Saturday, December 27, 2008

သပြေညို ရွှေဘိုပန်းတွေနဲ့... ဝင်းတင့်ထွန်း

“သပြေညို ရွှေ ဘိုပန်းတွေ နဲ့ - ”
( ဆရာကြီးမင်းသုဝဏ် သို့ အမှတ်တရ )
( ၁ )

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို
ဒို့ပြေ မှာ ဒို့မေ ကမ်းပါတဲ့
သပြေညို ရွှေ ဘိုပန်းရယ်က
လန်းလျက် ပါ ကို …

ငယ်ငယ်ကတည်းက ရင်ထဲ အသဲထဲ နက်နက်ရှိုင်းရှိုင်းစွဲမြဲခဲ့ရ ရုံမက၊ နှုတ်ထက်ကပါ တစာစာနဲ့ မကြာခဏ ရွတ်ဆိုစွဲလန်းခဲ့ရတဲ့ကဗျာဟာ ဆရာကြီးမင်းသုဝဏ် ရဲ့ ဒီ ‘သပြေညို ’ ပါ ၊၊ မစွဲလန်းပဲ နေနိုင်ပါ့မလား၊ ဆရာ့ရဲ့ သပြေညို ကို ကျနော် စပြီးတွေ့လိုက်ရတဲ့နေရာကလဲ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ရဲ့ ‘ပြည်ရွှေ ဘို’ မှာပဲ မဟုတ်လား၊၊ ရွှေဘို အ-ထ-က(၁)မှာ ကျနော့်ရဲ့ အလယ်တန်းကျောင်းသားဘဝ ခပ်ငယ်ငယ်မှာပဲ၊ ဆရာ့ရဲ့ သပြေညို နဲ့ ဆုံဆည်းခွင့် ရခဲ့ပါတယ်၊၊ ကျောင်းသုံးကဗျာလက်ရွေးစင်-စာအုပ်ထဲမှာ ပါခဲ့တဲ့ ဒီကဗျာဟာကျနော့်ရဲ့ ငယ်ဘဝမှာ ကျောင်းက မြန်မာစာဆရာက ‘အလွတ်ကျက်ရမယ်၊ အလွတ် ပြန်ဆိုပြရမယ်’ လို့ မခိုင်းခင် မသင်သေးခင်ကတည်းက၊ကြိုက်လွန်း သဘောကျလွန်းလို့ စောစောစီးစီး အလွတ် ကျက်မှတ် အာဂုံဆောင်နိုင်ပြီးသား ကဗျာတပုဒ်လဲ ဖြစ်နေခဲ့ရပါတယ်၊၊ ရင်ထဲမှာ စောစောစီးစီး စွဲစွဲလန်းလန်း စီးဆင်းဝင်ရောက်နေတဲ့ ကဗျာတပုဒ်လဲ ဖြစ်နေခဲ့ရပါတယ်၊၊ ‘သပြေ’ ဆိုတာ ကျနော်တို့ ဗမာလူမျိုးတွေရဲ့ ‘အောင်ပန်း’ လဲပဲ မဟုတ်လား၊၊ သပြေမှာ သပြေဖြူ၊ သပြေနီ ဆိုတာတွေလဲ ရှိနေတဲ့အထဲမှာမှ ဆရာ့ရဲ့သပြေကတော့ သပြေညို - တဲ့၊၊ ပြီးတော့- ဒီသပြေ ညိုကိုပဲ ‘သပြေညို ရွှေဘိုပန်း’ လို့ ထပ်ဆင့်ပြီးဖွဲ့လိုက်ပြန်တော့၊ ကျနော်တို့မှာ ရင်ထဲကို တလန်းလန်းဖြစ်ပြီး စူးဝင်ငြိတွယ်နေခဲ့ရပါတော့တယ်၊၊
တကယ်က ကျနော့်ဘဝမှာ ‘သပြေညို’ နဲ့မတွေ့ခင်ကတည်းက ‘သပြေသီး’ နဲ့ စတွေ့ခဲ့ရတာ ဖြစ်ပါတယ်၊၊
‘ဝါဆို ဝါခေါင်ရေတွေကြီးလို့- သပြေသီးမှည့် ကောက်စို့ကွယ်….’ ဆိုတဲ့ ‘သပြေသီး ကောက်’ ထဲက သပြေသီးနဲ့ စပြီးတွေ့ခဲ့ရတာဖြစ်ပါတယ်၊၊
ကိုယ်ကိုယ်တိုင်ကလဲ တောသား၊ သပြေပင်ကြီးအောက်မှာ တကယ်ကို အုံးလက်နွားလေးနဲ့လဲ ကစားနေတဲ့အချိန်ဖြစ်တာကြောင့်၊ ရွတ်ရ ဆိုရတာကိုကလဲ လှလှပပနဲ့ အသက်ပါပါ ‘
ဖြစ်နေခဲ့ရပါတယ်၊၊ ‘ခရာဆူးခြုံ’ ဆိုတာကို အဲဒီတုန်းက ကောင်းကောင်းမသိ ပေမဲ့၊ မိုးနံဆူးခြုံ တွေကို သိနေပြီး၊ တောသားဆိုတော့ အဲဒီထဲက မျှော့နက်မဲကြီးတွယ်တတ်တာကိုလဲ ကောင်းကောင်းနားလည်ခံစားနိုင်နေခဲ့ပါတယ်၊၊ ‘မျှော့နက်ဆိုတာ ဂျို နဲ့လားကွဲ့… မြွေနဂါး တောင် ကြောက်ဘူးကွယ်’ ဆိုတာကတော့၊ တော်တော်ကို မာန်ပါလှပြီး၊ အလိုလိုကို သတ္တိသွေးတွေ ကြွနေခဲ့မိပါတယ်၊၊ ‘ဒို့လဲ ကြောက်ပေါင် အတူသွားစို့… အုံးလက်နွား လေးထားခဲ့မယ်’ ဆိုတာကျတော့ ပိုင်းပိုင်းဖြတ်ဖြတ်နဲ့ကို ပိုပိုပြီး အားရစရာ အားတက်စရာ ဖြစ်နေခဲ့ပါတယ်၊၊

အဲသလိုပါ ပဲ၊ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့… နက်ဖန်မနက် ကျောင်းတက်မယ်’ကလဲ အဓိပ္ပါယ်သိသိ ရွတ်ဆိုလို့ ကောင်းလွန်းလှတာဖြစ်နေပြီး၊ ခရေပန်းတွေ သွားကောက်ကြဖို့ အိပ်ယာကနှိုးလိုက်တဲ့ ‘မောင်လေးရေ ထပါတော့ - ရောင်နီလာလှပေါ့ ’ကလဲ လန်းလန်း ဆန်းဆန်း အော်အော်ရွတ်စရာ ဖြစ်နေခဲ့ပါတယ်၊၊ အကြိမ်ကြိမ်လဲ အော်အော် ရွတ်နေခဲ့ဖူးပါတယ်၊၊ ‘မိုးရေ တက်ရေ တဖွေးဖွေး… ကွင်းကျယ်အဝေးဝေး…’ ထဲက ခြေတံရှည်
လယ်စောင့်တဲလေးဟာလဲ ကျနော့်ရဲ့လက်တွေ့မျက်မြင်ဘဝတွေနဲ့ အဟပ်မိမိ လှပနေသလို၊ လယ်တဲဘေးက ကြာနီတပွင့် ကြာဖြူတပွင့်ကလဲ ချစ်စရာကောင်းနေပြီး၊ အသံကလဲ ပဲ့တင်ဆိုစရာ ဖြစ်နေခဲ့ပါတယ်၊၊ ‘မြက်ခင်းလဲ့လဲ့ မြေညီညီ … ကံ့ကော်ဝတ်မှုံ စီ … ဇာလီပျော်တဲ့ ကျောင်သင်္ခမ်း … လူလေး သွားချင်စမ်း … ’ဆိုတာကို ရွတ်ဆိုရတာကလဲ တကယ်ကို ကြည်နူးစရာကောင်းနေသလို၊ လူကြီးသူမတွေ ပြောပြောနေလို့ ကျနော်နဲ့ ရင်းနှီးနေပြီးသား နားလည်နေပြီးသားဖြစ်တဲ့ ဂဏှာ - ဇာလီတို့ရဲ့ကျောင်းသင်္ခမ်းလေးကိုပါ စိတ်ထဲမှာ လှမ်းလှမ်းပြီးမြင်ယောင်နေမိရင်း အင်မတန်ဆိုလို့ကောင်းနေခဲ့မိပါတယ်၊၊ အကြိမ်ကြိမ်အထပ်ထပ်လဲ ရွတ်ဆိုနေမိခဲ့ဖူးပါတယ်၊၊ အခုချိန်အထိ ရင်ထဲလဲ စွဲနေတုန်း ဖြစ်ပါတယ်၊၊ ဒါပေမဲ့ အဲဒီအခါ ကလေးတုန်း ကတော့ အဲဒီကလေးကဗျာလေး တွေကို ချစ်စရာလဲကောင်း လှလဲလှ အသံကလဲ သာလွန်းလို့သာ ရွတ်နေဆိုနေ ရင်းနှီးနေခဲ့ပြီး ရင်ထဲအထိ ကျနေ စွဲနေဝင်နေခဲ့မိတာ ဖြစ်ပေမဲ့၊ ဒီ ချစ်စရာ့ကလေးကဗျာလေးတွေရဲ့ဖန်တီးရှင် ကဗျာဆရာကြီးဟာ ‘ဆရာမင်းသုဝဏ်’ ဆိုတာတောင်၊ ကဗျာနဲ့ကဗျာဆရာကို တွဲပြီး ယှဉ်ပြီးမှတ်သားထားရကောင်းမှန်း မသိသေးတဲ့အရွယ် ဖြစ်နေခဲ့ပါတယ်၊၊ ဒါ့ကြောင့် သပြေညို နဲ့တွေ့လိုက်ရတဲ့အချိန်ကျ မှပဲ၊ မှတ်မှတ်သားသား ပထမဆုံးအကြိမ်အဖြစ် ဆရာမင်းသုဝဏ် ဆိုတာကိုပါ ကျနော် တွေ့လိုက်ရသလို ခံစားလိုက်ရပါတယ်၊၊ သပြေညို နဲ့အတူ ဆရာ မင်းသုဝဏ်ကိုပါ ကျနော်တွေ့သိ သွားခဲ့ရပါတယ်၊၊ ဒါ့ကြောင့် သပြေညို ဟာ ဆရာမင်းသုဝဏ် ကိုပါ မှတ်မှတ်ထင်ထင် စသိစေခဲ့တဲ့ ကျနော့်ရဲ့ အနှစ်သက်ဆုံးကဗျာ… လို့-ဆိုလိုက်တာပါ ၊၊
ကျနော်ကိုယ်တိုင် ကဗျာတွေကို မြတ်နိုးပြီး၊ ကဗျာလေးတွေကို ကြိုးစားပန်းစား ဖွဲ့ဆို သီကုံးဖို့ အားထုတ်လာတဲ့အချိန်မှာတော့၊ ‘ငါ - ဘာလို့ကဗျာကို မြတ်နိုးတတ်လာတာလဲ ’ ‘ကဗျာက ငါ့ကို ဖမ်းစားသိမ်းကျုံး ဆွဲငင်ခဲ့တဲ့ ပထမဆုံးအရာဟာ ဘာလဲ’ ဆိုတဲ့မေးခွန်းလေး တွေ ကိုယ့်ကိုကိုယ်မကြာခဏ ပြန်ပြန်မေးကြည့်ခဲ့ဖူးပါတယ်၊၊ အကြိမ်ပေါင်းများစွာလဲ ထပ်ဖန် တလဲလဲ ကိုယ့်ဟာကိုယ် စဉ်းစားတွေးတောကြည့်နေခဲ့ဖူးပါတယ်၊၊
မြတ်နိုးတတ်လာတာကတော့ နှစ်သက်စရာကို နှစ်သက်စရာရယ်လို့မြင်ပြီး၊ နှစ်သက် နိုင်စွမ်းရှိတဲ့ အသဲနှလုံးလဲ ရှိတာကြောင့် အထပ်ထပ်အဖန်ဖန် နှစ်သက်မိရာက မြတ်နိုးတတ် လာတာလို့ပဲ အဖြေထွက်ခဲ့ပါတယ်၊၊ ဒီနေရာမှာ ‘နှစ်သက်စရာ’ဆိုတာမှာ ထင်ကြမြင်ကြ ယူဆ ကြမှာတွေကတော့၊ တဦးနဲ့တဦး တူကြလိမ့်မယ် မဟုတ်ပါ၊၊ အမြင်ရော ခံယူမှု ရော ခံစားမှု ပါ ကွာခြားကွဲလွဲနိုင်ပါတယ်၊၊ တယောက်ရဲ့ နှစ်သက်စရာဟာ တခြားတယောက်အတွက် နှစ်သက်စရာ ဟုတ်ချင်မှလဲ ဟုတ်ပါလိမ့်မယ်၊၊ နှစ်သက်စရာအပေါ် နှစ်သက်စရာအဖြစ် သဘောကြိုက်ညီ အမြင်တူကြရင်တောင်မှ၊ ဒီဂရီအနိမ့်အမြင့်ကတော့ ကွာခြားကြဦးမှာ ဖြစ်ပါတယ်၊၊ ကျနော့်တဦးချင်း ခံစားလိုက်ရ မှုအရကတော့၊ ကဗျာကပေးတဲ့ ကဗျာထဲမှာ ကဗျာဆန်ဆန်ကို ပါဝင်နေတဲ့ကဗျာရဲ့ ‘ဘာဝအလှ’နဲ့ ကဗျာရဲ့သံစဉ်နိမ့်မြင့်အစီအစဉ်တွေကို နှစ်သက်တတ် သဘောကျတတ်လာရာက မြတ်နိုးတတ်လာခဲ့တာဖြစ်ပါတယ်၊၊ အဲဒီလိုကဗျာရဲ့ ‘ဘာဝအလှ’ နဲ့ ‘အသံ’ကို နှစ်သက်တတ်လာရာကနေ မြတ်နိုးတတ်မှုအဆင့်အထိ ကူးပြောင်းရောက်ရှိလာရာမှာလဲ၊ ကျနော့်ရဲ့တဦးချင်းဆိုင်ရာ လက်တွေ့အရ ကတော့၊ ကဗျာ ကနေ ကျနော့်ကို ဖမ်းစားသိမ်းကျုံးဆွဲငင်ခဲ့တဲ့ ပထမဆုံးအရာဟာ ‘အသံ’လို့ပဲ တွေ့လိုက် ရပါတယ်၊၊ တခြားသူ တပါးသူတွေနဲ့တော့ တူချင်မှလဲ တူပါလိမ့်မယ်၊၊ ကဗျာရဲ့အလှကို ရေရေ ရာရာ မခွဲခြားတတ်ခင်၊ မကြည့်တတ် မမြင်တတ်ခင်ကတည်းက ကဗျာထဲက သံစဉ်နိမ့်မြင့် အသံဟာ ကျနော့်စိတ်နှလုံးကို နှစ်သက်လာလာအောင် ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်၊၊ ကဗျာ ထဲက အသံတွေကို ကျနော် သဘောကျတတ်လာခဲ့ပါတယ်၊၊ ဒါကြောင့် ကဗျာဆိုတာ ဘာလဲ လို့တောင် ကွဲကွဲပြားပြားမသိခင်ကတည်းက ကဗျာထဲက အသံကို နားစွဲရာ နှစ်သက်တတ်ရာ ကနေ၊ ကဗျာလေးတွေကို အော်အော် ဆိုတတ်နေပြီး ဖြစ်ခဲ့ပါတယ်၊၊ ကိုယ် ရွတ်နေ ဆိုနေမိ တာဟာ ကဗျာတွေပါလား-လို့တောင် မသိခင်ကတည်းက ချစ်စရာကလေးကဗျာလေးတချို့ကို အလွတ်ဆိုတတ်နေခဲ့ပြီး ဖြစ်ပါတယ်၊၊ ကျနော့်တဦးချင်းအတွက် ကျနော့်ဟာကျနော် ပြန်တွေ့ရချက်ကတော့၊ အဲဒီလို သားချော့တေးကဗျာလေးတွေ၊ ကလေးကဗျာလေးတွေထဲက အသံသာသာလေးတွေကို နှစ်သက်တတ် နားစွဲတတ် ချစ်တတ်လာရာကနေ၊ ကဗျာကို ချစ်တတ်မြတ်နိုးတတ်လာခဲ့တာပါ၊၊ ကဗျာထဲက အဓိပ္ပါယ် အနက်သဘောတချို့ကို ရှင်းရှင်း လင်းလင်း မသိတတ်နိုင်ခင်ကတည်းက အသံကြောင့် စွဲလန်းနှစ်သက်ခဲ့ရတဲ့ ကဗျာ လေးတွေ အများကြီး ရှိခဲ့ပါတယ်၊၊ ကဗျာထဲက အသံက အဲသလောက် ကျနော့်အပေါ် ဆွဲဆောင်နိုင်အား ကြီးခဲ့ပါတယ်၊၊ အလင်္ကာတွေ၊ နိမိတ်ပုံတွေ၊ သင်္ကေတတွေ ဆိုတာကို နားမလည်ခင် ကတည်းက ကဗျာထဲက ‘အသံ’ကနေ၊ ကျနော့်ကို ကဗျာချစ်တတ်သူ တယောက်ဖြစ်အောင် ညှို့ယူခေါ်ငင်သွားခဲ့ပါတယ်၊၊ ရွတ်လို့ ဆိုလို့ကောင်းတဲ့ အသံသာသာ ကလေးကဗျာလေး တွေ ကို ကျနော် စွဲလန်းနှစ်သက်တတ်လာခဲ့ပါတယ်၊၊ အသံသာရုံသာမက ကဗျာထဲက အကြောင်း အရာတွေ၊ ကဗျာထဲပါ ပစ္စည်းတွေကလဲ ကျနော်နဲ့ရင်းနှီးနေတဲ့၊ ကျနော်ကိုယ်တိုင် သိမြင်နား လည်နိုင်စွမ်းဖြစ်နေတဲ့ အရာကိစ္စတွေလဲ ဖြစ်နေပြန်တယ် ဆိုရင်တော့ ကျနော့်မှာ ပိုလို့တောင် ချစ်ခင်စွဲလန်းစရာ ဖြစ်ခဲ့ရပါတော့တယ်၊၊ ဒါ့ကြောင့် ကျနော့်ရဲ့ ငယ်ဘဝမှာ ကျနော်ကိုယ်တိုင် မသိလိုက်ရပါပဲနဲ့ ကျနော့်နှလုံးသားထဲအထိ ရောက်ရှိလာခဲ့ ရတဲ့ ကဗျာတွေဟာ ဆရာ မင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေပဲ အများဆုံးဖြစ်လာခဲ့ရပါတော့တယ်၊၊ ‘ လူကလေးရဲ့ ချော့စရာ- မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ ’ လို ‘ လူကလေးရယ်- ငို … ခိုဖမ်းလို့ပေး’ လို သမရိုးကျ ရှေးဟောင်းသားချော့တေးကဗျာလေးတွေ ပြီးရင်၊ ကျနော် အများဆုံး ဆိုခဲ့ ရွတ်ခဲ့ စွဲလန်းခဲ့ရတဲ့ ကလေးကဗျာလေးတွေဟာ ဆရာမင်းသုဝဏ်ရဲ့ ကလေး ကဗျာလေးတွေချည်းလိုလို ဖြစ်နေခဲ့ရပါတော့တယ်၊၊ (အဲဒီတုန်း ကတော့ အဲဒီကဗျာလေးတွေ ကို နှစ်နှစ်ကာကာ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးသာ ဖြစ်နေခဲ့တာ၊ အဲဒီကဗျာလေးတွေရဲ့ လက်ရာရှင် ဖန်တီးရှင်ဟာ၊ ဆရာမင်းသုဝဏ် ဆိုတာတောင် မသိခဲ့မိဖူး ပါဘူး၊၊) သေသေ ချာချာ ပြန်စဉ်းစားကြည့်တော့၊ အဲဒီတုန်းက ကျနော်တို့ငယ်စဉ်တုန်းက ရှိနေခဲ့တာကလဲ ဘိုးစဉ်ဘောင်ဆက် သမရိုးကျ သားချော့တေးကဗျာလေးတွေ နည်းနည်း ပါးပါးပြီးရင်၊ ဆရာ မင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေပဲ ရှိနေခဲ့တာ မဟုတ်လား၊၊ ကျနော်တို့ အတွက်၊ ကလေး ငယ်လေးတွေအတွက် တခုတ်တရ အလေးထားပြီး ကဗျာလေးတွေ ဖွဲ့သီပေး ရှာတဲ့ ကဗျာဆရာစစ်စစ် စာဆိုစစ်စစ်ဆိုတာကလဲ ဆရာမင်းသုဝဏ်တယောက်လောက်ပဲ ရှိသေး တယ်လို့ ပြောရမယ့်အချိန်ကာလ မဟုတ်လား၊၊ အဲဒီကာလဝန်းကျင်က ဒေါက်တာ မောင်ဖြူး ရဲ့ ကလေးကဗျာလေးတွေလဲထိုက်သင့်သလောက် ရှိနေပြီလို့ ပြောမယ်ဆို ပြောနိုင် ပေမဲ့၊ ကျနော့် နှလုံးသားကို လာငြိတာကတော့၊ ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာတွေချည်း လိုလို ဖြစ်နေခဲ့ပါတယ်၊၊ ဘာလို့လဲ၊၊
ကျနော့်နားက အသံသာသာကို နှစ်သက်တတ်လွန်းနေရုံမက၊ ကျနော့်နှလုံးသားက အနု ပညာဆန်ဆန်နဲ့အမျိုးသားရနံ့ ရိုးရာအငွေ့အသက် ထုံရီနေတာကို ပိုမိုစွဲလန်းလက်ခံနေတဲ့ သဘောကြောင့်လို့ ယူဆမိပါတယ်၊၊ ( ဒါကလဲ အခုချိန်ကျမှ ပြန်လည်တွေးတော စဉ်းစားမှတ် ထင်ထားမိချက်ဖြစ်ပါတယ်၊၊ ငယ်ငယ်တုန်းကတော့ ကိုယ့်နား ကိုယ့်ဟဒယနဲ့ ကိုက်ညီသွား တဲ့အတွက် ကိုယ်ကြိုက်ချင်လို့ ကြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်၊၊ )အဲဒီတော့ ကျနော့်ကိုယ် ကျနော်ပြန်ကြည့်လိုက်တဲ့အခါ၊ ကျနော်ဟာ ကလေးဘဝကတည်းက ကလေး ကဗျာလေးတွေ ကို ချစ်တတ်လာသူ ဖြစ်ခဲ့တယ်၊၊ အဲဒီလို ကလေးကဗျာလေးတွေကို နှစ်သက်တတ် လာမိပုံက တော့၊ အဲဒီကဗျာလေးတွေထဲက ရွတ်လို့ဆိုလို့ကောင်းလွန်းလှတဲ့ ‘အသံ’ ကနေ ကျနော်ကို စတင် ခေါ်ငင်ဆွဲဆောင်သွားခဲ့တာ ဖြစ်တယ်၊၊ ကျနော့်ရဲ့ဘဝ ကျနော့်ရဲ့ အရွယ် ကျနော့်ရဲ့ သိမြင်ထားချက်တွေနဲ့ လိုက်လျောဆီထွေ နားလည်နိုင် ခံစားနိုင်တဲ့ အကြောင်းအရာ လေးတွေလဲ ဖြစ်နေပြန်တယ် ဆိုရင်တော့၊ အသံကို သဘောကျရာကနေ၊ အကြောင်းအရာပါ ခံစားရမိသွားပြီး၊ နှစ်သက်စွဲလန်းမိတဲ့အဆင့်အထိ တဆက်တည်း ရောက်ရှိသွားမိတော့ တာပါပဲ၊၊ အားလုံး သိကြတဲ့အတိုင်းပါပဲ ၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ တွေဟာ ‘အသံ’သာ ပါတယ်၊၊ အထူးသဖြင့် ကလေးကဗျာလေးတွေဆိုရင်- အသံက အင်မတန်ကို သာပါတယ်၊၊ ဗမာလျှာ ဗမာလေနဲ့ဆိုရင် ဆိုရရွတ်ရတာ တော်တော်ကို စီးစီးပိုင်ပိုင်ငြမ့်ငြိမ့်ညောင်းညောင်း နဲ့ကြည်ကြည်လွင်လွင်ရှိလှပါတယ်၊၊ အကြောင်းအရာကလဲ ထူးထူးထွေထွေ ဆန်းဆန်း ပြားပြားကြီးတွေမဟုတ်ပဲ၊ အများသူငါနဲ့နီးစပ်တဲ့၊ ကိုယ့်ပတ်ဝန်းကျင်မှာတွင် ရှိနေတဲ့ မြင်ကွင်း တွေအဖြစ်အပျက်တွေ၊ အရာကိစ္စတွေပဲ မဟုတ်လား၊၊ ပြီးတော့ -အဲဒီ အရာကိစ္စတွေ ကိုယ်နှိုက်ကလဲ ကိုယ့်တိုင်း ကိုယ့်ပြည်က ချစ်စရာ့ရေမြေတောတောင် သဘာဝ အလှတွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ လက်ခံစွဲလန်းထားကြပြီးသား နားလည်သိမြင် ထားချက် တွေနဲ့ပါ အဟပ်မိမိ တည်ပြီး ရှိပြီး မြင်သာပြီးသားတွေချည်းလဲပဲမဟုတ်လား၊၊ တနည်းအားဖြင့် ပြောရရင် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားအငွေ့အသက်၊ အမျိုးသား ရနံ့တွေ ရစ်ဖေါက် ယှက်သီ လှပထုံလွှမ်းနေတဲ့အရာတွေချည်းလဲပဲ ဖြစ်နေပြန်တယ် မဟုတ်လား၊၊ ကြည့်စမ်းပါ ပန်းတွေထဲကဆိုရင်- သပြေ၊ ခရေ၊ စပယ်၊ ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကံ့ကော်၊ ပိတောက်၊ သရဖီ …။ မြင်ကွင်းရုပ်ပုံလွှာတွေထဲက ဆိုရင်- လယ်စောင့်တဲ၊ မြက်ခင်း၊ နဒီတွင်း၊ ကျောင်းသင်္ခမ်း၊ ကွင်းကျယ်၊ ရေဖွေးဖွေး၊ ခရေတန်း၊ ရောင်နီ …၊၊ ဖွဲ့ထား ပုံလေး တွေကျ တော့လဲ-‘ မြက်ခင်းလဲ့လဲ့ မြေညီညီ - ကံကော်ဝတ်မှုံ စီ’ ၊‘ ဒိုးယိုစီးတဲ့ နဒီတွင်း-သမင်ရေ သောက်ဆင်း’၊ ‘တောင်ဆီနားက ခရေတန်း-ပင်အောက်ကြိုင်လို့လန်း’၊‘ ကြာနီတပွင့် ဖြူတပွင့်-တဲနဲ့ပနံတင့် …’ တဲ့၊၊ ဘယ့်လောက် လှလိုက်ပါသလဲ၊၊ မျက်စေ့ထဲမှာ နားထဲမှာ ကြား ယောင်မြင်ယောင် ဖြစ်လာရုံမကရင်ထဲ နှလုံးထဲအထိ စီးဝင်လာတာတွေ ဖြစ်ခဲ့ရပါတယ်၊၊ ဒါကြောင့် ဆရာ့ရဲ့ကဗျာတွေဟာ ဆရာ့ရဲ့လက်ရာတွေမှန်း ကွဲကွဲပြားပြားမမှတ်သားတတ်ခင်၊ မသိတတ်သေးခင်ကတည်းက နှုတ်ဖျား ရောက်နေပြီးသား၊ ရင်ထဲ ပေါက်နေပြီးသားတွေ ဖြစ်နေခဲ့ရပါတယ်၊၊ ပြောရရင် ဆရာမင်းသုဝဏ်ရဲ့ကဗျာသြဇာဟာ ကျနော့်အပေါ် နှစ်နှစ် သက်သက် စူးရောက်နေခဲ့ပါတယ်၊၊ တနည်းအားဖြင့် ဆရာမင်းသုဝဏ်ရဲ့ ကဗျာ့ကျေးဇူးဟာ ကျနော်တို့အပေါ် နက်နက်ရှိုင်းရှိုင်း တင်ရှိနေခဲ့ပါတယ်၊၊ ဆရာ့ကျေးဇူး အင်မတန် ကြီးမား ခဲ့ပါတယ်၊၊
ကဗျာကို ချစ်တတ် မြတ်နိုးတတ်လာရာကနေ၊ ကိုယ်ကိုယ်တိုင် ကဗျာရေးချင် ကဗျာ ဖွဲ့ချင်လာတဲ့အချိန် ရောက်တော့လဲ ဆရာမင်းသုဝဏ်ရဲ့သြဇာ၊ ဆရာမင်းသုဝဏ် ရဲ့အဆိုအမိန့်၊ သွန်သင် လမ်းပြမှုတွေဟာ ကျနော့်အပေါ် အရှိန်ရှိရှိ ဆက်လက် ဖြစ်တည် လာခဲ့ပြန်ပါတယ်၊၊ ‘ကဗျာစပ်ချင် စာစပ်သင်’ နဲ့‘စု တု ပြု’ ဟာ ကျနော့်တဦးချင်းအတွက် ကတော့၊ အင်မတန်မှကို အရေးပါတဲ့ စံထားနည်းယူဖွယ်ရာတွေ ဖြစ်ခဲ့ရပါတယ်၊၊ အဲဒီလမ်း ကြောင်း ပေါ်ကနေ ကဗျာသမား စာသမားတယောက်ရဲ့ဘဝကို ကျနော် နှစ်နှစ်သက်သက် စတင် ဖြတ်သန်း လာခဲ့မိပါတယ်၊၊ လူတချို့ အဖို့ကတော့ အဲဒီလမ်းကြောင်းကြီးဟာ သမရိုးကျ ဆန်လွန်းတယ်၊ ဟောင်းနွမ်းလွန်းလှတယ် လို့လဲ ပြောကြ ဆိုကြ ယူဆချင် ယူဆကြပါ လိမ့်မယ်၊၊ တဦးနဲ့တဦး ဘယ်လိုမှ ထပ်တူဖြစ်နိုင်ကြဖွယ်မရှိပေမဲ့၊ ကျနော် ဖြတ်သန်းလာခဲ့မိ တာကတော့ အဲဒီလမ်း ကြောင်းကြီးအတိုင်းပဲ ဖြစ်ခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ရဲ့ ‘စု တု ပြု’ ဟာ ကျနော့်အတွက် ကတော့ အင်မတန်မှ တန်ဖိုးရှိလှပါတယ်၊၊ ကျနော် လက်ရှိ ရောက်နေရရာ နေရာမှာ အလွယ်တကူ ပြန်လည်ရှာဖွေကြည့်ရှု နိုင်ခြင်းမရှိတဲ့အတွက်၊ တိတိကျကျ ပြန်လည် ကိုးကား မပြနိုင်ပေမဲ့၊ (ကျနော့် စိတ်ထင် - ‘ပန်းနှင့်ပင်စည်’ထဲမှာပဲ ထင်ပါ ရဲ့ …) ရွက်ဝါ လေးတွေ တဝဲလည်လည် ကြွေကျလာနေပုံကို ခြယ်သဖွဲ့ဆိုပြကြရာမှာ - ရှင်ဥတ္တမကျော် ရဲ့ တောလား ထဲက ‘ ဈာန် ဝိတက် သို့၊ သစ်ရွက်ရော်ရီ ၊ ဣန္ဒနီ …’ ကနေ၊ ဆရာမင်းသုဝဏ်ရဲ့ ‘ရွှေကြောင် ဖား မြီးဖျားလိုက်သို့ - မြိုင်တိုက်စုံယံ … ’ဖြစ်လာပုံ ရှင်းပြမှု ဟာ အခုချိန်အထိ မကြာ ခဏ သတိရစရာ ဖြစ်နေခဲ့ပါတယ်၊၊ ဆရာ့ကျေးဇူး ကြီးလှပါတယ်၊၊

( ၂ )

ငယ်ငယ်ကတည်းက ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေကို အင်မတန် နှစ်သက်ခဲ့ပြီး၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာ့သြဇာသက်ရောက်မှုကိုလိုလိုလားလား လက်ခံခဲ့မိ ပေမဲ့၊ အညာဒေသက တောသားလေးတယောက်သာ ဖြစ်တဲ့ ကျနော်ဟာ၊ ဆရာမင်းသုဝဏ်ရဲ့ တပည့်လက်သားအဖြစ်၊ စာသင်သားလေးတယောက်အဖြစ်တောင် ဖြစ်ခွင့်မရခဲ့ပါဘူး၊၊ ဆရာ့ တပည့် မဖြစ်ခဲ့ရဖူးပါဘူး၊၊ သင်ဆရာအဖြစ် မရောက်ခဲ့ရပေမဲ့ ကြားဆရာ မြင်ဆရာ ဖြစ်ခဲ့ရတာလောက်ကိုက ကျေးဇူးကြီးလှတယ်-လို့ သဘောပိုက်မိ မှတ်ယူမိပါတယ်၊၊ အဝေး ကနေပဲ ဆရာ့ကို လေးစားနေမိပါတယ်၊၊ ကြုံခွင့် ဆုံခွင့်များ ရမယ်ဆိုရင်တော့၊ ကြုံဖူး ဆုံဖူးလိုက်ချင်တဲ့ဆန္ဒလဲ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတည်ရှိနေခဲ့ပါတယ်၊၊ ဒါပေမဲ့ ရန်ကုန်ကို ကျနော်ရောက်လာပြီးနောက်ပိုင်းမှာတောင်၊ တော်တော်နဲ့ဆုံခွင့် ကြုံခွင့် မရခဲ့ပါဘူး၊၊ ကျနော် ရန်ကုန်ကို ရောက်လာပြီး၊ စာပေထုတ်ဝေရေးတိုက်ကြီးတခုမှာ ပထမဆုံးနေထိုင်ခွင့် ရခဲ့တဲ့ အတွက်၊ စာရေးဆရာ ကဗျာဆရာတွေ တော်တော်များများနဲ့ အကြောင်းအမျိုးမျိုးနဲ့ တွေ့ခွင့် ဆုံခွင့် သိကျွမ်းခွင့်တွေ ရခဲ့ပေမဲ့၊ ဆရာမင်းသုဝဏ်နဲ့တော့ ကြုံ ခွင့် မပေါ်ခဲ့ပါဘူး၊၊
ကြုံ မယ့်ကြုံ တော့- အဲဒီစာပေတိုက်ကြီးကနေ ခွါလာခဲ့ပြီး ကိုယ့်ဟာကိုယ် တကိုယ် တော်နေထိုင်ရင်း နှစ်ပေါင်းတော်တော်ကြာတဲ့အချိန်၊ ၁၉၈ဝပြည့်နှစ်ထဲရောက်တော့မှပဲ စီစဉ် ထားခြင်းမရှိပဲ အမှတ်မထင် စတင်ဆုံဆည်းခဲ့ရပါတော့တယ်၊၊ ကျနော် ဘယ်လိုမှ မျှော်လင့် မထားတဲ့အချိန်မှာ၊ ဘယ်လိုမှ မျှော်လင့်မတားမိတဲ့သူကပဲ ကျနော့်ကို ခေါ်သွားခဲ့တာ ဖြစ်နေ ပါတယ်၊၊ ကျနော့်ကို ခေါ်သွားခဲ့တဲ့သူဟာ ဆရာတက္ကသိုလ်မင်းမော်ပါ၊၊ အမှန်အတိုင်းပြော ရရင်- အဲဒီတုန်းကကျနော့်စိတ်ထဲမှာ ဆရာတက္ကသိုလ်မင်းမော်နဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိလှ ပါဘူး၊၊ ဆရာဂျမ်း၊ ဆရာစွမ်း၊ ဆရာကြူး(မင်းလှညွန့်ကြူး) တို့လောက်လဲ ဆက်ဆံရေး များများစားစားမရှိ ခဲ့ပါဘူး၊၊ အဲဒီတုန်းက တက္ကသိုလ်ရိပ်သာလမ်း ပုဂံလမ်းက အိမ်တန်းလျား ရှည်ကြီးတခုတည်းမှာ ဆရာကြူး၊ ဆရာဂျမ်း နဲ့ဆရာမင်းမော်တို့ဟာ အခန်းကပ် အတူနေ တွေဖြစ်ခဲ့ကြပါတယ်၊၊ ဆရာဂျမ်း၊ ဆရာကြူးတို့ဆီ မကြာခဏရောက်တတ်တဲ့ ကျနော့်အပေါ် မျက်မှန်းတန်းမိလာရာက ဆရာမင်းမော်ကလဲ ကျနော့်အပေါ် နွေးနွေးထွေးထွေးပျူပျူငှါငှါ ဆက်ဆံရှာပါတယ်၊၊ တခါတရံ ဆရာကြူး၊ ဆရာဂျမ်းတို့ မရှိတဲ့အခါမျိုးဆိုရင် ဆရာမင်းမော် ကပဲ ကျနော့်ကိုဧည့်ဝတ်ပျူငှါသဘောနဲ့ ‘ထိုင်ဦးလေ-’ဆိုပြီး ကောင်းကောင်းမွန်မွန် ဖိတ်မန္တက ပြုတတ်တာမျိုးတွေ ရှိခဲ့ပါတယ်၊၊ ၁၉၈ဝပြည့်နှစ် သြ၈ုတ်လထဲမှာ ကျနော့်ရဲ့ ပထမဆုံးလုံးချင်း ကဗျာရှည်စာအုပ်လေး ‘နိုးနေသော လင်္ကာသည်’ ထွက်လာတော့၊ တရားဝင် စတင်မဖြန့်ချိ ခင်မှာပဲ ဒီကဗျာစာအုပ်လေးအတွက်အမှာစာရေးပေးခဲ့ကြတဲ့ ဆရာဂျမ်းနဲ့ ဆရာကြူးထံ ကဗျာ စာအုပ်လက်ဆောင် ဦးဦးဖျားဖျားသွားပေးရင်း၊ ဆရာဂျမ်းတို့နဲ့ တဝင်းထဲနေ ဆရာမင်းမော် ကိုလဲ မှတ်မှတ်ရရ ကဗျာစာအုပ်တအုပ် လက်ဆောင်ပေးဖြစ်ခဲ့ပါတယ်၊၊ အဲဒီတပတ် လောက် အတွင်းမှာပဲ ဆရာမင်းမော်ကလဲ ကျနော့်ကို မှတ်မှတ်ရရ ကဗျာစာအုပ်တအုပ် လက်ဆောင် ပြန်ပေးခဲ့ပါတယ်၊၊ ‘ယက်ဗ်တူရှင်ကို’ ရဲ့ ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာစာအုပ်လေးပါ၊၊ စာအုပ်လေးရဲ့အတွင်းပိုင်းက ပထမဆုံးစာမျက်နှာပေါ်မှာ သူ့လက်မှတ်နဲ့ ဒီစာအုပ်လေးကို သူ စတင်ဝယ်စဉ်က နေ့စွဲပါ ထိုးထားတဲ့အပြင်၊ သူ ဝယ်ခဲ့ရာနေရာ ‘လန်ဒန်’ ဆိုတာပါ ရေးထားတာ တွေ့ရပါတယ်၊၊ အဲဒီရဲ့ အောက်နားမှာမှ ကျနော့်နာမည်ကို တပ်ပြီး၊ အမှတ်တရလက်ဆောင်အဖြစ် လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်၊၊ သူ လန်ဒန်မှာ ကျောင်းသွားတက်ရစဉ်ကတည်းက ဝယ်လာခဲ့တဲ့ကဗျာစာအုပ်လေးဖြစ်တဲ့အတွက် နှစ်တော် တော်ကြာနေပြီဖြစ်ပေမဲ့ စာအုပ်လေးကတော့ တော်တော်သပ်သက်ယပ်ယပ် လတ်လတ် ဆတ်ဆတ်ပဲ ရှိပါသေးတယ်၊၊ ကဗျာရေးသူ လူငယ်လေးတယောက်ဖြစ်တဲ့ ကျနော့်အပေါ် သူက အဲဒီလိုနွေးနွေးထွေးထွေးဆက်ဆံခဲ့တာတွေ ရှိပေမဲ့၊ မပြည့်အိုးတလုံးပဲဖြစ်နေသေးတဲ့ ကျနော့်မှာ၊ ‘ဇော် မော် သင်း’ ဂိုဏ်းလို့ သတ်မှတ်ပြောဆိုနေကြတဲ့ထဲက တယောက်အပါ အဝင်ဖြစ်နေတဲ့ ဆရာမင်းမော်အပေါ် ဆရာကြူးတို့၊ ဆရာစွမ်း၊ ဆရာဂျမ်းတို့လောက် ရင်းရင်း နှီးနှီးမရှိလှပဲ ခပ်ဝေးဝေးပဲ ရှိခဲ့မိပါတယ်၊၊ အဲဒီလို အနေအထားရှိတဲ့ ဆရာမင်းမော်ကပဲ၊ ကျနော့်ကဗျာစာအုပ်လေး ထွက်ပြီးစမကြာလှသေးချိန်တနေ့မှာပဲ၊ လှည်းတန်းလမ်းမကြီးပေါ် အမှတ်မထင်ကြုံမိရာက ‘ခင်ဗျား အားသလား၊ အားရင် ကျနော်နဲ့လိုက်ခဲ့စမ်းပါ ’လို့ အဖေါ် စပ်ပါလေတယ်၊၊ ‘ဘယ်ကို သွားမလို့လဲ’လို့ မေးမိတော့ ‘ဆရာမင်းသုဝဏ် ဆီ…’ တဲ့၊၊
ဆရာမင်းမော် အဖေါ်ခေါ်လို့ အဲသလိုနည်းနဲ့ ဆရာမင်းသုဝဏ်ဆီ ကျနော် ပထမဆုံး ရောက်ခွင့်ကြုံသွားခဲ့ပါတယ်၊၊
ကမာရွတ် လှည်းတန်းက ကမာရွတ်၈တ်တဲနဲ့ လမ်းဟိုဖက်သည်ဖက် ဒါးလွယ်ခုတ် မျက် စောင်းထိုးလောက်မှာ၊ အဲသည်တုန်းက ‘ပန်းကမ္ဘာ’တို့‘ပန်းမြို့တော်’တို့ဆိုတဲ့ လဖက်ရည်ဆိုင် အအေးဆိုင်လေးတွေ ရှိပါတယ်၊၊ အဲသည်နားကနေ ပလက်ဖေါင်းအတိုင်း ဖြတ်လျှောက် ခဲ့ကြပြီး၊ ဦးထွန်းလင်းလမ်းထဲ ဝင်ခဲ့ကြတာနဲ့မကြာမီမှာပဲ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို ရောက် ပါတယ်၊၊ ခေါင်းရင်းဖက်က ဧည့်ခန်းလေးထဲမှာ ဆရာမင်းသုဝဏ်က အေးအေးသက်သာ ထိုင်နေပါတယ်၊၊ အဖြူရောင် လည်ကတုံးအင်းကျီ နဲ့ ချည်ချောပုဆိုး အရောင်ဖျော့ဖျော့ လေးကို ဝတ်ထားတဲ့ ဆရာ့ရဲ့ရုပ်ပုံဟာ တကယ်ကို အေးအေးချမ်းချမ်းနဲ့ကြည်ကြည်စင်စင် ရှိလှပါတယ်၊၊ အရင်ကတခါမှ လူကိုယ်တိုင် မကြုံ ဖူးပေမဲ့၊ ဓါတ်ပုံကိုတော့ မြင်ဖူး ကြုံဖူး ထားပြီးသားဖြစ်တဲ့အတွက်၊ မြင်မြင်ချင်းမှာပဲ ‘ဒါ - ဆရာမင်းသုဝဏ် ဆိုတဲ့ တကယ့်စာဆို ကြီးပါလား’ ဆိုတဲ့အသိက ချက်ချင်း ရင်ထဲ ပြေးဝင်လာခဲ့ပါတယ်၊၊ အဲဒီတုန်းကကို ဆရာရဲ့ အသက်ဟာ ခွန်နှစ်ဆယ်ကျော်စ ရှိနေပြီဖြစ်ပေမဲ့၊ အရွယ်တင်လွန်းလှတဲ့ ဆရာ့ရဲ့သွင်ပြင်ဟာ အသက်ခြောက်ဆယ်လောက်ပဲလို့ ထင်ရပါတယ်၊၊ အသားအရေကလဲ လတ်လတ်ဝင်းဝင်းနဲ့ စာဆိုရှင်စစ်စစ်ကြီးတယောက်ဖြစ်တဲ့ ဆရာ့ရဲ့ ရုပ်ပုံဟာ ပညာရှင်ကြီးတယောက်ရဲ့ ပုံသွင်လဲ အတိုင်းသားထင်ဟပ်နေပါတယ်၊၊ ဆရာ့မျက်နှာကို ဖျတ်ကနဲ လှမ်းကြည့်လိုက်မိစဉ်မှာပဲ ၊ ‘ရွှေလိုဝင်းတဲ့ မင်းသုဝဏ်ကို …’ဆိုတာကို ဖျတ်ကနဲ ပြေးသတိရမိလိုက်ပါတယ်၊၊ သုဝဏသာမ ဇာတ်တော်ထဲက မိဘကို ရိုရိုသေသေလုပ်ကျွေးသမှု ပြုနေရှာတဲ့ သုဝဏသာမသတို့သားကို ‘သားရွှေအိုးထမ်း’ဇာတ်လမ်းကို အင်မတန်သဘောကျခဲ့ရာက ကလောင်နာမည်အဖြစ်ပါ ယူလာခဲ့တဲ့ စာဆိုကြီးရဲ့မျက်နှာကိုလဲ ကျနော်က လေးလေးစားစား ငေးမောကြည့်နေ မိခဲ့ပါတယ်၊၊ မျက်မှန်လေးကို တချက်ပင့်တင်လိုက်ရင်း ‘လာ လာ ထိုင်ကြ ထိုင်ကြ ’ဆိုတဲ့ ဆရာ့ရဲ့ နွေးနွေးထွေးထွေးနှုတ်ဆက်သံအောက်မှာ ကျနော့်မှာ ရင်တွေခုန်နေမိပါတယ်၊၊ ကျနော် အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ ‘သပြေညို’ ရှင်၊ သပြေညို စာဆိုကြီးကို ကြိုတင် ပြင်ဆင်ထားခဲ့ရခြင်း မရှိပဲနဲ့၊ စာဆိုရှင်ကြီးရဲ့ ဧည့်ခမ်းဆောင်အတွင်းမှာပဲ၊ ကိုယ်တိုင်ကိုယ်ကျ တွေ့နေရပြီ မဟုတ်လား၊၊ ကျနော်တို့ ထိုင်လိုက်ကြရာ ထိုင်ခုံလေးတွေရဲ့ မျက်နှာချင်းဆိုင်မှာ၊ ဧည့်ခမ်းဆောင်လေးရဲ့ နံရံပေါ်မှာ ပန်းချီကားကြီးတချပ်ကို သပ်သပ်ယပ်ယပ် ချိတ်ဆွဲထား တာကိုလဲ တွေ့လိုက်ရပါတယ်၊၊ တကယ့်အနုပညာရှင် ဗမာပန်းချီကျော် ဆရာ‘ပေါ်ဦးသက်’ရဲ့ မူရင်းလက်ရာ ပန်းချီကားကြီးပါပဲ၊၊ စုလစ်မွန်ချွန်တွေ၊ ကနုတ်ပန်းတွေဝေဝေဆာဆာနဲ့ ရှေး ဟောင်းဗမာဘုန်းကြီးကျောင်းကြီးတကျောင်းရဲ့ ရှေ့မှာ၊ ဆွမ်းခံဆွမ်းဟင်းဆိုင်းထမ်းကြီးကို ဘယ်ညာထမ်းပြီး၊ ပြုံးရွှင်ရယ်မောနေကြတဲ့ ဘုန်းကြီးကျောင်းသားလေးတွေရော ကိုရင်ငယ် လေးတွေပါ ပါဝင်နေတဲ့၊ ဆွမ်းခံထွက်ချိန်လား ဆွမ်းခံပြန်ချိန်လားကို သရုပ်ဖော်ထားတဲ့၊ အင်မတန်အနုပညာမြောက်လှတဲ့ ပန်းချီကားကြီးတချပ် ပါ၊၊ မြင်လိုက်ရတာနဲ့ ဗမာ့ယဉ်ကျေးမှု အမျိုးသားယဉ်ကျေးမှု ရနံ့ကို တဝကြီးရှူ ရှိုက်လိုက်ရသလို ခံစားလိုက်ရပြီး၊ အမျိုးသား စာဆိုကြီးတယောက်ရဲ့ ဧည့်ခမ်းဆောင်နဲ့ အင်မတန်မှ ကျက်သရေ ရှိရှိ လိုက်ဖက်လွန်း နေခဲ့ပါတယ်၊၊ ပန်းချီကျော် ဆရာပေါ်ဦးသက်ရဲ့ ပြောင်မြောက်ထူးခြားလှတဲ့ ကိုယ်ပိုင်ကောက် ကြောင်းဟန်အပြည့်နဲ့ ရေးဆွဲထားတဲ့၊ ဒီပန်းချီကားချပ်ကြီးထဲက ကိုရင်နဲ့ဘုန်းကြီး ကျောင်းသားလေးတွေရဲ့ပြုံးရွှင်ရယ်မောနေပုံကလဲဟက်ဟက်ပက်ပက်လန်လန်းဆန်းဆန်းလှပီး ၊ မြင်လိုက်ရသူကိုပါ ကြည်ကြည်နူးနူးဖြစ်သွားစေမိသလို၊ ဆရာမင်းသုဝဏ်ရဲ့ လှိုက်လှိုက် လှဲလှဲ ဖေါ်ဖေါ်ရွေရွေ နှုတ်ဆက်လိုက်သံနဲ့ ကြည်ကြည်လင်လင် ရွှန်းရွှန်းလဲ့လဲ့အပြုံးကလဲ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ခဲ့ပါတယ်၊၊
ဆရာမင်းမော်က သူ့လက်ထဲက ကိုင်လာခဲ့တဲ့ အညိုရောင်စာအိတ်အထုပ်ကြီးကို ဆရာ့ရှေ့ ရိုရိုသေသေ ထိုးပေးရင်း၊ ‘ဆရာ့ကို စာအုပ်နဲ့ကော်ပီတွေ လာပေးတာ…’လို့ ဆိုပါတယ်၊၊ စာအိတ်ညို ကြီးထဲမှာ ဘာစာအုပ်တွေ ဘာစာမူတွေလဲ ဆိုတာတော့ ကျနော်လဲ မမြင်ရတဲ့အတွက် မသိပါ၊၊ အဲဒီတုန်းက ဆရာမင်းမော်က ‘ဆရာ … သူလဲ လူငယ်ကဗျာဆရာ တယောက်ပဲလေ…’လို့ စကားပလ္လင်ခံပြီး ကျနော့်ကလောင်နာမည်ကိုဖေါ်ပြီး မိတ်ဆက်ပေး ရှာပါတယ်၊၊ ဆရာက အပြုံးလဲ့လဲ့နဲ့ကြည့်ရင်း အသိအမှတ်ပြုဟန် ခေါင်းလေးကို ညိတ်ပြနေ ပေမဲ့၊ တိုင်းသိ ပြည်သိ ဧရာမ တကယ့်ကဗျာဆရာကြီးတယောက်ရဲ့ ရှေ့မှာ၊ ကျနော့်မှာ ဆင်ဖြူတော်ကြီးရှေ့ရောက်လာမိခဲ့ရတဲ့ သာမန်ဆင်မဲလေးတကောင်ပမာ ရင်တွေခုန်နေ မိခဲ့ရပါတယ်၊၊ အဲဒီအကြိမ်ဟာ ဆရာမင်းသုဝဏ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရဖူးခြင်း ဖြစ်ပါတယ်၊၊
နောက်ထပ်တကြိမ်ကတော့ ဆရာစွမ်း (ဆရာမောင်စွမ်းရည်)က ခေါ်သွားလို့၊ ပထမ ဆုံးအကြိမ်နဲ့ သိပ်ပြီးကာလမခြားလှခင်မှာပဲ ဒုတိယအကြိမ်မြောက်အဖြစ် ဆရာမင်း သုဝဏ် ရဲ့အိမ်ကို ရောက်သွားဖြစ်ပြန်တာပါ၊၊ ဆရာမင်းသုဝဏ်ရဲ့အိမ်ကို မရောက်ခင် လမ်းမှာပဲ ဆရာစွမ်းက ‘ ကဗျာစာအုပ်လေး ပါ လာသေးလား၊ အဆင်သင့်ပါလာရင် ဆရာမင်းသုဝဏ် ကိုလဲ လက်ဆောင်ပေးသင့်တယ်၊၊ ဆရာက လူငယ်ကဗျာဆရာလေးတွေရဲ့ ကဗျာတွေကိုလဲ စိတ်ဝင်တစား ဖတ်လေ့ရှိပါတယ်’လို့ အားပေးအားမြှောက်စကား ပြောတဲ့အတွက် ဆရာ မင်းသုဝဏ်နဲ့တွေ့တာနဲ့ ကိုယ့်ကဗျာစာအုပ်လေးကိုထုတ်ပြီး လက်ဆောင်အဖြစ် တရိုတသေ ပေးဖြစ်ခဲ့ပါတယ်၊၊ အဲဒီတုန်းကတော့ သွားလေရာ လွယ်အိတ်တလုံးကို အမြဲလွယ် ထားတတ် တဲ့ကျနော်ကလဲ ကျနော့်လွယ်အိတ်လေးထဲမှာ ကျနော့်ကဗျာစာအုပ်လေး လေးငါးအုပ် အမြဲပါ တတ်တဲ့ကာလမဟုတ်လား၊၊ ဆရာက ကဗျာစာအုပ်လေးကို သေချာကိုင်ကြည့်ပြီး၊ ကဗျာစာအုပ် လေးတွေကို ဝယ်ဖတ်တဲ့သူ များရဲ့လား၊ ရောင်းလို့ ရရဲ့လား၊ နယ်ဖက်က အမှာစာလာတဲ့အခြေအနေ ဘယ့်နှယ်နေသလဲ… ဆိုတာမျိုးကအစ စိတ်ဝင်စားစွာ မေးပါတယ်၊၊ ကိုယ့်သားသမီးရဲ့ ကျန်းမာရေးအခြေအနေကို သိချင်လွန်းရှာတဲ့ ဖခင်ရင်း တယောက်ရဲ့အသံလို၊ ကဗျာ့ကျန်းမာရေးအခြေအနေကို သိချင်လွန်းရှာတဲ့ ကဗျာ့ဖခင်ကြီး တယောက်ရဲ့ မေးသံမျိုးမှန်း သိသိသာသာခံစားလိုက်ရပါတယ်၊၊ ကျနော် ရင်ခုန်ခဲ့ရပြန် ပါတယ်၊၊
အဲဒီနေ့ကတော့ ဆရာမင်းသုဝဏ်နဲ့ ဆရာစွမ်းတို့ရဲ့ ကဗျာတွေအကြောင်း စာတွေ အကြောင်း သောင်းပြောင်းထွေလာပြောဆိုနေကြသံတွေကို ဘေးနားကနေ နားထောင်နေ မိရင်း၊ ဆရာမင်းသုဝဏ်ရဲ့အိမ်မှာ အချိန်တော်တော်ကြာအောင် ရောက်ခဲ့ရဖူးပါတယ်၊၊ အဲဒီ တုန်းက ဆရာမင်းသုဝဏ်ဟာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့  ‘ကင်း လီယာ’ကို ရသမိမိ ဘာသာပြန်ဆိုနေချိန်ဖြစ်တာကိုလဲ အမှတ်ရမိနေပါတယ်၊၊

( ၃ )

ငယ်စဉ်ကလေးဘဝကတည်းက ဆရာမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေကို နှစ်သက်စွဲလန်းလာခဲ့ရတဲ့ ကျနော်ဟာ၊ အရွယ်ရောက်လာတော့လဲအရွယ်အလျောက် ဆရာ့ရဲ့ ကဗျာမှန်သမျှ ကို နှစ်နှစ်သက်သက် ရှာဖွေ ဖတ်ရှု ခဲ့ဖြစ်ပါတယ်၊၊ ရင်ထဲအထိ စူးဝင်ငြိ တွယ်ခဲ့ရတဲ့ကဗျာတွေလဲ အများကြီးရှိခဲ့ပါတယ်၊၊ ‘သပြေညို’ လို၊ ‘ပျဉ်းမ ငုတ်တို’ လို၊ ‘သူ့ မှာတမ်း’ လို ကဗျာတွေကို စွဲစွဲလန်းလန်းဖြစ်ခဲ့ရဖူးရုံ မက၊ ‘ လယ်တောက အပြန် … ပန်ချင် တယ် ခရေဖူးဆိုလို့ ’နဲ့စလိုက်တဲ့ ‘ နှင်းဆီပွင့် ’ လို၊ ‘ ဖိုးမောင် လာပြီ ’ လို ကဗျာတွေကလဲ ရင်ထဲကို ပဲ့တင်ခတ်နေစေခဲ့တဲ့ ကဗျာတွေ ဖြစ်ခဲ့ရပါတယ်၊၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မဟာကဗျာလေးချိုးကြီးတွေက နိုင်ငံရေးစံ နိုင်ငံရေးရပ်တည်ချက်အပြည့်နဲ့ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ်ကို အညွန့်တလူလူတက်အောင် မွေးဖွားတည်ဆောက်ပေးနိုင်ခဲ့သလို၊ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတွေအများစုကြီးကလဲ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ် အခြေခံတွေကိုပဲ အနုပညာရည် အနုပညာငွေ့တထုံထုံနဲ့ စိမ့်ဝင် စွဲမြဲ ပျံ့နှံ့စေခဲ့တယ်လို့ မှတ်ထင် ယူဆမိပါတယ်၊၊
ဆရာမင်းသုဝဏ်ဟာ တိုင်းချစ် ပြည်ချစ် နိုင်ငံချစ်စိတ်ဓါတ်အပြည့်ရှိတဲ့ စစ်မှန်တဲ့ အနုပညာရှင် စာဆိုစစ်စစ်ကြီးတဦးဖြစ်ရုံသာမက၊ အမိဗမာပြည်ကြီးရဲ့ စာပေယဉ်ကျေးမှု သမိုင်းမှာ အလေးထားရမယ့် တကယ့်စာပေပညာရှင်ကြီးတဦးလဲ ဖြစ်ခဲ့ပါတယ်၊၊ အဘိဓါန် လုပ်ငန်းတွေမှာ ဦးဆောင်တာဝန်ယူ ပြုစုလုပ်ဆောင်ခဲ့သူ ဖြစ်ရုံမက၊ မြန်မာနိုင်ငံ သုတေသန အသင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံဘာသာပြန်အသင်း၊ ပညာ့တံခွန် အသင်းတို့လို စာပေယဉ်ကျေးမှုဆိုင်ရာအသင်းကြီးတွေမှာလဲ အထင်ကရအခန်းတွေကနေ ပါဝင်ရွက်ဆောင်ခဲ့သူ ပညာရှင်ကြီးတဦးဖြစ်ခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ဟာ တကယ့်အနု ပညာရှင် စာဆိုစစ်စစ်ကြီးတဦးဖြစ်တယ်ဆိုတာ ဗမာပြည်စာပေအနုပညာရှင်တိုင်းက အလေး ထားအသိအမှတ်ပြုထားကြပြီးသားဖြစ်သလို၊ လေးစားအပ်တဲ့ တကယ့်စာပေပညာရှင်ကြီး တဦးဖြစ်တယ်ဆိုတာကိုလဲ ဗမာပြည်စာပေလောကတခုလုံးက မြင့်မြင့်မားမား တန်ဖိုးထား လေးစားကြပြီးသား ဖြစ်ပါတယ်၊၊ ဒါပေမဲ့ - မဆလစစ်အာဏာရှင်စံနစ်လက်အောက်မှာ မဆလ စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်းကတော့၊ ဆရာမင်းသုဝဏ်ကို ‘မကျက်တကျက် ပေါင်မုန့်’ လို့ ရိုင်းရိုင်းပျပျ ကင်ပွန်းတပ် စော်ကားခဲ့ဖူးပါတယ်၊၊ တကယ်က ဗိုလ်နေဝင်းလို စစ်အာဏာရှင် ရူးကြီးတွေသာ ဘာမှ ဟုတ္တိပတ္တိမတတ်ပဲ တတ်ရောင်ကားတွေလုပ်ရင်း တိုင်းပြည်နဲ့လူမျိုးဂုဏ် ကို အနိမ့်ဆုံးအဆင့်အထိ ဒုတ်ဒုတ်ထိ ကျဆင်းသွားအောင် လုပ်ဆောင်ကျူးလွန်ခဲ့ကြပြီး၊ ဆရာမင်းသုဝဏ်လို တကယ့်စာဆို တကယ့်ပညာရှင်ကြီးကတော့ တိုင်းပြည်နဲ့လူမျိုးအတွက် အဖိုးမဖြတ်နိုင်တဲ့ စာပေအနုပညာအမွေအနှစ်တွေကို အများကြီးပြုစု ပေးအပ်သွားခဲ့တာ ရိုးသားသူတိုင်းသိပါတယ်၊၊ အကြမ်းဖျင်းအားဖြင့်ကြည့်ရရင် -နိုင်ငံနဲ့လူမျိုးအတွက် အမျိုးသား ရေးဆိုင်ရာ အရေးအရာကိစ္စတွေနဲ့ပတ်သက်ရင်၊ ဆရာမင်းသုဝဏ်ဟာ ဘယ်တော့မှ ကင်းကွာ မေ့လျော့နေလေ့မရှိတဲ့ စာဆိုစစ်စစ်ကြီးတယောက်၊ တိုင်းချစ် ပြည်ချစ်ကြီးတယောက်ဖြစ် ခဲ့ပေမဲ့၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု မျိုးတွေနဲ့ တော့ ခပ်ဝေးဝေးပဲနေလေ့ရှိ ခဲ့တာ တွေ့ရပါတယ်၊၊ တိုင်းပြည်ရဲ့ ရင်ခုန်သံနဲ့ စာဆိုရဲ့ ရင်ခုန်သံဟာ အမြဲလိုလို နရီကိုက်နေခဲ့ပေမဲ့၊ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ နိုင်ငံရေးသမား တဦးရဲ့ရပ်တည်ချက်မျိုး၊ နိုင်ငံရေးပါတီအဖွဲ့အစည်းဝင်တဦးရဲ့ အနေအထားမျိုးနဲ့တော့၊ ဘယ် တော့မှမဖြစ်စေရပဲ အသက်(၈ဝ)နီးပါးလောက်အထိ ကင်းကင်းရှင်းရှင်းနေထိုင်ခဲ့တယ်လို့ အကြမ်းဖျင်းအားဖြင့် ဆိုနိုင်လိမ့်မယ်ထင်ပါတယ်၊၊ ဒါပေမဲ့ - မဆလစစ်အာဏာရှင်စနစ်ဆိုးရဲ့ အဖေါက်ပြန်ဆုံး လူမဆန်ဆုံးသော ယုတ်မာရက်စက်မှု ကြီးတွေရဲ့အောက်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအရေးတော်ပုံ ဒီမိုကရေစီအရေးတော်ပုံကြီး အုံကြွပေါက်ကွဲ ပေါ်ထွက်လာတဲ့အချိန်မှာကျတော့၊ ဆရာလဲ ဘယ်လိုမှ မနေနိုင်တော့တာ တွေ့ရပါတယ်၊၊ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုအရေးတော်ပုံကြီးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံ အားဖြည့်ပေးပြီးတတ်သိပညာရှင်ကြီးတဦးအဖြစ် မလွှဲမရှောင်သာ ပါဝင်လှုပ်ရှားလာ ခဲ့ရပါ တော့တယ်၊၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ဆရာမင်းသုဝဏ်ရဲ့ နှလုံးသားရင်ခုန်သံ ကိုနား လည်တန်ဖိုးထားနေမိရင်း ကျေနပ် ပီတိဖြစ်ခဲ့ရပါတယ်၊၊
ကျနော်တို့တွေက ကျေနပ်ပီတိဖြစ်ရသလောက်၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ စစ်အာဏာရှင် စနစ်ရဲ့ ဘက်တော်သားတွေအဖို့ကတော့ အူနုကျွဲခတ် ဖြစ်ခဲ့ရပါလိမ့်မယ်၊၊ မျက်မာန်ရှ ကြ၊ မုန်းမာန်ပျိုးကြ၊ အငြိုးသိုကြ၊ ဒေါသပုန်ထခဲ့ကြတာတွေကိုလဲ နည်းမျိုးစုံနဲ့ဖေါ်ပြခဲ့ကြတယ် မဟုတ်လား၊၊ ‘မင်းသုဝဏ်’ဆိုတဲ့ စာဆိုရဲ့နာမည်ကိုတောင် စာမျက်နှာတွေပေါ်မှာ ဖေါ်ပြခွင့်မရလို့၊ မဖြစ်မနေ ဖေါ်ပြဖို့ လိုအပ်လာတဲ့အခြေအနေတွေမှာ ‘မင်းသုဝဏ်’အစား မင်းသုဝဏ်ဆိုတာကို ထင်းကနဲသိသာစေမယ့် ‘သပြေညို ဆရာ’ ‘သပြေညို ရှင်’ ‘သပြေညို စာဆိုကြီး’ ဆိုတဲ့ သင်္ကေတတွေနဲ့ပဲ ဖေါ်ပြရည်ညွှန်းကြရတဲ့အခြေအနေထိ ရောက်ခဲ့ရ ကြုံခဲ့ရသေးတယ်မဟုတ်လား၊၊ ဆရာ့ရဲ့နာမည်ကို မှင်နက်သုတ်၊ ဆရာ့ကလောင်ကိုလဲ ကြိုး နဲ့တုပ်ပြီး၊ ယုတ်ယုတ်မာမာ ကန့်သတ် ပိတ်ပင် တားမြစ်ခဲ့ကြသေးတယ် မဟုတ်လား၊၊ သုဝဏ သာမဇာတ်တော်မှာ ပီဠိယက္ခ ရဲ့ ဆိပ်လူးမြှားဒဏ်ကို အလောင်းတော်သုဝဏသာမ သေလု မျောပါးခံခဲ့ရသလို၊ ဆရာမင်းသုဝဏ်တယောက်လဲ ခေတ်သစ်ပီဠိယက္ခ လက်သစ်ဆိုးတွေရဲ့ ဆိပ်လူးမြှားဒဏ်ကို အကြီးအကျယ်ခံခဲ့ရဖူးတယ် မဟုတ်လား၊၊

( ၄ )

၂ဝဝ၄ ခုနှစ်ထဲမှာ ဆရာမင်းသုဝဏ်ကွယ်လွန်ရှာပြီဆိုတော့၊ အဝေးရောက် ကျနော် တို့တတွေမှာ တော်တော်ကို နှမျောတသ ဖြစ်ခဲ့ရပါတယ်၊၊
အဝေးရောက်ပန်းခြင်းကလေးတခုအဖြစ်၊ စိတ်နဲ့ပဲ ပို့သလိုက်ရတဲ့ ‘စိတ်ပန်းခြင်း’ လေးတခုအဖြစ်၊ ဆရာမင်းသုဝဏ်ကို ရည်စူးပြီး အမှတ်တရ ၈ုဏ်ပြုကဗျာလေးတပုဒ် ရေးဖွဲ့ဖြစ်ခဲ့ပါတယ်၊၊ ဆရာ့ရဲ့ကျေးဇူးတရားတွေအပေါ် ပြန်လည်အောက်မေ့ ဆင်ခြင်ကြည့်မိ ရင်းက ‘စိတ်ပန်းခြင်း’ လေးတခုအဖြစ် ၈ါရဝပြု ရေးဖွဲ့ပြီး သစ္စာမဂ္ဂဇင်းကနေ ဖေါ်ပြ ဦးညွှတ် ခဲ့ဖြစ်တာပါ၊၊ ကျနော်ကိုယ်တိုင်ရဲ့ ပထမဆုံး မှတ်မှတ်ရရ စွဲလန်းခဲ့ရာလဲဖြစ်၊ ဆရာကိုယ်တိုင်ရဲ့ အမှတ်အသား သင်္ကေတတခုသဖွယ်လဲဖြစ်နေခဲ့တဲ့၊ ‘သပြေညို’ ကို လေးလေးနက်နက် သတိ ရမိရင်း၊ ဆရာ့အတွက် အမှတ်တရ ကဗျာလေးကို ‘သပြေတွေ ဝေကို ဝေရ ပါ ဦးမယ်’ လို့ ခေါင်းစည်းတပ် ပေးခဲ့မိပါတယ်၊၊
‘ • ကျနော်တို့တတွေဟာ
သပြေညို ကို တမ်းတရင်း
ပျဉ်းမငုတ်တိုနား သွားလာ
လယ်စောင့်တဲနားက ကြာနီ နဲ့
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
စိတ်မှန်းနဲ့ ပျော်ခဲ့ကြဖူးသလို
ဒိုးယိုစီးနေတဲ့ နဒီတွင်း
နှလုံးသားတွင်းအထိ စီးခဲ့ရာက
လယ်တောကအပြန်ကျတော့ ရင်ဖို
ခရေပန်းလေးတွေကို နှမျော
အနုပညာသဘော ရိပ်စားမိရင်း
တမျှ ဉ်း မျှဉ်း နဲ့ ရင်ခုန်သံ
စည်းချက်မြန်ခဲ့ရပါတယ် ဆရာ …’

လို့ ပြန်လည်တမ်းတ ရေးဖွဲ့ပြမိခဲ့သလို -

‘ • ဘကြီးအောင် ရဲ့ အချစ်ဂူ မှာ
ကြေကွဲစွာ ဆင်ခြင်မိ
ပီယေဟိ ဝိပ္ပယော ကနေ
ခွေးတွေထိုးဟောင် ဖိုးမောင်လာပုံ
ရင်တွေခုန်ခဲ့ရ
သေရခါနီး ပြောက်ကျား
တိုင်းပြည်အား မှာကြားချက်
( ကျနော်တို့အတွက်တော့ …) တက်ကြွတဲ့ အလွမ်း
နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခဲ့ရပါတယ် ဆရာ … ’

လို့လဲ အဲဒီတုန်းကတည်းက တဆက်တည်း ဖေါ်ပြ ခဲ့ဖူးပါတယ်၊၊ အဲဒီရဲ့ နောက်မှာမှ -

• ဆရာမင်းသုဝဏ် စာဆိုမွန်ကို
ကြည်ညို စွာ ဦးခိုက်ရင်း
အလွမ်းပန်းခြင်းလေးကို အသာမ
အဝေးကနေ စိတ်နဲ့မှန်းပြီး
ကန်တော့ပန်းအဖြစ် ပို့သမိ - -
ဆိုပြီး အထိမ်းအမှတ်ပြုခဲ့ရပါတယ်၊၊ လေးစားအပ်တဲ့ စာဆိုကြီး၊ တကယ့်ကဗျာ ဆရာကြီး ဖြစ်တဲ့အတွက် ကဗျာနဲ့ပဲ လေးလေးနက်နက် လွမ်းခဲ့ဖူးတာ ဖြစ်ပါတယ်၊၊
အခုတော့ ဆရာမင်းသုဝဏ်ရဲ့ ရာပြည့်သမယတောင် နီးလာပြန်ပါ ပြီ၊၊ ၁၉ဝ၉ ခုနှစ်ဖွားဖြစ်တဲ့ ဆရာမင်းသုဝဏ်ဟာ မကြာမီမှာပဲ အနှစ်(၁ဝဝ) တင်းတင်းပြည့်တော့ မှာပါ ကလား၊၊ ရာပြည့်ပွဲ ကျင်းပပြီး အထိမ်းအမှတ်ပြုရလောက်အောင် ကြီးကျယ်မြင့်မြတ် သူတွေ ထဲမှာ ဆရာမင်းသုဝဏ်လဲ တဦးအပါအဝင်ဖြစ်တယ်ဆိုတာ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်သူတွေ ကြား၊ စာပေကိုချစ် အနုပညာကိုချစ်တဲ့ တကယ့်စာပေအနုပညာရှင်စစ်စစ်တွေကြားမှာ ဝိဝါဒ ကွဲပြားစရာ မလိုလောက်အောင် ရှင်းလင်းမြင်သာနေပြီး ဖြစ်ပါတယ်၊၊
ဆရာမင်းသုဝဏ်ရဲ့ တသက်တာဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်ကျေ ခဲ့တဲ့ တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်သူကြီးတယောက်ရဲ့ တသက်တာဖြစ်ရုံမက၊ အမိနိုင်ငံတော်ရဲ့ အမျိုးသားစာပေယဉ်ကျေးမှု အနုပညာလမ်းကြောင်းပေါ်မှာ ကောင်းမှုအဖုံဖုံ ကောင်းမွေ အလီလီကို ပြုသွား ပြသွား ပေးအပ်သွားခဲ့တဲ့တကယ့်စာပေအနုပညာရှင်ကြီး၊ လေးစားကြည် ညိုအပ်တဲ့ စာဆိုကြီးလဲ ဖြစ်ပါတယ်၊၊
အဝေးရောက်တွေ ဖြစ်ခဲ့ရတဲ့ ကျနော်တို့တွေဟာ ဆရာ့ရဲ့ နောက်ဆုံးကာလ ဘဝဆည်းဆာညို ချိန် လက်ရာတွေကိုအထိ၊ အဝေးကနေပဲ အဆက်မပြတ်လှမ်းမျှော် ကြည့်ရှု့ ကြားနာနေခဲ့ရရာမှာ၊ ဆရာဟာ နောက်ဆုံးဆည်းဆာညိုချိန် နေဝင်ချိန်အထိ တိုင်းပြည်နဲ့လူမျိုးအပေါ် မမေ့လျော့ခဲ့သူ၊ ကောင်းစေချင်ရှာလွန်းသူ - ဖြစ်ခဲ့တာကိုလဲ တွေ့ရပါတယ်၊၊
တလောလေးကမှ တိုက်တိုက်ဆိုင်ဆိုင်ထပ်မံတွေ့လိုက်ရတဲ့၊ မိတ်ဆွေတယောက်ရဲ့ အိမ်နံရံပေါ်က စက္ကူကြီးကြီးပေါ် စာလုံးကြီးကြီးနဲ့ ကူးယူချိတ်ဆွဲထားတဲ့ ကဗျာလေးနဲ့ပဲ သာ ဓကထူပြီး ပြလိုက်ချင်ပါတယ်၊၊ အဲဒီကဗျာလေးဟာ ဆရာမင်းသုဝဏ်ရဲ့ နောက်ဆုံး ဆည်း ဆာချိန်လက်ရာတွေထဲက နောက်ဆုံးကဗျာလေးတပုဒ်လဲပဲဖြစ်ပါတယ်၊၊ ဆရာမင်းသုဝဏ် ရဲ့နောက်ဆုံးဆည်းဆာနှလုံးသားကို အတိုင်းသားဖွင့်လှစ်ပြသနေသလို၊ ဆရာမင်းသုဝဏ် ရဲ့ နောက်ဆုံး‘သူ့မှာတမ်း’ လို့လဲ ဆိုလိုက်ချင်ပါတယ်၊၊ ကြည့်ကြ ရှု့ကြ နားဆင်ကြည့်ကြပါ့ - -

‘ သားမြေးတို့တွက် ကြိုးစားစို့ ’
--------------------
• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ကြွားရင်း နှင့် နစ် ၊ ဝါး ရင်း နစ်သည့်
နစ်လျက် နေပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• သူ့ကို ငါ ညှိုး ၊ ငါ့ သူ ညှိုး နှင့်
အညှိုးကြီး ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါ မှ
တော်ရာ ရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊၊

( မင်းသုဝဏ် )

ဆရာ့ကဗျာ ခေါင်းစဉ်ကိုက ‘ သားမြေးတို့တွက် ကြိုးစားစို့ ’ တဲ့၊၊ ဆရာဟာ ဘဝရဲ့ နောက်ဆုံးနေဝင်ဆည်းဆာချိန်အထိတိုင် နိုင်ငံနဲ့လူမျိုးအတွက်မမေ့မလျော့ တွေးတော စဉ်းစားသွားခဲ့ပါတယ်၊၊ နစ်မွန်းနေရတဲ့ အဖြစ်ဆိုး အပျက်ဆိုးတွေကြားထဲကနေ နိုင်ငံနဲ့ တမျိုး သားလုံးကို ဆယ်ယူနိုင်ဖို့ တွေးတော ပူပန်မျှော်လင့် နေခဲ့ပါတယ်၊၊ ညည်းညူ၍ မပြီး၊ မပြီးဘူး ၊ လုပ်စရာတွေမှန်သမျှ အပြီးလုပ်ကြဖို့၊ ကုန်စင်အောင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်ကြိုးပန်း သွားကြဖို့ကိုလဲတိုက်တွန်းအားပေးသွားခဲ့ပါတယ်၊၊ ထထကြွကြွ နိုးနိုးကြားကြား လုပ်ဆောင် သွားကြဖို့ နှိုးဆော်ပန်ကြား သတိပေးသွားခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ဟာ သူ့ရဲ့ဘဝ နောက် ဆုံး နေဝင်ဆည်းဆာချိန်အထိတိုင်၊ ကိုယ့်ရဲ့ တကိုယ်ရေ ကိုယ်ကျိုးအတွက် လုံးဝမဟုတ်တဲ့၊ သားမြေးတွေအတွက် ( ပြောရရင်- နောင်လာနောက်သား၊ မျိုးဆက်သစ်တွေ အတွက် ) ထထကြွကြွ ကြိုးကြိုးစားစား လုပ်ဆောင်သွားကြဖို့ အားလုံးကို တိုက်တွန်း နှိုးဆော် သွားခဲ့ပါတယ်၊၊ ဘဝနေဝင်ချိန်အထိတိုင် တိုင်းပြည်နဲ့လူမျိုးအပေါ် ၊ နောင်လာနောက်သား မျိုးဆက်သစ်တွေရဲ့ ကောင်းစေရာ ကောင်းစေကြောင်းတွေအပေါ် အဆက်မပြတ် မျက်မှောက် ပြုသွားခဲ့ပြီး၊ စစ်မှန်တဲ့စာဆိုကြီးရဲ့ မွန်မြတ်သန့်စင်လှတဲ့ နှလုံးသားကို ပကတိအတိုင်း ထုတ်ဖေါ်ပြသသွားခဲ့ပါတယ်၊၊ ဆရာမင်းသုဝဏ်ရဲ့ လှပမြင့်မြတ်တဲ့ နှလုံးသားကို ကျနော်တို့ မြင်ခဲ့ရပါတယ်၊၊တိုင်းပြည်နဲ့လူမျိုးအပေါ်ထားတဲ့ ဆရာ့ရဲ့ မေတ္တာ စေတနာနဲ့ သံယောဇဉ်တွေရဲ့ အတိမ်အနက် အတိုင်းအဆ ပမာဏကိုလဲ လင်းကနဲ မြင်လိုက်ရပါတယ်၊၊
ဆရာမင်းသုဝဏ်ရဲ့ ကျေးဇူးတရားတွေကို ဆင်ခြင်ကြည့်မိရင်း ဦးခိုက်လိုက် မိပါတယ်၊၊
အခုလိုအချိန်မှာ ဆရာရဲ့ ရာပြည့်ကို အထိမ်းအမှတ်ပြုမိရင်း၊ ဖြစ်နိုင်ရင် ဆရာမင်းသုဝဏ်ရဲ့ ရုပ်ပုံလွှာကားချပ်ကြီးရှေ့မှာ - သပြေညို ရွှေဘိုပန်းတွေကိုင်ပြီး ထပ်ဆင့် ဦးခိုက်လိုက်ချင်ပါတယ်၊၊ ၊၊

(ဝင်းတင့်ထွန်း)
၆-၁၂-၂ဝဝ၈

4 comments:

ခေါင်ခေါင် December 27, 2008 at 11:22 PM  

ဘဘ မင်းသုဝဏ် ရဲ့ကဗျာတွေနဲ့ ပဲသမီးတို့ကြီးလာခဲ့တာပါ...
ခုထိလည်းကဗျာလေးတွေ ရင်ထဲမှာ စွဲနေတုန်း...
မျှဝေပေးလို့ကျေးဇူး....

December 27, 2008 at 11:54 PM  

ဆရာ မင်းသုဝဏ် ရဲ့ကဗျာတွေနဲ့ သူ့အကြောင်းတစေ့တစောင်း ကိုသိခွင့်ရလို့ အထူးကျေးဇူးတင်ပါတယ်။

မဆုမွန် December 28, 2008 at 8:26 PM  

ဘ၀မှာ ပထမဆုံး ရေဒီယိုအင်တာဗျူးအတွက် ဖြေပေးတဲ့ သူဟာ ကဗျာဆရာကြိး ဘဘ ဦးတင်မိုးဖြစ်ပါတယ် ကလေးကဗျာလေးတွေကို ဘဘ ဘာကြောင့် ရေးဖြစ်သလဲဆိုတော့ သူက ကဗျာဆရာကြီး ဘဘမင်းသုဝဏ်ရေးခဲ့တဲ့ ကလေးကဗျာလေးတွေကို ဖတ်ပြီး ရင်ထဲမှာ ကြည်ကြည်နူးနူး ခံစားရတဲ့အတွက် ကလေးကဗျာလေးတွေကို သီကုံးမိခဲ့တာလို့ဖြေတာ မှတ်သားဖူးပါတယ်ရှင်...

mirror December 29, 2008 at 8:31 PM  

အစ်ကို့စာကိုဖတ်ပြီ ဆရာကြီး မင်းသုဝဏ်ရဲ့ အင်မတန်လေးစားကြည်ညိုဖွယ် အချက်တွေကိုသတိရမိတယ်။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့