Wednesday, December 24, 2008

မိုးဖြားတို့ကျတဲ့မျက်ရည်...(လူဗိုလ်)...(၆၀၁)



ကိုခင်ဝမ်းက
ကျနော်တို့မှာ ညီအကိုများစွာရှိတယ် တဲ့....
မွေးသမိခင်ကိုယ်စီနဲ့
ကျွေးသမိခင် ကဋေကဋာ
ကျနော်တို့မှာလည်း အမေတွေများစွာရှိပါတယ် ကိုခင်ဝမ်းရေ။

အမေ
အမိုး
အမဲ့
မိခင်တွေများစွာကြား
မိုးဖြား(မိုးဖရား) ခေါ် ပအိုဝ်းမိခင်တွေ
ကျနော်တို့အတွက်
အကြိမ်ကြိမ် မျက်ရည်ဝေခဲ့ကြဖူးတယ်။

ပအိုဝ်းနယ်မြေကို
ကျောင်းသားတွေ တောခိုအလာ
သပြေပန်းနဲ့ဆည်းကြိုခဲ့တာ
ပအိုဝ်းမိခင်တွေ။

မြို့ပြဘဝ
ရှစ်လေးလုံးအခြေအနေ
ကျောင်းသားတွေ ဘယ်လိုသေကြေခဲ့ကြ
ရုပ်လုံးပုံဖေါ်ရှင်းပြ
ဘီဘီစိ၊ ဗွီအိုအေ ရေဒီယိုတွေကလည်းဖွင့်ဟ
ဘာသာစကားဖလှယ်ပေးမှ
တစွန်းတစသိရ ပအိုဝ်းမိခင်များ
ရောက်စထဲကကို
ကျနော်တို့အတွက် မျက်ရည်ကျ။

ရွာတွေရောက်လို့
အိမ်တွေခွဲချတိုင်း
အိမ်တိုင်းအိမ်တိုင်းမှာ
ကျနော်တို့ထမင်းချက်စရာမလိုပါဘူး
အမ်းကို့ကို့
အမ်းအာအာ နဲ့
ဦးဦးဖြားဖြားကျွေးလေ့ရှိတာ
ချစ်စရာ့ ပအိုဝ်းဓလေ့တခုပါ။

မနက်လင်းတာနဲ့
သွားတိုက်ဖို့ ဆား
မျက်နှာသစ်စရာ ရေခွက်မှာရေပြည့်
ဒီဧည့်ဝတ်ကျေပွန်မှုတွေက ကျနော်တို့အတွက် အင်အား။
ခရီးထွက်ဖို့ နှုတ်ဆက်ကြရင်
ကျနော်တို့ရဲ့အလေ့အထ
လက်အုပ်ချီ ဦးချတိုင်း
မျက်ရည်ကျကြတာလည်း
မိုးဖြားတွေပါပဲ။

၁၉၉၂
အပစ်အခပ်ရပ်စဲမှုတွေ ခေတ်စား
စီးကြောင်းအတိုင်း ပအိုဝ်းတပ်ပါသွား
စသိကြားရ
ပအိုဝ်းပြည်သူတွေဆီက
ပအိုဝ်းအမေတွေဆီက
ကျောင်းစားပေးတို့မြို့ပြန်ရောက်ရင်
မိုးဖြားတို့လာလည်မယ်နော်တဲ့။


တော်လှန်ရေးနယ်မြေသစ်ထဲ
ဆက်လက်တိုးဝင်နိုင်ဖို့
ပအိုဝ်းနယ်မြေကိုခွဲ
မိုးဖြားတို့ကိုနှုတ်ဆက်
မိုးဖြားတို့ရဲ့ နောက်ဆုံးမျက်ရည်တွေကိုကြည့်
ဆို့နင့်ကြေကွဲဝမ်းနည်းစရာအတိ။

အိုအမေတို့ရယ်
အို မိုးဖြားတို့ရယ်

ကတိတည်ရပါစေ့မယ်
ကျနော်တို့ကြောင့် ကျရတဲ့မျက်ရည်
စစ်အစိုးရကြောင့် ကျရတဲ့မျက်ရည်
ဘယ်အခါမှ မတူစေရပါဘူး။ ။

လူဗိုလ်
၂ဝ ၊ ၅ ၊ ဝ၆
၎း ၃၅ (နံနက်)

(အမ်းကို့ကို့ = ဝဝစား
အမ်းအာအာ = များများစား
ကျောင်းစားပေး=ကျောင်းသားလေး)

မှတ်ချက်။ ။ ကျနော်တို့ရဲဘော်ကြီးကိုလူဗိုလ် ထိုင်းမြန်မာနယ်စပ်ကနေ တကူးတကပို့လိုက်တဲ့ လက်တွေ့ဘဝထဲက ကဗျာလေးပါ...။

4 comments:

Unknown December 24, 2008 at 3:01 AM  
This comment has been removed by the author.
Unknown December 24, 2008 at 3:03 AM  

မိုးဖြားတို့ရဲ့ မျက်ရည်နဲ့ ကိုလူဗိုလ်ကြီးရဲ့ အလွမ်းလေးတွေကို လာဖတ်သွားပါတယ်ခင်ဗျာ....

www.zaung.co.cc

ယောနသံစင်ရော် December 24, 2008 at 8:09 AM  

ကျောင်းသားတပ်မတော်က အကိုတယောက်လည်း ဒီလိုပဲ သူ့ ရဲ့ ကရင်အမေတယောက်ကို တသသနဲ့ မွေးတဲ့ အမေ နဲ့ ကျွေးတဲ့ အမေ ဆိုပြီးသူက ခွဲပြတတ်သေးတယ်။

ကိုလူဗိုလ့် ကဗျာလေးကို သဘောကြနှစ်ချိုက်တယ်ဆိုတာ ဦးဂင်မှ တဆင့်ပြောပြပေးပါ။

သစ်နက်ဆူး December 24, 2008 at 2:16 PM  

ကိုဂင်..
ဒီကဗျာလေးကိုဖတ်ဘူးသလိုဘဲ...
ဒါပေမယ့်..
ထပ်ပြီးခံစားသွားတယ်ဗျာ...။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့