Saturday, December 27, 2008

သပြေညို ရွှေဘိုပန်းတွေနဲ့... ဝင်းတင့်ထွန်း

“သပြေညို ရွှေ ဘိုပန်းတွေ နဲ့ - ”
( ဆရာကြီးမင်းသုဝဏ် သို့ အမှတ်တရ )
( ၁ )

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို
ဒို့ပြေ မှာ ဒို့မေ ကမ်းပါတဲ့
သပြေညို ရွှေ ဘိုပန်းရယ်က
လန်းလျက် ပါ ကို …

ငယ်ငယ်ကတည်းက ရင်ထဲ အသဲထဲ နက်နက်ရှိုင်းရှိုင်းစွဲမြဲခဲ့ရ ရုံမက၊ နှုတ်ထက်ကပါ တစာစာနဲ့ မကြာခဏ ရွတ်ဆိုစွဲလန်းခဲ့ရတဲ့ကဗျာဟာ ဆရာကြီးမင်းသုဝဏ် ရဲ့ ဒီ ‘သပြေညို ’ ပါ ၊၊ မစွဲလန်းပဲ နေနိုင်ပါ့မလား၊ ဆရာ့ရဲ့ သပြေညို ကို ကျနော် စပြီးတွေ့လိုက်ရတဲ့နေရာကလဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ရဲ့ ‘ပြည်ရွှေ ဘို’ မှာပဲ မဟုတ်လား၊၊ ရွှေဘို အ-ထ-က(၁)မှာ ကျနော့်ရဲ့ အလယ်တန်းကျောင်းသားဘဝ ခပ်ငယ်ငယ်မှာပဲ၊ ဆရာ့ရဲ့ သပြေညို နဲ့ ဆုံဆည်းခွင့် ရခဲ့ပါတယ်၊၊ ကျောင်းသုံးကဗျာလက်ရွေးစင်-စာအုပ်ထဲမှာ ပါခဲ့တဲ့ ဒီကဗျာဟာကျနော့်ရဲ့ ငယ်ဘဝမှာ ကျောင်းက မြန်မာစာဆရာက ‘အလွတ်ကျက်ရမယ်၊ အလွတ် ပြန်ဆိုပြရမယ်’ လို့ မခိုင်းခင် မသင်သေးခင်ကတည်းက၊ကြိုက်လွန်း သဘောကျလွန်းလို့ စောစောစီးစီး အလွတ် ကျက်မှတ် အာဂုံဆောင်နိုင်ပြီးသား ကဗျာတပုဒ်လဲ ဖြစ်နေခဲ့ရပါတယ်၊၊ ရင်ထဲမှာ စောစောစီးစီး စွဲစွဲလန်းလန်း စီးဆင်းဝင်ရောက်နေတဲ့ ကဗျာတပုဒ်လဲ ဖြစ်နေခဲ့ရပါတယ်၊၊ ‘သပြေ’ ဆိုတာ ကျနော်တို့ ဗမာလူမျိုးတွေရဲ့ ‘အောင်ပန်း’ လဲပဲ မဟုတ်လား၊၊ သပြေမှာ သပြေဖြူ၊ သပြေနီ ဆိုတာတွေလဲ ရှိနေတဲ့အထဲမှာမှ ဆရာ့ရဲ့သပြေကတော့ သပြေညို - တဲ့၊၊ ပြီးတော့- ဒီသပြေ ညိုကိုပဲ ‘သပြေညို ရွှေဘိုပန်း’ လို့ ထပ်ဆင့်ပြီးဖွဲ့လိုက်ပြန်တော့၊ ကျနော်တို့မှာ ရင်ထဲကို တလန်းလန်းဖြစ်ပြီး စူးဝင်ငြိတွယ်နေခဲ့ရပါတော့တယ်၊၊
တကယ်က ကျနော့်ဘဝမှာ ‘သပြေညို’ နဲ့မတွေ့ခင်ကတည်းက ‘သပြေသီး’ နဲ့ စတွေ့ခဲ့ရတာ ဖြစ်ပါတယ်၊၊
‘ဝါဆို ဝါခေါင်ရေတွေကြီးလို့- သပြေသီးမှည့် ကောက်စို့ကွယ်….’ ဆိုတဲ့ ‘သပြေသီး ကောက်’ ထဲက သပြေသီးနဲ့ စပြီးတွေ့ခဲ့ရတာဖြစ်ပါတယ်၊၊
ကိုယ်ကိုယ်တိုင်ကလဲ တောသား၊ သပြေပင်ကြီးအောက်မှာ တကယ်ကို အုံးလက်နွားလေးနဲ့လဲ ကစားနေတဲ့အချိန်ဖြစ်တာကြောင့်၊ ရွတ်ရ ဆိုရတာကိုကလဲ လှလှပပနဲ့ အသက်ပါပါ ‘
ဖြစ်နေခဲ့ရပါတယ်၊၊ ‘ခရာဆူးခြုံ’ ဆိုတာကို အဲဒီတုန်းက ကောင်းကောင်းမသိ ပေမဲ့၊ မိုးနံဆူးခြုံ တွေကို သိနေပြီး၊ တောသားဆိုတော့ အဲဒီထဲက မျှော့နက်မဲကြီးတွယ်တတ်တာကိုလဲ ကောင်းကောင်းနားလည်ခံစားနိုင်နေခဲ့ပါတယ်၊၊ ‘မျှော့နက်ဆိုတာ ဂျို နဲ့လားကွဲ့… မြွေနဂါး တောင် ကြောက်ဘူးကွယ်’ ဆိုတာကတော့၊ တော်တော်ကို မာန်ပါလှပြီး၊ အလိုလိုကို သတ္တိသွေးတွေ ကြွနေခဲ့မိပါတယ်၊၊ ‘ဒို့လဲ ကြောက်ပေါင် အတူသွားစို့… အုံးလက်နွား လေးထားခဲ့မယ်’ ဆိုတာကျတော့ ပိုင်းပိုင်းဖြတ်ဖြတ်နဲ့ကို ပိုပိုပြီး အားရစရာ အားတက်စရာ ဖြစ်နေခဲ့ပါတယ်၊၊

အဲသလိုပါ ပဲ၊ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့… နက်ဖန်မနက် ကျောင်းတက်မယ်’ကလဲ အဓိပ္ပါယ်သိသိ ရွတ်ဆိုလို့ ကောင်းလွန်းလှတာဖြစ်နေပြီး၊ ခရေပန်းတွေ သွားကောက်ကြဖို့ အိပ်ယာကနှိုးလိုက်တဲ့ ‘မောင်လေးရေ ထပါတော့ - ရောင်နီလာလှပေါ့ ’ကလဲ လန်းလန်း ဆန်းဆန်း အော်အော်ရွတ်စရာ ဖြစ်နေခဲ့ပါတယ်၊၊ အကြိမ်ကြိမ်လဲ အော်အော် ရွတ်နေခဲ့ဖူးပါတယ်၊၊ ‘မိုးရေ တက်ရေ တဖွေးဖွေး… ကွင်းကျယ်အဝေးဝေး…’ ထဲက ခြေတံရှည်
လယ်စောင့်တဲလေးဟာလဲ ကျနော့်ရဲ့လက်တွေ့မျက်မြင်ဘဝတွေနဲ့ အဟပ်မိမိ လှပနေသလို၊ လယ်တဲဘေးက ကြာနီတပွင့် ကြာဖြူတပွင့်ကလဲ ချစ်စရာကောင်းနေပြီး၊ အသံကလဲ ပဲ့တင်ဆိုစရာ ဖြစ်နေခဲ့ပါတယ်၊၊ ‘မြက်ခင်းလဲ့လဲ့ မြေညီညီ … ကံ့ကော်ဝတ်မှုံ စီ … ဇာလီပျော်တဲ့ ကျောင်သင်္ခမ်း … လူလေး သွားချင်စမ်း … ’ဆိုတာကို ရွတ်ဆိုရတာကလဲ တကယ်ကို ကြည်နူးစရာကောင်းနေသလို၊ လူကြီးသူမတွေ ပြောပြောနေလို့ ကျနော်နဲ့ ရင်းနှီးနေပြီးသား နားလည်နေပြီးသားဖြစ်တဲ့ ဂဏှာ - ဇာလီတို့ရဲ့ကျောင်းသင်္ခမ်းလေးကိုပါ စိတ်ထဲမှာ လှမ်းလှမ်းပြီးမြင်ယောင်နေမိရင်း အင်မတန်ဆိုလို့ကောင်းနေခဲ့မိပါတယ်၊၊ အကြိမ်ကြိမ်အထပ်ထပ်လဲ ရွတ်ဆိုနေမိခဲ့ဖူးပါတယ်၊၊ အခုချိန်အထိ ရင်ထဲလဲ စွဲနေတုန်း ဖြစ်ပါတယ်၊၊ ဒါပေမဲ့ အဲဒီအခါ ကလေးတုန်း ကတော့ အဲဒီကလေးကဗျာလေး တွေကို ချစ်စရာလဲကောင်း လှလဲလှ အသံကလဲ သာလွန်းလို့သာ ရွတ်နေဆိုနေ ရင်းနှီးနေခဲ့ပြီး ရင်ထဲအထိ ကျနေ စွဲနေဝင်နေခဲ့မိတာ ဖြစ်ပေမဲ့၊ ဒီ ချစ်စရာ့ကလေးကဗျာလေးတွေရဲ့ဖန်တီးရှင် ကဗျာဆရာကြီးဟာ ‘ဆရာမင်းသုဝဏ်’ ဆိုတာတောင်၊ ကဗျာနဲ့ကဗျာဆရာကို တွဲပြီး ယှဉ်ပြီးမှတ်သားထားရကောင်းမှန်း မသိသေးတဲ့အရွယ် ဖြစ်နေခဲ့ပါတယ်၊၊ ဒါ့ကြောင့် သပြေညို နဲ့တွေ့လိုက်ရတဲ့အချိန်ကျ မှပဲ၊ မှတ်မှတ်သားသား ပထမဆုံးအကြိမ်အဖြစ် ဆရာမင်းသုဝဏ် ဆိုတာကိုပါ ကျနော် တွေ့လိုက်ရသလို ခံစားလိုက်ရပါတယ်၊၊ သပြေညို နဲ့အတူ ဆရာ မင်းသုဝဏ်ကိုပါ ကျနော်တွေ့သိ သွားခဲ့ရပါတယ်၊၊ ဒါ့ကြောင့် သပြေညို ဟာ ဆရာမင်းသုဝဏ် ကိုပါ မှတ်မှတ်ထင်ထင် စသိစေခဲ့တဲ့ ကျနော့်ရဲ့ အနှစ်သက်ဆုံးကဗျာ… လို့-ဆိုလိုက်တာပါ ၊၊
ကျနော်ကိုယ်တိုင် ကဗျာတွေကို မြတ်နိုးပြီး၊ ကဗျာလေးတွေကို ကြိုးစားပန်းစား ဖွဲ့ဆို သီကုံးဖို့ အားထုတ်လာတဲ့အချိန်မှာတော့၊ ‘ငါ - ဘာလို့ကဗျာကို မြတ်နိုးတတ်လာတာလဲ ’ ‘ကဗျာက ငါ့ကို ဖမ်းစားသိမ်းကျုံး ဆွဲငင်ခဲ့တဲ့ ပထမဆုံးအရာဟာ ဘာလဲ’ ဆိုတဲ့မေးခွန်းလေး တွေ ကိုယ့်ကိုကိုယ်မကြာခဏ ပြန်ပြန်မေးကြည့်ခဲ့ဖူးပါတယ်၊၊ အကြိမ်ပေါင်းများစွာလဲ ထပ်ဖန် တလဲလဲ ကိုယ့်ဟာကိုယ် စဉ်းစားတွေးတောကြည့်နေခဲ့ဖူးပါတယ်၊၊
မြတ်နိုးတတ်လာတာကတော့ နှစ်သက်စရာကို နှစ်သက်စရာရယ်လို့မြင်ပြီး၊ နှစ်သက် နိုင်စွမ်းရှိတဲ့ အသဲနှလုံးလဲ ရှိတာကြောင့် အထပ်ထပ်အဖန်ဖန် နှစ်သက်မိရာက မြတ်နိုးတတ် လာတာလို့ပဲ အဖြေထွက်ခဲ့ပါတယ်၊၊ ဒီနေရာမှာ ‘နှစ်သက်စရာ’ဆိုတာမှာ ထင်ကြမြင်ကြ ယူဆ ကြမှာတွေကတော့၊ တဦးနဲ့တဦး တူကြလိမ့်မယ် မဟုတ်ပါ၊၊ အမြင်ရော ခံယူမှု ရော ခံစားမှု ပါ ကွာခြားကွဲလွဲနိုင်ပါတယ်၊၊ တယောက်ရဲ့ နှစ်သက်စရာဟာ တခြားတယောက်အတွက် နှစ်သက်စရာ ဟုတ်ချင်မှလဲ ဟုတ်ပါလိမ့်မယ်၊၊ နှစ်သက်စရာအပေါ် နှစ်သက်စရာအဖြစ် သဘောကြိုက်ညီ အမြင်တူကြရင်တောင်မှ၊ ဒီဂရီအနိမ့်အမြင့်ကတော့ ကွာခြားကြဦးမှာ ဖြစ်ပါတယ်၊၊ ကျနော့်တဦးချင်း ခံစားလိုက်ရ မှုအရကတော့၊ ကဗျာကပေးတဲ့ ကဗျာထဲမှာ ကဗျာဆန်ဆန်ကို ပါဝင်နေတဲ့ကဗျာရဲ့ ‘ဘာဝအလှ’နဲ့ ကဗျာရဲ့သံစဉ်နိမ့်မြင့်အစီအစဉ်တွေကို နှစ်သက်တတ် သဘောကျတတ်လာရာက မြတ်နိုးတတ်လာခဲ့တာဖြစ်ပါတယ်၊၊ အဲဒီလိုကဗျာရဲ့ ‘ဘာဝအလှ’ နဲ့ ‘အသံ’ကို နှစ်သက်တတ်လာရာကနေ မြတ်နိုးတတ်မှုအဆင့်အထိ ကူးပြောင်းရောက်ရှိလာရာမှာလဲ၊ ကျနော့်ရဲ့တဦးချင်းဆိုင်ရာ လက်တွေ့အရ ကတော့၊ ကဗျာ ကနေ ကျနော့်ကို ဖမ်းစားသိမ်းကျုံးဆွဲငင်ခဲ့တဲ့ ပထမဆုံးအရာဟာ ‘အသံ’လို့ပဲ တွေ့လိုက် ရပါတယ်၊၊ တခြားသူ တပါးသူတွေနဲ့တော့ တူချင်မှလဲ တူပါလိမ့်မယ်၊၊ ကဗျာရဲ့အလှကို ရေရေ ရာရာ မခွဲခြားတတ်ခင်၊ မကြည့်တတ် မမြင်တတ်ခင်ကတည်းက ကဗျာထဲက သံစဉ်နိမ့်မြင့် အသံဟာ ကျနော့်စိတ်နှလုံးကို နှစ်သက်လာလာအောင် ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်၊၊ ကဗျာ ထဲက အသံတွေကို ကျနော် သဘောကျတတ်လာခဲ့ပါတယ်၊၊ ဒါကြောင့် ကဗျာဆိုတာ ဘာလဲ လို့တောင် ကွဲကွဲပြားပြားမသိခင်ကတည်းက ကဗျာထဲက အသံကို နားစွဲရာ နှစ်သက်တတ်ရာ ကနေ၊ ကဗျာလေးတွေကို အော်အော် ဆိုတတ်နေပြီး ဖြစ်ခဲ့ပါတယ်၊၊ ကိုယ် ရွတ်နေ ဆိုနေမိ တာဟာ ကဗျာတွေပါလား-လို့တောင် မသိခင်ကတည်းက ချစ်စရာကလေးကဗျာလေးတချို့ကို အလွတ်ဆိုတတ်နေခဲ့ပြီး ဖြစ်ပါတယ်၊၊ ကျနော့်တဦးချင်းအတွက် ကျနော့်ဟာကျနော် ပြန်တွေ့ရချက်ကတော့၊ အဲဒီလို သားချော့တေးကဗျာလေးတွေ၊ ကလေးကဗျာလေးတွေထဲက အသံသာသာလေးတွေကို နှစ်သက်တတ် နားစွဲတတ် ချစ်တတ်လာရာကနေ၊ ကဗျာကို ချစ်တတ်မြတ်နိုးတတ်လာခဲ့တာပါ၊၊ ကဗျာထဲက အဓိပ္ပါယ် အနက်သဘောတချို့ကို ရှင်းရှင်း လင်းလင်း မသိတတ်နိုင်ခင်ကတည်းက အသံကြောင့် စွဲလန်းနှစ်သက်ခဲ့ရတဲ့ ကဗျာ လေးတွေ အများကြီး ရှိခဲ့ပါတယ်၊၊ ကဗျာထဲက အသံက အဲသလောက် ကျနော့်အပေါ် ဆွဲဆောင်နိုင်အား ကြီးခဲ့ပါတယ်၊၊ အလင်္ကာတွေ၊ နိမိတ်ပုံတွေ၊ သင်္ကေတတွေ ဆိုတာကို နားမလည်ခင် ကတည်းက ကဗျာထဲက ‘အသံ’ကနေ၊ ကျနော့်ကို ကဗျာချစ်တတ်သူ တယောက်ဖြစ်အောင် ညှို့ယူခေါ်ငင်သွားခဲ့ပါတယ်၊၊ ရွတ်လို့ ဆိုလို့ကောင်းတဲ့ အသံသာသာ ကလေးကဗျာလေး တွေ ကို ကျနော် စွဲလန်းနှစ်သက်တတ်လာခဲ့ပါတယ်၊၊ အသံသာရုံသာမက ကဗျာထဲက အကြောင်း အရာတွေ၊ ကဗျာထဲပါ ပစ္စည်းတွေကလဲ ကျနော်နဲ့ရင်းနှီးနေတဲ့၊ ကျနော်ကိုယ်တိုင် သိမြင်နား လည်နိုင်စွမ်းဖြစ်နေတဲ့ အရာကိစ္စတွေလဲ ဖြစ်နေပြန်တယ် ဆိုရင်တော့ ကျနော့်မှာ ပိုလို့တောင် ချစ်ခင်စွဲလန်းစရာ ဖြစ်ခဲ့ရပါတော့တယ်၊၊ ဒါ့ကြောင့် ကျနော့်ရဲ့ ငယ်ဘဝမှာ ကျနော်ကိုယ်တိုင် မသိလိုက်ရပါပဲနဲ့ ကျနော့်နှလုံးသားထဲအထိ ရောက်ရှိလာခဲ့ ရတဲ့ ကဗျာတွေဟာ ဆရာ မင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေပဲ အများဆုံးဖြစ်လာခဲ့ရပါတော့တယ်၊၊ ‘ လူကလေးရဲ့ ချော့စရာ- မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ ’ လို ‘ လူကလေးရယ်- ငို … ခိုဖမ်းလို့ပေး’ လို သမရိုးကျ ရှေးဟောင်းသားချော့တေးကဗျာလေးတွေ ပြီးရင်၊ ကျနော် အများဆုံး ဆိုခဲ့ ရွတ်ခဲ့ စွဲလန်းခဲ့ရတဲ့ ကလေးကဗျာလေးတွေဟာ ဆရာမင်းသုဝဏ်ရဲ့ ကလေး ကဗျာလေးတွေချည်းလိုလို ဖြစ်နေခဲ့ရပါတော့တယ်၊၊ (အဲဒီတုန်း ကတော့ အဲဒီကဗျာလေးတွေ ကို နှစ်နှစ်ကာကာ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးသာ ဖြစ်နေခဲ့တာ၊ အဲဒီကဗျာလေးတွေရဲ့ လက်ရာရှင် ဖန်တီးရှင်ဟာ၊ ဆရာမင်းသုဝဏ် ဆိုတာတောင် မသိခဲ့မိဖူး ပါဘူး၊၊) သေသေ ချာချာ ပြန်စဉ်းစားကြည့်တော့၊ အဲဒီတုန်းက ကျနော်တို့ငယ်စဉ်တုန်းက ရှိနေခဲ့တာကလဲ ဘိုးစဉ်ဘောင်ဆက် သမရိုးကျ သားချော့တေးကဗျာလေးတွေ နည်းနည်း ပါးပါးပြီးရင်၊ ဆရာ မင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေပဲ ရှိနေခဲ့တာ မဟုတ်လား၊၊ ကျနော်တို့ အတွက်၊ ကလေး ငယ်လေးတွေအတွက် တခုတ်တရ အလေးထားပြီး ကဗျာလေးတွေ ဖွဲ့သီပေး ရှာတဲ့ ကဗျာဆရာစစ်စစ် စာဆိုစစ်စစ်ဆိုတာကလဲ ဆရာမင်းသုဝဏ်တယောက်လောက်ပဲ ရှိသေး တယ်လို့ ပြောရမယ့်အချိန်ကာလ မဟုတ်လား၊၊ အဲဒီကာလဝန်းကျင်က ဒေါက်တာ မောင်ဖြူး ရဲ့ ကလေးကဗျာလေးတွေလဲထိုက်သင့်သလောက် ရှိနေပြီလို့ ပြောမယ်ဆို ပြောနိုင် ပေမဲ့၊ ကျနော့် နှလုံးသားကို လာငြိတာကတော့၊ ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာတွေချည်း လိုလို ဖြစ်နေခဲ့ပါတယ်၊၊ ဘာလို့လဲ၊၊
ကျနော့်နားက အသံသာသာကို နှစ်သက်တတ်လွန်းနေရုံမက၊ ကျနော့်နှလုံးသားက အနု ပညာဆန်ဆန်နဲ့အမျိုးသားရနံ့ ရိုးရာအငွေ့အသက် ထုံရီနေတာကို ပိုမိုစွဲလန်းလက်ခံနေတဲ့ သဘောကြောင့်လို့ ယူဆမိပါတယ်၊၊ ( ဒါကလဲ အခုချိန်ကျမှ ပြန်လည်တွေးတော စဉ်းစားမှတ် ထင်ထားမိချက်ဖြစ်ပါတယ်၊၊ ငယ်ငယ်တုန်းကတော့ ကိုယ့်နား ကိုယ့်ဟဒယနဲ့ ကိုက်ညီသွား တဲ့အတွက် ကိုယ်ကြိုက်ချင်လို့ ကြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်၊၊ )အဲဒီတော့ ကျနော့်ကိုယ် ကျနော်ပြန်ကြည့်လိုက်တဲ့အခါ၊ ကျနော်ဟာ ကလေးဘဝကတည်းက ကလေး ကဗျာလေးတွေ ကို ချစ်တတ်လာသူ ဖြစ်ခဲ့တယ်၊၊ အဲဒီလို ကလေးကဗျာလေးတွေကို နှစ်သက်တတ် လာမိပုံက တော့၊ အဲဒီကဗျာလေးတွေထဲက ရွတ်လို့ဆိုလို့ကောင်းလွန်းလှတဲ့ ‘အသံ’ ကနေ ကျနော်ကို စတင် ခေါ်ငင်ဆွဲဆောင်သွားခဲ့တာ ဖြစ်တယ်၊၊ ကျနော့်ရဲ့ဘဝ ကျနော့်ရဲ့ အရွယ် ကျနော့်ရဲ့ သိမြင်ထားချက်တွေနဲ့ လိုက်လျောဆီထွေ နားလည်နိုင် ခံစားနိုင်တဲ့ အကြောင်းအရာ လေးတွေလဲ ဖြစ်နေပြန်တယ် ဆိုရင်တော့၊ အသံကို သဘောကျရာကနေ၊ အကြောင်းအရာပါ ခံစားရမိသွားပြီး၊ နှစ်သက်စွဲလန်းမိတဲ့အဆင့်အထိ တဆက်တည်း ရောက်ရှိသွားမိတော့ တာပါပဲ၊၊ အားလုံး သိကြတဲ့အတိုင်းပါပဲ ၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ တွေဟာ ‘အသံ’သာ ပါတယ်၊၊ အထူးသဖြင့် ကလေးကဗျာလေးတွေဆိုရင်- အသံက အင်မတန်ကို သာပါတယ်၊၊ ဗမာလျှာ ဗမာလေနဲ့ဆိုရင် ဆိုရရွတ်ရတာ တော်တော်ကို စီးစီးပိုင်ပိုင်ငြမ့်ငြိမ့်ညောင်းညောင်း နဲ့ကြည်ကြည်လွင်လွင်ရှိလှပါတယ်၊၊ အကြောင်းအရာကလဲ ထူးထူးထွေထွေ ဆန်းဆန်း ပြားပြားကြီးတွေမဟုတ်ပဲ၊ အများသူငါနဲ့နီးစပ်တဲ့၊ ကိုယ့်ပတ်ဝန်းကျင်မှာတွင် ရှိနေတဲ့ မြင်ကွင်း တွေအဖြစ်အပျက်တွေ၊ အရာကိစ္စတွေပဲ မဟုတ်လား၊၊ ပြီးတော့ -အဲဒီ အရာကိစ္စတွေ ကိုယ်နှိုက်ကလဲ ကိုယ့်တိုင်း ကိုယ့်ပြည်က ချစ်စရာ့ရေမြေတောတောင် သဘာဝ အလှတွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ လက်ခံစွဲလန်းထားကြပြီးသား နားလည်သိမြင် ထားချက် တွေနဲ့ပါ အဟပ်မိမိ တည်ပြီး ရှိပြီး မြင်သာပြီးသားတွေချည်းလဲပဲမဟုတ်လား၊၊ တနည်းအားဖြင့် ပြောရရင် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားအငွေ့အသက်၊ အမျိုးသား ရနံ့တွေ ရစ်ဖေါက် ယှက်သီ လှပထုံလွှမ်းနေတဲ့အရာတွေချည်းလဲပဲ ဖြစ်နေပြန်တယ် မဟုတ်လား၊၊ ကြည့်စမ်းပါ ပန်းတွေထဲကဆိုရင်- သပြေ၊ ခရေ၊ စပယ်၊ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကံ့ကော်၊ ပိတောက်၊ သရဖီ …။ မြင်ကွင်းရုပ်ပုံလွှာတွေထဲက ဆိုရင်- လယ်စောင့်တဲ၊ မြက်ခင်း၊ နဒီတွင်း၊ ကျောင်းသင်္ခမ်း၊ ကွင်းကျယ်၊ ရေဖွေးဖွေး၊ ခရေတန်း၊ ရောင်နီ …၊၊ ဖွဲ့ထား ပုံလေး တွေကျ တော့လဲ-‘ မြက်ခင်းလဲ့လဲ့ မြေညီညီ - ကံကော်ဝတ်မှုံ စီ’ ၊‘ ဒိုးယိုစီးတဲ့ နဒီတွင်း-သမင်ရေ သောက်ဆင်း’၊ ‘တောင်ဆီနားက ခရေတန်း-ပင်အောက်ကြိုင်လို့လန်း’၊‘ ကြာနီတပွင့် ဖြူတပွင့်-တဲနဲ့ပနံတင့် …’ တဲ့၊၊ ဘယ့်လောက် လှလိုက်ပါသလဲ၊၊ မျက်စေ့ထဲမှာ နားထဲမှာ ကြား ယောင်မြင်ယောင် ဖြစ်လာရုံမကရင်ထဲ နှလုံးထဲအထိ စီးဝင်လာတာတွေ ဖြစ်ခဲ့ရပါတယ်၊၊ ဒါကြောင့် ဆရာ့ရဲ့ကဗျာတွေဟာ ဆရာ့ရဲ့လက်ရာတွေမှန်း ကွဲကွဲပြားပြားမမှတ်သားတတ်ခင်၊ မသိတတ်သေးခင်ကတည်းက နှုတ်ဖျား ရောက်နေပြီးသား၊ ရင်ထဲ ပေါက်နေပြီးသားတွေ ဖြစ်နေခဲ့ရပါတယ်၊၊ ပြောရရင် ဆရာမင်းသုဝဏ်ရဲ့ကဗျာသြဇာဟာ ကျနော့်အပေါ် နှစ်နှစ် သက်သက် စူးရောက်နေခဲ့ပါတယ်၊၊ တနည်းအားဖြင့် ဆရာမင်းသုဝဏ်ရဲ့ ကဗျာ့ကျေးဇူးဟာ ကျနော်တို့အပေါ် နက်နက်ရှိုင်းရှိုင်း တင်ရှိနေခဲ့ပါတယ်၊၊ ဆရာ့ကျေးဇူး အင်မတန် ကြီးမား ခဲ့ပါတယ်၊၊
ကဗျာကို ချစ်တတ် မြတ်နိုးတတ်လာရာကနေ၊ ကိုယ်ကိုယ်တိုင် ကဗျာရေးချင် ကဗျာ ဖွဲ့ချင်လာတဲ့အချိန် ရောက်တော့လဲ ဆရာမင်းသုဝဏ်ရဲ့သြဇာ၊ ဆရာမင်းသုဝဏ် ရဲ့အဆိုအမိန့်၊ သွန်သင် လမ်းပြမှုတွေဟာ ကျနော့်အပေါ် အရှိန်ရှိရှိ ဆက်လက် ဖြစ်တည် လာခဲ့ပြန်ပါတယ်၊၊ ‘ကဗျာစပ်ချင် စာစပ်သင်’ နဲ့‘စု တု ပြု’ ဟာ ကျနော့်တဦးချင်းအတွက် ကတော့၊ အင်မတန်မှကို အရေးပါတဲ့ စံထားနည်းယူဖွယ်ရာတွေ ဖြစ်ခဲ့ရပါတယ်၊၊ အဲဒီလမ်း ကြောင်း ပေါ်ကနေ ကဗျာသမား စာသမားတယောက်ရဲ့ဘဝကို ကျနော် နှစ်နှစ်သက်သက် စတင် ဖြတ်သန်း လာခဲ့မိပါတယ်၊၊ လူတချို့ အဖို့ကတော့ အဲဒီလမ်းကြောင်းကြီးဟာ သမရိုးကျ ဆန်လွန်းတယ်၊ ဟောင်းနွမ်းလွန်းလှတယ် လို့လဲ ပြောကြ ဆိုကြ ယူဆချင် ယူဆကြပါ လိမ့်မယ်၊၊ တဦးနဲ့တဦး ဘယ်လိုမှ ထပ်တူဖြစ်နိုင်ကြဖွယ်မရှိပေမဲ့၊ ကျနော် ဖြတ်သန်းလာခဲ့မိ တာကတော့ အဲဒီလမ်း ကြောင်းကြီးအတိုင်းပဲ ဖြစ်ခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ရဲ့ ‘စု တု ပြု’ ဟာ ကျနော့်အတွက် ကတော့ အင်မတန်မှ တန်ဖိုးရှိလှပါတယ်၊၊ ကျနော် လက်ရှိ ရောက်နေရရာ နေရာမှာ အလွယ်တကူ ပြန်လည်ရှာဖွေကြည့်ရှု နိုင်ခြင်းမရှိတဲ့အတွက်၊ တိတိကျကျ ပြန်လည် ကိုးကား မပြနိုင်ပေမဲ့၊ (ကျနော့် စိတ်ထင် - ‘ပန်းနှင့်ပင်စည်’ထဲမှာပဲ ထင်ပါ ရဲ့ …) ရွက်ဝါ လေးတွေ တဝဲလည်လည် ကြွေကျလာနေပုံကို ခြယ်သဖွဲ့ဆိုပြကြရာမှာ - ရှင်ဥတ္တမကျော် ရဲ့ တောလား ထဲက ‘ ဈာန် ဝိတက် သို့၊ သစ်ရွက်ရော်ရီ ၊ ဣန္ဒနီ …’ ကနေ၊ ဆရာမင်းသုဝဏ်ရဲ့ ‘ရွှေကြောင် ဖား မြီးဖျားလိုက်သို့ - မြိုင်တိုက်စုံယံ … ’ဖြစ်လာပုံ ရှင်းပြမှု ဟာ အခုချိန်အထိ မကြာ ခဏ သတိရစရာ ဖြစ်နေခဲ့ပါတယ်၊၊ ဆရာ့ကျေးဇူး ကြီးလှပါတယ်၊၊

( ၂ )

ငယ်ငယ်ကတည်းက ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေကို အင်မတန် နှစ်သက်ခဲ့ပြီး၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ့သြဇာသက်ရောက်မှုကိုလိုလိုလားလား လက်ခံခဲ့မိ ပေမဲ့၊ အညာဒေသက တောသားလေးတယောက်သာ ဖြစ်တဲ့ ကျနော်ဟာ၊ ဆရာမင်းသုဝဏ်ရဲ့ တပည့်လက်သားအဖြစ်၊ စာသင်သားလေးတယောက်အဖြစ်တောင် ဖြစ်ခွင့်မရခဲ့ပါဘူး၊၊ ဆရာ့ တပည့် မဖြစ်ခဲ့ရဖူးပါဘူး၊၊ သင်ဆရာအဖြစ် မရောက်ခဲ့ရပေမဲ့ ကြားဆရာ မြင်ဆရာ ဖြစ်ခဲ့ရတာလောက်ကိုက ကျေးဇူးကြီးလှတယ်-လို့ သဘောပိုက်မိ မှတ်ယူမိပါတယ်၊၊ အဝေး ကနေပဲ ဆရာ့ကို လေးစားနေမိပါတယ်၊၊ ကြုံခွင့် ဆုံခွင့်များ ရမယ်ဆိုရင်တော့၊ ကြုံဖူး ဆုံဖူးလိုက်ချင်တဲ့ဆန္ဒလဲ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတည်ရှိနေခဲ့ပါတယ်၊၊ ဒါပေမဲ့ ရန်ကုန်ကို ကျနော်ရောက်လာပြီးနောက်ပိုင်းမှာတောင်၊ တော်တော်နဲ့ဆုံခွင့် ကြုံခွင့် မရခဲ့ပါဘူး၊၊ ကျနော် ရန်ကုန်ကို ရောက်လာပြီး၊ စာပေထုတ်ဝေရေးတိုက်ကြီးတခုမှာ ပထမဆုံးနေထိုင်ခွင့် ရခဲ့တဲ့ အတွက်၊ စာရေးဆရာ ကဗျာဆရာတွေ တော်တော်များများနဲ့ အကြောင်းအမျိုးမျိုးနဲ့ တွေ့ခွင့် ဆုံခွင့် သိကျွမ်းခွင့်တွေ ရခဲ့ပေမဲ့၊ ဆရာမင်းသုဝဏ်နဲ့တော့ ကြုံ ခွင့် မပေါ်ခဲ့ပါဘူး၊၊
ကြုံ မယ့်ကြုံ တော့- အဲဒီစာပေတိုက်ကြီးကနေ ခွါလာခဲ့ပြီး ကိုယ့်ဟာကိုယ် တကိုယ် တော်နေထိုင်ရင်း နှစ်ပေါင်းတော်တော်ကြာတဲ့အချိန်၊ ၁၉၈ဝပြည့်နှစ်ထဲရောက်တော့မှပဲ စီစဉ် ထားခြင်းမရှိပဲ အမှတ်မထင် စတင်ဆုံဆည်းခဲ့ရပါတော့တယ်၊၊ ကျနော် ဘယ်လိုမှ မျှော်လင့် မထားတဲ့အချိန်မှာ၊ ဘယ်လိုမှ မျှော်လင့်မတားမိတဲ့သူကပဲ ကျနော့်ကို ခေါ်သွားခဲ့တာ ဖြစ်နေ ပါတယ်၊၊ ကျနော့်ကို ခေါ်သွားခဲ့တဲ့သူဟာ ဆရာတက္ကသိုလ်မင်းမော်ပါ၊၊ အမှန်အတိုင်းပြော ရရင်- အဲဒီတုန်းကကျနော့်စိတ်ထဲမှာ ဆရာတက္ကသိုလ်မင်းမော်နဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှ ပါဘူး၊၊ ဆရာဂျမ်း၊ ဆရာစွမ်း၊ ဆရာကြူး(မင်းလှညွန့်ကြူး) တို့လောက်လဲ ဆက်ဆံရေး များများစားစားမရှိ ခဲ့ပါဘူး၊၊ အဲဒီတုန်းက တက္ကသိုလ်ရိပ်သာလမ်း ပုဂံလမ်းက အိမ်တန်းလျား ရှည်ကြီးတခုတည်းမှာ ဆရာကြူး၊ ဆရာဂျမ်း နဲ့ဆရာမင်းမော်တို့ဟာ အခန်းကပ် အတူနေ တွေဖြစ်ခဲ့ကြပါတယ်၊၊ ဆရာဂျမ်း၊ ဆရာကြူးတို့ဆီ မကြာခဏရောက်တတ်တဲ့ ကျနော့်အပေါ် မျက်မှန်းတန်းမိလာရာက ဆရာမင်းမော်ကလဲ ကျနော့်အပေါ် နွေးနွေးထွေးထွေးပျူပျူငှါငှါ ဆက်ဆံရှာပါတယ်၊၊ တခါတရံ ဆရာကြူး၊ ဆရာဂျမ်းတို့ မရှိတဲ့အခါမျိုးဆိုရင် ဆရာမင်းမော် ကပဲ ကျနော့်ကိုဧည့်ဝတ်ပျူငှါသဘောနဲ့ ‘ထိုင်ဦးလေ-’ဆိုပြီး ကောင်းကောင်းမွန်မွန် ဖိတ်မန္တက ပြုတတ်တာမျိုးတွေ ရှိခဲ့ပါတယ်၊၊ ၁၉၈ဝပြည့်နှစ် သြ၈ုတ်လထဲမှာ ကျနော့်ရဲ့ ပထမဆုံးလုံးချင်း ကဗျာရှည်စာအုပ်လေး ‘နိုးနေသော လင်္ကာသည်’ ထွက်လာတော့၊ တရားဝင် စတင်မဖြန့်ချိ ခင်မှာပဲ ဒီကဗျာစာအုပ်လေးအတွက်အမှာစာရေးပေးခဲ့ကြတဲ့ ဆရာဂျမ်းနဲ့ ဆရာကြူးထံ ကဗျာ စာအုပ်လက်ဆောင် ဦးဦးဖျားဖျားသွားပေးရင်း၊ ဆရာဂျမ်းတို့နဲ့ တဝင်းထဲနေ ဆရာမင်းမော် ကိုလဲ မှတ်မှတ်ရရ ကဗျာစာအုပ်တအုပ် လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်၊၊ အဲဒီတပတ် လောက် အတွင်းမှာပဲ ဆရာမင်းမော်ကလဲ ကျနော့်ကို မှတ်မှတ်ရရ ကဗျာစာအုပ်တအုပ် လက်ဆောင် ပြန်ပေးခဲ့ပါတယ်၊၊ ‘ယက်ဗ်တူရှင်ကို’ ရဲ့ ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာစာအုပ်လေးပါ၊၊ စာအုပ်လေးရဲ့အတွင်းပိုင်းက ပထမဆုံးစာမျက်နှာပေါ်မှာ သူ့လက်မှတ်နဲ့ ဒီစာအုပ်လေးကို သူ စတင်ဝယ်စဉ်က နေ့စွဲပါ ထိုးထားတဲ့အပြင်၊ သူ ဝယ်ခဲ့ရာနေရာ ‘လန်ဒန်’ ဆိုတာပါ ရေးထားတာ တွေ့ရပါတယ်၊၊ အဲဒီရဲ့ အောက်နားမှာမှ ကျနော့်နာမည်ကို တပ်ပြီး၊ အမှတ်တရလက်ဆောင်အဖြစ် လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်၊၊ သူ လန်ဒန်မှာ ကျောင်းသွားတက်ရစဉ်ကတည်းက ဝယ်လာခဲ့တဲ့ကဗျာစာအုပ်လေးဖြစ်တဲ့အတွက် နှစ်တော် တော်ကြာနေပြီဖြစ်ပေမဲ့ စာအုပ်လေးကတော့ တော်တော်သပ်သက်ယပ်ယပ် လတ်လတ် ဆတ်ဆတ်ပဲ ရှိပါသေးတယ်၊၊ ကဗျာရေးသူ လူငယ်လေးတယောက်ဖြစ်တဲ့ ကျနော့်အပေါ် သူက အဲဒီလိုနွေးနွေးထွေးထွေးဆက်ဆံခဲ့တာတွေ ရှိပေမဲ့၊ မပြည့်အိုးတလုံးပဲဖြစ်နေသေးတဲ့ ကျနော့်မှာ၊ ‘ဇော် မော် သင်း’ ဂိုဏ်းလို့ သတ်မှတ်ပြောဆိုနေကြတဲ့ထဲက တယောက်အပါ အဝင်ဖြစ်နေတဲ့ ဆရာမင်းမော်အပေါ် ဆရာကြူးတို့၊ ဆရာစွမ်း၊ ဆရာဂျမ်းတို့လောက် ရင်းရင်း နှီးနှီးမရှိလှပဲ ခပ်ဝေးဝေးပဲ ရှိခဲ့မိပါတယ်၊၊ အဲဒီလို အနေအထားရှိတဲ့ ဆရာမင်းမော်ကပဲ၊ ကျနော့်ကဗျာစာအုပ်လေး ထွက်ပြီးစမကြာလှသေးချိန်တနေ့မှာပဲ၊ လှည်းတန်းလမ်းမကြီးပေါ် အမှတ်မထင်ကြုံမိရာက ‘ခင်ဗျား အားသလား၊ အားရင် ကျနော်နဲ့လိုက်ခဲ့စမ်းပါ ’လို့ အဖေါ် စပ်ပါလေတယ်၊၊ ‘ဘယ်ကို သွားမလို့လဲ’လို့ မေးမိတော့ ‘ဆရာမင်းသုဝဏ် ဆီ…’ တဲ့၊၊
ဆရာမင်းမော် အဖေါ်ခေါ်လို့ အဲသလိုနည်းနဲ့ ဆရာမင်းသုဝဏ်ဆီ ကျနော် ပထမဆုံး ရောက်ခွင့်ကြုံသွားခဲ့ပါတယ်၊၊
ကမာရွတ် လှည်းတန်းက ကမာရွတ်၈တ်တဲနဲ့ လမ်းဟိုဖက်သည်ဖက် ဒါးလွယ်ခုတ် မျက် စောင်းထိုးလောက်မှာ၊ အဲသည်တုန်းက ‘ပန်းကမ္ဘာ’တို့‘ပန်းမြို့တော်’တို့ဆိုတဲ့ လဖက်ရည်ဆိုင် အအေးဆိုင်လေးတွေ ရှိပါတယ်၊၊ အဲသည်နားကနေ ပလက်ဖေါင်းအတိုင်း ဖြတ်လျှောက် ခဲ့ကြပြီး၊ ဦးထွန်းလင်းလမ်းထဲ ဝင်ခဲ့ကြတာနဲ့မကြာမီမှာပဲ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို ရောက် ပါတယ်၊၊ ခေါင်းရင်းဖက်က ဧည့်ခန်းလေးထဲမှာ ဆရာမင်းသုဝဏ်က အေးအေးသက်သာ ထိုင်နေပါတယ်၊၊ အဖြူရောင် လည်ကတုံးအင်းကျီ နဲ့ ချည်ချောပုဆိုး အရောင်ဖျော့ဖျော့ လေးကို ဝတ်ထားတဲ့ ဆရာ့ရဲ့ရုပ်ပုံဟာ တကယ်ကို အေးအေးချမ်းချမ်းနဲ့ကြည်ကြည်စင်စင် ရှိလှပါတယ်၊၊ အရင်ကတခါမှ လူကိုယ်တိုင် မကြုံ ဖူးပေမဲ့၊ ဓါတ်ပုံကိုတော့ မြင်ဖူး ကြုံဖူး ထားပြီးသားဖြစ်တဲ့အတွက်၊ မြင်မြင်ချင်းမှာပဲ ‘ဒါ - ဆရာမင်းသုဝဏ် ဆိုတဲ့ တကယ့်စာဆို ကြီးပါလား’ ဆိုတဲ့အသိက ချက်ချင်း ရင်ထဲ ပြေးဝင်လာခဲ့ပါတယ်၊၊ အဲဒီတုန်းကကို ဆရာရဲ့ အသက်ဟာ ခွန်နှစ်ဆယ်ကျော်စ ရှိနေပြီဖြစ်ပေမဲ့၊ အရွယ်တင်လွန်းလှတဲ့ ဆရာ့ရဲ့သွင်ပြင်ဟာ အသက်ခြောက်ဆယ်လောက်ပဲလို့ ထင်ရပါတယ်၊၊ အသားအရေကလဲ လတ်လတ်ဝင်းဝင်းနဲ့ စာဆိုရှင်စစ်စစ်ကြီးတယောက်ဖြစ်တဲ့ ဆရာ့ရဲ့ ရုပ်ပုံဟာ ပညာရှင်ကြီးတယောက်ရဲ့ ပုံသွင်လဲ အတိုင်းသားထင်ဟပ်နေပါတယ်၊၊ ဆရာ့မျက်နှာကို ဖျတ်ကနဲ လှမ်းကြည့်လိုက်မိစဉ်မှာပဲ ၊ ‘ရွှေလိုဝင်းတဲ့ မင်းသုဝဏ်ကို …’ဆိုတာကို ဖျတ်ကနဲ ပြေးသတိရမိလိုက်ပါတယ်၊၊ သုဝဏသာမ ဇာတ်တော်ထဲက မိဘကို ရိုရိုသေသေလုပ်ကျွေးသမှု ပြုနေရှာတဲ့ သုဝဏသာမသတို့သားကို ‘သားရွှေအိုးထမ်း’ဇာတ်လမ်းကို အင်မတန်သဘောကျခဲ့ရာက ကလောင်နာမည်အဖြစ်ပါ ယူလာခဲ့တဲ့ စာဆိုကြီးရဲ့မျက်နှာကိုလဲ ကျနော်က လေးလေးစားစား ငေးမောကြည့်နေ မိခဲ့ပါတယ်၊၊ မျက်မှန်လေးကို တချက်ပင့်တင်လိုက်ရင်း ‘လာ လာ ထိုင်ကြ ထိုင်ကြ ’ဆိုတဲ့ ဆရာ့ရဲ့ နွေးနွေးထွေးထွေးနှုတ်ဆက်သံအောက်မှာ ကျနော့်မှာ ရင်တွေခုန်နေမိပါတယ်၊၊ ကျနော် အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ ‘သပြေညို’ ရှင်၊ သပြေညို စာဆိုကြီးကို ကြိုတင် ပြင်ဆင်ထားခဲ့ရခြင်း မရှိပဲနဲ့၊ စာဆိုရှင်ကြီးရဲ့ ဧည့်ခမ်းဆောင်အတွင်းမှာပဲ၊ ကိုယ်တိုင်ကိုယ်ကျ တွေ့နေရပြီ မဟုတ်လား၊၊ ကျနော်တို့ ထိုင်လိုက်ကြရာ ထိုင်ခုံလေးတွေရဲ့ မျက်နှာချင်းဆိုင်မှာ၊ ဧည့်ခမ်းဆောင်လေးရဲ့ နံရံပေါ်မှာ ပန်းချီကားကြီးတချပ်ကို သပ်သပ်ယပ်ယပ် ချိတ်ဆွဲထား တာကိုလဲ တွေ့လိုက်ရပါတယ်၊၊ တကယ့်အနုပညာရှင် ဗမာပန်းချီကျော် ဆရာ‘ပေါ်ဦးသက်’ရဲ့ မူရင်းလက်ရာ ပန်းချီကားကြီးပါပဲ၊၊ စုလစ်မွန်ချွန်တွေ၊ ကနုတ်ပန်းတွေဝေဝေဆာဆာနဲ့ ရှေး ဟောင်းဗမာဘုန်းကြီးကျောင်းကြီးတကျောင်းရဲ့ ရှေ့မှာ၊ ဆွမ်းခံဆွမ်းဟင်းဆိုင်းထမ်းကြီးကို ဘယ်ညာထမ်းပြီး၊ ပြုံးရွှင်ရယ်မောနေကြတဲ့ ဘုန်းကြီးကျောင်းသားလေးတွေရော ကိုရင်ငယ် လေးတွေပါ ပါဝင်နေတဲ့၊ ဆွမ်းခံထွက်ချိန်လား ဆွမ်းခံပြန်ချိန်လားကို သရုပ်ဖော်ထားတဲ့၊ အင်မတန်အနုပညာမြောက်လှတဲ့ ပန်းချီကားကြီးတချပ် ပါ၊၊ မြင်လိုက်ရတာနဲ့ ဗမာ့ယဉ်ကျေးမှု အမျိုးသားယဉ်ကျေးမှု ရနံ့ကို တဝကြီးရှူ ရှိုက်လိုက်ရသလို ခံစားလိုက်ရပြီး၊ အမျိုးသား စာဆိုကြီးတယောက်ရဲ့ ဧည့်ခမ်းဆောင်နဲ့ အင်မတန်မှ ကျက်သရေ ရှိရှိ လိုက်ဖက်လွန်း နေခဲ့ပါတယ်၊၊ ပန်းချီကျော် ဆရာပေါ်ဦးသက်ရဲ့ ပြောင်မြောက်ထူးခြားလှတဲ့ ကိုယ်ပိုင်ကောက် ကြောင်းဟန်အပြည့်နဲ့ ရေးဆွဲထားတဲ့၊ ဒီပန်းချီကားချပ်ကြီးထဲက ကိုရင်နဲ့ဘုန်းကြီး ကျောင်းသားလေးတွေရဲ့ပြုံးရွှင်ရယ်မောနေပုံကလဲဟက်ဟက်ပက်ပက်လန်လန်းဆန်းဆန်းလှပီး ၊ မြင်လိုက်ရသူကိုပါ ကြည်ကြည်နူးနူးဖြစ်သွားစေမိသလို၊ ဆရာမင်းသုဝဏ်ရဲ့ လှိုက်လှိုက် လှဲလှဲ ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်လိုက်သံနဲ့ ကြည်ကြည်လင်လင် ရွှန်းရွှန်းလဲ့လဲ့အပြုံးကလဲ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ခဲ့ပါတယ်၊၊
ဆရာမင်းမော်က သူ့လက်ထဲက ကိုင်လာခဲ့တဲ့ အညိုရောင်စာအိတ်အထုပ်ကြီးကို ဆရာ့ရှေ့ ရိုရိုသေသေ ထိုးပေးရင်း၊ ‘ဆရာ့ကို စာအုပ်နဲ့ကော်ပီတွေ လာပေးတာ…’လို့ ဆိုပါတယ်၊၊ စာအိတ်ညို ကြီးထဲမှာ ဘာစာအုပ်တွေ ဘာစာမူတွေလဲ ဆိုတာတော့ ကျနော်လဲ မမြင်ရတဲ့အတွက် မသိပါ၊၊ အဲဒီတုန်းက ဆရာမင်းမော်က ‘ဆရာ … သူလဲ လူငယ်ကဗျာဆရာ တယောက်ပဲလေ…’လို့ စကားပလ္လင်ခံပြီး ကျနော့်ကလောင်နာမည်ကိုဖေါ်ပြီး မိတ်ဆက်ပေး ရှာပါတယ်၊၊ ဆရာက အပြုံးလဲ့လဲ့နဲ့ကြည့်ရင်း အသိအမှတ်ပြုဟန် ခေါင်းလေးကို ညိတ်ပြနေ ပေမဲ့၊ တိုင်းသိ ပြည်သိ ဧရာမ တကယ့်ကဗျာဆရာကြီးတယောက်ရဲ့ ရှေ့မှာ၊ ကျနော့်မှာ ဆင်ဖြူတော်ကြီးရှေ့ရောက်လာမိခဲ့ရတဲ့ သာမန်ဆင်မဲလေးတကောင်ပမာ ရင်တွေခုန်နေ မိခဲ့ရပါတယ်၊၊ အဲဒီအကြိမ်ဟာ ဆရာမင်းသုဝဏ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရဖူးခြင်း ဖြစ်ပါတယ်၊၊
နောက်ထပ်တကြိမ်ကတော့ ဆရာစွမ်း (ဆရာမောင်စွမ်းရည်)က ခေါ်သွားလို့၊ ပထမ ဆုံးအကြိမ်နဲ့ သိပ်ပြီးကာလမခြားလှခင်မှာပဲ ဒုတိယအကြိမ်မြောက်အဖြစ် ဆရာမင်း သုဝဏ် ရဲ့အိမ်ကို ရောက်သွားဖြစ်ပြန်တာပါ၊၊ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို မရောက်ခင် လမ်းမှာပဲ ဆရာစွမ်းက ‘ ကဗျာစာအုပ်လေး ပါ လာသေးလား၊ အဆင်သင့်ပါလာရင် ဆရာမင်းသုဝဏ် ကိုလဲ လက်ဆောင်ပေးသင့်တယ်၊၊ ဆရာက လူငယ်ကဗျာဆရာလေးတွေရဲ့ ကဗျာတွေကိုလဲ စိတ်ဝင်တစား ဖတ်လေ့ရှိပါတယ်’လို့ အားပေးအားမြှောက်စကား ပြောတဲ့အတွက် ဆရာ မင်းသုဝဏ်နဲ့တွေ့တာနဲ့ ကိုယ့်ကဗျာစာအုပ်လေးကိုထုတ်ပြီး လက်ဆောင်အဖြစ် တရိုတသေ ပေးဖြစ်ခဲ့ပါတယ်၊၊ အဲဒီတုန်းကတော့ သွားလေရာ လွယ်အိတ်တလုံးကို အမြဲလွယ် ထားတတ် တဲ့ကျနော်ကလဲ ကျနော့်လွယ်အိတ်လေးထဲမှာ ကျနော့်ကဗျာစာအုပ်လေး လေးငါးအုပ် အမြဲပါ တတ်တဲ့ကာလမဟုတ်လား၊၊ ဆရာက ကဗျာစာအုပ်လေးကို သေချာကိုင်ကြည့်ပြီး၊ ကဗျာစာအုပ် လေးတွေကို ဝယ်ဖတ်တဲ့သူ များရဲ့လား၊ ရောင်းလို့ ရရဲ့လား၊ နယ်ဖက်က အမှာစာလာတဲ့အခြေအနေ ဘယ့်နှယ်နေသလဲ… ဆိုတာမျိုးကအစ စိတ်ဝင်စားစွာ မေးပါတယ်၊၊ ကိုယ့်သားသမီးရဲ့ ကျန်းမာရေးအခြေအနေကို သိချင်လွန်းရှာတဲ့ ဖခင်ရင်း တယောက်ရဲ့အသံလို၊ ကဗျာ့ကျန်းမာရေးအခြေအနေကို သိချင်လွန်းရှာတဲ့ ကဗျာ့ဖခင်ကြီး တယောက်ရဲ့ မေးသံမျိုးမှန်း သိသိသာသာခံစားလိုက်ရပါတယ်၊၊ ကျနော် ရင်ခုန်ခဲ့ရပြန် ပါတယ်၊၊
အဲဒီနေ့ကတော့ ဆရာမင်းသုဝဏ်နဲ့ ဆရာစွမ်းတို့ရဲ့ ကဗျာတွေအကြောင်း စာတွေ အကြောင်း သောင်းပြောင်းထွေလာပြောဆိုနေကြသံတွေကို ဘေးနားကနေ နားထောင်နေ မိရင်း၊ ဆရာမင်းသုဝဏ်ရဲ့အိမ်မှာ အချိန်တော်တော်ကြာအောင် ရောက်ခဲ့ရဖူးပါတယ်၊၊ အဲဒီ တုန်းက ဆရာမင်းသုဝဏ်ဟာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့  ‘ကင်း လီယာ’ကို ရသမိမိ ဘာသာပြန်ဆိုနေချိန်ဖြစ်တာကိုလဲ အမှတ်ရမိနေပါတယ်၊၊

( ၃ )

ငယ်စဉ်ကလေးဘဝကတည်းက ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေကို နှစ်သက်စွဲလန်းလာခဲ့ရတဲ့ ကျနော်ဟာ၊ အရွယ်ရောက်လာတော့လဲအရွယ်အလျောက် ဆရာ့ရဲ့ ကဗျာမှန်သမျှ ကို နှစ်နှစ်သက်သက် ရှာဖွေ ဖတ်ရှု ခဲ့ဖြစ်ပါတယ်၊၊ ရင်ထဲအထိ စူးဝင်ငြိ တွယ်ခဲ့ရတဲ့ကဗျာတွေလဲ အများကြီးရှိခဲ့ပါတယ်၊၊ ‘သပြေညို’ လို၊ ‘ပျဉ်းမ ငုတ်တို’ လို၊ ‘သူ့ မှာတမ်း’ လို ကဗျာတွေကို စွဲစွဲလန်းလန်းဖြစ်ခဲ့ရဖူးရုံ မက၊ ‘ လယ်တောက အပြန် … ပန်ချင် တယ် ခရေဖူးဆိုလို့ ’နဲ့စလိုက်တဲ့ ‘ နှင်းဆီပွင့် ’ လို၊ ‘ ဖိုးမောင် လာပြီ ’ လို ကဗျာတွေကလဲ ရင်ထဲကို ပဲ့တင်ခတ်နေစေခဲ့တဲ့ ကဗျာတွေ ဖြစ်ခဲ့ရပါတယ်၊၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာလေးချိုးကြီးတွေက နိုင်ငံရေးစံ နိုင်ငံရေးရပ်တည်ချက်အပြည့်နဲ့ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ်ကို အညွန့်တလူလူတက်အောင် မွေးဖွားတည်ဆောက်ပေးနိုင်ခဲ့သလို၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတွေအများစုကြီးကလဲ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ် အခြေခံတွေကိုပဲ အနုပညာရည် အနုပညာငွေ့တထုံထုံနဲ့ စိမ့်ဝင် စွဲမြဲ ပျံ့နှံ့စေခဲ့တယ်လို့ မှတ်ထင် ယူဆမိပါတယ်၊၊
ဆရာမင်းသုဝဏ်ဟာ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ်အပြည့်ရှိတဲ့ စစ်မှန်တဲ့ အနုပညာရှင် စာဆိုစစ်စစ်ကြီးတဦးဖြစ်ရုံသာမက၊ အမိဗမာပြည်ကြီးရဲ့ စာပေယဉ်ကျေးမှု သမိုင်းမှာ အလေးထားရမယ့် တကယ့်စာပေပညာရှင်ကြီးတဦးလဲ ဖြစ်ခဲ့ပါတယ်၊၊ အဘိဓါန် လုပ်ငန်းတွေမှာ ဦးဆောင်တာဝန်ယူ ပြုစုလုပ်ဆောင်ခဲ့သူ ဖြစ်ရုံမက၊ မြန်မာနိုင်ငံ သုတေသန အသင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံဘာသာပြန်အသင်း၊ ပညာ့တံခွန် အသင်းတို့လို စာပေယဉ်ကျေးမှုဆိုင်ရာအသင်းကြီးတွေမှာလဲ အထင်ကရအခန်းတွေကနေ ပါဝင်ရွက်ဆောင်ခဲ့သူ ပညာရှင်ကြီးတဦးဖြစ်ခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ဟာ တကယ့်အနု ပညာရှင် စာဆိုစစ်စစ်ကြီးတဦးဖြစ်တယ်ဆိုတာ ဗမာပြည်စာပေအနုပညာရှင်တိုင်းက အလေး ထားအသိအမှတ်ပြုထားကြပြီးသားဖြစ်သလို၊ လေးစားအပ်တဲ့ တကယ့်စာပေပညာရှင်ကြီး တဦးဖြစ်တယ်ဆိုတာကိုလဲ ဗမာပြည်စာပေလောကတခုလုံးက မြင့်မြင့်မားမား တန်ဖိုးထား လေးစားကြပြီးသား ဖြစ်ပါတယ်၊၊ ဒါပေမဲ့ - မဆလစစ်အာဏာရှင်စံနစ်လက်အောက်မှာ မဆလ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းကတော့၊ ဆရာမင်းသုဝဏ်ကို ‘မကျက်တကျက် ပေါင်မုန့်’ လို့ ရိုင်းရိုင်းပျပျ ကင်ပွန်းတပ် စော်ကားခဲ့ဖူးပါတယ်၊၊ တကယ်က ဗိုလ်နေဝင်းလို စစ်အာဏာရှင် ရူးကြီးတွေသာ ဘာမှ ဟုတ္တိပတ္တိမတတ်ပဲ တတ်ရောင်ကားတွေလုပ်ရင်း တိုင်းပြည်နဲ့လူမျိုးဂုဏ် ကို အနိမ့်ဆုံးအဆင့်အထိ ဒုတ်ဒုတ်ထိ ကျဆင်းသွားအောင် လုပ်ဆောင်ကျူးလွန်ခဲ့ကြပြီး၊ ဆရာမင်းသုဝဏ်လို တကယ့်စာဆို တကယ့်ပညာရှင်ကြီးကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အဖိုးမဖြတ်နိုင်တဲ့ စာပေအနုပညာအမွေအနှစ်တွေကို အများကြီးပြုစု ပေးအပ်သွားခဲ့တာ ရိုးသားသူတိုင်းသိပါတယ်၊၊ အကြမ်းဖျင်းအားဖြင့်ကြည့်ရရင် -နိုင်ငံနဲ့လူမျိုးအတွက် အမျိုးသား ရေးဆိုင်ရာ အရေးအရာကိစ္စတွေနဲ့ပတ်သက်ရင်၊ ဆရာမင်းသုဝဏ်ဟာ ဘယ်တော့မှ ကင်းကွာ မေ့လျော့နေလေ့မရှိတဲ့ စာဆိုစစ်စစ်ကြီးတယောက်၊ တိုင်းချစ် ပြည်ချစ်ကြီးတယောက်ဖြစ် ခဲ့ပေမဲ့၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု မျိုးတွေနဲ့ တော့ ခပ်ဝေးဝေးပဲနေလေ့ရှိ ခဲ့တာ တွေ့ရပါတယ်၊၊ တိုင်းပြည်ရဲ့ ရင်ခုန်သံနဲ့ စာဆိုရဲ့ ရင်ခုန်သံဟာ အမြဲလိုလို နရီကိုက်နေခဲ့ပေမဲ့၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ နိုင်ငံရေးသမား တဦးရဲ့ရပ်တည်ချက်မျိုး၊ နိုင်ငံရေးပါတီအဖွဲ့အစည်းဝင်တဦးရဲ့ အနေအထားမျိုးနဲ့တော့၊ ဘယ် တော့မှမဖြစ်စေရပဲ အသက်(၈ဝ)နီးပါးလောက်အထိ ကင်းကင်းရှင်းရှင်းနေထိုင်ခဲ့တယ်လို့ အကြမ်းဖျင်းအားဖြင့် ဆိုနိုင်လိမ့်မယ်ထင်ပါတယ်၊၊ ဒါပေမဲ့ - မဆလစစ်အာဏာရှင်စနစ်ဆိုးရဲ့ အဖေါက်ပြန်ဆုံး လူမဆန်ဆုံးသော ယုတ်မာရက်စက်မှု ကြီးတွေရဲ့အောက်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအရေးတော်ပုံ ဒီမိုကရေစီအရေးတော်ပုံကြီး အုံကြွပေါက်ကွဲ ပေါ်ထွက်လာတဲ့အချိန်မှာကျတော့၊ ဆရာလဲ ဘယ်လိုမှ မနေနိုင်တော့တာ တွေ့ရပါတယ်၊၊ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုအရေးတော်ပုံကြီးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံ အားဖြည့်ပေးပြီးတတ်သိပညာရှင်ကြီးတဦးအဖြစ် မလွှဲမရှောင်သာ ပါဝင်လှုပ်ရှားလာ ခဲ့ရပါ တော့တယ်၊၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဆရာမင်းသုဝဏ်ရဲ့ နှလုံးသားရင်ခုန်သံ ကိုနား လည်တန်ဖိုးထားနေမိရင်း ကျေနပ် ပီတိဖြစ်ခဲ့ရပါတယ်၊၊
ကျနော်တို့တွေက ကျေနပ်ပီတိဖြစ်ရသလောက်၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ စစ်အာဏာရှင် စနစ်ရဲ့ ဘက်တော်သားတွေအဖို့ကတော့ အူနုကျွဲခတ် ဖြစ်ခဲ့ရပါလိမ့်မယ်၊၊ မျက်မာန်ရှ ကြ၊ မုန်းမာန်ပျိုးကြ၊ အငြိုးသိုကြ၊ ဒေါသပုန်ထခဲ့ကြတာတွေကိုလဲ နည်းမျိုးစုံနဲ့ဖေါ်ပြခဲ့ကြတယ် မဟုတ်လား၊၊ ‘မင်းသုဝဏ်’ဆိုတဲ့ စာဆိုရဲ့နာမည်ကိုတောင် စာမျက်နှာတွေပေါ်မှာ ဖေါ်ပြခွင့်မရလို့၊ မဖြစ်မနေ ဖေါ်ပြဖို့ လိုအပ်လာတဲ့အခြေအနေတွေမှာ ‘မင်းသုဝဏ်’အစား မင်းသုဝဏ်ဆိုတာကို ထင်းကနဲသိသာစေမယ့် ‘သပြေညို ဆရာ’ ‘သပြေညို ရှင်’ ‘သပြေညို စာဆိုကြီး’ ဆိုတဲ့ သင်္ကေတတွေနဲ့ပဲ ဖေါ်ပြရည်ညွှန်းကြရတဲ့အခြေအနေထိ ရောက်ခဲ့ရ ကြုံခဲ့ရသေးတယ်မဟုတ်လား၊၊ ဆရာ့ရဲ့နာမည်ကို မှင်နက်သုတ်၊ ဆရာ့ကလောင်ကိုလဲ ကြိုး နဲ့တုပ်ပြီး၊ ယုတ်ယုတ်မာမာ ကန့်သတ် ပိတ်ပင် တားမြစ်ခဲ့ကြသေးတယ် မဟုတ်လား၊၊ သုဝဏ သာမဇာတ်တော်မှာ ပီဠိယက္ခ ရဲ့ ဆိပ်လူးမြှားဒဏ်ကို အလောင်းတော်သုဝဏသာမ သေလု မျောပါးခံခဲ့ရသလို၊ ဆရာမင်းသုဝဏ်တယောက်လဲ ခေတ်သစ်ပီဠိယက္ခ လက်သစ်ဆိုးတွေရဲ့ ဆိပ်လူးမြှားဒဏ်ကို အကြီးအကျယ်ခံခဲ့ရဖူးတယ် မဟုတ်လား၊၊

( ၄ )

၂ဝဝ၄ ခုနှစ်ထဲမှာ ဆရာမင်းသုဝဏ်ကွယ်လွန်ရှာပြီဆိုတော့၊ အဝေးရောက် ကျနော် တို့တတွေမှာ တော်တော်ကို နှမျောတသ ဖြစ်ခဲ့ရပါတယ်၊၊
အဝေးရောက်ပန်းခြင်းကလေးတခုအဖြစ်၊ စိတ်နဲ့ပဲ ပို့သလိုက်ရတဲ့ ‘စိတ်ပန်းခြင်း’ လေးတခုအဖြစ်၊ ဆရာမင်းသုဝဏ်ကို ရည်စူးပြီး အမှတ်တရ ၈ုဏ်ပြုကဗျာလေးတပုဒ် ရေးဖွဲ့ဖြစ်ခဲ့ပါတယ်၊၊ ဆရာ့ရဲ့ကျေးဇူးတရားတွေအပေါ် ပြန်လည်အောက်မေ့ ဆင်ခြင်ကြည့်မိ ရင်းက ‘စိတ်ပန်းခြင်း’ လေးတခုအဖြစ် ၈ါရဝပြု ရေးဖွဲ့ပြီး သစ္စာမဂ္ဂဇင်းကနေ ဖေါ်ပြ ဦးညွှတ် ခဲ့ဖြစ်တာပါ၊၊ ကျနော်ကိုယ်တိုင်ရဲ့ ပထမဆုံး မှတ်မှတ်ရရ စွဲလန်းခဲ့ရာလဲဖြစ်၊ ဆရာကိုယ်တိုင်ရဲ့ အမှတ်အသား သင်္ကေတတခုသဖွယ်လဲဖြစ်နေခဲ့တဲ့၊ ‘သပြေညို’ ကို လေးလေးနက်နက် သတိ ရမိရင်း၊ ဆရာ့အတွက် အမှတ်တရ ကဗျာလေးကို ‘သပြေတွေ ဝေကို ဝေရ ပါ ဦးမယ်’ လို့ ခေါင်းစည်းတပ် ပေးခဲ့မိပါတယ်၊၊
‘ • ကျနော်တို့တတွေဟာ
သပြေညို ကို တမ်းတရင်း
ပျဉ်းမငုတ်တိုနား သွားလာ
လယ်စောင့်တဲနားက ကြာနီ နဲ့
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
စိတ်မှန်းနဲ့ ပျော်ခဲ့ကြဖူးသလို
ဒိုးယိုစီးနေတဲ့ နဒီတွင်း
နှလုံးသားတွင်းအထိ စီးခဲ့ရာက
လယ်တောကအပြန်ကျတော့ ရင်ဖို
ခရေပန်းလေးတွေကို နှမျော
အနုပညာသဘော ရိပ်စားမိရင်း
တမျှ ဉ်း မျှဉ်း နဲ့ ရင်ခုန်သံ
စည်းချက်မြန်ခဲ့ရပါတယ် ဆရာ …’

လို့ ပြန်လည်တမ်းတ ရေးဖွဲ့ပြမိခဲ့သလို -

‘ • ဘကြီးအောင် ရဲ့ အချစ်ဂူ မှာ
ကြေကွဲစွာ ဆင်ခြင်မိ
ပီယေဟိ ဝိပ္ပယော ကနေ
ခွေးတွေထိုးဟောင် ဖိုးမောင်လာပုံ
ရင်တွေခုန်ခဲ့ရ
သေရခါနီး ပြောက်ကျား
တိုင်းပြည်အား မှာကြားချက်
( ကျနော်တို့အတွက်တော့ …) တက်ကြွတဲ့ အလွမ်း
နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခဲ့ရပါတယ် ဆရာ … ’

လို့လဲ အဲဒီတုန်းကတည်းက တဆက်တည်း ဖေါ်ပြ ခဲ့ဖူးပါတယ်၊၊ အဲဒီရဲ့ နောက်မှာမှ -

• ဆရာမင်းသုဝဏ် စာဆိုမွန်ကို
ကြည်ညို စွာ ဦးခိုက်ရင်း
အလွမ်းပန်းခြင်းလေးကို အသာမ
အဝေးကနေ စိတ်နဲ့မှန်းပြီး
ကန်တော့ပန်းအဖြစ် ပို့သမိ - -
ဆိုပြီး အထိမ်းအမှတ်ပြုခဲ့ရပါတယ်၊၊ လေးစားအပ်တဲ့ စာဆိုကြီး၊ တကယ့်ကဗျာ ဆရာကြီး ဖြစ်တဲ့အတွက် ကဗျာနဲ့ပဲ လေးလေးနက်နက် လွမ်းခဲ့ဖူးတာ ဖြစ်ပါတယ်၊၊
အခုတော့ ဆရာမင်းသုဝဏ်ရဲ့ ရာပြည့်သမယတောင် နီးလာပြန်ပါ ပြီ၊၊ ၁၉ဝ၉ ခုနှစ်ဖွားဖြစ်တဲ့ ဆရာမင်းသုဝဏ်ဟာ မကြာမီမှာပဲ အနှစ်(၁ဝဝ) တင်းတင်းပြည့်တော့ မှာပါ ကလား၊၊ ရာပြည့်ပွဲ ကျင်းပပြီး အထိမ်းအမှတ်ပြုရလောက်အောင် ကြီးကျယ်မြင့်မြတ် သူတွေ ထဲမှာ ဆရာမင်းသုဝဏ်လဲ တဦးအပါအဝင်ဖြစ်တယ်ဆိုတာ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်သူတွေ ကြား၊ စာပေကိုချစ် အနုပညာကိုချစ်တဲ့ တကယ့်စာပေအနုပညာရှင်စစ်စစ်တွေကြားမှာ ဝိဝါဒ ကွဲပြားစရာ မလိုလောက်အောင် ရှင်းလင်းမြင်သာနေပြီး ဖြစ်ပါတယ်၊၊
ဆရာမင်းသုဝဏ်ရဲ့ တသက်တာဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်ကျေ ခဲ့တဲ့ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်သူကြီးတယောက်ရဲ့ တသက်တာဖြစ်ရုံမက၊ အမိနိုင်ငံတော်ရဲ့ အမျိုးသားစာပေယဉ်ကျေးမှု အနုပညာလမ်းကြောင်းပေါ်မှာ ကောင်းမှုအဖုံဖုံ ကောင်းမွေ အလီလီကို ပြုသွား ပြသွား ပေးအပ်သွားခဲ့တဲ့တကယ့်စာပေအနုပညာရှင်ကြီး၊ လေးစားကြည် ညိုအပ်တဲ့ စာဆိုကြီးလဲ ဖြစ်ပါတယ်၊၊
အဝေးရောက်တွေ ဖြစ်ခဲ့ရတဲ့ ကျနော်တို့တွေဟာ ဆရာ့ရဲ့ နောက်ဆုံးကာလ ဘဝဆည်းဆာညို ချိန် လက်ရာတွေကိုအထိ၊ အဝေးကနေပဲ အဆက်မပြတ်လှမ်းမျှော် ကြည့်ရှု့ ကြားနာနေခဲ့ရရာမှာ၊ ဆရာဟာ နောက်ဆုံးဆည်းဆာညိုချိန် နေဝင်ချိန်အထိ တိုင်းပြည်နဲ့လူမျိုးအပေါ် မမေ့လျော့ခဲ့သူ၊ ကောင်းစေချင်ရှာလွန်းသူ - ဖြစ်ခဲ့တာကိုလဲ တွေ့ရပါတယ်၊၊
တလောလေးကမှ တိုက်တိုက်ဆိုင်ဆိုင်ထပ်မံတွေ့လိုက်ရတဲ့၊ မိတ်ဆွေတယောက်ရဲ့ အိမ်နံရံပေါ်က စက္ကူကြီးကြီးပေါ် စာလုံးကြီးကြီးနဲ့ ကူးယူချိတ်ဆွဲထားတဲ့ ကဗျာလေးနဲ့ပဲ သာ ဓကထူပြီး ပြလိုက်ချင်ပါတယ်၊၊ အဲဒီကဗျာလေးဟာ ဆရာမင်းသုဝဏ်ရဲ့ နောက်ဆုံး ဆည်း ဆာချိန်လက်ရာတွေထဲက နောက်ဆုံးကဗျာလေးတပုဒ်လဲပဲဖြစ်ပါတယ်၊၊ ဆရာမင်းသုဝဏ် ရဲ့နောက်ဆုံးဆည်းဆာနှလုံးသားကို အတိုင်းသားဖွင့်လှစ်ပြသနေသလို၊ ဆရာမင်းသုဝဏ် ရဲ့ နောက်ဆုံး‘သူ့မှာတမ်း’ လို့လဲ ဆိုလိုက်ချင်ပါတယ်၊၊ ကြည့်ကြ ရှု့ကြ နားဆင်ကြည့်ကြပါ့ - -

‘ သားမြေးတို့တွက် ကြိုးစားစို့ ’
--------------------
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ကြွားရင်း နှင့် နစ် ၊ ဝါး ရင်း နစ်သည့်
နစ်လျက် နေပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• သူ့ကို ငါ ညှိုး ၊ ငါ့ သူ ညှိုး နှင့်
အညှိုးကြီး ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါ မှ
တော်ရာ ရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊၊

( မင်းသုဝဏ် )

ဆရာ့ကဗျာ ခေါင်းစဉ်ကိုက ‘ သားမြေးတို့တွက် ကြိုးစားစို့ ’ တဲ့၊၊ ဆရာဟာ ဘဝရဲ့ နောက်ဆုံးနေဝင်ဆည်းဆာချိန်အထိတိုင် နိုင်ငံနဲ့လူမျိုးအတွက်မမေ့မလျော့ တွေးတော စဉ်းစားသွားခဲ့ပါတယ်၊၊ နစ်မွန်းနေရတဲ့ အဖြစ်ဆိုး အပျက်ဆိုးတွေကြားထဲကနေ နိုင်ငံနဲ့ တမျိုး သားလုံးကို ဆယ်ယူနိုင်ဖို့ တွေးတော ပူပန်မျှော်လင့် နေခဲ့ပါတယ်၊၊ ညည်းညူ၍ မပြီး၊ မပြီးဘူး ၊ လုပ်စရာတွေမှန်သမျှ အပြီးလုပ်ကြဖို့၊ ကုန်စင်အောင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်ကြိုးပန်း သွားကြဖို့ကိုလဲတိုက်တွန်းအားပေးသွားခဲ့ပါတယ်၊၊ ထထကြွကြွ နိုးနိုးကြားကြား လုပ်ဆောင် သွားကြဖို့ နှိုးဆော်ပန်ကြား သတိပေးသွားခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ဟာ သူ့ရဲ့ဘဝ နောက် ဆုံး နေဝင်ဆည်းဆာချိန်အထိတိုင်၊ ကိုယ့်ရဲ့ တကိုယ်ရေ ကိုယ်ကျိုးအတွက် လုံးဝမဟုတ်တဲ့၊ သားမြေးတွေအတွက် ( ပြောရရင်- နောင်လာနောက်သား၊ မျိုးဆက်သစ်တွေ အတွက် ) ထထကြွကြွ ကြိုးကြိုးစားစား လုပ်ဆောင်သွားကြဖို့ အားလုံးကို တိုက်တွန်း နှိုးဆော် သွားခဲ့ပါတယ်၊၊ ဘဝနေဝင်ချိန်အထိတိုင် တိုင်းပြည်နဲ့လူမျိုးအပေါ် ၊ နောင်လာနောက်သား မျိုးဆက်သစ်တွေရဲ့ ကောင်းစေရာ ကောင်းစေကြောင်းတွေအပေါ် အဆက်မပြတ် မျက်မှောက် ပြုသွားခဲ့ပြီး၊ စစ်မှန်တဲ့စာဆိုကြီးရဲ့ မွန်မြတ်သန့်စင်လှတဲ့ နှလုံးသားကို ပကတိအတိုင်း ထုတ်ဖေါ်ပြသသွားခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ရဲ့ လှပမြင့်မြတ်တဲ့ နှလုံးသားကို ကျနော်တို့ မြင်ခဲ့ရပါတယ်၊၊တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ ဆရာ့ရဲ့ မေတ္တာ စေတနာနဲ့ သံယောဇဉ်တွေရဲ့ အတိမ်အနက် အတိုင်းအဆ ပမာဏကိုလဲ လင်းကနဲ မြင်လိုက်ရပါတယ်၊၊
ဆရာမင်းသုဝဏ်ရဲ့ ကျေးဇူးတရားတွေကို ဆင်ခြင်ကြည့်မိရင်း ဦးခိုက်လိုက် မိပါတယ်၊၊
အခုလိုအချိန်မှာ ဆရာရဲ့ ရာပြည့်ကို အထိမ်းအမှတ်ပြုမိရင်း၊ ဖြစ်နိုင်ရင် ဆရာမင်းသုဝဏ်ရဲ့ ရုပ်ပုံလွှာကားချပ်ကြီးရှေ့မှာ - သပြေညို ရွှေဘိုပန်းတွေကိုင်ပြီး ထပ်ဆင့် ဦးခိုက်လိုက်ချင်ပါတယ်၊၊ ၊၊

(ဝင်းတင့်ထွန်း)
၆-၁၂-၂ဝဝ၈

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, December 24, 2008

မိုးဖြားတို့ကျတဲ့မျက်ရည်...(လူဗိုလ်)...(၆၀၁)



ကိုခင်ဝမ်းက
ကျနော်တို့မှာ ညီအကိုများစွာရှိတယ် တဲ့....
မွေးသမိခင်ကိုယ်စီနဲ့
ကျွေးသမိခင် ကဋေကဋာ
ကျနော်တို့မှာလည်း အမေတွေများစွာရှိပါတယ် ကိုခင်ဝမ်းရေ။

အမေ
အမိုး
အမဲ့
မိခင်တွေများစွာကြား
မိုးဖြား(မိုးဖရား) ခေါ် ပအိုဝ်းမိခင်တွေ
ကျနော်တို့အတွက်
အကြိမ်ကြိမ် မျက်ရည်ဝေခဲ့ကြဖူးတယ်။

ပအိုဝ်းနယ်မြေကို
ကျောင်းသားတွေ တောခိုအလာ
သပြေပန်းနဲ့ဆည်းကြိုခဲ့တာ
ပအိုဝ်းမိခင်တွေ။

မြို့ပြဘဝ
ရှစ်လေးလုံးအခြေအနေ
ကျောင်းသားတွေ ဘယ်လိုသေကြေခဲ့ကြ
ရုပ်လုံးပုံဖေါ်ရှင်းပြ
ဘီဘီစိ၊ ဗွီအိုအေ ရေဒီယိုတွေကလည်းဖွင့်ဟ
ဘာသာစကားဖလှယ်ပေးမှ
တစွန်းတစသိရ ပအိုဝ်းမိခင်များ
ရောက်စထဲကကို
ကျနော်တို့အတွက် မျက်ရည်ကျ။

ရွာတွေရောက်လို့
အိမ်တွေခွဲချတိုင်း
အိမ်တိုင်းအိမ်တိုင်းမှာ
ကျနော်တို့ထမင်းချက်စရာမလိုပါဘူး
အမ်းကို့ကို့
အမ်းအာအာ နဲ့
ဦးဦးဖြားဖြားကျွေးလေ့ရှိတာ
ချစ်စရာ့ ပအိုဝ်းဓလေ့တခုပါ။

မနက်လင်းတာနဲ့
သွားတိုက်ဖို့ ဆား
မျက်နှာသစ်စရာ ရေခွက်မှာရေပြည့်
ဒီဧည့်ဝတ်ကျေပွန်မှုတွေက ကျနော်တို့အတွက် အင်အား။
ခရီးထွက်ဖို့ နှုတ်ဆက်ကြရင်
ကျနော်တို့ရဲ့အလေ့အထ
လက်အုပ်ချီ ဦးချတိုင်း
မျက်ရည်ကျကြတာလည်း
မိုးဖြားတွေပါပဲ။

၁၉၉၂
အပစ်အခပ်ရပ်စဲမှုတွေ ခေတ်စား
စီးကြောင်းအတိုင်း ပအိုဝ်းတပ်ပါသွား
စသိကြားရ
ပအိုဝ်းပြည်သူတွေဆီက
ပအိုဝ်းအမေတွေဆီက
ကျောင်းစားပေးတို့မြို့ပြန်ရောက်ရင်
မိုးဖြားတို့လာလည်မယ်နော်တဲ့။


တော်လှန်ရေးနယ်မြေသစ်ထဲ
ဆက်လက်တိုးဝင်နိုင်ဖို့
ပအိုဝ်းနယ်မြေကိုခွဲ
မိုးဖြားတို့ကိုနှုတ်ဆက်
မိုးဖြားတို့ရဲ့ နောက်ဆုံးမျက်ရည်တွေကိုကြည့်
ဆို့နင့်ကြေကွဲဝမ်းနည်းစရာအတိ။

အိုအမေတို့ရယ်
အို မိုးဖြားတို့ရယ်

ကတိတည်ရပါစေ့မယ်
ကျနော်တို့ကြောင့် ကျရတဲ့မျက်ရည်
စစ်အစိုးရကြောင့် ကျရတဲ့မျက်ရည်
ဘယ်အခါမှ မတူစေရပါဘူး။ ။

လူဗိုလ်
၂ဝ ၊ ၅ ၊ ဝ၆
၎း ၃၅ (နံနက်)

(အမ်းကို့ကို့ = ဝဝစား
အမ်းအာအာ = များများစား
ကျောင်းစားပေး=ကျောင်းသားလေး)

မှတ်ချက်။ ။ ကျနော်တို့ရဲဘော်ကြီးကိုလူဗိုလ် ထိုင်းမြန်မာနယ်စပ်ကနေ တကူးတကပို့လိုက်တဲ့ လက်တွေ့ဘဝထဲက ကဗျာလေးပါ...။

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, December 20, 2008

ယဉ်ကျေးမှုကို လေးစားခြင်း..။

ကျနော်တို့ရဲ့မိတ်ဆွေကြီး ဆူးပြတိုက် က တဂ်ထားတဲ့အကြောင်း လေးတွေ ရေးဘို့ပါ။ ဒါပေမဲ့ အကြောင်း အရာတော့ ပြောင်းရေး လိုက်ပါရစေ။ ကျနော်သိသလောက် လူဆိုတာ ကိုယ့်ကိုကိုယ် တော်တော်ချစ်တတ်တဲ့သဘောရှိပါတယ်။ သို့သော်လည်း လူပီသအောင် နေနိုင်ဘို့ဆိုရင် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝေဖန်ဘို့လိုနေတာပါ။ ကျနော့်မိတ်ဆွေကြီးဆိုလိုတာကို ကျနော်က ဒီလိုသဘောပေါက်ပြီး၊ ဒီ တဂ် ထားတာ လေးရေးမှာပါ။ ဒါကလဲဘလော့ဂါလောကရဲ့ ယဉ်ကျေးမှုလေးဖြစ်နေပြီကိုး။ ကျနော်ကတော့ မုန်းတဲ့အချက်ဆိုတာထက် မိမိအားနည်း နေတဲ့ မိမိပြင်ဆင်သုံးသတ်နေထိုင်ရမဲ့ အချက်တွေအဖြစ် မိမိကိုယ်ကို ဝေဖန်သွားပါရစေကိုဆူးသစ်ရေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဟန်မဆောင်ချင်ဘူး စာလေးနဲ့ရေးပြပြီး ကိုယ်ကိုကိုယ် တကယ့်လက်တွေ့ ဝေဖန်ဆန်းစစ်မှု၊ မိမိရဲ့အမှားတွေကို တတ်နိုင်သလောက်ပြုပြင်မှု၊ လူ့အဖွဲ့အစည်းမှာ လူပီသအောင်နေထိုင်မှု စတာတွေ မလုပ်ပဲနေရင် အလကားလူပဲဖြစ်နေမှာပဲလို့ ခံယူထားလို့ပါ။
(၁) ကျနော်ရဲ့ဒေါသကြီးတဲ့အကျင့် လူတော်တော်များများရှိတတ်ကြ ပါတယ်။ ကျနော်က သူများထက် နည်းနည်းပိုနေတယ်။ မကောင်းပါဘူး လျှော့ချရမယ် တတ်နိုင်သမျှထိမ်းချုပ် သင့်တယ်။ ဒေါသကြီးတာ ပူလောင်ပါတယ်။
(၂) အစွဲအလန်းကြီးတာ ဇွဲနပဲထားတာနဲ့ရောနေလို့ ပြင်ရပါအုံးမယ် ပြင်လဲပြင်နေပါတယ်။ မလိုအပ်ပဲ အစွဲအလန်းကြီးတော့ စိတ္တဇဆန်တတ်တာပေါ့။
(၃)မာနကြီးသလိုဖြစ်နေတာ တကယ်က အဲ့လိုမဟုတ်ပါဘူး ဒါပေမဲ့ မိမိကိုယ်ကို ယုံကြည်တာ နဲ့ တလွဲမာနနဲ့ရောနေတတ်တာ ဒါလဲမကောင်းဘူး။
(၄) သံသယကြီးတတ်တာ တစ်ခါတရံကလွဲလို့ ခပ်များများကတော့ အကောင်းထက် အပျက်ဘက်ကိုဦးတည်တာများတယ်။ သိတ်ကောက်ကျစ်တဲ့ရန်သူကို ရင်ဆိုင်ရပါများလာတော့ ကျနော်တို့ရဲဘော်တွေ တော်တော်မျာများမှာ သံသယစိတ်တွေ လိုအပ်တာထက်များနေကြတာ။ ကျနော်လဲ အဲ့ဒီအထဲမှာပါပါတယ်။ ပြုပြင်နေပါတယ် ဆက်ပြင်သွားရအုံးမယ်။
(၅) အာရုံလွန်တာ တခုခုလုပ်ရင် အာရုံစူစိုက်တာနဲ့ အာရုံလွန်တာနဲ့ရောနေတတ် တယ်။ အာရုံလွန်တာဟာ ဘယ်နေရာမှာမှမကောင်းဘူး ဖြစ်နေဆဲပဲ သိတာနဲ့ပြင်တော့ပြင် နေပါတယ်။
(၆) အစားကြူးတာ ကျနော်ကအစားမက်တဲ့ကောင်ပါ ဒါပေမဲ့လိုအပ်တာထက်မက်ရင် ဒုက္ခဖြစ်တယ်ဆိုတာ သိတာမကြာသေးဘူး။ မနည်းဆင်ခြင်နေရတာ သူငယ်ချင်းတွေနဲ့ ဆွေမျိုး တွေအကုန်လုံး ဒီအချက်ကို သိနေကြတာပါ။ ဆက်လက်ဆင်ခြင်သွားမှ ကောင်းမှာပါ။
(၇) လက်စားချေတတ်တာ ကျနော်လက်စားချေတတ်တဲ့အကျင့်ရှိတယ်။ တကယ်မကောင်း ပါလားလို့သိတာမကြာသေးဘူး။ ဒါလဲမာန်မာနကြောင့်ဖြစ်တာပဲ သိပေမဲ့ဆင်ခြင်ရတာခက်နေတယ် ကျိုးစားပြီး ဆင်ခြင်နေပါတယ်။
(၈) စကားတဲ့ထိုးပြောတတ်တာ သူနေရာနဲ့သူသင့်တော်တာ မသင့်တော်တာ တခါတခါ မရွေးတတ်လို့မိတ်ပျက်ရတာတွေရှိတယ်။ စကားဆိုတာသင့်တော်သလို ပြောတတ်ဘို့ ကျနော်လိုနေသေးတယ်။
(၉) ကျနော်ကြောက်တတ်တာ ဟုတ်တယ် မိုးတွေလေတွေတအားကြမ်းရင် မိုးဦးကျ ကျနော်သိတ်ကြောက်တတ်တာ။ အဲ့ဒီ့စိတ္တဇကို ဆုံးမနေတာ အခုထက်ထိဆုံးမနေရတုန်း။ နည်းနည်းကြာသွားရင်လဲ မကြောက်တော့ဘူးဗျ။ တော်တော်ဆိုးတဲ့ဟာဗျာ။
(၁၀) နောက်ဆုံးတခုကတော့ တယ်ဆိုးသဗျို့ အသုံးအစွဲကြီးတာဗျို့ တောက်လျှောက် ဖြစ်လာတာ တော်တော် မကောင်းဘူး မနည်းဆင်ချင်နေရတာ ဒုက္ခရာက်ပေါင်းလဲ များလှပါပြီဗျာ မိန်းမ မည်တွန်တောက်တီးတာလဲ ခံရသဗျ။ ကိုဆူးသစ်ရေ ကျုပ်တို့က အလံဖြူအောက်ကလူတွေဗျ။ ကဲရေးပြီးသွားပြီကိုဆူးသစ်ရေ ဒီလောက်ပဲ ဆင်ခြင်ရသေးတယ်ဗျာ။ အဲ့ဒါအရှိအတိုင်းရေးတာပဲ။ လာလည်ဖတ်ရှုကြတဲ့ မိတ်ဆွေတွေ အားလုံးလဲ ဘဝမှာ လူပီသအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေဗျား။

ဦးဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, December 17, 2008

ဂီတစာမျက်နှာ(၃)...ပန်းချစ်သူ

ဒီတခေါက်မှာတော့ ကျနော်တို့ အင်မတန်လေးစားခဲ့ရတဲ့ အင်မတန်ဂုဏ်ယူဘို့ကောင်းတဲ့ မြန်မာဟန်နဲ့ ကိုယ်ပိုင်ဟန် Country နဲ့ Classical တေးသွားတွေကိုဖန်တီးရာမှာ အင်မတန်တော်လှတဲ့ ဂီတဂုရုကြီး ကိုမောင်မောင်ရဲ့ ပန်းချစ်သူဆိုတဲ့တေးသွားလေးပါ။ ကျနော်တို့မြန်မာတွေမှာလဲ နိုင်ငံတကာအဆင့်မှီ ကိုယ်ပိုင်တေးသွားတွေအများကြီးရှိပါတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် Original တွေကိုသာ တခုတ်တရ အသိအမှတ်ပြုကြတာပါ။ ဒီအချက်ကတော်တော်အရေးကြီးပါတယ်။ ကျနော်တို့သူများတွေဖန်တီးထားသမျှကို လိုက်တီးတာလဲ သူ့နေရာနဲ့သူ ခံစားမျှဝေတီးခတ်ကြရပေမဲ့ ကိုယ်ပိုင်ဂီတလောက် လွတ်လွတ်လပ်လပ် ဖန်တီးလို့မရပါဘူး။ မြန်မာဂီတသမားတွေထဲမှာ စိုင်းခမ်းလိတ်၊ကိုနေဝင်း၊ကိုမောင်မောင်၊ကိုရဲလွင်၊ကိုထူးအိမ်သင် စသည်ဖြင့် လက်ရှိခေတ်မှာ ကိုယ်ပိုင်ဂီတဖန်တီးတာ အင်မတန်တော်ကြတဲ့ ပညာရှင်တွေပါဗျာ။ ဟိုအရင်ခေတ်တွေကဆို ဆရာမြို့မငြိမ်းတို့လို ကမ္ဘာဂီတကို မြန်မာ့ဟန်နဲ့ပေါင်စပ်ပြီး တီထွင်ဆန်းသစ်ခဲ့တဲ့ ဂီတဆရာသမားကြီးတွေတောင်ရှိခဲ့တာပါကလား။ မြန်မာဂီတသမားတွေ တချိန်မှာ ကိုယ်ပိုင်ဟန် ဂီတတွေနဲ့ ကမ္ဘာကိုရင်ပေါင်တန်းနိုင်ကြမှာပါ။ တခုတော့ရှိပါတယ် မတရားတဲ့ အုပ်စိုးသူလူတန်းစားရဲ့ ပွဲအလိုတော်ကြ ဘုန်းတော်ကြာင့်ဆိုသလိုမျိုး ဂီတကိုဖန်တီးနေကြမယ်ဆိုရင်တော့ အများကြီးနောက်ကြနေအုန်းမှာပါ။ ဂီတဆိုတာ တကယ်တော့ လွတ်လပ်တဲ့ အနုပညာရပ်ဝန်းကြီးမဟုတ်ပါလားခင်ဗျာ။ အလုံးကြီးထုတာ တော်ပါပြီဗျာ။တီးထားတာလေးခံစားကြပါအုံး။



ဒီသီချင်းဟာ အင်မတန်လှတဲ့ ကိုမောင်မောင်ရဲဖန်တီးမှုပါ။ လူသေသွားပေမဲ့ သူအနုပညာကကျန်နေတာပါ။ ပန်းချစ်သူဟာရုပ်ရှင်ဇာတ်ဝင်တေးပါ ကိုခင်မောင်တိုးနဲ့ မီမီဝင်းဖေတို့သီဆိုခဲကြပါတယ်။ တခြားဘယ်သူတွေဆိုခဲ့ကြသေးသလဲတော့ မသိတော့ပါဘူး။ ကျနော်တီးထားတာ Intro က ကျနော့် Mood အတိုင်းပါ Solo ကတော့ Medium Wave ကဆရာကြီးတွေတီးထားတာကို မှီငြမ်းပါတယ်ဗျာ။ သိတ်တော့မကောင်းဘူးဗျာ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။ ကျနော်က ဝါသနာရှင်တယောက်သာ။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

ချစ်သူဝတ်ပါ ဒီကဗျာ...ညိုထက် (လမ်းသစ်ဦး)

တရာဖိုး သုံးထည်
အချစ်ရယ်...
ကိုယ်ဝယ်ပေးနိုင်တာ ဒါပါပဲကွယ်။

သားကလေးကစားချင်စရာ
အရုပ်ကလေးတွေကလည်း အများသားကလား
အဲဒီအရုပ်ကလေးတွေကို
ကိုယ်လက်တွေနဲ့ တို့ထိမိလေတိုင်း
ဆူနာမီရေလှိုင်းကြီးဟာ
ကိုယ်ရဲ့ရင်လှိုင်းကြီင်္း ဖြစ်ဖြစ်သွားတယ်။

ကိုယ်ရဲဘော်ကြီးတယောက်ဆီက စာလာတယ်
တိုက်ပွဲ (၂)ရပ်တဲ့။

အခုဆို
မယ်လာဦးမှာ နေတွေပူနေရောပေါ့နော်
“သားအတွက် ချိုင်းပြတ်အင်္ကျီ (၅)စုံလောက်ဝယ်လာပေးနော်” တဲ့
မှာတော်ပုံသူ့စကား
သြော်... လွမ်းပါရစေတော့လား ချစ်သူရယ်။

ဟုမ်လုမ်
မိုက်ခရို
စီယမ် ပလာဇာ
မဲဆောက်ဈေးတန်း
သင်္ကြန်ဈေး
သောကြာဈေး။

ကိုယ့်အရက်တွေကို ဆိုဒါရောပြီး သောက်ချလိုက်တယ်အချစ်ရယ်။
မင်းကိုတော့
ဘာဆိုဘာမှ မရောဘဲသောက်ခဲ့တာပါကွယ်။

ထုတ်ချင်းခတ်ပေါက်တဲ့အထိ
ချစ်မိတဲ့ အချစ်တွေနဲ့လူပါကွယ်
ဒါပေမယ့်အချစ်ရယ်
ကိုယ်ဝယ်ပေးနိုင်တာက
တရာဖိုး သုံးထယ်။


ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, December 11, 2008

ဂီတချစ်သူများအတွက်...ဂီတ(၂)

လွန်ခဲ့တဲ့ (၁၄) နှစ်လောက်က ကျနော်ရယ်၊ ကိုလူဗိုလ်ရယ်၊ကိုမျိုးအောင်ရယ်၊ကိုသားငယ်နဲ့မိုးကျော်တို့ ဒေါင်းဂွင်ဘက်မှာရှိတုန်းက ကိုမွန်းအောင်ပို့ပေးလိုက်တဲ့ Blue တေးသွားတွေတီးခတ်တဲ့ စာအုပ်ထဲကမှတ်မိတဲ့သီချင်းတေးသွားလေးပါ မူလဂီတဂုရုကြီးရဲ့နံမည်ရော သီချင်းနံမည်ပါမမှတ်မိတော့ပါဘူး 12 Bars Blue လေးပါ သတိရလို့ပြန်တီးထားတာပါ။


ဆက်တီးထားတဲ့ တေးသွားကတော့ ဂီတအကျော်အမော်ကြီး Eric Clapton ရဲ့ Tears in Heaven ပါ မူလ Key နဲ့တော့မဟုတ်ပါဘူး Classical ပြန်တီးထားတာပါ။ ဒီဂီတဂုရုကြီးဟာ ဒီသီချင်းကို သူ့နှလုံးသားနဲ့ရေးဖွဲ့ထားတာလို့ ပြောပါတယ်။ ဒါ့ကြောင့်လဲကမ္ဘာကျော် တေးသွားတပုဒ် ဖြစ်လာရတာပေါ့ ကျနော်တီးထားတာ သိတ်တော့မကောင်းဘူး သီးခံပြီးနားဆင်နိုင်ကြပါစေ ပိုကောင်းအောင်တီးနိုင်ဘို့ အခုဂစ်တာပြန်တီးနေပါတယ်။


အားလုံးပဲဂီတမှာ ခံစားစီးဝင်နိုင်ကြပါစေ။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, December 8, 2008

ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးလို .. (သခင်ဘမောင်)

၁၉၄၅ ခုနှစ်တွင် မြန်မာပြည်သူတို့သည် ဂျပန်ဖက်ဆစ် စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၄၂ ခုနှစ်က မိမိတို့ တိုက်ထုတ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပြန်လည်ရင်ဆိုင် ကြရပြန်သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ ယခင်က အင်္ဂလိပ်အစိုရအပေါ် ဆန့်ကျင်ခဲ့ကြသော တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်များ သဘောထားကြီးကြောင်း၊ သစ္စာရှိကြောင်း၊ ပုဂ္ဂိုလ်အနေအားဖြင့် အင်္ဂလိပ် နန်းရင်းဝန်ကြီး မစ္စတာအက်တလီသည် မြန်မာပြည်သူတို့အပေါ် စေတနာကောင်းထားသူ ဖြစ်ကြောင်း၊ ဆာစတက်ဖို့ကရစ် ဆိုသူက မြန်မာပြည်သူတို့ကို ခင်မင်မြတ်နိုးသူ ဖြစ်ကြောင်း၊ မစ္စတာဖာနီဗယ်ကြီးက မြန်မာတို့အတွက် ဘောဂဗေဒပညာ ပေးခဲ့ကြောင်း စသဖြင့် အင်္ဂလိပ်ချီးကျူးခန်း ဖွင့်ကြသည်။
ယင်းကဲ့သို့ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်ချီးကျူးခန်းဖွင့်နေကြသည်ကို ကြားသိရသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ဘူးပါသည်။

ဘဲနဲ့လဲကွဲ့ မင်းသခင်ခေါင်းဆောင်အချို့က အင်္ဂလိပ် နယ်ချဲ့ကောင်တွေကို သိပ်ချီးကျူး နေပါကလား။ ဒီကောင် ခွေးမသားတွေက ဟိုတုန်းက အင်္ဂလိပ်နယ်ချဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး အခုတော့ သိပ်သဘောကျနေကြပြီထင်တယ်။ ဒိကောင် တွေက ဆရာတို့ ငယ်ငယ်တုန်းက ကြားဘူးတဲ့ ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးနဲ့ တူနေတယ်ဟု မိန့်ကြားပါသည်။
ထိုအခါ ကျွန်တော်တို့က ဘယ်လိုလဲဆရာ အမိန့်ရှိပါအုံးဟု မေးကြသဖြင့် ဆရာကြီးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
ဆရာတို့ ငယ်ငယ်တုန်းက မန္တလေးမြို့မှာ ကြွယ်ကြီးရုပ်သေးဆိုတာ ရှိတယ်။ ကြွယ်ကြီး ဆိုတာက ရုပ်သေးမင်းသားရဲ့ အမည်။ သူ့အမည်ကို အစွဲပြုပြီး သူပါဝင်တဲ့ ရုပ်သေးအဖွဲ့ကို ကြွယ်ကြီးရုပ်သေးလို့ ခေါ်ကြတယ်။
ကြွယ်ကြီးရုပ်သေးဟာ မန္တလေးမြို့ပေါ်နှင့်တကွ အညာအကြေတခွင်မှာတော့ အဲဒီ အချိန်က အကျော်ကြားဆုံး လူကြိုက်အများဆုံးပေါ့။ ကြွယ်ကြီးရုပ်သေး လူကြိုက်များတာ ကျော်ကြားတာကတော့ မင်းသား ကြွယ်ကြီး အသံကောင်း အဆိုကောင်းတဲ့ အတွက်ပါဘဲ။
ကြွယ်ကြီးရုပ်သေးကို ကြည့်ကြရာမှာလဲ အများစုက အမျိုးသမီးတွေ ဖြစ်ကြတယ်။ မောင်တို့ အခုခေတ် ဖိုးစိန်ကြီးကို အမျိုးသမီးတွေက အကြည့်များသလိုပေါ့။ မင်းသား ဦးဖိုးစိန် အရွယ်ကောင်းတုန်းအချိန်က ရန်ကုန်မှာ ကွမ်းသီးဖက်ဆေးပေါ့လိပ်ကလဲ တော်တော်ခေတ် စားတာကိုး။ အဲဒီတုန်းက ဦးဖိုးစိန်တို့ ဘယ်လောက်များ စန်းပွင့်သလဲဆိုရင် အချို့ အမျိုးသမီးတွေက ကွမ်းသီးဖက်ဆေးလိပ်ထဲ ရွှေင်္ဒဂါးထည့်ပေးကြဆို မဟုတ်လား၊ အဲဒီအထိ ဦးဖိုးစိန်တို့ ခေတ်စားခဲ့တာကလား။
ရုပ်သေးမင်းသား ကြွယ်ကြီးကိုလဲ ဇာတ်မင်းသား ဦးဖိုးစိန်လိုပဲ မိန်းမပိုင်းက အလွန်သဘောကျကြတယ်။ အဲဒီအထဲ မန္တလေးတရုပ်တန်းက တရုပ်သူဌေးမယား တရုပ်မကြီး တယောက်လဲ ပါတယ်။ မန္တလေးမြို့ပေါ်မှာ ကြွယ်ကြီးရုပ်သေး ဘယ်နေရာကက ကတဲ့နေရာ လိုက်ကြည့်တာဘဲတဲ့။ နောက်တော့ တရုပ်မကြီးဟာ ဘယ်လောက်များ စွဲလန်းသွားသလဲ ဆိုရင် မန္တလေးမြို့ပေါ်သာမဟုတ် ကြွယ်ကြီးရုပ်သေး ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုမြို့များမှာ ကတယ်ဆိုရင်လဲ ကားတစီးနဲ့ သတင်းမေးပြီး လိုက်ကြည့်သည်အထိ ဖြစ်ရသတဲ့။
အဲဒီလို မန္တလေးမြို့ပေါ်သာမက နယ်မြို့များအထိ လိုက်ပီး ကြည့်ပါများတော့ လင်ယောက်ျား တရုပ်သူဌေးကြီးက အစတော့ အေးအေးဆေးဆေး ပြောတယ်။ နောက် အေးအေးဆေးဆေး ပြောမရတော့ ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်လာသတဲ့။ တရုပ် သူဌေးကြီးက ဆူပူကြိမ်းမောင်းခြင်း ပြုလာတဲ့အခါ တရုပ်မကြီးက ရှင်မကြည့်ဘူးသေးလို့ အခုလို ကျမကို ကြိမ်းမောင်း တားမြစ်နေတာ၊ ရှင်တခါကြည့်ဘူးရင် ကျမလို ခဏခဏ ကြည့်ချင်မှာဘဲလို့ ပြန်ပြောသတဲ့။
တရုပ်မကြီးက မကြခဏ ကြိမ်းမောင်းတိုင်း အခုလို ရှင်မကြည့်ဘူးသေးလို့ပါ ရှင်တခါကြည့်ဘူးရင် ကြွယ်ကြီးရုပ်သေးကို ခဏခဏကြည့်ချင်မှာ ကျမလိုဘဲ စွဲသွားမှာပေါ့လို့ ပြောပါများတော့ တရုပ်ကြီးက အေးနောက်တခါလိုက်ကြည့်မယ်လို့ သူ့မယားကို ပြောသတဲ့။
ရက်များမကြာခင် မန္တလေးမြို့တနေရာမှာ ကြွယ်ကြီးရုပ်သေးကတော့ တရုပ်မကြီးက ခပ်စောစောထဲက နေရာကောင်းကောင်း အယူခိုင်းလိုက်ပြီး ညကျတော့ သူ့ယောက်ျား တရုပ်သူဌေးကြီးကိုပါ ခေါ်သွားတယ်။ တရုပ်ကြီးကလဲ အေး ငါအခုလိုက်ကြည့်မယ် နင်ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်ရင် နင်ဘယ်တော့မှ မကြည့်ရဘူးလို့ ပြောရင်း လိုက်သွား သတဲ့။
ရုပ်သေးပွဲရောက်ကြတော့ ထုံးစံအတိုင်း မျောက်၊ မြင်း၊ ဇော်ဂျီ၊ အပျိုတော်၊ ၀န်၊ ရှင်ဘုရင် စသည်တို့ အစီအစဉ်အတိုင်း ထွက်တာ ကြည့်ကြရတယ်။ အဲဒီနောက်တော့ မင်းသား မင်းသမီး ထွက်လာပြီး ကြွယ်ကြီးက နှစ်ပါးသွားသီချင်းတပုဒ် ကောက်ဆိုလိုက်ရင်ဘဲ ပရိသတ်ဟာ ချောင်းဟန့်သံတောင် မကြားရအောင် ငြိမ်သွားတယ်။ တရုပ်ကြီးလဲ စောစောကလို လှုပ်လှုပ်ရှားရှား မနေတော့ဘဲ ကြွယ်ကြီးသီချင်းသံကို စိုက်နားထောင်သတဲ့။ တရုပ်ကြီးဟာလဲ ဘာစကားမှ မပြောတော့ဘဲ သီချင်းသံကို နားထောင်ရင်း ထောင်ရင်းနဲ့ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်တာ ကိုယ့်ဖျားပေါ်ကနေ အခြားသူရဲ့ ဖျာပေါ်တောင် ရောက်သွားသတဲ့။
အဲဒီတော့မှ သူ့ယောက်ျားအကဲကို ကြည့်နေတဲ့ တရုပ်မကြီးက အသာလက်တို့တဲ့ပြီး "ဘဲ့နဲ့လဲမောင်ရဲ့ သဘောမကျဘူးလား" လို့ မေးလိုက်တဲ့အခါ တရုပ်ကြီးက တရုပ်မကြီးဘက် ကို လှည့်တဲ့ပြီး "အေး ကြွယ်ကြီး ကို နင်တို့မိန်းမတွေ မပြောနဲ့ ငါတောင် သူ့မယားဖြစ်ချင်စိတ် ပေါက်လာပြီဟ" လို့ ပြောလိုက်သတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ၏ပါးစပ်ကို လက်ဝါးဖြင့် ခပ်ကွယ်ကွယ်ပြုကာ ရယ်မောရင်း "အေး- တို့သခင်တွေဟာ အစကတော့ အင်္ဂလိပ်နယ်ချဲ့သမားကို မကြိုက်ခဲ့ကြဘူး၊ ဆရာနဲ့အတူ ရွာရိုးလျှောက်ပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးတရားတွေ လက်သီးလက်မောင်းတန်း ပြောခဲ့ ဟောခဲ့ ဆဲခဲ့ကြတာကလား။ ဒါပေမဲ့ အခု အင်္ဂလိပ်က ဖိတ်ပြီး ထမင်းကျွေးလိုက်၊ အရက်ကလေးတိုက်။ အာဏာပါဝါနံ့ကလေးပေးလိုက်ဆိုတော့ အချို့သခင်တွေဟာ ကြွယ်ကြီးကို ပေါက်ဖော်ကြီး ကြိုက်သလို ဖြစ်ကုန်ကြပထင်ပါရဲ့ ကွာ" ဟု ပြောကြားပါတော့သည်။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

ဘယ်မအေရိုးမှ မကောင်းပါဘူး .... (သခင်ဘမောင်)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၄၇ ခုနှစ်မတိုင်မီ မြန်မာဘုရင် သီပေါမင်း လက်ထက် ပဒေသရာဇ်ခေတ်မှ ဗြိတိသျှနယ်ချဲ့ ခေတ်၊ ဂျပန်ဖက်ဆစ်ခေတ်၊ အင်္ဂလိပ် လွတ်လပ်ရေး ကျေညာပေးသော ခေတ်ထိ နှစ်ပေါင်းကိုးဆယ်မျှအတွင်း တိုင်းပြည် အုပ်ချုပ် သူ မင်း အစိုးရအမျိုးမျိုးတို့၏ အုပ်ချုပ်စိုးမိုးပုံတို့ကို ဖြတ်သန်းတွေ့သိခဲ့ ရသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် တွေ့ဆုံကြသည့် အခါ စပ်မိစပ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စာပေရေးစသည်များကို ပြောကြရင်း ခေတ် အဆက် ဆက်တွင် ဆရာကြီး ဖြတ်သန်းတွေ့သိခဲ့ရသော မင်း အစိုးရများအနက် ပြည်သူတို့၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသည့်အကျိုးစီးပွါးများနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ပုံတို့သည် မည်သည့်အစိုးရခေတ်၊ မည်သည့်အစိုးရလက်ထက်တွင် ကောင်းမွန်၍ မည်သည့်အစိုးရခေတ် မည်သည့်အစိုးရ လက်ထက်တွင် ဆိုးဆိုးဝါးဝါး ဖြစ်ပါသလဲဟု မေးမြန်းကြပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အထက်ပါအမေးစကားကို အောက်ပါပုံပမာကလေး ဖြင့် မိန့်ဆို ဖြေကြားပါသည်။
အုပ်ကျစ်ကျော်အေး မန္တလေးတည်ဆိုတော့ အုပ်က ၁၊ ကျစ်က ၂၊ ကျော်က ၂၊ အေးက ၁၊ အစဉ်အလိုက်ချကြည့်ရင် ၁၂၂၁ ဖြစ်တယ်။ အဲဒီ ၁၂၂၁ ခုနှစ်ဟာ ရတနာပုံ မန္တလေးမြို့ကို မင်းတုန်းဘုရင်ကြီး တည်ဆောက်ခဲ့တဲ့ နှစ်ဖြစ်တယ်။ မန္တလေးမြို့ တည်ဆောက် တာနှင့် မန္တလေးနန်းတည်ဆောက်တာ တချိန်တည်း တနှစ်တည်းတော့ မဟုတ်ဘူး။ နန်းတော်ကြီးကို ၁၂၂၉ မှာ တည်ဆောက်ပြီး၊ ကျုံးမြို့ရိုးအစရှိတဲ့ မြို့တော်ကြီးကို ၁၂၂၁ ခုနှစ်မှာ စတင်တည်ဆောက်တယ်။ မြို့တော်တည်ဆောက်မဲ့နေရာကိုတော့ ၁၂၁၈ ခုနှစ်ကစပြီး၊ တောရှင်း မြေညှိလုပ်ငန်းတွေ လုပ်ကြတာပေါ့။ ဒါပေမယ့် မှတ်သားလို့ လွယ်အောင်ဆိုပြီး ကျုံးမြို့ရိုး ပနက်ချတည်ဆောက်တဲ့ သက္ကရာဇ် ၁၂၂၁ ခုနှစ်ကို အုပ်ကျစ်ကျော်အေး မန္တလေးတည် လို့ ခေါ်တွင်ခဲ့ကြတယ်။
မင်းတုန်းမင်းသားဟာ ၁၂၁၄ ခုနှစ်မှာ အာဏာရရှိခဲ့တယ်။ အာဏာရရှိတာကို အမှန်တကယ်ပြောရရင် အိမ်ရှေ့မင်းသား ကနောင်မြို့ စားရဲ့ သတ္တိရှိမှုနဲ့ လုပ်ရည်ကြံရည် ပါဝင်ခဲ့တဲ့အတွက်ဆိုရင် မမှားပါဘူး။ အိမ်ရှေ့ မင်းသားဆိုတာက ၁၃၀၀ပြည့် အရေးတော်ပုံခေတ်မှာ တို့ဗမာအစည်းအရုံးဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သခင်ထိပ်တင် ကိုယ်တော်ကြီးရဲ့ အဖိုးဖြစ်တယ်။
စကားစပ်မိလို့ သခင်ထိပ်တင်ကိုယ်တော်ကြီးအကြောင်း နဲနဲပြောရအုံးမယ်။ သူ့ရဲ့ အိမ်ရှင်မဇနီးက တို့သီပေါဘုရင်ရဲ့ တတိယ သမီးတော်ပေါ့။ သီပေါဘုရင်က မင်းတုန်းဘုရင်ရဲ့ သားဖြစ်တော့ တတိယသမီးတော်ဟာ မင်းတုန်းဘုရင်ရဲ့ မြေးပေါ့ကွယ်။ ညီတော်နောင်တော် အရင်းဖြစ်ကြတဲ့ အိမ်ရှေ့မင်းသားရဲ့မြေး သခင်ထိပ်တင်ကိုယ်တော်ကြီးနှင့် မင်းတုန်းဘုရင်ရဲ့ မြေး တတိယသမီးတော်တို့ဟာ တကယ်ဆိုတော့ မောင်နှမ နှစ်ဝမ်းဘဲကွဲကြသေးတာကလား။ သူတို့နှစ်ဦး လက်ထပ်တဲ့ကိစ္စမှာ ဆရာလဲ တော်တော်ကူညီ ဆောင်ရွက်ပေးခဲ့ဘူးပါတယ်။
တို့ဗမာအစည်းအရုံးက ဆရာတို့ပါဝင်ပြီး နာယက တာဝန်ထမ်းဆောင်တဲ့အခါ သူလဲ တော်တော်ကူညီအားပေးဘော် ရလာတယ်။ သူ့အနေနဲ့ အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင် သမက်ဖြစ်ပေမဲ့ ပဒေသရာဇ်စိတ် မရှိရှာပါဘူး။ ဆင်းရဲသား ပစ္စည်းမဲ့များ အတွင်းမှာပဲ အရောတ၀င် ဆက်ဆံနေထိုင်လိုတဲ့ ဆန္ဒရှိတာကို သိရတယ်။ နေလဲနေတယ်။
တို့ဗမာအစည်းရုံးကြီးရဲ့ စည်းရုံးရေးကိစ္စအတွက် မုံရွာအထက် ကနီကနဲတို့ မင်းကင်းတို့ဆိုတဲ့ မြို့ရွာတွေကို ဆရာတို့ သွားကြတဲ့အခါ ပထမတခေါက်တုန်းကဆိုရင် ဆေးဖော်ကြောဖက် သိပ်မရှိပါဘူး။ သခင်အသင်းဝင်ထားတဲ့ လူလောက်ပဲ သင်္ဘေဆိပ်က ဆီးကြိုကြ၊ ဆရာတို့ဆီ လာမေးကြ မြန်းကြတာဘဲ။ တရားပွဲတို့ ဆွေးနွေးပွဲတို့ ဆိုရင်လဲ ကြက်ပွဲငှက်ပွဲလောက်တောင် မစည်ပါဘူး။
ဆရာတို့လဲ စိတ်မကျေနပ်တာနဲ့ နောက်တခေါက် ထပ်သွားကြပြန်တယ်။ အဲဒီအခါ ထိပ်တင်ကိုယ်တော်ကြီးကို ခေါ်သွားပြီး အိမ်ရှေ့မင်းရဲ့မြေး၊ သီပေါဘုရင်ရဲ့ သမက် မင်းသားထိပ်တင်ကိုယ်တော်ကြီး ပါတယ်လို့ သတင်းလွှင့်လိုက်တယ်။ အဲဒီသတင်းလဲ ကြားရော တောရောမြို့ပါဆိုသလို မင်းသားကို ကြည့်ချင်မြင်ချင်ကြတဲ့အတွက် ဆရာတို့ကို သင်္ဘေဆိပ်က လာကြိုကြတာ ကမ်းညွတ်မတတ်ပါဘဲ။ တရားပွဲတွေလဲ ၀က်ဝက်ကွဲပါဘဲ။ ကျွေးမွေးဧည့်ခံလိုက်ကြတာလဲ မပြောပါနဲ့။ ဗိုက်ခွေးနမ်းမတတ် ဆိုသလိုပါဘဲ။ သူ့အကြောင်း ပြုပြီး တို့ဗမာအစည်းအရုံးရဲ့ စည်းရုံးရေးအားဟာလဲ တော်တော်တက်လာတယ်။ အသင်းဝင်တွေလဲ များလာတယ်။
ထိပ်တင်ကိုယ်တော်ကြီးက ပဒေရာဇ်စိတ်၊ ရှင်ဘုရင်စိတ် မပေါက်ပေမယ့် လူရုပ်လက္ခဏာ ပုံသဏ္ဍာန်ကတော့ ရှေးကလူတွေအမြင်နဲ့ဆိုရင် တကယ်ထီးမူနန်းဟန် ပါတယ်လို့ ဆိုကြတာပေါ့။ အသားအရေလဲကောင်း လူရည်လဲသန့်တယ်။ အလုံးအရပ်ကလဲ လူတန်းစေ့ဖြစ်ပြီး၊ တော်တော်ခန့်ညားချောမောတဲ့ ပုဂ္ဂိုလ်တဦးပါဘဲ။ သူလဲ အဲဒီ ကနီကနဲက အပြန် သိပ်မကြာပါဘူး။ သခင်အသင်းဝင်ဖြစ်ပြီး သူ့အမည်ရှေ့က သခင်ဆိုတာ တိုးလိုက်လို့ သခင်ထိပ်တင်ကိုယ်တော်ကြီးရယ်လို့ ဖြစ်လာတော့တာဘဲ။
အေး..အေး.. ခုတင်က စကားဆက်ရအောင်၊ မင်းတုန်းမင်းသား အာဏာရရှိတယ် ဆိုတာ ညီတော်အိမ်ရှေ့မင်းသားရဲ့ လုပ်ရည် ကြံရည် အများအပြား ပါဝင်ခဲ့ခြင်းကြောင့် ဆိုရင် မမှားပါဘူး။ နောင်တော် ပုဂံမင်းလက်ထက် အမရပူရမြို့မှာ မင်းတုန်းမင်းသားနဲ့ ကနောင် မင်းသားတို့ နေထိုင်ကြတဲ့အခါ ပုဂံမင်းရဲ့ အိမ်တော်ပါများနဲ့ အချို့မှူးမတ်များက မင်းတုန်းမင်း နှင့် ကနောင်မင်းသားတို့ ရှိနေကြရင် သူတို့ သြဇာမကြီးမှာ သူတို့သဘောကျ မလုပ်ကြရမှာ တွေကို စိုးရိမ်ပြီး လုပ်ကြံပစ်ကြဘို့ ကြံစည်ကြတယ်။ အဲဒါကို ညီတော်ကနောင်မင်းသားက ရိပ်မိလေတော့ ၁၂၁၄ ခုနှစ် ပြာသိုလမှာ သားမယား အချွေအရံ များပါ အမရပူရက မတ္တရာ၊ အဲဒီကမှ အနောက်ဖက်ကူးပြီး ရွှေဘိုအထိ ထွက်သွားကြတယ်။
ရွှေဘိုရောက်တော့ မင်းတုန်းမင်းသားကို အေးအေးဆေးဆေး နေရစ်စေပြီး ကနောင် မင်းသားက ဗိုလ်ပါရဲမက်များကို ဦးစီးပြီး အမရပူရကို ရက်ပေါင်းလေးဆယ်ကျော် ၀ိုင်းရံ လုပ်ကြံတော့မှ ၁၂၁၄ ခုနှစ်တပေါင်းလထဲမှာ အောင်မြင်တယ်။ အောင်မြင်ပြီးတဲ့နောက်မှ ရွှေဘိုက နောင်တော်မင်းတုန်းမင်းသားထံ အကြောင်းကြားတယ်။ အဲဒီအခါ မင်းတုန်းမင်းသား က နောင်တော်ပုဂံမင်းနှင့်မိဖုရားရော အချွေအရံများပါ ရွှေဘိုသို့ ခေါ်လာစေပြီး ဘေးတော် အလောင်းမင်းတရားကြီးရဲ့ ရွာနေဖြစ်တဲ့ ရွှေဘိုမြို့မှာ ထီးနန်းစိုက်ဖို့ ကြံရွယ်တယ်။
ဒါပေမယ့် ဆရာတော်သံဃာတော်များ၊ မူးမတ်ပညာရှိများက အမရပူရမြို့ကို ပြန်လည် ထီးနန်းစိုက်တာက ပိုမိုသင့်မြတ်မည်ဖြစ်ကြောင်း အကြံပေးကြလို့ ရွှေဘိုမြို့မှာ တနှစ်ကိုးလ ဆိုသလို နေပြီးမှ ၁၂၁၅ ခုနှစ် တန်ဆောင်မုန်းလမှာ အမရပူရမြို့ကိုပြန်ပြီး ထီးနန်းစံတယ်။ ညီတော်ကနောင်မင်းသားကို အိမ်ရှေ့မင်းအဖြစ်ခန့်တယ်။ နောင်တော်ပုဂံမင်း ကိုလဲ နန်းတော် ရဲ့ အရှေ့ မြောက်ဘက်မှာ သီးခြားအိမ်တော်နှင့် အိမ်နိမ့်စံအဖြစ် ချမ်းချမ်းသာသာထားတယ်။ တခါ အမရပူရမှာ သုံးနှစ်လောက်နေပြီးမှ အခု မန္တလေးမြို့တော်နေရာမှာ ယာယီစံနန်း ဆောက်လုပ်နေထိုင်ပြီး မန္တလေးနန်းတော်ကြီးနှင့် မြို့တော်ကိုပါ တည်ဆောက်နန်းစိုက်တယ်။
မန္တလေးမြို့နှင့် နန်းတော်ကြီးကို တည်ဆောက်ရာမှာ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဟာ အသစ်စက်စက် သုံးသင့်တာသုံးပီး အမရပူရမြို့ဟောင်းက ပစ္စည်းတွေ သုံးသင့်တာ ထည့်သုံးရသေးတယ်။ အဲဒီလို အသုံးပြုနိုင်ရေးအတွက် ထီးနန်းဆိုင်ရာ အဆောင်အယောင် ပစ္စည်းတွေ၊ လွှတ်တော်ဗြဲတိုက်ကစပီး အုပ်ချုပ်ရေးဘက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ဘာသာ သာသနာရေးဆိုင်ရာ အဆောင်အယောင်ပစ္စည်းတွေ၊ ဘဏ္ဍာတိုက်နှင့် စားနပ်ရိက္ခာ ကျည်တော်များမှ ပစ္စည်းတွေ၊ မင်းမိဖုရား သားတော်သမီးတော် နန်းတော်သူ နန်းတော်သား များရဲ့ အသုံးအဆောင်ပစ္စည်းတွေ စသဖြင့် ရွှေ့ ဘို့ပြောင်းဘို့ခဲယဉ်းတဲ့ အဆောက်အဦ အရာဝတ္ထုကြီးတွေကလွဲရင် အကုန်လိုလို ပြောင်းရွှေ့ ကြရတယ်။
အဲဒီလို ပြောင်းရရွှေရတဲ့အခါ ဆင်းရဲသား တောင်သူလယ်သမားများက သူတို့လှည်း များနှင့်သူတို့ အမရပူရမြို့ဟောင်းက မန္တလေးမြို့သစ်နေရာအထိ သယ်ယူပို့ဆောင်ပေးရတယ်။ သယ်ယူပို့ဆောင်ခရယ်လို့ နန်းတော်ကြီးက တနေ့တကျပ်ခွဲ သတ်မှတ်ပေးထားသတဲ့။ ဒါပေမဲ့ ခုခေတ်လိုပေါ့။ လှီးကြဖြတ်ကြတော့ ဆင်းရဲသားလှည်းသမားများလဲ တကျပ် ငါးမတ်ဆိုသလို ရကြတယ်။ ဒီအချက်ကို ဆင်းရဲသားလှည်းသမားများက မကျေနပ်ကြဘူး။ ကျယ်ကျယ်လောင် လောင်လဲ မပြောရဲကြတော့ တိုးတိုးတိတ်တိတ်ကြိတ်ပြီး ပြောကြသတဲ့။ မင်းနားတထောင် ဆိုတဲ့အတိုင်း အဲဒီလို တိုးတိုးတိတ်တိတ် ပြောတာကိုပဲ နန်းတော်ကြီးက သိရလို့ အိမ်ရှေ့မင်း သားကိုယ်တိုင် ရုပ်ဖျက်ပြီး ဆင်းရဲသားလှည်းသမားများထံ သွားရောက်စုံစမ်း တယ်။
တနေ့တော့ အိမ်ရှေ့မင်းသားကြီးဟာ နေ့ခင်း ၁၂နာရီ လောက်မှာ ဆင်းရဲသား လှည်း သမားများ သစ်ပင်ရိပ်မှာ ထမင်းစားရင်း အနားယူနေတုန်း ချည်လုံချည်၊ ချည်အင်္ကျီ တဘက် (မျက်နှာသုတ်ပုဝါ) ခေါင်းပေါင်းကြီးနှင့် ဆင်းရဲသားလို ရုပ်ပြောင်းဝင်သွားသတဲ့။ ပီးတော့ လှည်းသမားကြီးများနှင့် ရောက်တတ်ရာရာ စကားများပြောရင်း အမရပူရ မြို့ဟောင်းက မန္တလေးမြို့သစ်ကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတဲ့အတွက် တနေ့လှည်းခ ဘယ်လောက်ရ သလဲလို့ မေးမြန်းကြည့်သတဲ့။
အသက် ခြောက်ဆယ် ခွန်နှစ်ဆယ်ခန့်ရှိ အဖိုးကြီးတယောက်က နန်းတော်ကြီး ကတော့ တကျပ်ခွဲပေးဘို့ အမိန့်ချထားတယ် ဆိုတာပဲ။ ဒါပေမဲ့ ဘကြီးတို့ ရတော့ တကျပ် အလွန်ဆုံး ငါးမတ်ဆိုသလို ရသကွဲ့လို့ ဖြေကြားသတဲ့။
တခါ အိမ်ရှေ့မင်းသားက အဖိုးကြီးကို "ဘကြီးက အသက်ဘယ်လောက်ရှိပါပြီလဲ" လို့ ထပ်မေးတော့ အဘိုးကြီးက "ဘကြီးအသက်လား ခုနှစ်ဆယ် ဆိုပါတော့ကွယ်" လို့ ပြန်ဖြေ သတဲ့။
အိမ်ရှေ့မင်းသားက ဒီလိုဆို ဘကြီးဟာ မှန်နန်းရှင်တို့ ကုန်းဘောင်ဘုရင်တို့ ပုဂံဘုရင် တို့ကို ကောင်းကောင်းမီတာပေါ့နော်ဟု မေးလိုက်တဲ့အခါ အဖိုးကြီးက မီတာပေါ့မောင်ရဲ့။ မှန်နန်းရှင် ကုန်းဘောင်တို့တွင် ဘယ်ကမလဲ ဘိုးတော်ဘုရင်ကိုတောင် ဘကြီးတို့ ကောင်း ကောင်းမီတာပေါ့ဟု ပြန်ပြောသတဲ့။
တဖန် အိမ်ရှေ့မင်းသားကဆက်ပြီး ဒါဖြင့် ဘကြီးရယ် ကျွန်တော်တို့ လူငယ်တွေ ဗဟုသုတအဖြစ် မေးပါရစေ၊ အခုမင်းတုန်း ရှင်ဘုရင်အထိပေါ့ဗျာ၊ အဲဒီ ဘကြီးမီခဲ့ တွေ့ကြုံ ခဲ့တဲ့ မင်းတွေ မင်းတွေခေတ်မှာ ဘယ်မင်းဘယ်လက်ထက်မှာ ဆင်းရဲသားများ တိုင်းသူ ပြည်သား များအတွက် ငဲ့ညှာထောက်ထားပြီး စားဝတ်နေရေး မျှတချောင်လည်အောင် ကောင်းကောင်းမွန်မွန် စီမံအုပ်ချုပ်ပါသလဲ။ ဘယ်မင်းလက်ထက်မှာ ဆင်းရဲသားများ တိုင်းသူ ပြည်သားများ အပေါ် ငဲ့ညှာထောက်ထားခြင်းမရှိဘဲ မကောင်းတဲ့ အပြုအမူတွေနှင့် ဆိုးဆိုး ၀ါးဝါး အုပ်ချုပ်ပါသလဲဆိုတာ သိပါရစေခင်ဗျာလို့ မေးလိုက်သတဲ့။
အဲဒီအခါကျတော့ အဖိုးကြီးက မျက်နှာကြီး ရှုံ့မဲ့လိုက်ပြီး အင်း မေးမှမေးတတ်ပလေ တူမောင်ရာ၊ သူတို့ ကြားအောင်တော့ မပြောရဲပါဘူး၊ ဘကြီးတွေ့ခဲ့သမျှ သိခဲ့သမျှတော့ မင်းဆိုတဲ့အကောင်တွေဟာ ဘယ်မအေရိုးမှ မကောင်းပါဘူးကွဲ့၊ မယားကြီးမယားငယ် မယားမြှောင် အမျိုးမျိုးယူပြီး သူတို့သားမယား ဆွေမျိုးတစု ကောင်းစားရေး၊ စည်းစိမ်အမျိုးမျိုး ခံနိုင်ရေး၊ သြဇာအာဏာ ကြီးမားရေးအတွက် လုပ်ကြတာပါဘဲ။ တို့ ဆင်းရဲသားတောင်သူ လယ်သမား အလုပ်သမားတွေကတော့ သူတို့ကောင်းစားရေးအတွက် အစတေးခံဘ၀က မတက်ကြရပါဘူးလို့ ပြောလိုက်တဲ့အခါ အိမ်ရှေ့မင်းသားကြီးလဲ နောက်ထပ်ဘာမျှ မမေးရဲ တော့ဘဲ အသာထပြန်လာခဲ့ရသတဲ့။
ယခုခေတ်မှာလဲ ဆရာတွေ့ကြုံခဲ့ရသမျှ မင်းအစိုးရဆိုတဲ့ အကောင်တွေဟာ အဲဒီ ဆင်းရဲသား လှည်းသမားကြီး ပြောသလိုဘဲ။ ပြည်သူလူထု ကောင်းကျိုးကို အဓိကထား လုပ်ကြတာ မတွေ့ရသေးပါဘူး။ တအိမ်ထောင်၊ ကားတစီး တိုက်တလုံး၊ တလ၀င်ငွေ ရှစ်ရာဆိုတာလဲ သူတို့ တစုအတွက်ပါဘဲဟု ပြောဆိုကာ ရယ်မောနေပါတော့သည်။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသော ပုံပြင်များ - စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။


အပြည့်အစုံဖတ်ချင်ရင်>>>

Friday, December 5, 2008

ချက်ကြီးနှင့်ရွှေပန်း (သခင်ဘမောင်)

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ပြည်သူကို အုပ်ချုပ်ရေးအာဏာအချို့ ခွဲဝေပေးသည်ဆို သော ဒိုင်အာခီခေတ်တွင်၎င်း၊ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၅ (၁၂၄၇) ခုနှစ် သီပေါမင်းလက်ထက်က တနိုင်ငံလုံး သိမ်းယူပြီး အိန္ဒိယဘုရင်ခံချုပ် လက်အောက်ခံ အိန္ဒိယ နိုင်ငံ၏ ပြည်နယ်တခု အဖြစ်ထားရာမှ ခွဲထုတ်ရန်စီစဉ်သည့် ခွဲရေးတွဲရေး ခေတ်တွင်၎င်း၊ အုပ်ချုပ်ရေးဌာနပေါင်း ၉၇ ဌာနအနက် အရေးအကြီးဆုံးဖြစ်သည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ တောင်တန်းဒေသများအရေးအစရှိသည့် ခြောက်ဌာနကို ဘုရင်ခံက ကိုင်ပြီး၊ ကျန် ၉၁ ဌာနကို တိုင်းပြည်က ရွေးကောက်တင်မြောက်သည့် အမတ်များအား အပ်နှင်းအုပ်ချုပ်စေသည်ဆို သော ၉၁-ဌာန ခေတ်တွင်၎င်း၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေး ကြေငြာပြီးသော ခေတ်များတွင် ၎င်း၊ တင်စားပြောဟောလေ့ရှိသော ဥပမာ ပုံပြင်များအနက် "အယောင်ဆောင်တောခွေး" နှင့် ယခုဖော်ပြမည့် "ချက်ကြီးနှင့်ရွှေပန်း" အကြောင်းကို အများဆုံးပြောခဲ့ပါသည်။ ကြားနာသူတို့ အဖို့လည်းစိတ်အ၀င်စားဆုံးပွဲအကျဆုံးဖြစ်ပါသည်။
ထိုခေတ် ထိုကာလများအတွင်း သူရိယဦးဘဘေ (ဘကြီးဘဘေ)၊ ၀တ်လုံဦးပု၊ ရွှေတိဂုံဘုရား ဘုရားလူကြီး ဦးသိမ်းမောင်၊ ရဲတပ်ဦးမောင်ကြီး အစရှိသော ၂၁ ဦးတို့၊ ဂျီစီဘီအေ (မြန်မာ အသင်းချုပ်ကြီး) မှ ခွဲထွက်ပြီး ဒိုင်အာခီအုပ်ချုပ်ရေး လက်ခံကာ "သမတကြီး" ဟု ရဟန်းရှင် လူ ပြည်သူတို့ ကိုယ်တိုင်က အသိအမှတ်ပြုခြင်း၊ လေးစားခေါ်ဝေါ်ခြင်း ခံရသော ဦးချစ်လှိုင်၊ သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော် စသည့် ဂျီစီဘီအေခေါင်းဆောင်များ၊ အသင်းဝင်များ အား အနှောက်အယှက် အမျိုးမျိုးပေးသည်တို့ကို အကြောင်းပြု၍ ဤပုံပြင်များကိုပြောကြား ခဲ့ပါသည်။


ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် မြန်မာနိုင်ငံကို အိန္ဒိယမှခွဲထွက်ရေးအတွက် ခေါင်းဆောင်ကြသည့် ဦးဘဘေ၊ ဦးပု၊ ဦးသိမ်းမောင် စသော ခွဲရေး ဂိုဏ်းသားများ၊ ယခုမခွဲ သင့်သေး၊ နောက်မှ ခွဲမည်ဟု တွဲရေးအတွက် ခေါင်းဆောင်ကြသည့် ဦးချစ်လှိုင်၊ ဦးထွန်း အောင်ကျော် စသော တွဲရေးဂိုဏ်းသားများ။ မူလက တွဲရေးဘက်မှ ပါဝင်ဆောင်ရွက် ရန် မဲဆန္ဒအရွေးခံခဲ့ကြပြီး အမတ်ဖြစ်ခါမှ ခွဲရေးဘက်သို့ ပြောင်းသွားကြသည့် ဒေါက်တာဘမော်၊ ယမ်းဗြဲဦးမောင်မောင် စသူများ တဖက်နှင့်တဖက်၊ တဦးနှင့်တဦး အပြန်အလှန် စွပ်စွဲပြော ဆိုကြသည်ကို၎င်း၊ အင်္ဂလိပ်တို့ထံမှ ၉၁ ဌာန အုပ်ချုပ်ရေး လက်ခံသင့် မခံသင့် ဆွေးနွေးပြော ဆိုကြရာတွင် ပုဂ္ဂိုလ်အဖွဲ့ချင်း စွပ်စွဲ၊ပုတ်ခတ် ပြောဆိုကြသည်ကို၎င်း၊ ၉၁-ဌာနအုပ်ချုပ်ရေး လက်ခံပြီးနောက် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ၊ ဦးပုအစိုးရ၊ ဦးစောအစိုးရတို့ တဖွဲ့ပြီး တဖွဲ့ ပြောင်းလဲကြပြီး၊ အာဏာလက်ရှိအဖွဲ့နှင့် အာဏာလက်မဲ့အဖွဲ့တို့ အပြန်ပြန် အလှန်လှန် ပြောဆိုဖိနှိပ်ကြသည်ကို၎င်း၊အကြောင်းပြု၍လည်းဤပုံများကိုပြောကြားခဲ့ပါသည်။
တဖန် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကစ၍ လွတ် လပ်ရေးကြေညာပေးပြီးသည့် နောက်ပိုင်းခေတ်များတွင် အများအားဖြင့် တို့ဗမာအစည်း အရုံး ၀င်ဟောင်း သခင်အချင်းချင်း အပြန်အလှန် စွပ်စွဲပြောဆိုကြသည်ကို၎င်း၊ အာဏာရသူ တို့က အာဏာမဲ့အဖွဲ့၊ အာဏာမဲ့အင်အားစုများအပေါ် ဖိနှိပ်ညှင်းပမ်းခြင်း စသည်တို့ကို၎င်း၊ အ ကြောင်းပြု၍ဤပုံများကိုပြောကြားခဲ့ပါသည်။
အခုလို ဆရာတို့နိုင်ငံမှာ နိုင်ငံရေးသမားကြီးငယ်တို့ဟာ တဦးအပေါ်တဦး အမျိုးမျိုး စွပ်စွဲပုတ် ခတ်ပြောဆိုနေကြတာ ကိုယ်အာဏာကလေး ရတဲ့အခါ ကိုယ်နှင့် ဂိုဏ်းဂဏကွဲပြားသူ၊ အယူ ၀ါဒ မတူညီသူကို ဖိနှိပ်ညှင်းပမ်းတာ၊ ညစ်ပတ်သေးသိမ်တာတွေ အပြန်ပြန် အလှန်လှန် လုပ် နေကြတာ ကြားရတွေ့ရတော့ ဆရာငယ်ငယ်က ကြားဘူးတဲ့ ချက်ကြီးနဲ့ရွှေပန်းတို့လို ဖြစ်နေ ကြပြီလို့တွေးမိတယ်။
ဆရာတို့ မြန်မာနိုင်ငံကို မြန်မာဘုရင်များ အုပ်စိုးနေစဉ်က ရေနံချောင်းမြို့နယ်မှာ ကျေးရွာ ကြီးတရွာ ရှိတယ်။ အဲဒီရွာကြီးဟာ တောရွာဆိုသော်လဲ အိမ်ခြေလေးငါးရာရှိပြီး သူ့ခေတ်သူ့ အခါအလျောက် တော်တော် စည်ကားသိုက်မြိုက်တယ် ဆိုဘဲ။ ရွာကြီးစည်ကား သလောက် ကျောင်းကန်ဘုရားပုထိုးများလည်း ပေါများတယ်။ ရွာကြီးမှာ တောင်ပိုင်း မြောက်ပိုင်းရယ်လို့ အပိုင်းကြီး နှစ်ပိုင်းရှိပြီး နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ ကျောင်းပွဲ လုပ်ကြရာမှအစ ရှင်ပြုမင်္ဂလာ ပွဲနေ ပွဲထိုင်မကျန် ပွဲလမ်းများကျင်းပကြတိုင်း၊ အပြိုင်အဆိုင် သူ့ထက်ငါ သာအောင် လုပ်ကြတယ်။
အဲဒီလို အပြိုင်အဆိုင်လုပ်ကြတဲ့အခါ တောင်ပိုင်းမှာ ဦးချက်ကြီးဆိုသူက ဦးစီးခေါင်း ဆောင်လုပ်ပြီး၊ မြောက်ပိုင်းမှာတော့ ဦးရွှေပန်း ဆိုသူက ဦးစီးခေါင်းဆောင်ပြုလုပ်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ကြေးရည်တတ် မြေရှင်ကြီးများ ဖြစ်ကြလို့ ရပ်သူရွာသားများဟာ သူတို့ကြေး ငွေများကို ချေးငှားသုံးစွဲရသူ၊ သူတို့လယ်ယာများကို သီးစားလူငှား လုပ်ကိုင်ကြရသူတို့က များတော့ သူတို့အစေအပါး၊ အချွေအရံတွေချည်းလို ဖြစ်နေကြတာပေါ့။
သူတို့နှစ်ဦးဟာ ဘုရားပွဲ ကျောင်းပွဲ၊ အလှူမင်္ဂလာပွဲများကို အကြောင်းပြုပြီး ပြိုင်ဆိုင်ကြရုံမ ကဘူး၊ လူချင်းလဲ ပြိုင်ကြသေးတယ်။ တဦးထက်တဦးက သာအောင် ကြံစည်ကြိုးစား ကြ သေးတယ်။
တခါတော့ ရေနံချောင်မြို့မှာ ဦးချက်ကြီးနှင့် ခင်မင်ရင်းနှီးသူတဦး မြို့ဝန်အဖြစ်ပြောင်းလာ တယ်။ အဲဒီတော့ ဦးချက်ကြီးက မြို့ဝန်ထံသွားပြီး သူတို့ရွာကြီးမှာ သူ့ကို သူကြီးဖြစ်အောင် ဆောင်ရွက်ပေးဘို့ ပြောတယ်။ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူဖြစ်လို့ ဦးချက်ကြီးကို သူကြီးအဖြစ်ဆောင်ရွက်ခန့်ထားပေးလိုက်တယ်။
ဟိုခေတ်က သူကြီးဆိုတာ ရုံးပိုင် ဓားပိုင်ကလား၊ သူ့ရွာမှ သူဟာ ဘုရင်ငယ်တဦးပေါ့။ ရပ်သူ ရွာသားထဲက မလိုသူကို သတ်တောင်ပစ်နိုင်တာကဘဲ။ ဒါကြောင့်မို့ ဦးချက်ကြီးကိုရွာသူ ကြီးဖြစ်လာပြီဆိုတော့ ပြိုင်ဖက်ဦးရွှေပန်းဟာ ဒူးတုန်အောင် ကြောက်နေတာပေါ့။
ဦးချက်ကြီးဟာ သူကြီးဖြစ်လာတဲ့အခါ သူ့အိမ်ကို တရွာလုံးတအိမ်တယောက် မောင်းတီးခေါ်ပြီး ဦးရွှေပန်းကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းတယ်။ ဦးရွှေပန်းဟာ ခါတိုင်း လိုဆိုရင် သူ့အိမ်တောင် လာမှာ မဟုတ်ပါဘူး။ အခုတော့ ဦးချက်ကြီးက သူကြီးဖြစ် နေတဲ့အ တွက် အထက်အရှိန်အ၀ါ ကြောက်လန့်ပြီး အများနည်းတူ လာရတယ်။ တခါ ဦးချက်ကြီးက သူကြီးအာဏာနှင့် မတ်တပ်အရပ်ခိုင်းပြန်တော့ မငြင်းသာဘဲ လူပုံအလယ်မှာထမတ်တပ် ရပ်လိုက်ရတယ်။
ဦးရွှေပန်း မတ်တပ်ရပ်နေတဲ့အခါ ဦးချက်ကြီးက "ဟေ့ ရွှေပန်း၊ အခု ချက်နဲ့ ရွှေပန်း ဘယ်ဒင်း က အပေါ်ကလဲ" လို့ မေးသတဲ့။ အဲဒီအခါမှာ ဦးရွှေပန်းက ခတ်ရှက်ရှက်နှင့် "ချက်အပေါ်ကပါ" လို့ဖြေလိုက်ရသတဲ့။
ဦးချက်ကြီးက လူပုံအလယ်မှာ အခုလို လုပ်လိုက်ထာကို ဦးရွှေပန်းအနေနဲ့ အခဲမကျေ နိုင်ဘူး တဲ့။ ဘယ် ကျေနိုင်ပါ့မလဲ။ သူ့ခမျာ လူပုံအလယ် အကြောင်းမဲ့ အရှက်ခွဲခံရတာကိုး။ နောက် တချိန်ရောက်တော့ ရေနံချောင်းမြို့က ဦးချက်ကြီးနဲ့ ခင်မင်တဲ့ မြို့ဝန်တနေရာ ပြောင်း သွားရပြီး ဦးရွှေပန်းနဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်တဦးက ရေနံချောင်းမြို့မှာ မြို့ဝန် ဖြစ်လာပြန်တယ်။ အတုန့်အလှဲ့ ကြုံချင်တော့ကြံကြံဖန်ဖန်ဖြစ်လာရတာပေါ့။
အဲဒီတော့ ဦးရွှေပန်းကလဲ သူ့လူ မြို့ဝန်ထံသွားပြီး သူတို့ရွာမှာ သူ့ကို သူကြီးဖြစ်အောင်လုပ် ပေးဖို့ပြောတယ်။ သူ့လူ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူမို့ ဦးရွှေပန်းကို သူကြီးဖြစ် အောင်ဆောင်ရွက်ပေးလိုက်တယ်။
ဦးရွှေပန်း သူကြီးဖြစ်လာတဲ့အခါ ဟိုတုန်းကလိုဘဲ သူ့အိမ်ကို တရွာလုံး တအိမ် တယောက် မောင်းတီးခေါ်ပြီး ဦးချက်ကြီးကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းပြန်တာဘဲ။ သူကြီးဟောင်း ဦးချက်ကြီးဟာလဲ သူကြီးသစ် ဦးရွှေပန်းရဲ့အာဏာကို မဖီဆန်သာတော့ မတ်တပ်ရပ်လိုက် ရတယ်။
ဦးချက်ကြီး မတ်တပ်ရပ်လိုက်တဲ့အခါ ဦးရွှေပန်းက "ခါးတောင်းကျိုက်ပြီး အုံးပင်စိုက်လိုက်ကွာ" လို့ ထပ်ခိုင်းပြန်တယ်။ ဒီတခါမှာလဲ ဦးရွှေပန်းရဲ့ သူကြီးအာဏာကို မလွန်ဆန်ဝံ့တော့ ဦးချက်ကြီးဟာ ခါးတောင်းမြောင်အောင်ကြိုက်ပြီး အုန်းပင်စိုက်ရပြန်တယ်။ ဦးချက်ကြီး အုံးပင် စိုက်နေတဲ့အခါ ဦးရွှေပန်းက "ဟေ့ချက်ကြီးရ၊ အခု ချက်နဲ့ရွှေပန်း ဘယ်ဒင်းက အပေါ်ကလဲ ကွ" လို့ မေးလိုက်တော့ "ရွှေပန်းအပေါ်ကပါ" လို့ ဦးချက်ကြီးကဖြေရတော့သတဲ့။
ကျုပ်တို့ခေတ် နိုင်ငံရေးသမားတွေလဲ တယောက်တပြန် ညစ်ပတ်ကြ၊ ဖိနှိပ်ညှင်းပမ်း ကြတာကတော့ ချက်ကြီးနဲ့ ရွှေပန်းလိုပါဘဲဟု မိန့်ကြားပြီး၊ ဆရာကြီးမှာ ခါတိုင်းလိုပင် ပါးစပ်ကိုလက်ဝါးနဲ့ကာလျက် ပြုံးရယ်နေပါတော့သည်။ ။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

မာယာအွန်လိုင်းမဂ္ဂဇင်းမှ မျှဝေပါသည်။


အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, December 4, 2008

ဂီတချစ်သူများအတွက်...ဂီတ

ကျနော်တို့မြေကမ္ဘာမှာ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ ဘယ်လိုပဲကွာခြားနေပါစေ အားလုံးဟာ အနည်းနဲ့အများဆိုသလို ဂီတကို ခံစားတတ်ကြပါတယ်။ ဂီတဟာ လူသားခြင်းဆက်သွယ်ရာမှာ အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံး ပေါင်းကူးတံတားကြီးတခုပါပဲ။ ဒါကြောင့် ကျနော်လဲ ကျနော့်ရဲ့မတောက်တခေါက်လေးတွေကို တီးထားပါတယ်ဗျာ နောက်လဲအဆင်ပြေသလို ဒုက္ခပေးချင်ပါသေးတယ်...။


မိတ်ဆက်လိုက်တာပါ ဆက်လက်ပြီးတော့ Romantic ဂီတ အဟောင်းတပုဒ်တီးထားပါတယ်။ မူလ ဂီတဂုရု ကြီးကိုလဲ ဦးညွတ်ရင်း ကျနော် mood ရသလိုတီးထားတာပါ။ ခံစားကြပါ မကောင်းရင်လဲ နားလည်ပေးကြပါ၊ ကျနော်ကပညာရှင်မဟုတ်ပါဘူး၊ ဝါသနာရှင်ပါ။



နောက်လည်းအားရင် classic တေးသွားလေးတွေကိုယ်ပိုင်လေးတွေရော ပြန်တီးလေးတွေပါ တင်ဆက်ချင်ပါသေးတယ်။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, November 28, 2008

အမေများသို့

ဝမ်းနည်းမနေပါနဲ့ အမေရယ်
ပြည်တွင်းစစ် နှစ် ၆၀
ကျောင်းသားခေါင်းဆောင်
ထောင် ၆၅ နှစ်...။
ဂုဏ်ယူလိုက်ပါအမေရယ်
မတရားမှု အာခံတုခဲ့ကြတဲ့
လွတ်မြောက်ရေး လမ်းမတွေပေါ်မှာ
သွေးရိုင်းနှင်းဆီတွေ
ဝေချင်တိုင်းဝေစေဘို့
တရားတဲ့သူပုန်
ပုန်ကန်တဲ့သားတွေပါ…။
ခြွေချင်တိုင်း ခြွေရရိုးလားအမေရယ်
ကမ္ဘာပေါ်မှာ
ဘယ် အာဏာရှင်မှ
ဇာတ်သိမ်းမကောင်းခဲ့ပါ
အမှန်တရားကိုထုဆစ်
မြင့်မြတ်တဲ့သူတွေကသာ
အဆုံးသတ်အောင်ပွဲကို ယူခဲ့ကြတာပါ…။
ထပ်ပြီးသာ ဂုဏ်ယူလိုက်ပါတော့အမေ
အမေ့သားတွေ ပြောခဲ့သလိုပ
ဓမ္မက အဓမ္မကိုနိုင်တဲ့နေ့
အမှန်တရားက အောင်ပွဲခံတဲ့တနေ့
ကျောင်းနံရံမှာသာမက
ဒေါင်းအလံ တဝေဝေ
ပြည်သူ့ရင်ပြင်ကြီးမှာလေ
အမေမြင်တွေ့ရမှာပါ အမေရယ်…။

ဂင်ကြီး

(ဒီမိုကရေစီ တော်လှန်ရေးအဆက်ဆက်တွင် ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်လျှက်ရှိသော သားများအတွက် ရင်နာနာနဲ့ဂုဏ်ယူခဲ့ကြသော အမေများအားလုံးအတွက်။)

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, November 21, 2008

အဖော်မဲ့ငှက်တကောင်ရဲ့...ဘဝ ( ယဉ်ထွန်း )

မောင်ရေ…
အခုမောင့်ချစ်သူဟာ ဘဝကို အကောင်းဆုံးဖြတ်သန်းနေပါပြီမောင်ရယ်..၊ အခု ‘မြင့်‘ ရောက် နေတာလေ သောင်ရင်းမြစ်ကမ်းနားမှာပါ မောင်..၊ ဒီမှာလွိုင်ကထုံ (မီးမျှောပွဲ) ရောက်ပြန် ပြီလေ မောင်တယောက် ဟို……နိုင်ငံမှာ အခုလောက်ဆို နေသားကျနေရောပေါ့…။ မောင့်သူငယ်ချင်း နဲ့တွေ့လို့ မောင်အိမ်ထောင်ကျသွားတာ လေးလလောက်ရှိနေပြီဆိုတာ မြင့် သိပါတယ် မောင်ရယ်၊ ဒီကနေ့ သူငယ်ချင်းတွေခေါ်လို့ လိုက်လာတာ၊ မောင့်ဘဝ သာယာဖြောင့်ဖြူး စေဘို့ မီးမျှောရင်း မြင့် ရဲ့အလွမ်းတွေကိုပါ ရုတ်သိမ်းရအောင်လာခဲ့တာ၊ စိတ်ထဲကတော့ မပျော်ပါဘူးမောင်ရယ်…။
ကျမနဲ့မောင်နဲ့စတွေ့တာ ဟိုးလွန်ခဲ့တဲ့ သုံးနှစ်က တန်ဆောင်မုန်းလမှာပါ၊ ကျမက မဲ့ဆောက် က…ရုံမှာ..အလုပ်လုပ်နေတာပါ၊ ဝါသနာပါလို့တော့မဟုတ်ပါဘူးလို့ ကျမတို့ပြောရင် လူတွေ တော်တော်များများက ခပ်ပေါ့ပေါ့ပါပဲ အော်ဟုတ်လားပေါ့။ ကျမ ဒါတွေဂရုမစိုက်ပါဘူး ကျမ ဘဝက ရှစ်တန်းနှစ်မှာ ဖေဖေဆုံးသွားတယ်၊ မေမေကကွမ်းယာရောင်းရင်း ကျမတို့ မောင်နှမကို ကျောင်းထားပေးတယ်၊ မောင်လေး နှစ်ယောက်နဲ့ကျမ က ကျောင်းတက်တယ်။ နောက် ကျမဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်နိုင်ဘူး။ နောက်တော့ မဲ့ဆောက်ရောက်ပြီး စက်ရုံမှာအလုပ်လုပ်တယ်၊ အဆင်မပြေဘူး။ မေမေ့ကိုပြန်ပို့ ဖို့တောင် မနည်း..၊ သိကြတဲ့အတိုင်း ငွေလေ.. ကျမ သိသလောက် လူကိုအများဆုံးဒုက္ခ ပေးတာ..ငွေပဲ၊ ကျမလဲမလွန်ဆန်နိုင်ဘူး။ ထားပါ တော့လေ.. နောက်ဆုံးတော့ ဝင်ငွေများများ ရတဲ့ ရုံ.. ဆိုတဲ့အလုပ်ဘဝထဲကို ကျမ ရောက်လာခဲ့ပါတယ်။
အိမ်ကို အရင်ကထက် လေးဆလောက်ပို့နိုင်တယ်။ ကိုယ်လည်းအနေအစား အများကြီးသာ တယ် စက်ရုံမှာလုပ်တာထက်စာရင်ပြောတာပါ။ မောင်နဲ့စတွေ့တာပြောရရင် ကျမ အဲ့ဒီ့နေ့ က မဲ့ဆောက်ရဲလိုင်းမှာ အလှည့်ကြ လာအိပ်ရတဲ့နေ့ပါ။ ကျမတို့ဒီအလုပ်လုပ်ရတာ ထိုင်းရဲကို ပိုက်ဆံတင်မဟုတ်ဘူး လိုအပ်ရင်သူတို့နဲ့ လာအိပ်ပေးရတယ် တပြားမှမရဘူး ပိုင်ရှင်ကိုယ်တိုင်က သွားခိုင်းတာ။ လူတိုင်းလဲမသွားရဘူး ကျမတို့ရုံမှာ ရုပ်သိပ်မဆိုးတဲ့၊ ဆေးစစ်ချက် ထောက်ခံစာရှိတဲ့ ဆယ်ယောက်လောက်ပဲ အလှည်ကြ သူတို့လိုရင် သွားပေးကြရတာ။ ခြောက်လကြာရင် တခါ ဆေးရုံကြီးမှာ ဆေးစစ်ရတယ်၊ ဆေးမအောင်ရင် အလုပ်ဆက်လုပ်လို့မရဘူး။ ကျမတို့ အလုပ်ရှင်ထိုင်းက အဲ့ဒါတော့ဂရုစိုက်တယ်၊ ထားလိုက်ပါလေ..၊ မောင်နဲ့တွေ့ပုံက ကျမက မနက်ကွတ်တီယိုစားပြီးပြန်လာ လမ်းမှာ ဆိုင်ကယ်တစီးကို ရဲကဖမ်းနေတာ၊ သိတဲ့အတိုင်းလေ ငွေညှစ်မလို့ပေါ့။ ကျမလဲ လှမ်း တော့ကြည့်ဖြစ်တယ်..။ ပြီးတော့ဆက်လျှောက် လာတာပဲ ကျမတို့မှာက သူဌေး လုပ်ပေးထားတဲ့ အလုပ်သမားလက်မှတ်ရှိတယ်လေ။ အေးအေးဆေးဆေးပေါ့ ဟော..ဖြစ်ချင် တော့ရှင် အနားရောက်မှ သေသေချာချာကြည့်မိတာ၊ ဘသားချောရဲက ညက ကျမနဲ့.. သူပါ လား..၊ အဲ့ဒီရဲကလဲ နှုတ်ဆက်တယ် ကျမလဲအလိုက် သင့်ပြန်နှုတ် ဆက်ရင်း တဖက်က အဖမ်းခံရတဲ့သူကို (နောက်ကျမရဲ့..မောင်ဖြစ်လာမဲ့ သူ့ကိုလေ) လှမ်းကြည့်လိုက် မိတယ်။


ရုပ်ရည်က သနားကမား ထိုင်းစကားလဲ ကောင်းကောင်းမတတ်၊ ဆိုင်ကယ်ခြင်း ထဲမှာလဲ ဟင်းချက် စရာတွေနဲ့။ ဟုတ်ပါတယ်.. ဒီလူကဗမာပါပဲ၊ သူ့ဖုန်းကို လဲ ရဲက ယူထားတယ်။ သိတဲ့အတိုင်းပဲလေ.. ကျမတို့နိုင်ငံသားတွေဟာ ထိုင်းမှာ အောက်ကျရ တာပဲ။ သူ့မှာပါလာ တဲ့လက်မှတ်ကို ထုတ်ပြနေတာ၊ ဒါပေမဲ့ မရဘူးလေ ထိုင်းမှာ ယာဉ်မောင်း လိုင်စင် မရှိရင်မရဘူး။ ကျမလဲ ကိုယ့်အလုပ်မဟုတ်ပါဘူးလေ ဆိုပြီးဆက်လျှောက်သွားမလို့ပဲလေ၊ သူ့ကိုလှမ်းကြည့်လိုက်တော့ မျက်နှာပျက်နေတာတွေ့ရတယ်။ ရှေးရေစက်ဆိုတာ မှန်သလား မဆိုတတ်ပါဘူး…။
ကျမသူ့ကို ကူညီချင်စိတ်ဖြစ်သွားတယ်။ နင့်မို့ရင်လဲကူညီဖြစ်မှာမဟုတ်ပါဘူး ဖမ်းနေတဲ့သူက ညက ကျမနဲ့တော်တော်ရင်းနှီးခဲ့တာကလား။ ကျမ ချက်ချင်းပဲ အဲ့ဒီ့ရဲကို ထိုင်းလို ပြောလိုက် တယ်၊ ကျမကူညှိပေးရမလားလို့..၊ ရတယ်တဲ့.. ဟုတ်တယ်လေ ထိုင်းရဲတွေ လိုချင်နေတာ ပိုက်ဆံပဲ။ ပြီးတော့သူတို့က ဆိုင်ကယ်ကို ဟိုရှာသလိုလို ဒီရှာသလိုလို လုပ်နေကြတယ်။ ကျမသဘောပေါက်လိုက်တယ်လေ ဒီတော့..ရှင့်မှာ ပိုက်ဆံ ၂၀၀ လေက်မပါဘူးလား၊ ကျမပြောပေးမယ်.. ရဲစခန်းခေါ်သွားရင်ပိုပေးနေရလိမ့်မယ်၊ လို့ဆိုတော့ ကျနော်မှာ ဘတ်၄၀ ပဲကျန်တော့တယ်ဗျာ၊ ရုံးမှာချက်ဘို့ ဈေးသွားဝယ်ပြီးပြန်လာတာ။ နေပါအုံးရှင်က ဘယ်မှာနေ တာလဲ ဆိုတော့.. သူကျမကို တချက်အကဲခတ်ရင်း… ထုံထောင်ထဲက …… ရုံးကပါတဲ့။ သူပြောတာ ကူညီစေချင်တဲ့သဘောပါပါတယ်။ (အဖမ်းခံရမှာ ကြောက်တာလဲပါမှာပေါ့) ကျမကြားဘူးတယ်၊ အစိုးရအတိုက်အခံတွေ မဲ့ဆောက်မှာရှိတယ်ဆိုတာ။ ကျမတို့နဲ့စကား ပြောဘူးတာကတော့ ကျမ စာအုပ်သွားသွား ငှားဖတ်နေကြ စာကြည့်တိုက်ကအမတွေပဲ။ အမျိုးသမီးအဖွဲ့လို့ပြောတာပါပဲ၊ သဘော ကောင်းကြပါတယ်၊ ကျမတို့က စာအုပ်သွားငှားဖတ် ရင်းသိနေကြတာပါ။ ကျမလဲလေ ဘာကြောင့်မသိပါဘူး ထိုင်းရဲကို ကျမတို့ရွာကပါလို့ပြောပြီး ငွေ ၁၀၀ ပေးလိုက်ပါရော။ ဘသားချောတွေ ပိုက်ဆံ ၁၀၀ ယူပြီး ဆိုင်ကယ်မောင်းထွက် သွားကြတာပဲ.. သေခြင်းဆိုး တွေလို့ စိတ်ထဲကကျိတ်ကျိန်ဆဲလိုက်သေးတယ်။
ကျေးဇူးတင်ပါတယ်ဗျာ အခုလိုကူညီတာ၊ ဘယ်မှာနေတာလဲဆိုတော့ ဘတ်နူဝါ ဘက်မှာ နေတာ ဟုတ်လားကျနော်လဲအဲ့ဒီ့ဘက်မှာပဲ လာအမ ဆိုင်ကယ်ပေါ်တက် ကျနော် လိုက်ပို့ပေးမယ်တဲ့ ဘသာချောအခုမှ စကားပြောနိုင်တာဖြောင့်လို့။ ကျမစိတ်ထဲတော့ သူစကားပြောတာ ဆွဲဆောင်မှုရှိတယ်လို့ထင်မိတယ် အဲ့ဒါမောင်နဲ့စတွေ့ရတဲ့ အဖြစ်ပါ ဆက်ပြောရအုံးမယ် သူက ဆိုင်ကယ်မောင်းလာရင်း လ္ဘက်ရည်ဆိုင်တဆိုင်ကို ဝင်လိုက်တယ်။ လာပါ အစ်မ တဲ့ကျနော်ကျေးဇူးတင်လို့ပါတဲ့ မလိုပါဘူး လို့ဆိုတော့ ကျနော်လဲဘာမှ မစားရသေးဘူးတဲ့ သူစကားပြောတာရိုးတာလေးကြည့်ပြီး ခေါင်းညိမ့်လိုက်မိတယ်။ သူနဲကျမနဲ့ လဘက်ရည်ဆိုင်ထဲ ဝင်လာတော့ လူတချို့က အကဲခတ်တယ်၊ ကျမအခုမှသတိ ထားမိတယ် သူအထဲမှာခံဝတ်လာတဲ့ အင်္ကျီက HIV တိုက်ဖျက်ရေး၊ ကျမဝတ်လာတာလဲ အတူတူပဲ တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်။် သူတော့ဘယ်လိုရတာလဲမသိဘူး ကျမက (SAW) အဖွဲ့က လာပြီးကျမတို့ရုံမှာ ပညာပေးလာရင်းနဲ့ ပေးသွားတာ၊ ကျမဝတ်လာတာက မဲ့ဆောက်က ဗမာမိန်းခလေးတွေထဲမှာဆို အဆင့်မဆိုးဘူးလို့ပြောလို့ရတယ်။ နောက်ကျမက ဆံပင်လဲ ဖြောင့်ထားတာ ရုံမှာလုပ်တယ်ဆိုပေမဲ့ ကျမတို့သူဌေးက ဝတ်စားတာ သေသပ်မှ ကြိုက်တာ အခုကျမအသက်က ၂၅ နှစ် ရုံမှာလုပ်တာ တနှစ်ခွဲလောက်ရှိနေပြီ။ ကျမအဲ့ဒီ့ရုံမှာ အလုပ်ရတာ ကျမရုပ်နဲ့ ခန္တာကိုယ် ပြေပြစ်မှုကြောင့်လဲပါတယ်၊ အတူတူထိုင်လိုက်မှ သေသေ ချာချာကြည့် မိတာ သူကအသားလတ်လတ် အရပ်က အတန်ငယ်မြင့်တယ် အထူးသဖြင့် သူ့မျက်လုံး တွေမှာ ဆွဲဆောင်မှုပါတယ် (ကျမထင်နေတာလဲဖြစ်နိုင်ပါတယ်)။ ကျမက.. ရှင်းရှင်းပြောရရင် အပျော်မယ်လုပ်နေတော့ အတွေ့အကြုံတော့ များတယ်၊ ဒါပေမဲ့ ကျမဘဝမှာ ရည်းစား တယောက်ပဲ ထားခဲ့ဘူးတယ် ၁၀ တန်းတုန်းကပါ…၊ အခုမောင့်ကို တွေ့တာက ဒုတိယ အကြိမ်ပေါ့ (နောက်မှ ကျမပြန်တွေးတယ် ကျမအဲ့ဒီ့ကတည်းက မောင့်ကို စိတ်ဝင်စားခဲ့ တာဖြစ်မယ်)။ မောင့်နံမည်က မြင့်စိုးသူတဲ့ အကိုတယောက်နဲ့ပါတ်သက်ပြီး ဒီဘက်က အဖွဲ့တွေကိုရောက်ခဲ့တာတဲ့ တတိယ နှစ် YIT တက်နေတာတဲ့ သူ့အကြောင်း တွေကို အဲ့ဒိလို မိတ်ဆက်ပါရော ကျမရင်ထဲမှာ တမျိုးကြီးခံစားလာရတယ် သူနဲ့ငါ ရွယ်တူ လောက်ရှိမယ်၊ သူကတကယ်လူတွေအတွက် အလုပ်လုပ်တဲ့ အဖွဲ့တွေမှာလုပ်နေတယ် ငါကြတော့….. ကျမ အတွေးရပ်လိုက်တယ်။ အဒေါ် တယောက်နဲ့နေတာ မဲ့ဆောက်ဈေးထဲ မှာ အဒေါ့်ဆိုင်ရှိတယ် ဘာညာပေါ့ ရွှီးလိုက်မိတယ်၊ သူကခေါင်းညိမ့်တယ် ကျမနံမည်မေး တယ် ကျမသူ့ကို အမှန်အတိုင်း အမေမွေးတဲ့နံမည် ပြောပြလိုက်တယ်၊ မြင့်မြင့်နိုင်လို့။ အမက တယ်ဟုတ်ပါ လား ခုနကရဲတွေနဲ့က အသိတွေလား တဲ့ ကျမရှက်သွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခတ်တည်တည်နဲ့ပဲ အင်းဈေးထဲက အဒေါ့် ဆိုင်မှာ လစဉ်ကြေးလာ ကောက် နေကြမို့လို့ပါလို့ ပြောသာပြောလိုက်ရတာ ဘာကြောင့်မှန်းမသိဘူး အားနာသွား သလိုမျိုးပါ ခံစားလိုက်ရတယ်။
ကျမအဲ့ဒီနေ့က အိပ်လို့မပျော်ဖြစ်ရတယ် အော်..ငါတို့ဘဝက လတ်တလောအခြေအနေကိုပဲ ဖြေရှင်းနေတာပါကလား၊ တကယ်တန်းအိမ်ထောင်ရက်သားကြရင် ဘဝကိုဘယ်လိုရပ်တည် မလဲ စတာတွေ စုံနေတာပါပဲ။ မြင့်စိုးသူ ကိုလိမ်ပြောလိုက်ရတာကိုလဲ လိပ်ပြာမလုံသလို ခံစား နေရတာ ဘာကြောင့်မှန်းကျမစဉ်းစားလို့ အဲ့ဒီတုန်းကမရခဲ့ပါဘူး၊ မောင့်အကြောင်း (မြင့်စိုးသူ) ဆက်ရရင် ကျမတို့ ဖုံးအဆက်အသွယ်ရသွားကြတယ်။ ကျမလေ မောင့်ဆီက (သူနဲ့ကျမ ချစ်သူတွေမဖြစ်သေးပါဘူး) ဖုံးလာရင် အလိုလိုရွှင်ပြနေတာလေ၊ အလုပ်အတူလုပ်တဲ့ သူတွေ ကတောင် ကျမကိုကျိတ်ပုံးတဲ့ စကြတယ်၊ တခါက မောင့်ကိုတွေ့ချင်လို လ္ဘက်ရည်ဆိုင်မှာ ချိန်းလိုက်တယ်။ သူရောက်လာတယ် ကျမသူ့ကိုတွေ့လိုက်တော့ ရင်ထဲမှာ တမျိုးလေးဖြစ် သွားတယ် ကျမသိလိုက်ပါတယ်..ကျမသူ့ကို…ချစ်နေမိပြီဆိုတာ။ သူလဲပျော်နေ တဲ့ပုံတွေ့ရ တယ် ကျမအားတက်မိတာပေါ့ ဒီလိုနဲ့ မောင်နဲ့ကျမရင်းနှီးမှုတွေပိုလာခဲ့ကြတာ၊ ကျမဘယ် လိုလုပ်ရမလဲ မောင်ကကျမဘဝကို သိသေးတာမဟုတ်ဘူး သိသွားရင်ကော …ကျမကိုသူ
ချစ်ပါအုံးမလား…ကျမကရော လက်ရှိဝင်ငွေနဲု့..အလုပ်ကိုစွန့်လိုက်ရင်.. အမေ နဲ့မောင် လေးတွေကို ထောက်ပံနိုင်ဘို့။ အခုဆိုမောင်အကြီးကောင်လေးက မော်လမြိုင်မှာ ကောလိပ် တက်နေတာ၊ အငယ်ကောင်က ၁၀ တန်း ဒီကျောင်းစရိတ်တွေအတွက အမေဘယ် လိုရုန်း ကန်နိုင်မှာလဲ မောင့်ဘဝကသန့်တယ် ကျမကမသန့်ရှင်းတာ….။
ဒါပေမဲ့ရှင် ကျမတို့နှစ်ယောက်ရဲ့အချစ်ကို ဘာနဲ့မှတားဆီးလို့မရခဲ့ပါဘူး။ ကျမလေ ပိုသတိ ထားလာခဲ့ရတယ် သွားတာ၊လာတာ အလုပ်လုပ်တာကအစ မောင်လုံးဝမသိနိုင်အောင်..ပေါ့ မောင်ကမသိရှာပါဘူး။ ကျမနဲ့သူချစ်သူတွေဖြစ်တာကိုတောင် သူ့သူငယ်ချင်းတယောက်က လွဲရင် ဘယ်သူမှပေးသိတာမဟုတ်ပါဘူး၊ ကျမလေမောင့်နောက်ကနေ ဆိုင်ကယ်လိုက်စီး ရတာ..မောင်နဲ့စကားတွေပြောရတာ..နောက်ဆုံးရှင် မောင်အနမ်းလေးတွေ ပေးတာကအစ သိပ်သာယာခဲ့တာကလား…။ အော် အချစ်..အဲ့ဒါအချစ်ပါလားနော်..နောက်ကျမ မောင့်ကို ပိုလေး စားရတာက မောင်ကလေကျမတို့လိုမဟုတ်ဘူး၊ နိုင်ငံရေးအကြောင်းတွေတော်တော် သိတယ် သူပြောပြမှ ကျမတို့ဟာ တကယ်တော့စံနစ်ဆိုးရဲ့ သားကောင်တွေဖြစ်နေရတယ် ဆိုတာ ကျမ သဘောပေါက်တော့တယ်။ မောင်ဆက်သာလုပ် မောင်လုပ်နေတဲ့အလုပ်က မြင့် မြတ်ပါတယ်လို့၊ ကျမလေ မောင်လိုအပ်တာမှန်သမျှ ကြည်ကြည်ဖြူဖြူ လိုက်ရောကူညီခဲ့ တယ်။ တခုတော့ ရှိတယ် ကျမခန္တာကိုယ်ကိုတော့ ကျမလုံးဝဖြူစင်သန့်ရှင်းတဲ့နေ့ ကျမနဲ့ မောင်နဲ့လက်ထပ် တဲ့အချိန်အထိပေါ့။ ကျမက မောင့်ကိုတန်ဘိုးထား မောင်နဲ့ လက်တွဲပြီးတဲ့ နောက်မှာ ဘဝကို အကောင်းဆုံးတည်ဆောက်ပြီး၊ မောင့်ကိုပါရမီဖြည့်ချင်တာ ဒါကြောင့်ကျမ ထိမ်းသိမ်းခဲ့တာပါ.. အဲ့ဒါမောင့်ကိုသိတ်ချစ်လွန်းလို့ပါမောင်ရယ်..။
ကံကြမ္မာ..ဆိုတာဟာလေ ကျမတို့လိုလူတွေအတွက် သိတ်ဘက်လိုက်တတ်ကြတာပါလား… ။ နော် လောကမှာလေအကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ့်ဘဝထဲကို ဝင်ချင်တဲ့အချိန် ဝင်ရောက်တတ်ပါလားနော်။ ကျမနဲ့မောင်နဲ့ ချစ်သူတွေဖြစ်လာတာ ၁၀ လလောက်ရှိနေပါပြီ ကျမလဲ မောင်နဲ့လက်တွဲပြီးတော့၊ ဘဝတခုကို ထူထောင်ဘို့စဉ်းစားလာတယ်။ ဟုတ်တယ် လေ လူ့ဘဝမှာ ပိုက်ဆံကြောင့် ဘဝကို ဒီအထိဆွဲချမိခဲ့တဲ့ ကျမကိုယ်ကျမလဲ၊ ငါ့နှယ်နော် ငါလူညံ့ဖြစ်သွားတာပါကလားလို့။ နောက်ပြီးတော့ ငါချစ်တဲ့မောင်၊ ဟုတ်တယ် ငါဒီဘဝကို မောင် ပြောတဲ့စကားနဲ့ပြောရရင်၊ တော်လှန်ပြောင်းလဲပစ်ရမယ်ပေါ့။ ကျမကသာ ဒီလို ဘဝကို ပြုပြင် ပြောင်လဲပြီး မောင်နဲ့လက်တွဲဘို့စဉ်းစားနေတာ ကံကြမ္မာက ခွင့်မပြုခဲ့ပါဘူးရှင်၊ ကျမမှာ လေ HIV ပိုးတွေ့တယ်တဲ့၊ ဖြစ်မှဖြစ်ရလေရှင် ကျမလေ ဘဝကိုကောင်းအောင် ပြုပြင်ပြီး… မောင်နဲ့..ကျမ..ကျမလေကိုကိုယ်ကိုတောင် အဆုံးစီရင်ချင်စိတ်ပေါက်ပါတယ်ရှင်၊ ဘဝရယ်.. ကျမလေ စိတ်သိတ်ထိခိုက်လွန်းလို့…။
ကျမအလုပ်ထွက်ရတယ် ကျမမှာပိုက်ဆံနည်းနည်းရှိတော့ အိမ်ခန်းလေးတခန်းအရင်ငှား လိုက်တယ်၊ ကျမတယောက်တည်းပဲနေချင်တော့တာကိုး။ လုပ်ဖော်ကိုင်ဘက်တချို့ကတော့ အားပေးပါတယ် အနာသိရင်ဆေးရှိပါတယ်တဲ့၊ အနာသိပြီးဆေးမရှိတော့ကော..။ကျမစိတ် တွေ.. ဟုတ်တယ် ကျမလေစိတ်တွေကို ထိမ်းချုပ်နိုင်အောင်လုပ်ရမယ်၊ ကျမစိတ်ကိုလျောချ လိုက်တယ် ကျမဘယ်သူနဲ့မှအတွေမခံပဲ အရေးအကြောင်းဆို လူတွေရဲ့ဖြစ်လေ့ရှိတဲ့အတိုင်း ကျမ မြတ်စွာဘုရားကိုအားကိုးလာမိတယ်။ ကျမနဲ့ရင်းနှီးတဲ့ ဆရာတော်တစ်ပါးက ကျမကို တရားထိုင်ဘို့ ပြောတယ်၊ ကျမတရားထိုင်တယ် နှစ်ပါတ်လောက်ကြာတော့ ကျမနေသား နည်းနည်းကျလာတယ်။ ဖြစ်လာမှတော့ လောကဓံကို ခါးစည်းခံရုံပါပဲလို့ စိတ်လေးနည်းနည်း ထားတတ်လာပါတယ်၊ ဒါပေမဲ့ရှင် ကျမမောင့်အကြောင်းတွေးတိုင်း စိတ်မကောင်းဖြစ်ရတယ်၊ မောင်အခုလောက်ဆို ကျမကိုရှာနေရောမယ် ကျမဒီဘဝနဲ့ မောင့်ကိုဘယ်လိုလုပ် လက်တွဲရမ လဲမောင်ရယ်။ ကျမကြောင့်မောင်…အို.. ကျမလေ.. ရင်နဲ့အမျှ ကြေကွဲခဲ့ရပါတယ်မောင်ရယ်၊ တကယ်တော့ ကျမရဲ့ အိမ်မက်ကမ္ဘာလေးပြိုကွဲခဲ့ရတာပါမောင်ရယ်…။
ကျမဆုံးဖြတ်လိုက်တယ် မောင့်ကိုအတွေ့မခံတော့ဘူးလို့၊ မောင့်ကိုတွေ့ချင်နေတဲ့စိတ်တွေကို ကျမရဲ့ ကွဲကြေနေတဲ့ ဟော့ဒီရင်ပတ်ထဲမှာပဲ သိမ်းထားလိုက်ပါတော့မယ်။ ကျမနောက်ဆုးံအ နေနဲ့ မောင့်ဆီကိုဖုံးခေါ်လိုက်တယ်…။ မောင်… ဟာ မြင့်ကွာ ဘယ်ပျောက်သွားတာလဲ မောင် ဖြင့်ရှာလိုက်ရတာကွာ၊ မောင့်အသံက ကျမရင်ကို ဆို့နင့် မွချေ ပစ်လိုက်သလိုပါပဲ.. မောင်..။ မြင့်နဲ့လက်ထပ်ဘို့ လူကြီးတွေကိုပြောထားပြီးပြီတဲ့၊ ထပ်မံပြီးကြေမွရပြန်ပါပေါ့မောင်ရယ်..။ ကျမအံကိုတင်းတင်ကျိတ်ထားပြီး မယိုင်လဲသွားအောင် မနည်းအားယူထိမ်းထားရတာပါ၊ ကျမ နောက်ဆုံးအားယူပြီး မောင့်ကိုတခွန်းပဲပြောလိုက်နိုင်ပါတယ်….၊ မောင်…… ကျမကိုမေ့လိုက်ပါ တော့ လို့…။
ဒီ့နောက်မှာတော့ ကျမ နယ်စပ်ကထိုင်းရွာလေးတရွာမှာ ကျမအသိတယောက်နဲ့ သွားနေရင်း၊ ထိုင်းသူဌေးတယောက်ဆီမှာ လယ်ယာလုပ်သားဘဝနဲ့ ကျမဘဝကိုကျမဘာသာ ကုစားနေမိ တော့တယ်။ တနှစ်လောက်အကြာမှာတော့ ကျမငှက်ဖျားအကြီးအကျယ် ဖျားပါလေရော၊ နောက်ဆုံးတော့ ကျမ မဲ့ဆောက်က ဆရာမစင်သီယာမောင်ရဲ့ဆေးခန်းကိုရောက်လာတယ်၊ ငှက်ဖျားပိုးကိုသွေးဖောက်စစ်ရင်းနဲ့ ကျမသွေးကိုထပ်မံဓါတ်ခွဲကြည့်ရာကနေ HIV ပိုးရှိနေတာ ဆေးခန်းကသိသွားတာပေါ့။ ဆရာမတွေကအားပေးပါတယ် အားမငယ်ပါနဲ့တဲ့၊ ဒီမှာအမျိုး သမီးတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ SAW အဖွဲ့ဆီကိုပို့ပေးမယ်တဲ့။ အော်..မောင်ရေ.. ဒီအဖွဲ့ဆီကရတဲ့ အကျီင်္လေးဝတ်တဲ့နေ့က မောင်နဲ့စဆုံဖြစ်ခဲ့ကြတာနော်၊ ကျမသိတာပေါ့ သူတို့က ခလေးတွေ၊ ခိုကိုးရာမဲ့တွေ၊ HIV ပိုးစွဲကပ်နေတဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ကူညီစောင့်ရှောက်နေတာလေ။ ကျမဆုံးဖြတ်လိုက်တယ် ဟုတ်တယ် ငါဟာ လူ့လောကကြီး မှာ အဓိပ္ပါယ်မဲ့နေသွားမလား၊ ရှိတဲ့အချိန်မှာ အကျိုးရှိရှိနေသွားမလား၊ ကျမဆုံးဖြတ်ချက် ကိုခိုင်ခိုင်မာမာချလိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ ကျမခြေလှမ်းတွေက SAW အဖွဲ့ရဲ့ save house လို့ခေါ်တဲ့ ဂေဟာာလေးဆီကိုသာ….။
အခုတော့ကျမလေ ကျနဲ့ဘဝတူ ရောဂါအခြေအနေတွေဆိုးတဲ့ တခြားအမျိုးသမီးတွေကို ကူညီစောင့်ရှောက်တဲ့သူတယောက် ဖြစ်လို့နေပါပြီမောင်ရယ်..။ တရက်ဈေးထဲမှာ အမှတ်မ ထင်မောင့်သူငယ်ချင်းနဲ့တွေ့လို မောင်နိုင်ငံခြားထွက်သွားတယ်ဆိုတဲ့အကြောင်း၊ အိမ်ထောင် ရက်သားကျသွားပြီဆိုတဲ့အကြာင်း သိရပါတယ်မောင်ရယ်။ မြင့်… မောင့်အတွက်ဝမ်းမြောက် ပါတယ် မောင်ရယ်..မောင်ကတော‘့မြင့်‘ ကို သစ္စာမရှိတဲ့သူလို့ ထင်နေမှာပါ။ ရပါတယ်မောင် ရယ် မြင့်..လေ..အခုဆိုရင် ဘဝတူတွေကို ပြန်လည်စောင့်ရှောက်တဲ့ လူမှုရေးလုပ်သား တဦးဖြစ်နေပါပြီ။ မြင့်နားလည်တာတော့မောင်ရယ် လူမှုရေးဆိုတာ၊ နိုင်ငံရေးစံနစ်ရဲ့ အခြေခံ လေးတွေလို့ လုပ်ရင်းနဲ့သိလာရတယ် ဒါကြောင့် ဒီဘဝနဲ့ပဲ မြင့်ရဲ့ဘဝ တနေ့အဆုံးသတ်တဲ့ အထိ နေထိုင်သွားပါတော့မယ်မောင်။ မောင့်ကိုလွမ်းတဲ့စိတ်တွေကိုလည်း လူမှုရေးလုပ်ငန်း တွေမှာ တစ်တတ်တစ်အားလုပ်ကိုင်နေရင်း နေတတ်လာပါပြီမောင်ရယ်….။
ညီမရေ..မြင့် သွားကြရအောင်လေ၊ အတူတူလာတဲ့ အဖေါ်အမကြီး မမေကြည် လှမ်းခေါ်မှပဲ ကျမဘယ်လောက်အထိ အတွေးရေယာဉ်ကြောမှာ မျောနေမိသလဲမသိတော့ပါ။ ဘာလဲ.. ညီး မောင့်ကို လွမ်းနေတုန်းပဲလားဟေ့၊ မဟုတ်ပါဘူးအမကြီးရယ်..၊ ကျမအမကြီးအမေးကိုပြန်ဖြေ ရင်း သောင်ရင်းမြစ်ကမ်းကနေ ပြန်လာခဲ့ကြပါတော့တယ်။ ရုံးနားရောက်တော လ္ဘက်ရည် ဆိုင်က နွှဲ့ယဉ်ဝင်း သီဆိုထားတဲ့သီချင်းလေးက ကျမနှလုံးသားထဲအထိ ပြန်နှံဝင်ရောက်လာ ခဲ့ပါတယ်ရှင်…။

မောင်လိုအင်တွေကိုxxxxx
ညိုညင်တာမရှိဘူးxxxxxမxကxခွင့်လွှတ်ခဲ့တယ်xxxx- မောင့်အတွက်နဲ့မနှလုံးသားxxxမြေ့မြေ့
ကျွမ်းပြီကွယ်xxxx-xxxx

ဟူ၍သာ…..။

(မဲ့ဆောက်ရှိ မြန်မာအမျိုးသမီးလေးဦးရဲ့ အဖြစ်အပျက်တချို့အား မှီငြမ်းဇာတ်အိမ်ဖွဲ့ပါသည်။)


ကျိုးစားပါအုံးမည်။
ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, November 20, 2008

အကြွေစောတဲ့ ပွင့်သစ်သို့...( ဝင်းတင့်ထွန်း )


ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -

မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …

ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -

ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

အပြည့်အစုံဖတ်ချင်ရင်>>>

သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု (ကိုအေးဝင်း)


လက်ရှိတော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်းကြွေလွင့်သွားရှာတဲ့ ရဲဘော်ကြီးဂုရု..ရဲဘော်ကြီးကောင်းရာသုဂတိ လားပါစေ...(ဂင်ကြီး)

သားသားကြီး၊ နေလ၊ မောင်မြင့်အောင်၊ ဂုရု
ရေးသူ- မောင်အေးဝင်း

"နေလ (ဦးအောင်ခင်သား အကြီး) ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး မဲဆောက်ဆေးရုံကို ဒီညနေမှာ တင်ထားလိုက်ပါသည်။ အခြေအနေမကောင်းပါ။" လို့ မဲဆောက် ယမုံနာကျောင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ရဲဘော်တယောက်က အီးမေလ် ပို့တယ်။ ကိုလဲ အလုပ်သွားရဘို့ အချိန်ကပ်နေတော့ သူ့ရဲ့ contact ဖုံးနံပါတ်ကို ကမန်းကတန်း ရေးချပီး၊ အလုပ်ကို ထွက်လာခဲ့တာ။ အလုပ် ရောက်ရောက်ချင်းပဲ သူတို့ဆီ ဖုံးဆက်လိုက် တယ်။ ကိုပေါက် ဆိုတဲ့ရဲဘော်လေးက "အကိုရေ.. မနက်တနာရီလောက်ကဘဲ ဆုံးသွားပီ" တဲ့။
ရုတ်တရက် ရင်ထဲ ဆို့သွားတယ်။ ချက်ချင်း ဆက်စရာရှိတဲ့ လူတွေဆီ ဖုံးခေါ်လိုက်တယ်။ 'ဂုရု မနက် တနာရီမှာ ဆုံးသွားဘီ' လို့။
သူတို့မိသားစုမှာ သူက သားအကြီးဆုံး။ သူ့မိဘတွေက သူ့ကို သားသားကြီးလို့ ခေါ်တော့ ကျနော်တို့လဲ လိုက်ပီး သားသားကြီးလို့ ခေါ်ကြတယ်။ ကျနော်တို့ဆိုတာက ကိုသက်ခိုင်(ခ)ကိုလတ်၊ မျိုးသန်း(ခ)ဂျပ်ကြီး(ခ)ခွန်းခ၊ နဲ့ ကျနော်။ သူ့အဖေက ကိုအောင်ခင်။ ကျနော်တို့ ရဲဘော်။
သူ့ အိမ်နာမည် 'နေလ'၊ သူ့အောက်က အငယ်ကောင်က 'သီလ'။ သီလအောက်မှာ 'မနှင်းဖွေး' ဆိုတဲ့ ညီမလေးတယောက် ရှိတယ်။ နောက်တော့မှ အငယ်ဆုံးကောင်လေးကို မွေးတာ။ အဲဒီ အငယ်ဆုံးကောင်ကို မွေးတော့ ဆရာဒဂုန်တာရာက 'ဗညားမော်' လို့ နာမည် ပေးလိုက်တယ်။ အော်လွန်းအားကြီးလို့ ကျနော်တို့က 'တအားအော်တဲ့-ဗညားမော်' လို့ ဘွဲ့ပေးထားတဲ့ ကလေးပေါက်စ။
ချစ်စရာကောင်းတဲ့ မောင်နှမလေးယောက်။
'နေလ' က လူအေး။ မျက်မှန်လေးနဲ့။ စာကြိုက်တဲ့ စာဂျပိုး။ 'သီလ' က သွက်သွက် လက်လက်။ ငမျောက်။ 'နေလ' တောခိုလာတယ်ဆိုတော့ ကျနော် အံ့သြသွားတယ်။ ဒါမျိုးကို လုပ်မယ့်လုပ်ရင် သီလ လုပ်မယ်ထင်တာ။ နောက်ပီး စိတ်မကောင်းလဲ ဖြစ်မိတယ်။ အဖေက ကျနော်တို့ ကိစ္စမှာသူလဲပါတော့ အဖမ်းခံသွားရတယ်။ သားအကြီးဆုံးကလဲ တောထဲ ရောက်ရတယ်။ မရောက်ရင်လဲ သူလဲ သူ့အဖေလို ထောင်ထဲရောက်မှာ။ ရိုးရိုးအေးအေး မဒမ်အောင်ခင် (ဒေါ်အေး) တော့ လူမမယ် ကလေးသုံးယောက်နဲ့ ဒုက္ခပါဘဲ။
'နေလ' အဖို့ရာ သူဖတ်ခဲ့တဲ့ စာတွေက သူရလိုက်တဲ့ အတွေးအခေါ်တွေဟာ သူ့လက်တွေ့ ဘဝကို ပြဌာန်းပေးလိုက်ခြင်းဖြစ်တယ်။ တော်လှန်ရေးနယ်ထဲရောက်လာပီး တော်လှန်ရေးသမားဘဝကို သူ ခုံခုံမင်မင် ဖြတ်သန်းတာဘဲ။ စာသင်ခန်းကိုစွန့်၊ ကျောင်းလွယ် အိတ်ကိုချ၊ AK 47 မောင်းပြန်သေနတ်ကို သူကိုင်ခဲ့တယ်။
ကျနော် ဘန်ကောက်မှာတုန်းက သူ ဘန်ကောက်ကို တက်လာသေးတယ်။ သူ့ကို ကျနော်က ဘန်ကောက်မှာ နေမလားမေးတော့ ကျနော် စစ်ပဲ တိုက်ချင်တယ်ဆိုပီး နယ်စပ်ကို ပြန်ဆင်းသွားတယ်။ တပ်နီတော်ရဲ့ စည်းကမ်းကြီး (၈) ချက်ကို လိုက်နာတဲ့ ABSDF ရဲ့ စံပြတပ်သားကောင်းတယောက် သူဖြစ်လာတယ်။ နိုင်အောင်တို့တပ်က သူတို့ [(၆၀)လောက်ရှိ မယ်ထင်တယ်] ခွဲထွက်လာကြတယ်။
သူ့တို့ ငယ်ဘဝလေးကို ကျနော့်မျက်စိထဲမှာ ပြန်မြင်လာတယ်။ ဒင်းတို့ ညီအကိုနှစ် ယောက်ကို ဘယ်လက်ညာလက်မှာ ဆွဲပီး၊ စော်ဘွားကြီးကုန်းကနေ မြို့ထဲမှာ ရုပ်ရှင်ကြည့်ဘို့ ခေါ်လာရတာ။ ရုပ်ရှင်ကအပြန် ကျနော့် စာအုပ်ဆိုင်ကိုဝင်၊ မင်းတို့ ဖတ်ချင်တဲ့စာအုပ်ကြိုက်တာ ယူဆိုတော့၊ 'သီလ'က ကာတွန်းစာအုပ်ပဲ။ 'နေလ' ကတော့ ဘာသာပြန်စာအုပ် ကောင်းကောင်း တွေကိုပဲ ရွေးတယ်။
သူတို့ အိမ်မှာ ကျနော် အိပ်တဲ့အခါ နှစ်ယောက်အိပ်ခြင်ထောင် တလုံးစာပဲ ကျယ်တဲ့ သူတို့အိမ်ရှေ့ခန်း ၀ါးကြမ်းခင်းရဲ့ ဖျာကြမ်းပေါ် ဖျာချော ထပ်ခင်းပီး ညီအကိုနှစ်ယောက်ရယ်၊ ကျနော်ရယ် သုံးယောက် အိပ်ကြတယ်။ တခါတလေ မျိုးသန်း(ခ)ဂျပ်ကြီးတောင် ပါလိုက် သေး။ ဒီကလေးတွေက အအိပ်ဆော့တော့ ခြင်ထောင်ထဲကို ခြင်တွေဝင်၊ မနက်ဆိုရင် သွေးဝနေတဲ့ ခြင်တွေ၊ ခြင်ထောင်ထဲ သီးနေလိုက်တာ၊ ရိုက်လို့မကုန်ဘူး။
တခါတလေ မျိုးသန်းက 'နေလ' ဂစ်တာကို ယူတီးတယ်။ ကျနော်တို့ အများဆုံး ဆိုတီးကြတာ စိုင်းထီးဆိုင်ရဲ့ 'သိတ်ချစ်ရတဲ့ နွဲ့တင်'။ တခါတော့ ကျနော်နဲ့ မျိုးသန်း ရောက်သွား တုန်း သူ့အမေက ကျနော်တို့ကို သူ့ သားအကြောင်း တိုင်တယ်။ ဘာလဲတော့ မမှတ်မိတော့ ဘူး။ မျိုးသန်းကလဲ နဲနဲ မူးလာတော့ ဆူနေတာ မဆုံးတော့ဘူး။ ဓါတ်ပြားက အပ်ကြောင်း ထပ်နေပီ။ ဆူတာကလဲ အတည်ပေါက်နဲ့ ဆူချင်ဟန်ဆောင်ပီး၊ တဖက်က ကျနော်ကို မျက်စိ မှိတ်ပြနေသေးတယ်။ ကြာတော့ အဆူခံရတဲ့ မောင်နေလ စိတ်ညစ် နားညည်းပီး ငိုပါလေရော။ သူကငို ကျနော်က စ။ ဆယ်တန်းကျောင်းသား လူပျိုပေါက်အရွယ်တောင် ရောက်နေပီ။
၁၉၈၈ လူထုအုံကြွမှုမှာ သားသားကြီး(ခ)နေလ(ခ)မောင်မြင့်အောင်ဟာ အထက်တန်း ကျောင်းသားဖြစ်နေပီ။ အင်းစိန်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂမှာ လှုပ်ရှားနေတာ တွေ့မိတယ်။ အာရုဏ်ဦးသတင်းစာအတွက်လဲ သူတို့ ကျောင်းသားလှုပ်ရှားမှု သတင်းတွေ သူ့ဆီက ရတယ်။
ကျောင်းသားလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အနှစ် ၂၀ နီးပါး ဖြတ်သန်း လာပြီး အသက် ၃၆နှစ် (၄၀ နားနီးမှ) အိမ်ထောင်ပြုတယ်။ ဘဝကို အသစ်ပြန်စဖို့ ရည်ရွယ်တာမှ လေးလလောက်ပဲ ရှိသေးတယ်။ မကြွေသင့်ပဲ ကြွေခဲ့ရပါရောလား။ ကိုယ့်မျက်စိထဲမှာတော့ မင်းကို ကလေးလို့ပဲ မြင်နေတုန်း။ တူလိုသားလို ချစ်ပီး၊ ရဲဘော်တယောက်လို လေးစားတဲ့ သားသားကြီး'နေလ' အကြွေစောလို့ နှမြောရပါတယ်။

မောင်အေးဝင်း
နိုဝင်ဘာ ၁၉၊ ၂၀၀၈။

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, November 14, 2008

ဗဟုဇာတ်စုံ


ပန်းချီ ပိအိုင်း
ဗဟုဇာတ်စုံ

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
တော်လှန်ကဗျာတွေ ရှိသလို
မလျော်ကန်တာတွေ ရှိတယ်…၊
ပေးဆပ်သူတွေ ရှိသလို
စေးကပ်သူတွေ ရှိတယ်…။

တော်တာတွေ မြင်ရသလို
မှော်ဆရာတွေ ဂွင်ကျတယ်…၊
ဘော်ဒါတွေ ပြန်တွေ့ရသလို
မတော်တာတွေ အမှန်တွေ့ရတယ်…။

အသေ.. မြတ်ခဲ့သူတွေ ရှိသလို
အနေ..တတ်ခဲ့သူတွေ ရှိတယ်…၊
ခြေ..ပြတ်တဲ့သူတွေ ရှိသလို
ငွေ..တပ်မက်နေသူတွေ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
သမိုင်း..ရေးတဲ့သူတွေ ရှိသလို
သမိုင်း..ကွေးခဲ့သူတွေ ရှိတယ်…၊
လမ်း..ဖောက်တဲ့သူတွေ ရှိသလို
စမ်း..လျှောက်နေတဲ့သူတွေ ရှိတယ်…။

ဒုက္ခသည်တွေ ရှိသလို
အထုတ်မ ဝယ်သူတွေရှိတယ်…၊
အသက်အရွယ် ထောက်သူတွေ ရှိသလို
အရက်ဝယ် သောက်နေသူတွေ ရှိတယ်…။

အမှန်တရားကို မြတ်နိုးသူတွေ ရှိသလို
အကြံသမားကို လာဘ်ထိုးနေသူတွေ ရှိတယ်…၊
ကြိုးစားနေတဲ့ သူတွေရှိသလို
မရိုးမသား လေတဲ့သူတွေလဲ ရှိတယ်…။

ဟော့ဒီ့တောင်တန်းတွေဆီကို
ကျနော်လာခဲ့တယ်…၊
မီဒီယာတွေ ရှိသလို
စီမီနာတွေ ရှိတယ်…၊
ပညာ.. တတ်သူတွေ ရှိသလို
ဂွင်ရှာ.. မြတ်နေသူတွေ ရှိတယ်…။

အကြင်နာ ပေးနေသူတွေ ရှိသလို
တမင်တကာ ရွေးယူနေသူတွေ ရှိတယ်…၊
ရင်းနှီးနေတဲ့ သူတွေရှိသလို
အပြင်းကြီးနေတဲ့ သူတွေရှိတယ်…။

မိတ်ဆွေ…
အဲ့ဒီ့တောင်တန်းကြီးဟာလေ
ဗဟုစုံခင်း ရင်းထားခဲ့ကြရတာပါ
ရာဇဝင် ကျောက်သားတွေနဲ့
ထုသားရင့် ပေသားနင့် နေတာပါကွယ်…
မယုံရင်ကြည့်…
တနေ့မှာ မကောင်းမှုတွေကို
မောင်းထုကြေငြာလိမ့်မကွဲ့…
ပြီးတော့ သူ့ရင်ကိုဖွင့်ပြီး
ပေးဆပ်သူတို့ရဲ့ အောင်ပွဲကွလို့
မာန်ပါပါနဲ့ ဟစ်ကြွေးပါလိမ့်မယ်…။

မိတ်ဆွေ…အဲ့ဒီ့တောင်တန်းကြီးတွေဆီ
ကျနော်ရောက်ခဲ့တယ်…။ ။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, November 12, 2008

နာနာထုလေ ဓါးကောင်းလေပါပဲ…


နာနာထုလေ ဓါးကောင်းလေပါပဲ…

ပေပေါ်တင်ထု ထုချင်ထု
မီးပေါ်တင်ရှို့ ရှို့ချင်ရှို့
သံမဏိသား ကြွေမသွားဘူး
နာနာထုလေ ဓါးကောင်းလေ…


ကဗျာဆရာ ကိုလွမ်းဏီ ရဲ့ကဗျာပိုဒ်လေးပါ ၁၉၉၀ တဝှိုက်က စပ်ဆိုခဲ့တယ်လို့မှတ်မိပါတယ်၊ ကျနော်အထက်ဗမာပြည်ဘက်ကို ပါတီအလုပ်တခုနဲ့ ခရီးထွက်နေရာကနေပြန်လာတာပါ မှတ်မိနေပါသေးတယ် မိုးကဖွဲဖွဲရွာနေတာ ရန်ကုန်ဆိပ်ကမ်းရောက်တော့ ကျနော်တို့မြို့ NLD က သူငယ်ချင်းတယောက်နဲ့ တွေ့ပါရော ဂျပန်ကြီး (ကျော်မျိုးသန့်) ထောင်ထဲမှာ ကျသွားပြီတဲ့ ကျနော် ဒီသတင်းကြောင့် သိပ်စိတ်ထိခိုက်သွားခဲ့ရပါတယ်၊ အော်..ပေးဆပ်လိုက် ရပြန်ပါပြီပေါ့ ဂျပန်ကြီးက ကျနော်တို့ငယ်ငယ်ကတည်းကသူ့ကိုခေါ်ခဲ့တဲ့ နံမည်ပြောင်ပါ သူ့နံမည်ရင်းက ကျော်မျိုးသန့် ဒါပေမဲ့ ကျနော်တို့ ဘိုကလေးမြို့မှာ သူ့ကိုဂျပန်ကြီးလို့ပဲ သိကြတာများပါတယ်၊ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးပါ ထောင်ကျသွားရတာက စစ်အစိုးရက ၈၈၈၈ လေးလုံးကာလက သပိတ် တိုက်ပွဲတွေမှာပါခဲ့တဲ့ သမဝါယမဝန်ထမ်း(၄၀)ကို အလုပ်ဖြုတ်ပစ်တဲ့ကိစ္စနဲ့ ဝေါ မြို့နယ်မှာ လယ်သမားတွေကို သေနတ်ဖေါက်ပြီး အတင်းစပါးရောင်းခိုင်းတဲ့ကိစ္စတွေကို ကျနော်တို့ မြို့နယ်မှာ စာတွေဖြန့်ကြပါတယ် ကန့်ကွက်ကြောင်းလည်း မဝတ ကိုစာတင်ပြီး တရားဝင် တောင်းဆိုတိုက်ပွဲဝင်တာပါ။
အဲ့ဒီ့အချိန်က ပါတီဗဟိုကလဲ နဝတ ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာပါ ကျနော်တို့ ပါတီကအဲ့ဒီအချိန်မှာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေး တောင်းဆိုနေတဲ့အချိန်ပါ စစ်အုပ်စုက ပြည်သူလူထုကို မတရားလုပ်ဆောင်မှုမှန်သမျှ ဖွင့်ချတိုက်ပွဲဝင်တာပါပဲ ပါတီဟာအဲ့ဒီအချိန်က အင်အားကောင်းကောင်းနဲ့ တစည်းတလုံးတည်းတိုက်ပွဲ ဝင်ကြတာပါ ဗဟို၊မြို့နယ်၊ တိုင်း ပြောစရာမလိုလောက်အောင် ညီညွတ်ပါတယ် အားလုံးတသားတည်းပါ စုပေါင်းခေါင်းဆောင်မှု ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတာပါ ဆက်ရရင်တော့ဗျာ မဝတ ဥက္ကဌက ဆွေးနွေးစရာ ရှိလို့ပါဆိုပြီး ကျနော်တို့ မြို့နယ်ရုံးကိုစာပို့လာပါတယ်၊ ကျနော်တိုဆီက မြို့နယ်ပါတီဥက္ကဌ ကိုအံဇော်၊ကိုတင်နိုင်ထွန်း (၂၀၀၃-ခုနှစ်တွင်တောထဲတွင်ကျဆုံး)၊ ကိုကျော်တင့်မောင်၊ ကိုကျော်မွှေး တို့လေးဦးသွားတွေ့ပါတယ်၊ ဒီစာတွေဖြန့်နေတာရပ်ပစ်ဘို့ ပြောပါတယ် ကျနော် တို့ရဲဘော်တွေက မတရားလုပ်တာကိုရပ်ပေးရင် စာထုတ်တာရပ်ပေးမယ် မတရားဆက်လုပ် နေရင်စာတွေထုတ် ဆက်လက်ကန့်ကွက်လှုပ်ရှားနေပါပဲလို့ ပြောပါတယ် ဒါဆိုမင်းတို့ကို ဖမ်းမယ်ဆိုတော့ ဖမ်းစမ်းဆိုပြီး အားလုံအဖမ်းခံခဲ့ကြတာပါ။


နောက်ဒီမတရားမှုကို မတရားကြောင်း ဆက်လက်တောင်းဆိုကြပါတယ် စာတွေဆက်ထုတ် တယ် စာတွေဖြန့်တယ် ကျနော်တို့မြို့မှာတင် ပါတီဝင် ၂၀၀၀ ကျော် ရှိပါတယ် ပြတ်ပြတ်သားသား၊ဗြောင်ဆန့်ကျင်ခဲ့ကြတာပါ၊ နောက်ထပ် ပါတီမြို့နယ်မှာတာဝန်ရှိတဲ့ ဂျပန်ကြီးနဲ့ ကိုပေါက်(ယ္ခုလက်ရှိ ဗဟိုကော်မတီဝင် ABSDF) တို့ကိုပါ မှတ်မိပါသေးတယ် ဖမ်းမယ်ဆိုတာသိနေကြပေမဲ့ ဘာကိုမှဂရုမစိုက်သလိုပါပဲ ကျနော်တို့ကို လဘက်ရည်ဆိုင်မှာ ငါ့အလှည့်ကွတဲ့ ဂျပန်ကြီးပြောသွားတာပါ စပ်ဖြဲဖြဲတောင်လုပ်သွားပါသေးတယ်၊ ကိုပေါက် ကလဲ ခတ်ပြုံးပြုံးပါပဲ ပေးဆပ်တယ်ဆိုတာ တော်လှန်ရေးရဲ့အလုပ်တဲ့ ဂျပန်ကြီးက ပင်ကိုယ်စရိုက်က ပျှော်တတ်ပါတယ် သူရှိရင် ပါတီရုံးမှာ တဝါးဝါးတဟားဟားပါပဲ စကား ပြောလဲသိပ်ကောင်းပါတယ် သူတို့မဝတရုံးကိုသွားတော့ ကျန်တဲ့လူတွေကလဲ လိုက်သွားကြ တာပါပဲ ဒါပေမဲ့ရုံးထဲကိုတော့ ဝင်ခွင့်မရကြဘူးလေ ဂျပန်ကြီးကတော့ရင်းတယ်ဗျို့ ဟေ့ဒီမှာ ခင်ဗျားတို့ဖမ်းမလို့မလား ကျုပ်တို့ကလာအဖမ်းခံတာ ဆိုပြီးအချုပ်ထဲတန်းဝင်သွားခဲ့တာပါ။
ပါတီမှာ ဗဟိုမှာရော မြို့နယ်အဆင့်လိုက်မှာပါ အဖမ်းခံပြီးတော့တိုက်ပွဲဝင်ကြတာ ဒုဥက္ကဌ ကိုသက်ထွန်း၊ ကိုဂျင်မီ(ကျော်မင်းယု) (လက်ရှိ နအဖ မှ ထောင် ၆၅ နှစ်ချလိုက်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်) ကိုယဉ်ထွေး တို့ အဖမ်းခံတိုက်ပွဲဝင်ခဲ့သလို ကျနော်တို့မြို့နယ် မှာလဲ ပါတီခေါင်းဆောင်တွေ အဆင့်ဆင့် အဖမ်းခံတိုက်ပွဲဝင်ခဲ့ကြတာပါ ကျနော်တို့မြို့နယ်မှာ NLD ရယ် ပြည်သူ့တိုးတက်ရေးပါတီရယ် လူ့ဘောင်သစ်ရယ် ပူးပေါင်းလှုပ်ရှားကြတာပါ လူ့ဘောင်သစ်မြို့နယ်ခေါင်းဆောင်တွေကို မတရားဖမ်းတာကို ဝိုင်းကန့်ကွက်ကြလို့ ကျနော်တို့ဆီက မြို့နယ်အတွင်းရေးမှူး ကိုကျော်တင့်ဦး၊ပြည်သူ့တိုးတက်ရေးပါတီက ကိုဇော်ဖေ၊ မနီ၊ NLD က ဆရာထွန်းမြင့်အောင်တို့ ဆက်တိုက်ဆိုသလို အဖမ်းခံခဲ့ကြရ ပါတယ်။
ဂျပန်ကြီးအကြောင်းကို ဆက်ရရင် ထောင် ၂ နှစ်ကျတယ် မအူပင်ထောင်ကိုပို့လိုက်တယ် ကျနော်ပြောပြချင်ပါသေးတယ် ဂျပန်ကြီးကို မအူပင်ထောင်ပို့ဘို့ သင်္ဘောဆိပ်ကိုခေါ်လာ တော့ စားစရာတွေလာပို့ကြ လာနှုတ်ဆက်ကြ လူတွေက ၅၀၀ လောက်ရှိတယ်ဗျာ အဲ့ဒီ့ လောက်ကို မြို့လူထုကချစ်ကြတာ ထောင်ထဲရောက်တော့လဲ ထောင်ထဲမှာမတရားတာတွေ တွေ့ရင် ဘယ်ရလိမ့်မလဲဗျာ ဆက်တိုက်နေတော့တာပဲ ဒီတော့ စစ်ထောက်လှမ်းရေးက သူ့ကိုတော်တော်ညှိုးပါတယ်၊ သူဆုံးပါးရတာကိုရေးရရင် ရင်နာစရာပဲဗျို့ ဖြစ်တာက အသဲရောင်အသားဝါရောဂါပါ အပြင်မှာဆို ကုလို့ရတယ် ဒါပေမဲ့ ဆေးကုသခွင့် သေသေချာချာမရဘူး ထောက်လှမ်းရေးကညစ်ထားတာလေ နောက်ရောဂါသိပ်ကျွမ်းလာမှ မအူပင်ဆေးရုံထုတ်ပေးတယ် နောက်ဆုံအဲ့ဒီ့ရောဂါကြောင့် ဂျပန်ကြီးဆုံးသွားရတာပါ၊ စစ်အုပ်စုဟာ ကျောင်းသားတွေအပေါ်မှာ ဘယ်လောက်ရက်စက်သလဲဆို ဂျပန်ကြီးက သေဆုံးချိန်အမှာတောင် လက်ထိပ်တန်းလန်းနဲ့ဗျာ( ကျနော်ဒီစာကြောင်းကိုရေးရတာ တော်တော်ရင်နာနာနဲ့ပါ) ဂျပန်ကြီးအသုဘ မအူပင်သမိုင်းမှာ အစည်ဆုံးပဲလို့ မအူပင်လူ့ဘောင်သစ်က ရဲဘော်တွေပြောကြပါတယ် ရန်ကုန်ကရော ဧရာဝတီတိုင်း တခြားမြို့ကရဲဘော်တွေရော ဂျပန်ကြီးကိုဂရုဏာသက်တဲ့ မြို့ခံလူထုတွေရော တော်တော် စည်ကားပါတယ် ကျနော်တို့တတွေပေါက်ကွဲလုနီးနီးပါ စစ်တပ်ကလဲ ဆန္ဒပြပွဲဖြစ်မှာစိုးလို့ လမ်းတလျှောက်လုံချထားပါတယ်၊ြဲမို့လူထုဆိုမျက်ရေမဆည်နိုင်အောင်ပါပဲ။
ကျနော်တို့ကိုဂျပန်ကြီးမဆုံးခင်က စာတစောင်ပို့လာပါတယ် စာထဲမှာရေးထားတာက ပါတီညီလာခံက ဆုံဖြတ်တဲ့အတိုင်းညီညီညွတ်ညွတ်နဲ့ ကြယ်လေးလုံးအလံကို စုပေါင်းလွှင့်ထူ သွားကြပါတဲ့… ဂျပန်ကြီးဟာ ထောင်ထဲမှာ ပထမဆုံးကျဆုံးတဲ့ (၈၈ နောက်ပိုင်း) လူ့ဘောင် သစ်ပါတီဝင် ကျောင်းသားရဲဘော်ပါ ကျနော်တို့မြို့မှာလဲ ကျနော်တို့ ဂျပန်ကြီးအတွက် ကောင်းမှုကုသိုလ်လုပ်ကြပါတယ် လက်ပါတ်အနက်တွေပတ်ပြီး မြို့ကိုပတ်လိုက်ကြပါတယ် ကျောင်းသားလူငယ်တွေရာနဲ့ချီပြီးပါကြတယ်၊ သွေးပူနေတဲ့အချိန်မို့ စစ်အုပ်စုကမဖမ်းခဲ့ဘူး လို့ ထင်တာပါပဲ။
နောက်နေ့အခန်းအနားလုပ်ပါတယ် လူ ၅၀ ထက်ပိုမစုရတဲ့ ကျနော်တို့ လူ ၁၀၀၀ လောက်နဲ့အခန်းအနားလုပ်တယ် အဲ့ဒီ့မှာ ကဗျာတပုဒ်ရွတ်ခဲ့ကြတယ်…..

ချွေ..ချွေ..ချွေ စမ်း
မကြွေ..မကြွေ..ဘယ်မကြွေ..တဲ့
မကြွေပန်းတို့ရဲ့ အရေးတော်ပုံ
အောင်ရမည်..။

နားထောင်သူတိုင်း မျက်ရေဝဲခဲ့ရပါတယ် ကိုလွမ်းဏီ ရေးသားပေးပို့လိုက်တာလို့ နောက် မှသိရပါတယ်၊ စစ်အုပ်စုရဲ့ အုပ်စိုးချိန်ကာလတလျှောက်မှာ ကျနော်တို့ရဲဘော်တွေ လေးစားအပ်တဲ့ပုဂ္ဂိုလ်တွေ၊ ပေးဆပ်ခဲ့ရသူတွေ၊ ထောင်ထဲမှာ..တောထဲမှာ..ညှင်းပန်းရေး စခန်းတွေမှာ မနည်းတော့ပါဘူး ယ္ခုလက်ရှိလဲ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ထောင်နှစ်ရှည်တွေချလိုက်ပြန်ပါပြီ ကျနော်တို့ခေါင်းဆောင် တွေ မတုန်လှုပ်ပါ…၆၅ နှစ်တဲ့လား…ပြည်သူ့အရေးတော်ပုံ တနေ့အောင်ရမယ် လို့ဆိုပြီး ရင်ဆိုင်ခဲ့ကြတာပါ ဒါဟာ… နာနာထုလေ ဓါးကောင်းလေဆိုတာပါပဲ…စစ်အုပ်စု ဘယ်လိုပဲ ဖိနှိပ်စမ်းပါစေ.. ဘယ်လောက်ပဲနှစ်ရှည်ထောင်တွေချပါစေ…မကြွေပန်းတို့အရေးတော်ပုံ တနေ့အောင်မြင်မှာ မုချမလွဲမသွေပါပဲ….။

ဂင်ကြီး


(ကိုလွမ်းဏီရဲ့ ကဗျာစာသားတွေကို ယူသုံးထားပါတယ်..လက်ရှိထိုင်မြန်မာနယ်စပ်မှာ ဒီမိုကရေစီတော်လှန်ရေးကို တဒေါင့်တနေရာမှ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်..)

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, November 6, 2008

ဓါတ်ပုံ


ဓါတ်ပုံ


ကျနော်ညက
ကျနော့်ဓါတ်ပုံနဲ့တွေ့တယ်..
ဓါတ်ပုံက..
အရောင်ရှိတယ်
ခံစားချက်ရှိတယ်
အရုပ်မရှိဘူး
ကျနော်မေးတယ်..
သူပြန်ဖြေတယ်
မင်းအရုပ်ပေါ်ချင်ရင်
မင်းကိုယ်ပေါ်က
အတ္တခြုံလွှာကြီး
ဝတ်မလာပါနဲ့တဲ့
ကျနော်…
စောဒကတက်တယ်
သူထပ်ရှင်းပြတယ်
အတ္တဆိုတာ
လူတိုင်းထမ်းထားကြတာပဲ..
မင်းထမ်းထားတာများနေလို့တဲ့
ကျနော်ထပ်မေးတယ်
ခင်ဗျားရောဗျာ
ငါ့အတ္တတွေကို
လာလာသယ်သွားကြတာပဲတဲ့
ဘယ်သူတွေလဲဆိုတော့…
မင်းတို့လိုကောင်တွေပဲတဲ့….။

ဂင်ကြီး

မှတ်ချက်။ ။ တခုခုကိုသိပ်အာရုံစိုက်လွန်းသော အခါ မိမိဖြစ်တတ်သော ကမူးရှူးတိုးအကျင့်အား ဒီကဗျာလေးဖြင့်..ဆုံးမတာပါ..။

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့