Wednesday, February 25, 2009

တောကြောင်.....(ဂင်ကြီး)


ကျနော်တို့ငယ်ငယ်က အလယ်တန်းလောက်အထိ သူငယ်ချင်းတွေ နံမည်ပြောင်ဒါမှမဟုတ် အဖေရဲ့နံမည်ကို တယောက်နဲ့တယောက် လစ်ရင်လစ်သလို ခေါ် ကြတာလေ။ ကျနော့်ဆိုရင်သူငယ်ချင်းတွေက ဆရာကြီး ဒါမှမဟုတ် အုန်းတင်တဲ့ ဆရာကြီး လို့ခေါ်တာက ဘောလုံးကစားရင် အလိမ်အခေါက်များလို့လေ အုန်းတင်ဆိုတာ ကျနော့် အဖေနံမည်ကိုခေါ်တာ နိုင်အောင်ဆိုရင်ဂျပု တခါတလေသူ့အဖေနံမည် စိန်ထွန်းလို့ခေါ် တယ် ဖိုးကျော်ဆိုရင် စွေကြီး သူကမျက်လုံးလေးနည်းနည်းစွေတယ်လေ တခါတလေ တင်ရွှေ သူအဖေနံမည်။ များသောအားဖြင့် ကစားကြတဲ့အချိန်ဆိုရင် နံမည်ပြောင်တွေပဲခေါ်ကြတာ များတယ် အတန်းထဲကရွယ်တူကောင်မလေးတွေရှေ့တို့ တယောက်နဲ့တယောက်စခြင် တဲ့အခါတို့ဆို အဖေတွေရဲ့နံမည်ကိုခေါ်ကြတယ်လေ။ များသောအားဖြင်လဲ စိတ်ဆိုးကြတာ မဟုတ်ပါဘူး ကိုယ့်အဖေနံမည်နဲ့ကိုယ်ကိုခေါ်လိုက်ရင် သူ့အဖေနံမည်ပြန်ခေါ်လိုက်တာပဲ။ ဒီအထဲမှာ နည်းနည်းထူးခြားတာက တောကြောင် ပေါ့ သူ့နံမည်အရင်းက မောင်စိန်လှ သှူု့ အဖေနံမည်က လှမြိုင် ဒီကောင်ကသိတ်လျှင်တာ ကျနော်တို့ငယ်ငယ်က တခါတလေ သူများ အိမ်က မာလကာသီးတွေဘာတွေ သူများမသိအောင်ခိုးစားရင် ဒီကောင်ကသိတ်လျှင်တာ အိမ်ရှင်သိသွားလို့ ထွက်အော်ရင် ပြေးတဲ့နေရာလဲ ဒီကောင်ကလျှင်မှလျှင် ဒါကြောင့်သူ့ကို တောကြောင်လို့ခေါ်ကြတာ။
တခါကဆို ဒီဇင်ဘာလ မနက်အစောကြီးလမ်းလျှောက်ရအောင်လို့ သူငယ်ချင်းတွေ ဒီလိုပဲ လိုက်နိုးကြရင်း ကျနော့်အိမ်ရှေ့ရောက်တော့ “ဆရာကြီးရေ”တဲ့ အဲ့ဒီအချိန်အမေကနိုးနေပြီ လေ “ဟဲကောင်လေးထ ဟိုမှာနင့်ကောင်တွေလာခေါ်နေပြီတဲ့” အမေကကျနော့်ကို သားလို့ ခေါ်တာများတယ် စိတ်ထဲဘဝင်မကျရင်ဟဲ့ကောင်လေးတဲ့ ဒီကောင်တွေဆရာကြီးလို့ခေါ်တာ အမေကကြိုက်တာမဟုတ်ဘူး ဒါပေမဲ့ကျနော့်ကို ခေါ်မှန်း အမေကသိနေတာလေ ဒီိကောင် တွေလာခေါ်တိုင်းဒီလိုပဲခေါ်နေကြကိုး ဖြစ်ခြင်တော့ နိုင်အောင့်အိမ်ရှေလည်း ရောက်ရော တောကြောင်ပေါ့ အသံပြဲနဲ့လေ “ဟေ့ကောင်စိန်ထွန်းထ” တဲ့ တိုက်ဆိုင်ခြင်တော့ အဲ့ဒီနေ့က ဦးလေး ဦးစိန်ထွန်းက နိုးနေတာလေ “ဘယ်ကောင်တွေလဲကွငါ့နံမည်ခေါ်တာ” “ဟိုက်” သွားပြီပေါ့ ဘာမပြောညာမပြောနဲ့ ကျနော်တို့တအုပ် နောက်ဆုတ်နောက်ဆုတ် ပဲရှိသေးတယ် လှည့်ကြည်လိုက်တော့ တောကြောင်မရှိတော့ဘူး သူကတော်တော်ဝေးဝေးကို ရောက်နေပြီလေ ဒီကောင်ကအဲ့ဒီ့လိုလျှင်တာ။ တခါတုန်းကလဲ တခြားရက်ကွက်ကကောင် တွေနဲ့ ဘော်လုံးချိန်းကန်ကြတာ ချိန်းပွဲဆိုတော့ တဖက်နဲ့တဖက် လူချကြရင်းနဲ့ ရန်ဖြစ်ကြ တာ ခဲ့တွေနဲ့ပေါက်ကြတာလေ ဘေးကလူကြီးတွေ ကျနော်တို့ကိုထွက်တားမှရပ်သွားကြတာ တောကြောင်ကြည့်လိုက်တော့ ဒီကောင်မရှိတော့ဘူး ထုံစံအတိုင်းပြေးသွားပြီလေ။ ဒီကောင် က အာနည်းနည်းကျယ်တာကလွဲလို့ ပြသာနာရှိရင်ရှောင်တတ်တဲ့အကျင့်ရှိတယ်။
ကျနော် ၈ တန်းအောင်တဲ့နှစ်မှာ အိမ်က ရန်ကုန်ပြောင်းသွားရတယ်လေ ဒီတော့ ကျနော် တို့မြို့ကသူငယ်ချင်းတွေနဲ့ ခွဲသွားခဲ့ရတာပေါ့ ၁၀ တန်းနှစ်ရောက်တော့ ကျနော်နဲ့အဖေနဲ့ ကိစ္စတခုနဲ့ မြို့ကိုပြန်ရောက်တုန်း ငယ်သူငယ်ချင်းတွေနဲ့လဲပြန်တွေ့ရတာပေါ့ တရက် တောကြောင်နဲ့တွေ့တော့ ကျနော်လဲပါးစပ်ကလွတ်ကနဲ “ဟေ့ကောင်တောကြောင်” လို့ခေါ် တာပေါ့ နှုတ်ဆက်တာလေ ဒီကောင်ပြန်နှုတ်ဆက်တာ အေးတိအေးစက်ပဲ ကျနော့ အဖေလဲပါတယ်လေ အဖေကကလဲသူ့ကိုနှုတ်ဆက်တယ် “မောင်စိန်လှနေကောင်းလားကွ” ဆိုတော့ ဒီကောင်ပြန်ပြောတာ ကောင်းကောင်းမွန်မွန်ပဲ။ ဒါနဲ့အိမ်ရောက်တော့ ကျနော်အဖေ့ ကို “တောကြောင်က သွေးကြီးသွားသလားမသိဘူး” လို့ဆိုတော့ အဖေက “သူကလူပျိုကြီး ဖားဖားဖြစ်နေပြီကွ” “မင်းထက်နှစ်နှစ်လောက်ကြီးတယ်လေ” “မင်းကငယ်ငယ်တုန်းကလို နံမည်ပြောင်ခေါ်တာသူမကြိုက်လို့ပါကွ” “ငါ့သားရေ လူဆိုတာပြောင်းလဲတတ်တယ်ကွ မင်းတို့ငယ်ငယ်က တယောက်ခြင်းစီရဲ့ ပြောစရာလေးတွေ ၊ ပြောင်စရာလေးတွေ၊ အကျင့်လေးတွေပေါ်မှာ မင်းတို့ နံမည်ပြောင်တွေဖြစ်လာတာမလား ဒါပေမဲ့ ကြီးလာတော့ လူ့သဘောရှက်လာတာတို့၊ ငယ်ကျိုးငယ်နာဖေါ်သလိုတို့ဖြစ်တတ်တယ်ကွ ပြောင်လဲသွား တဲ့သဘောပေါ့၊ မင်းလည်း ၁၆ နှစ်ရှိနေပြီ အခတ်မသင့်ရင် ရန်ဖြစ်တတ်တယ်” တဲ့ အင်းအဖေပြောတာလည်းဟုတ်ပါတယ်လေ…. နောက်တနေ့နိုင်အောင်နဲ့တွေ့မှ “ဒီကောင် ကနံမည်ပြောင်ခေါ်ရင်မကြိုက်တော့ဘူးတဲ့” “သူကဖွန်ကြောင်နေတာကြာပြီ” နိုင်အောင် ပြော မှပဲသူ့အကြောင်းသဘောပေါက်တော့တယ်။
ဟုတ်ပါတယ် နောက်ဆို ကျနော် တောကြောင်ကို တောကြောင်လို့မခေါ်မိအောင် ကျိုးစားရ ပါတော့မယ် တောကြောင်ရေ့….။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, February 19, 2009

ကျနော်ကြည့်ဘူးသော ဘော်လုံးပွဲတချို့

photo source- DVB sport

ကျနော်ခုံမင်နှစ်သက်၊ဝါသနာထုံခဲ့တဲ့အထဲမှာ ဘော်လုံးအားကစားနည်းကို စိတ်ဝင်တစားရှိခဲ့ တာလဲပါတာပေါ့။ ကျနော်တို့ငယ်ငယ်က ဒီဇင်ဘာလဆို ရပ်ကွက်တိုင်းမှာ တပတ်တရက် အားကစားပြိုင်ပွဲတွေလုပ်ခဲ့တာလေ ဆုကြေးဘာညာက ဘာမှမဟုတ်ပေမဲ့ ခလေး၊ လူငယ် တွေ အတွက်တော့ အားကစားပြိုင်ပွဲလေးတွေရှိတာပေါ့ဗျာ အဲ့ဒီရက်ဆို ကျနော်တို့ ရွယ် တူလေးတွေစုပြီး (Small Goal) ဂိုးကျဉ်း ပြိုင်ပွဲလေးတွေကစားရတာလေ တော်တော်လေး ပျော်စရာကောင်းပါတယ်။ မနက် ၄ နာရီလောက်ဆို အချင်းချင်းလိုက်နိုးကြ ဘယ်ရပ်ကွက် ကပြိုင်ပွဲကကောင်းတယ် စာရင်းမြန်မြန်သွားပေးမှ ပြီးရင်လူစုကြ ကစားကြပေါ့လေ ကျနော်တို့ကစားခဲ့ရတာ ကစားကွင်းမှာတော့မဟုတ်ပါဘူး အဲ့ဒီအချိန်က ကျနော်တို့မြို့က တချို့လမ်းတွေဟာ သဲလမ်းတွေဆိုတော့ ၇ နှစ် ၈နှစ်ခလေးတွေအတွက်တော့ ကစားရတာ တဖက် ၅ ယောက်ပွဲလေးတွေအတွက်အတော်ပါပဲဗျာ။
ငယ်ငယ်ကဘော်လုံးပွဲလေးတွေကစားခဲ့တာ ဘော်လုံးပွဲတွေကြည့်ခဲ့ကြတာတွေကို အမှတ်ရ နေဆဲပါ။ ကျနော်ကြည့်ခဲ့ရတဲ့ဘော်လုံးပွဲထဲမှာ ၁၉၇၂ ခုနှစ်တုန်းက ဂျာမဏီ(အဲ့ဒီအချိန်က အနောက်ဂျာမဏီ) မှာကျင်းပတဲ့ မြူးနစ်ကမ္ဘာ့အိုလံပစ် ဘော်လုံးပြိုင်ပွဲမှာ မြန်မာအသင်း ခြေစစ်ပွဲအောင်ပြီး ဝင်ရောက်ကစားခဲ့ပါတယ်။ ကျနော်ကြည့်ရတာက အဲ့ဒီ့ပြိုင်ပွဲမဟုတ်ပါဘူး အဲ့ဒီ့ပြိုင်ပွဲမှာ ဝင်ကစားခွင့်အတွက် မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ အာရှဇုံ ခြေစစ်ပွဲပါ တိုက်ရိုက်ကြည့်ရတာမဟုတ်ပါဘူး တိုက်ရိုက်လွင့်တဲ့မြန်မာ့အသံရေဒီယို ဘော်လုံးပွဲအစီအစဉ် ကို အိမ်က Phillip ရေဒီယိုကလေးနဲ့ အဖေရယ်၊ကျနော်ရယ် အိမ်နားက ဝါသနာအိုးဦးလေး တွေရယ်နားထောင်ခဲ့ကြတာပါ။ ခလေးဆိုတော့ဗျာ မြန်မာအသင်းနိုင်တာ၊ဂိုးတွေသွင်းတာကို ရေဒီယိုအစီအစဉ်ကြေငြာသူက အားရပါးရကြေငြာလိုက်တိုင်း ကျနော်ကထထခုန်တာ အော်လိုက်တာလဲမနည်းပဲလေ အိမ်ဘေးနားကဦးလေးတွေဆို ကိုယ်အသင်းက ဂိုးသွင်း လို့ဝမ်းသာကြသလို ကျန်ာထထအော်တာကြည့်ပြီး တဝါးဝါးနဲ့ပွဲကြနေတာပေါ့ အဲ့ဒီအချိန်က ကျနော်၂ တန်းပဲရှိသေးတာလေ ဘော်လုံးပွဲနားထောင်ပြီးရင် လမ်းမထွက် သူငယ်ချင်း တွေနဲ့ ဘော်လုံးကန်ကြတာဗျ တော်တော်ခြေတွေ့ကြတာဗျာ ဘော်လုံးပွဲနားထောင်ထားတဲ့ လမိုင်းကပါနေတော့ တော်တော်ကစားကောင်းတာဗျ တခါသားဆို ဘော်လုံးကန်ကောင်း နေလိုက်တာ လမ်းမီးလာတဲ့အထိပဲဆိုပါတော့ အိမ်ပြန်မယ်လုပ်ရုံရှိသေး အမေကျိန်လုံးနဲ့ လိုက်လာပြီးဆော်လိုက်တာ အရှိုး ၄၊၅ ချက်ထင်ရောဗျို့ တော်သေးရဲ့ဗျာ အဖေရှိသေးလို့ နင့်မိုဆို အမေဆော်တာဒီ့ထက်နာဘို့ရှိတယ် ထမင်းမေ့ဟင်းမေ့ကစားတာကိုး။


ခုနကကျနော်ပြောခဲ့တဲ့ဘော်လုံးပွဲကို ကျနော်ကြည့်ရတာ ၁၉၇၅ ခုနှစ်ဗျ လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေပြီးတဲ့ည ကျနော်တို့မြို့က ဘော်လုံးကွင်းထဲမှာ ညလုံး ပေါက်ပြတဲ့ မော်ကွန်းရုပ်ရှင်ကပြလို့ကြည့်ရတာပါ။ အဲ့ဒီညက ကျနော်ကြည့်ရတာ ၃ ပွဲဗျ မြန်မာနဲ့အစ္စရေးလ်၊ မြန်မာနဲ့ထိုင်း နောက်တပွဲက မြန်မာနဲ့ အင်ဒိုနီးရှား တော်တော်ကောင်း တယ်ဗျာ အစ္စရေးလ်နဲ့ပွဲဆိုတော်တော်ကိုကောင်းတာဗျာ မြန်မာတွေဘော်လုံးကန်ကောင်းတာ အစ္စရေးလ်နည်းပြကတောင်ချီးကျူးရတာပါ ခြေသိတ်မကွာပေမဲ့ ဘော်လုံးပညာမှာ မြန်မာသာတယ် ၂ ဂိုးနဲ့မြန်မာနိုင်တယ်ဗျ လူကောင်တွေကလဲ သိတ်မကွာဘူးဗျ အစ္စရေးလ် က မသိမသာလေးပဲ ကြီးတာပါ ကစားတာတော့ နည်းနည်းကြမ်းတယ်ဗျို့ သူတို့ကလဲ ခတ်မာမာကစားကြတာကိုး။ နောက်တပွဲက ထိုင်းနဲ့ဗျ ပြင်းစရာကောင်းလိုက်တာဗျာ မြန်မာအသင်းက စိတ်ကြိုက်ကစားနေတာဗျို့ လူကောင်ကအစမြန်မာကသာတယ်ဗျ ဘော်လုံးပညာပိုင်းဆို တော်တော်ကွာပါတယ်ဗျာ ကျနော်မတ်မိနေသေးတယ် မြန်မာတိုက်စစ်မှူး ကျနော်နံမည်သိတ်မသေချာလို့ မြကြိုင်လားမသိဘူးဗျ ဂိုးသမားကိုပါလိမ်းပြီးဂိုးဝမှာ ဂိုးမသွင်းပဲစောင့်နေတာဗျို့ တဖက်ဂိုးသမားကမှီလိုမြှီဲငားပြေးလာမှ နောက်ပြန်ကန်သွင်း သွားတာလေ ရုပ်ရှင်ကြည့်တဲ့ပရိသတ်တောင် မနည်းကောင်းအားပေးကြတယ်ဗျို့ ကျနော်သွားကြည့်တာက အိမ်ဘေးနားကဝါသနာရှင်ဦးလေးတွေနဲ့လေ တချို့ဟာတွေ ကျနော်နားမလည်ရင် သူတို့ပဲပြောပြပေးတာပေါ့ ကျနော်ကလဲအမေးအမြန်းထူမှထူလေ နောက်တပွဲက အင်ဒိုနီးရှားနဲ့ဗျို့ ကျနော်အဲ့ဒီပြကွက်ကို အခုထိမြင်ယောင်နေသေးတယ်ဗျာ အေးမောင်ကြီး ကွင်းလည်လောက်ကလှမ်းကန်တာ ဂိုးထောင့်ထဲကိုလှလှပပဝင်သွားတာဗျ မော်ကွန်းရုပ်ရှင်ထဲမှာ အနှေးပြကွက်လည်းပြန်ပြတာကိုး ထုံးစံအတိုင်းကနော်ထခုန်တော့တာပဲဗျို့ ဘေးကလူတွေကသဘောကျနေကြတာ တော်တော်ဝါသနာကြီးတဲ့ခလေးတဲ့ မြန်မာ က ၄ ဂိုးပြတ်နိုင်သွားတာပါပဲ နောက်နေ့ကြမှ ကျောင်းစာကြည့်တိုက်က အဲ့ဒီအချိန်က တံခွန်ဗျ အားကစားဂျာနယ်လေ လှန်ဖတ်တော့မှ ကျနော်တို့ မြန်မာအသင်းက ကမ္ဘာအိုလံ ပစ်ပွဲမှာတောင် အသန့်ရှင်းဆုံးဆုရခဲ့တာလေ အုပ်စုပွဲမှာ ကမ္ဘာ့ဖလားပြန် ဆိုဗီယက်ပြည်ထောင်စုအသင်းကို ၁ ဂိုးတည်းနဲ့ကပ်ရှုံးခဲ့တာလို့သိခဲ့ရတာပါ။
အဲ့ဒီ့ခေတ်က တောင်ကိုးရီိးယားပတ်ချုံဟီးဖလား၊ မာဒေးကားဖလား၊ ဆီးဂိမ်းရွှေတံဆိပ်၊ အာရှရွှေတံဆိပ်တွေ မနည်းရခဲ့တာပါ။ ရလာတိုင်းလည်း ရေဒီယိုက ဒေါ်အမာစိန်သီဆိုထားတဲ့ တို့ဗမာနိုင်ပြီဆိုတဲ့သီချင်း ရေဒီယိုရှိတဲ့အိမ်တိုင်းဝဲခဲကြတာကလား မြန်မာဘော်လုံးအသင်း အောင်မြင်ခဲ့တာဟာ ၁၉၅၈ ခုနှစ်လောက်ကစတာပါပဲ လွပ်လပ်ရေးရပြီး ပါလီမန်အစိုးရတွေခေတ်မှာ မြန်မာ့လူနေမှုစံနစ်၊ အားကစားစံနစ်တကျပျိုးထောင်မှု၊ နောက်ဆုံး အစားအသောက်၊ အနေအထိုင်ကအစ အာရှမှာအတော်အတန်အဆင့်အတန်းရှိခဲ့တာကိုး ဒီတော့ အားကစားမှာလဲ တစ်စုံတရာတိုးတက်လာခဲ့တာပေါ့ အားကစားဆိုတာဟာ၊ အားကစားသမားကောင်းတွေ ပေါ်ထွက်ဘို့ဆိုတာဟာ အားကစားကို လူတော်တော်များများလိုက်စားနိုင်တဲ့ လူနေမှုအခြေ အနေရှိဘို့လိုသလို တိုင်ပြည်ရဲ စီးပွားရေးအဆင့်အတန်း၊ အားကစားအပေါ်မှာ အစိုးရရဲ့ပံပိုးမှု တနည်းအားဖြင့် Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေရှိမှာသာ တိုင်းပြည်အားကစားတိုးတက်တာပါ။ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင် တာဟာ လွပ်လပ်ရေးရပြီး ၁၂ နှစ်လောက် မှန်မှန်ကန်ကန် တည်ဆောက်ခဲ့တဲ့ အားကစားပြုစုပျိုးထောင်မှုတွေရဲ့ အသီိးအပွင့်ကို ၁၉၅၈ လောက်ကစပြီး ၁၉၇၂ ခုနှစ်လောက်အထိ ၁၄ နှစ်လောက်အောင်မြင်ခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း စစ်အုပ်စုကတိုင်းပြည်အာဏာကိုသိမ်းခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်းမှုတွေဖြစ် စစ်အုပ်စုရဲ့ကိုယ်ကျိုးရှာမှု ဒါတွေဖြစ်ခဲ့တာတောင် ပါလီမန်ခေတ်ကကောင်းခဲ့တဲ့ နိုင်ငံရဲ့အားကစားအဆင့်အတန်း၊ အားကစားသမားကောင်းတွေ လက်ကျန်ရှိနေသေးတော့ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင်ခဲ့တာပါ။့ ဒီနောက်ပိုင်း မဆလစစ်အုပ်စုအောက်မှာ တိုင်းပြည်စီးပွားရေးကျ၊ လူနေမှုအဆင့်အတန်းနှိမ့် လာဒ်ပေး၊လာဒ်ယူတွေထွန်းကား၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အားကစားအစီ အစဉ်တွေမလုပ်နိုင်တော့ ၁၉၇၃ ခုနှစ်လောက်ကစပြီး မြန်မာဘော်လုံးအသင်း ကျသွားတော့တာပါပဲ။
၁၉၈၈ခုနှစ်ကြတော့ စစ်အုပ်စုလက်သစ်တွေကပဲ တိုင်းပြည်အာဏာကို သိမ်းလိုက်ကြပြန်ရော စစ်အုပ်စုလက်ဆုတ်စာနဲ့အပေါင်းအပါတချို့ချမ်းသာသွားပြီး လူအများစုကြီးကပိုလို့တောင် ဆင်းရဲသွားတာပါ။ ကျနော်တို့အရွယ်ကောင်းမှီခဲ့တဲ့ မဆလ ခေတ်ထက်တောင် ပိုဆိုးနေသေးတော့ ဘယ်လိုလုပ်အားကစားတိုးတက်နိုင်တော့မလဲ အားကစားလိုက်စားမဲ့ လူငယ်တွေမှာ အလုပ်၊ငွေ၊ စားဝတ်နေရေး တွေအတွက်လုံးပန်းနေကြရတာကလား ဒါတင်ဘယ်ကမလဲ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တရားမဝင်ရော၊ တရားဝင်ရော မနည်းကောင်းထွက်နေကြတော့ အားကစားသမားကောင်းပေါ်ထွက်ဘို့ဆိုတာတော့ဗျာ အကင်းတဖုတ်ဖုတ်လို့ ဆိုရမလားပဲ ဒါတောင်စစ်အုပ်စုတက်လာတော့ အရှက်မရှိ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်တဲ့ဗျာ တပွဲတိုးလေးတွေလုပ်သေးသဗျ ၁၉၉၁ လောက်မှာစတာ တိုင်းပြည်ကို စေတနာရှိလို့တော့မဟုတ်ဘူးဗျ သူတို့ကြွားလုံးကို ကာမိယုံလောက်ဖြစ်အောင် ဒေသတွင်းပြိုင်ပွဲလေးတွေမှာ မြန်မာနိုင်ငံမှာ အဲ့ဒီအချိန်က အကောင်းဆုံးဘော်လုံးသမားတချို့ (မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ကြည်လွင်၊တင်မြင့်အောင်၊အောင်နိုင်၊အောင်ထွန်းထွန်း) စသည်ဖြင့်ပေါ့ဗျာ နောက်ပြီး ဂါးဘလောက်တို့ ဝါနာ တို့လိုနည်းပြကောင်းတွေငှားလိုက်တော့ နဂိုလ်က ဘော်လုံးအခြေခံ ရှိခဲ့တဲ့ နိုင်ငံဆိုတော့ ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံဆိပ်လေးရသေးတယ်လေ ကျနော်မြင်တာက ဒါတောင် စစ်အုပ်စုပံပိုးတယ်ဆိုတာထက် ဘော်လုံးသမားတွေရဲ့ ကျိုးစားမှု နည်းးပြရဲ့ဗျူဟာကောင်းမှု၊ဘော်လုံးပွဲတပွဲခြင်းစီမှာရှိတတ်တဲ့ အုပ်စုချောင်မှု၊ ကြံကြမ္မာအလှည်းပေးတာတွေကြောင့်သာ ငွေတံဆိပ်ရခဲ့တာပါ (အဲ့ဒီအချိန်က ဘော်လုံးသမားတွေ၊ နည်းပြတွေကိုတော့ချီးကျူး ပါတယ်ဗျာ) ဒါပေမဲ့ တကယ်အခြေခံတွေကိုမတည်ဆောက်နိုင်တော့ ထိုင်း ကိုမနိုင်ဘူးလေ ၁၉၉၅ လည်းကြရော အဲ့ဒီနှစ်မှ ပြိုင်ပွဲလာဝင်တဲ့ ဗီယက်နမ်ကို ဆီမီးမှာ ရှုံးရောမလား ရှုံးလည်းရှုံးရော ဘော်လုံးသမားတွေကိုအပစ်တင် အောင်ကျော်ကျော် ဘာဖြစ်တယ် ဘယ်သူဘာဖြစ်တယ်ပေါ့လေ ဗီယက်နမ်က အဲ့ဒီနောက်ပိုင်း PRO ဘော်လုံးပြိုင်ပွဲတွေပြောင်းလုပ်လိုက်တော့ ဟော.. ဒီနှစ် (၂၀၀၈) အရင်က ( Tiger Cup) ယ္ခု (Suzuki) ဖလား ထိုင်းကိုနိုင်ပြီး ဗီယက်နမ်ရသွားရောမလား ဒီတော့ဗျာ တိုင်ပြည်တခုရဲ့ အားကစား တိုးတက်လာဘို့ဆိုတာ လူတွေရဲ့ စားဝတ်နေရေးအဆင်ပြေမှု၊ စီးပွားရေးစံနစ်ကောင်းမွန်တိုးတက်မှု၊ နိုင်ငံရေးတည် ငြိမ်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု စတာတွေမရှိပဲ ဘယ်လိုမှမတိုးတက်နိုင်ပါဘူး ရှင်းရှင်း ပြောရရင် Good Governance ကောင်းမွန်တဲ့အုပ်ချုပ်ရေးစံနစ်မရှိလို့ကတော့ အာဏာရှင်အုပ်စိုးမှုအောက်မှာ တိုင်းပြည်အားကစားမတိုးတက်ပါဘူး။

(ရှိတဲ့ခေတ်စံနစ်အောက်မှာ အခက်အခဲအကြပ်အတည်းတွေ၊ မပြည့်စုံမှုတွေ မွန်းကြပ်မှု တွေအောက်မှာ ဝါသနာအရကစားနေကြတဲ့ မြန်မာဘော်လုံးသမားတွေကို စာနာရင်း။)

ဂင်ကြီး


အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, February 11, 2009

ပြုံးစရာလေး...(ဂင်ကြီး)

စာရေးမယ်..ရေးမယ်နဲ့ မရေးဖြစ်တာအတော်လေးကြာသွားတယ်ဗျာ မိတ်ဆွေတွေကို တောင်းပန်ပါရစေ ကမ္ဘာ့ငွေကြေးအကြပ်အတည်းက ကျနော့်ကိုလည်းရိုက်ခတ်သွားလို့ပါဗျာ။ အလုပ်အကိုင်မရှိတော့ တောက်တိုမယ်ရတွေလုပ်နေရတာ ပိုတောင်အလုပ်ရှုပ်နေသေးသဗျာ
မဟေသီက အလုပ်ရှိနေသေးတော့ တော်သေးတာပေါ့ဗျာ။ သမီးလေးတွေနဲ့ပိုအချိန် ပေးဖြစ်တယ်ဗျာ သူတို့နဲ့နေ အိမ်အလုပ်လေးလုပ်၊ ဂစ်တာလေးတီး၊ စာလေးဖတ် ခလေးတွေအိမ်စာဝိုင်းလုပ်ပေး တော်တော်လေးလက်မလည်ပါဘူးဗျို့ အရေးဆိုပျက်နေတတ် တဲ့ ကျနော်စီးတော်ယာဉ်ကြီးကလဲ ဒုက္ခပေးလိုက်တာ ၂ရက်လောက် ကားမရှိတော့ သွား စရာလာစရာတွေတောင် မသွားရပြန်ဘူး ပိုက်ဆံနည်းနည်းကုန်တော့မှ့ သွားခွင့်ပြုတယ် ဗျာ ကားဆိုးသခင် မောင်မောင်ဂင်ပေါ့ဗျာ ထားလိုက်ပါတော့လေ..။
အခုနည်းနည်းရေးခြင်တာလေးကတော့ ကျနော်ကြားဘူးခဲ့တဲ့ ပြုံးစရာလေးပေါ့ဗျာ လူဆိုတာ အကြပ်အတည်းတွေကိုရင်ဆိုင်တဲ့အခါ စိတ်ညစ်စရာနဲ့ချည်းတော့မဖြစ်ဘူးလေဗျာ အနည်းဆုံး တွေးပြီးပြုံးတတ်တဲ့အနေအထားလေးတွေတော့ ရှိရမှာပေါ့ စိတ်ထိုင်ညစ် နေရုံနဲ့တော့ အလားကားပေါ့ ဟုတ်ဘူးလား..။
ဒီလိုဗျို့ တခါကရွာတရွာမှာ ဦးမြကြီးဆိုတာရှိသတဲ့ လူလတ်ပိုင်းလောက်ပဲရှိပါသေးတယ်၊ သူ့မှာ သူအလွန်မြတ်နိုးတဲ့ သူ့ရဲ့ ဇနီးချော မလှဆိုတာရှိသတဲ့ မိဘတွေပေးစားထားတာဗျ တောသူတောင်သားသဘာဝပေါ့ဗျာ ဦးလှကြီးကလယ်ယာလုပ်၊ ငွေရှာ၊ ဒေါ်လှက အိမ် ထောင်မှုထိမ်း၊ ချက်ရေးပြုတ်ရေးတာဝန်ယူ၊ သားသမီးတွေကိုရင်အုပ်မကွာ ထိမ်းသိမ်းစောင့် လျှောက် ဦးမြကြီးက သူ့မိန်းမကို အလှလို့ခေါ်သဗျ ဒေါ်လှကတော့ဗျာ တောသူတွေသဘာ ဝအတိုင်းခေါ်သဗျ (ကမြ) ကိုမြလို့ခေါ်တယ်ဗျ။ ဦးမြကြီးက အနုပညာပိုးရှိတယ်ဗျ တခါတခါ မယ်ဒိုလင်တီးပြီး သီချင်းလေးဘားလေးဆိုတတ်တယ် စာတိုပေစလေးလဲဖတ်တယ်။ ဆိုတော့ ဗျာ သူ့မှာအနုပညာပိုးရှိနေတယ်လေ ဒီတော့ဗျာ တခါတလေ နူနူးညံညံ ခံစားတတ်တာ လေးတွေရှိတာပေါ့လေ..။
တရက်သား လယ်တောကအပြန် ရွာထိပ်ကရေကန်နားရောက်တော့ အပျိုလူပျို ချိန်းတွေ့ နေတာတွေ့သတဲ့ အမှတ်တမဲ့မို့ သူလဲ အသာလေးချောင်းကြည့်မိတာပေါ့ဗျာ ဦးမြတွေ့တာ လေ လားလား….ကောင်မလေးက ကောင်လေးကိုချွှဲနေတာတဲ့ဗျို့ သမီးရည်းစားသဘာဝ ပေါ့ဗျာ (အတွေးတွေလဲချော်မသွားကြပါနဲ့အုံး) တွတ်တီးတွတ်တာလေးတွေ ပြောနေကြ တာပေါ့ဗျာ ခနကြည့်ပြီး ဆက်မကြည့်တော့ပါဘူး အိမ်ပြန်လာခဲ့တယ်ဆိုပါတော့ လမ်း လျှောက်ရင်းနဲ့ လူ့သဘာဝပေါ့ဗျာ အော် (အလှ)ငါ့ကို တခါမှဒီလိုမချွှဲဘူးဖူး……… အေးလေ ဦးမြကြီးတို့က မိဘကပေးစားတာဆိုတော့ ဒီလိုသမီးရည်းစားဘဝမှာတွေ့တတ်တဲ့ တွတ်တီး တွတ်တာလေးတွေ မကြုံခဲ့ရဘူးပေါ့လေ ဒေါ်လှကလဲ အရိုးကြီးမလား တွတ်တီးတွတ်တာ ပြောလေ့မရှိဘူးတဲ့ မယားဝတ္တရားတော့ကြေသဗျို့။
အိမ်ပြန်ရောက်ရင် မိန်းမကိုချွှဲခိုင်ရင်ကောင်းမလားလို့ ဦးမြကြီးတွေးမိတာပေါ့ ဇနီးမယား ကချွှဲနွဲ့ပြောတာလေး ဆိုတာ…တွေးရင်းတွေးရင်းသူဖာသာတယောက်တည်းတောင်ပြုံးမိတယ်တဲ့ဗျ ဒါနဲ့အိမ်ရောက်ရောဆိုပါတော့ဗျာ “အလှရေ လာပါအုံးဟ” “ဘာလဲတော့ကမြ” “တော့်ဟာကလဲ တကတည်းတော်” ပြောရင်းဒေါ်လှအနားရောက်လာတော့ “အလှနင်ငါ့ ကိုချွှဲကြည့်ပါလားဟ” “အယ်တော်ကျုပ်မလုပ်တတ်ပါဘူး” “နင်နဲ့ငါပေါင်းလာတာ ၁၅ နှစ်ရှိပြီ နင်တခါမှ ငါ့ကို ချွှဲပြောတာကြုံဘူးပေါင်ဗျာ” ဦးမြကြီးဒီလိုတခါမှမပြောဘူးတာရယ် သူ့မျက် နှာအကဲခတ်လိုက်တော့လဲ ဝမ်းနည်းသလိုလိုဘာလိုလိုလေးဆိုတော့ ဒေါ်လှတွေးမိသ တဲ့…အော် ငါ့ယောင်္ကျားသနားပါတယ်လို့…..“ကျုပ်ကဘယ်လိုချွှဲရမှာလဲတော်” လို့ဆိုတော့ ဦးမြကြီးမျက်နှာပြုံးရောင်သန်းလာပြီး “ချွှဲတတ်သလိုသာချွှဲပေါ့ဟ” လို့ဆိုသတဲ့ ဒါနဲ့ပဲဒေါ်လှတယောက် အင်း..ရွာနောက်ပိုင်းမတုတ် မုန့်ဟင်းခါးတောင်မစားရတာ ကြာပါပေါ့လားလို့ တွေးမိရင်း…“ဟွန့် မတုတ်မုန်ဟင်းခါးစားချင်တယ်”လို့ ပြောလိုက် ..အဲ့လေ ချွှဲလိုက်သတဲ့ ဒါပေမဲ့ တခါမှဒီလိုမပြောဘူးတော့ စကားလုံးတွေသာထွက် လာပြီးပြောပုံက တောင့်တောင့်ကြီး အသက်မပါဘူးပေါ့ဗျာ ဒီမှာတင် ဦးမြကြီးမျက်ထောက် ကြီးနီလာပြီး “ဒီမိန်းမ နင့်ဟာကချွှဲတာမှမဟုတ်တာ အဲ့ဒါ ငတ်တာဟဲ့ ငတ်တာ” လို့ပြော သတဲ့ဗျာ…..။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, February 4, 2009

မစ္စတာဂမ်ဘာရီခရီးစာရင်းရှင်းတမ်း..(ရဲဘော်ဖိုးသံချောင်း)

လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမဲ့ လာကတည်းကလက်ဗလာ လာသူမို့ သူကတော့ဘာမှ မရှုံးဘူး။ ပါးစပ်ပဲစိုက်ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ)ရရင် သူ့အတွက်စရိတ်ကျေပြီ။
အလားတူပဲ နဂိုကတည်းကဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေအဖို့ ဗလာ ပဲရလိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။
ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးတမန်ဆိုတာတွေ လာလိုက်တဲ့ အကြိမ်တွေများပဲများလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်- ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမာန် တွေလည်းပြောင်း။ မပြောင်းတာကဗမာပြည်ရဲ့အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြား ဟောင်းကြီးနဲ့ ငိုချင်းချ နေရတဲ့ ဗမာပြည် ပြည်သူတွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန် လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။
မစ္စတာဂမ်ဘာရီရဲ့ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ဆိုပါတယ်။ ကြားလို့ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကိုသူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာ သလား၊ ဝေးဝေးသွားသလား ပြန်စဉ်းစားရမလိုဖြစ်နေပါတယ်။ လက်တွေ့ အနေအထားက ကုလသမဂ္ဂသံတမန်တခေါက်လာတိုင်း၊ ဗိုလ်သန်းရွှေတယောက် “အတွေ့မခံဘူး”ဆိုပြီး တခါတခါမာန်တင်း လိုက်ရတိုင်း၊ ကြာရင်ဗိုလ်သန်းရွေမာန်တက်နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့အခါမှာတော့ နအဖနဲ့သူတို့ရဲ့အလိုတော်ရိတွေဟာ ဒေါ်စုကိုအကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ ဗိုလ်သန်းရွှေကအခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။
ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေ သလားလို့ တွေးစရာဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေ ရော့သလား။ သူတို့အနေနဲ့ နှစ်ဖက်ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။ တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ ၁၈နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး”လို့ ကောက်ချက်ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလိုအသုံးချတာ ခံမနေသင့်တော့ပါဘူး။


တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်းမပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဍန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူကအီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတာကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်း သိပါတယ်။ သူတို့ဟာဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီ ဆိုတာတွေကို ရှေ့တန်းတင်ဖော်ထုတ်၊ ပြောဆိုကြ၊ တဆက်ထဲမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ”ဆိုတဲ့ ပုံပြင်တွေနဲ့ချွေး သိပ်နေတာ မတရားဘူးလို့ထင်ပါတယ်။
မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့် ကိစ္စတရပ်၊ သဘောထား တခုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ နအဖကဦးဝင်းတင်-ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးတာပါပဲ။ ဒါဟာဒီပုဂ္ဂိုလ်နှစ်ယောက် အပေါ်စစ်အစိုးရက အညှိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲ ဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေးအရေးယူနိုင်ဖို့ ဖဲတချပ်ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ် ပါတယ်။
နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန် တွေလာတိုင်း ဘယ်မှာမှလူတောမတိုးတဲ့ သူတို့ရဲ့နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့် ရနေပါတယ်။ ဒါဟာသူတို့ရဲ့ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ဆိုနိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း “တွေ့လား”လို့မေးငေါ့ပြနေတာဖြစ်ပါ တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင်မထားဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ်ရောက်စေတယ်ဆိုတိုင်း အကောင်းချည်း မဟုတ်ဘူးဆိုတာကို ဒီအခြေအနေ တွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့သောက်လို့ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာနအဖအဖို့ကျတော့ ဒါတွေဟာသူတို့ဖြစ်စေချင်တဲ့အချိန် ဆွဲခြင်းဖြစ်လာပြီး အချောင်အမြတ်ရနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမဲ့ဒီကိစ္စအတွက် ဘယ်သူမှကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ဒေါ်လာစလေးပစ်လိုက် လောက်ပဲဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလိုဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်းပြောလို တာဖြစ်ပါတယ်။
တကယ်က ဒီနေ့နိုင်ငံတကာ့အခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင် တာမဟုတ်ပါဘူး။ ကမ္ဘာ့နေရာအနှံ့ အပြားမှာ ကုလသမဂ္ဂကဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ် သွားတယ်ဆိုတာ ၁ဝ% တောင်မရှိလောက်ပါဘူး။ ပါလက်စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာအသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြတာ ကြာပဲကြာလှပါပကော။ ဒီဂျာအေးသူ့ အမေရိုက်ဇာတ်လမ်းတွေထဲမှာဗမာပြည်အရေးကို ထည့်မထားသင့်တော့ပါဘူး။ ဗမာပြည်ပြည် သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ပြောကြရမယ့် အချိန်ကို ရောက်လာပြီထင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း


အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့