ နောက်ပိုင်းကြတော့ ရပ်ဓလေ့ရွာဓလေ့ အကြောင်းလေးတွေဆီ ရောက်သွားကြပါရော အဖေက အသက်အရွယ်အရသိတဲ့အသိတွေ၊ အတွေ့အကြုံအရသိတဲ့အသိတွေကို ကျနော်တို့ကို ဟိုးအရင်ကတည်းက ပြောပြောပြလေ့ရှိတယ်ဗျ။

သူပြောပြတဲ့ အကြောင်းအရာလေးက ကျနော့်အတွက်တော့ ဟာသနှောတယ်ဆိုပေမဲ့ သင်္ခန်းစာရလိုက်တယ်ဗျာ။ အဲ့ဒီ့အကြောင်း လေးပြန်မျှချင်တယ်ဗျို့….။ ဒီလိုဗျ အထက်ဗမာ ပြည်က ရွာတရွာမှာပေါ့ဗျာ လူတယောက်ကို အဲ့ဒီရွာကလူတွေက သူတပါးကိုပြော ဆိုရာမှာ သိတ်ကိုတည့်တိုးပြောတတ်လွန်းလို့၊ လူတွေနဲ့ခဏခဏပြသာနာတက်လွန်းလို့ နောက်ဆုံးတော့ အဲ့ဒီ့လူကို ရွာအပြင်ကို ထုတ်ပစ်လိုက်ကြတယ်တဲ့ ရွာအပြင်မှာထွက်နေခိုင်းတယ်ပေါ့ ဗျာ။ ဒီလူပြောတဲ့စကားတွေက ပြောရရင်တော့မှန်တယ်ဗျ ဒါပေမဲ့ သူတပါးလက်ခံအောင် ပါတ်ဝန်းကျင်ကနားခံသာတဲ့ပုံစံမျိုး မရှိတာတဲ့။ တဖက်သားခံနိုင်၏၊ မခံနိုင်၏မကြည့်ပဲပြောတတ်တာဆိုပဲ ဒါကလဲလူတိုင်းဖြစ်ဘူးကြတာပါပဲ သူကတော့အမြဲတမ်း ပြောနေကြဆိုတော့ နောက်ဆုံး ရွာပြင်အထုတ်ခံလိုက်ရတော့တာ ဆိုပါတော့။

တရက်မှာတော့ အဲ့ဒီလူနေတဲ့တဲလေးနားကို ခရီးသွားဧည့်သည်တယောက် ရောက်လာတယ်တဲ့ ရေဝင်တောင်းသောက်ရင်း စကားစမြည်လေး ပြောကြတာပေါ့ ခရီးသွားဧည်သည်လဲ နေကပူတော့ ဆောင်းလာတဲ့ဦးထုတ်လေးဘေးချပြီး စကားစမြည်ပြော တာပေါ့။ “နောင်ကြီးက ဘာဖြစ်လို့ ရွာအပြင်မှာတယောက်တည်း နေနေရတာတုန်း”လို့ဆိုသတဲ့ “ကျုပ်ကအမှန် တွေပြောတတ် လွန်းလို့ ရွာအပြင်ထုတ်ခံထားရတာပါ” လို့ သူ(ရွာအပြင်ထုတ်ခံထားရသူ) ကပြန်ပြောသတဲ့ ခရီးသွားဧည့်သည်လဲ စကားပြောပုံက တော့ ဘွင်းဘွင်းသမားပုံပဲ လူတယောက်အခုလို ရွာအပြင်ကိုထုတ်ခံထားရတာက ခိုးလို့၊လိမ်လို့ ဒါမှမဟုတ် ရပ်ရွာစည်းကမ်း မလိုက် နာလို့ ရုတ်စွအဆုံး အနူရောဂါရှိ လို့(စစ်ကြိုခေတ်က အထက်အညာဒေသ တွေမှာ အနူရောဂါဖြစ်ရင် ရွာအပြင်ထုတ်ထားလေ့ ရှိ့ပါ တယ်ကုစရာဆေးမပေါ်သေးတော့ တခြားသူ တွေကူးမှာစိုးလို့ လုပ်လေ့လုပ်ထရှိတယ် လို့ကြားဘူးပါတယ်) ဆို ဟုတ်သေးရဲ့ အခုတော့ ဘာဖြစ်ပါလိမ့်လို့ တွေးမိတယ်တဲ့လေ…။

နောက်တော့ ခရီးသွားဧည်သည်လဲ အဲ့ဒီပုဂ္ဂိုလ်ကိုနှုတ်ဆက်ပြီး သှူုတဲ့လေးကနေထွက် လာတာပေါ့ ဖြစ်ချင်တော့ ခရီးသွားက သူ့ဦးထုတ်လေး မေ့ပြီးချထားခဲ့မိတယ်လေ ဒီတော့ တဲရှင်က အော်..သူ့ဦးထုတ်လေးမေ့သွားပါလား ဆိုပြီး ခပ်လှမ်းလှမ်းရောက် နေတာကို အခုလို လှမ်းအော်ပြောသတဲ့..“ဟေး … အာရွဲ့လာအုံး” “ဒီမှာမင်းဦးထုတ်မေ့ကျန်နေပြီ” လို့ လှမ်း အော်ပြောသတဲ့ ဒီတော့ခရီးသွားလည်း ခတ်သုတ်သုတ်လေးပြန်လျှောက်လာပြီး သူ့ဦးထုတ် လေးပြန်ကောက်ရင်း မှတ်ချက်ပေးသတဲ့ “ခင်ဗျားကတော့ ရွာအပြင်ထုတ်ထားရုံမကဘူး ဒီ့ထက်ဝေးတဲ့နေရာကို ပို့လိုက်ဘို့ကောင်းတာ” လို့ပြောသွားသတဲ့ ဘာဖြစ်နေလို့လဲဆို တော့ အဲ့ဒီ့ခရီးသွားဟာ ပါးစပ်လေးမွေးရာပါရွဲ့နေတဲ့သူတဲ့ဗျာ…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, March 16, 2009

ဗိုလ်သိန်းစိန်ရဲ့အင်ဒိုနီးရှားခရီးနဲ့စဉ်းစားစရာများ

ဓါတ်ပုံ- အေပီ

ဗိုလ်သိန်းစိန်အင်ဒိုနီးရှားကို ဆိုင်းမဆင့်ဗုံမဆင့်သွားတာကို သတိပြုမိပါသလား။

အချိန်အခါ၊ အဖြစ်အပျက် တိုက်ဆိုင်မှုတွေကိုရောဆက်စပ်စဉ်းစားမိပါသလား။
စဉ်းစားစရာတွေများပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။
အခုသွားတာဟာ အမေရိကန်သမတအိုဘားမားက အင်ဒိုနီးရှာားသမတ ဆူဆလိုဘမ်ဘမ်းယူရိုယူနိုနဲ့ ဗမာပြည် ကိစ္စကို တယ်လီဖုံးနဲ့ ပြောကြပြီးချိန်မှာ ဗိုလ်သိန်းစိန်က ကောက်ကာငင်ကာ သွားလိုက်တာဖြစ်နေလို့ စဉ်းစားစ ရာကောင်းလှတယ်လို့ ပြောရတာဖြစ်ပါတယ်။
ဒီတော့စဉ်းစားကြည့်ပါမယ်။
ဝါရှင်တန်ဟာ အရှေတောင်အာရှ၊ အထူးသဖြင့်အေစီယံနိုင်ငံတွေရဲ့ကိစ္စများ ဆောင်ရွက်ရာမှာ ဂျကာတာကို စခန်းထောက်တခုလို ရွေး ချယ်ခဲ့တာကို တော်တော်စောစောကတည်းကပဲ သတိထားမိပါတယ်။ သူတို့နှစ်နိုင်ငံ အကြားနီးကပ်စွာ ဆက်သွယ်မှုတွေဟာ ဆူဟာတို လက်ထက်ကတည်းက တည်ဆောက်ခဲ့တာမဟုတ်လား။ ၂ဝဝ၇ခုနှစ်ဆီတုန်းကလည်း အဲဒီတုန်းက သမတဖြစ်နေတဲ့ ဂျော့ခ်ျဒဗလျူ ဘုရှ်ဟာ ဗမာပြည်ကိစ္စမှာ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်စေလိုကြောင်း ဂျကာတာကတဆင့် ပြောခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အလယ်လောက်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ပထမဆုံး အာရှတိုက်ခရီးစဉ်မှာလည်း သူကဂျကာတာ ကိုရောက်တုန်းမှာ ဗမာပြည်နဲ့ပတ်သက်ပြီး ဝါရှင်တန်အနေနဲ့ သူတို့လက်ရှိကျင့်သုံးနေတဲ့ ဗမာပြည်အပေါ်ပိတ်ဆို့ရေးပေါ်လစီတွေကို ပြန်သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ သူက ကျမတို့ ဟာ ဂျကာတာနဲ့နီးကပ်စွာ ဆက်စပ်လုပ်ကိုင်သွားမယ်၊ ဗမာ ပြည်ဆိုင်ရာကိစ္စတွေကို တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ပြောခဲ့တာတွေကိုလည်း ပြန်ဆက်စပ်တွေးကြည့်သင့်ပါတယ်။ ဒါတွေကဖော်ပြနေတာဟာ ဂျကာတာက ထွက်လာတဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့ စကားတွေဟာ ဝါရှင်တန်ရဲ့အသံတွေဖြစ်တယ်ဆိုတာ ပါပဲ။ မတ်လ ၁၃ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက် ထဲမှာ သမတအိုဘားမားနဲ့ သမတယူရိုယူနိုတို့ တယ်လီဖုံး ပြောကြရာမှာ ဗမာပြည်ကိစ္စလည်း ပါဝင် တယ်လို့ အတိအလင်း ဆိုထားတယ်မဟုတ်ပါလား။
ဝါရှင်တန်အနေနဲ့ ဗမာပြည်ကစစ်အုပ်စုကိုချဉ်းကပ်ဖို့အတွက် ဂျကာတာကိုရွေးချယ်တာလည်း အင်မတန်မှ သဘာဝကျပါတယ်။ တကယ် က ဗမာပြည်ကစစ်အုပ်စုရဲ့ဘိုးအေကြီးတွေဖြစ်တဲ့ ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင် တို့အဖို့ အင်ဒိုနီးရှားဟာ ရှေ့ဆောင်းလမ်းပြဖြစ်နေခဲ့ တာပါ။ စစ်ဗိုလ်တမတ်သားစနစ်အပါအဝင် သူတို့တတွေ အင်ဒိုနီးရှားကိုအတုခိုးခဲ့ကြတာတွေဟာ လက်ချိုး ရေလို့မကုန်ပါဘူး။ အဲဒီနိုင်ငံ မှာက အခုနောက်ပိုင်းမှာတောင် ဗိုလ်ချုပ်တွေ အရပ် ဝတ်နဲ့အာဏာရတာတွေရှိနေတယ် မဟုတ်ပါလား။
တကယ်ကျတော့ အင်ဒိုနီရှားနဲ့ဗမာပြည်အကြားမှာ လောလောဆယ်အားဖြင့် နှစ်ဦး ချင်းဖြေရှင်းရမယ်ပြဿနာ ဘာမှမရှိပါဘူး။ အရင်က လည်းမရှိခဲ့ပါဘူး။ သူ့အနေနဲ့ ရိုဟင်ဂျာ ကိစ္စလိုဟာမျိုးကို အကြောင်းပြပါမယ်၊ ရိုဟင်ဂျာ ကိစ္စလက်ရှိအခြေအနေ လောက်နဲ့တော့ ဝန် ကြီးချုပ်တဦးဒီလိုခရီးဝေးမထွက်ပါဘူး။ တခြားဖုံးကွယ်ထားတဲ့ အ ကြောင်းရင်း တွေလည်း မုချရှိပါမယ်။ နအဖ စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲကိုပြင်ဆင်နေချိန်၊ ရွေးကောက် ပွဲဥပဒေ ကြေညာရတော့မယ့်ကာလမှာ စစ်အာဏာရှင်စနစ်ကနေ တဖြစ်လဲလာတဲ့ အင်ဒိုနီးရှားကို သွားတာဖြစ်ပါတယ်။ ဒါ့အပြင် သူသွားတဲ့အချိန်ဟာ အင်ဒိုနီရှားနိုင်ငံရဲ့ရွေးကောက်ပွဲရာသီ စတင်တဲ့အချိန်လည်းဖြစ်နေ ပါတယ်။


နအဖစစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲပြောနေနေ၊ အမှန်ပြောရရင် နအဖစစ်အစိုးရဟာ ဟို အရင်ကာလတွေကတည်းက အမေရိကန်နဲ့ အင်မ တန်မှကို ပြေလည်နေချင်တာပါ။ သူ့ဖက်က တဖက်သတ်ပိုးသလို တမာန်တွေအမျိုးမျိုးလွှတ်ပြီး ကြိုးစားခဲ့တယ်ဆိုတာလည်း အားလုံး အသိပါပဲ။ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကို ဖျက်သိမ်းပေးစေချင်ကြောင်း အခွင့်အခါကြုံတိုင်း နည်း သဏ္ဍာန် မျိုးစုံနဲ့ဖော်ပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲတိုက်တိုက်၊ တခြားအတိုက်အခံ တွေကိုပဲဆဲဆဲ၊ ဒီကိစ္စကို ပြောဖြစ်အောင်ပြောတယ်ဆိုတာကို သတိပြုမိကြ မှာပါ။
ဒီတော့ ဖြစ်နိုင်တာက ဗိုလ်သိန်းစိန်ဟာ သူတို့စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအစီ အစဉ်ကိုသွားရှင်းပြတာဖြစ်ပါလိမ့်မယ်။ ဒါဟာ လည်း အင်ဒိုသမတယူရိုယူနိုကိုရှင်းပြတယ် ဆိုတာထက် သူကတဆင့်အိမ်ဖြူတော်ကိုရှင်းပြတာဖြစ်ပါတယ်။ ဒီအခါမှာ ယူရိုယူနိုက လည်း သူတို့ရဲ့သဘောထား(အမှန်က အိမ်ဖြူတော်ရဲ့သဘောထား)ကို ဗိုလ်သန်းစိန်သိအောင် ရှင်းပြပါလိမ့်မယ်။ တပါတည်းမှာ ကျွဲကူး ရေပါ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲအတွေ့အကြုံတွေကိုလည်း ဆက်စပ်ပြောပြမှာသေချာပါတယ်။ သူတို့ နိုင်ငံမှာ အာဏာရှင်ဆူဟာတို ကိုဖြုတ်ချပြီးတဲ့နောက် ကျင်းပတဲ့ပထမဆုံးရွေးကောက်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောရမလိုဖြစ်တဲ့ ဆူကာနိုရဲ့သမီးမီဂါဝတီကို ဝင်အရွေးခံခွင့်ပြုခဲ့တာကိုလည်း သူတို့က ထောက်ပြကောင်း ထောက်ပြပါလိမ့်မယ်။ ဗိုလ်သန်းစိန်ကတော့ နအဖအနေနဲ့ ဘာကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုမလွှတ်နိုင်တဲ့ အကြောင်းကို ထုံးစံအတိုင်း ကြံဖန်အကြောင်းပြပြီး ရှင်းပြမှာသေချာပါတယ်။ တဆက်ထဲမှာ အမေရိကန်ကသာပိတ်ဆို့မှုတွေကို ဖျက်သိမ်းရင် သူတို့ဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့အသင့်ပဲဆိုတာမျိုးလည်း သူတို့ပြောနေကျအတိုင်းပြောနိုင်ပါတယ်။ တကယ်လို့များ ဗိုလ်သန်းစိန် အင်ဒိုနီရှားကပြန်လာ ပြီးတဲ့အခါမှာ ၂ဝ၁ဝရွေးကောက်ပွဲဥပဒေ ပေါ်ထွက်လာရင် တိုက်ဆိုင်မှုလို့ မပြောသင့်ပါဘူး။
သေချာတာကတော့ ဝါရှင်တန်ဟာ သူတို့ပြောနေတဲ့ဉာဏ်သုံးတဲ့အင်အား (smart power) ကို ဗမာပြည်ဆိုင်ရာ သံခင်း တမာန်ခင်းမှာချသုံးတာပါပဲ။ မကြာမီမှာ ဗမာပြည်မှာ ရှိနေတဲ့ အင်ဒိုနီးရှားသံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတွေ့ဆုံတာ၊ ဒါမှ မဟုတ် ဝါရှင်တန်မှာ နအဖရဲ့သံရုံးးကိုအဆက်အသွယ်ပြုတာတွေ တွေ့ချင်တွေ့လာရနိုင်ပါတယ်။ ဒါက အာဏာရထားသူတွေချင်း လုပ်ကြတာပါ။ အတိုက်အခံ အင်အားစုတွေအနေနဲ့ကတော့ သမတ အိုဘားမားရဲ့ အပြောင်းအလဲဆိုတာကို မျှော်ကိုး လုပ်ကိုင်နေကြလို့မဖြစ်တာ သေ ချာပါတယ်။ အိမ်ဖြူတော်ကအပြောင်းအလဲလုပ်မှာကို တကယ်မျှော်ကိုးနေသူဟာ နအဖစစ်အစိုးရပဲဖြစ်ပါတယ်။
နအဖတကယ်တမ်းစာပွဲဝိုင်းမှာ စကားပြောချင်တာဟာ အိမ်ဖြူတော်ကပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ပြည်တွင်းကလူတွေကိုတော့ သူတို့က စာရင်းထဲမထည့်ပါဘူး။ သူတို့အနေနဲ့ ဝါရှင်တန်နဲ့သာပြေလည်ရင် ဘာမဆိုလုပ်လို့ရပြီ၊ လက်ခမောင်းခတ်လို့ရပြီလို့ တွက်ထားတာ ဖြစ်ပါတယ်။
၂ဝ၁ဝရွေးကောက်ပွဲဟာ ဗမာပြည်ရဲ့ ၂၁ရာစုနိုင်ငံရေးမှာအရေးပါတဲ့ အကွေ့အချိုးတခုဖြစ်လာနိုင်တယ်ဆိုတာ ဒီလိုအချက်တွေကြောင့် ပြောနေတာဖြစ်ပါတယ်။ နအဖအနေနဲ့ သူ့အခက်အခဲတွေအားလုံး၊ သူ့အတွက်အဆီးအတားတွေအားလုံးကို ဖြေရှင်းရတော့မှာပါ။ ဒီအထဲမှာ နိုင်ငံတကာနယ်ပယ်နဲ့ သံတမာန်ရေးရာလည်း ပါဝင်ပါတယ်။
အထက်မှာပြောခဲ့တာတွေဟာ မှန်းကြည့်တာတွေပါ။ ကြက်ဥအရောင်၊ တိမ်တောင် သဖွယ် မင်းရေးကျယ်လေတော့ ဒီလိုမှ ကြိုမတွက် ကြရင် ကိုယ်ကလက်ဦးမှုမဲ့နေမှာ စိုးရပါတယ်။

ရဲဘော်ဖိုးသံချောင်း


အပြည့်အစုံဖတ်ချင်ရင်>>>

Friday, March 13, 2009

အထက်ဗမာပြည် ဗကသရဲ့ ဖုန်းမော်နေ့ထုတ်ပြန်ကြေငြာချက်

bkt

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, March 10, 2009

ဂီတစာမျက်နှာ...more than words

ဒီတခါ ကျနော်သိတ်ကြိုက်တဲ့သီချင်းတပုဒ်ဖြစ်တဲ့ more than words ဆိုတဲ့သီချင်းကို finger picking ပုံစံလေးတီးထားတာပါ Nano Bettercourt တီးထားပြီး Cary Cherone ဆိုထားတဲ့ Extreme ရောခ်ဂီတဝိုင်းရဲ့ အောင်မြင်လှတဲ့သီချင်းလေးပါ။ မြန်မာပြည်မှာ ကိုမြင့်မိုးအောင်ရေးပြီး ကိုထူးအိမ်သင်က စကားလုံးမရှိတဲ့ကောင်းကင် ဆိုတဲ့သီချင်းခေါင်းစဉ်နဲ့ ပြန်ဆိုထားပါတယ် တခြားအဆိုတော်တချို့လဲပြန်ဆိုကြပါသေးတယ်။ တီးထားတာတော့ သာမန်ပါပဲ စိတ်တိုင်းမကျသေးပါဘူး ဒါပေမဲ့တင်ချင်လို့တင်လိုက်တာပါ။ မိတ်ဆွေတွေကို တင်ဆက်ချင်တဲ့ဆန္ဒနဲ့ပါဗျာ....။



နောက်တခေါက်ထပ်တီးထားတာပါ။

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, March 3, 2009

မော်ကွန်းများ


စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်...။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ...။

ဂုဏ်ယူစရာချည်းပဲ...။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ....။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်...။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ...။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ်
တပွဲလုံးနိုင်ခဲ့တယ်....။

တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျောက်သူ ဘယ်ကိုမှမရောက်ဘူး....။

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့