လူအ
အခုတလောလူက စဉ်းစားတာများပြီး ရောဂါရချင်သလိုဖြစ်လာနေတယ်။ မိုကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားထဲမှာတော့ လူတွေရော ဂါများပြီး သက်တမ်းတိုတာ ဣဿာ၊ မစ္ဆရိယကြောင့်တဲ့။ ဣဿာ၊ မစ္ဆရိယက ချစ်ခြင်း၊ မုန်းခြင့်းကလာတာတဲ့။ ချစ်ခြင်း၊ မုန်းခြင်းက ဝိ တက်ကြောင့်ဖြစ်တာတဲ့။ ဝိတက်ဆိုတာက စဉ်းစားတွေးတောတာကိုပြောတာပါ။ ဒါဆို ရောဂါရလာခြင်းရဲ့အကြောင်းရင်းက စဉ်းစားတာ၊ အတွေးများတာကြောင့်ဆိုပြီး ဆင်ဆင်ခြင်ခြင်နေပါတယ်ဆိုမှ တွေးစရာတွေက ရောက်ရောက်လာတယ်။
လူတွေများကိုယ့်အတွက်ဘဲကိုယ်သိကြတယ်။ စီးပွားရေးသမားတွေများ လူစုစု ဖြစ်ပြီဆို ဘယ်လိုစီးပွားရှာရမလဲဆိုတာဘဲ စဉ်းစားနေကြ တာ။ ကိုယ်ဖာသာစီးပွားရေး ရိုးရိုးသားသားလုပ်တာကို မပြောလိုပါဘူး။ ဒုက္ခသည်တွေကို အကြောင်းပြပြီး စီးပွားရှာကြတာ တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ပါ။
ကျမတို့ငယ်ငယ်က မျောက်ပွဲတွေကြည့်ခဲ့ရဘူးပါတယ်။ လူကြီးကသီချင်းဆိုပြီး မျောက်ကလေးကိုကခိုင်းတာပါ။ မျောက်ကလေးက သီ ချင်းအလိုက်နဲ့ကပြတာကို လူတွေက သဘောကျပြီး ပိုက်ဆံတွေထည့်ကြ၊ စားစရာတွေပေးကြနဲ့။ ကျမကိုယ်တိုင် ခလေးဘဝက သ ဘောကျပြီး ကိုယ်ရတဲ့မုန့်ဘိုးလေးတွေကို မျောက်ကလေးကို ပေးခဲ့ဘူးပါတယ်။ အဲ့ဒီတုန်းက လူကြီိးတယောက်ပြောတာ ကျမမှတ်မိ သေး တယ်။ ”လူအတွေ“တဲ့။ ”နင်တို့ပေးတာကို မျောက်စားရမယ်ထင်သလား“ တဲ့။ အဲဒီအချိန်က တည်းက မျောက်ပွဲဆိုရင် မကြည့်ချင် တော့ဘူး။ မျောက်ကလေးကိုသနားလို့။
ယနေ့အချိန်တွေမှာတော့ တိုးတက်တဲ့ခေတ်ရောက်လာလို့လားမသိ မျောက်ပွဲတွေ မတွေ့ရတော့ဘူး။ ဒါပေမဲ့ မျောက်ပြဆန်တောင်း ဆိုတဲ့ အစဉ်လာကြီးကိုတော့ လူတွေကျင့်သုံးနေဆဲပါဘဲ။ ဒုက္ခသည်တွေကို အကြောင်းပြပြီး လုပ်စားလာကြသူတွေက များလာတယ်။ ကိုယ်ကိုတိုင်လည်းမျောက်ဖြစ်ခဲ့ဖူးပါတယ်။ ဒါတွေကိုတော့ မပြောချင်တော့ ပါဘူး။ အခုပြောချင်တာတခုက ”လူအ“ဖြစ်ခဲ့ရတာကိုပါ။
၈လေးလုံးအနှစ်နှစ်ဆယ် နှစ်ပါတ်လည်အခန်းအနားတခုမှာပါ။ ၈လေးလုံးအမှတ်တံဆိပ် တွေနဲ့အင်္ကျီတွေကို နာဂစ်မှုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အတွက် ရံပုန်ငွေအဖြစ်ရောင်းကြတယ်။ ကိုယ်ကတော့ နာဂစ်အတွက်လည်းလျှူရ၊ အမှတ်တရ အင်္ကျီလည်းရတယ်ဆိုပြီး ဝမ်းသာအား ရလျှူခဲ့ပါတယ်။ နာဂစ်ဒုက္ခသည် ပြည်သူတွေကို ရည်မှန်းလို့ပေါ့။ ဒုက္ခသည်တွေကို လျှူဒါန်းရတဲ့ပီတိက တခြားအလျှူတွေထက်ပိုတယ် လို့ ခံစားရတယ်။ စိန်ရောင်၊ ရွှေရောင်တလက်လက်တောက်ပနေတဲ့ အလျှူပွဲထက်၊ ဆာလောင်နေတဲ့ လူတယောက်ကို ထမင်းတနပ် ကြွေးရတာက ပိုပြီးအကျိုးကျေးဇူးဖြစ်တယ် လို့ခံယူထားသူပါ။
ဒါပေမဲ့ ဒီိအလျှူက ဒုက္ခသည်တွေဆီကို မရောက်ဘူးတဲ့။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပါဘဲ။ အဓိကကတော့ စီးပွားရေးသမားက လုပ်စားသွားတာပါ။ ဒါပေမဲ့ ကိုယ်ကတော့ နာဂစ်ဒုက္ခသည်တွေအတွက် ရည်မှန်းပြီးလျှူထားတာဆိုတော့ ကိုယ့်အလျှူက စေတ နာသုံးတန်ပြတ်သားပြီးသားပါ။ ကိုယ့်အလျှူငွေ ဒုက္ခသည်တွေလက်ထဲ ရောက်တာ မရောက်တာကတော့ တာဝန်ယူထားတဲ့သူတွေနဲ့သာ ဆိုင်ပါတယ်။ စိတ်မကောင်းတာ တခုကတော့ ဒုက္ခသည်တွေအတွက်ပါ။ သူတို့မှာဘယ်လိုဝဋ်ကြွေးတွေများ ပါလာကြ သလဲမသိပါဘူး။ ”ပေးကားပေး၏ မရ“ ဆိုတာမျိုးနဲ့ကြုံနေကြရတာပါ။ ကျမတို့လို သေးသေးမွှားမွှားအလျှူကအစ၊ နိုင်ငံတကာကကြီးကြီးမားမား အလျှု အထိ သူတို့လက်ထဲ ၁၀% လောက်မှ ရောက်ပါရဲ့လားလို့ စဉ်းစားရင်း ရောဂါတွေတိုးလာပါတယ်။
လူအချင်းချင်းလှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ
(ချွန်း )
(မှတ်ချက်လေးပေးလိုက်ပါရစေဦး မေ့သွားလို့ပါ မျောက်ပြဆန်တောင်းချင်တဲ့ သူတချို့ကိုသာ ရည် ရွယ်တာပါ မျောက်ပြဆန်တောင်းသ မားတွေလက်ထဲ သွားလျှူလိုက်လို့ကတော့ ကျမကြုံသလို ကြုံကြရမှာပဲ ဘာဖြစ်လို့လဲဆိုတော့ မျောက်ပြသမားက အစစ်အမှန်တွေထဲမှာ ကိုယ်ယောင်ဖျောက် ထားတတ်ကြလို့ပါပဲ)
0 comments:
Post a Comment