Monday, September 28, 2009

“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”

“ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ မှ ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များသို့ ပန်ကြားလွှာ”
၂၈-၉-၂၀၀၉ (တနင်္လာနေ့)

မြတ်စွာဘုရားသည် သူ၏ မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းစဉ်တို့တွင် သတ္တလောကကြီး ၏အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှ ကြည့်ရှုတော်မူခြင်းသည် အလွန် အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။

သတ္တလောကကြီး၏အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု၊ သတ္တဝါတစ်စုစု၏ အခြေအနေ သည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကို ငြိမ်းအောင် ထိန်းသိမ်းဖို့ သမာဓိကျင့်စဉ်ကို ညွှန်ပြတော်မူသည်။ ရံခါ ဒေသတစ်ခု သတ္တဝါတစ်စုစုမှာ သို့မ ဟုတ် မင်းစိုးရာဇာတို့ လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ် ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြား တော်မူသည်။ ရသေ့ ရဟန်း ယောဂီ သမဏ၊ ဗြဟ္မဏတို့လောက၌ ဓမ္မနှင့်အဓမ္မအငြင်းပွား၍ ငြင်းခုံကွဲပြားကြသည်ကို မြင်တော်မူလျှင် ထိုသမဏ၊ ဗြဟ္မဏတို့အား ပညာလမ်းစဉ်ကိုလိုက် နာကျင့်သုံးကြဖို့ ဟောကြားတော်မူပါသည်။

ဤသို့မြတ်စွာဘုရားသည် သတ္တဝါလောကကြီး၏အခြေအနေကို ရှုမြင်သုံးသပ်၍ အခြေအနေ အားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကို ကျွန်ုပ်တို့ ဘာသာ ရေးခေါင်းဆောင်များ အတုယူလိုက်နာဆောင်ရွက်ဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် မျက်စိနှင့်နားကိုကျယ်ကျယ်ဖွင့်၍ လောကကြီး၏အခြေအနေကို အစဉ် မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။ လူ့လောကကြီး၏လိုအပ်ချက်အရ အစဉ်မပြတ်ကြည့် ရှုဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမ္မကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏လိုအပ်ချက်နှင့် ကိုက်ညီဖို့အရေးကြီးပါသည်။

ဓမ္မနှင့်လူသား တခြားစီမဖြစ်ရလေအောင် ဓမ္မနှင့်လူသားတစ်ထပ် တည်းကျအောင် ဖြန့်ချိနိုင် ပါမှ လူ့လောကကြီး၏လိုအပ်ချက် ပြည့်စုံမည်ဖြစ်ပါသည်။ သို့မှသာ လူသားအများစုတို့က ဘာ သာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ် ကြသည်ဟု ယုံကြည်စိတ်ချ ကျေးဇူးတင်လာကြမည်ဖြစ်ပါသည်။

သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသော ယနေ့ခေတ်၌ လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သော လောကနှင့်ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင် နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပို အလျှံများသဖွယ် မြင်လာနေကြပြီဖြစ်သည်။ ယနေ့လူငယ်အချို့ကဆိုလျှင် ဘာသာရေးမှရုန်း ထွက်ဖို့ပင် ကြိုးစားနေကြပြီး သိပ္ပံနှင့် နည်းပညာသည်သာလျှင် လောကကိုကောင်းကျိုးပြု သည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့်နည်းပညာသည် လောက ကောင်းကျိုးကို ပြုပင်ပြုငြားသော်လည်း လူ့လောကကြီးကို လူညွန့်တုံးအောင် သတ်ဖြတ်နှိပ် စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ (တက်ထ ရာဆိုင်ကလင်း) ဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သော်လည်း အစာအိမ်ကိုလောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မှာလည်း ဤဆေးပင်ဖြစ်ပါ သည်။

(၅၊ ၈၊ ၁၉၄၇) ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာ ကိုသတ်ခဲ့သော အဏုမြူဗုံးသည် သိပ္ပံဆရာများ တီထွင်ခဲ့သောလက်နက်ပင် မဟုတ်ပါလော။ ဘာသာရေးတိုင်းသည် လူသားတို့၏စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့် ပါသည်။ ယနေ့မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆာင် အားလုံးသည် လူ့လော ကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း လူသားအများစု နားလည်ခံယူလာ အောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရု တိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကိုနာကြား ရသဖြင့် ဘီလျံနာသူဋ္ဌေးရဋ္ဌပါလ ရဟန်းပြုခဲ့သည်။

ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်၍ ရဟန်းပြုခဲ့သော အရှင်ရဋ္ဌပါလကို ကောရဗျ မင်းကြီးက အောက်ပါအတိုင်းမေးလျှောက်ပါသည်။ ''အရှင်ဘုရားသည် ဤမျှကြီးကျယ်သော ပစ္စည်းဥစ္စာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်၍ ရဟန်းပြုခဲ့ပါသနည်း'' အရှင်ရဌပါ လက ပြန်လှန်၍မေးခွန်းထုတ်ပါသည်။ ''ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင် သည် အဘယ်ကဲ့သို့မြင်ပါသနည်း'' မင်းကြီးကဆိုပါသည်။ ''လူတွေဟာ စီးပွားပျက်သော ကြောင့်လည်းကောင်း၊ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း၊ အိုမင်းရင့်ရော်သောကြောင့် လည်းကောင်း၊ ကျန်းမာရေးပျက်သောကြောင့် လည်းကောင်း၊ စားဝတ်နေရေး အခက်တွေ့ တဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင်ဝင်လုပ်ပြီး စားစရာ၊ ဝတ်စရာ၊ နေစရာ တွေကို ရှာကြ တာပဲ''။ တိုင်းပြည်နှင့်လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပာယ်ကို မင်းကြီး ကဆိုလာသည်။

ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမား တွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သောလူသားတို့ ဤသို့မြင် သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ဤအမြင် မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလ၏အဖြေမှာ---

၁။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။ သတ္တဝါလော ကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်၌ ဘဝ၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဖြေပါသည်။ အရှင်ဘုရား၏ဘဝတည်ငြိမ်မှုကို ဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်အရှင်ရဌပါလက ငါ့ဘဝရဲ့တည်ငြိမ်မှုကို ဓမ္မ ဖြင့် တည်ဆောက်နိုင်ခဲ့သည်ဟု ဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတောက်လောင်နေပါ သည်။ ငါသည် မြတ်ဗုဒ္ဓ၏သာသနာတော်၌ တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်း အေးစေဖို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဘဝမီးတောက်မီးလျှံများကို ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့ နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိန်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကိုထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ဝင်ရောက်လာခဲ့သည်။ ထိုဒုက္ခသုံးမျိုးတို့ကို ငါသည် ဓမ္မဖြင့်ထိန်းချုပ်နိုင်ခဲ့ သည်ဟု ဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးမှာ ပစ္စည်းဥစ္စာ ရာထူးအာဏာတွေဆို တာ တကယ်စင်စစ် ကိုယ်ပိုင်ဥစ္စာအဖြစ် ဘာကိုမှမပိုင်ဆိုင်ကြဘူး။ ငါ့ဥစ္စာဟု ပြောနေကြ သော်လည်း နှစ်ပေါင်းတစ်ရာထက်ပို၍ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထို ပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်၌ ငါ သည် ကိုယ်ပိုင်ဥစ္စာရှာဖို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသော ဓမ္မအားလုံးတို့ကို ငါ ပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တဝါလောကကြီးတစ်ခုလုံးသည် မည်သည့်ပစ္စည်းဥစ္စာ မည်သည့် ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိ နေသမျှ မည်သို့ပင်ဖြည့်ကြသော်လည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသား အားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာ၌ ငါ၏ အလိုဆန္ဒ တို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့်မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ၌ ဓမ္မဖြင့်အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါ သည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် ''လိုသည် လိုသည်''ဆိုသည့် လိုအပ်ချက်ကို ရှာဖွေ ဖြည့်စွက်ကြရာ၌ လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလော ဘ၏ ကျေးကျွန်များအဖြစ်သာ ဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ ကျေးကျွန်အဖြစ်က လွတ်ဖို့ရန်အတွက် ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။ ဤသို့လျှင် အရှင်ရဌပါလ၏ မွန်မြတ်သော မှန်ကန်သောရဟန်းပြုခြင်း၏ ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အ လွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။
ဤနေ့မှစ၍ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။ သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့် ရင်ဆိုင်ကြုံတွေ့နေ ကြရသောကာလ၌ နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်၍ စားဝတ် နေရေး အခက်အခဲတွေ့နေကြရသည်ကို ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး မြင် တွေ့နေကြရပြီးဖြစ်ပါသည်။

(စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ဤသုံးခုတို့သည် တခြားစီမနေကြဘဲ အပြန်အလှန်မှီတွယ်၍နေတတ်ကြပေသည်။ နိုင်ငံရေး၊စီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်၍ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေးအလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။)

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေးအကျိုးပြုလုပ်ငန်းများ၊ ပိဋ ကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ ခေတ်၌ နှစ်ဆတိုးကြိုးစား၍ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်း ကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီး ကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှား နေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင်ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီး ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြ ရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓာတ်ရေးရာလိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့ အတွက် ကျေးဇူးပြုတတ်သော အထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာ ကြမည်ဖြစ်ပါသည်။ ဤသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် မီးသတ်သမားများသဖွယ် ကိလေသာမီး၊ သောက မီး၊ စစ်မီးတို့ကို ငြိမ်းသတ်နိုင်သောပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာ့လောကကိုမီးဝိုင်းရှို့သောလူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေး ခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှမတောင်းဆိုကြပါ။ သို့သော် '' Jeal ousy ကို Joy ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ ပြောင်းကြပါ။ အဝိဇ္ဇာမှ ဝိဇ္ဇာသို့ ပြောင်းကြပါ'' ဟူသော Change ကို တကယ်ပဲ တောင်းဆို လိုပါသည်။ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ၊
Ph.D., Litt.
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း။


(ဟံသာဝတီဝဘ်ဆိုဒ် မှတဆင့် ဖော်ပြသည်။)

အပြည့်အစုံဖတ်ချင်ရင်>>>

Sunday, September 27, 2009

အော်ရီဂွန်က ဒီမိုကရေစီရေးလှုပ်ရှားမှု

စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ အော်ရီဂွန်ပြည်နယ်မှ ရွှေဝါရောင်တော်လှန်ရေး (၂)နှစ်မြောက်နှင့် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိလွတ် မြောက်ရေးအတွက် စက်တင်ဘာလ(၂၇)ရက်နေ့က အော်ရီဂွန်ပြည်နယ်မှာ စုပေါင်းကျင်းပ ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ အော်ရီဂွန်ပြည်နယ်ရောက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲလှုပ်ရှား ခဲ့ကြပြီး Burma Action Committee မှ မစ်္စ တာရာ BABC မှ မစ္စတာအီရမ် နှင့်အခြားသေား အမေရီကန်မိတ်ဆွေများပါ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် တို့အပါအဝင် နိုင်ငံရေးအကျည်းသားများ လုံးဝလွတ်မြောက်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီစံနစ်ပေါ်ပေါက်ရေးအတွက် တောင်းဆိုချက်များ၊ကြွေးကြော်သံများနှင့် တောင်းဆိုဆန္ဒဖေါ်ထုတ်ခဲ့ကြသလို လာရောက်အားပေးတဲ့ နိုင်ငံတကာမိတ်ဆွေများကိုလဲ မြန်မာ့အရေးကို ရှင်းလင်ပြောဆိုခဲ့ကြပါတယ်။
နံနက်(၁၁) နာရီမှနေ့လည်(၁)နာရီအထိ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များမှ တက်ကြွစွာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားလာတာကို ဒီကနေ့လှုပ်ရှားမှုမှာတွေခဲ့ကြရပြီး လှုပ်ရှားမှုကို နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, September 24, 2009

စဉ်းစားချက်(၁)...


အမျိုးသားပြန်လည်သင့်မြတ်ရေး(သို့) အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားဟာ အင်မတန် ပြောလို့ကောင်းတဲ့ ၊ ငြိမ်းချမ်းရေးဆန်တဲ့ တူရူချက်ကို တိမ်းညွတ်တဲ့စကားလုံးမျိုးဖြစ်နေသလို ၊ နိုင်ငံတကာအခင်းအကျင်းမှာ ထောက်ခံမူရစေမဲ့စကားလုဲံးမျိုးဖြစ်ပါတယ် ၊၊

သို့ ပေမဲ့ ဗမာပြည်နဲ့ပြည်သူလူထုအတွက်ကတော့ သေသေချာချာဆန်းစစ်ကြည့်မယ်ဆိုရင်- စစ်အာဏာရူးလူတစ်စုရဲ့ တိုင်းပြည်အချုပ်အချာအာဏာကို မတရားရယူထားဖို့နဲ့ သူတို့ရဲ့ရပ် တည်ချက် ရှည်ကြာရေးအတွက်သက်သက်သာဖြစ်တယ်ဆိုတာကို တွေ့ရလိမ့်မယ်၊၊

ဘာကြောင့်ဆို ပြည်သူလူထုနဲ့စစ်တပ်ကြားမှာ ဘာနိုင်ငံရေးပြဿနာမှမရှိပါဘဲ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြား တိုင်းပြည်အာဏာဝေခွဲရေးအတွက် အချင်းများပြီးဖြစ်ပေါ်နေတဲ့ ပြည်
တွင်းစစ်မရှိဘဲ ( စစ်အာဏာရှင်ကနေ တိုင်းရင်းသားအင်အားစုများနဲ့ လူမျိုးစုပြည်သူများကို ချေမှုန်းတိုက်ခိုက်နေတဲ့ ဒေသအလိုက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မျိုးတော့ရှိနေတယ်) ၊ အ မျိုးသားညီညွတ်ရေးပျက်ပြားနေသယောင်၊တိုင်းပြည်ပြိုကွဲတော့မလိုလို၊ တိုင်းတပါးကလာပြီး သိမ်းပိုက်တော့မလိုလို ၊အဲဒီ့ ယောင်ယောင်တွေ၊လိုလိုတွေနဲ့ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ကာကွယ်ရမဲ့ အမျိုးသားစစ်တပ်ကို ဖက်ဆစ်တပ်လိုအသွင်ပြောင်းစေပြီး ၊ ပြည်သူတွေရဲ့အ ချုပ်အချာအာဏာကို ပြည်သူ့သဘောဆန္ဒမပါဘဲ မတရားသိမ်းပိုက်ထားပြီး ၊ တိုင်းပြည်ရဲ့မြေ ပေါ်မြေအောက်သယံဇာတတွေကို အလွဲသုံးစားပြုနေတဲ့ ၊ စစ်ခေါင်းဆောင်တစ်ချို့ကြောင့် ဖြစ်ပေါ်နေတဲ့ ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မူတွေ ၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ၊ ဥပဒေမဲ့ အနိုင်ကျင့် အုပ်ချုပ်မူတွေ ၊ တိုင်းပြည်အာဏာကို အလွဲသုံးစားလုပ် နေမှုတွေသာဖြစ်တယ်၊၊

တကယ်က တိုင်းပြည်တခုရဲ့အချုပ်အချာအာဏာဆိုတာ ပြည်သူလူထုထံကသာဆင်းသက် တာဖြစ်သလို ၊ အမျိုးသားစစ်တပ်ဆိုတာ လူတန်းစားတစ်ရပ် မဟုတ်သလို ၊ လူမျိုးစုတရပ် လည်းမဟုတ်ပါဘူး၊၊စစ်တပ်ဆိုတာ တိုင်းပြည်ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး ၊ ပြည်သူ ကို အလုပ်အကျွေးပြုဖို့သာဖြစ်ပါတယ် ၊တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရပိုင်ခွင့်တွေ ၊ ပြဌာန်းပိုင် ခွင့်တွေဆိုတာ နိုင်ငံရေးအရ စားပွဲဝိုင်းမှာဖြေရှင်းရမှာသာဖြစ်ပါတယ်၊ ဒါကြောင့် စစ်ခေါင်း ဆောင်တွေပြောနေသလို အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဟာ၊ စစ်အာဏာရူးလက်တ ဆုပ်စာလူတစ်စုနဲ့ ပြည်သူလူထုကြားမှာ ဘာမှလုပ်စရာမလိုအပ်သလို ၊ ရှိလဲမရှိပါဘူး ၊ တ ကယ်ဖြစ်ပေါ်နေတဲ့ ဗမာပြည်ရဲ့နိုင်ငံရေးပြဿနာအားလုံးဟာ စစ်အာဏာရှင်လူတစုကြောင့် သာဖြစ်ပေါ်နေတာဖြစ်ပြီး ၊ လက်ရှိမှာ ဖြစ်ပေါ်နေတာကလည်း ပြည်သူလူထုရဲ့အာဏာကို ပြည်သူလူထုရဲ့လက်ထဲပြန်လည်ရောက်ရှိပြီး ၊ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ဖွံဖြိုးတိုးတက် အောင်လုပ်လိုသူတွေနဲ့ ပြည်သူလူထုရဲ့အာဏာ ကို လက်နက်နဲ့အနိုင်ကျင့် သိမ်းပိုက်ထားပြီး ၊ ကိုယ်ကျိုးစီးပွားရှာနေသူတွေကြားက တိုက်ပွဲသာဖြစ်တယ်၊၊


ဒါကြောင့် ဗမာပြည်ကို ( ပြည်သူတစ်ရပ်လုံးရဲ့ဘဝတွေ ) တည်ငြိမ်ဖို့ ၊ ငြိမ်းချမ်းဖို့ ၊ တိုးတက် စေဖို့ဆိုတဲ့ အဖြေမှန်ကတော့ စစ်အာဏာရူးတစ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ် ရှားနိုင်မှသာဖြစ်တယ်၊၊

တခါတရံမှာ နိုင်ငံရေးစကားလုံးတွေကို ဖယ်ရှားပြီးကြည့်ဖို့လိုအပ်ပါတယ်၊ဘာ့ကြောင့်လဲဆို စကားလုံးတွေကိုအကာအကွယ်လုပ်ပြီး စစ်တပ်ကိုမှိုင်းတိုက်ထားတဲ့ ၊ ပြည်သူကို ခြိမ်းခြောက် ထားတဲ့ ၊ နိုင်ငံတကာကိုလိမ်လည်ထားတဲ့ စစ်အာဏာရူးတစုရဲ့အရွေ့နဲ့အတွင်းသရုပ်ကို ရှင်း ရှင်းလင်းလင်းမြင်နိုင်အောင်လို့ပါဘဲ၊၊ ဘယ်နိုင်ငံမှာမဆို စစ်အာဏာရှင်စနစ်ကို တည်ဆောက်ခွင့် ၊ အသက်ရှင်ခွင့်ပေးနေသရွေ့ ၊ ပြည်သူဟာ အဖိနှိပ်ခံဘဝနဲ့ဆင်းရဲတွင်းက ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ပါဘူး ၊၊

အခုအချိန်မှာ ဗမာပြည်ရဲ့အနေအထားဟာ ဒီမိုကရေစီရေးလှုပ်ရှားမူအတွက်သက်သက်သာ မကတော့ပါဘူး၊ပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက် ဖို့ပါရုန်းကန်ရမဲ့ အမျိုးသားလွတ်မြောက်ရေးကျိုးပမ်းမူ တိုက်ပွဲပုံသဏ္ဍာန်အဆင့်ကို ဦးတည်သွားပြီဖြစ်ပါတယ်၊၊

ဒီနေရာမှာ အလွန်ကြီးမားတဲ့အခက်အခဲတစ်ခုက စစ်အာဏာရှင်စနစ်ကိုဖယ်ရှားဖို့ကျိုးစား နေသူတွေကြား ရူမြင်ပုံတွေထွေပြားဝေဝါးနေတဲ့ ကိစ္စဟာတနေ့တခြား ပိုမိုရူပ်ထွေးလာကြပြီး ကွဲပြားမူတွေက ပိုမိုနက်ရိုင်းလာတာဘဲဖြစ်တယ် ၊ ဦးစွာစဉ်းစားကြည့်ရင် အတွေးအခေါ်ပိုင်းအရ စိမ်ခေါ်မူတွေဖြစ်ပေါ်လာသလို ရှိနေခဲ့ပေမဲ့ ၊ တကယ့်ဖြစ်စဉ်တွေအရကတော့ အတွေး အခေါ်မတူညီကြသယောင်ယောင်နဲ့ (တကယ်ကတော့) ရပ်တည်ချက် မတူညီကြတဲ့ပြဿနာ ဖြစ်ပါတယ် ၊ အတွေးအခေါ်တိုက်ပွဲလို့ ပြောလို့မရတာကတော့ စစ်တပ်အုပ်ချုပ်တာမကောင်း ကြောင်းနဲ့ စစ်ခေါင်းဆောင်တွေမကောင်းကြောင်းကို သိပါတယ်လို့ တဖွဖွပြောနေသူတွေ တချို့ကဘဲ စစ်ခေါင်းဆောင်တွေကို တိုင်းပြည်ကယ်တင်ရှင်လိုလို တိုင်းပြည်ကိုတရား ဝင်အုပ်ချုပ်နေသူတွေလိုလို သတ်မှတ်ပေးနေကြတဲ့ကိစ္စက ရပ်တည်ချက်ဆိုတဲ့ရူထောင့်ကနေ ကြည့်မြင်နေတာဖြစ်တဲ့အတွက် အတွေးအခေါ်လမ်းကြောင်းပေါ်ကနေ သွေခွာပြီးအကျိုးစီးပွား ဆိုတဲ့ဘက်ကိုရောက်သွားတဲ့အတွက် ဒီလုပ်ရပ်မျိုးဟာ တိုင်းပြည်တစ်ခုအတွက် လမ်းကြောင်း မှန်ကိုရှာဖွေကြတဲ့အခါမှာတော့ တော်တော်အကြည့်ရဆိုးတဲ့ပြဿနာဖြစ်တယ်၊၊

ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ ကိုယ့်ရဲ့အကျိုးစီးပွားပေါ်ကနေ ကြည့်မြင်ချဉ်းကပ်ကျတာဟာ ကြီး ကျယ်တဲ့ပြဿနာ တစ်ခုမဖြစ်ပေမဲ့ တိုင်းပြည်တစ်ခုလုံးအတွက် (သို့) ပြည်သူတစ်ရပ်လုံးအတွက်ကျတော့ ပုဂ္ဂိုလ်အကျိုးစီးပွားကနေဖယ်ခွာပြီး ရူမြင်သင့်ချဉ်းကပ်သင့်ပါတယ်။ ဒါကြောင့် ပြည်သူအတွက်လုပ်နေသူတွေပါလို့ကြွေးကြော်နေကျသူတွေအားလုံးမှာ ငါ ဘာဖြစ်ချင်တာလဲဆိုတာထက် တိုင်းပြည်အတွက် ပြည်သူအတွက် ဘာဖြစ်ချင်တာလဲဆိုတာက ပိုအရေးကြီးပါတယ်၊၊

အတွေးအခေါ်ပိုင်းအရ ပြည်သူလူထုအတွက်အခြေခံပြီးတော့စဉ်းစားတယ်ဆိုရင် ပြည်သူတွေ ငတ်နေတယ်ဆိုတာလောက်နဲ့ မလုံလောက်တော့ပါဘူး ငတ်နေတာကိုကျွေးထားနိုင်ဖို့ စီးပွား ရေးအထိုင်တစ်ခုထဲကနေ ရူမြင်နေလို့မရနိုင်တဲ့အကြောင်းအချက်က စီးပွားရေးစနစ်တခု တည်ငြိမ်ဖို့ တိုးတက်ဖို့ရာ ခိုင်မာတဲ့နိုင်ငံရေးဖြစ်စဉ်မရှိဘဲမရနိုင်လို့ဖြစ်ပါတယ် ၊ ဘာကြောင့်ဆို ကြိုးနီစနစ်နဲ့ထိန်းချုပ်ထားတဲ့ ဘယ်လိုစီးပွားရေးစနစ်မျိုးမှ မှန်မှန်ကန်ကန်တိုးတက်မူ မရနိုင်သလို ၊ အချက်အချာကျတဲ့စီးပွားရေး ဖြစ်စဉ်တွေအားလုံးဟာ လူတန်းစားတစ်ခု ဒါမှမဟုတ် လက်တစ်ဆုပ်စာ လူတွေလက်ထဲမှာဘဲရှိနေမှာဖြစ်လို့ဖြစ်တယ် ၊၊

ဒါကြောင့်….. လွတ်လပ်တဲ့ဘဝတည်ဆောက်မှုနဲ့ တည်ငြိမ်ခိုင်ခန့်တဲ့လူ့အဖွဲ့အစည်းမျိုး မဖြစ် ပေါ်နိုင်တဲ့အနေအထားမျိုးမှန်သမျှကို ဖယ်ရှားပစ်ဖို့ရာ အရေးအကြီးဆုံးကိစ္စရပ်ဖြစ်လာတယ်။ အခြေခံမမှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမူတွေနဲ့ ပြည်သူကို စစ်စစ်မှန်မှန်အကျိုးရှိစေဖို့ဆို တာကတော့အတ္တမာန်နနဲ့ စိတ်ကူးယဉ်ဆန်တဲ့သူတွေရဲ့ ပြည်သူတွေရဲ့ ဘဝလွတ်လပ်အေး ချမ်းဖို့ရာအတွက် အကောင်အထည်ဖြစ်မလာနိုင်တဲ့ နိုင်ငံရေးချဉ်းကပ်မူမျိုးသာဖြစ်ပေလိမ့်မယ်၊၊

တစ်စုံလုံးပြောင်းလဲမှရမဲ့အဆောက်အအုံတစ်ခုကို ဟိုနေရာပြောင်း ၊ ဒီနေရာလဲလုပ်ရုံနဲ့ ပြည် သူတွေရဲ့စစ်ကိုလိုနီလက်အောက်က နင်းပြားဘဝနဲ့အကျပ်အတည်းအားလုံးဟာ ကောင်းမွန် လာစရာမရှိပါဘူး ၊ ခွဲစိတ်ပစ်ဖို့လိုနေတဲ့ စစ်အာဏာရှင်ကင်ဆာစနစ်ဆိုးအောက်ကနေ လုံးဝ လွတ်မြောက်မှသာ ပြည်သူတွေရဲ့ဘဝဟာ လူချင်းတူတူသူချင်းမျှမျှဘဝမျိုးကို ရောက်နိုင်မယ် ဆိုတာ သိထားဖို့လိုပါတယ်။ စစ်အာဏာစနစ်ဆိုးရဲ့ တဖြည်းဖြည်းလှိုက်စားလာမှုကြောင့် (ဘဝရပ်တည်မူနဲ့ဆက်လက်အသက်ရှင်သန်ရေးအတွက်ရုန်းကန်ရွေ့ရှားကြရင်း) မသိမသာ အခြေအနေကနေ ခုဆိုရင်သိသိသာသာဖြစ်ပေါ်လာပြီဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စိတ်ဓါတ် ပိုင်းဆိုင်ရာချို့ယွင်းပျက်ဆီးနေမူဟာ အနာဂါတ်မျိုးဆက်အားလုံးအတွက် အရေးအကြီးဆုံး စိမ်ခေါ်မူတစ်ရပ်ဖြစ်နေပြီဆိုတာ နိုင်ငံရေးဝန်းကျင်တစ်ခုလုံးအနေနဲ့ကို ထည့်သွင်းတွက် ချက်ရမဲ့အချက်ဖြစ်တယ်၊၊
အဓိကျတဲ့ ကြောက်စရာအကောင်းဆုံး အနေအထားနှစ်ရပ်ကတော့ အကြောက်တရားလွမ်း မိုးခံထားရတဲ့စိတ်နဲ့ကိုယ်ကျင့်တရားကို တန်းဘိုးမထားတတ်တော့တဲ့စိတ်ဘဲဖြစ်တယ်၊ ဒီအ ခြေ ၏အနေကိုဘာကြောင့်ရောက်လာရသလဲဆိုတော့ ဥပဒေမဲ့မတရားဖိနှိပ်ရက်စက်မူများကို အသက်သွင်းကြီးထွားနေစေတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ဒီစနစ်ကိုမောင်းနှင်နေသူတွေ ကြောင့်ဖြစ်ပြီး ၊ တဖက်မှာလျော်ကန်သင့်မြတ်တဲ့ နိုင်ငံရေးဝန်းကျင်တစ်ရပ်မရှိတဲ့အတွက် မိမိ တို့ရဲ့မူရင်းလူ့အဖွဲ့အစည်းမှာရှိတဲ့ စံတန်ဘိုးတွေကိုပစ်ချပြီး ဘဝကိုရပ်တည်နေရတဲ့အရွေ့ တွေကြောင့်ဘဲဖြစ်တယ် ၊၊
ဒါကြောင့်…
တိုင်းပြည်ကိုချစ်တယ်၊ ပြည်သူကိုချစ်တယ်ဆိုပြီး ကောင်းအောင်လုပ်ချင်သူများအနေနဲ့ ပြည် သူလူထုအတွက်စားရရုံ ၊ ဝတ်ရရုံ ၊ နေရရုံစဉ်းစားပေးကြမဲ့အစား စိတ်ပိုင်းနဲ့ရုပ်ပိုင်းနှစ်ခုစလုံး လွတ်လပ်၊ရှင်သန်တဲ့ ဘဝမျိုးတွေဖြစ်ပေါ်လာအောင် အခြေခံစဉ်စားချက်တွေကို ပြင်ဆင်ကြ မယ်ဆိုရင် ပိုကောင်းတဲ့ချဉ်းကပ်မူဖြစ်ပါလိမ့်မယ်၊၊
(တကယ်ကလူ့ဘဝဆိုတာ စားဝတ်နေမှုဆိုတဲ့ ဘောင်ထက်ကျော်လွန်တယ်ဆိုတာကို ထည့် သွင်းပုံဖော်ပေးနိုင်ဖို့ လိုအပ်ပါတယ်၊၊)

သက်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, September 23, 2009

ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်မြောက် လှုပ်ရှားမှု..

အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, September 12, 2009

အိုဘယ့် … တမာန်တော်


၁ -
ဟော့ဒီ တ၀ါးဝါးအော်နေတဲ့ အမှောင်ထဲ
မြွေတကောင်ရဲ့ တွန်သံတွေလို
ကြယ်တွေကို ကလူ၊ ကောင်းကင်ကိုဖြတ်
အိမ်မက် သစ်ပင်ပေါ် ခပ်ဖွဖွခြေသံ
ငါ့အမက်မောဆုံး မှိုင်းတိုက်ခံရခြင်းအတွက်
ခေတ္တနားဆင်ပါ …
အို.. ညရဲ့ဂုတ်ပေါ် ခွစီးထားတဲ့ လေချွန်သံပွဲတော်။

၂ -
မည်းနက်နက် ညဝတ်ရုံပေါ် ရှပ်တိုက်ပြေးနေတဲ့
အိုဘဲ့ ခရီးသည် …. ၊
သူမရဲ့တဖက်မှာ ငါ့ပျိုးပင်တွေ ခါးကိုင်းနေလေရဲ့
ငါ့မြို့လယ်ကွက်ထဲ ၊ ပတ်ကြားအက် နှုတ်ခမ်းတစုံဟာ
ခပ်ရိုင်းရိုင်း သက်ပြင်းထဲ ပျိုးကြဲရင်း
ဒရွတ်တိုက်ဆွဲ၊ အသေကောင် ဖြစ်မဲ့အကြောင်း
ပြောပြပါကွဲ့ ... … ။

သွတ်ချာပါဒ ငါ့ဇာတိက အတွက်
နုံချာချာ အိတ်တလုံးနဲ့ တိမ်ဖုံးခြင်းကိုဖေါက်
လမ်းပျောက်နေတဲ့ ရေစီးကြောင်းကိုလဲ
သီချင်းဟောင်းတပိုဒ် ဆိုပြပါ၊
ငါ့ဝတ္တုကို ကျောပေါ်တင်ရင်း
သင့်ရှေ့
ကုန်ကြမ်းထုပ်၊ ကုန်သည်လက်
မင်းအဆက်ဆက် အမွေပေးပုံ
ပြန့်ကျဲနေတဲ့ ငါ့ဆံရိုင်းနဲ့ ဒုန်းစိုင်းပါလှည့် … …။

သင့်ရဲ့အောက်က အအိပ်မက်မြစ်ရဲ့
ပခုံးသားကိုရိုက်ပါ၊ သူလဲ ငါ့ဇက်ကြိုးကိုကိုင်သူပေါ့၊
အစွယ်ဖွေးဖွေးနဲ့ ဟိန်းဟောက်တတ်တဲ့ ညနာရီတွေ
ရူးသွတ်သော အသေကောင်တွေအပေါ်
ခတ်ဖွဖွ ခြေလှမ်းနဲ့၊ ခပ်ကိုင်းကိုင်းမိုးကုပ်အစ၊
အရိုးထုပ်နေတဲ့ လွင်ပြင်ဘဝမှာ
သရဖူကိုဆောင်း အကြမ်းဆုံးသော စကားဆို
ဗျတ်စောင်းအိုရဲ့ နောက်ပိုင်းတေးနဲ့
ကြယ်တွေကိုလဲ ခူးယူပါကွဲ့ … …။

၃ -
ပါးရေတွန့် ပင်လယ်ရဲ့ သောင်ပေါ်မေးတင်
မြွေတကောင်ရဲ့ မျက်ခုံးမွှေးစပ်မှာ
မြေမြုတ်နေတဲ့ ငါ့ချစ်သူပေါ့၊
မင်း သတင်းစာတွေရဲ့ အဆုံးသပ်ခြင်း
ငါ့နှုပ်ခမ်းနဲ့ နမ်းထားတဲ့ ပေးစာဆိုပါတော့၊
အန်ချပါကွဲ့ အို ….. ခရီးသည် …
လက်ပြတတ်တဲ့ သင်္ဘောတစင်းရဲ့ ခြေဖနောင့်နားက
လေဘာလျှောက် သက်ပြင်းတို့ နံရံ ပွင့်တဲ့အကြောင်း၊
နာရီစင်ပေါ်က ခြေစုံရဲ့ လေပေါ်အနမ်း
အလင်းတိုင် မျက်နှာဝရဲ့ ပြောင်းပြန်ကျမျက်ရည်ပေါ်
ကိုယ်လုံးတီးဦးနှောက်ရဲ့ ကျဆုံးသော ပျိုးပင်၊
အရိုးစင်ပေါ်တင်ထားတဲ့ “ချစ်ခြင်း”
အဆိပ်မိ တွဲလွဲခို စို့နင့်ခြင်း သရဖူ
ရင်ဘတ်ဟောင်းလောင်းရဲ့ ချစ်သူလှိုင်းပုပ်အရပ် ….။

အို …. သေချာကြည့်လိုက်ပါ
ခရုကောင်တွေ ထုပ်ပိုးထားတဲ့ အနှစ်သက်ဆုံး
မျက်ရည်လှောင်တမံ၊ ကုန်းထဖို့ပြင်နေတဲ့ စကားထွက် အရပ်
ငါ ပျိုးကြဲခဲ့၊ အနမ်းလယ်နှစ်ဧက
ပင်လယ်ကိုပစ်ပေါက်မဲ့ သတင်းလွှင့်ရေဒီယိုနဲ့
ငါ့ကို လိမ်လည်ထားတဲ့ သားကောင်တွေအကြောင်း စလုံးပေါင်းရင်း၊
ခပ်ဝေးဝေးက
တယောတလက်
ကျောက်ဆောင်
မှန်တချပ်နဲ့
မုန်းတိုင်းဆင်ပါကွဲ့ ….။

၎ -
ပင်လယ်ကို သွေးထိုးစမ်းမယ့် ငါ့တမာန်တော်
ငါ့မွေးနေ့ပေါ်က လက်မှတ်တခုနဲ့
သူ့မွေးနေ့ရဲ့ လက်ပြ ခြေတစုံထဲက
တယောထိုးခြင်း အတတ်တွေကို သင်ပြကွဲ့၊
စတ်လစ်စလစ်မြို့ရဲ့ အန်းမဲ့ ကပ်ဆိုက်ခြင်း
နံရံကပ် ဦးနှောက် ပိုစတာထူပွဲတွေမှာ
စလုံးမပေါင်းတတ်သေးတဲ့ ပေါင်းကူးတံတားအတွက်
အိမ်မက်တွေ မ တင်မယ့်ညကို သရဏဂုံတင်ခိုင်းပါ။

ရှုံးနိမ့်လဲကျ ရွှံရောင်သရဖူရပ်ဝန်းရဲ့
အလေးပြု ကုန်းထမဲ့၊ ရေပန်း
ဆာလောင်သောကလေးရဲ့ တွန်းလှန်အလံဖြူ
ရဲဝံ့မဲ့ ပစ်ကွင်းတခုပေါ်က မြားနှစ်စင်း
အသိဥာဏ်ကို ခွစီးမဲ့ မျိုးစေံ ပိရမစ်၊ ဒါဟာ
မြက်ပင်နဲ့ မိုးကုပ်အစပ်ကြားမှာ ခုံးထလာမယ့်
သံစဉ် ၇ မျိုး ရှာဖို့လိုကြောင်း သွေးထိုးစမ်းပါကွဲ့ …။

၅ -
တာဝန်ကျေစွာ ကျောပိုးအိတ်ကို ဖြည်ချတဲ့
အိုဘဲ့ … ငါ့ရဲ့ တမာန်တော် …
ကျေးဇူးတင်စွာ ငါတုန့်ပြန်၏၊
ငါဆိုတာကိုလဲ ငါရုပ်သိမ်းရဲ၏၊
အဓိပ္ပါယ်ရှိတဲ့ ငါ့အလံကို ပင်လယ်ပေါ်ဖြန့်ရင်း
တထပ်တည်းကျ ခြေရာတစုံ ဖြစ်ခဲ့ရင်
သက်ပြင်းတို့ရဲ့ တံခါးဖွင့်ပွဲ အရက်သောက်ခြင်း
စနေ ပေါ် ကျထားတဲ့ မျက်ရည်၏ အရောင်ပြောင်းလဲခြင်း
ငါ့မြေကြီးတို့နဲ့ ဖွဲ့စည်းထားတဲ့ နှုတ်ခမ်းတခု
…….. ဒါဆို
ကျေးဇူးတင်စွာ ငါ တုန့်ပြန်၏
ငါ ဆိုတာကိုလည်း ငါ ရုပ်သိမ်း၏။

KN

အပြည့်အစုံဖတ်ချင်ရင်>>>

Monday, September 7, 2009

၁/၄၄ မှတ်တမ်း


၁/၄၄ မှတ်တမ်း

ကိုးလ လည် ဆယ်လ ဖွား
ဝမ်းရေ(ရည်) စပ်လွန်းသလားလို့ပါတဲ့
ယောင်္ကျားလေးလား မိန်းခလေးလားတဲ့
ယောင်္ကျားလေး ဟေ့…
(မွေးရကျိုးနပ်ပြီတဲ့…)
သားငတ်နေတဲ့ အမေ
ဂုဏ်ယူခဲ့ဘူးသတဲ့လေ
(၁၉၆၅)။

ရှားရှားပါးပါးရတဲ့သား
ကျန်းမားရေးဂရုစိုက်..ဟ
ဒီကောင်ကချူချာတယ်နော်
ပိန်ပိန်ပါးပါးနဲ့ ငါ..
သနပ်ခါးလေးလိမ်းပြီး
အဖြူအစိမ်းလေးဝတ်လို့
လာ..သား ကျောင်းသွားကြရအောင်
ပညာတတ်ကြီးဖြစ်အောင်သင်နော်
ဟုတ်ကဲ့..
ငါကျောင်းတက်ရပြီးဟေ့…ငါကျောင်းတက်ရပြီ…
မှောင်ကုတ်ကုတ် ကျောင်းကြီးထဲ
ဒါ ကျောင်းသားသစ်နော်
ဆရာမပြောလိုက်မှ မျက်ရေ တွေ ဝဲနေလိုက်မိတာ
အမေသားအိမ်ပြန်လိုက်မယ်လေ
မရဘူးနေခဲ့ရမယ်တဲ့
ရက်စက်လိုက်တဲ့ အမေများနော်
အိမ်ပြန်တော့ ငိုလိုက်ရတာများ
အဲ့ဒါ (၁၉၇၁) မူလတန်းကျောင်းသားတယောက်ရဲ့
ဖြစ်ရပ်မှန်တွေပါ။

ကျောင်းသားတွေနားထောင်စမ်း
ကျောင်းနှစ်လပိတ်တယ်..
(ဟိုက်)
ပျော်စရာကြီးဟေ့
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာ ကျောင်းသားတွေရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေလို့
ဘာဖြစ်…ခေါက်…အား
အဲ့ဒါ သံစဉ်ဖြစ်သွားမှန်း
(၁၉၇၄) တုန်းက ကျနော်တကယ်မသိခဲ့တာပါ ဆရာမရယ်။

ကျောင်းသားတွေနားထောင်နော်
ကျောင်းနှစ်လပိတ်တယ်..

(ဟင်)
ဘာဖြစ်လို့လဲဆရာမ
ရန်ကုန်မှာကျောင်းတွေပိတ်နေပြီ
ဘာဖြစ်လို့လဲဆရာမ
ဟယ်.. ဒီကောင်လေး
ခလေးလိုမနေတတ်ပါလား
(၁၁) နှစ်သားတယောက်မှာ
ဒီလိုသိချင်နေတဲ့စိတ်ရှိတာ
မကောင်းဘူးလားဆရာမရယ်
ဆရာမ မပြောပြပေမဲ့
အဖေက ပြောပြခဲ့တယ်လေ
ကျောင်းသားတွေ ဆန္ဒပြကြလို့တဲ့
အော်…ဘာဖြစ်လို့ပါလိမ့် (၁၉၇၆) ရယ်..။

ကျောင်းပေါင်းစုံ ဘော်လုံးပွဲ
ဟုတ်တယ် ကျနော်ဝါသနာပါတာဘော်လုံး
အ.ထ.က(၁) ဖိုင်နယ်နှစ်က
ကျောင်းက ဒိုင်း ရပေမဲ့
ကျနော်က ဒိုင်းမရခဲ့ဘူး
အတိုင်းမရ ရင်ခုန်ဘူးတဲ့ကောင်မလေးက
တို့မှာ ရှိနေပြီတဲ့လေ
သူ့မှာ ဘာရှိတာလဲ..
ကျနော့်မှာ ရင်ခုန်သံတွေ ဒီလောက်များတာ
ကြာပါတယ်ကွာ ကျောင်းပြေးပြီး ထန်းရည်သွားသောက်ပစ်လိုက်တယ်
ကျောင်းပြေးတာလား အချစ်ပြေးတာလား
ကျနော် ကောင်းကောင်းမသိဖြစ်ခဲ့တာ
(၁၉၇၉) ဂစ်တာပိုး ဝင်ကာစကပေါ့…။

မန္တလေးရောက် ရှမ်းတယောက်..
မင်း ဘယ်လမ်းသွားသွား..
ဆဌမမြောက်ရည်းစား..
လမ်းဆက်လျှောက်မယ်..
ဟုတ်တယ်…
ကျနော် လမ်းဆက်လျှောက်တယ်
ငါ့ကိုမုန်းတာ ရပ်ကွက်လူကြီးလို့သိလိုက်ရတဲ့အခါ
ကိုသန်းနိုင်က ကျနော့်သူရဲကောင်းပေါ့ဗျာ
ဂစ်တာတီးရင် လမ်းသရဲတဲ့
လမ်းမှာမတီးလို့ အိမ်မှာတီးရင်
အမေက နားငြီးတတ်တော့
အိမ်သရဲတော့ ကျနော်အဖြစ်မခံနိုင်ဘူး
ပါတီတို့ ကောင်စီတို့ရယ်
ငါ့ကိုမုန်းတာဘယ်သူတွေလဲ (၁၉၈၂)

စစ်နဲ့ငြိမ်းချမ်းရေး ခိုင်ထူး..
၈/၈၂ အင်းယား..
အဆောင်က ဂစ်တာသမားတွေထဲ
ဘေစ် တီးတဲ့ ကျနော်ကို
ကောင်မလေးတယောက်ကပြောဘူးတယ်
အခွေထုတ်ပါလားတဲ့
ဟိုလေ... စာလေးခွေကိုပြောတာတဲ့
ဒါပေမဲ့ ကျနော်ပျော်ပါတယ် အမိရယ်
မထိတထိပြောပေမဲ့ ငါကမင်းကို….
နာရီပေါ်ကမျက်ရည်စက်တွေ ပေးခဲ့နိုင်တာကိုး
(၁၉၈၆) ရဲ့ အပိုင်းအစလေးရယ်။

(၁၉၈၈) ကျောင်းသားထုအခွင့်အရေး
ဖမ်းဆီးကျောင်းသားပြန်လွတ်ပေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး
အရေးတော်ပုံအောင်ရမည်
ဘဝဂ်ညံတဲ့အထဲ မဆလ မုန်းတဲ့ကျနော်
ခေါ်စရာတောင်မလိုဘူး
သပိတ်စုံ သူပုန်ထ ရရင်ရမရရင်ချ
စက်တင်ဘာ ညတွေက
ကျနော်ကို ဆေးခြောက်မရှူရလို့ အမိန့်ပေးလိုက်တယ်။

စစ်အစိုးရကို တိုက်ရမယ်
အဟောင်းတွေနေရာမှာ အသစ်တွေနဲ့ အစားထိုးရမယ်
ဒီတော့ကျနော်လဲ လူ့လောကအဟောင်းထဲမှာ
လူ့ဘောင်သစ်ဖြစ်လာခဲ့ရတယ် (၁၉၈၉) ရယ်
(၉၀) ရွေးကောက်ပွဲ အာဏာလွှဲမပေးတော့
ရရင်ရ မရရင်ချရမှာပေမို့
သေဘို့မကြောက်လို့ တော့ထဲဝင် တောင်ကြီးဂွင်ကပေါ့ဗျာ
ကျောင်းသားတပ်မတော် မဲနယ်တောင်
မိုးဖရား၊ဖဖရား အမေနေမှကောင်းရဲ့လား…။

အာဏာသစ်ရဲ့စစ်ခေါ်သံ
လက်နက်ကိုင်တိုက်ပွဲ
ကျောင်းသားတပ်မတော်လက်စွဲ
ယုံကြည်ချက်ပဲဗျာ
(၉၁) ကနေ (၉၄)ဟာ နယ်စပ်မျဉ်းပေါ်က
သူပုန်ကြီးကျနော် အပုန်ကြီးပျော်ခဲ့ဘူးတာလေ။

(၁၉၉၇) တပ်မဟာခြောက်မှာ
ထပ်ကာထပ်ကာကိုသောက်ခဲ့တာအရက်
ရင်မှာဟာတယ်လေဗျာ မဟေသီ မရှိ ပေသည်ငတိ ပေါ့ဗျာ
နေထိုင်မထိရင် ရောခ်ဂီတနဲ့ ချော့သီကြရတာပေါ့
ငှက်ပျောပင်စားတဲ့ ငါ့ဗိုက်ထဲမှ
ကျည်ဆံက ဝင်တယ်ဗျို့
ဟုတ်တာပေါ့လေ စစ်တိုက်တယ်ဆိုတာ
ပန်းနဲ့ပေါက်တာမှမဟုတ်တာကိုး…။

ဒဏ်ရာစစ်မှာ အပြန်တရာဖြစ်တာက
တံတျာအချစ် အမှန်လာဖြစ်ခြင်တော့
ရဲဘော်တို့ရေ အမှန်အကန်လာချစ်သူနဲ့တွေ့ပါရောဗျို့
(၁၉၉၇) တောထဲက အချစ်ဆိုတာ
ဝက်သားနဲ့ ဆန်တအိပ် ဝဝစား ဝေးဝေးရှောင်
အိုအောင်မင်းအောင်ပေါင်းကြမှာကလား။

(၁၉၉၈) မှာ သမီးကြီးမွေးတယ်
ကျနော်(ထိုင်း) ရောက်တယ်
သူပုန်ဆိုတာတော့တပြားမှမလျော့ဘူးနော်
ကျုပ်က ထိုင်းရဲကလွဲလို့ ဘယ်သူ့မှမကြောက်တတ်ဘူး
တီတီတာတာလေးပြောတော့ သမီးကချစ်စရာလေး
သူ့အမေဆိုပြောမနေနဲ့တော့
ဟောဆို တယောက်
မပြောမဆိုနဲ့ ရောက်တယ်ဗျာ
(၂၀၀၀) ရပြီ...နောက်ထပ်သမီးတယောက်။

(၂၀၀၄) ကျနော်သူပုန်ကြီးပါဗျာ
မယုံရင် ကျနော့်မိန်းမကိုမေးကြည့်ပါပေါ့
ဟုတ်တယ်..
တော်လှန်ရေးသမားတယောက်ရဲ့
ဒုက္ခသည်သွား တောလားပေါ့ဗျာ
(ယူအင်) လျှောက်မှ အူအဝင်တောင့်ရတော့မှာကလား
မထူးတော့ဘူးသမီးတို့ရေ….

(၂၀၀၆) ရောက်တော့
ရေခြားမြေခြား အမေရိကားတဲ့
သွားကွာ…
ရီဖျူဂျီသမားဖြစ်လည်း နိုင်ငံရေးလုပ်လို့ရတယ်။
အနည်းဆုံးသမီးတို့ ပညာတတ်မယ်
လူထုကိုသာမမေ့နဲ့
အားတင်းသာထားကိုယ့်လူ
လုပ်နိုင်တာလုပ်
ပေးနိုင်တာပေး
ကျွေးနိုင်တာကျွေးပေါ့ကွာ။

ဟုတ်တယ်ဗျာ
အခု (၂၀၀၉) ကျနော် ၄၄ နှစ်
တော်လှန်ရေး နှစ် ၂၀
ပစ်ပယ်လို့မရဘူးနော်
အော်…သမီးတို့ရေ
မင်းတို့အရွယ်လေးတွေ
မြန်မာပြည်မှာလေ..
ကဗျာမပီ စာမမှီလို့
မြန်မာ့ပြည် ရတနာလေးတွေလေ
မျက်နှာငယ်ညှိုးနေကြတာဟာဖြင့်
အဖေ့ရင်မှာ တိုးလို့သာနင့်…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Friday, September 4, 2009

ငါဆိုတဲ့တေး

ငါဆိုတဲ့တေး

ငါအိပ်မပျော်တဲ့အခါ
ဝိုင်တခွက်သောက်လို့ရတယ်။
ပြီးတော့ ကျိန်စာသင့်မနေတဲ့
ဂစ်တာတလုံးနဲ့ တညလုံးနေလို့ရတယ်။

ငါဗိုက်ဆာတဲ့အခါ
ထမင်းအဝစားလို့ရတယ်။
ပြီးတော့ လေ့ကျင့်မှုပြည့်နေတဲ့
ကားတစီးကို စီးလို့ တနေကုန်အလုပ်လုပ်လို့ရတယ်။

ရဲဘော်ရေ မင်းအိပ်မပျော်တဲ့အခါ
ပြီးတော့ ကျိန်စာသင့်နေတဲ့နံရံကို
လက်သီးနဲ့ထိုးနေရမှာပေါ့
နောက် …မင်းနှလုံးသားမှာ
ဒါဏ်ရာတွေနဲ့ကခုန်နေမှာပါလေ။

ရဲဘော်ရေ မင်းဗိုက်ဆာနေတဲ့အခါ
ထမင်းကျန်လေးမှရှိရဲ့လား
ဟာတာတာဖြစ်နေတဲ့ မင်းဝမ်းငြိမ်းအောင်
ခံယူချက်တွေပဲ မျိုချရမှာပေါ့နော်။

စိတ်ချပါ ရဲဘော်ရေ
ရေမြေခြားနေပေမဲ့
ရဲဘော်ကိုဂုဏ်ယူတမ်းတနေတဲ့
ငါ့နှလုံးသားမှာလေ
မင်းကိုတမ်းတရင်း…

အလွမ်းသီချင်းတွေ ငါဆိုနေမှာဟုတ်ဘူး...။

ယဉ်ထွန်း

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့