Monday, June 30, 2008

ဆန့်ထွက်လာမည့်လက်သည်းများ..(စိုးနေလင်း)

မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာအုပ်စာတမ်း တွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေးအဆောက်အဦ၊ မှားယွင်းတဲ့အခြေခံစီးပွားရေး အဆောက်အဦ ကြောင့်ပဲဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ် ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်းထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသားပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ် တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံးဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီအင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ် ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ်အလုပ်ခံရလို့ သူတို့မှာရှိနေတဲ့ ကြီးမားတဲ့စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစား ရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာရှိနေတဲ့ အစွမ်း သတ္တိတွေကို ကိုယ်ကိုယ် တိုင်မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ရသလို နယ်ချဲ့အောက်ကလွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသားစစ်အာဏာရှင်စနစ်လက် အောက် ကလွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်း အတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။
ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာ ဏာရှင်စနစ်ကို ဒေါက်ထောက်ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက်ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။
နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။
ဒီနေရာမှာကျနော့အနေနဲ့ ကိုယ့်စိတ်ကိုပြန်ပြီး အားဖြည့်သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက် မိတဲ့ မဟာမြိုင်တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်းပျော်တယ်" ဆိုတဲ့ စာအုပ် ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်းမပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းကျနော်တို့တိုင်းပြည်လို့ခံစားလိုက်ရပါတယ်။
ဆရာတော်ကြီးက
"…မတရားတာ၊မမျှတတာတွေကိုလုပ်တဲ့သူတွေများနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှုမရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ဘယ်ပြောနိုင်မလဲ။
မတရားတာလုပ်တဲ့သူရှိရင် ခံရတဲ့သူရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကိုလေးစားမှာ မဟုတ် ဘူး။တဦးကိုတဦး မလေးစားနိုင်တဲ့အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ် နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်းမရှိတဲ့ အသိုင်းအ၀ိုင်းမှာနေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှုဘယ်လိုလုပ်ရနိုင်တော့မလဲ။
လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်းမဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…"လို့မိန့်ကြားဟောပြောခဲ့ပါတယ်။
ကျနော်တို့တွေ တရားမျှတမှုမခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကိုမခံစားခဲ့ရသေးဘူး၊ ဂုဏ် သိက္ခာရှိတဲ့လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူးဆိုတာကတော့အသေအချာပါပဲ။ ကျနော်တို့ ပြည်သူလူထုကြီးအနေနဲ့ ကိုယ့်အားကိုယ်ကိုးကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အား လုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ကိုယ်လုပ်နိုင်သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကိုသုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့်တိုးတက်လာတဲ့ အချိန် မှာတော့ ပိုပြီးထိရောက်အစွမ်းထက်တဲ့နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော် လှန်နိုင်လာကြပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီစစ်အာဏာရှင်တွေ မကြာတော့မယ့်အချိန်မှာကျဆုံး၊ အာဏာ ရှင်စနစ် နိဂုံးချုပ်ရပါလိမ့်မယ်။ ဓမ္မဟာအမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။
စိုးနေလင်း

0 comments:

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့