Sunday, May 31, 2009

မေ ၃၀ .. ဒီပဲယင်းအကြမ်းဖက်မှု ၆-နှစ်မြောက် ဆန္ဒပြပွဲ (အော်ရီဂွန်)

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, May 27, 2009

သံတိုင်ကြားက လရောင်ဆီ ...(ဝင်းတင့်ထွန်း)



‘ သံတိုင်ကြားက လရောင်ဆီ ... ’

--------------------------------------
ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင်ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း - ကြားလို့မှ မဖွယ်မရာ ..၊၊

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်းရှု့ချီရာ လတမင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လဲ
တိမ်ဖုံးပေမဲ့ သာမြဲသာ ... ၊၊

နအဖဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်းသာပါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမဲ့
သံတိုင်ကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း ...
ကမ္ဘာကပါ မြင်ရရင်း ... ၊၊

ကြယ်နီ တို့ -
ကြယ်ဝါ တို့ -
ကြယ်ဖြူ တို့ -
ကြယ်စင်တို့ ရေ ...
အမှောင်တွေကို တကယ်မုန်းရင်ဖြင့် -
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ် ဖြိုခွင်း ...
( ကိုင်း .. ) ပြကြ အလင်း ....၊၊ ၊၊

( ဝင်းတင့်ထွန်း )

(မတရားသဖြင့်အမှုဆင် ရုံးတင်တရားစွဲဆိုခြင်းခံနေရတဲ့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် - သို့)

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, May 23, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပတ်စဉ် ဆန္ဒပြပွဲ




Oregon ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြွေးကြော် ဆန္ဒပြပွဲကို အပတ်စဉ်ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် လက်ကမ်းစာစောင်များဝေငှပြီး အောက်ပါကြွေးကြော်သံများနှင့် ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Free… Free…… Free …… Burma…….

ဒေါ်အောင်ဆန်းစုကြည်……… ချက်ခြင်းလွှတ်……. ချက်ခြင်းလွှတ်။

Free… Free……… Aung San Suu Kyi ။

နိုင်ငံရေးအကျဉ်းသားများအားလုံး… ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… All political Prisoners ။

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်.... ချက်ခြင်းလွှတ်… ချက်ခြင်းလွှတ်။

Free… Free… Minn Ko Naing ။

၂၀၁၀ ရွေးကောက်ပွဲ…… အလိုမရှိ…… အလိုမရှိ။

2010 Election… No… No ။

ဒီမိုကရေစီအရေးတော်ပုံ… အောင်ရမည် ….အောင်ရမည်။

What do we want…… We want democracy ။

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, May 22, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ...(ရဲဘော်ဖိုးသံချောင်း)


နအဖအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုဖမ်းဆီးရုံးတင်ဖို့ အခွင့်အရေးရသွားတာ- ဒါမှမ ဟုတ် သူတို့ရဲ့လုပ်ကြံမှုအောင်မြင် သွားတာဟာ နအဖအဖို့နိုင်ငံရေးအရ လက်ဦးမှုရသွား တယ်လို့ယူဆစရာရှိပါတယ်။ ဒါပေမဲ့လက်တွေ့ဆက်ဖြစ်လာတာတွေနဲ့ ဖြစ်လာနိုင်တာတွေကို ပြန်တွေးလိုက်တော့ ဒါဟာနအဖအဖို့ကံကောင်းတာလား၊ ကံဆိုးတာလားစဉ်းစားစရာ ဖြစ်နေ ပါတယ်။

စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့အဆက်ဖြတ်ရေးဟာ သူ့တသက် ကိုယ့် တသက်လုပ်ရမယ့်ကိစ္စလို့ သတ်မှတ်ထားကြဟန်တူပါတယ်။ ဒါကြောင့်နေအိမ်ချုပ်သက်တမ်း စေ့တဲ့အခါမှာ အခု ဒီဖောက်ထွင်းမှုမှာအိမ်ရှင်ကိုစွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံတော့တာဖြစ် ပါတယ်။ ဒါပေမဲ့သူတို့တွက်ထားတာတွေထဲမှာ မပါတာတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗိုလ် သန်းရွှေတယောက်ထိုင်နေအကောင်းသားလို့ဆိုရမလိုဖြစ်နေပါပြီ။

အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေ လမ်းငွေလမ်းတော့ဖြင့် ပေါက်တော့မယ်လို့မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒေါ် အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလား ထင်လို့ဝင်သွားတာ၊ ထိပ်ချတာခံလိုက်ရတယ်”ဆိုတာမျိုးဖြစ်သွားပါတယ်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလိုအပြစ် တင်တာခံလိုက်ပြီး ကုလ သမဂ္ဂလုံခြုံရေးကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ကိစ္စကိုပြောခဲလှတဲ့ တရုတ်တို့၊ အာစီယံတို့ကတောင် “ပညာပေး” တာခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကိုရှင်းပြရ၊ ထိုင်းနဲ့ကတောက် ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူကဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေကဘာတွေ ပြောဦးမလဲဆိုပြီး ထမင်းလုံး တစ္ဆေခြောက်တာ ညတိုင်းခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံ တကာဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ်နစ်နာရတဲ့ ဘယ်သူမပြုမိမိမှုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့တခြားòမိ့ကြီးတွေမှာ လုံခြုံရေးတွေအပြည့် ယူနေရတာကိုကြည့်ရင်သိနိုင်ပါတယ်။ ပဒူအုံကိုတုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ် လို့သာ ဒီကိစ္စကြောင့်လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူကသွေးထိုးပေးလို့၊ ပြည်ပက မြှောက်ပေးလို့ စသဖြင့်ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဖက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေ ချည်းဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ်ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာကြပါဘူး။ သံဃာတော်များလည်း အလားတူပါပဲ။
ဒီလို တိုင်းပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့်


အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့နအဖအတွက်ပြောရင်လည်း မရဲပဲကျွဲပြဲစီးရ တာပါ။ ဒါကြောင့်မို့ သံတမာန်လောကကိုဟန်ပြအနေနဲ့ တရက်ထဲသာ တရားရုံးတက် ခွင့်ပြုခဲ့ပေမဲ့ ကျန်တာအားလုံးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာသူတို့ဖက် က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ယူဆရင်ရပါတယ်။

အခုတော့အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေးဆိုတဲ့တောင်းဆိုချက်ဟာ ကျယ်လောင် သထက်ကျယ်လောင်လာနေပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့ သလောက်အရ ဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ဖက်ကသက်သေတွေရဲ့အစစ်ခံချက်တွေဟာ သူတို့အတွက်အထောက်အကူလုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြသက်သေတွေကို တောင် စစ်နေဖို့ မလိုလောက်အောင်ဖြစ်ပါတယ်။ ဒါပေမဲ့နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင် စားချင်တဲ့ဝံပုလွေလိုပဲ “နင်မဟုတ်နင့်အဖေပဲ”လို့ ပြောပြီး အပြစ်ပေးဖို့လုံးပမ်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာတံခါးပိတ်စစ်ဆေးတဲ့ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင် ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူတက်ရောက်နားထောင်နိုင်တဲ့ တရားရုံးမှာစစ်ဆေးရေး ဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်တရားခွင်ကို လူထုမျက် မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာ တရားမျှတ၊ ကျိုးကြောင်းဆီလျော်တဲ့ အပြင် လူတိုင်းသဘောတူနိုင်တဲ့ တောင်းဆိုချက်ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံဖြစ်ပါတယ်။

ဒီတခါဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝရွေးကောက်ပွဲကိုဝင်ဖို့ပြင် နေတဲ့လူ တွေအတွက်တော့ အတော်လေး အကြပ်ရိုက်သွားမှာဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကိုယမ်းချေးပန်းတယ်လို့ပြောနိုင်ပါတယ်။ တကယ်လို့သာသူတို့ အနေနဲ့ဒီကိစ္စနဲ့ ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာအတတ်နိုင်ဆုံး ခေါင်း ရှောင်ချင်ကြမှာပါ။ နအဖ အလိုကိုလိုက်ပြောရင် မဲရမှာကိုထိခိုက်မယ်၊ နအဖကိုဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယအင်အားဆိုသူ တော် တော်များများက ပြောဖို့ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ကိုယ့်ခံစားချက်၊ ကိုယ့်အမြင် တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေကြပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ် တွေ ဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်တယ်ဆို တာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှုဆင်ပြီး တင်တာဟုတ်မဟုတ် ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေး မနေကြတော့ပါဘူး။ ဘာကို-ဘယ်လိုလုပ်ရင်ကောင်း မလဲဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောပဲဘယ်သူမှ မနေပါဘူး။

ဒီအခြေအနေကို နအဖအစိုးရလည်းမသိတာမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့အတွက် အနည်းဆုံး ရွေးကောက်ပွဲပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုလူထုထဲ မှာ မလှုပ်ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါတယ်။ ဒါကြောင့်မို့ သူတိုဖက်က ကြည့်ရင်လည်းသေမြေကြီး-ရှင်ရွှေထီး လုပ်လိုက်ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ် အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖစစ်ဗိုလ်တွေဘယ်လောက်ခြောက်ခြား နေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။


ရဲဘော်ဖိုးသံချောင်း


အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, May 17, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြပွဲ

အပြည့်အစုံဖတ်ချင်ရင်>>>

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း






၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မခြင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။


ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုပါက အောက်ပါရဲဘော်များထံမှ ခွင့်ပြုချက်တောင်းဆိုပါရန် ပန်ကြားအပ်ပါ သည်။

ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)

ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)


ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)

အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, May 11, 2009

စစ်အုပ်စုရဲ့ မရိုးသားမှု...(ယဉ်ထွန်း)

ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့် အင်းလျားကန် အပေါ်စီး မြင်ကွင်း။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အနီရောင် စက်ဝိုင်း၊ အမေရိကန်နိုင်ငံသား အဖမ်းခံခဲ့ရသည်ဟု ဆိုသော နေရာကို လေးထောင့်ကွက်ဖြင့် ဖော် ပြထားသည်။( ဓါတ်ပုံ- Irrawaddy Magazine)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို နိုင်ငံခြားသားတယောက် ရေကူးဝင်ရောက်သွား တယ်။ ပြီးတော့ပြန်ထွက်အလာမှာ ဖမ်းဆီးရမိတယ် အဲ့ဒီနိုင်ငံခြားသားဟာ ဒေါ်စုနေအိမ်ထဲမှာ (၂) ရက်နေထိုင်ခဲ့တယ် စသညဖြင့်သတင်းတွေကို စစ်အစိုးရပိုင်သတင်းစာမှာ ဖေါ်ပြခဲ့တယ်။ ဒီသတင်းထွက်လာပြီးတော့ ဘလော့စာမျက်နှာတွေက စီဘောက်တွေထဲမှာ IP ကိုစစ်လိုက် တော့ မြန်မာပြည်ထဲကပါ အဲ့ဒီလူတယောက်က အခုလို စီဘောက်တွေမှာရေးလာပါတယ်။

မိုးထက်မြင့်: အန်တီစု လွတ်ခါနည်းမှ နောက်တစ်မှု ထပ်ပေါ်လာတယ်။
8 May 09, 00:13
မိုးထက်မြင့်: အဲဒီနိုင်ငံခြားသားက CIA ကဖြစ်နိုင်တယ်။
8 May 09, 00:12
မိုးထက်မြင့်: အန်တီစု လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဗျ။
8 May 09, 00:12
မိုးထက်မြင့်: ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို နိုင်ငံခြားသားက ခိုးဝင်ပြီး ၂ ရက်တောင် နေခဲ့တာတဲ့။

ရုတ်တရက် သာမန်နိုင်သားတယောက်အနေနဲ့ ရိုးရိုးလေးကြည့်မယ်ဆိုရင် ဒေါ်စုလုံခြုံရေး အတွက် စိုးရိမ်သယောင်ယောင်စာတကြောင်းကလွဲလို့ ကျန်တဲ့စာကြောင်းတွေက စံနစ်တကျ စိတ်ဓါတ်စစ်ဆင်ရေးလုပ်ထားတာပါ။ နှစ်ရက်တောင်နေခဲ့တယ်ဆိုတာဟာ စစ်အစိုးရသတင်း နဲ့ထပ်တူပါပဲ။ CIA ကဖြစ်နိုင်တယ်ဆိုတာ ဒေါ်စုဟာ CIA နဲ့အဆက်အသွယ်ရှိနေရှိနေ တယ်လို့ စွပ်စွဲတာပါ ဆိုလိုခြင်တာက နအဖစစ်အုပ်စုသုံးသုံးနေတဲ့ ပြည်ပအားကိုးပုဆိန် ရိုးဆိုတာကို တဖက်လှည့်ပြောလိုက်တာပါ။ နိုင်ငံခြားသားတယောက်ခိုးဝင်ပြီး (၂)ရက်တောင် နေခဲ့တယ်ဆိုတာဟာ သတင်းကိုလိုသလိုပုံသွင်းထားတာပါ ဆိုလိုခြင်တာက လူထုခေါင်း ဆောင်အဖြစ် မြန်မာပြည်သူလူထုကြီးကလေးစားတဲ့ ကမ္ဘာလေးစားတဲ့ ဒေါ်စုကို သေးသိမ်စေ အောင်၊ နိုင်ငံခြားသားတွေနဲ့ တရားမဝင်ဆက်သွယ်နေသယောင် တံဆိပ်ကပ်လိုက်တာပါ ဂုဏ်သိက္ခာချလိုက်တာပါ။ ဒေါ်စုလုံခြုံရေးအတွက်စိုးရိမ်ရတယ် ဆိုတာဟာ လိုအပ်လာရင် လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်ဆိုတာ မီးမောင်းထိုးပြနေတာပါ တကယ်တမ်းဒေါ်စုကိုလုပ်ကြံ သတ်ဖြတ်မှုကို လုပ်ခဲ့ဘူးတာဘယ်သူတွေလဲ ဒေါ်စုနဲ့ ဦးတင်ဦးတို့ပါတဲ့ NLD ပါတီရဲ့ ခရီး သွားကားတန်းကို ၂၀၀၃ ခုနှစ် ဒီပဲယင်း ဒေသက ကျည်ရွာ နားမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြ တာပါ ကံကောင်းလို့ ဒေါ်စုလုပ်ကြံသတ်ဖြတ်ခံရတဲ့ဘေးက သီသီကလေးလွတ်သွားခဲ့တာပါ။ ဒါဘယ်သူတွေလုပ်တာလဲဆိုတာရှင်းနေတာပါပဲ ဒါဟာသမိုင်းမှာရှင်းရမဲ့ စစ်အုပ်စုရဲ့လုပ်ကြံမှု ကြီးပါ။ဒီတော့ ဒေါ်စုဟာလုပ်ကြံခံရဘူးပါတယ် NLD လူငယ်တွေနဲ့ အန်ကယ်ဦးတင်ဦး တို့ရဲစွမ်းသတ္တိကြောင့်သာ သီသီကလေးလွတ်ခဲ့ရတာပါ။


နောက်ပထမဆုံးရေးထားတဲ့ အန်တီစုလွတ်ခါနီးမှ နောက်တမှုထပ်ပေါ်လာရတယ်ဆိုတာဟာ နအဖ စစ်အုပ်စုရဲ့ စံနစ်တကျ အကောက်ကြံမှုလို့တွေးမိပါတယ် ဆိုလိုချင်တာကတော့ ဒီပဲယင်းမှာ လုပ်ကြံခံရတဲ့ (အသက်ဘေးမှ သီသီကလေးလွတ်ခဲ့တဲ့) ဒေါ်စုကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ (၅)ျနှစ်ပြည့်တော့ ဥပဒေအရ ဆက်ချုပ်ခွင့်မရိဘူးဆိုတာ ရှင်းနေပါလျှက်နဲ့ စစ်အုပ်စုကဆက်ချုပ်ပါတယ် ဒီပဲယင်းလုပ်ကြံမှုတရားခံတွေကို စစ်အုပ်စု ဒီကနေ့အထိ လုံဝမဖေါ်ထုတ်သေးပါဘူး။ ဒါပေမဲ့ လုပ်ကြံခံရတဲ့ ဒေါ်စုကိုတော့ သူတို့ ပြဌာန်းထားတဲ့ ဥပဒေနဲ့တောင်မညီပဲ ဆက်လက်ချုပ်ထားဘို့ (၁) နှစ်ထပ်တိုးလိုက်တာ အား လုံးအသိပါ။အခု ဒီိသတင်းထွက်လာချိန်ဟာ ဒေါ်စုနေအိမ်အကျယ်ချုပ် (၆) နှစ်ပြည့်ခါနီးမှာ ဖြစ်လာတာပါ။ စစ်အုပ်စုဟာ ဒေါ်စုအပေါ်မှာ အင်မတန်အညှိုးကြီးတယ်ဆိုတာ သိသာမြင်သာ တဲ့အချက်ပါ။ နအဖ စစ်အုပ်စုဟာ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာထား တာပါ။ ဒါပေမဲ့ ကမ္ဘာကတောင်းဆိုနေတဲ့ ဒေါ်စုနဲ့နိုင်ငံရေး အကျည်းသားတွေလွှတ်ရေး ဆိုတာကြီးက သူတို့အတွက် အင်မတန်အကြပ်ရိုက်နေရတဲ့ကိစ္စပါ။ NLD ပါတီကလည်း ဒီအချက်ကို နအဖကို တရားဝင်တောင်းဆိုထားတာပါ။ ပြည်သူလူထုကြီးကလဲ မတရားဖမ်းဆီး ထားတာကို လူတိုင်းသိပါတယ် ဒါကြောင့် ဒီသတင်းမှာ စစ်အုပ်စုရဲ့ ကြိုတင်လုပ်ကြံမှုတွေ ပါတယ်ဆိုတာ ထင်ရှားနေတာပါပဲ။

အင်မတန်ရှုပ်ထွေးတဲ့ သတင်းတခုဖြစ်အောင်လဲလုပ်ထားတာပါ အဖမ်းခံရတဲ့ နိုင်ငံခြားသား ဟာ အမေရိကန်နိုင်သားလို့ပြောတယ် သတင်းမှာ ဓါတ်ပုံတောင်မဖေါ်ပြပါဘူး နောက်တခုက သက်ဆိုင်ရာသံရုံးက တွေ့ခွင့်တောင်းတော့လဲ တွေ့ခွင့်မပေးဘူး ဒီအချက်တွေက စဉ်စား စရာတွေပါ။ နောက်ဆုံးကျန်းမာရေးမကောင်းတဲ့ ဒေါ်စုကိုသွားဆေးကုပေးနေတဲ့ ဆရာဝန်ကို ဘာအကြောင်းပြချက်မှမရှိပဲ ဖမ်းထားတဲ့ကိစ္စပါ။ စစ်အုပ်စုဟာ သမိုင်းမှာရှင်းရမဲ့ကိစ္စ တခုကို ထပ်မံကျူးလွန်နေတာပါပဲ။ လုပ်ထားတာက ဒေါ်စုအိမ်ဟာမလုံခြုံသယောင်လုပ်ထားပါတယ် ဒီလိုမလုံခြုံမှုဟာ စစ်အစိုးရမှာလုံးလုံးတာဝန်ရှိပါတယ်။ တခြားမည်သူ့မှာမှတာဝန်မရှိပါဘူး ဒေါ်စုရဲ့ အသက်အန္တရာယ်အတွက် တိုက်ရိုက် တာဝန်ရှိသူဟာ စစ်အစိုးရပဲဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုပြောနေရသလဲဆိုတော့ မြန်မာပြည်နိုင်ငံရေးမှာ တကယ့်ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တော်တော်များများဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြရတာပါ ဒီလို နိုင်ငံရေးသမားတွေကို ထောင်ထဲထည့်ထားပြီးလုပ်မဲ့ ရွေးကောက်ပွဲဆိုတာကြီးကိုက နိုင်ငံတ ကာနဲ့ ပြည်သူလူထုကြီးရဲ့ အမြင်မှာ အင်မတန်မှ အကျည်းတန်အရုပ်ဆိုးနေတာပါ။ တ လျောက်လုံးလဲလိမ်လည်လာခဲ့တာပါ ၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲတုန်းက အာဏာအပ် ပါ့မယ် စစ်တန်းလျားပြန်ပါ့မယ်ဆိုတဲ့ စစ်အုပ်စုဟာ ဒီကနေ့အထိ အာဏာကိုမတရားရယူ ထားတာ ရှင်းနေတာပါပဲ။ ဒီတော့စစ်အုပ်စုလုပ်ပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘယ်လောက်ယုံကြည်စရာရှိမှာလဲ အခြေခံဥပဒေကို စိတ်ကြိုက်သူတို့ရေးတယ် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးညီလာခံဆိုတာကြီးလုပ်တယ် ရေးပြီးသားတွေကို ဆွေးနွေးအတည်ပြုခိုင်းတာတောင်မှ စိတ်ကြိုက်ခေါင်းခေါက်ဖိတ်တဲ့ ကိုယ်စားလှယ်တွေနဲ့လုပ်သွားခဲ့တာပါ ဒီမှာတောင် အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက တင်တဲ့အချက်တွေတောင် ချောင်ထိုးခံ ခဲ့ကြရတာပါ။ ဒါပေမဲ့ NLD ပါတီဝင်တွေနဲ့ အတိုက်အခံတွေကိုတော့ မှန်မှန်ခြေမှုန်းပါတယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာဆို ရဟန်းသံယာတွေကိုတောင်အညှိုးတကြီး ရက်စက် ခဲ့တာပါ ဘုန်းကြီးကျောင်းတွေကို စစ်မြေပြင်မှာ ရန်သူ့စခန်းစီသလို ဝင်ရောက်စီးနင်း ဘုန်း တော်ကြီးတွေကိုဖမ်း၊ရိုက်၊ထောင်ချ မျိုးစုံလုပ်ခဲ့တာ သိတ်မကြာသေးပါဘူး အားလုံး ပူပူနွေးနွေးကြီးမှတ်မိနေကြတာပါပဲ။ စစ်အုပ်စုဟာ ၂၀၁၀ မှာရွေးကောက်ပွဲလုပ်မယ်လို့ ကြေငြာတာဟာ ရှင်းရှင်းလေးပြောရရင် စစ်အုပ်အုပ်ချုပ်ရေးကို အရပ်သားပုံစံပြောင်းပစ်ချင်တဲ့ စစ်အုပ်စုတဖြစ်လဲအုပ်ချုပ်ရေးလုပ်ခြင်တာပါ။ ဒီမှာသူတို့အတွက် အဓိက အနှောက်အယှက် လိုဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျည်းသားတွေပါ ပြန်လွတ်ပေးဘို့ စစ်အုပ်စု အင်မတန်ကြောက်နေတာပါ ပြန်လွတ်ပေးရင် လူထုခေါင်းဆောင် ကျောင်းသား ခေါင်းဆောင်တွေဆိုတော့ လူထုကြီးနဲ့ပြန်ဆက်စပ်သွားမှာ စစ်အုပ်စုအကြောက်ဆုံးပါ။

ကိုမင်းကိုနိုင်တို့(၈၈)ကျောင်းသားအုပ်စုတွေကို ပြန်လွတ်ပေးလိုက်တုန်းက စစ်အုပ်စုမှာ ရည်ရွယ်ချက်ရှိပါတယ် ပြန်လွတ်ပေးလိုက်ရင် NLD ပါတီနဲ့ ကျောင်းသားတွေကြားမှာ ပြသာနာ ကြီးထွားနိုင်တယ်လို့ တွက်တာပါ ဒီတော့မှအမြတ်ထုတ်ဘို့ပါ ဒါပေမဲ့ထင်တိုင်းဖြစ်မလာပဲ စစ်အုပ်စု ကြုံလိုက်ရတာတော့ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်သွားခဲ့ရတာကိုး ဒီတော့အညှိုးတကြီး ထောင်တွေချပါတယ် လူကြားမကောင်းအောင်ကိုချတာပါ အားလုံးသိပြီးသားတွေပါ ဒီတော့ တလျောက်လုံး ညစ်ပတ်ခဲ့တာစစ်အုပ်စုဆိုတာ ထင်ရှားနေတာပါ အာဏာအတွက်ဆို ရက်ရက်စက်စက်လုပ်တတ်တဲ့စစ်အုပ်စုဟာ နောက်ဆုံးဘာမဆိုလုပ်နိုင်ပါတယ် ဒီတော့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံသားတိုင်း စစ်အုပ်စုရဲ့လုပ်ရပ်တွေကို မျက်ခြေမပြတ် ရှိနေကြဘို့လိုပါတယ်။

ယဉ်ထွန်း


အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, May 7, 2009

စီးပွားရေးပိတ်ဆို့အရေးယူမှုအကြောင့် တစေ့တစောင်း...(ခင်မမမျိုး)

အခုတလော စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်တဲ့ အသံတွေ ကျယ်ကျယ် လောင်လောင် ကြားနေရပါတယ်။ ဖိုရမ်တွေမှာ၊ မီဒီယာတွေမှာ၊ chat room တွေမှာ ငြင်းကြ၊ ခုန်ကြ၊ ရန်ဖြစ်ကြ၊ အမုန်းတွေပွားကြ၊ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ လုံးဝမပတ်သက်တော့တဲ့ ကိုယ်ရေးကိုယ်တာတွေကို အမြစ်လှန် တူးဖော်ပြီး တယောက်နဲ့ တယောက်တိုက်ခိုက်ကြနဲ့ ဖြစ်နေပါတယ်။ တကယ်တော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားဟာ နိုင်ငံတကာ အဆင့်ကနေ တဦးချင်း အဆင့်တွေ အထိ ပတ်သက်ဆက်နွယ်နေသလို၊ ကြည့်မြင်တဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး အမြင်မျိုးစုံ ကွာခြားတာကြောင့် အဖြေမှန်တခုတည်း ရှိမှာ မဟုတ်ပါဘူး။ အခုဒီဆောင်းပါးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှု အခြေခံသဘောတရားနဲ့ ရည်ရွယ်ချက်တွေကို ရေးသားတင်ပြပါမယ်။


စီးပွားရေးပိတ်ဆို့မှုဆိုရာဝယ်

အိမ်တအိမ်မှာ မိသားစုဝင်တဦးက တဦးချင်းကိုပဲဖြစ်ဖြစ်၊ အများစုကိုပဲ ဖြစ်ဖြစ် ထိခိုက်စေတဲ့ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တဲ့အခါ မိသားစုအကြီးအကဲကပဲဖြစ်ဖြစ်၊ ကျန်တဲ့ မိသားစု ၀င်တွေကပဲ ဖြစ်ဖြစ် ဒဏ်ခတ်အရေးယူမှု ပြုလုပ်ပါတယ်။ ဒီလိုပါပဲ။ ရပ်ရွာထဲမှာ နေထိုင် သူတယောက်ယောက်က ရပ်ရွာအကျိုးကို ထိခိုက်စေတဲ့ လုပ်ငန်းဆောင် တာတွေပဲဖြစ်ဖြစ်၊ ရပ်ရွာထဲက နေထိုင်သူ တယောက်ယောက်ကို ထိခိုက်စေတာပဲဖြစ်ဖြစ် ပြုလုပ်လာတဲ့အခါမှာ ဒီရပ်ရွာရဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုဆိုတာ ရှိလာပါတယ်။ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာနေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့အရာတွေပါပဲ။

အဲ- ဒီအခါမှာ လူအများရဲ့ အကျိုးစီးပွားကို နိုင်ငံတော်အဆင့်အနေနဲ့ ထိခိုက်လာပြီ ဆိုတဲ့ အခါမှာကော ဆိုတဲ့မေးခွန်းက မေးစရာဖြစ်လာပါတယ်။ Realism ရှုထောင့်အနေနဲ့ ကြည့် မယ်ဆိုရင် နိုင်ငံတွေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ နိုင်ငံတော်အဆင့်အနေနဲ့ လူအများရဲ့ အကျိုးစီးပွားကို ထိခိုက်မှုတွေ (ဥပမာ- မိမိနိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို ပိတ်ပင် စော်ကားမှုတွေ၊ နိုင်ငံတော်အကြမ်း ဖက်ပြုလုပ်တာတွေ၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေကို အားပေးဆောင်ရွက်တာတွေ၊ လူအများစု သေကြေပျက်စီးစေနိုင်မယ့် လက်နက်ခဲယမ်းထုတ်လုပ်မှုတွေ) ကို လုပ်ဆောင် လာတဲ့အခါ ဘယ်သူတွေက အရေးယူမှာလဲ ဆိုတာက စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ်လာတယ်။ နိုင်ငံတကာဥပဒေတွေ ပေါ်လာ တယ်။ ဒီဥပဒေတွေကို တနိုင်ငံချင်းကပဲဖြစ်ဖြစ်၊ စုပေါင်းပြီးပဲ ဖြစ်ဖြစ် အသုံးပြုပြီး တရားဥပဒေ စိုးမိုးဖို့ ဆောင်ရွက်လာကြတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေ ပေါ်လာတယ်။

လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေမှာလဲ အားနည်းချက်လေးတွေကတော့ ရှိနေဆဲပါပဲ။ ဒါပေမယ့် ရပ်ရွာထဲမှာ တရားဥပေဒေ မရှိတာထက်စာရင်၊ ထိရောက်မှုနည်းပေမယ့်လဲ ရှိတာက ခံသာသလို၊ နိုင်ငံတော်အဆင့်တွေမှာလဲ အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ နိုင်ငံတွေနဲ့ အစိုးရတွေကို အရေးယူဒဏ်ခတ်မှု ရှိတာက ပိုမိုကောင်းမွန်တာကြောင့် နိုင်ငံတခုချင်းကပဲဖြစ်ဖြစ်၊ နိုင်ငံအများစုကပဲဖြစ်ဖြစ် ပြုလုပ်တဲ့ unilateral sanction, bilateral sanction, multilateral sanction တွေ ပေါ်ပေါက်လာပါတော့တယ်။ ဒီလို sanction တွေ လုပ်ကြတဲ့အခါမှာ သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ သံတမန်ရေးအရ အရေးယူမှုဆိုတာက သံတမန်ရေးရာ ဆက်နွယ်မှုတွေကို လျှော့ချတာ၊ ဒါမှမဟုတ် ဖယ်ရှားပစ်တာဖြစ်ပြီး၊ စစ်ရေးအရ အရေးယူမှုဆိုတာကတော့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို ဆိုလိုတာဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ စီးပွားရေး ပိတ်ဆို့မှု (economic sanction) ကို အဓိကထားပြီး ဖော်ပြပါမယ်။

စီးပွားရေး ပိတ်ဆို့မှုဆိုတာကို Routledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတခုကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။ ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒအနေနဲ့ အသုံးပြုခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဘီစီ 5th century လောက်က အေသင်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ Pericles က အေသင်ရဲ့ ရန်သူဖြစ်တဲ့ စပါတာတွေဘက်က ရပ်တည်ခဲ့တဲ့ Megra ဆိုတဲ့ မြို့ပြနိုင်ငံလေးကို ကုန်သွယ်မှုပိတ်ဆို့ဖို့ အေသင်အင်ပါယာတခုလုံးကို အမိန့်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံများအကြားက ဒီလိုပိတ်ဆို့အရေးယူမှုလေးတွေ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ဆယ်ရာစု ကနဦးပိုင်းကစပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဥပမာ- ၁၉၁၄- ၁၉၁၈ ကာလက ဗြိတိန်နိုင်ငံရဲ့ ဂျာမဏီနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ၊ Co- Com လို့ခေါ်တဲ့ နေတိုးအုပ်စုနဲ့ ဂျပန်ကနေ ဆိုဗီယက်ပြည်ထောင်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၀- ၂၀၀၃ ကာလမှာ အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတာတွေ ဖြစ်ပါတယ်။ ၁၉၆၅ ခု၊ စူးအက် အရေးမှာတုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုပါ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ရှိခဲ့ပါတယ်။

ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကလဲ အမျိုးမျိုးရှိပါတယ်။ ပစ်မှတ်နိုင်ငံက ပေါ်လစီတွေ ပြုပြင်ပြောင်းလဲဖို့ကနေ ပစ်မှတ်နိုင်ငံရဲ့ ခေါင်းဆောင်ပြောင်းလဲမှု၊ အစိုးရပြောင်းလဲမှု စတာတွေအထိ ရည်ရွယ်ချက် ပုံစံအမျိုးမျိုး ကွာခြားပါတယ်။ နိုင်ငံရေးပညာရှင် Barbour ကတော့ primary objective, secondary objective နဲ့ tertiary objective ဆိုပြီး အမျိုးအစား သုံးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ primary objective ကတော့ ပစ်မှတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှု၊ အုပ်ချုပ်ရေးနဲ့ ပေါ်လစီရေးရာ ပြောင်းလဲမှုတွေပါ။ ဥပမာဆိုရရင် အီရန်နိုင်ငံမှာ နယူးကလီးယားလက်နက်ထုတ်လုပ်ဖို့ကို တားဆီးဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ Rhodesia နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ရရှိလာဖို့အတွက် စီးပွားရေး ပိတ်ဆို့အရေးယူမှု စတာတွေဖြစ်ပါတယ်။

Secondary objective ကတော့ economic sanction ပြုလုပ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ နိုင်ငံက ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု ကို ရရှိဖို့၊ credibility ရဖို့ ဖြစ်ပါတယ်။ Tertiary objective ကတော့ အပြည်ပြည်ဆိုင်ရာ အဆင့် တွေးခေါ်မှုတွေနဲ့ ဆိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းမြှင့်တင်ရေး၊ နိုင်ငံတကာ ဥပဒေတွေရဲ့ အသုံးဝင်မှုကို ဖော်ဆောင်ရေး၊ နိုင်ငံကြီးတချို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေကို ဖြန့်ဝေမှု စတာတွေအတွက်လဲ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒ တခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ ဥပမာဆိုရရင် Abyssinian crisis မှာတုန်းက League of Nations ရဲ့ အဆင့်ကို မြှင့်တင်ဖို့အတွက် စီးပွားရေးပိတ်ဆို့အရေးယူမှုကို foreign policy tool တခုအနေနဲ့ ဗြိတိန်နိုင်ငံက အသုံးပြုခဲ့တာတွေ၊ ကွန်မြူနစ်ဝါဒ western hemisphere မှာ ပျံ့နှံလာကို ရပ်တန့်ဖို့ အမေရိကန်က strategic tool တခုအနေနဲ့ အသုံးပြုခဲ့တာတွေ ဖြစ်ပါတယ်။

ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်တာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ အလုပ်တိုင်းမှာ ရည်မှန်းချက်ပန်းတိုင် ကတော့ ရှိရမှာဖြစ်ပါတယ်။ ရေရာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်မရှိပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေအတွက်၊ ရေရာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်မရှိပဲ ဘ၀ကို ကြုံသလို လျှောက်လှမ်းနေသူတွေအတွက်ကတော့ ဘယ်လောက်ပဲ ရည်ရွယ်ချက်တွေ ကောင်းနေနေ၊ ဘယ်လောက်ပဲ ဆန္ဒတွေ ကြီးမားနေနေ အောင်မြင်မှုဆိုတာနဲ့ အစဉ်အမြဲ ဝေးကွာနေမှာပါပဲ။ အခုဆိုရင် ကမ္ဘာတလွှားမှာ စီးပွားရေး ပိတ်ဆို့အရေးမှုတွေ ရာနဲ့ချီရှိခဲ့ပါပြီ။ တခုနဲ့တခု ချမှတ်ခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေမတူညီပါဘူး။ ဒါနဲ့ပတ်သက်ပြီး ပညာရှင် Lindsay ဆိုသူက စီးပွားရေးပိတ်ဆို့မှု ရည်မှန်းချက်တွေနဲ့ ပတ်သက်တဲ့ framework of analysis ကို ရေးဆွဲဖော်ပြခဲ့ပါတယ်။

ပထမတချက်ကတော့ compliance ပါ။ ပစ်မှတ်နိုင်ငံကို အရေးယူမှုလုပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံတခုခုကပဲဖြစ်ဖြစ် လိုချင်တဲ့ အခြေအနေတရပ်ဆီကို ပြောင်းလဲပေးနိုင်ရေးအတွက် ရည်ရွယ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ် ဖော်ဆောင်မှုတွေအတွက် ဒီရည်မှန်းချက်ကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာဆိုရင် တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပါ။ တောင်အာဖရိကနဲ့ ပတ်သက်ပြီး တချို့က တောင်အာဖရိကမှာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုအတွက် ဒိုင်ယာလော့ခ်ပေါ်ပေါက်လာတာ မင်ဒဲလားတို့ဘက်က အစွန်းရောက်တဲ့ လုပ်ဆောင်မှုတွေကို စွန့်လွှတ်လိုက်လို့ လို့ ပြောဆိုကြပါတယ်။ တကယ်တော့ ဒိုင်ယာလော့ခ်ဖြစ်လာဖို့ဆိုတာ လက်ခုပ်နှစ်ဘက်တီးမှ မြည်တာပါ။ မင်ဒဲလ်လားက ဒိုင်ယာလော့ခ်လို့ ဘယ်လောက်ပဲအော်နေနေ၊ အဲဒီအချိန်က အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိက အစိုးရက လက်မခံခဲ့ဖူးဆိုရင် ဘာမှဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဒီလို တောင်အာဖရိကအစိုးရကို ဒိုင်ယာလော့ခ်အပေါ်မှာ စိတ်ဝင်စားလာအောင် အဓိက တွန်းအားပေးခဲ့တာကတော့ multilateral economic sanction ပဲဖြစ်ပါတယ်။

ရည်မှန်းချက်ပန်းတိုင် နောက်တမျိုးကတော့ subversion ဖြစ်ပါတယ်။ ပစ်မှတ်နိုင်ငံက ခေါင်းဆောင်အချို့၊ ဒါမှမဟုတ်ရင် အစိုးရအဖွဲ့တခုလုံးကို ဖယ်ရှားဖို့ ဖြစ်ပါတယ်။ ဥပမာဆိုရရင် ကျူးဘားနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုမှာ ကက်စထရိုကို သူ့အာဏာကနေ ဖယ်ရှားဖို့ ရည်မှန်းချက်ပါပါတယ်။ ဒီပန်းတိုင်အတွက်ဆိုရင်တော့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတခုတည်းနဲ့ မလုံလောက်ပါဘူး။ စီးပွားရေးပိတ်ဆို့မှုဟာလဲ ထိရောက်ရမှာ ဖြစ်တဲ့အပြင်၊ အစိုးရခေါင်းဆောင်ကို ဖယ်ရှားဖို့၊ အစိုးရဖြုတ်ချဖို့ ရည်မှန်းထားတဲ့ ပစ်မှတ်နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စစ်ရေးစစ်မျက်နှာ၊ စီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် စစ်မျက်နှာ၊ နိုင်ငံတကာ စစ်မျက်နှာစတဲ့ စစ်မျက်နှာမျိုးစုံ ဖွင့်လှစ်လုပ်ဆောင်နိုင်မှု အရည်အချင်းပေါ်မှာလဲ အများကြီး မူတည်ပါတယ်။ တချို့သော နိုင်ငံများရဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များမှာ ဒီလိုစစ်မျက်နှာပေါင်းစုံ ဖွင့်လှစ်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ နိုင်ငံတကာစစ်မျက်နှာအပေါ်မှာပဲ မှီခိုပြီး၊ နိုင်ငံတကာရဲ့ အရေးယူပေးမှုကိုသာ အားကိုးတကြီး စောင့်မျှော်တတ်လေ့ရှိတာကြောင့်၊ ဒီပန်းတိုင်နဲ့ ပတ်သက်တဲ့ ထိရောက်မှုကတော့ အားနည်းလေ့ရှိပါတယ်။

နောက်ထပ်ရည်မှန်းချက် တမျိုးကတော့ deterrence ပါ။ ပစ်မှတ်နိုင်ငံကို နောက်တခါ ဒီလိုပြစ်မှုမျိုးတွေ မကျူးလွန်စေဖို့ အရေးယူအပြစ်ပေးရင်း၊ တခြားနိုင်ငံတွေကိုပါ ဥပမာ အနေနဲ့ ပြလိုက်တာမျိုး ဖြစ်ပါတယ်။ ဥပမာ- အီတလီနိုင်ငံကို စီးပွားရေးပိတ်ဆို့ပြီး၊ ဗြိတိန်နိုင်ငံဟာ ဂျာမဏီနိုင်ငံရဲ့ aggression ကို ထိန်းချုပ်ချောက်လှန့်ခဲ့ဖူးပါတယ်။ နောက်ထပ်ရည်မှန်းချက်တခုကတော့ international symbolism ပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်းကို ပစ်မှတ်နိုင်ငံရဲ့ ပြဿနာအခြေအနေများကို မီးမောင်းထိုးပြပေးတာ ဖြစ်ပါတယ်။ unilateral sanction ကနေ bilateral sanction၊ အဲဒီကနေ multilateral sanction အထိ တက်လှမ်းနိုင်ဖို့က ဒီ ရည်မှန်းချက်ကို ပြည့်မှီဖို့ လိုအပ်လှပါတယ်။ နောက်ထပ်ရည်မှန်းချက် တမျိုးကတော့ domestic symbolism ပါ။ အရေးယူမှုလုပ်တဲ့ နိုင်ငံရဲ့ အစိုးရက သူ့ရဲ့ ပြည်သူလူထုအကြားမှာ တရားမျှတမှုဘက်က ရပ်တည်တယ်၊ ကမ္ဘာ့ရေးရာတွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်တယ် ဆိုတဲ့အနေနဲ့ popularity of government ကို ရယူတာဖြစ်ပါတယ်။ ဒါကြောင့်လဲ စီးပွားရေးပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်လို့ pro- sanction campaign ပဲဖြစ်ဖြစ်၊ anti-sanction campaign ပဲဖြစ်ဖြစ် လုပ်မယ့်လူတွေ၊ အဖွဲ့အစည်းတွေဟာ grass-root level activities တွေကို စနစ်တကျ အကောင်အထည်ဖော်ရမယ်လို့ ဆိုလိုတာပါ။ policy makers တွေကိုပဲ တိုက်ရိုက် lobby လုပ်ပြီး၊ grass-root activism အားနည်းတဲ့ဘက်က ရေရှည်မှာ မခံနိုင်ပဲ ရှုံးတတ်လေ့ရှိပါတယ်။ ဒီတော့ အခုလို ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်ပန်းတိုင်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှု ရှိပါသလား ဆိုတာကို မေးစရာဖြစ်လာပါတယ်။

စီးပွားရေးပိတ်ဆို့အရေးယူမှုဟာ ထိရောက်ပါသလား။


စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ အောင်မြင်မှုတွေလဲ ရှိခဲ့သလို၊ ရည်မှန်းချက်ပန်းတိုင် မပြည့်မှီပဲ ရုတ်သိမ်းလိုက်ရတာတွေလဲ ရှိပါတယ်။ ၁၉၉၇ ခုနှစ်က Robert Pape ဆိုတဲ့ ပညာရှင်တယောက်က ကမ္ဘာတ၀ှမ်းက စီးပွားရေး ပိတ်ဆို့မှု ဖြစ်ရပ် (၁၁၅) ခုကို လေ့လာပြီး၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုဟာ ထိရောက်သလား၊ မထိရောက်ဘူးလားဆိုတာကို လေ့လာခဲ့ဖူးပါတယ်။ ထိရောက်မှု ဆိုတဲ့ အပိုင်းကို သူက criteria သုံးခု ချမှတ်ပြီး တိုင်းတာပါတယ်။ ပထမတချက်က ပိတ်ဆို့အရေးယူမှုရဲ့ တောင်းဆိုချက်၊ ရည်မှန်းချက်တွေ ပြည့်မှီတာဖြစ်ပြီး၊ ဒုတိယတချက်က ပစ်မှတ်ရဲ့ ပြုမှုဆောင်ရွက်မှု ပြောင်းလဲခြင်း မရှိသေးခင်မှာ အရေးယူမှု စတင်ပြုလုပ်ခဲ့သလား ဆိုတာ ဖြစ်ပါတယ်။ တခါတရံမှာ ပစ်မှတ်က သူ့ဘာသာသူ ပြောင်းလဲမှုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုရဲ့ အရေးယူမှုကြောင့်လို့ ရောထွေးပြောတတ်ကြလို့ ဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပစ်မှတ်ရဲ့ ပြောင်းလဲလာမှုတွေဟာ တခြားအကြောင်းအရာတွေကြောင့် မဟုတ်ပဲ၊ ပိတ်ဆို့အရေးယူမှုတခုတည်းကြောင့် ဟုတ်သလား ဆိုတဲ့ အချက်ပါ။ ဒီအချက် သုံးချက်နဲ့ ဖြစ်ရပ် (၁၁၅) ခုကို လေ့လာခဲ့ရာမှာ (၅) ခုပဲ ထိရောက်ခဲ့တာကို တွေ့ရှိရပါတယ်။

အခြားပညာရှင်တဦးဖြစ်တဲ့ Elizabeth Rogers ကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားဟာ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေကြည့်ရင် အားနည်းချက်တွေ ရှိတဲ့အတွက် ပေါ်လစီချမှတ်သူများဘက်ကနေ ချမှတ်မှုတွေကိုသာ လူသိခံပြီး၊ အောင်မြင်မှုတွေကို ထုတ်ဖော်ပြောကြားခြင်း မရှိတဲ့အတွက် အနုတ်လက္ခဏာအဖြစ်သာ လူအများက သိတတ်လေ့ရှိကြောင်း ဆန်းစစ်ပြောကြားခဲ့ပါတယ်။ HSE လို့ အများက သိထားတဲ့ ပညာရှင်သုံးဦးဖြစ်တဲ့ Hafbauer, Scott, Elliot တို့ကလဲ စီးပွားရေးပိတ်ဆို့မှုဟာ ရည်မှန်းချက်ပန်းတိုင်ကို ပြည့်မှီဖို့ အကန့်အသတ်နဲ့ အသုံးဝင်မှုပဲရှိတာ မှန်ပေမယ့်၊ စီးပွားရေး ပိတ်ဆို့မှုဟာ လုံးဝ မထိရောက်တာတော့ မဟုတ်ဘူးလို့ အဆိုပြုကြပါတယ်။ သူတို့ရဲ့ ပိတ်ဆို့အရေးယူမှု ဖြစ်ရပ် (၁၁၅)ခု ဆန်းစစ်ချက်မှာတော့ ဖြစ်ရပ် (၄၀)မှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။ သူတို့ ဆန်းစစ်ချက်တွေဟာ အထက်မှာ ပြောခဲ့တဲ့ ပညာရှင် Pape ရဲ့ ဆန်းစစ်ချက်တွေနဲ့ တူတာတွေ ရှိပေမယ့်၊ Pape ဆိုထားခဲ့တဲ့ ပစ်မှတ်နိုင်ငံကို အရေးယူမှုမှာ စီးပွားရေးပိတ်ဆို့မှုနည်းလမ်းတခုတည်းကိုပဲ သုံးရမယ်ဆိုတဲ့ အချက်နဲ့တော့ မကိုက်ညီပါဘူး။ သူတို့ကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှု ထိရောက်ဖို့အတွက် စစ်ရေးအရ အရေးယူမှုတွေ၊ တခြားသော သံတမန်ရေး အရေးယူမှုတွေပါ ပေါင်းစပ်ပြုလုပ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

တချို့သော ပညာရှင်တွေကတော့ စစ်ရေးအရ အရေးယူမှုကသာ အထိရောက်ဆုံးနည်းလမ်း ဖြစ်တာအတွက်ကြောင့်၊ liberal alternative view to war ဖြစ်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကို အချိန်ကုန်ခံ၊ ပြုလုပ်မနေပဲ military instruments တွေနဲ့သာ ဖြေရှင်းဖို့ အကြံပြုပြောဆိုကြပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ နိုင်ငံတခုချင်းစီအလိုက်ကပဲဖြစ်ဖြစ် ပစ်မှတ်နိုင်ငံအပေါ် အရေးယူနိုင်တဲ့ နည်းလမ်းများကို ထည့်သွင်းဖော်ပြပါမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ကတော့ ယေဘူယျအားဖြင့် ပစ်မှတ်နိုင်ငံတွေအပေါ်မှာ multilateral economic sanctions ချမှတ်ခြင်းနဲ့ military intervention ပြုလုပ်ဖို့ authorised လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုရေးရာတွေမှာ အရေးပါတဲ့ UN Security Council ကိုယ်တိုင်မှာက log- rolling problem လို့ခေါ်တဲ့ ပြဿနာတရပ်ကို ရင်ဆိုင်နေရပါတယ်။ ဒီပြဿနာရဲ့ အရင်းခံကတော့ ဗွီတိုအာဏာကို ကျင့်သုံးနိုင်တဲ့ P5 ငါးနိုင်ငံပဲဖြစ်ပါတယ်။ crisis တခုဟာ ဒီနိုင်ငံငါးခုထဲက တနိုင်ငံနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံ အများစုနဲ့ပဲ ဖြစ်ဖြစ် ဆက်စပ်နေတဲ့အခါမှာ တခြားသော နိုင်ငံတခုကပဲဖြစ်ဖြစ်၊ နိုင်ငံများကပဲဖြစ်ဖြစ်၊ ထောက်ခံမှုမပေးတာ၊ ဗွီတိုအာဏာ ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ ဆိုတာက အတော်ပဲ ခဲယဉ်းလှသလို၊ UN security council ရဲ့ ခွင့်ပြုချက်မရပဲ နိုင်ငံတခုကနေ တခြားနိုင်ငံတခုကို လူသားချင်းစာနာလို့ပဲပြောပြော၊ ဘာပဲပြောနေနေ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုပြုလုပ်ပေးနိုင်ဖို့ ဆိုတာက ခဲယဉ်းလှတာကြောင့်၊ နိုင်ငံတွေအနေနဲ့က တခြားနိုင်ငံတခုအပေါ် အရေးယူမှု လုပ်တဲ့အခါမှာ ထိရောက်မှု အားနည်းတဲ့ economic sanction ကိုပဲ ပြုလုပ်နိုင်ကြတာ များပါတယ်။

ယေဘူယျအားဖြင့်ဆိုရင် နိုင်ငံတခုချင်းအလိုက် တခြားနိုင်ငံတခုကို အရေးယူမှု လုပ်တဲ့အခါမှာ foreign policy tools တွေအနေနဲ့ သုံးနိုင်တာတွေကတော့
(၁) no action (ဘာမှမဆိုင်တဲ့ အနေနဲ့ ရှောင်ဖယ်နေခြင်း)
(၂) Diplomatic measures- Economic sanctions (သံတမန်နည်းလမ်းများ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှု)
(၃) Limited Bombings (အကန့်အသတ်ဖြင့် ဗုံးချဲမှု)
(၄) Unconventional Warfare (လက်နက်ကိုင်တော်လှန်ရေးများတွင် ကူညီပံ့ပိုးမှု)
(၅) Peacekeeping operations (ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်မှု)
(၆) Total War (အလုံးစုံစစ်ပွဲဆင်နွှဲမှု) တို့ပဲ ဖြစ်ပါတယ်။

၂၁ ရာစုရဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံအများစု အနေနဲ့ တခြားနိုင်ငံရေးရာနဲ့ ပတ်သက်ရင် ပြည်တွင်းရေး ၀င်မစွက်ဖက်ဘူးဆိုပြီး ရှောင်ဖယ်နေတာ၊ဒါမှမဟုတ်ရင်လဲ စီးပွားရေး ပိတ်ဆို့ အရေးယူမှုလုပ်တာ တွေလောက်ကိုပဲ အများဆုံး လုပ်နိုင်လာပါတော့တယ်။ ဒါကြောင့်လဲ စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှု အားနည်းပေမယ့်လဲ၊ ဒါကိုပဲ အရေးယူဖို့ စဉ်းစားမယ်ဆိုရင် ဒါကိုပဲ ရွေးစရာရှိတာမို့ လုပ်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆက်လက်ပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ထိရောက်မှု အားနည်းစေတဲ့ အချက်များကို ဆက်လက်တင်ပြပါမယ်။

စီးပွားရေးပိတ်ဆို့အရေးယူမှုရဲ့ အားနည်းချက်များ။


စီးပွားရေး ပိတ်ဆို့အရေးယူမှုရဲ့ ပထမဆုံးသော အားနည်းချက်ကတော့ ဒီအပေါ်မှာထားတဲ့ မျှော်လင့်ချက်ကြီးမားမှု ပြဿနာဖြစ်ပါတယ်။ နိုင်ငံတခုအပေါ်မှာ ပိတ်ဆို့အရေးယူမှုလုပ်လိုက်တာနဲ့ ဒီလိုအရေးယူမှုအပေါ်မှာ အောင်မြင်တော့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်ကြီးပါ။ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေက အစိုးရတွေကို ဖြုတ်ချဖို့ ကြိုးစားကြတဲ့ အတိုက်အခံတွေနဲ့ ပြည်သူလူထုတွေဖြစ်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတာကြီးကို မှော်လက်နက်ကြီးလို့ ထင်တတ်ကြပါတယ်။ တခြားလိုအပ်တဲ့ စစ်မျက်နှာတွေမှာ ဖြည့်ဆည်းကြိုးပမ်းမှုတွေ မရှိတော့ပဲ unilateral sanction ဖြစ်အောင် အာရုံစိုက်ကြိုးပမ်း၊ အဲဒီကနေ multilateral sanction ကြီး ဖြစ်တော့မှာပဲဆိုပြီး မျှော်လင့်ချက်တွေထား၊ အဲဒီမှာတင် UN Security Council ရဲ့ log-rolling problem နဲ့သွားတွေ့၊ တလိမ့်ခေါက်ခွေးပြန်ပြုတ်ကျ၊ တခြားစစ်မျက်နှာမှာလဲ ဖြည့်ဆည်းထားတာတွေ မရှိတော့ ဒါကြီးကိုပဲ အာရုံပြန်စိုက်၊ multilateral sanction မဟုတ်တဲ့အတွက် ထိရောက်မှုကလဲအားနည်း၊ စီးပွားရေးပိတ်ဆို့မှုရုတ်သိမ်းဖို့ အော်သူတွေကလဲ ပေါ်လာနဲ့ နောက်ဆုံးတော့ ရှိပြီးသား unilateral sanction လေး ပျောက်သွားမှာစိုးလို့ ကျားကုတ်ကျားခဲ လိုက်ဆွဲသူတွေကဆွဲ၊ မဆွဲသူတွေကလဲ “sanction လေးပဲအားကိုးစရာရှိတာ၊ ဒါလေးပျောက်သွားရင်တော့ ဒီတသက် မနိုင်တော့ပါဘူး” ဆိုပြီး စိတ်ဓာတ်တွေကျကြ၊ နိုင်ငံတကာ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုတဲ့အခါမှာ “ထိရောက်တယ်ပြောရတာကလဲအခက်၊ မထိရောက်ဘူးပြောရရင်ကလဲ အခက်”မို့ မသိပါဘူးဆိုပြီး ဆင်ဝှေ့ရန်ရှောင် လုပ်ကြရနဲ့ လုံးချာလည်လိုက်ကုန်တော့တာပါပဲ။ ဒါကတော့ ကနဦးပိုင်းမှာကတည်းက စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံတကာအရေးယူမှုဆိုတာကို မှော်လက်နက်ကြီးတခုလို ယုံကြည်အားကိုးလိုက်ကြတဲ့ strategic failure ရလာဒ်ပါ။ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ပညာရှင် Rarick ဆိုသူက စီးပွားရေးပိတ်ဆို့မှု ထိရောက်ဖို့ လိုအပ်တဲ့ Prerequisites (၆) ရပ်ကို ထောက်ပြခဲ့ပါတယ်။ ဒီခြောက်ရပ်ကတော့ စီးပွားရေး ပိတ်ဆို့အရေးယူမှုမှာ modest policy ကိုသာ ချမှတ်ရပါမယ်။ ကုန်သွယ်ရေးပိတ်ဆို့မှုနည်းလမ်းတွေရော၊ ဘဏ္ဍာရေးပိတ်ဆို့မှုနည်းလမ်းတွေကိုပါ တပြိုင်တည်းပြုလုပ်ရပါမယ်။ ပိတ်ဆို့ခံရတဲ့ တိုင်းပြည်ဟာ တခြားသော တတိယနိုင်ငံတွေ၊ အဖွဲ့တွေဆီက ထောက်ပံ့မှုမရရပါဘူး။ ပိတ်ဆို့မှုပြုလုပ်တဲ့ နိုင်ငံဟာ ပိတ်ဆို့ခံရတဲ့ နိုင်ငံထက် စီးပွားရေးအဆောက်အအုံ ပိုကြီးရပါမယ်။ ပိတ်ဆို့မှု ပြုလုပ်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ ပိတ်ဆို့ခံရတဲ့ တိုင်းပြည်ဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အားနည်းတဲ့ တိုင်းပြည်ဖြစ်ရပါမယ်။ ဒီအချက် (၆)ရပ်လုံးနဲ့ မကိုက်ညီပဲ ပြုလုပ်တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု တွေဟာ ထိရောက်ဖို့ မလွယ်ကူပါဘူး။

နောက်ထပ်အားနည်းချက်တခုကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုတဲ့ သဘောတရားကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီသဘောတရားဟာ အကြောင်းအရာမျိုးစုံ၊ ရှူထောင့်မျိုးစုံနဲ့ ပတ်သက်ဆက်စပ်ပါတယ်။ ဒီတော့ စီးပွားရေးအရေးယူ ပိတ်ဆို့မှုဆိုတာကို ရှုထောင့်မျိုးစုံကကြည့်ပြီး၊ ကွဲပြားခြားနားတဲ့ အမြင်တွေကလဲ ပေါ်ပေါက်လာတော့တာပါပဲ။ ဒါတွေဟာ တနိုင်ငံတည်းမှာ၊ တချိန်တည်းမှာ ဖြစ်ပျက်နေတာတွေ မဟုတ်ပါဘူး။ နိုင်ငံပေါင်းများစွာမှာ၊ ဖြစ်ရပ်ပေါင်းများစွာမှာ၊ နှစ်ပေါင်းများစွာမှာ၊ လမ်းဘေးစကားဝိုင်းတွေကနေ တက္ကသိုလ် ဆက်မီနာတွေ၊ ပါလီမန်တွေ၊ နိုင်ငံတကာ အစည်းအဝေးခန်းမတွေအထိ နေရာများစွာမှာ ကိုယ်မြင်ရာ အမြင်တွေကို အသွင်သဏ္ဍာန်မျိုးစုံနဲ့ ဖော်ထုတ်ခဲ့ကြ၊ ဖော်ထုတ်နေဆဲ၊ ဆက်လက်ပြီးတော့လဲ ဆွေးနွေးနေကြရင်း၊ အဖြေခက်တဲ့ ပုစ္ဆာ တပုဒ်ကို နည်းပေါင်းစုံနဲ့ ရှင်းလင်းနေကြဦးမှာပါပဲ။ ဒီတော့ ဒီလို မတူညီတဲ့ ရှုထောင့်တွေကြားမှာ ဘာတွေလုပ်ဖို့ လိုအပ်သလဲ ဆိုတာ မေးစရာ ရှိလာပါတယ်။


မတူညီတဲ့ရှုထောင့်တွေကြားကနေ ဘာတွေလုပ်သင့်ကြသလဲ။


ဒီသဘောတရားကို မဟာဗျူဟာ ရှုထောင့်၊ နိုင်ငံခြားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့အရေးယူမှုဟာ ထိရောက်မှု အားနည်းတာ မှန်ပေမယ့် အာဏာရှင်အစိုးရတွေရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကို နိုင်ငံတကာက လက်မခံဘူးဆိုတဲ့ သတင်းစကားကို ပေးပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ်ဆိုရင် အာဏာရှင်အစိုးရတွေအတွက် ပြည်သူလူထုကို ပိုမိုဖိနှိပ်ချုပ်ချယ်ဖို့ အခွင့်အလမ်းရသွားပါတယ်။ အတိုက်အခံတွေဘက်က နိုင်ငံတကာက အကူအညီပေးနေတယ်။ လာပေးဦးမှာ။ စောင့်နေဆိုတဲ့ အလွန်အကျွံသတင်းစကားကို ပြည်သူလူထုဆီကို ပေးခဲ့ဖူးတယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးတတ်ပါတယ်။ ပြည်သူလူထုဟာ အတိုက်အခံတွေအပေါ်မှာရော၊ နိုင်ငံတကာအပေါ်မှာပါ ယုံကြည်မှုနည်းသွားပြီး၊ အာဏာရှင်ရဲ့ ပုံစံခွက်ထဲကနေ ထွက်ဖို့ မကြိုးစားတော့ပဲ ဖြစ်သွားတတ်တာမျိုးပါ။ ဒီလိုဆိုရင်တော့ သန်းနဲ့ ချီ၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေအားလုံးရဲ့ ဘ၀နောင်ရေးတွေဟာ ရင်လေးစရာဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့် မဟာဗျူဟာရှုထောင့်က ကြည့်သူတွေအနေနဲ့ တဘက်ကနေ unilateral sanction ကို ကျားကန်ထိန်းထားဖို့လိုသလို၊ နိုင်ငံတကာ စစ်မျက်နှာမှာပဲ ပုံအပ်ကိုးကွယ်ထားတဲ့ ပေါ်လစီတွေ၊ ဗျူဟာတွေကို ပြောင်းလဲ ရေးဆွဲသင့်ပါတယ်။ တော်လှန်ရေးတခုမှာ လိုအပ်တဲ့ စစ်မျက်နှာတွေအားလုံးကို ဟန်ချက်ညီအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ြ

ပည်သူလူထုကိုလဲ လွဲမှားပြီး မဖြစ်နိုင်မယ့် သတင်းစကားတွေ ထပ်တလဲလဲပြောလို့ ဖုန်းကွယ်လိမ်ညာနေမယ့်အစား၊ အမှန်တရားကို ပြောပြရင်း “ မတရားမှုကို ချုပ်ငြိမ်းနိုင်မယ့် အင်အားဟာ ကိုယ်တိုင်ဆီမှာပဲရှိတယ်။ ကယ်တင်ရှင်မမျှော်နဲ့။ ခေါင်းဆောင်မမျှော်နဲ့။ ကိုယ်သာ ကယ်တင်ရှင်ဖြစ်အောင်လုပ်၊ ကိုယ့်ဘာသာ ကိုယ်ဦးဆောင်ဆိုတဲ့” အခြေအနေမှန်ကို မီးမောင်းထိုးပြလိုက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာတလွှားမှာ လူထုအားကြောင့်၊ ပြုတ်ကျခဲ့ရတဲ့ အာဏာရှင်တွေအများကြီးပါ။ အရေးပေါ်လာတဲ့ အချိန်တွေမှာမှ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်ကောင်းတွေကလဲ အများကြီးပါ။ ထာဝရခေါင်းဆောင်ဆိုတာ မရှိပါဘူး။ ဒီနေ့ခေါင်းဆောင်ဟာလဲ နက်ဖြန်အတွက် ခေါင်းဆောင်ကောင်း ဖြစ်ချင်မှ ဖြစ်လာတတ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ စောင့်မျှော်မှုတွေ၊ ဦးဆောင်နိုင်တာ မဟုတ်ပဲ ထာဝရခေါင်းဆောင် လုပ်နေတာတွေနဲ့ကတော့ အချိန်တွေ တစတစ ကုန်သွားရုံကလွဲလို့ တခြားဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

အခြားတဘက်ကနေ ဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှု ဆိုတဲ့ သဘောတရားရဲ့ နောက်ကွယ်မှာ spillover effects တွေ ရှိပါတယ်။ အထူးသဖြင့် multilateral sanctions တွေမှာ ပစ်မှတ်ထားတဲ့ အစိုးရအကြီးအကဲများကိုသာမကပဲ ပြည်သူလူထုကိုပါ ထိခိုက်သွားတာတွေ ရှိပါတယ်။ Unilateral sanction / Bilateral sanction တွေမှာကျတော့ ကုန်သွယ်ရေး ပိတ်ဆို့မှုရော၊ ဘဏ္ဍာရေးပိတ်ဆို့မှုရော ပြုလုပ်ဖို့ဆိုတာ နိုင်ငံအနည်းအကျဉ်းကပဲ လုပ်နိုင်တာကြောင့် ပြည်သူလူထုကို ထိခိုက်မှုနည်းပါတယ်။ တခြားသော တတိယနိုင်ငံတွေရဲ့ အကူအညီက အလျင်အမြန် အစားထိုးသွားတာကြောင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ရတဲ့ spillover effects တွေက မရှိသလောက် ရှားပါးပါတယ်။ အာဏာရှင် တိုင်းပြည်အများစုမှာကတော့ ပြည်သူလူထုတွေ ဆင်းရဲငတ်မွတ်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးရတာတွေက စီးပွားရေးပိတ်ဆို့အရေးယူမှုထက်စာရင် တိုင်းပြည်ရဲ့ စီးပွားရေးပေါ်လစီ ညံ့ဖျင်းမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ စီးပွားရေးအဆောက်အအုံကို အာဏာရှင်နဲ့ အာဏာရှင် အသိုင်းအ၀ိုင်းတွေကသာ ကြိုးကိုင်ခြယ်လှယ်မှုတွေကြောင့် ဖြစ်တာ များပါတယ်။ စီးပွားရေး ပိတ်ဆို့မှု စတင်တဲ့ အချိန်နဲ့ တခြားတတိယနိုင်ငံက အစားထိုးဝင်ရောက်မှု အချိန်ကြားက ကွာဟမှုတွေကြောင့် အဲဒီအချိန်နှစ်ခုကြားမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူဦးရေ အနည်းအကျဉ်းကတော့ ရှိပါလိမ့်မယ်။ ဒီအတွက် ကိုယ်ချင်းစာတယ်၊ ဒီလို ထိခိုက်မှုကြောင့် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းဖို့ လိုအပ်တယ်လို့ ထင်သူတွေလဲ ရှိပါတယ်။ စီးပွားရေး ပိတ်ဆို့မှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထိခိုက်တယ်လို့ မြင်သူတွေလဲ ရှိတတ်ပါတယ်။ သူ့ရှုထောင့်နဲ့ သူတော့ မှန်နေတာပါပဲ။ ဒါကြောင့် ဒီအမြင် ရှိသူတွေအနေနဲ့ကလဲ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းလိုက်တဲ့အခါမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကြောင့် ထောင်နဲ့ ချီတဲ့ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရလာနိုင်သလို၊ အာဏာရှင်တွေအတွက် ပြည်သူလူထုကို ပိုမိုဖိနှိပ်ချုပ်ချယ်နိုင်တဲ့ အခွင့်အလမ်းသစ်တွေ ရရှိသွားမယ်ဆိုတဲ့ အမှန်တရားတခုကို လက်ခံရင်း၊ အာဏာရှင်တွေ လက်ထဲရောက်နေတတ်တဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လူထုအကျိုးအတွက် ဖြစ်အောင် ဘယ်လို divert လုပ်မလဲ၊ ပိတ်ဆို့မှုဖွင့်လိုက်လို့ ပိတ်ဆို့ခဲ့ဖူးတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ စတင်ဝင်ရောက်လာတဲ့အခါ ပိတ်ဆို့ထားစဉ်မှာတုန်းက ၀င်ရောက်လုပ်ကိုင်နေတဲ့ တတိယနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ conflicts of interests ဖြစ်ရာက ဆက်နွယ်လာမယ့် ဆိုးကျိုးတွေကို ဘယ်လိုရှင်းမလဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ကန့်သတ်ချက်တွေရှိနေတဲ့ အာဏာရှင်အစိုးရတွေရဲ့ ဥပဒေတွေကို ပြောင်းလဲယူနိုင်တဲ့ အရည်အချင်းနဲ့ ပါဝါ ကိုယ့်မှာ ဘယ်လောက်ရှိသလဲ၊ Cross- Border acquisitions တွေကို ဘယ်လိုကိုင်တွယ်မလဲ။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်နေတဲ့ ဒီခေတ်ကာလကြီးမှာ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ဆက်စပ်ပေါ်လာမယ့် Economic Exposure, Transaction Exposure, Translation Exposure စတဲ့ Foreign Exchange Exposures တွေကို စီမံခန့်ခွဲဖို့ကော ကိုယ့်စီးပွားရေးအဆောက်အအုံနဲ့ ဘဏ္ဍာရေးစနစ်က အဆင်သင့် ဖြစ်နေသလား ဆိုတာတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေ ဖြည့်ဆည်း၊ သင့်လျော်တာတွေ လုပ်ဖို့ လိုအပ်လှပါတယ်။ နိုင်ငံ့ ရေးရာ ကိစ္စတွေမို့ စာတစောင်၊ ပေတဖွဲ့နဲ့တော့ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေး ပေါ်လစီ စာတမ်း မဟုတ်တဲ့ အတွက် အသေးစိတ်မရေးလိုတော့ပါဘူး။

ဒါကြောင့် နိဂုံးချုပ်ဆိုရရင် မျက်နှာချင်းဆိုင်ထိုင်ပြီး “ကကြီးပါ”၊ ”ယ ပက်လက်ပါ”၊ “ ဒ ဒွေးပါ”၊ “င် ငသတ်ပါ” နဲ့ ငြင်းခုန်မှုတွေ လုပ်နေကြတာထက်စာရင် ကိုယ်ကြည့်တဲ့ ရှုထောင့်၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်အပေါ်မှာ အခြေတည်ပြီး၊ ကိုယ့်လမ်းနဲ့ကိုယ် ထိရောက်အောင်လုပ်နိုင်တာတွေ ပြုလုပ်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ အရေးကြီးတာကတော့ capability ပဲဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒတွေ၊ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းကြီးတွေမှာပဲဖြစ်ဖြစ် တခြားနိုင်ငံ (သို့) ပြိုင်ဘက်လုပ်ငန်းကြီးတွေကို လေ့လာသုံးသပ်တဲ့အခါ vision တွေ၊ intent တွေဆိုတာထက် capability ဆိုတဲ့ လုပ်ဆောင်နိုင်ရည်စွမ်းကို အဓိကထားပြီး အကဲဖြတ်ရပါတယ်။ ဗိုက်ဆာရင် မုန့်စားမယ်လို့ ကြော်ငြာကပ်ထားပေမယ့်၊ ဆာလာတဲ့ အချိန်မှာ ပိုက်ဆံမရှိရင် မစားနိုင်ပဲ၊ ပိုက်ဆံရှိနေတယ်ဆိုရင်တော့ ကြေငြာစရာတောင်မလိုပဲ ဆာလာတဲ့အချိန်မှာ ကောက်ပြီး ၀ယ်စားလိုက်နိုင်တာမျိုးကို ဆိုလိုတာပါ။ vision တွေကို ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ပြီး ဘယ်လောက်ပဲ ကြေငြာထား၊ ကြေငြာထား၊ intent တွေကို တကမ္ဘာလုံးကြားအောင် ဘယ်လောက်အော်ပြောအော်ပြော၊ နောက်ဆုံးတော့လဲ capability မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ capability ရှိတယ်ဆိုရင်တော့ ကောက်ခါငင်ခါ ပေါ်လာတဲ့ vision, intent တွေကို ချက်ချင်းအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ပြောတဲ့ intent တွေ ဖြစ်လာဖို့၊ capability ဘယ်လိုရှိလာအောင်လုပ်မလဲဆိုတာကိုသာ စဉ်းစားသုံးသပ်ရင်း၊ အချိန်ကို အကျိုးရှိစွာ သုံးသင့်ကြပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခင်မမမျိုး (၇၊ ၅၊ ၂၀၀၉)


(စာရေးသူသည် ဗြိတိန်နိုင်ငံ၊ Aberdeen တက္ကသိုလ်၊ ဘုရင့်ကောလိပ်မှ နိုင်ငံရေးဘောဂဗေဒအထူးပြု ဘောဂဗေဒ မဟာဝိဇ္ဖာဘွဲ့၊ စစ်မဟာဗျူဟာလေ့လာရေးပညာ မဟာသိပ္ပံဘွဲ့များ ရရှိထားပြီး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနှိမ်နင်းရေး၊ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ လေ့လာသူ သုတေသီတဦး ဖြစ်ပါသည်)

ရည်ညွှန်းကိုးကား

Barber, J. (1979) ' Economic sanction as a policy instrument', International Affairs, 55 (3)

Elliot, K. (1998) ' The sanction glass half full of empty', International Security, 23 (1)

Hufbauer, G., Scott, J. & Elliot, K. (2007) Economic sanction reconsidered: History and current policy, 3rd edition

Lindsay, J. (1998) ' Trade sanctions as policy instrument'. International Quarterly, 30 (2)

Mack, G.& Khan A. (2000) 'The efficacy of UN sanctions', Security Dialogue, 31 (3)

Pape, R. (1998) 'Why economic sanctions still do not work?', International Security, 23 (1)

Pape, R. (1997) ' Why economic sanctions don't work?', International Security, 22 (2)

Rogers, E. (1996) ' Using economic sanctions to control regional conflicts'. Security Studies, 5 (4)

Rarick, C. (2006) 'Destroying a Country in order to save it: The Folly of Economic sanctions against Myanmar', Economic Affairs, 26 (2)

Schreiber, A. (1973 ) 'Economic coercion: an instrument of Foreign Policy', World Politics, Vol. 25

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, May 4, 2009

အတောင်မဲ့..ငှက်တကောင်




ငါ့ရင်ထဲရှိခဲ့ဘူးတဲ့ မြို့ပျက်ကြီးအကြောင်း
အလင်းတန်းတခုနဲ့..
အတောင်မရှိတဲ့ ငှက်တကောင်အကြောင်း
ရာသီပျက်သွားတဲ့ ဈေးကွက်တခု
ပါးပါးကလေးတွေ့ရတဲ့ ဖြစ်တည်မှု
ရင်ခွင်တခု ခိုးလိုးခုလုဖြစ်ခဲ့ဘူးတယ်…။

စောင်းကြိုးတွေ တင်းနေတာကို
ညင်းညင်သာသာ မတီးတတ်ပါလား
ပဋိပက္ခတရားကို ဒွိဟပွားစေတာလား
ရှိသမျှအမှားကို ကလိပြ…ပြနေတာလား
အိုဘယ် သူယောင်မရေ
မင်းဖန်ဆင်းလို့ အသစ်ဖြစ်ရင်တောင်
ကမ္ဘာကြီးမှာ တယ်မလွယ်ဘူးကွဲ့…။

အပင်သန်တိုင်း မျိုးစေ့မှန်မတဲ့လား
မျိုးပွားပုံတူတွေ ကမ္ဘာပေါ်မှာရှိနေတာလေ..
ငယ်ငယ်တုန်းက ချိုမိုင်မိုင်ကခဲ့တိုင်း
ပန်တျာသည် ဖြစ်မလာဘူးကွဲ့
ချစ်ခြင်း၊မုန်းခြင်းသည် ရာဇဝင်မဖြစ်
ရောမမြို့ပျက်ကြီိးသာ…။

အမှားတွေကို မျိုမျိုချနေသလောက်
ဝမ်းတလုံးကောင်း ခေါင်းမခဲတာကလား
ကဗျာဆရာသည် နှလုံးသားကိုဖောက်ထွင်းတတ်သတဲ့
အသစ်မဟုတ်ပေမဲ့ မဟောင်းသေးတာကတော့
နေရောင်မမြင်ရတဲ့အရပ်မှာ လူသားတွေကြာရှည်မနေဘူးဆိုတာပါပဲ…။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့