Tuesday, July 29, 2008

ရှစ်လေးလုံးအမွေတွေကို ကာကွယ်ကြရမယ်။(ရဲဘော်ဖိုးသံချောင်း)


နအဖရဲ့လမ်းပြမြေပုံဟာ (၇) ချက်လို့ ဆိုပေမယ့် ရေးမထားတဲ့ အချက်တချက်ရှိနေတာကို သတိ ထားမိကြသလား မသိပါ။ အဲဒါကတ ခြားမဟုတ်ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဇီဝိန်ချုပ်စေ ရေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လက်ရာမပေါ်ဘဲ ဇီဝိန်ချုပ်စေရေး ဖြစ်ပါတယ်။သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက “နိုင်ငံရေးပါတီများ” ဆိုတဲ့ အခန်းမှာ နိုင်ငံရေးပါတီတွေကို အချိန်မရွေး အရေးယူ ဖျက်သိမ်းနိုင် အောင် အချက်အလက်တွေ ဖန်တီးထားပါတယ်။ အဲဒီမှာပါတဲ့ အင်မတန်ေ၀၀ါးတဲ့ စာပိုဒ်တွေက နိုင်ငံရေးပါတီတွေကို တောက်လျှောက် ခြိမ်းခြောက်နေမှာ မလွဲ ပါဘူး။ ဥပမာပြရရင် “စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးရမည်” ဆိုတာမျိုးဖြစ်ပါတယ်။တကယ်က နိုင်ငံတနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံရေးပါတီများရယ်လို့ တခန်းပါနေတာကိုက အတော့်ကို ဆန်းနေတာပါ။ နောက်ပြီး အဲဒီအခန်းမှာပဲ နိုင်ငံရေးပါတီတွေဟာ “(က) လွတ်လပ်စွာ စည်းရုံးခွင့်ရှိသည်။ (ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိသည်” လို့ ရေးထားပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ ဒါပဲလုပ်နိုင်သလားလို့ မေးစရာဖြစ်လာပါတယ်။
ကိုယ်ယုံတာကို ဟောပြောဝါဒဖြန့်ခွင့် မရှိဘူးလား။ သတင်းစာ၊ ဂျာနယ် ထုတ်ပိုင်ခွင့် မရှိဘူးလား။ လှည့်လည်ဆန္ဒပြဖို့ စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလား။ မေးစရာတွေ အများကြီးဖြစ်နေပါတယ်။ နအဖ လိုလားတဲ့ ပါတီအဖွဲ့အစည်းဆိုတာ တစညလို “စစ်သားကဲ့သို့ စည်းကမ်းရှိ၍ စစ်သားကဲ့သို့ နာခံ” တဲ့ ပါတီမျိုးသာ ဖြစ်ပါတယ်။
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာနိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ် ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော်အကြီးအကဲဆိုတဲ့ အ ခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ်ချက်ချရမယ့်ဟာမျိုးပါ။

တလောကတော့ နအဖဟာ ပါတီအဖွဲ့အစည်းတွေ ပြန်လည်မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မှတ်ပုံတင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေအကြောင်း ဘာမှမပြောပါဘူး။ အရင်လိုပဲ မှတ်ပုံတင်တဲ့ပါတီဟာ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရ မယ်၊ မ၀င်ရင် မှတ်ပုံတင် ခွင့် မပေးဘူးဆိုရင် ဒီချုပ်ဟာ ချောက်ကျတော့မှာပါ။ ဒီထုတ်ပြန်ချက်ဟာ ဒီချုပ်ကို တိုက်ရိုက် ဦးတည်တာပဲ လို့ဆိုရင် မမှားဘူး ထင်ပါတယ်။ သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ “အမျိုးသား ညီလာခံ” မှာ ဒီချုပ်ကို ပြန်ဝင်ခိုင်းလို့ မရတဲ့နောက်မှာ သူတို့အမိန့်ပေးသမျှ ခေါင်းညိတ်ရမယ့် လွှတ်တော်ထဲကို ၀င်ဖို့ ထောင်ခြောက်ဆင်တာ ဖြစ်တယ်ဆိုတာ အင်မတန်မှ မြင်သာပါတယ်။ ဒီချုပ်ကို ရှေ့တိုးလည်း လှည်းတုတ်၊ နောက်ဆုတ်လည်း ထမ်းပိုးဖြစ်အောင် လုပ်ထားတာပါပဲ။
ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အသီးအပွင့်တခု ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မပေါ်ပေါက်ခဲ့ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်မလာ နိုင်ပါဘူး။ လက်ရှိအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း နိုင်ငံရေး နယ်ပယ်ရဲ့ ရှေ့ တန်းကို ရောက်လာ ချင်မှ ရောက်လာမှာပါ။ အခု သေချာပြန်ကြည့်လိုက်တော့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အရေးပါတဲ့ အောင်ပွင့်-အမွေ ဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခုသာ ကျန်ပါတော့တယ်။ ဒါကြောင့် နအဖ ဘက်က ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းလိုက်နိုင်မယ်ဆိုရင် ရှစ်လေးလုံးရဲ့ အမွေနဲ့ အစဉ်အလာတွေကို တစမကျန် ဖျက်သိမ်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သူတို့စစ်အုပ်စု အဆက်ဆက်အတွက် လက်စားချေလိုက်နိုင်ရာကျသလို သူတို့ရှေ့ရေးအတွက် အကြီးမားဆုံး အနှောင့်အယှက် အတားအဆီးကို လည်း ဖယ်ရှားလိုက်နိုင်တာ ဖြစ်ပါလိမ့်မယ်။
တဆက်တည်းမှာ နအဖဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဘေးထွက်ပစ္စည်းလို့ဆိုရမယ့် ငြိမ်းအဖွဲ့ တွေကို ဖျက်သိမ်းတာလည်း ဆက် လုပ်သွားပါလိမ့်မယ်။ ရှေ့နဲ့ နောက်ပဲကွာမှာပါ။ ဒီနေရာမှာလည်း အတတ်နိုင်ဆုံး လက်သယ်မပေါ်ဘဲ ဘ၀ပြောင်းအောင် လုပ်မှာ သေ ချာပါတယ်။
စစ်အစိုးရဟာ စစ်တိုက်သလိုပဲ ရန်သူကို အချိန်ဆွဲပြီး ပြုန်းတီးစေတဲ့နောက် ကိုယ့်ဘက်က ပိုင် လောက်ပြီဆိုတော့မှ ရန်သူကို အပြတ် ချေမှုန်းတာ လုပ်မလို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တနည်း ပြောရရင် သူများကို ထိပ်တိုက်မတွေ့ နဲ့လို့ပြောပြီး နအဖက သူ့ ဆန့်ကျင် ဘက်မှန်သမျှကို ထိပ်တိုက်လိုက်တွေ့၊ စိမ်ခေါ်နေတာ ဖြစ်ပါတယ်။
ဒီနေ့ ဗမာပြည် နိုင်ငံရေးတိုက်ပွဲရဲ့ ဗဟိုချက်ဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့အမွေ၊ အကြွင်းအကျန် တွေကို အမြစ်ဖြုတ်ဖို့ လုပ်နေတာနဲ့ အဲဒါကို ပြန်တွန်းလှန်မှုတို့ရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ နအဖအတွက်ရော၊ သူတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်နေသူတွေအတွက်ပါ အင်မတန်မှ အရေးပါပါတယ်။ ဘယ်သူ့ဘက်ကမှ အရှုံးမခံနိုင်ပါဘူး။ ရှုံးလိုက်ရင် သမိုင်းနဲ့ချီတဲ့ ဆုံးရှုံးမှု ဖြစ်သွားနိုင်ပါတယ်။ အရင် ရရှိ ထားတာတွေ အကုန်ပြုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒီချုပ်ဘက်က ရှုံးတာဟာ ရှစ်လေးလုံး အရေးတော်ပုံ ဘက်တော်သားတွေဘက်က ရှုံးတာဖြစ်မှာမို့ ဒီပဋိပက္ခမှာ ဒီချုပ်နဲ့အတူ တသားတည်း ရပ်တည်ကြဖို့လိုပါတယ်။ တချိန်တည်းမှာပြောဖို့လိုတာက ဒီချုပ် အတွက်ဆိုရင် လည်း အခုအချိန်မှာ ပြည်တွင်းက ပြည်သူလူထုမှတပါး တခြားဘယ်သူ့ကိုမှ မျှော်လင့်အားထားလို့မဖြစ်ပါဘူး။ ကျန်တာ အားလုံးဟာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါတယ်။
နအဖဟာ သူတို့လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာကို သူများတွေ မသိ သိအောင် ဖော်ပြနေတာကို အားလုံးသတိပြုမိကြပါ လိမ့်မယ်။ သူတို့ရဲ့မောက်မာမှု၊ သူတို့ရဲ့ရက်စက်မှုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ရင် ရလိမ့်မယ်လို့ တွက်ထားကြပါတယ်။ တဘက်မှာလည်း သူတို့ဟာ ရွေးကောက်ပွဲဆိုတဲ့ ဖဲချပ်ကို ချကစားလိုက်ခြင်းအားဖြင့် အတိုက်အခံတွေထဲမှာ၊ ငြိမ်းအဖွဲ့တွေ ထဲမှာ၊ နောက်ပြီး တိုင်းရင်း သားတွေထဲမှာ အက်ကြောင်းတွေ ပေါ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီလိုကစားလိုက်ရင် အင်အားနည်းသူတွေ၊ ရပ်တည်ချက် မခိုင်မာ သူတွေ စိတ်လှုပ်ရှားတတ်တယ် ဆိုတာကို သူတို့သိပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ကာလတခုမှာ ဒီလိုအချင်းအရာတွေ တော် တော်များ များကို နအဖက ဖန်တီးလာမယ့် သဘောရှိပါတယ်။ ဒီတော့ အခုအချိန်မှာ အချင်းချင်း သွေးကွဲအောင် လုပ်တာမှန်သမျှဟာ နအဖအ ကြိုက် လုပ်တယ်လို့ ပြောရပါမယ်။
တကယ်ကျတော့ နအဖရဲ့ ဖွဲ့စည်းပုံရော၊ ရွေးကောက်ပွဲရောဟာ ပြည်သူတွေအတွက် ဘာမှ အကျိုး မရှိရုံမက အဲဒါတွေ အောင်မြင် သွားလို့လည်း ပြည်သူတွေရဲ့ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ကို လျော့ နည်းစေမှာ မဟုတ်ပါဘူး။ အာဏာရှင်တွေ ဖန်တီးထားတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုတာတွေဟာ အဲဒီ အာဏာရှင်တွေ နန်းကျရင် ပျောက်သွားတတ်တာပါပဲ။ ဗမာပြည်သမိုင်းမှာ ပေါ်ခဲ့ဖူးတဲ့ ဖွဲ့စည်း ပုံအ ခြေခံဥပဒေ နှစ်ခုစလုံးဟာ အာဏာသိမ်းသူတွေကြောင့် ရုတ်ချည်းပျောက်ကွယ်ခဲ့ရတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။ ဒါပေမယ့် ဒီမို ကရေစီ တိုက်ပွဲကာလ ရှည်ကြာနေတာ၊ အခက်အခဲနဲ့ ပေးဆပ်ရမှုတွေ များလွန်းနေတာတို့ကို စိတ်မရှည်၊ တင်းမခံနိုင်သူတွေကိုတော့ ဒီနအဖရဲ့သဏ္ဍာန် အရ အောင်ပွဲတွေက တွေဝေ၊ တုံ့ဆိုင်းတာတွေ ဖြစ်ကောင်း ဖြစ်စေပါလိမ့်မယ်။

ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရှစ်လေးလုံး အာဇာနည်တွေအပေါ် သစ္စာရှိသူတွေရဲ့ ပိုင်းဖြတ်ချက်ကိုတော့ နည်းနည်းမှ နှဲ့နိုင်မှာ မဟုတ်ပါဘူး။ ။


အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, July 23, 2008

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်...(ငြိမ်းဝေ)


(၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည့်အတွက် ၄၄ နှစ်မြောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အောက်မေ့ဖွယ် အခါသမယတွင် ဂုဏ်ပြုသည့်ဆောင်းပါး ဖြစ်ပါသည်။)

သခင်ကိုယ်တော်မှိုင်းဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို လေ့လာတဲ့အခါ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလ အမျိုးမျိုးကို အခြေခံထားပြီး လေ့လာသင့်တယ်လို့ ထင်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သမိုင်းရေးခေတ်ကာလတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

(က) ၁၉၀၀ ပြည့်နှစ်လွန် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

(ခ) ၁၉၂၀ ခုနှစ် ၀န်းကျင် အမျိုးသားရေးစိတ်ဓာတ်များ အနိုးကြားဆုံးကာလ

(ဂ) ၁၉၄၀ - ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးကြိုးပမ်းမှုကာလ

(ဃ) ၁၉၄၈ ခုနှစ်အလွန် လွတ်လပ်စ ငြိမ်းချမ်းရေး၊ဒီမိုကရေး ကြိုးပမ်းမှုကာလ

ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာတွေဟာ သူတို့ဖြတ်သန်းရတဲ့ ခေတ်ကာလအသီးသီးနဲ့ တနည်း မဟုတ်တနည်း ပါဝင်ပါတ်သက်နေမှာပဲ ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာလည်း ကဗျာဆရာ၊ သတင်းစာဆရာ၊ စာရေးဆရာတဦးဖြစ်တာမို့ အထက်က ကျနော်တင်ပြခဲ့တဲ့ ခေတ်ကာလ ၄ ခုအတွင်း မလွဲမသွေ ပါဝင်ပတ်သက်ခဲ့ရပါတယ်။ ဒါဆိုရင် အဲဒီခေတ်ကာလ ၄ ခုအတွင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လို ရပ်တည်ခဲ့သလဲ။ ဘယ်လိုပါဝင်ပါတ်သက်ခဲ့သလဲ။

(က) ၁၉၀၀ ပြည့်နှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားစကာလ

၁၉၀၀ ပြည့်ဝန်းကျင်ကာလဆိုတာ ကျနော်တို့နိုင်ငံ၊ အင်္ဂလိပ်နယ်ချဲ့လက်အောက် တနိုင်ငံလုံး အပြီးအပိုင် ရောက်ရှိခဲ့ရတဲ့ ၁၈၈၅ - ခုနှစ်ကစပြီးတွက်ရင် ကျွန်သက် ၁၅ နှစ်ကြာ ကာလဖြစ်ပါတယ်။ ကျွန်ဘ၀ကိုစပြီး ရောက်တဲ့အချိန်ကစလို့ မြန်မာတမျိုးသားလုံးရဲ့ ခုခံရေးစစ်ပွဲတွေကို ၁၀ နှစ်တာကာလအတွင်း အင်္ဂလိပ်နယ်ချဲ့တွေဟာ ဗိုလ်ချုပ် ၃ ဦး ကွပ်ကဲတဲ့ စစ်အင်အား ၃၅၀၀၀ ကို အသုံးပြုပြီးမှ နှိမ်နင်းခဲ့ရပါတယ်။

ကျွန်ဘ၀ကိုရောက်ရှိပြီး ၁၀ နှစ်၊ ၁၅ နှစ်အထိ ခုခံရေးတိုက်ပွဲတွေ အရှိန်မသေ

"သတင်းလှစွာ၊ အင်းဝတည်စဉ်အခါက

ထီမထင်သကွာ ဘာကိုမျှမစိုးတဲ့အပြင်

စည်ပင်သာယာ မြန်မာတွေလဲ မညှိုးခဲ့ပေဘု

တမ်းခိုးဂုဏ်ထောင်ရောင်ခြည်နဲ့

မှောင်မသီပြောင်ကြည်လို့ထွန်းတဲ့ပြင်

တောင်ဒီမှာ အောင်စည်ရွှမ်းခဲ့တယ်

နန်းသိုက်ကွာဝေးကာမှ၊ လွမ်းလိုက်ပါသေး ... " ဆိုတဲ့ မိဘုရားရှင်ဘို့မယ်ဘွဲ့ကဗျာကို ရေးပါတယ်။ ဒါဟာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားဖို့အတွက် အဲဒီအချိန်က ရှေ့ဆုံးက ရပ်တည်ထားတဲ့ သူရိယသတင်းစာကြီးမှာ ရေးခဲ့တာပါ။

သခင်ကိုယ်တော်မှိုင်းဒီနေရာမှာ တဖက်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့ လွတ်လပ်တဲ့လူမျိုးအဖြစ် ရပ်တည်ခဲ့တဲ့ ဒဇာတိပုညဒ ကို ဖော်ထုတ်အမွှန်းတင်သလို၊ အခြားတဖက်ကလည်း အဲဒီခေတ် အဲဒီအခါက အင်္ဂလိပ်အစိုးရက ဖိတခါ ခြောက်တလှည့်၊ မြှောက်တခါ ပင့်တလှည့် လုပ်ထားလို့ မြန်မာတချို့က နယ့်ချဲ့ကို အထင်ကြီးပြီး နယ်ချဲ့ယဉ်ကျေးမှုကို လက်ခံပြီး ကိုယ့်အမျိုးသားယဉ်ကျေးမှုကို အထင်အမြင်သေးလာကြပါတယ်။ မြန်မာနာမည် အခေါ်အဝေါ်တွေရဲ့ရှေ့က ဦးတို့၊ ကိုတို့၊ မောင်တို့ကို ဖြုတ်ပြီး မစ္စတာတွေ ရှေ့ကတပ်ပြီး မှည့်ကြ၊ ခေါ်ကြပါတယ်။ မင်းပွဲစိုးပွဲ၊ အခမ်းအနားတွေမှာ တောင်ရှည်ပုဆိုးကို ချွတ်ပြီး ဘောင်းဘီဝတ်၊ ဘွတ်ဖိနပ်စီးကြပါတယ်။ ဒီလိုအမျိုးသားယဉ်ကျေးမှု မှေးမှိန်ဖို့ ဖြစ်လာတဲ့အခါ ဆရာကြီးက ချဉ်ပေါင်ရွက်သယ် မောင်မှိုင်းဝတ္ထုထဲက အင်မတန် ကိုယ်ကျင့်တရားဖောက်ပြားတဲ့ ဇာတ်ကောင် 'မောင်မှိုင်း' ရဲ့ နာမည်ကိုယူပြီး အဲဒီမောင်မှိုင်းရဲ့ရှေ့က မစ္စတာတပ်ပြီး 'မစ္စတာမောင်မှိုင်း' ကလောင်အမည်နဲ့ 'ဗိုလ်ဋီကာ' ဆောင်းပါးတွေကို ဒလစပ် ရေးပါတော့တယ်။ ဒီအခါကျတော့မှ မစ္စတာတပ်ပြီး ရင်ကော့၊ ခြေဖျားထောက်လမ်းလျှောက်ကြတဲ့ အမျိုးသားရေး စိတ်ဓာတ်ချွတ်ခြုံကျ မြန်မာတချို့ဟာ သတိသံဝေဂနဲ့ အရှက်ရစေခဲ့ပါတယ်။

ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိပုညကိုဖေါ်ထုတ်ပြီး၊ ဇာတိပုညမှေးမှိန်မှုကို သတိပေးပြီး အမျိုးသားရေးစိတ်ဓာတ် မြှင့်တင်ဖို့ ကြိုးစားခဲ့သလို မြန်မာတမျိုးသားလုံး ဆင်းရဲမွဲတေသထက် မွဲတေလာ ရတဲ့အဖြစ်ဟာ နယ်ချဲ့အင်္ဂလိပ်အစိုးရရဲ့ ဖိနှိပ်သွေးစုတ်မှုသာဖြစ်တယ်ဆိုတဲ့ အတွေးကို ခြေရာခံနိုင်ဖို့ အခုလို ကဗျာမျိုးကိုလည်း ရေးခဲ့ပါတယ်။

” မွဲဘို့ရာကံကြမ္မာနှင့်

ဖန်လာပုံ ကုသိုလ်ကလည်းမကောင်းချင်တော့

အထက်ဟိုအညာမှာလေ

ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု

အညာမြေ ဌါနေဟောင်းဆီက

အကြွေး(တရာ)ကို၊ ဒွေးခါကလည်း တောင်းပြန်ပေါ့တဲ့

'အမယ်မင်း' မောင်းစရာရယ်လို့များတပ်လိုက်မှဖြင့်

ခေါင်းတခါခါနှင့်ဆပ်လှစွာသော

လှလှ စွေ့စွေ့ရယ်နှင့်၊ ၀၀ပြည့်ပြည့် နပြာတရှဉ်းကိုလ

ကျောင်းတကာကိုသာအပ်လိုက်ပေရော့

ရသရွေ့ဘာဘာညာ ညာရယ်လို့မငြင်းလေနဲ့

'မလေးရယ်' ရောင်းကာသာဆပ်လိုက်ပေတော့၊ ရွာရှေ့ယာတခင်း ဆိုပြီး ”အညာ မင်္ဂလာဆောင်ဘွဲ့ လေးချိုးကြီး” ကဗျာမှာ တစစ ဆင်းရဲမွဲတေလာနေတဲ့ မြန်မာတောင်သူလယ်သမားတွေရဲ့ဘ၀ကိုလည်း မီးမောင်း ထိုးပြခဲ့ပါတယ်။

(ခ) ၁၉၂၀ ခုနှစ်ဝန်းကျင် အမျိုးသားရေးစိတ်ဓာတ် အနိုးကြားဆုံးကာလ

၁၉၂၀ ခုနှစ်ဝန်းကျင်ဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက်အားဖြင့် အသက် ၄၀ ကျော် ကာလဖြစ်ပါတယ်။ ဒီကာလမှာ အမျိုးသားရေးလှုပ်ရှားမှုတွေဟာလည်း ပင်လယ်ရေလှိုင်းတွေလို တခုပြီးတခု မြင့်သထက် မြင့်လာနေတာတွေ့ကြရပါတယ်။ လယ်သမားဆိုရင်လည်း လယ်သမားမို့၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားမို့၊ ကျောင်းသားဆိုရင်လည်း ကျောင်းသားအလျောက်၊ လူတန်းစား အလွှာအသီးသီးဟာ တချိန်က တသီးတကန့်စီ လှုပ်ရှားနေခဲ့ကြရာက တပ်ပေါင်းစုပုံသဏ္ဍန်အဆင့်အထိ အမျိုးသားရေးတိုက်ပွဲ ပုံသဏ္ဍန်ဟာ တိကျမှန်ကန်အားကောင်းလာခဲ့ပါတယ်။

ဒီလို အမျိုးသားရေးတိုက်ပွဲ၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွေ ထန်ပြင်းလာနေတဲ့အခါ အမျိုသားရေး တိုက်ပွဲ နည်းနာကိစ္စမှာလည်း အငြင်းပွားစရာတွေ၊ အမြင်ရှုပ်ထွေးနိုင်စရာတွေကို ကြုံကြရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဟိုတချိန်တုန်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ ဂုဏ်ရောင်ပြောင်စွာ နေလာနိုင်ခဲ့ကြတယ်ဆိုတဲ့ ခေတ်ကို ဖော်ထုတ် ပြောဆိုတဲ့အခါ အမျိုးသားလွတ်လပ်မှု၊ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားယဉ်ကျေးမှု အခိုင်အမာရှိမှုကိုပဲ မီးမောင်းထိုးသင့်ပြီး ပဒေသရာဇ်စနစ်ကို ပြန်လည်လက်ယပ်မခေါ်မိဘို့၊ နိုင်ငံရေးအမြင်ကြည်လင်ဖို့ လိုအပ်တယ် ဆိုတဲ့အချက်ကို လူအတော်များများက မသိကြပါဘူး။ နယ်ချဲ့ကိုဆန့်ကျင်တဲ့အခါ အခုလို ခေတ်မီမှန်ကန်တဲ့ ခံယူချက်မထားနိုင်ခဲ့ကြပါဘူး။ ဒီနေရာမှာတော့ ဆရာကြီးဟာ မှားယွင်းတဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို ခွဲခြားနိုင်ခဲ့ပါတယ်။ အမျိုးသားရေး ကျိုးပမ်းဆောင်ရွက်သူတွေထဲမှာ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင် ဆရာကြီးက "မှန်ကန်တဲ့ အမျိုးသားရေးသမား" တွေဘက်က ရပ်တည်ပါတယ်။

ဒီနေရာမှာ ဟိုခေတ်ဟိုအခါအနေနဲ့ လွယ်မယောင်နဲ့ ခက်တဲ့ပြဿနာတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ကိစ္စတို့၊ အင်္ဂလိပ်အစိုးရလက်အောက်မှာပဲ အိန္ဒိယနဲ့ တွဲပြီးနေမလား၊ ခွဲပြီးနေမလားဆိုတဲ့ တွဲရေး၊ ခွဲရေးပြဿနာ၊ တခါ ကုလားဗမာ အဓိကရုဏ်းပြဿနာတွေဟာ အမျိုးသားရေး ကြိုးပမ်းမှု လှေကားထစ် အဆင့်တိုင်း အဆင့်တိုင်းမှာ ရင်ဆိုင်ဖြတ်သန်းကြရတဲ့ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်၊ ဒီနိုင်ငံရေး အကျပ်အတည်း၊ ဒီနည်းနာကိစ္စတွေဟာ တကယ်တော့ အဲဒီခေတ်က စာပေသမားတွေကို စိန်ခေါ်ခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ ဒီတုန်းက အဲဒီအမျိုးသားရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ လှေကားထစ်တချို့မှာ အမျိုးသားရေး ၀ါဒီဆိုတဲ့ ပုဂ္ဂိုလ်တချို့ဆိုရင် နိုင်ငံရေးအမြင် မွဲကျံတဲ့အတွက် လှေကားထစ်ဆုံးတဲ့အထိ တက်မလာနိုင်ဘဲ လမ်းခုလတ်မှာတင် ဘေးထွက်ကျန်ရစ်ခဲ့ကြရပါတယ်။

ဒီတုန်းက ဆရာကြီးက အခုလို ကဗျာမျိုးရေးပြီး သူ့ရဲ့ရပ်တည်ချက်ကို ဖော်ပြတာတွေ့ရပါတယ်။

" သို့လော သို့လော၊ သဘောနှစ်ဖြာ

မြို့ရောတောပါ မကွဲတဲ့အပြင်

ပေါင်းအသင်း တညီတညာ

ကသောင်းကနင်း ဖီလာလဲ မခွဲကြပေဘု

ဘ၀င်စောဖြူသဒ္ဓါ တမောက်မောက်ကဲချိန်မို့

ရှင်ရောလူပါ သောက် သောက်လဲပါရော ... " ဆိုတဲ့ ကဗျာမျိုးကို ရေးပါတယ်။ ဒီကဗျာဟာ ဦးဘဘေ၊ ဦးပုနဲ့ ဦးထွန်းရှိန်တို့ ဘိလပ်ကို သွားပြီး အရေးဆိုနေတဲ့အချိန်မှာ နောက်ပိုင်းက ကျန်နေရစ်ခဲ့ကြတဲ့ ဒ၀ိုင်၊ အမ်၊ ဘီ၊ အေဒ လူကြီးပိုင်းတချို့က အဲဒီ ပုဂ္ဂိုလ် ၃ ဦးကို ကန့်ကွက်ပြီး ဘုရင်ခံက ရေးဆွဲတင်ပြတဲ့ ဓမြန်မာပြည် အနာဂတ် အုပ်ချုပ်ရေးဓ ဆိုတာကိုပဲ ထောက်ခံကြောင်း ကြေညာတဲ့အခါ 'ဘေ၊ ပု၊ ရှိန်' သုံးဦးရဲ့နောက် လူထုတရပ်လုံး နှလုံးမကွဲ၊ သဘောနှစ်ခု မရှိတဲ့အကြောင်း နှိုးဆော်တဲ့ ကဗျာကို ရေးခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အားလုံးသိရှိကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားထုရဲ့ ပထမ၊ ဒုတိယ၊ သပိတ်တွေ၊ အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာခဲ့တာတွေ၊ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးကြိုးပမ်းမှု၊ ဂျီ၊ စီ၊ ဘီ၊ အေ အဖွဲ့ကြီးရဲ့ အကွဲအပြဲကိစ္စ၊ ဒိနောက်ပိုင်း ဆရာစံအရေးတော်ပုံ၊ ဗိုလ်စံဖဲအရေးတော်ပုံ၊ ၉၁ - ဌာနအုပ်ချုပ်ရေးကိစ္စ၊ ကုလားဗမာအဓိကရုဏ်း၊ သခင်ဂိုဏ်းကြီးပြိုကွဲခြင်း ... အစရှိတဲ့ သမိုင်းရေးပြဿနာတွေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဘယ်လိုရှုမြင်ခဲ့တယ်၊ ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာကို ကဗျာတပိုဒ်ချင်းစီ အနည်းငယ်မျှ ကျနော်တင်ပြချင်ပါတယ်။

" အော် ... တချို့တွေကဖြင့် အမြို့မြို့ကြွကြွပြီး

ငို့ဘ ပလီဥာဏ်ဖြင့်

ဝစီကံ အလိမ်အညာစကားတွေနှင့်

အတည်အမှန်ကိုလိမ်ကာ ထားတဲ့ပြင်

အသား ပြာတာတာနှင့်

ကုလားမြန်မာခွဲလျင်ဖြင့်

မနည်းပေါင် တကဲ့ တန်ခိုးတွေက မိုးနှင့်ကမ္ဘာတေမျှ ပေပ

ကိုးဆယ့်တဌါနကိုလ၊ မြန်မာရလျင် မရှည်ကြာဘု

တပြည်တရွာ မျက်နှာငယ်နှင့်ပြောင်းလာတဲ့

ကလီကမာ အနက်ထည်တွေဂျောင်းရမယ့်အပြင်

အပေါင်ဆုံးနယ်မြေမှာ အချောင်ဆုံးနယ်မြေကောင်းတွေတဲ့

သြော် ၀တိန်နီးအောင်ပ၊ အရှိန်ကြီးပေတဲ့ သိမ်ကြီးဈေး 'စူရတီဘဇာ' ကိုတောင်

ပုသိမ်မနီးမဝေး လူစည်ရာသို့ပြောင်း တဲ့ပြီး

အတွေးမသာယာတဲ့ ရသေ့တကာမွေ့စရာ ကောင်းပါတဲ့

သြော် ... ထမင်း၀၀ကျွေးမဲ့ဘုရင်ကိုတောင် မင်းကမွေးတဲ့ အင်းခွေးက အင်္ဂလန်မောင်းမည်သို့

ကပြောင်းကပြန် အရှုပ်ညဏ်သမားတွေရဲ့

ကြောင်းမတန် မဟုတ်မှန်စကားတွေနှင့်

မတရားတချို့ မတော်လေတယ်နော်ကွယ်

နားတဖြို့ဖြို့၊ ခါးသမို့သာပ ကြားလို့မလျော် ... "

ဒါကတော့ ၁၉၂၉ ခုနှစ်မှာဖြစ်လာတဲ့ ဟိုတုန်းက အင်္ဂလိပ်လက်အောက်ခံဖြစ်တဲ့ အိန္ဒိယနဲ့ တွဲမလား၊ ခွဲမလားဆိုတဲ့ ပြဿနာပေါ်လာတဲ့အခါ၊ ကျွန်အချင်းချင်း ကြောချင်းကပ်ပြီး အမျိုးသားရေး တိုက်ပွဲဝင်တဲ့ နည်းဟာ မှန်ကန်တယ်ဆိုတဲ့ တွဲရေးအတွက် နှိုးဆော်တဲ့အစုနဲ့၊ အိန္ဒိယနဲ့ ခွဲပြီးနေသင့်တယ်ဆိုတဲ့ အစုရယ်လို့ ၂ စု ကွဲတဲ့အခါ အင်္ဂလိပ်အစိုးရရဲ့ သွေးခွဲရေးဥာဏ်နီဥာဏ်နက်ကို အမျိုးသားရေးခေါင်းဆောင် တချို့က အမှန်အတိုင်း မမြင်နိုင်ခဲ့ကြပါဘူး။ ခွဲရေးသမား ၂၁ ဦးကတဖက်၊ တွဲရေးသမား ဦးစိုးသိမ်း၊ ဦးချစ်လှိုင်တို့ အစုကတဖက် ဖြစ်လာပါတယ်။ လူထုကလည်း ဘယ်ဘက်ကို လိုက်ရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာလည်း ခွဲရေးဘက်က ထောက်ခံတဲ့ သတင်းစာနဲ့ တွဲရေးဘက်က ထောက်ခံတဲ့ သတင်းရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီးက တွဲရေးဘက်က ထောက်ခံပြီး ရပ်တည်ခဲ့ပါတယ်။ ကိုလိုနီဘ၀လွတ်မြောက်ဖို့ တိုက်ပွဲဝင်ရာမှာ ကိုလိုနီနိုင်ငံအချင်းချင်း ညီညွတ်လာနေတဲ့ အခြေအနေကို အင်္ဂလိပ်အစိုးရက ညီညွတ်ရေးပြိုကွဲအောင် ဖန်တီးလိုက်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို နားလည်ပါတယ်၊ ဆရာကြီးက နိုင်ငံရေးအမြင် မကြည်လင်နိုင်ခဲ့ကြတဲ့ ခွဲရေးသမား၂၁ ဦးနဲ့ ပတ်သက်ပြီး အခုလို ကဗျာဖွဲ့ပြီး ထိုးနှက်ရှုတ်ချလိုက်ပါတယ်။

"အစာမြင်လျင်။ ဗမာမခင်မူ၍

သာသနာပလ္လင်နှင့် ဝေးတဲ့အောင်

(အမယ်မင်း)ကျွေးမဟဲ့ အနှူးတွင်ဖြင့်

ခွေးအဖွဲ့ထူးရယ်လို့၊ နဘေးလှည့်လှည့်ပြီး

ပြေးသနဲ့၊ကျွေးမကွဲ့ မြူးတတ်တဲ့ ၀န်မင်းရယ်

ခွေးနှစ်ဆယ့်တဦး ..." ဆိုပြီးရေးခဲ့ပါတယ်။

ဆရာကြီးရေးဖွဲ့ရှုတ်ချခဲ့တဲ့ အဲဒီခွဲရေးသမား ၂၁ ဦးဟာလည်း အင်္ဂလိပ်ကပေးတဲ့ လစာ ၅၀၀၀ ကို ယူခဲ့ကြတာမို့ အမျိုးသားရေး သစ္စာဖောက်များအဖြစ်နဲ့ နာမည်ပျက်ခဲ့ကြပါတယ်။

တခါ ... ၊ တက္ကသိုလ်ကျောင်းသားများက ကျွန်ပညာရေးစနစ် တိုက်ဖျက်ရေး တိုက်ပွဲခေါ်သံကို ရန်ကုန် တက္ကသိုလ်ဝန်းထဲကနေပြီး ဟစ်ကြွေးလိုက်တဲ့ အခါမှာလည့်း့ 

"အော် ... ဝေးခရီးကပေမဲ့

အရေးကြီးလျှင်ဖြင့်၊ သွေးနီးရာပါစမြဲပေမို့

ဆရာလည်းကွာ၊ ပထမအရင် ကနဦးဆီက

မြန်မာ့တခွင်မှာ၊ သမတ ရှင်ဘုရင် မလူးခင်ပ

' ထ ' ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့

' ထီ ' မထင်ကျောင်းတော်သားတွေရဲ့

အမည်စဉ်မှာ ခေါင်းအပေါ်ဖျားမှာလ

မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့" လို့၊ ရဲတင်းသံ အကျယ်လောင်ဆုံးနဲ့ ပြန်ထူးခဲ့ပါတယ်။

တခါ ... လယ်သမားသူပုန်ကြီး ဂဠုန်ဆရာစံရဲ့ ပုန်ကန်မှုကြီး ပေါ်ပေါက်လာတဲ့ အခါကျပြန်တော့လည်း ဓရဂုံစံ ချစ်စရာ တပည့်တို့မှာဖြင့်၊ ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေတော့ ..." ဆိုပြီး အတိအလင်း ထောက်ခံအားပေးခဲ့ပါတယ်။

ဒီလိုကျောင်းသားထုတိုက်ပွဲ၊ လယ်သမားထုတိုက်ပွဲတွေဟာ ရန်၊ငါ စည်းခြားဖို့ လွယ်ကူတဲ့ပြဿနာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရန်၊ငါ ခွဲခြားဖို့ခက်တဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်ပွားလာတဲ့ အခါမျိုးမှာ တနည်းအားဖြင့် နိုင်ငံရေး နည်းနာအရ အမှန်အမှား ခွဲခြားဖို့ရန် ခက်ခဲတဲ့ ပြဿနာမျိုးတွေမှာ ဆရာကြီးရဲ့ ရပ်တည်ချက်တွေဟာ ဘယ်တော့မှ မမှားခဲ့တာ၊ မတွေဝေခဲ့တာ၊ မှုန်ဝါးခဲ့တာရယ်လို့ မရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဥပမာ တခုပြောရရင် ' ကုလားဗမာ အဓိကရုဏ်း' ပြဿနာမျိုး ဖြစ်ပါတယ်။ ကုလားတွေဟာ မြန်မာတမျိုးသားလုံးရဲ့ ရန်သူလား။ ရန်သူအစစ်ဟာ ဘယ်သူလဲ။ ဒီလိုခွဲခြားစမ်းစစ်တဲ့အခါ ကုလားလူမျိုးတွေဟာ မြန်မာတွေရဲ့ ရန်သူမဟုတ်ဘူး၊ အင်္ဂလိပ်နယ်ချဲ့ အစိုးရသည်သာ ရန်သူအစစ်ဖြစ်တယ်။ ကုလားဗမာ အဓိကရုဏ်းတွေ ဖြစ်လာရတာကိုက နယ်ချဲ့အစိုးရရဲ့ သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့်သာဖြစ်တယ် ကုလားလည်းကျွန်၊ ဗမာလည်းကျွန်ပဲ ကျွန်အချင်းချင်း လက်တွဲပြီး ဘုံရန်သူ အင်္ဂလိပ်နယ်ချဲ့ အစိုးရကိုသာ ဦးတည်တိုက်ကြရမှာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဒီတုန်းက အဲဒီခေတ်၊ အဲဒီနိုင်ငံရေး ရေချိန်အရ ပြောရရင် အခုလို အမှန်အတိုင်းမြင်ဖို့ရာ ခက်ခဲလှတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ အမျိုးသားရေးဝါဒီတချို့ဆိုရင် ကုလားဆန့်ကျင်ရေး တရားတောင် ဟောခဲ့ကြသေးတယ်။ ဒီလိုအင်မတန် သိမ်မွေ့မြင့်မားလှတဲ့ နိုင်ငံရေးပြဿနာမျိုးမှာတောင်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက " သြော် ... အခွန်တိုး စာရင်းတွေနှင့်၊ ၀န်ထမ်းပိုးမကင်းနိုင်တဲ့၊ အလွန်ဆိုးခြင်း ပမာမှာလေ၊ ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့သလား၊ နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊ အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊ အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊ စစ်ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာဓ ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုတ်ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

(ဂ) ၁၉၄၀ ခုနှစ်လွန်ဝန်းကျင် လွတ်လပ်ရေဿးကြိုးပမ်းမှုများကာလ

ဒီကာလအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စိတ်နှလုံးကို အဆွဲဆောင်နိုင်ဆုံးအဖြစ်အပျက် ၂ ခုရှိပါတယ်။ တခုက ဖဆပလအဖွဲ့ချုပ်ကြီးက ခေါင်းဆောင်ပြီး အထွေထွေသပိတ်ကြီးဆင်နွှဲလာတဲ့ အဖြစ်အပျက်နဲ့ နောက် တခုက အမျိုးသားခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာတဲ့အခါ ဟိုအရင် ဗဟန်းကောလိပ် သပိတ်တိုက်ပွဲတွေကို ပြန်လည် အောင့်မေ့ပြီး စိတ်အားတက်ကြွစေတဲ့ 'လွတ်လပ်ရေးအတိတ် သပိတ်ဘွဲ့ မဟာကဗျာ လေးချိုးကြီး' ထဲမှာ ဆရာကြီး က အခုလို ထည့်သွင်းရေးစပ်ပါတယ်။

" မြန်မာတခွင်၊ သပိတ်အမှောက်ပေါချိန်မို့၊ ဆရာသခင် အရိပ်နမိတ် တဆိတ်ဟောလိုက်မကွဲ့၊ မြှောက်သနဲ့ ခြောက်သနဲ့၊ ရာဇာဂုဏ်းကို မြောက်တဲ့ ကြောက်တဲ့ အာရုံမခေါ်ကြလေနဲ့၊ (အမယ်မင်း) အဟောဒိဋ္ဌ လောဂျိတ်ပြသလိုပ၊ စောစိတ်က အောင်ပစေ အောင်ပစေ ညွှန်းညွှန်းပြီးတော့ (သြော်) တောသပိတ် ဒကာမတွေနဲ့၊ ရောကြိတ်လိုက် ရောကြိတ်လိုက်ဟလို့၊ သြဒိဿ အောင်သပြေ ညောင်ရေသွန်း ..." ဆိုပြီး ရေးပါတယ်။

ဒီနေရာမှာ ကြားညှပ်ပြီး ပြောစရာရှိတာက အထွေထွေသပိတ်ကြီးကို ကြောက်ပြီး ဘုရင်ခံ ဒဆာဒေါ်မန်စမစ်ဒ က ၀မ်းကိုက်လို့ဆိုတဲ့ အကြောင်းပြပြီး အင်္ဂလန်ကို ပြန်ပြေးတဲ့အခါ ဆရာကြီးက အင်္ဂလန်သို့ ဘုရင်ခံပြန်ပို့တဲ့ မေတ္တာစာလေးချိုးကို ရေးပါတယ်။ ဒီကဗျာထဲမှာ ဆရာကြီးက လူမျိုးခြားအစိုးရပဲဖြစ်ဖြစ်၊ ကိုယ့်လူမျိုးအချင်းချင်း အစိုးရပဲဖြစ်ဖြစ်၊ ဘယ်အစိုးရမဆို မတရား ဖိနှိပ်သွေးစုပ်အုပ်ချုပ်ရင် လူထုက ဆန့်ကျင်ကြမှာသာဖြစ်ကြောင်း ရေးပါတယ်။ ဒီအချက်ဟာ ဆရာကြီးတို့ခေတ်၊ ဆရာကြီးတို့ ဖြတ်သန်းနေကြရတဲ့ ကာလမှာ ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက် ဘယ်လောက်အထိ မြင့်မားကြည်လင်တယ်ဆိုတဲ့ အချက်ကို အဖြေထုတ်ပေးတဲ့ ကဗျာပိုဒ် ဖြစ်လာခဲ့ပါတယ်။ ဆရာကြီးက အခုလိုဖွဲ့ပါတယ်။

" မြန်ပေါ်ဇမ္ဗူ လူတမျိုးဟာက

လူမျိုးခြား အရှင်သခင်မဆိုထားနှင့်တော့၊

ကိုယ့်အမျိုးသား ဘုရင်ကိုတောင် မမှီခိုသာမှဖြင့်

မကြည်ညို မသဒ္ဒါ ရက်ရက်စက်စက် ဆဲတဲ့ပြီး

သည်လိုအခါမှာ အသက်နဲ့လဲမဟဲ့လို့

ဝက်ဝက်ကွဲအောင် ဆူကြပူကြတဲ့အပြင်

လူအ လူန တက်တက်ရိုးတွေမို့

(အမယ်မင်း)အိုးတိုး အတနဲ့

အမျိုးမျိုး ဂွကျ ဂွကျပြီး

နသိုးထပိုး ကသကဲ့သို့ ရိုးရိုးရွရွ မရွှင်မပြုံးမှု၍

(သြော်)တန်ခိုးတပြပြ သူခိုးဓားပြကဲ့သို့သော

အစိုးတရ ရှင်ဘုရင်ကိုတောင် မမြင်ချင်အောင်မုန်းဓ

ဆရာကြီးရဲ့ စိတ်နှလုံးကို ထိခိုက်စေတဲ့ နောက်ထပ်အဖြစ်အပျက်တခုကတော့၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ အများသိကြတဲ့အတိုင်း ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံကြရတဲ့ ကိစ္စဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့အခါ ဆရာကြီးက ကဗျာတပုဒ်ရေးပြီး ကြေကွဲခဲ့ပါတယ်။ ဒီကဗျာတပုဒ်ဟာဖြင့် ဆရာကြီးဘယ်လောက်အထိ စိတ်ထိခိုက် ကြေကွဲခဲ့ရတယ်ဆိုတာ အလွန် ပေါ်လွင်စေတဲ့ ကဗျာပါ။

" သြော် ... အဆောင်ဆောင်နန်းတွေ ကြငှါန်းတွေနှင့်နှော

အခေါင်မမြန်းခင်က အောင်စာတမ်းချို့စေဘို့

အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်

အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်

သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်

ဒေါင်းလံ ပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင် ..." ဆိုပြီး ရေးပါတယ်။

(ဃ) ၁၉၄၈ ခုနှစ်လွန် လွတ်လပ်စ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ

၁၉၄၈ ခုနှစ် လွတ်လပ်ပြီးနောက်၊ ၁၉၅၀ ခုနှစ်တ၀ိုက်မှာ အမျိုးသားသွေးကွဲမှုကြီး ဖြစ်လာခဲ့ပါတယ်။ အမျိုးသား စည်းလုံးရေးပြိုကွဲမှုကို ကိုင်တွယ်ဖြေရှင်းကြတဲ့အခါ တိုင်းရင်းညီအကိုအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း၊ သွေးစွန်းတဲ့အထိ သွေးကွဲလာခဲ့ပါတယ်။ ဒီလို အမျိုးသား ညီညွတ်ရေးပြိုကွဲပြီး သွေးစွန်းတဲ့အထိ ပဋိပက္ခှတွေ ဖြစ်လာတဲ့အခါ ဆရာကြီးက ဒီပြဿနာတွေကို နိုင်ငံရေးနည်း၊ တနည်းအားဖြင့် အကြမ်းမဖက်တဲ့ နည်းနဲ့သာ ဖြေရှင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာရအစိုးရ တာဝန်ရှိသူတွေဟာ ဆရာကြီးရဲ့စကားကို လျစ်လျှူရှုခဲ့ကြပါတယ်။ အပြုတ်တိုက်ရေးလမ်းစဉ်ဟာ မှားပြီး အကြမ်းမဖက် ဆွေးနွေးညှိနိုင်းရေး လမ်းစဉ်က မှန်တယ်လို့ ယူဆပါတယ်။ ဆရာကြီးရဲ့ သင်ပုန်းချေတဲ့ နည်းနဲ့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့ဆိုတာ အစိုးရကိုယ်တိုင်က မကျင့်သုံးနိုင်တော့ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်း ထတောက်ပါတော့တယ်။ ဒါကြောင့်မို့ ဆရာကြီးက နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးကို ဖွဲ့ပြီး ရန်ကုန်မြို့လုံးကျွတ် ငြိမ်းချမ်းရေး လူထုဆန္ဒပြပွဲကြီး လုပ်ပါတယ်။ လူထုပရိသတ် ၂၀၀၀ ကျော် ပါဝင်ပြီး၊ သံဃာထု ၃၀၀၀ ပါဝင်တဲ့ သံဃာထုအစည်းအဝေးကြီး ဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေး ပန်ကြားလွှာတွေ ထုတ်ပါတယ်။ ဒီကိစ္စကို ထိရောက်အောင် ဆောင်ရွက်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားပေမယ့် ၀န်ကြီးချုပ်ဦးနုက အတွေ့မခံခဲ့ပါဘူး။ ဒီတုန်းက ဆရာကြီးရဲ့ " သူမသာ ကိုမနာ နည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကြပါ၊ တွေ့ဆုံဆွေးနွေးကြပါဆိုတဲ့ သြ၀ါဒ" ဟာ တမျိုးသားလုံးရဲ့ နှလုံးသားမှာ စွဲမက်သွားစေခဲ့ပါတယ်။

ဒါပေမဲ့လည်း တတိုင်းပြည်လုံး ပြည်တွင်းစစ်မီး တားမရ ဆီးမရ၊ ငြှိမ်းမရ သတ်မရ ဖြစ်လာတဲ့အခါ ဆရာကြီးခမျာ သောကဖိစီးပြီး အခုလို ကဗျာမျိုးကို ဖွဲ့ပါတယ်။

" ဒဂုံမြို့က အလွန်အကျွံ ချီးကြတဲ့

ချွန်လည်း ချွန်သတည်းဆိုတဲ့ ထိုတကဲ့ဝန်ကြီးခမျာတွေကို

အလွန်လည်း ဆရာသနားမိတဲ့အပြင်

အများတပည့် ကိုယ့်အမျိုးဘာသာတွေမှာ ခိုကိုးရာမဲ့ချိန်မို့

တလှဲ့တဖုံမျိုးသာပ ဘိုးဘိုးခေါ်ဒဆရာအောင်ဒနှင့်

မြန်မာဘောင် ကနက်ဘမရာသနဆီသို့

လာမယောင် ' စင်္ကြာ ' တမိပါတော့

လောကတခွင်မှာနော်ကွယ်

ဟောမရ ပြောမရတွေကြောင့် သောက ပူပင်" ဆိုပြီး ပူဆွေးမြည်တမ်းခဲ့ပါတယ်။

အဲဒီ လွတ်လပ်စခေတ်ဦးမှာပဲ အာဏာရအစိုးရက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ' အလင်္ကာ ကျော်စွာဘွဲ့' အပ်နှင်းပါတယ်။ နိုင်ငံတော် အထောက်အပံ့ဆိုတာမျိုးတွေ ပေးပါတယ်။ ဒီအခါကျတော့ လူတချို့က ဆရာကြီးကို အစိုးရက ချီးမြှောက်သလိုလိုနဲ့ စည်းရုံးသိမ်းသွင်းတာ ခံနေရပြီလို့ ဝေဖန်ကြပါတယ်။ ဆရာကြီးကတော့ ဟောသလိုကဗျာမျိုး ရေးပြီး သူ့ရပ်တည်ချက်က ဘယ်လိုဆိုတာ နိုင်ငံသိအောင် ကြေညာလိုက်ပါတယ်။

" သြော် ...နှီသည့် အတွက်ကယ်ကြောင့်

ဆီထည့်သည့် ခွက်လိုပေါ့

ပီတိပွက်ပွက်ပြီဲး ပြည်ကြီးဘက်မှာ အတော်ပေါတဲ့ပြင်

ဘော်ကြော့ဘက်မှာ တသက်လည်း ချစ်မကွာ ချစ်မကွာနဲ့ မေတ္တာရောက်လေတော့

တချက်တည်း ပစ်ပစ်ခါခါ သစ္စာဖောက်မယ်လို့

သခင် - အထင်မရောက်ကြလေနဲ့

မကြောက်မညှာာ မှန်ရာလုပ်သူမို့

အနုတ်စုတ် ဂုတ်စုတ်၊ အမြှောက်စိန် ဖေါက်ချိန်လို့ ခွဲသလိုပေါ့

တသုပ်နောက်တကြိမ် ပေါက်ဆိန်ပွဲမှာလဲ

သြော် - အသင်းတို့ အပင်းတို့ သတင်းတို့နဲ့ အဆက်မကွာအောင်ဟာ

မင်းတို့ဘက်မှာသာ ကြဲမဲ့ နွှဲမဲ့ပြင် ..."

ဒါကတော့ ဆရာကြီးက သူဟာ လူထုဖက်သာရပ်မယ့်လူဖြစ်တယ်လို့ အတိအလင်းကြေညာတဲ့ ကဗျာပါပဲ။

၁၉၅၂ ခုနှစ်အလွန်မှာ ကိုရီးယားစစ်ပွဲဟာ၊ ကမ္ဘာငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါတယ်။ ပြည်တွင်း စစ်မီးက မငြိမ်းသတ်နိုင်တဲ့ကြားက ကမ္ဘာ့စစ်မီး ထတောက်တော့မယ့် အန္တရာယ်ကိုလည်း မြင်ရတော့ ဆရာကြီးအဖို့ အင်မတန် သောကရောက်ခဲ့ရပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို အသက် ၇၀ ကျော်ကာမှ လူငယ်တွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ရရှာပါတယ်။

၁၉၅၂ ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံပေါင်း ၃၇ နိုင်ငံ ကိုယ်စားလှယ်များနဲ့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကို ဆရာကြီး တက်ရောက်ပြီး ကမ္ဘာ့စစ်မီး ထတောက်မယ့်အရေးကို ၀ိုင်းဝန်းဖြေရှင်းကြဖို့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်၊ ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကြီးကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆရာကြီးထားရှိတဲ့၊ ဆရာကြီးလက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေး နည်းနာဆိုတာ၊ မူအားဖြင့် လူထုနည်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ နည်းဖြစ်ပါတယ်။ လူထုညီညွတ်ရင် စစ်မီးတွေကို နိုင်အောင်ငြှိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ စစ်မီးတွေ၊ ပြည်တွင်းစစ်မီးတွေကို မွှေးတဲ့ တရားခံဟာ၊ နယ်ချဲ့သမားတွေနဲ့ ဖောက်ပြန်မှားယွင်းတဲ့ အစိုးရတွေသာဖြစ်တယ်ဆိုတဲ့ စစ်ကိုဖန်တီးတဲ့ စစ်ရဲ့တရားခံကိုလည်း ရှင်းရှင်းပြတ်ပြတ်ပဲ မြင်ပါတယ်။ တခါ စစ်မီးတွေကို အပြီးအပြတ် ငြှိမ်းသတ်နိုင်တဲ့နည်းဟာ အပြုတ်တိုက်ရေးနည်း မဟုတ်ဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတဲ့နည်းသာ မှန်တယ်ဆိုတဲ့ နည်းကို ဆရာကြီးက ယုံကြည်ပါတယ်။

တခါ ...၊ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ လူတန်းစားအမြင် ကြည်လင်ဖို့လည်း လိုအပ်ပါတယ်။ ဆရာကြီးဟာ အလုပ်သမား၊ လယ်သမား လူတမ်းစား ၂ ရပ်ရဲ့ အရေးပါပုံကို လက်ခံသူဖြစ်ပါတယ်။ ဒါဟာ ဟိုခေတ် ဟိုအခါ သမိုင်းရေးအခြေအနေမှာ အမှန်ကန်ဆုံးနဲ့ အတိုးတက်ဆုံးအမြင်ဖြစ်ပါတယ်။ ဒီလိုအယူအဆကို ဆရာကြီးရဲ့ ကဗျာတပုဒ်မှာ အခုလိုတွေ့ရပါတယ်။

" သြော် ... ဇမ္ဓူတခွင်တွင်ဖြင့်

လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်းတူကြ၊ မတူချင်လဲ နေကြပေါ့နော်

ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့

တူတံဇင် ဓမ္မ ကထိကမှိုင်းရယ်လို့

ကမ္ဘာ့အထိကရ နှစ်ပိုင်းတွင်ဖြင့်

စစ်ကိုင်းအောင် ကမ္ဘားယံတခွင်

(အိုကွယ်)ကမ္ဘာ့က၀ိဓစ မှိုင်းရယ်လို့

သမိုင်းအောင်လံတင် ..." ဆိုပြီး ရေးတာတွေ့ရပါတယ်။

ဒီကဗျာပိုဒ်ထဲက အောက်ပါစာသားတွေကို ဂရုတစိုက်ထားပြီး ဖတ်ကြည့်ပါ။

" လူအသွင် အပြင်နှင့်တကွ

မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့

တူချင်လည်း တူကြ၊မတူချင်လဲ နေကြပေါ့နော် ..."

ဒီကဗျာစာသားတွေဟာ ဒီကနေ့ လက်ခံကျင့်သုံးလာကြတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ၀န်းကျင်ကတည်းက လက်ခံယုံကြည် ကျင့်သုံးခဲ့တယ်ဆိုတဲ့ အချက်ကို အံ့သြဘွယ် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဂိုဏ်းဂနကိစ္စ၊ ပုဂ္ဂလကိစ္စ၊ အယူဝါဒကိစ္စ၊ လူမျိုးကိစ္စ၊ ဘာသာကိစ္စတွေမှာ ဆရာကြီးရဲ့အမြင်ဟာ ဓမတူတာတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဓဆိုတဲ့ ဒဗဟုဝါဒဒ ကို ဆရာကြီး လက်ခံယုံကြည်ခဲ့တယ်ဆိုတာ သိတာထင်ရှားစေနိုင်တဲ့ ကဗျာစာသားများဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော်ဘာ့ကြောင့်တင်ပြခဲ့ရသလဲ။

ကျနော်တို့ စာပေသမားတွေအနေနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ကို စိန်ခေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဘယ်လိုရပ်တည်ချက်မျိုးနဲ့ ရပ်တည်ဖြေရှင်းသင့်သလဲဆိုတဲ့ အဖြေကိုရဖို့အတွက် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်တွေကို ကျနော် တင်ပြခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဆီက ကျနော်တို့အတုယူ သင့်တဲ့အကြောင်း တင်ပြခဲ့တာပဲဖြစ်ပါတယ်။

အမှန်အားဖြင့် ၀န်ခံရမယ်ဆိုရင် ဆရာကြီးရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ကျနော် တင်ပြခဲ့တာ ပြီးပြည့်စုံခြင်း မရှိဘူးဆိုတာ ၀န်ခံရမှာဖြစ်ပေမယ့် ကျနော် လက်လှမ်းမီသလောက် အခုလို တင်ပြခြင်းဖြင့်ပဲ စာပေရဲဘော်များအတွက် တစုံတရာ အကျိုးရှိစေမယ့် တင်ပြချက် ဖြစ်နိုင်ကောင်းရဲ့လို့ ကျနော် ယုံကြည်မိပါတယ်။

ညှိနှိုင်းကိုးကားသည့် စာအုပ်များ

(၁) ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးပေါင်းချုပ်

(၂) သခင်ကိုယ်တော်မှိုင်း လက်ရွေးစဉ်လေးချိုးတရာ (မောင်တင်ရွှေ)

(၃) ဗိုလ်ဋီကာ (မစ္စတာမောင်မှိုင်းး)

(၄) စာပေအင်အား (အထက်ဗမာနိုင်ငံစာရေးဆရာအသင်း)

(၅) ခွေးဋီကာ (သခင်ကိုယ်တော်မှိုင်း)

(၆) မြန်မာကဗျာစာတမ်းများ(စာပေဗိမာန်ထုတ်၊ ပြည်သူ့လက်စွဲစာစဉ်)

(၇) သခင်ကိုယ်တော်မှိုင်း(မောင်တင်ရွှေ)

(၈) မှာတော်ပုံနှင့် စစ်ကိုင်းပြန်မှာတော်ပုံ (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, July 16, 2008

သတင်းထောက်တဦးရဲ့ ရင်ဖွင့်သံ … လပွတ္တာမြင်ကွင်း


အောင်သက်ဝိုင်း/ လပွတ္တာ(ဧရာဝတီမဂ္ဂဇင်းမှ)

ကျနော်အခု လပွတ္တာကပြန်ရောက်ရောက်ချင်း အင်တာနက်ဆိုင်ကိုတန်းဝင်လာတာပါ။ အခြေ အနေတွေက အစိုးရပြောသလို လုံးဝမ ဟုတ်ဘူးဗျ။ တော်တော်ကိုဆိုးတယ်။ အရင်တုန်းက ဒုက္ခသည်တွေက စခန်းတွေမှာဒုက္ခခံရတယ်။ အခု ကိုယ့်နေရာကိုယ်ပြန်ပြီး ဒုက္ခခံရ တယ်။ ကိုင်းသောင်၊ ကညင်ကုန်း၊ ရွေး၊ ပြင်စလူ ရွာတွေရောက်ခဲ့တယ်။ ပြန်လည်ထူထောင်ရေးအ တွက်ဆိုပြီး လုပ်အားဝင်ပေးခိုင်းတာ အကြီးအကျယ်ပဲ။
“မင်းတို့ ရပ်ရွာတွေ ပြန်လည်ထူထောင်ဖို့ ငါတို့စစ်သားတွေက ရောက်လာတာ။ မင်းတို့တတွေ ငါတို့နဲ့ ပူးပေါင်းလုပ်” ဆိုပြီး လုပ်အားပေး ခိုင်းတာပဲ။ ရိုက်တာ၊ နှက်တာတွေလည်း ရှိတယ်။ ၃မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ ကစားကွင်းကနေရသေးတဲ့ ဒုက္ခသည်ေ တွအများကြီးလုပ် အားပေးအခိုင်းခံနေရတယ်။ သူတို့က လုံးဝမပြန်ချင်ကြဘူး။ လုပ်အားပေးမလိုက်ရင် စခန်းက မောင်းထုတ်မယ်ဆိုလို့သာ လုပ်အားပေး လိုက်ကြရတာ။ စခန်းတွေကို သြဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်မယ်၊ မပြန်ရင် အကြမ်းဖက်မယ်လို့သတိပေးထားတယ်။
ကုလသမဂ္ဂကို သိပ်အထင်မကြီးနဲ့ဗျို့။ သူတို့တွေက လူထုနဲ့တသားတည်းမဖြစ်ဘူး။ ဒေါ်လာ ရလို့အလုပ်လာလုပ်နေကြတာ။ ဒုက္ခသည်တွေ အရမ်းအခက်အခဲဖြစ်နေတယ်ဆိုတာ သိတာတောင် သတင်းမထုတ်ပြန်ပေးကြဘူး။ အစိုးရငြိုငြင်မှာ အရမ်း ကြောက်နေ ကြတယ်။ သူတို့တွေက အခြေအနေကိုအမြဲထိတွေ့နေရတာ။ သိတယ်။ သူတို့ရဲ့ဒေါ်လာရနေတဲ့ လုပ်ငန်းတွေ ရပ်သွားမှာစိုးလို့ သိရဲ့ သားနဲ့ မသိလိုက် မသိဘာသာ မျက်လုံးစုံ မှိတ်နေကြ တာ။

သူတို့အတွက်သုံးနေတဲ့ စရိတ်တွေက ဒုက္ခသည်တွေကို ထောက်ပံ့နေ တဲ့စရိတ်ထက်များ မယ်လို့ ထင်တယ်။ အိမ်အကောင်း စားတွေကို တလ ကျပ် ၁၀ သိန်း နဲ့ ၁၅ သိန်းအကြား ပေးပြီး ငှားနေကြတယ်။ တကယ်လို့သာ သူတို့တွေ စေတနာရှိရင် အသုံးစရိတ်ကို လျှော့ချပြီး ဒုက္ခသည်တွေအတွက် သုံးငွေ အပိုထွက်လာအောင် လုပ်သင့်တာပေါ့ဗျာ။ ပြီးတော့သူတို့ တွေက ၀တ်ကျေတန်းကျေဗျ။ လူမှုရေးစိတ်ဓာတ်အရင်းခံပြီး လာလုပ်နေတာ မဟုတ်ဘူး။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။
အခု ထပ်တောင်းတဲ့ ဒေါ်လာ သန်း ၂၈၀ ဆိုတာ သူတို့အတွက်ပဲ နေမှာပေါ့။ ဒုက္ခသည် တွေကတော့ တာပေါ်လင်စကို အမိုး အကာလုပ်၊ ၀ါးလုံးနဲ့ တဲထိုး၊ WFP က မသေရုံပေးတဲ့ ဧည့်မထ ဆန်ညံ့ကို စားနေရတာ။ မိုးလေးရွာနေလို့ ဒုက္ခသည်တွေ အတွက် ရေအဆင် ပြေနေ တာ။ မိုးသာမရွာရင်တော့ ဖြစ်လိုက်မယ့်ကပ်ရောဂါတွေ။ ဆေးကုသမှုအပိုင်းနဲ့ပတ် သက်လို့လည်း အဲဒီ အန်ဂျီအိုတွေ မရောက်သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ အဓိက ပြောချင်တာကတော့ ဒုက္ခသည်တွေမှာ အားကိုးရာမရှိဘူး။
ကျနော်ရောက်သွားတဲ့ ရွာတွေက ဒုက္ခသည်တွေက ကျနော့်ကိုတိုင်ကြတယ်။ သူတို့ရင် ဆိုင်နေရတဲ့ အခြေအနေတွေကိုပေါ့။ သူတို့စိတ် ထဲမှာ ကျနော်က သူတို့ကို တခု ခုဖြစ်အောင် ကူညီပေးနိုင်မယ်ဆိုပြီး မျှော်လင့်နေကြတယ်။ အဲဒါ ကျနော်ဝမ်းအနည်းဆုံးပဲ။ ကျနော်က သူတို့အတွက် သတင်းရေးပေးရုံကလွဲရင် ဘာဆိုဘာမှမတတ်နိုင်ဘူးဗျ။ ကျနော်ရေးတဲ့ သတင်းတွေက သူတို့တွေကို မကယ်တင်နိုင် ဘူးဆိုတာ ကျနော်ကိုယ်တိုင် သိတယ်။
ကမ္ဘာက သိမယ်၊ နိုင်ငံတကာက သိမယ်၊ ဒါလောက်ပဲ။ အဲဒါအကုန်ပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီး တွေတောင် လပွတ္တာ မြို့ပေါ် မှာရှိနေပြီး ဒီဒုက္ခသည်တွေကို မကူညီနိုင်တာ ကျနော်လို သတင်းထောက် တယောက်က ဘာကူညီနိုင် မှာလဲ။ ကျနော့်အတွက်တော့ သတင်းကောင်းတွေ ရမယ်၊ လူတွေဖတ်ကြမယ်၊ အရေးကောင်းရင် ချီးကျူးကြမယ်၊ ဒါပဲ။ လာ မယ့် ဇူလိုင်လကုန်ဆိုရင် ၃ မိုင်၊ ၅မိုင်၊ ရတနာဒီပက လူတွေကို ဆွဲထုတ်မယ်။ တဲတွေ ဖျက်မယ်။ နှင်မယ်။ ပြောမရရင် ရိုက်ကောင်းရိုက်မယ်။
ဟိုးအရင် လပွတ္တာမြို့ပေါ်က ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေကို ၃ မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ စခန်းတွေကို ပို့တုန်းက ဘယ်လို ပို့ခဲ့တယ်ထင်လဲ။ ဘုရားကြီးဝင်းနဲ့ မြို့ပေါ် စခန်းက လူတွေကိုညနေ ၄ နာရီလောက် လပွတ္တာ မြို့မှာတပ်စွဲထားတဲ့ တပ်မ ၆၆ က စစ် သားတွေက နံပါတ်တုတ်တွေ သေနတ်တွေကိုင်၊ ဒုက္ခသည်စခန်းတွေကို ၀ိုင်း၊ ပြီးတော့ ကားကြီးတွေပေါ် ကို ကျွဲနွားတွေလို မောင်းတင်ခဲ့ တာဗျ။ အဲဒါ အခုမှ ဒုက္ခသည်တွေက ကျနော့်ကို ပြောပြတာ။ သူတို့အဲဒီလို ထပ်လုပ်ခံရမှာ ကြောက်နေကြတယ်။
အဲဒီလို ဒုက္ခသည်စခန်းတွေကို အင်အားသုံးရွှေ့တာ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေ သိတယ်။ ဘာဖြစ်လို့ သတင်းမထုတ်ခဲ့ကြတာ လဲ။ အဲဒီဖြစ်ရပ်ကို မြို့ခံတွေအားလုံးလည်းသိ တယ်။ အခုနောက်တကြိမ် အဲဒီလို ဖြစ်ဦးမယ်။ ပြီးတော့ စခန်းကို တာဝန်ယူထားတဲ့တပ်နဲ့ အာဏာပိုင်တွေက ညနေ အရက်မူးလာရင် “သူများ ထမင်းစားပြီး အပျင်းတက်နေတဲ့ ဟာတွေ၊ သူတောင်းစားတွေ၊ ကိုယ့်အိမ်ကိုယ် ပြန် ကြပါလား” ဆိုပြီး ဆဲတယ်။ အဲဒါ မခံနိုင်တဲ့ ဒုက္ခသည်မိသားစုတွေက၊ အထူးသဖြင့် ယောက်ျားတွေက ပြန်အော်ရင် ခေါ်ပြီးရိုက်၊ ပြီးတော့ အဲဒီမိသားစုကို စခန်းက မောင်းထုတ်တယ်။ အဲဒါ တကယ့်ဖြစ်ရပ်မှန် တွေ။ စခန်း ၃ ခုစလုံးမှာ ဖြစ်နေတာ။ ပြီးတော့ အလှူရှင်တွေလာရင် ဘာမှ မလိုအပ်ဘူးဆိုပြီး ပြောခိုင်းတယ်။ အရမ်းလှူချင် တဲ့သူတွေက ဇွဲကောင်းကောင်းနဲ့ အကြာကြီး စကားတွေပြောပြီးမှ လှူလို့ ရတယ်။ အဲဒီအခြေအနေတွေကို ကုလသမဂ္ဂ သိမှာပါ။ ဒါပေမယ့်သူတို့ ဘာကြောင့် နှုတ်ဆိတ်နေကြတာလဲ ...။
ပြီးတော့လည်း TCG (အာဆီယံ၊ ကုလသမဂ္ဂ၊ နအဖ … သုံးပွင့်ဆိုင် ဗဟိုအဖွဲ့) ဘာတွေ ဘယ်လို စာရင်းကောက် သွားတယ် မသိဘူးလို့ လပွတ္တာ မြို့ခံတွေက ပြောတယ်။ လူငယ်လေးတွေ လာတယ်တဲ့။ သူတို့က အာဆီယံ ... ဘာဘာ ညာညာ အဖွဲ့ ကပါပေါ့။ ရွာတွေမှာ ဘာ တွေ ဖြစ်နေလဲသိချင်တယ်ဆိုပြီး လပွတ္တာမြို့ပေါ်မှာနေတဲ့ ရယကကို မရမက မေးတယ်။ ဟိုက ကျနော်တို့ အရမ်းကြီးမသိဘူး။ ရွာကို လိုက်ပို့ပေးမယ်ဆိုပြီးပြောတော့ အချိန်မရလို့ပါ၊ မြန်မြန်နဲ့ ခန့်မှန်းပြောပါဆိုပြီး စာရင်း တွေကောက်သွားလေရဲ့။ အဲဒါဘယ်လိုလုပ်ပြီး စာရင်းအမှန် ထွက်မလဲ။ ကျနော့်မှာ လူသက်သေတွေ၊ အထောက်အထား တွေအများကြီးရှိတယ်။ စာရင်းတွေကို အပေါ်ယံ လုပ်သွားကြ တာလေ။ အဲဒါ TGC ပေါ့။ အဲဒီ အစီရင်ခံစာက အခြေအနေမှန် ကို လုံးဝထင်ဟပ်မပြနိုင်တာ သေချာပေါက်ပဲ။
ပြီးတော့ အစိုးရနဲ့ VOA နဲ့ ဖြစ်ခဲ့တဲ့ လေဆင်နှာမောင်းကိစ္စ။ အစိုးရက လေဆင်နှာမောင်း မတိုက်ဘူး။ VOA ကတိုက်တယ် ဆိုပြီး ဖြစ်ခဲ့ တာ။ တကယ်တော့ တိုက်ခဲ့တယ်။ လပွတ္တာမြို့ ၃ မိုင် နားက ရွာတွေမှာ အိမ်တွေ အလုံးလိုက်ကို ကျွတ်ထွက် တာ။ သို့သော် VOA က ပြောတဲ့နေရာ လွဲသွားတာ။ အဲဒါ အစိုးရက ချက်ကောင်းရပြီဆိုပြီး ကိုင်လိုက်တာဗျ။
နောက်တခုက အစိုးရ ပြောနေတဲ့ လယ်ထွန်စက်တွေ ပေးနေတယ်။ မျိုးစပါးတွေ ပေးနေတယ်။ လှေတွေ၊ ပိုက်တွေပေးနေ တယ်ဆိုတဲ့ ကိစ္စ။ ရွာက လူတွေက ကျနော့်ကို ဘာပြောလဲသိလား။ မင်းက အစိုးရဘက်ကလားတဲ့။ သူတို့ဘာမှမရဘူးတဲ့။ ရတဲ့ရွာတွေတော့ ရှိတယ် တဲ့။ ဟုတ်တယ်။ ရတဲ့ရွာတွေရှိတယ်။ သို့သော် စက်အစုတ်။ လယ်တဧကကို ဒီဇယ်ဆီ ၂ ဂါလန် ပေးတယ်။ ဒါပေမယ့် အဲဒီစက်အစုတ် တွေက ပျက်တယ်။ ပြီးတော့ ဆီအရမ်းစားတယ်။ တဧက ထွန်ဖို့ ၄ ဂါလံနဲ့ ၅ ဂါလံ ကုန်တယ်တဲ့။ ပြီးတော့ စက် ၁၀ လုံးမှာ ၃ လုံးလောက် ပဲ ကောင်းတယ်တဲ့။ အဲဒီကောင်းတဲ့ ၃ လုံးကို ကိုယ့်လယ်မှာ ထွန်နိုင် ဖို့ ရွာလူကြီးကို ၂ သိန်းလာဘ်ထိုးရတယ်။ ပြီးတော့ ပေးတာက အ သုံးမကျတဲ့စပါး၊ နှံကား ဆိုတာ။ သူက ဆန်နာမည်ဆိုရင် မနောသုခပေါ့။ ကျဲလိုက်တယ်။ တပင်မှ မပေါက်ဘူး။ သူတို့အရင်ကစိုက်တဲ့ မျိုးစပါးကလည်း လုံးဝမရတော့ လယ်သမား တွေ ပက်လက်လန်ရော။
စပါးပင်မရှိတဲ့လယ်ကွင်းတွေကို မြစ်ကမ်းတလျှောက်မှာမြင်ခဲ့တယ်။ အစိုးရ လိမ်တာတွေက တော့ အံ့ရောပဲ။ စပါးပင်ရှိတဲ့ လယ်ကွင်းတွေ ကိုတော့ လပွတ္တာမြို့အ၀င် လမ်းတလျှောက်မှာပဲ တွေ့ခဲ့ရတယ်။ ဒါက မုန်တိုင်းသင့်ဧရိယာ တခုလုံးနဲ့ နှိုင်းရင် ဘာမှမဟုတ်ဘူးနော်။ တကယ့် ကိုရင်မောစရာပဲ။
ဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းကို အုပ်ချူပ်တဲ့ လူကြီးမင်းတွေနဲ့ မြို့ရဲ့ ရယက၊ မရက ဆွေတော်၊ မျိုးတော်၊ လပွတ္တာ မြို့ခံအိမ် ပိုင်ရှင်တွေ အတော့်ကို ချမ်းသာလာကြပြီ။ စားသောက်ဆိုင်တွေဆိုတာ ကြက်ပျံမကျ။ ပြီးတော့ လပွတ္တာမှာ UN က မမတွေ၊ ကိုကိုတွေ၊ ဦးကြီးတွေ၊ တခြား INGO က ကိုကို၊ မမ၊ ဦးကြီးတွေရဲ့ ချစ်ဇာတ်လမ်းလေးတွေကတော့ ဒေါ်လာငွေ ရာချီပေးငှားထားတဲ့ အိမ်ကြီး အိမ်ကောင်းတွေပေါ်မှာ ရှိလာပြီ။
ဒုက္ခသည်တွေကို လျစ်လျူရှုတဲ့သူတို့ကို ကျနော်တကယ်မုန်းတယ်။ ဒါပေမယ့် ဘာမှမသိရှာ လေတဲ့ ဒုက္ခသည် အများစုက တော့ UN နဲ့ INGO က ကျပ်ငွေ သောင်းဂဏန်းနဲ့ ဆန်လေး တွေပေးတာကို ကယ်တင်ရှင်ကြီးတွေအလား ထင်မှတ်ယူဆ ကိုးကွယ်နေကြ တယ်ဗျ။ ဆရာမ၊ ဆရာဆိုပြီး လေးလေးစားစား ရိုရိုသေသေ အောက်ကျို့ ဆက်ဆံနေကြ တယ်။ အေးပေါ့လေ။ အစိုးရက လုပ်မပေးတာထက် စာရင် သူတို့ကလုပ်ပေးနေတော့ ကယ်တင် ရှင်ကြီးတွေလို့ ထင်နေတာ သိပ်တော့ မဆန်းပါဘူး။ ကျနော်ကတော့ သူတို့ကို ဆောရီးပဲ။ အပြောကတော့ ရွှေမန်းတင်မောင်၊ အကကတော့ ချိုမိုင်မိုင်ဆိုတာတွေ။
အရင် ခရီးစဉ်တုန်းက ဒုက္ခသည်တွေကို သနားစိတ်၊ ဒီUN နဲ့ INGO တွေကို မုန်းတဲ့စိတ်နဲ့ ပြန်ခဲ့ရတယ်။ အခု ခရီးစဉ်လည်း ဒီလိုပဲ၊ နောက်ခရီးစဉ်လည်း ဒီလိုပဲလာဦးမှာပဲ။ ဘာဖြစ်လို့ လည်း ဆိုတော့ သူတို့တွေက လူစိတ်မရှိတဲ့သူတွေ ဖြစ်နေလို့ပါ။ အိုကေ။ ကျနော် ပြောတာ တွေ စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ရင်ထဲမှာ တော်တော်လေး ပေါ့သွားပြီ။

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, July 15, 2008

နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သူတို့ရဲ့အမြင်

ဦးအေးသာအောင် (အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီ)

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ခင်ဗျ။

ဖြေ။ ဒါတွေကို အန်ကယ်တို့အနေနဲ့ လက်မခံပါဘူး။ ဆန္ဒခံယူပွဲရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲရောကို လက်မခံနိုင်ပါဘူး။
ရွေးကောက်ပွဲကိုလည်း ဝင်မှာ မဟုတ်ဘူး။

မေး။ ဘာကြောင့် လက်မခံနိုင်တာလဲခင်ဗျ။

ဖြေ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ ၇ ဆင့်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲတာ၊ အခြေခံဥပဒေ ရေးဆွဲတဲ့ အနှစ်သာရ၊ အဓိကအားဖြင့် လုပ်ငန်းစဉ်တွေ အားလုံးဟာ ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို အဓိက မထားဘူး၊ အလေးအနက် မထားဘူး။ နအဖက တဖက်သတ်လုပ်နေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အပြင် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမယ်ဆိုတဲ့ အတွက်ကြောင့်၊ အဓိကအနေနဲ့ (၁) ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ ဦးတည်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း ဖော်ဆောင်မယ့် ဖွဲ့စည်းပုံ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လက်မခံဘူး။ ဒါကြောင့်မို့လို့ ဒီ ဖွဲ့စည်းပုံကို ပြည်သူလူထုနဲ့ တွဲပြီးတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သတ်လို့လည်း လက်မခံဘူး၊။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူး။ ဒါပဲ။

စီအာပီပီ က အစည်းအဝေး မခေါ်တာ ကြာပြီ။ စီအာပီပီ ရဲ့ သဘောထားကို ပြောတာထက် အန်ကယ်ရဲ့ ကိုယ်ပိုင် သဘောထားကို ပြောတာ။ စီအာပီပီ က မူလ သဘောထားကတော့ အကောင်အထည် ဖော်ရမယ်။ ပြည်သူလွှတ်တော်ကို ခေါ်ပေးရမယ်။ ဒါတွေနဲ့လည်း မကိုက်ညီဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်လာရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်က ပျက်ပြယ် မသွားနိုင်ဘူးလား ခင်ဗျ။

ဖြေ။ မပျက်ပြယ်နိုင်ဘူး။ ၉ဝ ရွေးကောက်ပွဲကို တစုံတခု အတိုင်းအတာအထိ အကောင်အထည် မဖော်ဘူးဆိုရင် ဒါပျက်ပြယ်သွားတယ်လို့ ပြောလို့မရဘူး။ ရွေးကောက်ပွဲရဲ့ သက်တမ်းကို ဘာနဲ့တိုင်းတာလို့ ရမလဲ။ လွှတ်တော် ခေါ်ရမယ်။ လွတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်များကို အသိအမှတ် ပြုရမယ်။ ဒါတွေ မလုပ်ဘဲနဲ့ ပျက်ပြယ်သွားပြီလို့ ပြောတဲ့လူကို အန်ကယ်တို့ လက်မခံနိုင်ဘူး။

မေး။ မြန်မာအလင်း သတင်းစာမှာ ရိပ်ဖမ်းသံဖမ်း ရေးနေတဲ့အပေါ် အန်ကယ်တို့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ (၁) အချက် နိုင်ငံတော်ကို တာဝန်ယူထားတဲ့ အစိုးရ တရပ်အနေနဲ့ တာဝန်ယူရမယ်။ ကိုယ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပေါ်မှာ အကောင်အထည် ဖော်ရမယ်။ အဲဒါကို မဖော်ဘဲနဲ့ တရားမဝင်ဘူးလို့ ပြောရင် ဒါ မမှန်ဘူး။ နောက်တခါ သတင်းစာတွေမှာ အစိုးရအာဘော်လား၊ ဘယ်သူ့အာဘော်လား မသိဘူး။ အဲလို ရေးနေတာကိုက တရားမဝင်ဘူး။

မေး။ ဆန္ဒခံယူပွဲကိုရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုရော လက်မခံဘူးဆိုတော့ အန်ကယ်တို့အနေနဲ့ ၉ဝ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး အန်ကယ်တို့ ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်သွားမလဲဗျ။

ဖြေ။ အခု နအဖ က ဘယ်လိုပဲ တဖက်သတ် လုပ်လုပ် တိုင်းရင်သား အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ပြည်သူတွေကတော့ လက်မခံဘူး။ အဲဒီလို အင်အားစုတွေကတော့ ဒီတိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့အတွက် ပူးပေါင်းပြီးတော့၊ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆက်ပြီးတော့ မဖြစ်မနေ လုပ်သွားမယ်ဆိုရင် အန်ကယ်တို့က ဘယ်လို ရပ်တည်သွားမလဲဗျ။

ဖြေ။ ဒါကတော့ နအဖ ဟာ ဘာကြောင့် တဖက်သတ် လုပ်သလဲ။ လုပ်ပေမယ့်လည်း အန်ကယ်တို့အနေနဲ့ ကိုယ်မူနဲ့ကိုယ် ရပ်တည်နေတယ်။ ဆက်ပြီးတော့လည်း ရပ်မှာဖြစ်တယ်။

မေး။ အတင်းအကျပ်လုပ်လာရင် ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ သဘောမျိုး သက်ရောက် မနေဘူးလား ခင်ဗျ။

ဖြေ။ သူတို့က ဒီလိုမျိုး လုပ်နေကြတာပဲ။ ၉ဝ ခုနှစ် ရွေးကောက်ပွဲကို ပယ်ဖျက်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာဆက်ပြောချင်ပါသေးလဲဗျ။

ဖြေ။ အန်ကယ်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ဆန္ဒခံယူပွဲကို လက်မခံခဲ့သလို၊ ဖွဲ့စည်းပုံကိုလည်း လက်မခံခဲ့သလို ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ပြင်လည်း မပြင်ဘူး။ တူရာတူရာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ လက်တွဲပြီးတော့ ရပ်တည်သွားမယ်။ သူတို့လုပ်သမျှကို လိုက်မလုပ်နိုင်ဘူး။ သူတို့ တဖက်သတ် လုပ်တိုင်းကို လိုက်မလုပ်နိုင်ဘူး

ရဲဘော် ဖိုးသံချောင်း (ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည် ကွန်မြူနစ်ပါတီ)

မေး။ ၂ဝ၁ဝ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အကိုတို့အနေနဲ့ ဘယ်လို့ မြင်ပါသလဲ ခင်ဗျ။

ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဟိုတလောက အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေဘောင်ထဲမှာ လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တယ်။ ဆိုလိုတာကတော့ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း အာဏာ တည်မြဲရေးအတွက် လုပ်ထားတဲ့ ဘောင်ထဲမှာ လုပ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု ရွေးချယ်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်လို့ လုံးလုံး မရဘူး၊ မဖြစ်နိုင်ဘူး။ အများကြီး ကွာတယ်။ အခု ရွေးကောက်ပွဲကနေ ရွေးကောက်လာမယ့် အမတ် အရေအတွက်မှာ စစ်တပ်က သူတို့အတွက် ၄ ပုံ၊ ၁ ပုံ ထားပြီးသား။ ကျန်တဲ့ နေရာတွေအတွက် ရွေးရမှာ ဖြစ်တယ်။ အဓိကနေရာတွေ တိုင်းပြည်အတွက် အဓိက နေရာတွေ၊ ဌာနတွေကို စစ်တပ်က ဦးစီးထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်ဟာ အမတ်ဦးရေအားဖြင့်ရော၊ ဒါမှမဟုတ်ရင် လုပ်ပိုင်ခွင့်အားဖြင့် သော်လည်းကောင်း စစ်အစိုးရရဲ့ လက္ခဏာ၊ စစ်အုပ်စုက ဗမာပြည်ကို ချုပ်ကိုင်ထားတဲ့ လက္ခဏာ၊ စစ်အာဏာရှင်ဆိုတဲ့ လက္ခဏာကို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူး။

မေး။ အဲဒီလိုဆိုတော့ NLD အနေနဲ့ ဘယ်လို ရပ်တည်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အမှန်အတိုင်း ပြောရရင် တခြားအဖွဲ့စည်းတွေကို ဘယ်လိုလုပ်ပါ ဆိုပြီးတော့ ပြောလို့ မသင့်တော်ဘူး။ ပြောလေ့လည်း မရှိဘူး။

ကျနော် ပြောနိုင်တာကတော့ NLD ဟာ NLD အနေအထားဟာ သူက ၁၉၉ဝ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ်ပေးထားတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ သူတို့ စဉ်းစားတဲ့ နည်းက ကျန်တဲ့ လူတွေ စဉ်းစားတာနဲ့ တူချင်မှ တူမယ်။ ကျန်တဲ့လူတွေ လုပ်တဲ့ဟာမျိုး သူတို့ လုပ်မရတာ။ သူတို့ဘက်က ကြည့်လိုက်လို့ ရှိရင်လည်း သူတို့နောက်မှာ ပြည်သူလူထု ရှိတယ်။ ကျန်တဲ့လူတွေမှာ နောက်ခံအင်အား မရှိဘူး။ အဲဒီလို အနေအထားတွေပေါ် မူတည်ပြီးတော့ သင့်တော်စွာ သူတို့ဘာသာ သူတို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်တယ်။

မေး။ ကွန်မြူနစ် ပါတီကရော ၂ဝ၁ဝ မှာ ဘယ်လိုမျိုး ရပ်တည်သွားမလဲဗျ။

ဖြေ။ ကျနော်တို့က ခုနက အခြေခံ၊ ရွေးကောက်ပွဲရဲ့ အခြေခံ။ အဲဒီလိုဆိုတော့ ရွေးကောက်ပွဲရယ်လို့ လက်တွေ့ ကျင်းပလာမယ်ဆိုရင်၊ ကျင်းပလာပြီဆိုရင် သပိတ်မှောက်ဖို့ ဆိုရင်တော့ မတော်ဘူး။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ သူတို့ စစ်ဗိုလ်တွေ လုပ်ချင်ရာလုပ်တော့ ဆိုပြီးတော့ လွှတ်တော်တခုလုံး ထိုးအပ်တဲ့ဟာမျိုး မဖြစ်အောင်လည်း စဉ်းစားသင့်တယ်လို့ ထင်တယ်။ နောက်ပြီးကျတော့ ပြည်သူလူထုဆိုတာလည်း အမျိုးမျိုးရှိတယ်။ စဉ်းစားနည်းတွေလည်း အမျိုးမျိုး ရှိတယ်။ တချို့ကလည်း ရွေးကောက်ပွဲ ဝင်ချင်တယ်။ လက်ဆုံစားချင်တယ်။ တချို့ကလည်း မစားချင်တော့ဘူး။ အဲဒါမျိုးတွေ ရှိနိုင်တယ်။ တချို့ စားချင်တဲ့လူတွေ အားပေးရမယ်၊ ပျော်ပျော်ပါးပါး စားစေချင်တယ်။ သူတို့စားမယ့်ဟာက အစိုးရကို ထိပ်တိုက်တွေ့မယ်၊ ရင်ဆိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့တာ။ အားပေးသင့်တယ်လို့ ကျနော် ထင်တယ်။ အဲဒီလိုလူတွေ ရွေးကောက်ဝင်တာ ဝင်သင့်တယ်လို့ ထင်တယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ ဟာမျိုး၊ ဥပေက္ခာ ပြုလိုက်တာမျိုး မဖြစ်သင့်ဘူး။

မေး။ ပါတီအနေနဲ့ မြေပေါ်မှာ ပြန်လည်လှုပ်ရှားဖို့ ရည်ရွယ်ချက်မျိုး ရှိလား။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိလား။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းက မြေပေါ်မှာ ရပ်တည်ခွင့် ရမှ မရတာ။ ကျနော်တို့ကို မြေပေါ်ရပ်တည်ခွင့် ပြုလို့ရှိရင် မြေပေါ်ပါတီတခု အနေနဲ့ သင့်တော်တဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေ ပြန်ချမှတ်ပြီးတော့ လုပ်သွားမှာ အမှန်ပဲ။ ကျနော်တို့ဟာ အစောကြီးကတည်းက ၁၉၉ဝ ခုနှစ် အပြီးကတည်းက စစ်အစိုးရဆီကို ဗြောင်ပြောပြီးသားပဲ။ ကျနော်တို့ ပါတီအနေနဲ့ တခြား အဖွဲ့အစည်းများနည်းတူ တရားဝင် ရပ်တည်ခွင့် တခုသာ လိုချင်ပါတယ်။ တခြား ဘာမှ တောင်းတာ မဟုတ်ပါဘူး၊ အတိအလင်း ပြောပြီးသား။ အဲဒီတုန်းက ကွန်မြူနစ် ဆန့်ကျင်ရေး၊ ဆိုရှယ်လစ် ဆန့်ကျင်ရေး ဆိုတဲ့ အဖွဲ့အစည်းလို ဟာမျိုးတွေတောင်မှ ဆိုင်းပုဒ်ထောင်ခွင့် ရတယ်။ ကျနော်တို့ ဆိုင်းပုဒ်ထောင်ခွင့် မရဘူး။ အဲဒီတုန်းက အဲဒီလို တင်ပြခဲ့တာ ရှိတယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပါတီထောင်ခွင့် ရှိတယ်ဆိုရင် ကွန်မြူနစ်ပါတီ အနေနဲ့ မဟုတ်ဘဲ တခြားနာမည်နဲ့ ပါတီထောင်ဖို့ ရည်ရွယ်ချက် ရှိပါသလား။

ဖြေ။ ကျနော်တို့ ကွန်မြူနစ်ပါတီက ကွန်မြူနစ်ပါတီအတိုင်း ရပ်တည်မှာဖြစ်ပြီး တခြား နာမည်နဲ့တော့ ပါတီထောင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။

မေး။ အခု ၂ဝ၁ဝ မှာ ပါတီတွေဖွဲ့ဖို့ လုပ်ရမယ်ဆိုတော့ တစညတို့၊ ကြံ့ဖွံ့တို့က ပါတီတွေ ထောင်လာနိုင်မယ့် အနေအထား ရှိပါသလား။

ဖြေ။ ဝင်လာမယ်လို့ ကျနော်တို့ တွက်ထားတယ်။ သူတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ၊ အရေအတွက်အရ များသထက် များအောင် လုပ်မယ်။ ငြိမ်းအဖွဲ့တွေကိုလည်း အတင်း ထောင်ခိုင်းမှာပဲ။

မေး။ တချို့ ငြိမ်းအဖွဲ့တွေက ပါတီထောင်လို့ရှိရင် လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့ ဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့် ငြိမ်းအဖွဲ့ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ သူတို့ အနေအထားတွေ ရှိပါတယ်။ တချို့က နားလည်ယူရမယ့် ဟာလေးတွေ ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပုံတူ မရဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ မတူတဲ့ဟာတွေ အမျိုးမျိုးရှိတယ်။ အဲဒီအတွက်ကြောင့် တပြေးညီ သတ်မှတ်တောင်းဆိုလို့ မရဘူး။ မတူတဲ့ အနေအထားအရ ကျနော်တို့ တမူထူးခြားတဲ့ အနေအထားရှိတယ်။ သာမန် ဗမာပြည်က ပုံမှန်လည်ပတ်နေတာ မဟုတ်ဘူး၊ နောက်တခါ မတူတဲ့ အနေအထားတွေမှာ ကျနော်တို့ အသိအမှတ်ပြု၊ အဲဒါတွေအရ အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်းတခု လူတဦးချင်း သုံးသပ်တာ အဲဒီလို လုပ်သင့်တယ်။

မေး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ ဖြစ်လာလို့ရှိရင် ဝင်ပြိုင်မယ့် ပါတီတွေလည်း ရှိလာမယ်။ အဲဒီလို ရှိလာလို့ရှိရင် NLD ရဲ့ အခန်းကဏ္ဍက ဘယ်ရောက်သွားမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ သူတို့က ဘယ်အခြေအနေ၊ ဘယ်ခြေလှမ်း လှမ်းမယ်ဆိုတာ တိုက်ရိုက် ဆက်နေတယ်လို့ ထင်တယ်။ ကျနော်တို့ သဘောကတော့ NLD ဟာ ပြည်သူလူထုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်နိုင်မှ အသက်ရှည်မယ်လို့ တင်တယ်။ ပြည်သူလူထုနဲ့ ကင်းကွာသွားလို့ရှိရင် အသက်တိုမယ်လို့ ထင်တယ်။ အဲဒါ တရားသဘော ပြောလိုက်တာပါပဲ။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲက အခု မေလမှ ကျင်းပသွားသလိုပဲ နိုင်ရာ၊ နိုင်ရာကို ဆွဲပြီးတော့ စစ်အစိုးရအနေနဲ့ ကျင်းပသွားခဲ့မယ် ဆိုလို့ရှိရင်ရော။

ဖြေ။ ကျနော်တို့ သဘောကတော့ နအဖ က လုပ်တဲ့ ခြေလှမ်းတွေ၊ လမ်းပြမြေပုံ အပါအဝင် အဲဒီနောက်ကို အတိုက်အခံတွေက လိုက်မျောပါနေလို့ မဖြစ်ဘူး။ ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဘာသာ လမ်းစဉ်ချမှတ်ပြီးတော့ လုပ်ရမှာ။ တပါထဲမှာ သူတို့ လုပ်တဲ့ဟာတွေကိုလည်း၊ ပေါ်ပေါက်လာတဲ့ ဟာတွေကိုလည်း အခါအားလျော်စွာ ရင်ဆိုင်ဖို့ လိုတယ်။ အဲဒီဟာနောက်ကို မျောပါမနေဘဲနဲ့၊ သူတို့နောက်ကနေ လိုက်မနေဘဲနဲ့၊ ဆန်စင်ရာ ကျည်ပွေ့လိုက် မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် အဖွဲ့အစည်းထဲမှာ လုပ်ငန်းစဉ် ချမှတ်ထားပြီးတော့ အကောင်အထည် ဖော်နေရမယ်လို့ ယုံကြည်တယ်။

မေး။ အဲဒါဆိုတော့ NLD ရဲ့ အခန်းကဏ္ဍက သူတို့ ပါတီ မူအတိုင်း လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးပဲလား။ ၂ဝ၁ဝ မှာ ပါတီတွေ ဖွဲ့ပါဆိုလို့ရှိရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်က ပျက်ပြယ် သွားမှာပဲလားခင်ဗျ။

ဖြေ။ ပါတီတိုင်းက သူ့လမ်းစဉ်အတိုင်း လုပ်ကြမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာလို့ရှိရင် ပျက်သွားမှာတော့ အမှန်ပဲ။ နအဖ က ဖျက်ပစ်ရင်၊ အခုကိုပဲ ကြေညာပြီးပြီပဲ။ တရားဝင်တာ မဟုတ်သေးတာပဲ။ ဒီဟာကို အသိအမှတ် မပြုတော့ဘူး၊ ပြီးသွားပြီဆိုတဲ့ ပုံသဏ္ဍာန်မျိုး ကြေညာပြီးပြီပဲ။ အဲဒီ ရလဒ်ကို ပျက်တယ်၊ မပျက်ဘူး ဆိုတာက ကျနော်တို့ ဆန္ဒအပေါ် မူမတည်ဘူး။ ကျနော်တို့ကတော့ အပျက်မခံချင်ဘူး။ သူက ဖျက်လို့ ပျက်သွားလို့ရှိရင် ဘာတတ်နိုင်မှာလဲ။ ကျနော်တို့ နောက်တလှမ်း လှမ်းဖို့ ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစားဖို့ လိုတယ်။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အကို့အနေနဲ့ ဘာများ ပြောချင်ပါသေးလဲခင်ဗျ။

ဖြေ။ ကျနော်တို့က တခြား အဖွဲ့အစည်းနည်းတူ တရားဝင် ပါတီထောင်ဖို့ ရှိတယ်။ ဒါပေမဲ့ နအဖ က ရှေ့လျှောက် မိုက်မိုက်ကန်းကန်း လုပ်မှာပဲ။ ကျနော်တို့ စိတ်ကူးယဉ်နေလို့ကတော့ မရဘူး။ နအဖ များ ပြန်လည်လာအုံးမလား၊ စိတ်ကောင်းလေး ပြန်ဝင်လာအုံးမလား၊ စိတ်ကူးယဉ်တဲ့ အထဲမှာ - ပြည်ပကများ အကူအညီတွေ ပေးနေအုံးမလား၊ အခုချိန်မှာ အဲဒီဟာတွေ စိတ်ကူးယဉ်တာ တမျိုးပဲ၊ မကောင်းဘူး။ တကယ့်ကို ဓား ဓားချင်း၊ လှံ လှံချင်း လုပ်ဖို့ ပြင်ရတော့မယ့် အခြေအနေမျိုး ရှိတယ်။ လျော့ရိ လျော့ရဲ လုပ်နေလို့ရှိရင် တိုင်းပြည်လည်း နာလှပြီ။ ထိပ်တိုက်ပဲ ပြောချင်တယ်။ ရှောင်နေလို့တော့ မရတော့ဘူးလို့ ပြောချင်တယ်။ သူတို့က ဆက်ပြီးတော့ ရမ်းနေတာ၊ သူတို့ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တော့မယ့် အခြေအနေ ဖြစ်တယ်။ ကျနော်တို့က ရှောင်နေလို့၊ ဟိုပြေးဒီပြေး လုပ်နေလို့တော့ မရတော့ဘူး။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မေး။ ထိပ်တိုက်ရင်ဆိုင်မလား၊ နအဖ လုပ်တဲ့ လမ်းစဉ်ပေါ်မှာ အခြေခံပြီးတော့၊ ရွေးကောက်ပွဲကို ဝင်ပြီးတော့မှ အတွင်းကနေ တိုက်မလားဆိုတဲ့ နှစ်ခုထဲက ဘယ်လိုမျိုးဟာကို လုပ်သင့်တယ် ထင်ပါသလဲ။

ဖြေ။ ထိပ်တိုက်ဆိုတာကလည်း Confrontation ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဟုတ်ဘဲ နည်းပရိယာယ်တွေနဲ့ လုပ်သွားဖို့ လိုတယ်။ ကိုယ့်ဘက်က အစီအစဉ် ဆွဲပြီးတော့မှ အသေအချာလုပ်မှ ဖြစ်တော့မယ်။ အိရော အိရောနဲ့ အရင်လို တိုက်ပွဲ ပုံသဏ္ဍာန်ဟောင်းတွေ၊ မအောင်မြင်တဲ့ ဟာတွေ ပြန်လိုက်နေလို့တော့ မဖြစ်တော့ဘူး။ လုပ်မှ ဖြစ်တော့မယ်။


myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, July 8, 2008

ဒေါက်တာလွမ်းဆွေရဲ့...အိပ်ဖွင့်ပေးစာ

ပြည်တွင်းပြည်ပ ခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ (၈-၇-၀၈)
လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပအတိုက်အခံခေါင်းဆောင် များသို့ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ


မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သား တစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက် ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။

နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမ ဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန် အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အ ရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာ ၀န်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟို ကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်းအားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက် လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိ သည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင် တောင်းပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက် နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာ ရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါ ရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အ ထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်း ပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။

တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)


myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, July 7, 2008

ကျောင်းဖွင့်ချိန်...။ တာရာမင်းဝေ...(သို့) ရွှေဘုန်းလူ


ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။

(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် …
… … နောက်ထပ် … …
… … နောက်ထပ် … …

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက … ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ … အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် … တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး … တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး … တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ … အရှုံးမပေးဘူးဟေ့ …
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် …
နောက်ဆုံးနေ့အထိ …

(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း … … …
ဒိန်းဒုံး ဆူညံသွားတယ် …
အဲဒီအခါ … ကျောင်းတော်မှာ …
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ … …
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ …
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် …။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု … သွေးပင်လယ်ကြီးခြားနေပါပြီ …
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် …
အဲဒီထဲက တချို့ဟာ …
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း …
ထုံးတံတားကို လျှောက်နင်း …
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ … နားလည်ခွင့်လွှတ်နိုင်ပါတယ် …
တချို့ကတော့ …
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် …
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို … လူစားတွေကိုတော့ …
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ … သမိုင်းမှာ …
“သစ္စာဖောက်” များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ …
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ …
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ …
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်…။

(၁၀)
နောက်ဆုံးမှာ …
ဒေါင်းအလံကို … ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို … သူရဲကောင်းတို့
အို … ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း …
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ …
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော …
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို … သူရဲကောင်းတို့
အို … ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

(ရွှေဘုန်းလူ)

myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, July 6, 2008

ကျဆုံးသွားသော ရဲဘော်ဆန်းလင်းအောင်အမှတ်တရ......

တချို့လည်းဖတ်ပြီးကြမှာပါ..ဒါပေမဲ့..ရဲဘော်ကြီးအတွက်အမှတ်တရ ပြန်ဖေါ်ပြလိုက်တာပါ။

ကျွန်တော် စိတ်လှုပ်ရှားမှုများဖြင့် ငြိမ် သက်စွာငေးမောနေသည်။ အမိုးပြော နေသည့် စကားလုံးတိုင်းက ရင်ကို စူးစိုက်နေသည်အလား။ “မိုးဦးအကျ စောမယ်ဆိုတာကလည်း တကယ် တော့ လောကဓံတွေပါလား အမေ ရယ်” ဆရာချောနွယ်၏ ကဗျာ စာသားများက ရင်ကို နာနာကျင်ကျင် တို့ထိ လျက်ရှိသည်၊ ဟုတ်ပါသည်။ အမိုးပြောနေသည့် အကြောင်းအရာ များက အကြွေစောသည့် ပန်းငုဝါလေးတွေ အ ကြောင်း။
[၁]
အမိုး၏စကားသံများက လောကဓံနှင့် အရင်းနှီးကြီး ရင်းနှီးနေသူ၏ လေသံ များအတိုင်း တည်ငြိမ်ခြင်းနှင့်အတူ လေးပင် ပြတ်သားခြင်း တို့ ရှိနေသည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့နေတာလား၊ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းလို့ ဖြေသိမ့်နေတာလား၊ ဒါမှ မဟုတ် ဘာဆိုဘာမှ စဉ်းစားမနေချင်တော့တာလား၊ သူမက ဘယ်လိုခံစားနေရသလဲ ဆိုတာ ကျွန်တော်က ခွဲခြမ်းစိတ်ဖြာကြည့်နေ ဖြစ်သည်။

ရဲဘော်ထူးအောင်ကတော့ စကားလုံးတွေကို စတင်နားလည်ကာစ ကလေးတယောက်လို သူပြောမည့် စကားများအတွက် အပြန်ပြန်အလှန်လှန် စဉ်းစားရင်း “သူ ... ကျသွားတယ်ဆိုတာကတော့ တကယ်ပါပဲ အမိုး” အသူတရာနက်သော ချောက်ထဲသို့ ထိုးဆင်းကျ ရောက်သွားသည့် စက္ကန့်နာရီများ၊ ထိုင်နေသူ အားလုံးဆီ တပြိုင်နက် အန်ကျလာသည့် သက်ပြင်း လှိုင်းပုတ်သံများ၊ ထိုစက္ကန့်ပိုင်းအ တွင်း သွေးလေရပ်တန့်သွားသည်ဟု ခံစားလိုက် ရသည်။ ဒီဖြစ်ရပ်ကို သိနေကြသူတွေ ဖြစ်ကြ ပေမယ့် ဒီစကားတွေ ပြန်ကြားရတော့ တုန်လှုပ်ခြောက်ခြားရသည်ကအမှန်၊ အထူးသဖြင့် စနစ်ဆိုးကြီးက ဝါးမြိုခြင်းဒဏ်ခံထားရသည့် မိခင်တယောက်ရှေ့မှာ သားတ ယောက်ရဲ့ ကံကြမ္မာကို အတိုရှင်းဆုံး စကားလုံးတွေနဲ့ ဖွင့်ဆိုပြနေရသည်က တုန်လှုပ် ခြောက်ခြားမှု နယ်ပယ်ကို ကျယ်သည်ထက် ကျယ်ဝန်းစေသည်။

“ရဲဘော်ဆေးရေ ... ရင်နှင့်အမျှ ကြေမွ နေကြရကုန်ပြီဗျာ”
[၂]
သူရဲ့မြန်မာအမည်က ‘ဆန်းလင်းအောင်’ ဒါပေမယ့် သူက ကရင်လူမျိုး။ စောဆေးကိုလို ကျနော်တို့ အားလုံးကတော့ သူ့ကို ‘ရဲဘော်ဆေး’ လို့လည်း ခေါ်တယ်။ သူနဲ့ ကျွန်တော် ကျောင်းသားတပ်မတော် (၆ဝ၁) တပ်ရင်းသို့ ရောက်ခဲ့ကြသည်က ရှေ့ဆင့်နောက်ဆင့်။ ပြည်တွင်း လူဘောင်သစ်ပါတီဝင်။ အလံ (၃) လက်ကို ကြံ့ခိုင်သူ။ အမှတ် (၆ဝ၁) တပ်ရင်း၏ ၁၉၉၂ စည်းရုံးရေး ခရီးစဉ်အတွင်း ၃/၈ လုပ်ဟန်အရ လူထုနဲ့အတူ တည်ဆောက်ခဲ့သူ။ သူတို့မြို့သား အဆိုတော် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းကို ဆွတ်ပျံ့ဖွယ် တီးခတ်သီဆိုတတ်သူ။

“သြော်...အနေဝေး၊ ရေဝေးမှာ ပြည်မှာဆောင်းကို ဆုံးရှုံး သွားခဲ့ပါပေါ့လား၊ ရဲဘော်ဆေးရယ်” သူက စိတ်လိုလက်ရ ဖြစ်တဲ့အခါ ကဗျာ ရေးလေ့ရှိတယ်။ ‘ဒီကမ္ဘာလောကမှာ သူရဲကောင်းဝါဒ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း မဟစ်ကြွေးပါနဲ့ မစ္စတာဂျော့’။ ဇွဲ ရှိသူတွေသာ အောင်ပွဲခံမှာပေါ့။ ‘နှင်းရည်တွေ သိုင်းဝိုင်းနေတဲ့ ရှမ်းရိုးမရဲ့ည မီးပုံနံဘေးမှာ သူကိုယ်တိုင် ရွတ်ပြခဲ့တဲ့ သူ့ရဲ့ကဗျာလေး’။ အခုတော့လည်း လွမ်းရ စေတော့ ရဲဘော်ဆေး ရေ။

သူက ဟာသဓာတ်လည်း ရှင်သန် ထက်မြက်နေတဲ့သူ။ အခြေခံဒေသ ထိုးဖောက်ရေး ထိုးစစ်ခရီးမှာ ကျွန်တော်တို့ အတူတကွ ချီတက်ခဲ့ ကြ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ။ သူရှိရင် မငြီးစတမ်း။ သူ့ ပြည်မြို့ရဲ့ ဟာသအကြောင်းတွေ။ သူနဲ့ သူ့သူငယ်ချင်းတွေရဲ့ အမြီးအ မောက်မတည့်တဲ့ ရယ်စရာဖြစ်ရပ်တွေ။ သူရဲ့ စက်မှုအထက် တန်းကျောင်းသား ဘဝဖြစ်စဉ်။ အမှုန့်ကြိတ် စက်ရုံ အလုပ်သမားဘဝ။ လူ့ဘောင်သစ် ပါတီဝင်အဖြစ် စွန့်စားခန်းတွေ။ ငတ်ပြတ်သူတွေ။ ပြည်မြို့ရဲ့ အာဇာနည်နေ့ လွမ်းသူပန်း ခွေချပွဲ သည်းထိတ်ရင်ဖို နိုင်ငံ ရေးထိုးစစ်။ နောက်တော့ သူ့မိသားစုအကြောင်း။ အဖေရယ်၊ အမိုးရယ်၊ သူရယ်၊ သူ့ညီမလေးရယ်။

“အေးဗျာ ... ကျွန်တော် တောခိုလာတော့ ညီမလေး တော်တော်ခံစားရမှာ ပဲ”

[၃]
‘ဗျာ ...’
“ဟုတ်တယ် ဖိုးခွား ... အငယ်ကောင်လည်း ဆုံးသွားပြီ။ အမိုး အိမ်ပြန်ရောက်တော့ သူ့အဖေလည်း ဆုံးသွားပြီ”

ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ကျွန်တော့် စိတ်တွေဟာ အရက်မူးသမားလိုမျိုး ယိမ်းယိုင်ပြီး ဆောက်တည်ရာ မရ ဖြစ်နေသည်။ ရဲဘော်ဆေး ပြောပြဖူးသည့် သူ့မိသားစုဘဝ ပုံရိပ်များက အပ်ချည်ကြိုးတစကို တဘက်က ကိုင် ထားရင် အပ်ချည်ကြိုးလုံး ပြုတ်ကျသွား သလိုမျိုး ဝရုန်းသုံးကား ပြုတ်ကျလာသည်။

“အဖေနဲ့ အမေက နယ်မြေလုရင်း ကျွန်တော်တို့ ၂ ယောက် ငယ်ငယ်ကတည်း က အတူမနေဖြစ်ကြတာဗျ”။

အမိုးရယ် လောကဓံဆိုတာ ရှစ်ပါးထက် မပိုဘူးဆိုပေမယ့် အမိုးအတွက်တော့ ပြင်းထန်လှချည်လားဗျာ။ ဘယ်လို ဖြစ်ရတာလဲ အမိုးရယ်။ ထောက်လှမ်းရေးတွေကလည်း အိမ်ကို ခဏခဏ လာမေးနေတယ်။
‘ဆေးကိုလို တောခိုသွားပြီး သိပ် မကြာဘူး။ သူ့အဖေက အိပ်ယာထဲ လဲတော့တာပဲ။ သူ့အဖေက နဂိုကတည်းကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်တော့။ ဆုံးသွားရှာတယ်။ သူဆုံးခါနီး သူသားကြီးကို သိပ်တွေ့ချင်ရှာခဲ့တယ်။ ဟင်း ...’
အမိုးဟာ ရှည်လျားစွာ စကားပြော နိုင်ဖို့အားယူတာလား။ ဒါမှမဟုတ် နာ ကျင်စိတ်တွေ လိပ်တက်လာလို့လား မသိ။ သက်ပြင်းတခုချပြီး ဆေးပေါ့လိပ်ကို ကောက် ဖွာလိုက်တယ်။ အနုမြူပြာလဲ့ နေတဲ့ မီးခိုး ငွေ့များကို ကြည့်ရင်း ကျွန်တော့် စိတ်တွေ အနုမြူဗုံးဒဏ် သင့်နေပြီ လားလို့ တွေးမိတယ်။ တကယ်တော့လည်း ဗမာတပြည်လုံးဟာ အနုမြူရောင်ခြည်တွေ လွှတ်ထားပြီး အဆိပ်သင့်နေတဲ့ လှောင်ချိုင့်ကြီးနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ အားလုံးဟာ အသက်ရှူသံ မျှဉ်းမျှဉ်းလေးတွေကိုတောင် ကြားနေရတဲ့အထိ တိတ်ဆိတ်စွာ အမိုး ကို ကြည့်နေကြတယ်။ အဲဒီ တိတ်ဆိတ်မှုကြီးဟာ ကြောက်စရာ ကောင်းတဲ့ တိတ်ဆိတ်မှု ကြီးပါပဲ။

အဲဒီအချိန်က အိမ်မှာ သူတို့အဖွားရယ်၊ အဒေါ် အပျိုကြီး နှစ်ယောက်ရယ်၊ အငယ်ကောင်ပဲ ကျန်ခဲ့တယ်။ သူ့ဦးလေး တယောက်ရှိပေမယ့် သူက ရန်ကုန်မှာ။ တခါတလေမှပဲ ပြည်ကိုရောက်လာလေ့ရှိ တယ်။ သူ့ဦးလေးကိုတော့ အငယ်ကောင်က ကြောက်တယ်။ ဒါပေမယ့် အပျို ကြီး အဒေါ်တွေကိုတော့ နည်းနည်းမှ ကြောက်ဘူး။

အဒေါ်တွေကလည်းဆုံး အဖေက လည်းဆုံး၊ အကိုကလည်း တောထဲမှာကျဆိုတော့ မဆူရက်၊ မပြောရက်၊ ပိုက်ဆံကလည်း တောင်းသ လောက်ရနေတော့ အငယ်ကောင်က ပျက်စီးလာတယ်။ မြန်မာပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက အရမ်းပေါတယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး ဘိန်းဖြူ စွဲသွားတယ်။

အမိုးဟာ ပြောလက်စ စကားကို ရပ်ပြီး မီးခြစ်လိုက်ရှာနေသည်။ မီးခြစ်ကို တွေ့သောအခါ မီးခြစ်ပြီး ဆေးလိပ်ကို မီးညှိ၏။ အမိုးရယ် အဲဒီ မီးခြစ်ထဲက မီးခတ် ကျောက်လိုမျိုး ကျွန်တော့် နှလုံးသားတွေ ပဲ့ကျနေရပါတယ်။ အမိုးက ဆေးလိပ်ကို အားပါးတရ ရှိုက်ဖွာပြီး မီးခိုးများ ကို မှုတ်ထုတ်လိုက်၏။

အမိုးရဲ့စိတ်တွေက ထိုမီးခိုးများလို အုံ့မှိုင်း ရှုပ်ထွေးနေပေလိမ့်မည်။
“သူ့အဒေါ်တွေက သူ့ဦးလေးဆီကို လှမ်းအကြောင်းကြားပြီး ဆေးဖြတ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူကလက်မခံဘူး။ သူ ဆေး မဖြတ်ချင်တော့ဘူးတဲ့။ သူ ဆေးဖြတ် လိုက်ရင် အခုဖြစ်နေတဲ့ သူ့ဘဝကိုသူ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့၊ သူ့ကိုယ်သူ သတ်သေသွားတာ မြင်ချင်ရင် ဆေးဖြတ်ပေးကြလို့ ပြောတယ်။ အင်း ... ခုတော့လည်း ဘိန်းဖြူနဲ့ပဲ ဆုံးပါးသွားရတာပါပဲ။”

[၄]
အမိုးနှင့် ကျွန်တော်တို့ ဆုံမိကြသည်က ညီလာခံကာလ၊ အမိုးက တယောက်တည်း စိတ်ကူးတဲ့ရာ သွားလာနေထိုင်ရင်း စိတ်ကို ဖြေ ကြည့်ဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ အခု ရောက်လာသည်က ရဲဘော်ဆေးကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာ တွေ့ရသည် ဟူ၍ သတင်းကြားသောကြောင့် ဖြစ်သည်။ ထိုသတင်းကို အမိုးက မယုံသော်လည်း အဒေါ် အပျိုကြီး နှစ်ယောက်က အတင်း လွှတ်သော ကြောင့် စုံစမ်းရင်း၊ မေးမြန်းရင်း ကျွန်တော့်ဆီ ရောက်လာခြင်း ဖြစ်သည်။ အမိုးက အရာရာကို မတုန်မလှုပ် ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တုန်လှုပ်ခြောက်ခြားနေ ရသူတွေက ကျွန်တော်တို့။

“အင်း ... သူတို့ အဖွားကိုတော့ ဆေးကိုလို ကျသွားတာ ပြောမပြရဲဘူး၊ သူ့အဖွားက အကြီးကောင်ကို ပိုချစ်တယ်။ အခုတော့ ပိုဆိုးသွား တာပေါ့၊ သားလည်း ဆုံး၊ မြေးအငယ်ကလည်းဆုံးဆိုတော့ ဆေးကိုလိုအကြောင်း နည်းနည်းမှ မဟရဲဘူး။ သူ့အဖွားကတော့ သူ့မြေးကြီး ပြန်လာလိမ့်မယ်လို့ပဲ ထင်နေတာ။”

အမိုးက ရှည်လျားစွာ ရှင်းပြပြီး၊ ငေးရင်းမောရင်း ဆေးလိပ်ကိုသာ တွင်တွင် ဖွာ နေတော့သည်။ အမိုးက ဗလာနယ်ထဲ လွင့်ကျသွားတာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မှာလည်း အမိုးပြန်ရင် သူ့မြေး ပြန်အလာကို မျှော်နေမယ့် အဖွားဆီ သတင်းစကား ပါးလိုက်စရာ ဘာမျှ မရှိတော့ပြီ။
“ရဲဘော်ဆေးရေ ရင်နှင့်အမျှ ကြေမွ နေရပါပြီဗျာ”။


[ဆေးကိုလိုမိုးနှင့် တွေ့ဆုံခဲ့စဉ်များ
အမှတ်တရ]
ညိုထက်(လမ်းသစ်ဦး)

myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, July 5, 2008

ကျဆုံးခန်း....ကိုဆက်

သမီးပေါ့အိုင်းရဲ့ ပန်းချီလေးပါ....


(မာယာကော့စကီး… သို့)
သူရေးခဲ့သောသီချင်းများကို
သူ့ဖာသာသိမ်းဆည်းထားခဲ့၊
ထိုသီချင်းများသည်
သူ့အဖို့ ၀န်ထုတ်ဝန်ပိုးဖြစ်ခဲ့…
သူ၏လှုံ့ဆော်ကဗျာများသည်
အတင်းအဖျင်းပြောခံခဲ့ရ။

ကြမ်းပိုးတေလေတကောင်၊ (မိန်းမများနှင့်ပတ်သက်၍)
နံမည်ဆိုးရှိနေသူတယောက်
လူတော်လူကောင်းမဟုတ်
ဆိုးဝါးရိုင်းစိုင်းသူ
တကိုယ်ကောင်းဆန်သူ ငတိ(ငနဲ) ထိုစဉ်က သူသည်။

သူသည်
နှလုံးသားနှင့်ပတ်သက်လျင်၊
စိတ်တိမ်းညွှတ်သူတဦး
အယူသည်း၊အစွဲအလမ်းကြီး။

အလကားကောင်
လှုံ့ဆော်ရေးသမား၊ (နိုင်ငံရေးဆိုင်ရာ)
အကြံပေးသမား
တကယ်တော့၊ သူဟာ
ငွေလမင်းအကြောင်းနဲ့
မိန်းမတွေအကြောင်း၊
စာဖွဲ့နိုင်တဲ့ကောင်။

ဒီအကြောင်းတွေ
ကဗျာရေးချင်သေးရဲ့
မကြာခင်၊ အချစ်ကဗျာရေးဖို့

myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

အကျဉ်းကျခံဇေယျာသော်ရဲ့ကဗျာတပုဒ်....

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, July 1, 2008

ဂျီနိုဆိုက်ဒ်...(ဂါမဏိ)



မေ (၂)ရက်နှင့် (၃)ရက်က အင်အားပြင်းထန်မှုအဆင့် ကြယ် ၄ ပွင့်ရှိ၍ တနာရီ မိုင် ၁၂ဝ နှုန်းဖြင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ခဲ့ရာ မြန်မာနိုင်ငံတွင် လူ (၂)သိန်းခန့် သေသည်ဟု ကုလသမဂ္ဂနှင့် အန်ဂျီအိုများက ခန့်မှန်းကြသည်။ နအဖက ၁၃၃၆၅၅ ယောက်သေ ဆုံး ပျောက်ဆုံးနေသည်ဟု ဆိုသည်။ အမည်မဖော်လိုသည့် နအဖအစိုးရ အရာရှိကြီးတဦးကမူ သေဆုံးသူ အရေအတွက် ၆ သိန်းကျော် သည်ဟု တရားမဝင် ပြောပြသည်။ ဤသို့ မုန်တိုင်းကြီးများ တိုက်ခတ်မှုဒဏ်ချက်ကို အခြားဘဝတူ တတိယကမ္ဘာ နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ယခုလို တွေ့ရသည်။
လွန်ခဲ့သည့် ၁၇ နှစ်ဖြစ်သော ၁၉၉၁ ခုက ဘင်္ဂလားဒေ့ရှ် ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တွင် လူ ၁၃၅ဝဝဝ (တ သိန်းသုံးသောင်းခွဲ) သေခဲ့သည်။ သို့သော် ၂ဝဝ၇ နိုဝင်ဘာလက ဆီဒါဆိုင်ကလုန်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ)ကြောင့် ဘင်္ဂလား ဒေ့ရှ်တွင် လူ ၁ဝဝဝဝ (တသောင်း) ခန့်သာသေခဲ့သည်။ အိန္ဒိယနိုင်ငံတွင်လည်း ၁၉၉၉ နိုဝင်ဘာလက သြရစ်သ ဆိုင်ကလုန်းမုန်တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်ရာ လူ ၁ဝဝဝဝ (တသောင်း) သေခဲ့သည်။ ၂ဝဝ၆ နိုဝင်ဘာလက ဒူးရင်းတိုင်ဖွန်းမုန်တိုင်း (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၄ဝ) တိုက်၍ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် လူ ၁၅ဝဝ သေခဲ့သည်။ ၂ဝဝ၄ မတ်လမှာ ဂါဖီလို ဆိုင်ကလုန်မုန် တိုင်း (ကြယ် ၅ ပွင့်၊ တနာရီ မိုင် ၁၆ဝ) တိုက်၍ အာဖရိကတိုက် မာဒါဂါစကာနိုင်ငံတွင် လူ ၄ဝဝ နီးပါး သေခဲ့သည်။

လွန်ခဲ့သည့် ၃၈ နှစ်ဖြစ်သော ၁၉၇ဝ က အရှေ့ပါကစ္စတန် ဆိုင်ကလုန်း (ကြယ် ၃ ပွင့်၊ တနာရီ ၁၁၅ မိုင်) တွင် လူ ၅ သိန်း သေခဲ့သည်။ လွန်ခဲ့ သည့် နှစ် ၄ဝ ဖြစ်သော ၁၉၆၈ ခု မေလက ရခိုင်ပြည် တပြည်လုံးကို စိစိညက်ညက် ကြေသွားစေခဲ့သည့်ထိုခေတ်ကနာမည်ကျော် ရခိုင်လေမုန်တိုင်းကြီး (ကြယ် ၄ ပွင့်၊ တနာရီ မိုင် ၁၅ဝ) တွင် လူ ၁ဝဝဝ ကျော်သာ သေခဲ့သည်။ လူ ၁၈ဝဝ ကျော်သေသဖြင့် အကြီးအ ကျယ် နာမည်ပျက်သိက္ခာကျသွားသော အမေရိကန်နိုင်ငံ၏ ၂ဝဝ၅ ခုနှစ် သြဂုတ်လ ကက်ထရီနာ ဟာရီကိန်း မုန်တိုင်းမှာ ကြယ် ၅ ပွင့် အဆင့်ရှိပြီး တနာရီ ၁၇၅ မိုင်နှုန်း တိုက်ခတ်ခဲ့သည်။
ဤအချက်များကိုကြည့်လျှင် ၂ဝ ရာစု အကုန်နှင့် ၂၁ ရာစု အစပိုင်း၌ ဆင်းရဲခေတ်နောက်ကျသည့် တတိယကမ္ဘာ နိုင်ငံများတွင် ၂ဝ ရာစု အလယ်ပိုင်းနှင့် ယှဉ်ပါက ယေဘုယျအားဖြင့် လေမုန်တိုင်းဒဏ် ခံနိုင်ရည်ပြင်ဆင်မှု တိုးတက်လာသည်ကို တွေ့ရသည်။ သို့သော် မြန်မာ နိုင်ငံမှာ ခြွင်းချက်ဖြစ်နေသည်။ ကြယ် ၄ ပွင့်အဆင့်၊ တနာရီ မိုင် ၁၂ဝ ဆိုင်ကလုန်းမုန်တိုင်း တခုကြောင့် ပုံမှန်အားဖြင့် ၂၁ ရာစုဆန်း တ တိယကမ္ဘာ နိုင်ငံတနိုင်ငံတွင် လွန်ရောကျွံရော လူ ၁ဝဝဝဝ ခန့်သာ သေနိုင်သည်။
သို့သော် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်၏ ယုတ်ညံ့မှု၊ ကိုယ်ကျိုးကြည့်မှုများကြောင့် ကာကွယ် ကယ်တင်နိုင်ရမည့် အပြစ်မဲ့ ပြည်သူ့အ သက်ပေါင်းများစွာ မလိုအပ်ဘဲ အလွန်အကျွံ ဆုံးရှုံးခဲ့ရသည်။ မုန်တိုင်းကြိုတင် သတိပေးစနစ် ညံ့ဖျင်း (သို့) မရှိ၊ ကြိုတင်ကာကွယ်ရေး အဆောက်အဦစနစ် ညံ့ဖျင်း (သို့) မရှိ၊ ပညာပေးစနစ်များ ညံ့ဖျင်း (သို့) မရှိ။ ဤသို့ဖြင့် နအဖနှင့် နာဂစ်လက်အောက်တွင် အလွန်ဆုံး အားဖြင့် သေဆုံးသူ ၁ဝဝဝဝ (၁ သောင်း) မှာ နာဂစ်ကြောင့်ဖြစ်ပြီး၊ ယင်းထက်ပိုလွန်၍ သေဆုံးသူများမှာ မသေသင့်ဘဲနှင့် နအဖစစ် အုပ်စု ပယောဂကြောင့် သေဆုံးရခြင်းပင် ဖြစ်တော့သည်။ ထို့အပြင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်း အကူအညီများကို ပိတ်ပင် ခြင်း၊ အကန့်အသတ် အမျိုးမျိုး ချမှတ်ခြင်းတို့ကြောင့် နောက်ထပ် အသက်များ ထပ်မံဆုံးရှုံးရခြင်း၊ မလိုအပ်ဘဲ ရုပ်ခန္ဓာအရနှင့် စိတ်ပိုင်း ဆိုင်ရာအရ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာ ပျက်စီးခြင်းများလည်း ကြီးကြီးမားမား ရှိနေသည်။
မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးမှု အပါအဝင် လူ့အခွင့်အရေး ဆုံးရှုံးရမှုများ၊ စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးရမှုများကြောင့် မြန်မာ နိုင်ငံသား ၂ သန်း ထိုင်းနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်း အလုပ်လုပ်နေရကာ မလေးရှားနိုင်ငံတွင်လည်း ၅ သိန်းနှင့် ၁ သန်းကြား ရွှေ့ ပြောင်းလုပ်ကိုင်နေရသည်။
ဤသို့ တရားမဝင် ရွှေ့ပြောင်းကူးဝင်လာကြရာ၌ ၂ဝဝ၈ ဧပြီ ၉ ရက်က ထိုင်းနိုင်ငံ ရနောင်းမှ ထိုင်းတောင်ပိုင်းသို့ ခိုးပို့သည့် ကွန်တိန်နာ ကားထဲ လေမွန်းပြီး မြန်မာ ၅၄ ယောက် သေခဲ့ရသည်။ ၂ဝဝ၇ ဒီဇင်ဘာ ၂ဝ ရက်ကလည်း ကော့သောင်းမှ ရနောင်းသို့ ခိုးကူးသည့် စက် လှေမှောက်၍ မြန်မာနိုင်ငံသား ချင်းလူမျိုး ၄၅ ယောက်သေခဲ့ရသည်။ ၂ဝဝ၈ မတ်လ ၂ ရက်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၅ဝ ပင်လယ်ထဲ မျောနေသည်ကို သီရိလင်္ကာရေတပ်က တွေ့ရှိကယ်ဆယ်ခဲ့ရသည်။ နှစ်ပတ်ကြာ မျောနေစဉ်အတွင်း အစာရေ စာပြတ်၍ လူ ၂ဝ သေခဲ့ရသည်။ ၂ဝဝ၈ မတ် ၈ ရက်ကလည်း ရိုဟင်ဂျာလူမျိုး လှေစီးပြေး ဒုက္ခသည် ၁၂ဝ ပါ စက်လှေတစီး ဘင်္ဂလား ပင်လယ်အော်ထဲ နစ်မြုပ်ခဲ့ရာ ၅ ယောက်သာ အသက်ရှင်ခဲ့သည်။ ၂ဝဝ၇ ဇွန်လက ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဝန်ကျောက်တွင် တရားမဝင် မြန်မာအလုပ်သမားများကို ခိုးပို့သည့် ကားမှောက်၍ ၂၅ ယောက် သေခဲ့ရသည်။
ဤလထဲမှာပင် တာ့က်ခရိုင်အတွင်း မြန်မာအလုပ်သမားများ ခိုးပို့သည့် ကားတိုက်၍ ၁ဝ ယောက် သေသေးသည်။ ၂ဝဝ၆ အောက်တို ဘာလတွင် ထိုင်းနိုင်ငံ သင်းဘူ ရီဒေသ၌ အလားတူ လူမှောင်ခိုကား မှောက်၍ ၅ ယောက်သေကာ ၂၈ ယောက် ဒဏ်ရာရခဲ့သလို ၂ဝဝ၇ အောက်တိုဘာတွင်လည်း ပက်ခ်ျဘူရီအရပ်တွင် လူမှောင်ခိုကားမှောက်၍ တရားမဝင်မြန်မာအလုပ်သမား ၈ ယောက်သေကာ ၁၄ ယောက်ဒဏ်ရာရခဲ့ပြန်သည်။ ၂ဝဝ၈ ဇန်နဝါရီ ၁၅ ရက်တွင်မူ ကန်ချနဘူရီဒေသ ရေလှောင်ကန်ကို ခိုးဖြတ်နေသော လူမှောင်ခိုလှေ မှောက်၍ ကလေးငယ်များ အပါအဝင် မြန်မာ ၇ ယောက် သေခဲ့သည်။ ၂ဝဝ၈ ဖေဖော်ဝါရီ ၂၇ ရက်တွင်မူ ရနောင်းမှ ဟတ်ယိုင်သွား လူမှောင်ခိုကားကို ထိုင်းလုံခြုံရေးက ပစ်ခတ်၍ ၉ နှစ်သား ရခိုင်ကလေး မောင်ဦးမင်းစိုးသေပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။
နအဖစစ်အစိုးရ လက်ထက်တွင် ကရင်ပြည်၌ ရွာပေါင်း ၃ဝဝဝ ကျော် ဖျက်ဆီးခံရပြီး ကရင်အရပ်သား ၃ဝဝဝ ကျော် အသတ်ခံရသည်။ ကရင်ပြည်၊ မွန်ပြည်နှင့် တနင်္သာရီဒေသတို့တွင် ပြည်သူ ၆ သိန်းကျော်မှာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် IDP ဖြစ်နေပြီး ရွာပုံး ရွာရှောင် များတွင် နေရာအတည်တကျမရှိ လှည့်လည်ရွှေ့ပြောင်း နေထိုင်နေရသည်။ ကရင်ပြည်တွင် ၁၉၈၈ နှင့် ၂ဝဝ၄ ကြား၌ အနည်းဆုံး က ရင်အမျိုးသမီး ၁၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ကရင်နီပြည်တွင်လည်း ပြည်သူ ၁ သိန်းနီးပါးမှာ အလားတူ အိုးအိမ်မဲ့ဒုက္ခသည် ဖြစ် နေသည်။ ဤဒေသများတွင် ၅ နှစ်အောက်ကလေး သေနှုန်းမှာ မြန်မာတနိုင်ငံလုံး ပျမ်းမျှနှုန်းထက် နှစ်ဆကျော်နေသည်။
ရှမ်းပြည်တွင်မူ ရွာပေါင်း ၂ဝဝဝ ခန့်ဖျက်ဆီးခံရပြီး ရှမ်းပြည်သူ ၂ဝဝဝ ခန့် အသတ်ခံရသည်။ ရှမ်း လူထု ၄ သိန်း ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည် ဖြစ်နေသည်။ ၁၉၉၆ နှင့် ၂ဝဝ၁ ကြား၌ အနည်းဆုံး အမျိုးသမီး ၆၂၅ ယောက် မုဒိမ်းကျင့်ခံရသည်။ ဤသည်မှာ လက်လှမ်း မှီသလောက် ကောက်ယူရရှိသည့် စာရင်းသာ ဖြစ်သည်။ တကယ်တမ်းအားဖြင့် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တို့တွင် မုဒိမ်းကျင့် ခံရသည့် အမျိုးသမီး အရေအတွက်၊ အသတ်ခံရသည့် ပြည်သူလူထု အရေအတွက်တို့မှာ အထက်ပါ စာရင်းများထက် များစွာပို သည်။ အိုးအိမ် အတည်တကျမရှိ တောထဲတောင်ထဲ လှည့်ပတ်ရှောင်ပုန်း နေကြရသဖြင့် ငှက်ဖျား၊ တီဘီ၊ အာဟာရချို့တဲ့မှုနှင့် ရောဂါဘယ အမျိုးမျိုးကြောင့် ထောင်သောင်းချီ၍လည်း မသေသင့်ဘဲ သေနေကြရသည်။ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း ပြည်သူလူထု နှစ်သိန်းကျော်မှာ ထိုင်းနယ်စပ်သို့ နယ်စပ်ကျော် စစ်ပြေးဒုက္ခသည်များအဖြစ် ရောက်ရှိနေရသည်။
၂ဝဝ၇ စက်တင်ဘာလက သံဃာတော်တို့၏ လှုပ်ရှားမှုကို နအဖစစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာ ဗုဒ္ဓဘာသာ သံဃာတော် ၁၅ ပါးအပါအဝင် ဆန္ဒပြသမား ၁ဝဝ နီးပါး အသတ်ခံခဲ့ရသည်။ ၁၉၈၈ ခုနောက်ပိုင်း မြန်မာနိုင်ငံမှ အကျဉ်းထောင်များအတွင်း၌လည်း နိုင်ငံ ရေးအကျဉ်းသား ၁၅ဝ နီးပါး သေဆုံး ခဲ့ပြီဖြစ်သည်။ ထောင်နှင့်သောင်းနှင့် ချီသော သာမန်ရာဇဝတ် အကျဉ်းသားများလည်း အကျဉ်း ထောင်များ၊ ရဲဘက်စခန်းများ၊ ရှေ့တန်းစစ်မြေပြင်များ၌ သေဆုံးခဲ့ကြ၊ သေဆုံးနေကြသည်။
စင်စစ်အားဖြင့် နအဖစစ်အာဏာရှင်တို့၏ ပေါ်လစီများ၊ လုပ်ရပ်များ၊ တွေးခေါ်စဉ်းစားမှုများမှာ ညံ့ဖျင်းခြင်း၊ မှားယွင်းနေခြင်းမျှ မဟုတ်ပေ။ ဆရာမြသန်းတင့် ပြောဖူးသည့် ဆိုးယုတ်ခြင်း ဖြစ်သည်။ Evil ဖြစ်သည်။ ဟစ်တလာ အပါအဝင် ကမ္ဘာပေါ်မှ အဆိုးဆုံး အာဏာရှင် များနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ သံဃာကိုပင် ဗြောင်အတိအလင်း သတ်ရဲသော ဗမာပြည်အာဏာရှင်တို့အတွက် မလုပ်နိုင်စရာ ဆိုး ယုတ်မှုဟူသည် ဘာမှမရှိ။
ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရလက်ထက် ၁၉၇၅ မှ ၁၉၇၉ အထိ လေးနှစ်အတွင်း ပြည်သူ ၂ သန်း သေခဲ့ရာ လူငါးသောင်းမှ ရှစ် သောင်းမှာ အသတ်ခံရခြင်းဖြစ်ပြီး ကျန်တသန်းကျော်မှာ ခမာနီအစိုးရ ပေါ်လစီများကြောင့် ငတ်ပြတ်ဖျားနာ ပင်ပန်းဆင်းရဲ၍ သေကြ ရခြင်း ဖြစ်သည်။ အရှေ့တီမော နိုင်ငံတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ၁၉၇၅ မှ ၁၉၉၉ အထိ တိမောသား ၂ သောင်းကို သတ်ခဲ့သည်။ သို့သော် အင်ဒို နီးရှား အစိုးရကြောင့် ဖြစ်ရသည့် ငတ်ပြတ်ပင်ပန်းမှုနှင့် ရောဂါဘယများကြောင့် နောက်ထပ် တိမောသား ၉ သောင်း သေခဲ့သည်။
အီရတ်အာဏာရှင် ဆဒ္ဒန်ဟူစိန်က ၁၉၈၈ ခုနှစ်တွင် ကာ့ဒ်တိုင်းရင်းသားလူမျိုး ၅ သောင်းကို ဓာတုလက်နက်ဖြင့် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ရဝမ်ဒါနိုင်ငံ၌ အာဏာရှင်အစိုးရနှင့် လက်ပါးစေတို့က ၁၉၉၄ ဧပြီလမှ ဇူလိုင်လအထိ ရက်ပေါင်း ၁ဝဝ အတွင်း လူ ၈ဝဝဝ ဝဝ (ရှစ်သိန်း)ကို သတ်ပစ်ခဲ့သည်။ ၁၉၉၂-၉၅ မှာ ဆားဘီးယားနှင့် သြဇာခံ ဘော့စ်နီးယား ခွဲထွက်ဆာ့ဘ်တို့က ဘော့စ်နီးယား - ဟာဇီ ဂိုဗီးနား တွင် မွတ်ဆလင်များအပေါ် လူမျိုးတုံး စစ်ဆင်ရေး လုပ်ခဲ့သည်။ ၁၉၉၅ ဇူလိုင်လက ဆဘရင်နီကာမြို့တွင် ဘော့စ်နီးယားအရပ် သား ၈ဝဝဝ ကို ဗိုလ်ချုပ်ကြီး မလာဒစ် ဦးစီးသော ဆားဘီးယားတပ်က သတ်ပစ်ခဲ့သည်။ လူမျိုးတုံးသတ်ပွဲများ အဓိက ကျူးလွန်သည့် ဆာ့ဘ်လက်မရွံ့တပ်ဖွဲ့ အမည်မှာ စကော်ပီယံ ဟူ၏။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမဏီနိုင်ငံက ဂျူးလူမျိုး ၆ သန်း၊ ဆိုဗီယက်ပြည်သူ ၂၅ သန်းနှင့် သောင်းနှင့်ချီသော ဥရောပပြည်သူ များ ကို သစေခဲ့သည်။ အတော်များများမှာ ငတ်ပြတ်မှုဒဏ်၊ ရောဂါဘယဒဏ်တို့ဖြင့် အသက်ဆုံးရခြင်း ဖြစ်သည်။ စစ်ကြီးအပြီး၌ ဂျာ မန်ဖက်ဆစ် ခေါင်းဆောင်များအား နျူရင်ဘတ် စစ်ခုံရုံးမှာ ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။ ဂျီနိုဆိုက်ဒ် (လူမျိုးတုံး သုတ်သင်မှု) ဆိုသော အ ယူအဆသည် ဥပဒေပိုင်းအရ ထိုအချိန်မှ အစပြုခဲ့ပြီးနောက် ကုလသမဂ္ဂက ၁၉၄၈ ခုတွင် ဂျီနိုဆိုက်ဒ် ကွန်ဗင်းရှင်း စာချုပ်ကို အသေအ ချာ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ ၁၉၅၁ ခုမှာ စတင်အသက်ဝင်ခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ဝ ကျော်က လက်ခံအတည်ပြုထား သည်။ ဤသဘောတူစာချုပ် ပုဒ်မ ၂ တွင် ဂျီနိုဆိုက်ဒ်ကို ယခုလို အဓိပ္ပာယ်ဖွင့်ထားသည်။

“နိုင်ငံလုံးဆိုင်ရာ လူအုပ်စု သို့မဟုတ် တိုင်းရင်းသားလူမျိုးဆိုင်ရာ လူအုပ်စု သို့မဟုတ် ဘာသာရေးဆိုင်ရာ လူအုပ်စုတခုကို တခုလုံးသော်လည်းကောင်း၊ တစိတ်တပိုင်းသော်လည်းကောင်း ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် အောက်ပါလုပ်ရပ်များကို ကျူးလွန်ခြင်း။

(က) ယင်းလူအုပ်စု အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊
(ခ) ယင်းလူအုပ်စု အဖွဲ့ဝင်များကို ရုပ်ခန္ဓာပိုင်းအရ သော်လည်းကောင်း၊ စိတ်ပိုင်းအရ သော်လည်းကောင်း ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာ စေခြင်း၊
(ဂ) တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုဖြစ်စေရန် အသေအချာ စီစဉ်ထားသည့် ဘဝအခြေအနေများကို ယင်းလူအုပ်စုအပေါ်၌ သက်ရောက်စေခြင်း၊
(ဃ) ယင်းလူအုပ်စုအတွင်း ကလေးမွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊ (င) ယင်းလူအုပ်စုမှ ကလေး သူငယ်များကို အခြားလူစုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းပစ်ခြင်း။”

၁၉၉၄ ခု ရဝမ်ဒါနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးက ဂျီနိုဆိုက်ဒ်ကို ယခုလို ထပ်မံချဲ့ထွင်၍ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

“လူအုပ်စုတခုကို မသေရုံတမယ် မဝရေစာ ကျွေးထားခြင်း၊ နေအိမ်များမှ စနစ်တကျ မောင်းထုတ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အနိမ့်ဆုံး လိုအပ်ချက်ထက် နှိမ့်ချပစ်ခြင်း။... ယင်းလူအုပ်စုကို တခုလုံးအရ သို့မဟုတ် တစိတ်တပိုင်းအရဖျက်ဆီးပစ်ရန် အထူးရည် ရွယ် ချက်ဖြင့် မုဒိမ်းမှု၊ လိင်ကိစ္စ အကြမ်းဖက်မှု ကျူးလွန်ခြင်း။”

ဂျီနိုဆိုက်ဒ် အဓိပ္ပာယ်ဖွင့်ဆိုချက် အပိုဒ်ခွဲ (ခ) မှာ မနုဿဗေဒ ပညာရှင် ကဗျာဆရာ ဖေသက်နီ ပြောခဲ့ဖူးသည့် မဲန်တယ်လ်ဂျီနိုဆိုက်ဒ် ခေါ် စိတ်ဓာတ်ရေးရာ ဂျီနိုဆိုက်ဒ်ကို ဆိုလိုခြင်း ဖြစ်သည်။ ပြည်သူ ပြည်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်များ၊ ကျင့်ဝတ်တန် ဖိုးများ၊ စာရိတ္တ စာရဏတရားများကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ နအဖလက်ထက်တွင် ကိုယ်ကျိုးကြည့် အကျင့်ပျက်မှုများ နိုင်ငံနှင့်အ ဝှမ်း ထိန်းမနိုင် သိမ်းမရ ရုပ်ပျက်ဆင်းပျက် ကြီးထွားနေသည်။ သာမန်ပြည်သူထဲမှ ဖြစ်လာသော ရယက၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ မီးသတ် တို့သည် စစ်အာဏာရှင်တို့ထံမှ အရိုးအရင်းလေး ရဖို့အတွက် ဇာတ်တူသားဖြစ်သော ပြည်သူလူထုကို ရက်ရက်စက်စက် စားကုန်ကြ သည်။ ဤသို့ စာရိတ္တ စာရဏ ပျက်ပြားမှုများ တနိုင်ငံလုံး လွှမ်းမိုးကြီးစိုးနေရာ နယ်စပ်ကျော်လွန်၍ ဒုက္ခသည်စခန်းများ၊ အတိုက်အခံ အဖွဲ့များထဲမှာပင် ရင်မောတုန်လှုပ်ဖွယ် လှိုက်စားနေသည်။
ဂျီနိုဆိုက်ဒ်သည် လူသားမျိုးနွယ် ဆန့်ကျင်ရေး ရာဇဝတ်မှုများ၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ကာလ အတွက်သာမက စစ်မဖြစ်သည့် ကာလ အတွက်လည်း အကျုံးဝင်သည်။
ဂျီနိုဆိုက်ဒ် ကျူးလွန်သည့် အာဏာရှင် နိုင်ငံများတွင် လူ့အသက်ကို တန်ဖိုးမထားသည့် သဘောထား ဓလေ့ထုံးတမ်းများပျံ့နှံ့နေပြီး အာ ဏာရှင် ဘက်တော်သားတို့က ကျန်နိုင်ငံသားတို့အား ဘာသာကွဲ ဒိဋ္ဌိများ၊ အရိုင်းအစိုင်းများ၊ သရုပ်ပျက်များ၊ ဥပဒေဘောင် ပြင်ပကလူ များ၊ အောက်တန်းစား လူမျိုးများ၊ ခွဲထွက်ရေး သမားများ၊ သောင်းကျန်းသူ အဖျက်သမားများ၊ မင်းမဲ့ဝါဒီများ၊ အကြမ်းဖက်သမားများ၊ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများ၊ လူတန်းစား ရန်သူများ၊ တန်ပြန်တော်လှန်ရေးသမားများ စသဖြင့် တံဆိပ်အမျိုးမျိုး သမုတ်ပြီး
ဂျီနိုဆိုက်ဒ်ကို ကျူးလွန်ကြခြင်း ဖြစ်သည်။ ကိုယ့်အတွက်ကိုမူ မြင့်မြတ်သော တာဝန် ထမ်းဆောင်နေသူများ၊ မြင့်မြတ်သော လူမျိုးများ၊ အမျိုးဘာသာသာသနာ သန့်ရှင်းတည်တံ့ရေးကို စောင့်ထိန်းသူများ၊ အသိအမြင် ပြည့်ဝရင့်ကျက်သူများ၊ တိုင်းပြည်ကို အဓိက စောင့် ရှောက်နေရသူများ၊ နိုင်ငံအတွက် အဓိက အနစ်နာခံနေသူများ၊ အမျိုးသားနိုင်ငံရေးသမားများ၊ စစ်မှန်သည့် တော်လှန်ရေးသမားများ စသည်ဖြင့် မိမိတို့ ကိုယ်မိမိ သတ်မှတ်ကြသည်။ အထူးသဖြင့် ပြည်သူ၊ နိုင်ငံတော်၊ အချုပ်အခြာအာဏာ၊ အမျိုးသား၊ မျိုးချစ်၊ ဝံသာနု၊ စည်းလုံးညီညွတ်ရေးဟူသော စကားလုံးများကို ဆိုင်ဆိုင် မဆိုင်ဆိုင် ရေလဲနှင့် သုံးလေ့ရှိသည်။
ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် ဂျာမန်ကွန်မြူနစ်ပါတီတို့က နာဇီအာဏာရှင်အစိုးရကို အကြမ်းမဖက်ရေးနည်း၊ လက်နက်ကိုင် ပုန်ကန်နည်း၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်နည်း စသည့်နည်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၄၄ ခုတွင် ဒီမိုကရေစီလိုလားသူ ဗိုလ် ချုပ်များဦးစီး၍ ဂျာမန်စစ်တပ်က ဟစ်တလာကို ဗုံးခွဲလုပ်ကြံ အာဏာသိမ်းရန် အထိပင် စီစဉ်ခဲ့သည်။ မအောင်မြင်ခဲ့။ နောင်တွင် ဘူလ် ဂေးရီးယား သမ္မတ ဖြစ်လာမည့် ဂျာမန်ကွန်မြူနစ်ခေါင်းဆောင် ဒီမီထရော့ဗ် (ရိုက်ခ်ျစတက်လွှတ်တော် မီးရှို့မှုဖြင့် အမှုဆင် အဖမ်းခံရ ပြီးနောက် တရားခွင်၌ ကမ္ဘာကျော်လျှောက်လဲချက် ပေးခဲ့သူ)သည် ကွန်မြူနစ်ပီပီ ပြည်တွင်းမှ ပြည်သူ့အင်အားကို အဓိကထားပြီး နာဇီ အာဏာရှင်စနစ် ဖြုတ်ချရေး အယူအဆကို ရပ်တည်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမေရိကန်-အင်္ဂလိပ်- ရုရှား မဟာမိတ် စစ်အင် အားဖြင့် ဂျာမန်အာဏာရှင်စနစ် ဖြုတ်ချရေးကို တက်ကြွစွာ လှုပ်ရှား အကျိုးဆောင်ပေးသူ ဖြစ်သွားသည်။ အီတလီ ဖက်ဆစ်အာဏာရှင် တို့ကို လည်း အီတလီ ကွန်မြူနစ်ပါတီ၊ အီတလီ ဆိုရှယ်လစ်ပါတီ၊ အက်ရှင်ပါတီ၊ ခရစ်ယာန် ဒီမိုကရက်ပါတီ စသည်တို့က လက်နက်ကိုင် တိုက်ပွဲ အပါအဝင် သဏ္ဍာန်အမျိုးမျိုးဖြင့် ဆန့်ကျင်အံတုခဲ့ကြသည်။ အလားတူ ဂျပန်ဖက်ဆစ်တို့ကိုလည်း ဂျပန်ကွန်မြူနစ်ပါတီနှင့် ဒီမို ကရေစီအင်အားစုများက လျှို့ဝှက်အံတုခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုတို့မှ (အဏုမြူဗုံး အပါအဝင်) စစ်ရေးနည်းလမ်းဖြင့်သာ ဂျာမန်၊ အီတလီ၊ ဂျပန် ဖက်ဆစ်အာဏာရှင်တို့ကို ဇီဝိန်ခြွေပစ်နိုင်ခဲ့သည်။
သည်ဘက်ခေတ်တွင်လည်း ဂျီနိုဆိုက် ကျူးလွန်သည့် အဆိုးဆုံး အာဏာရှင်တို့ကို ပြင်ပမှ အင်အား သုံးသည့်နည်းဖြင့်သာ နိဂုံးချုပ်စေ နိုင်ခဲ့သည်ကို တွေ့ရသည်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ၊ အရှေ့တိမော၊ ဘော့စ်နီးယား- ဟာဇီဂိုဗီးနား၊ ကိုဆိုဗို၊ လိုင်ဘေးရီးယား၊ ဆီယာ ရာလီယွန်း၊ ဟေတီ၊ ပနားမား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် ဥပမာများ အထင်အရှားရှိနေသည်။ မည်သူမျှ ငြင်းမရနိုင်သည့် သက် သေသာဓကများဖြစ်သည်။ (နောက်ဆက်တွဲ ပြဿနာများတွင်သာ ငြင်းစရာများ ပေါ်တတ်သည်။ သို့ရာတွင် နဂိုမူလ အာဏာရှင် ပြဿ နာလောက် မကြီးတော့သည်မှာ သေချာသည်။)
မည်သို့ပင်ဖြစ်စေ ပြည်တွင်းမှ အာဏာရှင် ဆန့်ကျင်ရေးသမား အတိုက်အခံများ၊ ပြည်သူများ၏ လှုပ်ရှားမှုများကိုမူ လုံးဝပစ်ပယ်၍ မရ။ ဤပြည်တွင်းလှုပ်ရှားမှုများ ရှိမှသာ ပြည်ပမှ အင်အားသုံး စွက်ဖက်မှုအတွက် လမ်းခင်းလမ်းပြရာ ရောက်မည်ဖြစ်သည်။ ကမ္ဘောဒီးယားမှ ခမာနီခွဲထွက် သူပုန်ခေါင်းဆောင်များ ဖြစ်သော ဟင်ဆာရင်နှင့် ဟွန်ဆင်၊ ဘုရင့်ဂိုဏ်း သူပုန်ခေါင်းဆောင် မင်းသားကြီး သီဟာနု၊ ရဝမ် ဒါမျိုးချစ်တပ်ဦး သူပုန်အဖွဲ့ခေါင်းဆောင် ပေါလ်ကာဂါမီ၊ အရှေ့တိမောမှ ဖရီတီလင် သူပုန်အဖွဲ့ခေါင်းဆောင် ဂတ်စ်မာအိုနှင့် ဟိုဆေးရား မို့စ်ဟိုတာ၊ ဘော့စ်နီးယားမှ ရွေးကောက်ခံသမ္မတ အလီယာ အီဇက်ဘီဂိုဗစ်ခ်ျ၊ ကိုဆိုဗို လွတ်မြောက်ရေးတပ်မတော် သူပုန်အဖွဲ့ခေါင်း ဆောင် ဟာရှင်သက်ဆီနှင့် အဂင်ချီကူး၊ လိုင်ဘေးရီးယား ညီညွတ်ရေး ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး သူပုန်အဖွဲ့ခေါင်း ဆောင် ဆီကူကွန်နယ်နှင့် သောမတ်နင်မလီ၊ ဆီယာရာလီယွန်းမှ ရွေးကောက်ခံသမ္မတ ကက်ဘာ၊ ဟေတီမှ ရွေးကောက်ခံသမ္မတ ဘုန်း တော်ကြီး အာရစ္စတိဒ်၊ အာဖဂန်နစ္စတန်မှ သူပုန်ခေါင်းဆောင် ရှားမာဆွဒ် စသူတို့ ရှိ၍သာ ပြင်ပမှ အင်အားသုံး ဝင်ရောက်နိုင်ခြင် ဖြစ် သည်။ ခြွင်းချက်အားဖြင့် အချို့အာဏာရှင်နိုင်ငံများတွင် မဟာဗျူဟာမြောက် တူးမြောင်း၊ မဟာဗျူဟာမြောက် ရေနံစသည့် ထူးခြားချက် များကြောင့် ပြင်ပမှ အင်အားသုံး ဝင်ရောက်ခြင်းလည်း ရှိသည်။
ထူးခြားချက်မှာ အာဏာရှင်ကို ပြည်တွင်းအင်အားစုများက လက်နက်ကိုင် အကြမ်းပတမ်းနည်း ဖြင့် အုံးအုံးခြိမ့်ခြိမ့် တုံ့ပြန်ရင်ဆိုင် ပွက် လောရိုက်နေသော high-intensity conflict နိုင်ငံများတွင် ပြည်ပမှ အင်အားသုံးဝင်ရောက်မှု ပိုလုပ်လေ့ရှိသည်။ မြန်မြန်ပွဲပြတ်လေ့ ရှိ သည်ကို တွေ့ရသည်။ ပြည်တွင်းလှုပ်ရှားမှု လုံးဝမရှိ (သို့မဟုတ်) မပြင်းထန်သည့် low- intensity conflict အာဏာရှင်နိုင်ငံကို ပြင်ပမှ အင်အားသုံး စွက်ဖက် ပွဲသိမ်းပေးခြင်း ပြုလေ့မရှိ။ အထူးသဖြင့် အကြမ်းမဖက် ငြိမ်းချမ်းစွာ အံတုသည့် နည်းလမ်းများကို လည်းကောင်း၊ ဒိုင်ယာလော့ကို မဟာဗျူဟာအဖြစ်လည်းကောင်း စွဲစွဲမြဲမြဲ ကျင့်သုံးနေသည့် အာဏာရှင် နိုင်ငံများကို ပြင်ပမှ အင်အားသုံး စွက်ဖက်ခြင်း မရှိပေ။ သို့ရာတွင် တဖက်မှကြည့်ပါက ယင်းကဲ့သို့ အာဏာရှင်နိုင်ငံများမှာ ကြယ် ၂ ပွင့် ကြယ် ၃ ပွင့်အဆင့် အာဏာရှင်နိုင်ငံ များ လောက်သာ ဖြစ်တတ်ပြီး ပြည်တွင်းအင်အား သက်သက်ဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်စွမ်းရှိကြသည်။

သို့ဖြစ်၍ ကမ္ဘာပေါ်မှ အာဏာရှင်များအနက် ဆိုးယုတ်မှုအဆင့် ကြယ် ၄ ပွင့် ကြယ် ၅ ပွင့်အထိ ရောက်သွားသည့် ဂျီနိုဆိုက် အာဏာ ရှင်များကို ပြင်ပမှ စစ်ကူအင်အားများကသာ ပွဲသိမ်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပြီး ပြည်တွင်းအင်အားစုများက အာဏာရှင်ကို ခြိမ့် ခြိမ့်သဲသဲ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ပွဲဝင်လေ၊ ပြည်ပမှစစ်အင်အားများ အမြန်ဆုံး ဝင်ရောက်ကူညီနိုင်ရေးကို လှုံ့ဆော်အားပေးရာ ရောက်လေဖြစ်သည်။ ဤနည်းဖြင့်သာ ဂျီနိုဆိုက်အာဏာရှင်ကို force out လုပ်နိုင်မည် ဖြစ်သည်။ ပြည်တွင်းအင်အားစုများက မည် သည့်တိုက်ပွဲမှ ဆူပွက်လှုပ်ရှားမနေဘဲ ပါးစပ်မှ ထိုင်အော်နေရုံမျှဖြင့် မည်သည့်နိုင်ငံခြား စစ်တပ်မှ ဝင်တိုက်ပေးလိမ့်မည် မဟုတ်ပါ ကြောင်း။

ဂါမဏိ

myspace comments

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့