Friday, October 31, 2008

မုန်တိုင်းမြစ်...(ဂင်ကြီး)


ကိုမောင်ရင့်လက်ရာ
မုန်တိုင်းမြစ်

မြစ်မင်းရေ…
ရှိုက်ရှိုက်ငင်ငင် စီးဆင်းလာတာဟာ
ဒေါသမိုးရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
လူးလူးလိမ့်လိမ့် စီးကျလာတာဟာ
သောကမျက်ရေတွေကြောင့်တဲ့လား…။

မြစ်မင်းရေ…
ဆွဲဆွဲငင်ငင် တော်လဲ..ခင်းတာဟာ
မောဟသက်သေတွေကြောင့်တဲ့လား…။

တကယ်တော့လေ မြစ်မင်း…
သင်ဘာကိုမှ ဂရုမစိုက်ရင်တောင်
ဒေါသမိုးတွေ…
သောကမျက်ရေတွေ…
မောဟသက်သေတွေဟာ…
ဟော့ဒီ့ မင်းရင်ခွင်တရိုးမှာ
ပိုးလိုးပက်လက် ပြိုးပျက်ပျက် မုန်တိုင်းဆင်…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, October 28, 2008

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်..(ဂါမဏိ)


ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်

၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန်အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နဘေးမှ အကျယ် ချုပ်ကျခံနေရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရ သည်မှာ ပိန်လှီလှသည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြားလိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့တားဆီးစစ်ဆေးမှု များကို ရင်ဆိုင်ကျော်ဖြတ်ကြသည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့် နားထောင်နေတတ်သည်၊ မိမိ၏နှလုံးခုန်သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ “ကျမ နေမကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူ ရတာ ခက်လာတယ်” ဟု သူမကပြောဖူးသည်။

ထိုသို့ပြောခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်ကဖြစ်သည်။ ထိုစဉ်က သူမအိမ်ထဲ ခိုးဝင်ရသည်မှာ မြန်မာ့ယူဂျီ လောက၏ အစွမ်းကုန်ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ခဲ့သည်။ ကျနော်နှင့် အဖော်ရုပ်ရှင်ရိုက်သမား ဒေးဗစ် မန်ရိုကို သူမ၏ လက်ထောက် ကိုဝင်းထိန်က ကြိုခဲ့သည်။ ကိုဝင်းထိန်မှာ အကျဉ်းထောင်တွင်း ခြောက်နှစ် ကျခံခဲ့ဖူးပြီး ငါးနှစ်ကို တဦးတည်းတိုက်ပိတ်ခံ ဖြတ်သန်းခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသော်ငြား သူ၏မျက်နှာမှာ ကြည်လင်နေပြီး လက်ဆွဲနှုတ်ဆက်ရာ၌လည်း နွေးထွေးနေသည်။ သူက ကျနော်တို့ကို အိမ်ထဲခေါ်သွား သည်။ တချိန်က ခန့်ညားထယ်ဝါခဲ့သောအိမ်ကြီးမှာ ယခု အခြေအနေမကောင်းတော့သည့် ခေတ်ကာလ ကို ပြနေသည်။ ခြံဝင်းအတွင်း အုန်းပင်များ ဖရိုဖရဲပေါက်ရောက်နေသည်မှာ အင်းယားကန်ရေစပ်အထိ၊ သံဆူးကြိုးတန်းအထိ ဖြစ်သည်။ ဤသံဆူးကြိုးက ဤအိမ်သည် ၁၉၉ဝ ခုတွင် ရွေးကောက်ပွဲကို တခဲနက် အနိုင်ရခဲ့သည့် အမျိုးသမီးကြီး၏ အကျဉ်းထောင်ဖြစ်ကြောင်း သတိရစေသည်။ ၁၉၉ဝ ခု၏ ဒီမိုကရေစီ ဇာတ်ဝင်ခန်းမှာ ကို့ယို့ကားယားယူနီဖောင်းများဝတ်ထားသည့် ဗိုလ်ချုပ်များမှ ပြည်ဖုံးကားချပစ်ခြင်းကို ခံခဲ့ ရလေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပိုးထမီဝတ်ထားပြီး ဆံကေသာ၌ သစ်ခွပန်း ထိုးထားသည်။ သူမသည် ထူးခြား ထင်းလင်းစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး သူမ၏ တည်ကြည်ချိန်မျက်နှာက သူမ၏စွန့်လွှတ်စွန့်စားခရီး စဉ်ကို လျှောက်လှမ်းစေသောပိုင်းဖြတ်မှုကို ပြသနေသည်။

ကျနော်တို့က သူမ တခါမှမမှတ်မိသည့်ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရသော မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင်သမား ဗိုလ်ချုပ်အောင်ဆန်း၏ နံရံပြည့်ရုပ်ပုံကြီး အရှိန်အဝါလွှမ်းမိုးနေသည့်အခန်းထဲ ထိုင်ခဲ့ ကြသည်။

“ကျနော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ” ဟု ကျနော်ကစမေးလိုက်သည်။

“နာမည်ကို အစအဆုံးခေါ်ဖို့ခက်ရင် သူငယ်ချင်းတွေခေါ်သလို စု လို့ဘဲ ခေါ်ပေါ့၊”

“စစ်အစိုးရကတော့ အမြဲဘဲပြောနေတယ်ဗျာ၊ မစုရဲ့အခန်းကဏ္ဍ ပြီးသွားပြီတဲ့။ ဒါပေမဲ့ ကဲ... အခုဒီမှာ၊ ဘယ်လိုမှ မပြီးသေးဘူး။ အဲဒါ ဘယ်လိုလဲမစုရေ။”

“အဲဒါက ဘာလို့လဲဆိုတော့ ဗမာပြည်မှာ ဒီမိုကရေစီအခန်းက မပြီးသေးလို့ဘဲပေါ့၊... [လမ်းမတွေပေါ်က] လူတွေ၊ ဒီမိုကရေစီအတွက် ဆက်လုပ်နေကြတဲ့လူတွေ၊ ထောင်ထဲရောက်ဖူးတဲ့လူတွေ၊ ဒီလူတွေရဲ့သတ္တိ ကိုကြည့်။ အချိန်မရွေး ထောင်ထဲပြန်ရောက်ဖို့များတယ်ဆိုတာကို သိရက်နဲ့ သူတို့ လက်မလျှော့ကြဘူး ရှင့်။”

“ဒါပေမဲ့လဲ မစုရယ်၊ မစုတို့ကို ထိပ်တိုက်ဆိုင်ထားတဲ့ ဘီလူးသဘက်အာဏာဆီကနေ မစုတို့ မဲပုံးမှာ နိုင်ထားတဲ့အာဏာကို ဘယ်လိုလုပ်ပြန်ရနိုင်မလဲ။”

“ဗုဒ္ဓွဘာသာမှာ အောင်မြင်ထမြောက်ရာ အကြောင်းလေးပါးဆိုတာကို ကျမတို့ သင်ခဲ့ရတယ်။ ပထမ တချက်က အောင်ချင်တဲ့ဆန္ဒ၊ နောက်ပြီးတော့ မှန်ကန်တဲ့အမြင်၊ ဇွဲလုံ့လ၊ အဲဒီနောက် ဉာဏ်ပညာ ...”

“ဒါပေမဲ့ ဟိုဘက်မှာက သေနတ်တွေရှိတယ်လေ မစုရဲ့။”

“ဟုတ်တယ်၊ ဒါပေမဲ့ စစ်ရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ တနေ့တခြား ပိုလို့ပိုလို့ ခက်ခဲ လာနေတယ်ရှင့်။ အခု အဲဒီနည်းကို လက်မခံကြတော့ဘူး။”

ကျနော်တို့က မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ခရီးသွားကုမ္ပဏီများ လာရောက်ရန် ဆန္ဒပြင်းနေမှုနှင့် အနောက်နိုင်ငံများရှိ “မိတ်ဆွေများ”၏ ကြောင်သူတော်ကျမှု အကြောင်းများ ဆွေးနွေးကြသည်။ “ဗြိတိန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် ကူးသန်းရောင်းဝယ် ဆက်ဆံမှုများမှတဆင့် မြန်မာပြည်သူတို့သည် ဒီမိုကရေစီအခြေခံမူများနှင့်ပတ်သက်၍ အတွေ့အကြုံ ရလာလိမ့်မည်” ဟုဆိုထားသော ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံး သတင်း ထုတ်ပြန်ချက်ကို သူမအား ကျနော်ဖတ်ပြခဲ့သည်။

“နည်းနည်းလေးမှမဖြစ်နိုင်ဘူး” ဟု သူမကတုန့်ပြန်သည်။ “ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေက ရေပေါ်ဆီလက်တဆုပ်စာကိုဘဲ ပိုချမ်းသာသထက်ချမ်းသာစေတယ်။ တပြည်လုံးမှာ အဓမ္မလုပ်အားပေး တွေဖြစ်နေတယ်၊ အဲဒီစီမံကိန်းအတော်များများက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ထားပြီး ကလေးလုပ်အားနဲ့ လုပ်နေတာဘဲ။”

“ကျနော်နဲ့ စကားပြောခဲ့ဖူးတဲ့လူတွေကတော့ မစုကို သူတော်စင်တယောက်လို၊ တန်ခိုးရှင်လို ယူဆနေကြ တယ်ဗျ။”

“ကျမ သူတော်စင်တန်ခိုးရှင်မဟုတ်ပါဘူးရှင်၊ အဲဒါကို ကမ္ဘာကသိအောင်ပြောပြပေးပါ။”

“ဒါဖြင့် မစုရဲ့ မကောင်းမှုအရည်အချင်းတွေက ဘာတွေလဲ။”

“အဲ၊ ကျမကစိတ်တိုတတ်တယ်။”

“မစုစန္ဒယားက ဘာဖြစ်သွားတာလဲ။”

“ကြိုးပြတ်သွားတုံးကကို ပြောတာလား။ ဒီကရာသီဥတုမျိုးမှာ စန္ဒယားတွေက တဖြည်းဖြည်းပျက်စီးလာ တတ်တယ်လေ၊ တချို့ခလုတ်တွေကလဲ ကပ်လာတယ်။ ဒါနဲ့ ကျမက ခြေနင်းခလုတ်ကို ဆောင့်နင်းတော့ ကြိုးတချောင်းက ပြတ်သွားတယ်ပေါ့။”

“မစု လွတ်ထွက်သွားတယ်ပေါ့နော်၊... ပေါက်ကွဲသွားတယ်ပေါ့၊ ဟုတ်လား။”

“ဟုတ်ကဲ့။”

“ဟား၊ ဒါ တကယ့်ကိုစိတ်လှုပ်ရှားစရာမြင်ကွင်းဘဲဗျာ။ ဒီအိမ်ကြီးထဲမှာ မစုကတယောက်တည်း၊ ဒေါသ တအားထွက်လာတော့ စန္ဒယားကို ထုထည့်လိုက်တယ်ပေါ့။”

“ကျမပြောတယ်လေ၊ ကျမက စိတ်တိုတတ်တယ်လို့။”

“ကိုယ့်ကို ရန်ဘက်အင်အားစုက ဝိုင်းပိတ်ဆို့ထားတယ်၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ခံနေရတယ်၊ အဲသလိုအခြေအနေမှာ မစုအနေနဲ့ တကယ့်ကိုကြောက်လန့်တုန်လှုပ်လာမိတဲ့ အချိန်တွေ ရှိခဲ့ဖူးလား။”

“ဟင့်အင်း၊ မရှိခဲ့ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျမကိုဝိုင်းပိတ်ထားတဲ့ အစောင့်တွေကို ရန်ဘက်လို့ သဘောမှ မထားတာဘဲ။ ကြောက်တယ်ဆိုတာ ရန်လိုမှုကနေ ပေါ်လာတာလေ၊ ကျမက သူတို့အပေါ် ရန်လိုတာမှမရှိဘဲ။”
“ဒါပေမဲ့ အဲဒါက ဆိုးဝါးလှတဲ့ အထီးကျန်မှုကိုရော မဖြစ်စေဘူးလားဗျ ... ။”

“သြော၊ ကျမက တရားထိုင်တယ်လေ၊ ရေဒီယိုလည်းရှိတယ်။... အထီးကျန်တယ်ဆိုတာ အတွင်းစိတ် ထဲက လာတာရှင့်၊ သိတယ်မဟုတ်လား။ လွတ်လပ်နေတဲ့လူတွေ၊ မြို့ကြီးပြကြီးတွေမှာနေတဲ့လူတွေလဲ အထီးကျန်တာကို ခံစားရတာဘဲ၊ ဘာလို့လဲဆိုတော့ အဲဒါ အတွင်းစိတ်ကနေလာလို့ပေါ့။”

“မစုအနေနဲ့ လုပ်ဖို့ရှိတဲ့ ပျော်စရာ ကြည်နူးစရာ အသေးအမွှားလေးတွေ ဘာတွေရှိလဲ။”

“ကျမကတော့ ဘီဘီစီ စာအုပ်စင်ကဏ္ဍက စာအုပ်ကောင်းကောင်းတအုပ် ဖတ်ပြပေးဖို့ မျှော်လင့်တယ်။ တရားထိုင်တာလဲ ပါတာပေါ့နော်။... ကျမ လေ့ကျင့်ခန်းတွေတော့ သိပ်ကြီးမလုပ်ဖြစ်ဘူး။ ကျမကိုယ်၌က အားကစား တအားလိုက်စားတဲ့အကျင့် တခါမှ မရှိခဲ့ဖူးဘူးလေ။”

“ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ အားထုတ်ခဲ့ရတဲ့အခါများ ရှိခဲ့ဖူးသလား။”

“ရှိတာပေါ့။ ကျမ ငယ်ငယ်တုံးက ဒီအိမ်ကြီးထဲမှာနော။ အမှောင်ထဲလျှောက်သွားပြီး သရဲတစ္ဆေတွေ ရှိနိုင် မယ့် နေရာအားလုံးကို လိုက်ကြည့်တယ်... ဘာသရဲမှ မတွေ့ခဲ့ဘူး။”

ကျနော် သူမနှင့်တွေ့ဆုံခဲ့ပြီးနောက် နှစ်ကာလအချို့ကြာသည့်တိုင်အောင် သူမပေးထားသည့် ဖုံးနံပတ်ကို ဆက်ကြည့်ခဲ့သည်။ ဖုံးခေါ်သံမြည်ပြီးနောက် လိုင်းသေသေသွားသည်။ တနေ့တွင်မူ ဖုံးရသွားခဲ့သည်။

“စာအုပ်တွေပို့ပေးတာ သိပ်ကျေးဇူးတင်တာဘဲ” ဟုသူမကပြောသည်။ “စာအုပ်တွေ အစုံပြန်ဖတ်ရတာ စိတ်ချမ်းသာစရာဘဲရှင်။” (ကျနော်က သူမထံသို့ သူမအကြိုက်စာရေးဆရာ တီအက်စ်အီးလီးယော့ စာပေါင်းချုပ်နှင့် ယောနသံကိုး ရေးသည့် နိုင်ငံရေးမီးရှူးမီးပန်းစာအုပ် ‘ခွဲကြဝေကြပုံများကတော့’ တို့ကို ပို့ပေးခဲ့သည်။) သူမအိမ်အပြင် ဘက်တွင် ဘာဖြစ်နေသည်ကို ကျနော်မေးကြည့်ခဲ့သည်။ “သြော်၊ လမ်းကို ပိတ်ထားတယ်လေ၊ [စစ်တပ်က] တလမ်းလုံး အပြည့်ဘဲပေါ့... ”

“ဆိုးဝါးလှတဲ့ လိပ်ခဲတင်းလင်းအခြေအနေထဲ မစု ပိတ်မိနေနိုင်တာကို မစိုးရိမ်မိဘူးလား။”
“ကျမ အဲဒီအသုံးအနှုံးကို လုံးလုံးမကြိုက်ဘူး” သူမက အသံခတ်မာမာနှင့် ပြန်ဖြေသည်။ “လူထုတွေက လမ်းတွေပေါ် ထွက်လာတယ်။ အဲဒါ လိပ်ခဲတင်းလင်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ၊ ကရင်တွေကလည်း ပြန်တိုက်နေကြတယ်။ အဲဒါ အပ်ကွက်မဟုတ်ဘူး။ လူထုဘဝတွေထဲမှာ အံတုမှု အာခံမှု နေ့တိုင်း နေ့တိုင်းရှိနေတယ်။ အပေါ်ယံမျက်နှာပြင်မှာ အရာရာငြိမ်သက်နေပုံရနေတာတောင် အောက်ထဲမှာ လှုပ်ရှားမှု အမြဲရှိနေတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား။ အခုက ရေခဲနေတဲ့အိုင်နဲ့တူတယ်၊ ရေခဲ အောက်ကအိုင်ထဲမှာ ကျမတို့ တထစ်ချင်း တထစ်ချင်း ရှေ့တိုးနေတယ်။”

“အတိအကျ ဘာကိုဆိုလိုတာလဲ။”

“ကျမဆိုလိုတာက စစ်အစိုးရမှာ ရုပ်ပိုင်းစွမ်းအား ဘယ်လောက်ဘဲကြီးကြီး၊ နောက်ဆုံးမှာတော့ ပြည်သူ လူထုကို တားဆီိးနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရေးကို တားဆီးနိုင်မှာမဟုတ်ဘူး။ ကျမတို့ခေတ်ကို ရောက်ကို ရောက်ရလိမ့်မယ်။”

၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန်ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်။

ဂါမဏိ
နေ့သစ်..ဝဘ်ဆိုက်မှ တဆင့်ကူးယူဖေါ်ပြပါသည်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, October 23, 2008

အစနဲ့အဆုံး...(ဂင်ကြီး)


အစနဲ့အဆုံး

ကျနော် အခုတလော အလုပ်ကသိတ်ရှုပ်နေတာဗျာ ပိုစ်မတင်ဖြစ်တာတောင် တော်တော်ကြာသွားပြီ၊ အကြောင်းအရာတွေစဉ်းစားမိတာ တော့ အများသား ချမရေးဖြစ်ခဲ့ဘူး အခုရေးချင်တာတော့ဗျာ အမေရိကားကို ရောက်နေကြတဲ့ အထူးသဖြင့် အိမ်ထောင်သည်တွေကို အကြံပေးဆွေးနွေးချင်တာလေးတွေ ရေးမယ်ဗျာ၊ အကြောင်းအရာတွေတော့ နည်းနည်စုံပါလိမ့်မယ်။
ကျနော်တို့မိသားစု အမေရိကားကိုရောက်တဲ့နေ့က ကျနော့်သူငယ်ချင်းတွေလာကြိုကြတယ်ဗျ မိသားစုကများတော့ ကျနော်နဲ့ခလေး တယောက်ကကားတစီး မိန်းမနဲ့ကျန်တဲ့ခလေးတွေကကားတစီး လေဆိပ်ကထွက်လာကြတာပေါ့ဗျာ အဲ့ဒီ့မှာလာကြိုတဲ့သူငယ်ချင်းကို မင်းအမျိုးသမီးနေကောင်းလားဆိုတော့ သူပြန်ဖြေပုံက အေးစက်စက်ဗျ ဒါနဲ့ကနော်က ဘာဖြစ်ထားလိုတုန်းဆိုတော့ Domestic Violence ဖြစ်ထားတယ်တဲ့ သူကဆက်ပြောလိုက်သေးတယ် အမေရိကားရောက်လာရင်မိန်းမတွေက ထောင်ထောင် ထောင်ထောင် လုပ်တတ်တယ်တဲ့ စိတ်မထိန်းလို့ ထ… နားရင်းရိုက်မိရင် ပြဿနာတက်တတ်တယ်သတိထားတဲ့ ကျုပ်အခုအဲ့ဒီ့လိုဖြစ်တာတဲ့….။
ရောက်ရောက်ခြင်းကျနော်သိခဲ့ရတဲ့ အကြောင်းအရာလေးပေါ့ဗျာ အဲ့ဒါနဲ့ဆိုပါတော့ဗျာ ကျနော်သူ့အိမ်ကိုမသွားဖြစ်ဘူး ဘာထောင် နေမှန်းမသိလို့ပါ၊ နောက်အနေနည်းနည်းကြာလာတော့ ကျနော်တို့နဲ့လုပ်ဖော်ကိုင်ဘက်တွေထဲကတချို့ လူတွေရဲ့ မိန်းမတွေက နောက် လူနဲ့လိုက်သွားလို့ ကျန်ခဲ့တဲ့ခလေးတွေကိုသူတို့ကပဲ ပြုစုစောင့်ရှောက်ပြီးကျန်ခဲ့တာ တွေ့ရတယ်ဗျို့ ဒီလူတွေကလဲတော်တယ်ဗျာ ခလေး တွေကိုရင်အုပ်မကွာစောင်ရှောက် လုပ်ကိုင်ကြွေး ခလေးလေးတွေကလဲ လိမ်မာသားဗျ ကျနော်တို့မြန်မာပြည်မှာဆို ယောင်္ကျားကပစ် သွားတတ်ကြတာ ဒီမှာကပြောင်းပြန် ရှိမှာပေါ့လေ..ယောင်္ကျားကပစ်သွားတာတွေလဲ…။
ကျနော်အဓိကပြောချင်တာက ဘာကြောင့်ဒီလိုအိမ်ထောင်ရေးတချိွု့ ပြိုကွဲကုန်တာလဲဆိုတာကိုပါ၊ သိကြတဲ့အတိုင်းပဲလေ ဟိုမှာနေ တုန်းကတော့ မြန်မာ့ယဉ်ကျေးမှုကခွင့်မပြုတာရယ် အဓိကယောင်္ကျားတွေကပဲဦးဆောင်နေတာရယ် ရှင်းရှင်ပြောရရင် ဖိုဝါဒအားကောင်း တာရယ်လို့ပဲ ဒီလိုပဲ လွယ်လွယ်သုံးသပ်လိုက်တာကိုး မပြည့်စုံဘူးဗျ ဟိုမှာတုန်းကထားခဲ့ကြတဲ့ ယောင်္ကျားတွေ၊ မိန်းမတွေရဲ့စိတ်ဓါတ် နေရာသစ်။ပါတ်ဝန်းကျင်သစ်၊မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့လူမှုဆက်ဆံရေးနဲ့ ထိတွေ့ရတဲ့အချိန်မှာ မိမိရဲ့အိမ်ထောင်ရေးကို ဘယ်လို ကောင်းအောင်၊တိုးတက်အောင်လုပ်ကြမလဲဆိုတာ အဓိကသွားကြတာတွေ့ရတယ် အမျိုးသမီးတွေဟာ များသောအားဖြင့် မြန်မာ့အိမ် ထောင်ရေးမှာ ယောင်္ကျားတွေလောက် အခွင့်အရေးမရခဲ့ကြတာများပါတယ် ဆုံးဖြတ်ပိုင်ခွင့်၊ဝင်ငွေရှာနိုင်မှု၊ ဥပဒေအရ အကာအကွယ် ပေးမှု၊ခွန်အား၊အစဉ်အလာဟောင်းများ(အမျိုးသမီးများအားနှိမ့်ချဆက်ဆံခြင်း) တွေဟာမြန်မာ့လူ့အဖွဲစည်းမှာ ရေရှည်အမြစ်တွယ် ခဲ့တာမဟုတ်လား ဒီဒါဏ်တွေကိုအမျိုးသမီးတွေတကယ်ခံစားခဲ့ကြရတာပါ။
အထူးသဖြင့်တော့ အမျိုးသားတွေဟာ မြန်မာ့လူအဖွဲ့အစည်းမှာ ရှေတန်းနေရာရခဲ့ကြတာပါ ဦးဆောင်ခွင့်၊အမိန့်ပေးခွင့်တွေရသလို တာ ဝန်ခံမှုတွေ၊ဆုံးဖြတ်ပိုင်ခွင့်တွေအမျိုးသမီးတွေထက်ပိုရခဲ့ကြတာပါ ဒီမှာအားနည်းချက် ဘာတွေသွားတွေ့ရသလဲဆိုတော့ ငါဟာအိမ် ထောင်ဦးစီးပဲဆိုပြီး ထင်ရာလုပ်ခွင့်ရလာကြတာတွေပါ၊လင်ကိုဘုရားသားကိုသခင်တို့ အိမ်ဦးနတ်တို့ဆိုတဲ့ မှားယွင်းတဲ့ တနည်းအားဖြင့့်် ပဒေသရာဇ်အတွေးအခေါ်တွေကျန်နေတဲ့ စဉ်းစားချက်တွေပါ ချုပ်ပြောရရင်တော့ဗျာ ခေတ်သစ်အိမ်ထောင်ရေးတွေနဲ့ ကိုက်ညီတဲ့ လူမှုကျင့်ဝတ်တွေကို ယဉ်ကျေးမှုအဟောင်းတွေထဲ့က ယူသင့်တာယူ မယူသင့်တာတွေပယ်ဖျက်ပစ်ကြရမှာပါ၊ ထို့အတူကောင်းတာတွေ ကိုအတုခိုး မကောင်းတာတွေကိုပယ်တတ်ရမှာပါ ဥပမာ ကျနော်တို့ ဗုဒ္ဒဘာသာမှာ ကာမေသုမိစ္ဆာစာရကံကို ထိမ်းတာကောင်းပါတယ် ဒီကအမေရိကန်တွေမှာလဲ ပညာတတ်တွေ၊အတွေးအခေါ်ရှိသူတွေဟာ အိမ်ထောင်ရေးသစ္စာမြဲကြတာတွေများပါတယ် သူတို့အိမ်ထောင် ရေးကို တော်တော်ဂရုစိုက်ကြတာလဲ တွေ့ရပါတယ်။


ကျနော်သူငယ်ချင်းတယောက်ဆို ဒီကအမေရိကန်သူနဲ့အိမ်ထောင်ကြတာပါ ကျနော်နဲ့တော်တော်ရင်းနှီးလာတော့ သူ့အမျိုးသမီးနဲ့ ကျနော် ဆွေးနွေးဘူးပါတယ်၊ နင်..နင့်အမျိုးသားကို ဘယ်လိုရည်ရွယ်ချက်နဲ့လက်ထပ်ခဲ့တာလဲ အိမ်ထောင်ရေးနဲ့ပါတ်သက်တဲ့ နင်တို့ရဲ့ အမြင်ကိုသိချင်တယ်ဆိုပြီး ဆွေးနွေးဖြစ်ပါတယ်၊သူပြောသွားတာက အမေရိကန်မှာ Boy friend’ Girl Friend ဆိုတာဟာတဲ့ လက်ခံ ကျင့်သုံးမှု နှစ်မျိုးရှိပါတယ်တဲ့ တမျိုးကအိမ်ထောင်ဘက်ရွေးဘို့တဲ့ နင်တို့ဆီမှာရည်းစားထားတာနဲ့တူတယ်တဲ့ တကယ်တယောက် နဲ့တယောက်စုံမက်ရင် နှစ်ဦးသဘောတူလက်ထပ်ကြတာပါတဲ့ နောက်တမျိုးကတော့ လိင်္ဂကိစ္စဦးစားပေးတဲ့လူတွေတဲ့ သူတို့ကချမ်း မြေ့တဲ့မိသားစုဘဝဆိုတာ ဘာမှမခံစားတတ်တဲ့သူတွေတဲ့ တကိုယ်ကောင်းသမားတွေတဲ့ အတွေးအခေါ်ရှိတဲ့သူတွေ၊ မိသားစုဘဝ ကိုတန်ဘိုးထားတဲ့သူတွေ၊လူ့အဖွဲ့အစည်းကိုမြင့်မားချင်သူတွေက ရည်းစားတွေများခဲ့ရင်တောင် အိမ်ထောင်ဘက်ရွေးပြီးရင် သစ္စာရှိကြ တာများတယ်တဲ့ ငါ့ယောင်္ကျားကိုငါချစ်လို့၊သူနဲ့နှစ်ဦးသဘောတူ သာယာတဲ့မိသားစုဘဝကို ထူထောင်ချင်လို့ပါတဲ့ ရည်းစားတွေ ထားချင် သလိုထား နေချင်သလိုနေတဲ့သူတွေဟာ အရွယ်နည်းနည်းလွန်သွားရင် သိပ်ဒုက္ခရောက်တာတဲ့ ပါတ်ဝန်းကျင်မှာကို ဂုဏ်ငယ်ရတယ် တဲ့ ဒီအမေရိကန်အမျိုးသမီးကို ကျနော်တော်တော်လေးစားမိပါတယ်။ အနှစ်နှစ်အလလ တည်ဆောက်ထားတဲ့ မိမိအိမ်ထောင်ရေးကို ဖျက်ပစ်ခဲ့တဲ့ အမျိုးသမီး၊အမျိုးသားတွေ သိပ်သတိချပ်စရာကောင်းပါတယ်။
ခုနက အမျိုးသမီးအခွင့်အရေးနဲ့ပါတ်သက်ပြီး ဆက်ရရင်တော့ အမေရိကားကိုရောက်တယ်ဗျာ ဒီမှာကအမျိုးသမီးအခွင့်အရေး ကျနော် တို့ဆီထက်ကောင်းတယ် အမျိုးသမီးတွေကို တကယ်လဲကာကွယ်တယ် အဓိကကတော့ အမျိုးသမီးတွေကို အကြမ်းဖက်တာတွေကို လုံးဝခွင်မပြုပါဘူး ဒီမှာက နှစ်ယောက်စလုံး အလုပ်လုပ်ကြရတာပါ ကျနော်တို့အလုပ်မှာဆို တန်းတူလုပ်ကြတာပဲ အားနွဲ့လို့ဆိုပြီး အမျိုးသမီးတွေ လျှောမလုပ်ကြပါဘူး အပစ်တင်တယ်လို့တော့မထင်ကြပါနဲ့ အမေရိကားကို ရောက်လာတဲ့ မြန်မာအိမ်ထောင်သည် အမျိုးသမီးတချို့ဟာ ငါတို့လဲပိုက်ဆံရှာရတယ် ဥပဒေကငါတို့ကိုအကာအကွယ်ပေးထားတယ်၊ ပြဿနာဖြစ်ရင် 911 ခေါ်လိုက်ရတယ် ဒီလိုလွယ်လွယ်လောက်စဉ်းစားပြီး ကိုယ့်ယောင်္ကျားကို မထီမဲ့မြင်လုပ်တာ၊ဂုဏ်သိက္ခာမဲ့အောင်လူရှေ့မရှောင်ပြောတာ၊ ကိုယ်လုပ်ချင် ရာဇွတ်လုပ်တာ၊အိမ်ထောင်ရေးဖောက်ပြန်တာ စသည်စသည်ဖြင့် လုပ်နေကြတာတွေ ကြားသိနေပါတယ်။ ထို့အတူယောင်္ကျားလုပ်သူတချို့ဆိုလဲ အတွေးအခေါ်ဟောင်းတွေအတိုင်း ထင့်ကနဲရှိလက်ပါတာ၊ငါအိမ်ထောင်ဦးစီးပဲဆိုပြီး သောက် လိုက်၊ စားလိုက်၊ ဘား(BAR) သွားလိုက်လုပ်နေတာတွေ ခေတ်နဲ့လိုက်ရောညီထွေဖြစ်အောင် အခွင့်အရေးတန်းတူသဘောထားပြီး တိုင် တိုင်ပင်ပင်မလုပ်ဆောင်တာတွေ ဒါတွေဟာခေတ်နဲ့သဟဇာတဖြစ်ပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝတွေကို ဖျက်ဆီးပစ်နေတဲ့ လုပ်ဆောင်ချက်တွေပါ။ အထူးသဖြင့်ဗိုင်းကောင်းကျောက်ဖိ ဆိုတဲ့ဘဝတွေကနေ လွပ်လပ်ပွင်းလင်းပြီးကောင်းတာတွေရော မကောင်း တာတွေရော စုပြုံနေတဲ့ အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ မိမိရဲ့ မိသားစုဘဝကို ဘယ်လိုကောင်းအောင်တည်ဆောက်မလဲ ဆိုတာ သိပ်အရေးကြီးတာပါ၊ ဗိုင်းကောင်းကျောက်ဖိဆိုတာ ရုတ်တရက်ကြည့်ရင်နားထောင်ကောင်းသလိုလိုနဲ့ တချိုဟာတွေက အမျိုးသမီး တွေရဲ့ဘဝတွေကို ပုံစံခွက်ထဲ အတင်းမောင်းထည့်သလိုလုပ်ထားတာတွေ ပါနေပါတယ်၊ အိမ်မှုကိစ္စကြွမ်းကျင်ရုံနဲ့ ဒီခေတ်ကမရတော့ ပါ၊အမျိုးသားရော အမျိုးသမီးပါ ဘက်ပေါင်းစုံမြှင့်တင်ရမဲ့ခေတ်ရောက်နေပါပြီ တန်းတူရှာဖွေ၊လေ့လာ၊ဖြန့်ကျက်၊ လှုပ်ရှားမှ လူတန်းစေ့ မဲ့ခေတ်ရောက်နေပါပြီ ဒီမှာက တော်ပါသေးတယ် မြန်မာပြည်က ကျနော်တို့ပြည်သူတွေအများစုဟာ ခလေးရောလူကြီးပါ တအိမ်လုံးအ လုပ်လုပ်မှ ထမင်နှပ်မှန်တဲ့ မိသားစုတွေအများကြီးပါ ကြုံလို့တခုပွားလိုက်ပါအုံးမယ် 911 ကိစ္စပါ ဒီမှာကအရေးပေါ်ကိစ္စတွေအတွက် ထားတာပါ လင်မယားရန်ဖြစ်တယ် စရိုက်မပျောက်လို့ နည်းနည်းပါးပါးလက်ပါကြတယ် (လက်ပါတဲ့ယောင်္ကျားများလည်းသတိထားပါ လက်ပါတာတဖက်လူကိုစော်ကားတာပါပဲ) မိန်းမတွေကလဲ 911 အားကိုးနဲ့ပြန်ဆော်တာပါပဲ ပြီးတော့ခေါ်လိုက်ရော ရောက်လာရော ယောင်္ကျားဖမ်းသွားရော ခနနေစိတ်ပြေရော အကိုမရှိ ငါတယောက်တည်းမဖြစ်ဘူးပေါ့ ကူကြပါအုံးပေါ့ လိုက်ကြပါဟပေါ့ 911 က အမှုမဖွင့်ခင်ပေါ့ ပေးလိုက်တော့ဒါဏ်ငွေ $500 ကောင်းရော တချို့ကြတော့လဲ ချကြ အမှုဖြစ်ကြ ကွဲတာလဲမဟုတ် မတည့်အတူ နေဆက်နေနေကြတာပဲ သွားလိုက်ပေါ့ counseling for domestic violation တပါတ် $120 နှစ်နဲ့ချီပေးနေကြတာပဲ…။
ကျနော်လိုက်လေ့လာကြည့်တယ် မိသားစုသင့်သင့်မြတ်မြတ်နဲ့ မှန်ကန်တဲ့မိသားစုတွေဟာ အမေရိကားမှာ အဆင်ပြေကြပါတယ်၊ တချို့ပညာရှာနိုင်တယ်၊ တချို့ပိုက်ဆံအဆင်ပြေတယ် အထူးသဖြင့်ဗျာ ကိုယ်ကျင့်တရာကောင်းတယ်ဆိုတဲ့ဂုဏ်ရတယ်ဗျာ ဒီမှာရှိ တဲ့မြန်မာ community ထဲမှာဝင်ဆံတယ် သူတို့ခလေးတွေဆိုလဲ လန်းဆန်းနေတာပဲ၊ကျနော်အထက်မှာပြောခဲ့တဲ့ လင်ငယ်နောက် လိုက်တဲ့သူတို့ မိသားစုထဲမှာအဆင်မပြေတဲ့လူတို့ဆိုတာ ဘာမှလဲမတိုးတက်ဘူး ပညာမတတ်၊ စီးပွားမဖြစ်၊ခလေးတွေ မျက်နှာငယ်၊ စိတ်အမာရွတ်ရ မျက်နှာငယ်ရရှာတာပဲအဖတ်တင်ကြတာတွေ့ရတယ်ဗျာ၊ ဒီတော့ဗျာ ယောင်္ကျားကလဲ မိန်းမကို တန်းတူရည်တူ သဘေားထား တိုင်ပင် ချစ်ချစ်ခင်နေ ညီညီညာညာနဲ့မိသားစုဘဝကိုတည်ဆောက် အပြန်အလှန်လေးစား ထို့အတူမိန်းမတွေကလဲ တဖက်ဂုဏ်သိက္ခာထိခိုက်အောင်မပြောကြနဲ့၊ အမျိုးသမီးအခွင့်အရေးတွေကိုနည်းမှန်လမ်းမှန်အသုံးချ ချစ်ချစ်ခင်ခင်နဲ့ မိသားစုဘဝ ကိုတည်ဆောက် ဘာဖြစ်လို့အမျိုးသမီးအခွင့်အရေးကိုစံနစ်တကျ အသုံချလို့ပြောနေရတာလဲဆိုတော့ ဒီမှာကယောင်္ကျားကိုနိုင်စားတဲ့ အမျိုးသမီးတချို့တွေ့နေရလို့ပါ။ တဦးနဲ့တဦးနိုင်စားတယ်ဆိုတာ ဘယ်လိုမှမသင့်တော်တဲ့ကိစ္စပါ ကျနော်တို့လဲဟိုတုန်းကရှိခဲ့တာပဲ ပြင်ပစ်ကြရတာပဲ ကျနော်ရေးချင်တာ တကယ်အကြံပေးချင်တာတော့ကဒီလောက်ပါပဲဗျာ…။ ဒါပေမဲ့ဆက်ရေးဦးမယ်ဗျာ အတည် ပေါက်တွေပြီးတော့ အရွှန်းလေးတွေလဲဖေါက်ချင်လို့ပါ.. ဒီလိုဗျို့ တလောက ကျနော်သူငယ်ချင်းဘလာဂေါ် ကွီနိုင်း(၈၈ ရဲ့နော်မန်) စီဘောက်ထဲမှာ စာရေးကောင်းတဲ့ မိတ်ဆွေကြီး…ဘယ်သူရှိရမှာလဲ..ဒူဒူ ပေါ့ဗျာ မလေးကိုမနိုင်တဲ့ ကွီနိုင်းတဲ့ ကျနော်ပြောတာမဟုတ်ဘူး အိမ်လွမ်းသူပြောတာတဲ့ ကဲ..လုပ်ပုံကြည့် အိမ်လွမ်းသူက သူတွေ့ကြုံဘူးတဲ့ ငှက်ဖျား(မလေးရီးယား) ကို သူ့ဆောင်းပါးထဲမှာ မလေး လို့သုံးသဗျ ကွီနိုင်းရဲ့ မဟေသီကိုရင်းနှီးတဲ့သူတွေ ကျနော်တို့ကအစ မလေး လို့ခေါ်တတ်ကြတယ်လေ ဒူဒူပဲလေ ဘာရမလဲ ကြပ်ဂွင် တွေ့သွားတာပေါ့ မဟေသီအိမ်လွမ်းသူ အောက်မှာမှတ်ချက်ထပ်ရေးပေးလိုက်ရတယ်၊ ဒူဒူကြပ်ချက်ပိုင်တယ်ဗျို့ …ကွီနိုင်ကလဲ… နည်းနည်း…ဟွတ် ဟွတ် ဟွတ်…။ ကျနော်နဲ့ကွီနိုင်းက ရဲဘော်ရဲဘက်တွေပါ ဒါကြောင့်ပြောမနာဆိုမနာတွေ ကွီနိုင်းနဲ့ကျနော် အလယ်ပိုင်းစစ်ဒေသမှာ တိုက်ပွဲတွေအတူဝင်ဘူးတယ် တော်တော်စိတ်ငြိမ်တယ် ဆေးမှူးဆိုတော့ ရဲဘော်တွေကိုလဲသိတ်ဂရုစိုက်တာပါ သူ့ဇနီးဆိုတော့လဲ ချစ်ခင်ဂရုစိုက်တာပါ ဒါတောင်ကျနော်ရောက်ကာစက အရက်မူးလာတော့ ပေါက်ကရပြောရင်း ဒီမှာက (မရက) မယားကြောက်တွေပေါတယ် မင်းရောပါလားလို့ကြပ်ပါတယ် ကွီနိုင်းဘာပြန်ပြောတယ်မှတ်သလဲ ကျနော်ကချစ်တာပါတဲ့ (ပြုံးဖြီးဖြီးနဲ့ပြန်ပြောတာ) တကယ်တော့ဇနီးမယားကို ချစ်ခင်တာကောင်းတဲ့ကိစ္စပါဗျာ..အဲ့ဒါနဲ့ဗျို့ဆက်ရအုံးမယ် တော်တော်ကို တိုက်ဆိုင်တယ်လို့ဆိုရမလားပဲ အလုပ်နားတဲ့နေ့ သိတ်စိတ်လာတာနဲ့ ရင်ပူငွေ့လေးမှီဝဲသဗျာ ဆေးလိပ်လေးလဲဖွာတာပေါ့ဗျာ အဖွားကြီးကမှတ်ချက်ပြုတယ်ဗျို့…အင်း အရက်နဲ့ ဆေးလိပ်နဲ့ ပြီးရင်ကွမ်းယာကစားအုံးမယ်တဲ့ သွေးပူတဲ့အချိန်မှာကြားရတာကိုး လှမ်းတော့ကြည့်ဖြစ်တယ် ဒါပေမဲ့ဘာမှတော့မပြောဖြစ်ဘူး ဟီးဟီး ကွီးနိုင်းပြောသလိုပါပဲ…။
အဲ့ဒီ့နေ့က ထူးထူးဆန်းဆန်းအိမ်မက်မက်တယ်ဗျာ အကြောင်းအရာကမထူးဆန်းပေမဲ့ မက်ပုံထူးဆန်းတာပါ အကြောင်းအရာကတော့ဗျာ ပုံပြင်လေးတပုဒ်ပါ သိတယ်မဟုတ်လား တိုင်ပြည်တပြည်မှာ မိန်းမကြောက်တဲ့ဘုရင်ကြီးရယ် အလံဖြူရယ် အလံပြာရယ် တိုင်းသူပြည်သားတွေရယ်ပါတယ်လေ…ထုံးစံအတိုင်းပေါ့ဗျာ မောင်းခတ်ကြေငြာ လူတွေကအလံဖြူအောက်မှာရပ် (အလံဖြူအောက်တွင်ရပ်သောသူများသည်မိန်းမကြောက်ရ၏) ပုံပြင်ထဲမှာက မိန်းမ မကြောက်ဘူးဆိုပြီး အလံအပြာအောက်မှာ ရပ်နေတာတယောက်ထဲလေ ဘုရင်ကအံသြပြီးမေးတော့ သူမိန်းမကရပ်ခိုင်းလိုက်လို့ပါလို့ဖြေတယ်လေ..ဟုတ်စ လားလား…ကျနော်လှမ်းကြည့်လိုက်တာ ဒူဒူဖြစ်နေတယ်ဗျို့ အလံပြာအောက်မှာရပ်နေတာ ကျနော်က ဒူဒူ...ဘာဖြစ်လို့ဒီမှာရပ်နေတာလဲလို့မေးတော့ အိမ်ကအဖွားကြီးကိုမကျေနပ်လို့တဲ့ ဘာဖြစ်လို့တုန်းလို့မေးတော့ “အမေရိကားမှာအဲ့ဒါပဲဗျ မိန်းမတွေကကိုယ့်နေရာကိုယ်မနေဘူးတဲ့“့လေ ခင်ဗျားနေရာမှာဝင်အိပ်နေလို့လား..ဒါလေးများဗျာဆိုတော့ အိမ်မက်ထဲမှာကျနော့်ကိုဘုကြည့်ကြည့်တယ်ဗျို့ ဒါနဲ့ပေါဗျာ ဒူဒူကိုချော့ပေါ့ဗျာ အိမ်ရောက်တော့ အမကလဲ အေးအေးဆေးဆေးပဲဗျ ကောင်းကောင်းမွန်မွန်ပဲဧည့်ခံပါတယ်နော် ကျနော်အမနဲ့ဒူဒူကိုနှုတ်ဆက်ပြန်လာပြီး လမ်းရောက်တော့ ကွီနိုင်းနဲ့တွေ့တယ်လေ ”ဟေးကွီနိုင်း မင်းလဲမတွေရတာတောင်ကြာသွားပြီကွာ” ဆိုတော့ “ခင်ဗျားကိုကျနော်ခုနကတုန်းကတွေ့သားပဲတဲ့“ ဘယ်မှာလဲလို့ဆိုတော့“ဟင်…အလံဖြူအောက်မှာခင်ဗျားထိုင်နေတာ ကျနော့်နဲ့သိတ်မဝေးဘူးတဲ့“………..။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, October 18, 2008

မြေဇာမြက်... တပင်... ချွန်း


(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။
‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။

မြဝတီမြို့ဆိုတာ အတူလာကြတဲ့ခရီးဖော်တွေပြောလို့ သိခဲ့ရပေမဲ့ ကျမနဲ့တော်တော် စိမ်းပါတယ်။ သူတို့နဲ့အတူလိုက်ရင်း ကျမဘယ်ကိုစပြီး သွားရမလဲဆိုတာစဉ်းစားရင်း၊ သူတို့ဘယ်သွားကြမလဲဆိုတာကိုလည်း ကျမစုံစမ်းကြည့်ပါတယ်။ လူအများစုသွားကြတာက ရုံးခန်းလိုနေရာမျိုးလေး။ ခရီးသွားလက်မှတ် လုပ်ရမဲ့နေရာထင်ပါတယ်။ ကျမလည်းအများ နည်းတူလက်မှတ်လုပ်ဖို့တန်းစီလိုက်ပါတယ်။ အနားရှိနေသူတယောက်ကို ဘယ်သွားမှာလဲ လို့စပ်စုလိုက်မှ လှေတတန်နဲ့လာခဲ့တဲ့ခရီးကို တံတားကတဆင့်ပြန်သွားကြမလို့တဲ့။ ကျမ အတော်လေးအံ့သြသွားရပြီး တန်းစီနေရာက ပြန်ထွက်လိုက်ရပါတယ်။ ဘာလုပ်မှာလဲ။ ဘာလို့ အဲ့ဒီနေရာကို ပြန်သွားရမှာလဲ။ လူတွေကို ကျမနားမလည်တော့ဘူး။ ကျမဆက်ရမဲ့ ခရီးအတွက်ကျမပြင်ဆင်ရတော့မယ်။ သေသေချာချာစဉ်းစားကြည့်လိုက်မှ သွားရမဲ့ခရီးက ကျမရဲ့အသိဥာဏ်ဦးနှောက်ရဲ့ ထောင့်တနေရာမှာ ဝိုးတိုးဝါးတား။ အိမ်ကလေးနဲ့ ခြံဝင်းက လေးသာအသိဥာဏ်ထဲမှာ မှတ်မိနေပေမဲ့၊ ဘယ်နေရာဘယ်အရပ်မှာရှိသလဲဆိုတာ ကျမမသိ။ ကျမနေခဲ့တာဘာရွာပါလိမ့်။ ဘယ်လိုခရီးဆက်ရမလဲဆိုတာထက် လောလောဆယ် ဘယ်မှာ တည်းရမလဲဆိုတာက ပိုအရေးကြီးနေလို့ မြင်နေရတဲ့ဈေးတန်းလေးထဲလှမ်းဝင်လိုက်ပါတယ်။

ခရီးသွားတယ်ဆိုတာကလည်း ကိုယ်သွားချင်တဲ့နေရာဆိုတာတိတိကျကျ ရှိမှ သွားလို့ ရမှာလေ။ ကျမအိမ်ပြန်ချင်ပေမဲ့ အိမ်ဘယ်မှာဆိုတာကိုမသိလို့ လူတချို့က ကျမကိုရူးကြောင် ကြောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဘာမှတိတိကျကျ အကူအညီမပေးနိုင်ကြဘူး။ ကျမမှာ ပါလာတဲ့ငွေလေးက တည်းခိုတဲ့အခပေးရလို့ သိပ်မကျန်တော့ဘူး။ ငွေမရှိဘဲနဲ့တော့ အိမ်ပြန် လို့မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်မပြန်နိုင်သေးခင် အလုပ်တခုခုလုပ်နေမှ ကျမအတွက်အဆင် ပြေမှာ။ အလုပ်လုပ်ဖို့အကူအညီတောင်းတော့ တည်းခိုတဲ့အိမ်က ကောက်စိုက်တတ်လားတဲ့။ သမာအာဇီဝအလုပ်ဆို ဘာမဆိုလုပ်နိုင်ပေမဲ့ သုံးရက်တည်းနဲ့ ကျမအလုပ်ပြုတ်ခဲ့တယ်။ အကြောင်းကတော့ ကျမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြောင့်တဲ့။ ဒီ့အတွက်ကြောင့်လည်း ကျမ သေသေချာချာ အလုပ်မလုပ်နိုင်တာလေ။ ဒါကြောင့် ဒီဝန်ထုပ်ကို ဖြုတ်ချလိုက်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။ ဒါဟာလဲ ကျမရခဲ့တဲ့ ဒုက္ခတခုပဲလေ။ ရှိတဲ့ငွေကလေးနဲ့ သင့်တော်တဲ့ နေရာမှာ ဒီဝန်ထုပ်ကို ဖျက်ချနိုင်ဖို့ စုံစမ်းပြီး အဲ့ဒီနေရာကို ကျမရောက်သွားတယ်။
အမိုးကလည်းမလုံ၊ အကာကလည်းဖယိုဖရဲနဲ့။ တဲသာသာအိမ်လေးရဲ့ တခုတည်း သောအခန်းလေးထဲမှာ ကျမတပတ်လောက်နေရတယ်။ အိမ်ရှင်က ဒေါ်ဘုမ… တဲ့ ။ ကျမမှာ ပါလာတဲ့ငွေ အားလုံးနီးပါး အဲဒီမှာကုန်ပါတော့တယ်။ ကျမ မမှုပါဘူး။ သူကကျမကို ကူညီ နေတာလေ။ ဒီဝဋ်ဒုက္ခကလွတ်သွားရင် ကျမဘာမဆိုပြန်လုပ်နိုင်တာပဲ။ ငွေကို နည်းအမျိုးမျိုး နဲ့ရှာခဲ့ရဖူးတဲ့သူပဲ။ ကျမအသက် ၅ နှစ်အရွယ်ကတည်းက ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပါလား။

(၂)
ကျမအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီညကအဖေနဲ့အမေကပြန်မလာလို့ မောင်နှမ တွေကြောက်ကြောက်လန့်လန့်နဲ့ အိပ်ကြရတယ်။ မနက်လင်းတော့ လူကြီးတချို့က အမကို နင့်တို့အဖေနဲ့အမေသေပြီတဲ့။ ပြီးတော့ ကျမကို အမေ့အရွယ် လောက်ရှိတဲ့ မိန်းမကြီးတ ယောက်ကသူနဲ့လိုက်ရမယ်တဲ့။ အမကလည်း လိုက်သွားဖို့ ပြောလို့ အမေ့ကိုတွေ့ရမယ် အထင်နဲ့ ကျမလိုက်ခဲ့တယ်။ ဒါပေမဲ့ အမေ့ကိုအဲ့ဒီကတည်းက တခါမှမတွေ့ရတော့ဘူး။ အမေ့ကိုမှမဟုတ်ပါဘူး.. တခြား.. ဘယ်သူ့ကိုမှမတွေ့ရတောတာ ခုချိန်ထိပါ။ ကျမ တွေ့ခဲ့ရတာတွေကတော့….

ဘန်ကောက်တဲ့.. ကျမတို့ကိုခိုင်းတဲ့ ထိုင်းမကြီးက ဗမာစကားနည်းနည်းတတ်တယ်။ ကျမတို့ဆိုတာက ကျမလို အသက် ၅ နှစ်နဲ့ ၁၀နှစ်ကြား ဗမာကလေးတွေ။ အားလုံးပေါင်းဆို ၁၂ ယောက်.. ။ မိန်းခလေး ၉ယောက်နဲ့ ယောက်ျားလေး ၃ယောက်။ အခန်းတခုတည်းမှာ အားလုံးအတူတူနေရတယ်။ ကျမတို့လုပ်ရတဲ့အလုပ်က လူစည်ကားတဲ့ နေရာတွေမှာ tissue စက္ကူလိပ်ကလေးတွေလိုက်ရောင်းရတာ။ ရောင်းတယ်ဆိုတာက ကြားကောင်းအောင်ပြောရ တာပါ။ တကယ်ကတော့ စက္ကူလိပ်လေးတခုပြပြီး တောင်းစားရတဲ့ သူတောင်းစားဘဝပါ။ လူအများစုကလည်း စုတ်ပြတ်ပေရေနေတဲ့ ကလေးတွေရဲ့လက်ထဲက စက္ကူလိပ်တွေကို မယူပဲ သနားလို့ စက္ကူလိပ်ဖိုးထက်တန်ဘိုးရှိတဲ့ငွေကို ပေးသွားကြတာများပါတယ်။ မဝရေစာသာ စားရလို့ ပိန်လှီနေတဲ့ကလေးတွေမို့ တချို့က စားစရာလေးတွေပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ပေးလာတဲ့စားစရာကို ယူစားလိုက်မိလို့ ဆုံးမခံလိုက်ရတာကတော့ တသက်မမေ့နိုင်စ ရာပါပဲ။ ကျမရဲ့ လက်ဆစ်တွေဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတာများလွန်းလို့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ကျမသူတောင်းစားအဖြစ် ခိုင်းစားခံရတာပါ။ တောင်းလို့ရတဲ့ငွေတွေကတော့ ကျမတို့ဘာမှ မသုံးရပါဘူး။ ကျမတို့ကိုသူက အခကြေးငွေနဲ့ဝယ်ထားရလို့ တန်ရာတန် ကြေးရအောင် ပြန်ခိုင်းစားနေတာလို့ အမြဲပြောပါတယ်။ ကျမကို ဘယ်သူကရောင်းစားလို့ ဘယ်သူပိုက်ဆံရသွားသလဲဆိုတာ ကျမမသိပေမဲ့၊ ကျမလုပ်ဆပ်ခဲ့ရတာကတော့ ကျမဘဝ တစ်ခုလုံးပါပဲ။
အားကိုးရာမဲ့နေတဲ့ ကျမတို့ဟာ သူ့လက်ထဲကနေဘယ်လိုမှ လွတ်အောင်ပြေးလို့ မရနိုင်ပါဘူး။ ကျမရဲ့ခန္တာကိုယ်ကနေ ရသမျှလုပ်အားခတွေကို နည်းအမျိုးမျိုးနဲ့ ဖျစ်ညှစ်ယူခဲ့ တာ သူ့လက်ကလွတ်ခဲ့တဲ့အချိန်မှာတော့ ကြံသာဆိုလျှင်အရည်ခြောက်ခန်းတဲ့ အဖတ်ကြမ်း ဖြစ်နေလောက်ပါပြီ။ သူ့လုပ်ငန်းကို ရဲကသိပြီးအဖမ်းခံရတော့မှ ကျမတို့လွတ်ခဲ့ကြတာ။ သူ့ရဲ့ လက်အောက်မှာ၁၈ နှစ်လောက်နေခဲ့ရပြီးတဲ့ ကျမဘဝဟာ ဘာအသိဥာဏ်မှမရှိတော့ သလိုပါပဲ။ သူခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရပေမဲ့ ကိုယ့်တစ်ယောက်ထဲကျတော့ ဘာလုပ်ရမှန်းမသိတော့လို့ ဖမ်းတဲ့ရဲကပဲ အကူအညီပေးနိုင်မဲ့ သူကို ရှာပေးခဲ့ရ တယ်။ ကျမခဏကံကောင်းခဲ့ပါတယ်။ အိမ်ဖော်အလုပ်တနေရာ ရခဲ့ပါတယ်။ ကျမအဲ့ဒီမှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ အိမ်ရှင်ကလည်း အေးဆေးတယ်လေ။ ဘာပြဿနာမှမရှိတဲ့အပြင် ကျမပျော်ရွင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ကျမနေတဲ့အိမ်က ကားဒရိုင်ဘာ `“ဖိဘွန်း” ကြောင့်ပါ။

ဖိဘွန်းက ကျမကိုလက်ထပ်ချင်တယ်တဲ့။ အရက်သမား ဖောသွပ်သွပ်မို့ ယူမဲ့သူမရှိ ပေမဲ့ ကျမလိုလူတယောက်အတွက်ကတော့ အတည်တကျ လက်ထပ်ချင်တယ်ဆိုတဲ့သူ့ စကားဟာ အားဆေးတခွက်လိုဖြစ်ခဲ့ရပါတယ်။ ကျမအရွယ်က မိသားစုဘဝကို တည်ဆောက် နိုင်တဲ့ အရွယ်ရောက်ပြီလေ။ ကျမသူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါတယ်။ ကျမသဌေး ကိုတောင် အသိမပေးနဲ့ဆိုလို့ တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့တာ။ ကျမတို့ရှာထားသမျှ လေးတွေ စုဆောင်းထားပြီးမှ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်လေ။
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့နေရတဲ့ဘဝဆိုတာ ကျမငယ်စဉ်က ခဏလေးပဲရခဲ့တာပါ။ အခုချိန်မှာ ကိုယ်ကိုတိုင်ဖန်တီးခွင့်ရတော့မှာဆိုတော့ ကျမစဉ်းစားရင်းတောင်ဝမ်းသာမိပါ တယ်။ ကျမဒီတသက် ဒီလိုမိသားစုဘဝမျိုးလေး ပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့မိလို့ပါ။ မိသားစုဘဝလေးတခုအတွက် ကျမအိပ်မက်မက်ခဲ့ရတာ လပိုင်းလောက်ပဲကြာပါတယ်။ ကံကြမ္မာမှုန်တိုင်းက ဖျက်လိုက်ပြန်တယ်။ ကျမမှာကိုယ်ဝန်ရှိလာတော့ အိမ်ရှင်တွေကမေး လာတယ်။ ကျမကတော့ ခပ်ရဲရဲပဲပြန်ဖြေလိုက်တယ်လေ။ ကျမယောက်ျား “ဖိဘွန်း” ဆိုတာ။ ဒါကို ကျမရဲ့သဌေးက ဆိုးဆိုးဝါဝါးလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ကျမကိုနှင်ချခဲ့တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျမအတွက်ကတော့ ခံစားရသိပ် ခက်ပါတယ်။ ဖိဘွန်းနေတဲ့ အခန်းလေးကိုရှာဖွေပြီး ကျမလိုက်သွားတော့ စိမ်းစိမ်းကားကားနဲ့ ကျမကိုမောင်းထုတ်တယ်လေ။ သူနဲ့အတူနေလို့မရဘူးတဲ့။ ဘာတွေဖြစ်ကုန်မှန်းမသိတော့ တဲ့ကျမ ရဲစခန်းမှာသွားပြီးအဖမ်းခံခဲ့ရပါတယ်။ သူတို့ဘာလုပ်လုပ်ကျမခံတော့မယ်။ ထောင်ထဲ ဆိုလည်း နေစရာရှိသေးတယ်လေ။

(၃)
အိပ်ယာကနိုးနိုးခြင်း ခန္တာကိုယ်က အရိုက်ခံထားရသလိုနာကျင်နေတယ်။ သေသေချာ ချာစဉ်းစားလိုက်မှ ကိုယ်ဝန်ဖျက်နေတာ တပတ်တိတိရှိပေမဲ့ ဘာမှထူးခြားမလာသေးတာပဲ။ သွေးနည်းနည်းဆင်းတာလောက်ပဲရှိတယ်။ ကျမဘဝတလျှောက် ခံစားခဲ့ရတဲ့ နာကျင်မှုတွေက ချစ်ခြင်း၊ မုန်းခြင်းတွေကို ဥပေက္ခာပြုနိုင်နေသလိုပဲ။ မိသားစုဘဝလေးဆိုတာကို မရဲတရဲလေး မျှော်လင့်ခဲ့ဖူးပေမဲ့၊ အခု ဝမ်းနဲ့လွယ်ထားရတဲ့ကလေးကို ဖျက်ချတော့လဲ ကြေကွဲဝမ်းနည်းမှု တွေဖြစ်မလာပါဘူး။ သာမန်ကိစ္စတခုလောက်ပဲ ကျမခံစားချက်ရှိတယ်။ ကျမဒီဒုက္ခ တွေကနေ မြန်မြန် လွတ်မြောက်ချင်တယ်။ မဝေးတော့သောကာလတခုမှာ ကျမမိသားစုရှိရာကို ပြန်ရောက်တော့မှာပဲလေ။ “နင့်ကိစ္စက လုပ်လို့မရတော့ဘူး” တဲ့.. ဒေါ်ဘုမက ပြောလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ “နင့်ဟာက ရင့်နေပြီ.. အားလုံးအပြီးအစီးဆို နောက်ထပ်ငွေ တသောင်းလောက်ထပ်ကုန်မယ်” တဲ့။ အစကတည်းက ခြောက်လကျော်ရှိနေ တဲ့ ကိုယ်ဝန်ကိုဖျက်ချပေးနိုင်တယ်လို့ အာမခံထားလို့ ရှိသမျှငွေလေး အကုန်ခံပြီး လာပါ တယ်ဆိုမှ အခုတော့ရင့်နေလို့ တဲ့။ ပိုက်ဆံထပ်ပေးရမယ်ဆိုတော့ ကိုယ်ကဘာဝင်ငွေရှိလို့ ဘယ်သူကထောက်ပံ့နေလို့လဲ။
တပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။ ကျမမှာ ပိုက်ဆံမရှိ၊ နေစရာမရှိ တဲ့အပြင် ရောဂါပါထပ်တိုးလာပြန်ပြီ။ ကျေးဇူးရှင်ကြီးက ပိုက်ဆံမရှိတော့လို့ သူ့အိမ်မှာလည်း မထားချင်သလို၊ ဘာမှလည်းထပ်မလုပ်ပေးနိုင်တော့လို့ ကျမနေထိုင်လို့ ရနိုင်တဲ့နေရာကို လမ်းညွှန်ပေးပါတယ်။ အဲ့ဒီနေရာလေးကတော့

ကျမနဲ့ရေစက်မကုန်နိုင်ဘူးလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ဘဝရဲ့ ဆိုးဝါးလှတဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်သတိမရချင်တော့လို့ ခြေဦးတောင်မလှည့်တော့ဘူးလို့ ဆုံးဖြတ် ထားတဲ့နေရာကို ဒုက္ခတွေတပုံကြီးနဲ့ ပြန်သွားရဦးမဲ့ ကျမရဲ့ အဖြစ်က တွင်းရေငင်နေရတဲ့ ရေပုံးတလုံးလို ကြိုးတချောင်းရဲ့ ချည်နှောင်မှုအောက်မှာ မြုပ်လိုက် ပေါ်လိုက်နဲ့ သံသရာ လည်နေတာ ကိုယ်ရောက်ချင်တဲ့နေရာကို တော်ရုံကံတရားနှင့်တော့ ရောက်နိုင်မည့်ပုံ မပေါ်။ ဒေါ်ဘုမရဲ့ ကောင်းမှုနဲ့ပဲ မယ်တော်ဆေးခန်းကို ကျမရောက်ခဲ့ရတယ်။ ဒုက္ခရောက်နေကြတဲ့ လူနာတွေကြားထဲမှာ ကျမလည်းနေရာတခုရခဲ့ပါတယ်။ မကျန်းမာပေမဲ့ ကျမနေခဲ့ရတဲ့ နေရာ အားလုံးထဲမှာ ဒီနေရာလေးကတော့ သုခရိပ်မြုံလေးတခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျမအထီးကျန်မဖြစ်ဘူး။ ကျမအတွက်သူငယ်ချင်းဆိုတာရှိခဲ့တယ်။ ဒီနေရာမှာ ကျမ အားမငယ်ရဘူး။ အားပေးတဲ့ဆရာမတွေ အမြဲရှိတယ်။ ဒီနေရာမှာ ဝမ်းရေးအတွက် မပူရဘူး။ အချိန်တန်ရင် ချက်ပြီးသားထမင်း အရံသင့်စားရတယ်။ ဒီနေရာမှာ နှိပ်စက်မှုတွေမရှိဘူး။ လူလူခြင်းမေတ္တာတရား ထားကြတယ်။ ဒီမေတ္တရိပ်မြုံလေးရဲ့ အရိပ်အောက်မှာ ပျော်ရွှင်စွာ ကျမနေခွင့်ရခဲ့ပါတယ်။ ကြည်လင်ဧချမ်းပြီး အမြဲတမ်းပြုံးရိပ် သန်းနေတဲ့ မျက်ဝန်းတစုံကိုတွေ့ရတဲ့အခါ၊ မေတ္တာဓါတ်တွေနဲ့ ထုံမွမ်းထားတဲ့ စကားသံတခု ကိုကြားရတဲ့အခါ တွေမှာတော့ မိခင်မေတ္တာကိုရရှိခံစားရသလို၊ ကျမကိုယ်တိုင်မှာလည်း မိခင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ကျမရဲ့ မပျက်စီးသွားတဲ့ ဗိုက်ထဲက ကလေးကို ကျမ ချစ်တတ်လာပါတယ်။ သားလား၊ သမီးလား မသိရသေးပေမဲ့ သူ့ကိုထိခိုက်အောင်လုပ်ခဲ့ မိတာကို ကျမနောင်တရမိတယ်။ ကျန်းမာစွာမွေးဖွားလာဖို့ကိုလည်း အမြဲဆုတောင်းနေမိ ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မမွေးခင်ကတဲက ရောင်းစားခံကြရတဲ့ ကလေးတွေထဲ မှာတော့ ကျမ ကလေးကို အပါမခံတော့ဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေဆီက ကလေးမမွေးခင် ငွေတဝက်ပေးပြီး ကလေးမွေးပြီးတာနဲ့ ကျန်ငွေတဝက် ကိုချေကာ ကလေးကိုယူသွားကြသူ၊ ပေးလိုက်ကြသူတွေရှိပေမဲ့ ကျမရဲ့ ကလေးကိုတော့ ဒီိလိုမလုပ်ရက်တော့ဘူး။ အရင်ကစိတ်မျိုးနဲ့ဆို ကလေးကိုရောင်း၊ ပြန်စရိတ်လုပ်လို့ မိဘအိမ်ဆိုတာကို ရှာဖွေဖို့ပဲ စဉ်းစာမိမှာပါ။ ဒါပေမဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ ဒီိလိုလုပ်ရပ်မျိုးကို ကျမမလုပ်နိုင်တော့ပါဘူး။ ကျမ မေတ္တာငတ်သလို ကျမကလေးကို မဖြစ်စေချင်ဘူးလေ။

မီးဖွားခန်းထဲမှာ နာကျင်မှုကို အချိန်အတန်ကြာခံစားရပြီးတဲ့နောက် ကျမဘဝထဲကို ရောက်လာတာကတော့ ဖြူဖြူဖွေးဖွေးသမီးလေးပါ။ သမီးလေးဟာ အရမ်းကိုချစ်စရာကောင်း ပေမဲ့ သူ့ခြေချောင်း၊ လက်ချောင်းလေးတွေက ပူးကပ်ပြီးပုံပျက်၊ ပန်းပျက်ဖြစ်နေပါတယ်။ သမီးလေးကို သနားကြင်နာမှုတွေဖြစ်ရပေမဲ့၊ ကျမရဲ့နို့ချိုကို တိုက်ကြွေးခွင့်မရခဲ့ပါဘူး။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာ၊ ဆရာမတွေက နို့မှုန့်ကိုသာတိုက်စေခဲ့ပါတယ်။ သနားစရာ သမီးငယ်လေးကို ဆရာ၊ ဆရာမတွေကလည်း ချစ်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ဆရာမ များကလည်း သမီးလေး အတန်အသင့်အရွယ်ရလို့ ခံနိုင်ရည်ရှိလာရင် ခြေ၊ လက် ကလေးတွေကို ခွဲစိတ်ကုသပေးမည်တဲ့။ အားလုံးက အခမဲ့ပေမဲ့ မေတ္တာတရားတွေနဲ့ပါ။ ကျမ ဘဝလေး လန်းဆန်းစိုပြည်လာပါပြီ။

ကျမတို့ သားအမိအတွက် နေစရာရှိသလို၊ ငွေကြေးကလေးလည်းရှာဖွေဖို့ အခွင့်ရ ထားတယ်။ ဝေးဝေးလံလံသွားလုပ်စရာမလိုပါဘူး။ အမျိုးသမီးလူနာဆောင်မှာ သန့်ရှင်းရေး လေးကိုယ်တတ်နိုင်သလောက်လုပ်ရုံနဲ့ တလတလမုန်ဖိုးလေးရနေတာပါ။ တဆောင်တည်း နေ မီးနေသည်တချို့ရဲ့ အညစ်အကြေးပေတဲ့အဝတ်တွေကို လျှော်ပေးရင်နဲ့လည်း ကုသိုလ် လည်းရ ဝမ်းလည်းဝဆိုတာလို သူတို့ပေးကမ်းသွားတာတွေဟာလည်း၊ ကိုယ့်အတွက် အသား တင်ဝင်ငွေတွေပါ။ ဒီငွေတွေနဲ့ ကိုယ်စားချင်တာ စားလို့ရသလို၊ ကိုယ်ဝတ်ချင်တာကိုလည်း ဝယ်ဝတ်လို့ရတယ်။ ကျမ စိုပြည်လှပခဲ့ပါတယ်။
လူ့စိတ်တွေကလည်း သိပ်ခက်ပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုတာလို ကိုယ်လို ချင်တာရပြီးသွားတဲ့အခါ နောက်ထပ်တခုကို လှမ်းနေတတ်တာ လူတွေရဲ့လောဘတရားတွေ လား။ ပြည့်စုံသွားပြီဆိုတာ မရှိနိုင်ပဲ၊ လိုနေသေးတယ်ဆိုတာက ဘယ်လောက်ရရ အတောမ သတ်နိုင်တဲ့ လောဘနောက်လိုက် ပုထုဇဉ်လူသားတွေရဲ့ အာသာဆန္ဒ။ ကျမလဲ ဒီထဲကလူ တယောက်ပါပဲ။ ကိုယ်ရနေတဲ့ အခွင့်အရေးထက် ပိုပြီးတော့လိုချင်လာခဲ့တယ်။ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိလာပါတယ်။ ရရှိလာတာတွေကတော့ ဒုက္ခတွေတနင့်တပိုး…
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ… ဆိုတာလို ဒုက္ခမီးတွေထဲကိုပဲ ကျမတိုးဝင်နေမိတယ်။ ကြည်လင်အေးမြတဲ့ ရေတပေါက်ထက်.. ဓါးသွားပေါ်ကပျားရည်စက် ကို ကျမ တပ်မက်မိခဲ့တဲ့အချိန်မှာတော့ ချိုမြိန်ခြင်းဆိုတဲ့ အရသာရဲ့နောက်ကွယ်မှာ….

(၄)
ကျမနဲ့ သမီးလေးကို ခိုကိုးရာမဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များစောင့်ရှောက်တဲ့ နေရာကို ပို့ပေးဖို့ ဆရာမတွေက စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျမ ဒီနေရာလေးကနေ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒီနေရာလေးက ကျမအတွက် အေးချမ်းတဲ့အပြင် ကျမကိုလက်ထပ် လိုတဲ့ ချစ်သူ တယောက်လည်း ရှိနေလို့ ဖြစ်ပါတယ်။ ကျမသူနဲ့လက်ထပ်လိုက်ရင် အားကိုးရာ ရှိပြီပဲ။ ဒါကြောင့် ကျမတို့တိုင်ပင်ပြီး သူခေါ်ရာနောက်လိုက်သွားခဲ့မိပါတယ်။ ကိုယ့်ကိုကူညီပေးကြတဲ့ ဆရာမတို့ကိုအားနာပေမဲ့ သူနဲ့ တသက်လုံးလက်တွဲပြီး မိသားစု ဘဝလေးတည်ဆောက်ချင်လို့ပါ။
ကျမတို့ ခေတ္တတည်းခိုဖို့ တနေရာကိုသွားကြတယ်။ သူ့ရဲ့ မိတ်ဆွေရှိတဲ့နေရာကိုပါ။ အဲ့ဒီကတဆင့် အလုပ်အကိုင်ရှာဖွေပြီး စရိတ်လေးများစုဆောင်းကာ ကျမတို့ရဲ့ မွေရပ်မြေကို ပြန်ကြမယ်လို့ တိုင်ပင်ကြရင်းပေါ့။ ကျမတို့ ရောက်သွားရတဲ့ သူ့မိတ်ဆွေဖြစ်သူရဲ့ နေထိုင်ရာအရပ်ကတော့

အုန်းဖျံ ဒုက္ခသည်စခန်းတဲ့။ တဲအိမ်လေးတွေဟာ တောင်စောင်းတွေမှာ တမျှော်တခေါ် ကြီးပါပဲ။ ကျမတို့ ရောက်သွားတယ်ဆိုရင် နေစရာ ရပေမဲ့ စားစရာက ဒုက္ခသည်စာရင်း မဝင်လို့ မရခဲ့ပါဘူး။ ဒီလောက်များတဲ့ လူတွေဟာ ကျမထက်ပိုပြီး ဒုက္ခရောက်ကြလို့သာ သူတို့ ဒုက္ခသည်ဆိုတဲ့ စာရင်းဝင်ကြတာမို့ ကျမအတွက်တော့ ဖြေသာရာရပါသေးတယ်။ ကျမက သူတို့လောက်မှ ဒုက္ခမရောက်သေးပဲကိုး။ ကိုယ့်ခြေလက်တွေရှိနေသမျှ ကျမ ရုန်းကန်နိုင်ပါတယ်လေ။ အားကိုးစရာ သူတစ်ယောက်လုံးတောင် ကျမအနားမှာ ရှိနေသေး တာပဲ။ ကျမတို့ ရရာအလုပ်ရှာလုပ်ကြပါတယ်။ ပြောင်းဖူးချိုး၊ ငရုတ်ဆွတ် ဘယ်အလုပ်မှ လက်မလွတ်ဘဲ ကြိုးစားပြီးလုပ်ကြပေမဲ့ စားဖို့အတွက်တောင် တော်တော်ခက်ခဲခဲ့ပါတယ်။ နေပူကြီးထဲ ပင်ပန်းလဲ ဇွဲမလျှော့ပဲ အလုပ်လုပ်တဲ့ ကျမ ရောဂါတွေရလာပါတယ်။ တဖြည်းဖြည်း အားအင်တွေဆုတ်ယုတ်လာလိုက်တာ ကိုယ့်ပုံကိုယ် မှန်ထဲပြန်မကြည့် ရဲတော့ဘူး။ စိုပြည်ခဲ့တဲ့ အသားအရေတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်အောင်ပါပဲ။ သူဆိုတာလည်း ကျမရုပ်ပုံကို မကြည့်ရဲတော့လို့ ပျောက် ကွယ်သွားခဲ့ပြီ။

ကျမ အားကိုရာ မဲ့ပြန်ပါပြီ။ ကျမရဲ့ ဒီပုံစံနဲ့တော့ လောကကြီးထဲ နေလဲမနေချင်တော့ ပါဘူး။ ဒါပေမဲ့ ကျမ သေလို့တော့ မဖြစ်သေးဘူး။ ကျမ မရှိတော့တဲ့နောက် သမီးလေးကို စိတ်ချရတဲ့နေရာမှာ ထားခဲ့ချင်သေးတယ်။ မိသားစုဘဝလေး မပိုင်ဆိုင်ရရင်တောင် အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ သမီးလေးကို ထားခဲ့ချင်တယ်လေ။ ကျမဆုံးဖြတ်ပြီး ချေစုံကန် ထွက်ခဲ့မိတဲ့ နေရာကို မရောက်ရောက်အောင် ပြန်ခဲ့ပါတယ်။ စေတနာကို စော်ကားခဲ့မိတဲ့ ကျမကို ဆရာမလေးတွေက မကြည့်ချင်တော့လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်မေတ္တာအပြည့်နဲ့ ( ကျမရင်ထဲမှာ အမေ လို့ခေါ်နေမိတဲ့ ) ဆရာမကြီးကတော့ ကျမအတွက် နေရာတခု ပြန်စီစဉ်ပေးခဲ့ပါတယ်။ ကျမ ဒီမှာသေခွင့်ရရင် ကြေနပ်ပါပြီ အမေရယ်။
နေစရာ၊ စားစရာတွေ ပြန်ရပေမဲ့ ကျမ ဘာမှစားလို့မရတော့ဘူး။ စားချင်တာလေး တွေ့လို့ စားလိုက်မိရင် ချက်ချင်း အိမ်သာပြန်ဝင်ရတယ်။ အမြဲတမ်းလဲ ရင်ပူနေလို့ ရေခဲတုန်းလေးတွေကိုပဲ ကိုက်စားနေရတယ်။ ကျမ ဒီခန္တာကိုယ်ကြီးကို တော်တော်ရွံမုန်းမိ ပါတယ်။ နောင်ဘဝတွေများရှိရင် ဒီလောက်လေးလံတဲ့ ခန္တာကိုယ်ကြီး ဘယ်တော့မှ မရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ကျမ ရချင်တာကတော့ ပေါ့ပါးတဲ့ခန္တကိုယ်လေးမှာ ကိုယ်သွားလိုရာကို ပြန်သန်းသွားနိုင်တဲ တောင်ပံတစုံပါတဲ့ ငှက်ကလေးဘဝပါ။

နွေတနေ့ရဲ့ ရောင်နီမတက်သေးခင်မှာ ကျမ တောင်ပံတစုံရလာပါတယ်။ ကျမ ကောင်းကင်ပေါ် ပျံသန်းတက်ကြည့်မိတဲ့အခါ… အိုး… လောကကြီးဟာ သိပ်အေးမြပါလား။ ဟိုး… အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီဖျဖျ လှမ်းမြင်နေရပါပြီ။ ကျမ မွေးရပ်မြေရှိရာ ဘက် မှန်းဆပြီးထွက်ခဲ့ပါပြီ။ လမ်းမှာ ပျံသန်းသွားနေကြတဲ့ ငှက်ကလေးတွေကို တွေ့လို့ သူတို့ရှိရာဘက် ပျံထွက်ခဲ့လိုက်တယ် ဆိုရင်ပဲ.. လှပလိုက်တဲ့ မြို့ရွာတွေ။ ဘုရား၊ ကျောင်း၊ ကန်တွေ၊ တန်ဆောင်းပြဿဒ်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ။ ဒါ.. ငါ့ရဲ့မွေးရပ်မြေလား… ငှက်ကလေးတွေကို လှမ်းမေးလိုက်တော့… မဟုတ်သေးဘူး… တဲ့။ ရှေ့ဆက်ခိုင်းတယ်။ တနေရာရောက်တော့ နေဝင်လုအချိန်ရောက်ပြီပေါ့။ ငှက်ကလေးက ညွန်ပြတယ်… ဟိုးနေရာ…တဲ့။ မွေးရပ်မြေဆိုတာကို သဲသဲကွဲကွဲမမြင်ရလို့ နီးသထက်နီး အောင် ဆင်းကြည့်လိုက်တယ်ဆိုရင်ပဲ…။ မိုးခေါင်ရေရှား ရပ်ဝန်းက လယ်ကွင်းတွေထဲမှာ ကျွဲမဲတအုပ်ပါလား။ သေသေချာချာ ကြည့်လိုက်မှ ကဆုန်ပေါက်မြူး နေကြတဲ့ ကျွဲတအုပ်ရဲ့ ခွာ တွေအောက်မှာ မြေဇာမြက်ပင်ကလေးတွေ တဖုတ်ပြီးတဖုတ် ကမ္ဘာမြေပေါ်က ဆွဲနှုတ်ခံနေကြရပါပေါ့လား။ သည်းးခံလိုက်ပါအုံး မြေဇာမြက် လေးတို့ရယ်။ မကြာခင်မှာ ဒီကျွဲတအုပ် သူတို့ရဲ့ တင်းကုပ်ဆီ သွားကြရတော့မှာပါ။

(မှတ်ချက်။ ။ စိတ်ကူးယဉ်ဝတ္ထုတပုဒ် မဟုတ်ပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းတွင် AIDS ရောဂါဖြင့် သေဆုံးသွားသူ အမျိုးသမီးငယ်လေး၏ တကယ့်ဖြစ်ရပ်မှန်ကို အနည်းငယ် ဖြည့်စွက်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမည်ကတော့ “နွယ်” ပါ။ သို့သော် တွယ်ချင်ရာ တွယ်ခွင့်မရခဲ့တဲ့ မြေဇာမြက်တပင်မျှသာ….။ ဒုက္ခတွေ တနင့်တပိုးနှင့် သူမထားခဲ့ရစ်သော သမီးငယ်လေး မှာတော့ သူမလောက် ဒုက္ခမရောက်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ သမီးငယ်လေးက လုံခြုံ အေးချမ်းတဲ့ ထိုနေရာ လေးမှာရောက်ရှိနေတယ်လို့ ကျမ သိထားသောကြောင့် ဖြစ်ပါတယ်။)

ကြိုးစားပါဦးမည်။
ချွန်း (၁၈.၁၀.၂၀၀၈)


အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, October 16, 2008

အဟောင်းကြီး

အဟောင်းကြီး

မိုးကောင်းကင်တောင်မှ…
ပြိုမယ်ဆိုရင်
အမိန့်ရမှ ပြိုရမဲ့ခေတ်ပါလားဟေ့..။

ငှက်ဆိုးတွေ ဗိုလ်လုပ်နေတဲ့ခေတ်မှာ…
အခွင့်အရေးဆိုတာ
အမိန့်ပေးစံနစ်ရဲ့ သားကောင်ပါကလား..။

ဗူးလေးရာ ဖရုံဆင့်ကုန်တာပေါ့…
ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်
ဘယ်သူ ပိုမိုက်သလဲပဲ..။

အဟောင်းနဲ့ အသစ်…
အဖြစ်နဲ့အပျက်…
အိမ်မက်ထဲက ဝေဒနာပြပွဲမဟုတ်…။

ခေတ်ကြီးက အရှေ့ကိုသွား…
တိုင်းပြည်က နောက်ပြန်ဆုတ်
အသစ်ဆိုတာကို အဟောင်းနဲ့ ထုဆစ်ချင်သူတွေ
ကျုပ်ကတော့ ရှင်းရှင်းပဲပြောချင်တယ်-
ဒီမိုကရေစီဆိုတာ အမိန့်ပေးစံနစ်မဟုတ်ပါ…။


ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, October 11, 2008

စက်ရုပ်ကဗျာ.... (ဂင်ကြီး)

စက်ရုပ်ကဗျာ

နေ့နဲ့.. ညကို
အဖြေရှာထုတ်..
အလုပ်ရှုပ်.. သိပ်ဟုတ်…။

အပေါင်းနဲ့.. အနှုတ်ကို
အဖြေရှာထုတ်..
အလုပ်ရှုပ်.. စိတ်ရှုပ်…။

လက်ရှိ.. ဘဝကို
အဖြေရှာထုတ်..
စက်ရုပ်.. စက်ရုပ်…။

( မှတ်ချက်။ ။ စက်ရုပ်လို လည်ပတ်နေရသူအားလုံးကို ရည်ညွှန်းပါသည်။)

(ဂင်ကြီး)

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, October 8, 2008

ကျနော့်ည…လွမ်း (ဂင်ကြီး)

ပန်းချီ ပိအိုင်း
ကျနော့်ည…လွမ်း

ကျနော်…..နဲ့
တောင်ပံတစ်စုံ
လေအဟုန်မှာလေ
ချစ်သူတွေဖြစ်လိုက်ကြပေါ့..
လေပြေညှင်း တလှည့်
မုန်တိုင်း တလှည့်..။

လွမ်းတယ်ဗျာ…
မမျှော်ပဲနဲ့ကို လွမ်းနေတတ်တာ
အသံတခုခု ကြားလိုကြားညား
(ရောခ်ခရက်) တောင်တန်းတွေဆီကိုလေ..
လေးသံကြားရတိုင်းပေါ့…။

မလာပါဘူး…
လေးညှိုသံတွေ မကြားရပါဘူး
ကိုလံဘီယာမြစ်က အေးစက်တာကိုး
ဟုတ်တယ်..
ဟုတ်တယ်ဗျာ…
ကျနော်ညက ဧရာဝတီကို
ကျနော့်ရင်ဘတ် ဝကွက်အပ်လိုက်တယ်…။

(ဂင်ကြီး)

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့