Saturday, October 18, 2008

မြေဇာမြက်... တပင်... ချွန်း


(၁)
ကျမရဲ့ အိမ်ပြန်လမ်းက မချောမွေ့ပါဘူး။ ဒါပေမဲ့ ကျမအိမ်ပြန်ခွင့်ရတော့မယ်ဆိုတဲ့ အသိက အရာရာကိုသည်းခံနိုင်ခဲ့ပါတယ်။ ကြပ်ညှပ်နေတဲ့ကားကြီးထဲမှာ လူတွေရဲ့သက်ပြင်း ချသံတွေက တိုးတခါ၊ ကျယ်တလှည့်ပါပဲ။ လူမျိုးစုံ၊ ဘဝမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ ကျမတို့ရဲ့ နေထိုင်ရာဒေသကို ပြန်ကြရမဲ့သူတွေက ဘာဖြစ်လို့များ သက်ပြင်းဒီလောက်ချနေကြတယ် ဆိုတာ ကျမနားမလည်နိုင်အောင်ပါပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ထဲက ခွဲခွါခဲ့ရတဲ့ ကျမရဲ့ မွေးရပ်မြေကို ဒါပထမဆုံး ပြန်ရောက်ဖို့အခွင့်အရေးပါပဲ။ ဘယ်သူတွေဘာဖြစ်နေနေ ကျမကတော့ ပျော်ရွှင်နေခဲ့ပါတယ်။
‘မဗိုက်ကို ဆွဲတင်ပေးလိုက်ပါအုံး’ ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က ကျမလက်ကို ဆွဲပြီး လှေပေါ်ရောက်ဖို့ကူညီပေးပါတယ်။ ကျမ..ရင်ထဲမှာ ကျင်ခနဲနေအောင် ဝမ်းသာစိတ် ဖြစ်မိပါတယ်။ ဒါ.. ပထမဦးဆုံး လူတွေရဲ့ ဂရုဏာတရားကို ကျမခံစားရခြင်းပါ။ ဒါ.. ကျမရဲ့ မွေးရပ်မြေက ပထမဦးဆုံး ကြိုဆိုလိုက်တဲ့ နွေးထွေးမှုပါလား။ အိမ်အပြန်လမ်းအတွက် ကျမမှာ ခွန်အားတွေရလိုက်ပါပြီ။ မွေးရပ်မြေမှာ ပထမဆုံးခြေချခွင့်ရတဲ့နေရာက မြဝတီတဲ့။ လှေပေါ်ကဆင်းလိုက်သည်နှင့် ဆိုးဝါးလှတဲ့အတိတ်ကဖြစ်ရပ်တွေကို ဒီကမ်းစပ်မှာပဲအပြီးတိုင် မြုပ်နှံခဲ့ပြီး လူသစ်၊ စိတ်သစ်၊ ဘဝသစ်နဲ့ မွေးရပ်မြေမှ မိဘ၊ မောင်နှမတွေထံ မရောက် ရောက်အောင်ပြန်မည်ဟု ကျမ ဆုံးဖြတ်လိုက်ပါတယ်။

မြဝတီမြို့ဆိုတာ အတူလာကြတဲ့ခရီးဖော်တွေပြောလို့ သိခဲ့ရပေမဲ့ ကျမနဲ့တော်တော် စိမ်းပါတယ်။ သူတို့နဲ့အတူလိုက်ရင်း ကျမဘယ်ကိုစပြီး သွားရမလဲဆိုတာစဉ်းစားရင်း၊ သူတို့ဘယ်သွားကြမလဲဆိုတာကိုလည်း ကျမစုံစမ်းကြည့်ပါတယ်။ လူအများစုသွားကြတာက ရုံးခန်းလိုနေရာမျိုးလေး။ ခရီးသွားလက်မှတ် လုပ်ရမဲ့နေရာထင်ပါတယ်။ ကျမလည်းအများ နည်းတူလက်မှတ်လုပ်ဖို့တန်းစီလိုက်ပါတယ်။ အနားရှိနေသူတယောက်ကို ဘယ်သွားမှာလဲ လို့စပ်စုလိုက်မှ လှေတတန်နဲ့လာခဲ့တဲ့ခရီးကို တံတားကတဆင့်ပြန်သွားကြမလို့တဲ့။ ကျမ အတော်လေးအံ့သြသွားရပြီး တန်းစီနေရာက ပြန်ထွက်လိုက်ရပါတယ်။ ဘာလုပ်မှာလဲ။ ဘာလို့ အဲ့ဒီနေရာကို ပြန်သွားရမှာလဲ။ လူတွေကို ကျမနားမလည်တော့ဘူး။ ကျမဆက်ရမဲ့ ခရီးအတွက်ကျမပြင်ဆင်ရတော့မယ်။ သေသေချာချာစဉ်းစားကြည့်လိုက်မှ သွားရမဲ့ခရီးက ကျမရဲ့အသိဥာဏ်ဦးနှောက်ရဲ့ ထောင့်တနေရာမှာ ဝိုးတိုးဝါးတား။ အိမ်ကလေးနဲ့ ခြံဝင်းက လေးသာအသိဥာဏ်ထဲမှာ မှတ်မိနေပေမဲ့၊ ဘယ်နေရာဘယ်အရပ်မှာရှိသလဲဆိုတာ ကျမမသိ။ ကျမနေခဲ့တာဘာရွာပါလိမ့်။ ဘယ်လိုခရီးဆက်ရမလဲဆိုတာထက် လောလောဆယ် ဘယ်မှာ တည်းရမလဲဆိုတာက ပိုအရေးကြီးနေလို့ မြင်နေရတဲ့ဈေးတန်းလေးထဲလှမ်းဝင်လိုက်ပါတယ်။

ခရီးသွားတယ်ဆိုတာကလည်း ကိုယ်သွားချင်တဲ့နေရာဆိုတာတိတိကျကျ ရှိမှ သွားလို့ ရမှာလေ။ ကျမအိမ်ပြန်ချင်ပေမဲ့ အိမ်ဘယ်မှာဆိုတာကိုမသိလို့ လူတချို့က ကျမကိုရူးကြောင် ကြောင်ဖြစ်နေတယ်လို့ ထင်ကြတယ်။ ဘာမှတိတိကျကျ အကူအညီမပေးနိုင်ကြဘူး။ ကျမမှာ ပါလာတဲ့ငွေလေးက တည်းခိုတဲ့အခပေးရလို့ သိပ်မကျန်တော့ဘူး။ ငွေမရှိဘဲနဲ့တော့ အိမ်ပြန် လို့မဖြစ်နိုင်ဘူး။ ဒီတော့ အိမ်မပြန်နိုင်သေးခင် အလုပ်တခုခုလုပ်နေမှ ကျမအတွက်အဆင် ပြေမှာ။ အလုပ်လုပ်ဖို့အကူအညီတောင်းတော့ တည်းခိုတဲ့အိမ်က ကောက်စိုက်တတ်လားတဲ့။ သမာအာဇီဝအလုပ်ဆို ဘာမဆိုလုပ်နိုင်ပေမဲ့ သုံးရက်တည်းနဲ့ ကျမအလုပ်ပြုတ်ခဲ့တယ်။ အကြောင်းကတော့ ကျမကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးကြောင့်တဲ့။ ဒီ့အတွက်ကြောင့်လည်း ကျမ သေသေချာချာ အလုပ်မလုပ်နိုင်တာလေ။ ဒါကြောင့် ဒီဝန်ထုပ်ကို ဖြုတ်ချလိုက်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။ ဒါဟာလဲ ကျမရခဲ့တဲ့ ဒုက္ခတခုပဲလေ။ ရှိတဲ့ငွေကလေးနဲ့ သင့်တော်တဲ့ နေရာမှာ ဒီဝန်ထုပ်ကို ဖျက်ချနိုင်ဖို့ စုံစမ်းပြီး အဲ့ဒီနေရာကို ကျမရောက်သွားတယ်။
အမိုးကလည်းမလုံ၊ အကာကလည်းဖယိုဖရဲနဲ့။ တဲသာသာအိမ်လေးရဲ့ တခုတည်း သောအခန်းလေးထဲမှာ ကျမတပတ်လောက်နေရတယ်။ အိမ်ရှင်က ဒေါ်ဘုမ… တဲ့ ။ ကျမမှာ ပါလာတဲ့ငွေ အားလုံးနီးပါး အဲဒီမှာကုန်ပါတော့တယ်။ ကျမ မမှုပါဘူး။ သူကကျမကို ကူညီ နေတာလေ။ ဒီဝဋ်ဒုက္ခကလွတ်သွားရင် ကျမဘာမဆိုပြန်လုပ်နိုင်တာပဲ။ ငွေကို နည်းအမျိုးမျိုး နဲ့ရှာခဲ့ရဖူးတဲ့သူပဲ။ ကျမအသက် ၅ နှစ်အရွယ်ကတည်းက ကြုံခဲ့ရတဲ့ ဒုက္ခတွေဟာ အခုချိန်ထိ မငြိမ်းချမ်းနိုင်သေးပါလား။

(၂)
ကျမအိမ်မှာဘာတွေဖြစ်ခဲ့တာလဲ။ အဲ့ဒီညကအဖေနဲ့အမေကပြန်မလာလို့ မောင်နှမ တွေကြောက်ကြောက်လန့်လန့်နဲ့ အိပ်ကြရတယ်။ မနက်လင်းတော့ လူကြီးတချို့က အမကို နင့်တို့အဖေနဲ့အမေသေပြီတဲ့။ ပြီးတော့ ကျမကို အမေ့အရွယ် လောက်ရှိတဲ့ မိန်းမကြီးတ ယောက်ကသူနဲ့လိုက်ရမယ်တဲ့။ အမကလည်း လိုက်သွားဖို့ ပြောလို့ အမေ့ကိုတွေ့ရမယ် အထင်နဲ့ ကျမလိုက်ခဲ့တယ်။ ဒါပေမဲ့ အမေ့ကိုအဲ့ဒီကတည်းက တခါမှမတွေ့ရတော့ဘူး။ အမေ့ကိုမှမဟုတ်ပါဘူး.. တခြား.. ဘယ်သူ့ကိုမှမတွေ့ရတောတာ ခုချိန်ထိပါ။ ကျမ တွေ့ခဲ့ရတာတွေကတော့….

ဘန်ကောက်တဲ့.. ကျမတို့ကိုခိုင်းတဲ့ ထိုင်းမကြီးက ဗမာစကားနည်းနည်းတတ်တယ်။ ကျမတို့ဆိုတာက ကျမလို အသက် ၅ နှစ်နဲ့ ၁၀နှစ်ကြား ဗမာကလေးတွေ။ အားလုံးပေါင်းဆို ၁၂ ယောက်.. ။ မိန်းခလေး ၉ယောက်နဲ့ ယောက်ျားလေး ၃ယောက်။ အခန်းတခုတည်းမှာ အားလုံးအတူတူနေရတယ်။ ကျမတို့လုပ်ရတဲ့အလုပ်က လူစည်ကားတဲ့ နေရာတွေမှာ tissue စက္ကူလိပ်ကလေးတွေလိုက်ရောင်းရတာ။ ရောင်းတယ်ဆိုတာက ကြားကောင်းအောင်ပြောရ တာပါ။ တကယ်ကတော့ စက္ကူလိပ်လေးတခုပြပြီး တောင်းစားရတဲ့ သူတောင်းစားဘဝပါ။ လူအများစုကလည်း စုတ်ပြတ်ပေရေနေတဲ့ ကလေးတွေရဲ့လက်ထဲက စက္ကူလိပ်တွေကို မယူပဲ သနားလို့ စက္ကူလိပ်ဖိုးထက်တန်ဘိုးရှိတဲ့ငွေကို ပေးသွားကြတာများပါတယ်။ မဝရေစာသာ စားရလို့ ပိန်လှီနေတဲ့ကလေးတွေမို့ တချို့က စားစရာလေးတွေပေးတာလည်းရှိပါတယ်။ ဒါပေမဲ့ ပေးလာတဲ့စားစရာကို ယူစားလိုက်မိလို့ ဆုံးမခံလိုက်ရတာကတော့ တသက်မမေ့နိုင်စ ရာပါပဲ။ ကျမရဲ့ လက်ဆစ်တွေဟာ ဆေးလိပ်မီးနဲ့ အတို့ခံရတာများလွန်းလို့ အမာရွတ်တွေ ဖြစ်နေပါတယ်။ ကျမသူတောင်းစားအဖြစ် ခိုင်းစားခံရတာပါ။ တောင်းလို့ရတဲ့ငွေတွေကတော့ ကျမတို့ဘာမှ မသုံးရပါဘူး။ ကျမတို့ကိုသူက အခကြေးငွေနဲ့ဝယ်ထားရလို့ တန်ရာတန် ကြေးရအောင် ပြန်ခိုင်းစားနေတာလို့ အမြဲပြောပါတယ်။ ကျမကို ဘယ်သူကရောင်းစားလို့ ဘယ်သူပိုက်ဆံရသွားသလဲဆိုတာ ကျမမသိပေမဲ့၊ ကျမလုပ်ဆပ်ခဲ့ရတာကတော့ ကျမဘဝ တစ်ခုလုံးပါပဲ။
အားကိုးရာမဲ့နေတဲ့ ကျမတို့ဟာ သူ့လက်ထဲကနေဘယ်လိုမှ လွတ်အောင်ပြေးလို့ မရနိုင်ပါဘူး။ ကျမရဲ့ခန္တာကိုယ်ကနေ ရသမျှလုပ်အားခတွေကို နည်းအမျိုးမျိုးနဲ့ ဖျစ်ညှစ်ယူခဲ့ တာ သူ့လက်ကလွတ်ခဲ့တဲ့အချိန်မှာတော့ ကြံသာဆိုလျှင်အရည်ခြောက်ခန်းတဲ့ အဖတ်ကြမ်း ဖြစ်နေလောက်ပါပြီ။ သူ့လုပ်ငန်းကို ရဲကသိပြီးအဖမ်းခံရတော့မှ ကျမတို့လွတ်ခဲ့ကြတာ။ သူ့ရဲ့ လက်အောက်မှာ၁၈ နှစ်လောက်နေခဲ့ရပြီးတဲ့ ကျမဘဝဟာ ဘာအသိဥာဏ်မှမရှိတော့ သလိုပါပဲ။ သူခိုင်းသမျှ ကြောက်ကြောက်လန့်လန့်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရပေမဲ့ ကိုယ့်တစ်ယောက်ထဲကျတော့ ဘာလုပ်ရမှန်းမသိတော့လို့ ဖမ်းတဲ့ရဲကပဲ အကူအညီပေးနိုင်မဲ့ သူကို ရှာပေးခဲ့ရ တယ်။ ကျမခဏကံကောင်းခဲ့ပါတယ်။ အိမ်ဖော်အလုပ်တနေရာ ရခဲ့ပါတယ်။ ကျမအဲ့ဒီမှာ အေးအေးဆေးဆေးနေခဲ့ပါတယ်။ အိမ်ရှင်ကလည်း အေးဆေးတယ်လေ။ ဘာပြဿနာမှမရှိတဲ့အပြင် ကျမပျော်ရွင်ခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ကျမနေတဲ့အိမ်က ကားဒရိုင်ဘာ `“ဖိဘွန်း” ကြောင့်ပါ။

ဖိဘွန်းက ကျမကိုလက်ထပ်ချင်တယ်တဲ့။ အရက်သမား ဖောသွပ်သွပ်မို့ ယူမဲ့သူမရှိ ပေမဲ့ ကျမလိုလူတယောက်အတွက်ကတော့ အတည်တကျ လက်ထပ်ချင်တယ်ဆိုတဲ့သူ့ စကားဟာ အားဆေးတခွက်လိုဖြစ်ခဲ့ရပါတယ်။ ကျမအရွယ်က မိသားစုဘဝကို တည်ဆောက် နိုင်တဲ့ အရွယ်ရောက်ပြီလေ။ ကျမသူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါတယ်။ ကျမသဌေး ကိုတောင် အသိမပေးနဲ့ဆိုလို့ တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့တာ။ ကျမတို့ရှာထားသမျှ လေးတွေ စုဆောင်းထားပြီးမှ နှစ်ယောက်တစ်ဘဝ ထူထောင်ကြမယ်လေ။
ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့နေရတဲ့ဘဝဆိုတာ ကျမငယ်စဉ်က ခဏလေးပဲရခဲ့တာပါ။ အခုချိန်မှာ ကိုယ်ကိုတိုင်ဖန်တီးခွင့်ရတော့မှာဆိုတော့ ကျမစဉ်းစားရင်းတောင်ဝမ်းသာမိပါ တယ်။ ကျမဒီတသက် ဒီလိုမိသားစုဘဝမျိုးလေး ပြန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့မိလို့ပါ။ မိသားစုဘဝလေးတခုအတွက် ကျမအိပ်မက်မက်ခဲ့ရတာ လပိုင်းလောက်ပဲကြာပါတယ်။ ကံကြမ္မာမှုန်တိုင်းက ဖျက်လိုက်ပြန်တယ်။ ကျမမှာကိုယ်ဝန်ရှိလာတော့ အိမ်ရှင်တွေကမေး လာတယ်။ ကျမကတော့ ခပ်ရဲရဲပဲပြန်ဖြေလိုက်တယ်လေ။ ကျမယောက်ျား “ဖိဘွန်း” ဆိုတာ။ ဒါကို ကျမရဲ့သဌေးက ဆိုးဆိုးဝါဝါးလုပ်ရပ်အဖြစ်သတ်မှတ်ပြီး ကျမကိုနှင်ချခဲ့တယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျမအတွက်ကတော့ ခံစားရသိပ် ခက်ပါတယ်။ ဖိဘွန်းနေတဲ့ အခန်းလေးကိုရှာဖွေပြီး ကျမလိုက်သွားတော့ စိမ်းစိမ်းကားကားနဲ့ ကျမကိုမောင်းထုတ်တယ်လေ။ သူနဲ့အတူနေလို့မရဘူးတဲ့။ ဘာတွေဖြစ်ကုန်မှန်းမသိတော့ တဲ့ကျမ ရဲစခန်းမှာသွားပြီးအဖမ်းခံခဲ့ရပါတယ်။ သူတို့ဘာလုပ်လုပ်ကျမခံတော့မယ်။ ထောင်ထဲ ဆိုလည်း နေစရာရှိသေးတယ်လေ။

(၃)
အိပ်ယာကနိုးနိုးခြင်း ခန္တာကိုယ်က အရိုက်ခံထားရသလိုနာကျင်နေတယ်။ သေသေချာ ချာစဉ်းစားလိုက်မှ ကိုယ်ဝန်ဖျက်နေတာ တပတ်တိတိရှိပေမဲ့ ဘာမှထူးခြားမလာသေးတာပဲ။ သွေးနည်းနည်းဆင်းတာလောက်ပဲရှိတယ်။ ကျမဘဝတလျှောက် ခံစားခဲ့ရတဲ့ နာကျင်မှုတွေက ချစ်ခြင်း၊ မုန်းခြင်းတွေကို ဥပေက္ခာပြုနိုင်နေသလိုပဲ။ မိသားစုဘဝလေးဆိုတာကို မရဲတရဲလေး မျှော်လင့်ခဲ့ဖူးပေမဲ့၊ အခု ဝမ်းနဲ့လွယ်ထားရတဲ့ကလေးကို ဖျက်ချတော့လဲ ကြေကွဲဝမ်းနည်းမှု တွေဖြစ်မလာပါဘူး။ သာမန်ကိစ္စတခုလောက်ပဲ ကျမခံစားချက်ရှိတယ်။ ကျမဒီဒုက္ခ တွေကနေ မြန်မြန် လွတ်မြောက်ချင်တယ်။ မဝေးတော့သောကာလတခုမှာ ကျမမိသားစုရှိရာကို ပြန်ရောက်တော့မှာပဲလေ။ “နင့်ကိစ္စက လုပ်လို့မရတော့ဘူး” တဲ့.. ဒေါ်ဘုမက ပြောလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ “နင့်ဟာက ရင့်နေပြီ.. အားလုံးအပြီးအစီးဆို နောက်ထပ်ငွေ တသောင်းလောက်ထပ်ကုန်မယ်” တဲ့။ အစကတည်းက ခြောက်လကျော်ရှိနေ တဲ့ ကိုယ်ဝန်ကိုဖျက်ချပေးနိုင်တယ်လို့ အာမခံထားလို့ ရှိသမျှငွေလေး အကုန်ခံပြီး လာပါ တယ်ဆိုမှ အခုတော့ရင့်နေလို့ တဲ့။ ပိုက်ဆံထပ်ပေးရမယ်ဆိုတော့ ကိုယ်ကဘာဝင်ငွေရှိလို့ ဘယ်သူကထောက်ပံ့နေလို့လဲ။
တပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးပဲဖြစ်မယ်ထင်ပါတယ်။ ကျမမှာ ပိုက်ဆံမရှိ၊ နေစရာမရှိ တဲ့အပြင် ရောဂါပါထပ်တိုးလာပြန်ပြီ။ ကျေးဇူးရှင်ကြီးက ပိုက်ဆံမရှိတော့လို့ သူ့အိမ်မှာလည်း မထားချင်သလို၊ ဘာမှလည်းထပ်မလုပ်ပေးနိုင်တော့လို့ ကျမနေထိုင်လို့ ရနိုင်တဲ့နေရာကို လမ်းညွှန်ပေးပါတယ်။ အဲ့ဒီနေရာလေးကတော့

ကျမနဲ့ရေစက်မကုန်နိုင်ဘူးလို့ပဲ ပြောရတော့မယ်ထင်ပါတယ်။ ဘဝရဲ့ ဆိုးဝါးလှတဲ့ အတိတ်ဖြစ်ရပ်တွေကို ပြန်သတိမရချင်တော့လို့ ခြေဦးတောင်မလှည့်တော့ဘူးလို့ ဆုံးဖြတ် ထားတဲ့နေရာကို ဒုက္ခတွေတပုံကြီးနဲ့ ပြန်သွားရဦးမဲ့ ကျမရဲ့ အဖြစ်က တွင်းရေငင်နေရတဲ့ ရေပုံးတလုံးလို ကြိုးတချောင်းရဲ့ ချည်နှောင်မှုအောက်မှာ မြုပ်လိုက် ပေါ်လိုက်နဲ့ သံသရာ လည်နေတာ ကိုယ်ရောက်ချင်တဲ့နေရာကို တော်ရုံကံတရားနှင့်တော့ ရောက်နိုင်မည့်ပုံ မပေါ်။ ဒေါ်ဘုမရဲ့ ကောင်းမှုနဲ့ပဲ မယ်တော်ဆေးခန်းကို ကျမရောက်ခဲ့ရတယ်။ ဒုက္ခရောက်နေကြတဲ့ လူနာတွေကြားထဲမှာ ကျမလည်းနေရာတခုရခဲ့ပါတယ်။ မကျန်းမာပေမဲ့ ကျမနေခဲ့ရတဲ့ နေရာ အားလုံးထဲမှာ ဒီနေရာလေးကတော့ သုခရိပ်မြုံလေးတခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာ ကျမအထီးကျန်မဖြစ်ဘူး။ ကျမအတွက်သူငယ်ချင်းဆိုတာရှိခဲ့တယ်။ ဒီနေရာမှာ ကျမ အားမငယ်ရဘူး။ အားပေးတဲ့ဆရာမတွေ အမြဲရှိတယ်။ ဒီနေရာမှာ ဝမ်းရေးအတွက် မပူရဘူး။ အချိန်တန်ရင် ချက်ပြီးသားထမင်း အရံသင့်စားရတယ်။ ဒီနေရာမှာ နှိပ်စက်မှုတွေမရှိဘူး။ လူလူခြင်းမေတ္တာတရား ထားကြတယ်။ ဒီမေတ္တရိပ်မြုံလေးရဲ့ အရိပ်အောက်မှာ ပျော်ရွှင်စွာ ကျမနေခွင့်ရခဲ့ပါတယ်။ ကြည်လင်ဧချမ်းပြီး အမြဲတမ်းပြုံးရိပ် သန်းနေတဲ့ မျက်ဝန်းတစုံကိုတွေ့ရတဲ့အခါ၊ မေတ္တာဓါတ်တွေနဲ့ ထုံမွမ်းထားတဲ့ စကားသံတခု ကိုကြားရတဲ့အခါ တွေမှာတော့ မိခင်မေတ္တာကိုရရှိခံစားရသလို၊ ကျမကိုယ်တိုင်မှာလည်း မိခင်စိတ်တွေ ပေါက်ဖွားလာတတ်ပါတယ်။ ကျမရဲ့ မပျက်စီးသွားတဲ့ ဗိုက်ထဲက ကလေးကို ကျမ ချစ်တတ်လာပါတယ်။ သားလား၊ သမီးလား မသိရသေးပေမဲ့ သူ့ကိုထိခိုက်အောင်လုပ်ခဲ့ မိတာကို ကျမနောင်တရမိတယ်။ ကျန်းမာစွာမွေးဖွားလာဖို့ကိုလည်း အမြဲဆုတောင်းနေမိ ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် မမွေးခင်ကတဲက ရောင်းစားခံကြရတဲ့ ကလေးတွေထဲ မှာတော့ ကျမ ကလေးကို အပါမခံတော့ဘူး။ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေဆီက ကလေးမမွေးခင် ငွေတဝက်ပေးပြီး ကလေးမွေးပြီးတာနဲ့ ကျန်ငွေတဝက် ကိုချေကာ ကလေးကိုယူသွားကြသူ၊ ပေးလိုက်ကြသူတွေရှိပေမဲ့ ကျမရဲ့ ကလေးကိုတော့ ဒီိလိုမလုပ်ရက်တော့ဘူး။ အရင်ကစိတ်မျိုးနဲ့ဆို ကလေးကိုရောင်း၊ ပြန်စရိတ်လုပ်လို့ မိဘအိမ်ဆိုတာကို ရှာဖွေဖို့ပဲ စဉ်းစာမိမှာပါ။ ဒါပေမဲ့ မေတ္တာတရားရဲ့ အရိပ်အောက်မှာ ဒီိလိုလုပ်ရပ်မျိုးကို ကျမမလုပ်နိုင်တော့ပါဘူး။ ကျမ မေတ္တာငတ်သလို ကျမကလေးကို မဖြစ်စေချင်ဘူးလေ။

မီးဖွားခန်းထဲမှာ နာကျင်မှုကို အချိန်အတန်ကြာခံစားရပြီးတဲ့နောက် ကျမဘဝထဲကို ရောက်လာတာကတော့ ဖြူဖြူဖွေးဖွေးသမီးလေးပါ။ သမီးလေးဟာ အရမ်းကိုချစ်စရာကောင်း ပေမဲ့ သူ့ခြေချောင်း၊ လက်ချောင်းလေးတွေက ပူးကပ်ပြီးပုံပျက်၊ ပန်းပျက်ဖြစ်နေပါတယ်။ သမီးလေးကို သနားကြင်နာမှုတွေဖြစ်ရပေမဲ့၊ ကျမရဲ့နို့ချိုကို တိုက်ကြွေးခွင့်မရခဲ့ပါဘူး။ ဘာကြောင့်မှန်းမသိပေမဲ့ ဆရာ၊ ဆရာမတွေက နို့မှုန့်ကိုသာတိုက်စေခဲ့ပါတယ်။ သနားစရာ သမီးငယ်လေးကို ဆရာ၊ ဆရာမတွေကလည်း ချစ်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ဆရာမ များကလည်း သမီးလေး အတန်အသင့်အရွယ်ရလို့ ခံနိုင်ရည်ရှိလာရင် ခြေ၊ လက် ကလေးတွေကို ခွဲစိတ်ကုသပေးမည်တဲ့။ အားလုံးက အခမဲ့ပေမဲ့ မေတ္တာတရားတွေနဲ့ပါ။ ကျမ ဘဝလေး လန်းဆန်းစိုပြည်လာပါပြီ။

ကျမတို့ သားအမိအတွက် နေစရာရှိသလို၊ ငွေကြေးကလေးလည်းရှာဖွေဖို့ အခွင့်ရ ထားတယ်။ ဝေးဝေးလံလံသွားလုပ်စရာမလိုပါဘူး။ အမျိုးသမီးလူနာဆောင်မှာ သန့်ရှင်းရေး လေးကိုယ်တတ်နိုင်သလောက်လုပ်ရုံနဲ့ တလတလမုန်ဖိုးလေးရနေတာပါ။ တဆောင်တည်း နေ မီးနေသည်တချို့ရဲ့ အညစ်အကြေးပေတဲ့အဝတ်တွေကို လျှော်ပေးရင်နဲ့လည်း ကုသိုလ် လည်းရ ဝမ်းလည်းဝဆိုတာလို သူတို့ပေးကမ်းသွားတာတွေဟာလည်း၊ ကိုယ့်အတွက် အသား တင်ဝင်ငွေတွေပါ။ ဒီငွေတွေနဲ့ ကိုယ်စားချင်တာ စားလို့ရသလို၊ ကိုယ်ဝတ်ချင်တာကိုလည်း ဝယ်ဝတ်လို့ရတယ်။ ကျမ စိုပြည်လှပခဲ့ပါတယ်။
လူ့စိတ်တွေကလည်း သိပ်ခက်ပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ဆိုတာလို ကိုယ်လို ချင်တာရပြီးသွားတဲ့အခါ နောက်ထပ်တခုကို လှမ်းနေတတ်တာ လူတွေရဲ့လောဘတရားတွေ လား။ ပြည့်စုံသွားပြီဆိုတာ မရှိနိုင်ပဲ၊ လိုနေသေးတယ်ဆိုတာက ဘယ်လောက်ရရ အတောမ သတ်နိုင်တဲ့ လောဘနောက်လိုက် ပုထုဇဉ်လူသားတွေရဲ့ အာသာဆန္ဒ။ ကျမလဲ ဒီထဲကလူ တယောက်ပါပဲ။ ကိုယ်ရနေတဲ့ အခွင့်အရေးထက် ပိုပြီးတော့လိုချင်လာခဲ့တယ်။ လိုချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ရရှိလာပါတယ်။ ရရှိလာတာတွေကတော့ ဒုက္ခတွေတနင့်တပိုး…
ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းလှပြီ… ဆိုတာလို ဒုက္ခမီးတွေထဲကိုပဲ ကျမတိုးဝင်နေမိတယ်။ ကြည်လင်အေးမြတဲ့ ရေတပေါက်ထက်.. ဓါးသွားပေါ်ကပျားရည်စက် ကို ကျမ တပ်မက်မိခဲ့တဲ့အချိန်မှာတော့ ချိုမြိန်ခြင်းဆိုတဲ့ အရသာရဲ့နောက်ကွယ်မှာ….

(၄)
ကျမနဲ့ သမီးလေးကို ခိုကိုးရာမဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များစောင့်ရှောက်တဲ့ နေရာကို ပို့ပေးဖို့ ဆရာမတွေက စီစဉ်ပေးပါတယ်။ ဒါပေမဲ့ ကျမ ဒီနေရာလေးကနေ မခွဲနိုင်ဘူးဖြစ်နေတယ်။ ဒီနေရာလေးက ကျမအတွက် အေးချမ်းတဲ့အပြင် ကျမကိုလက်ထပ် လိုတဲ့ ချစ်သူ တယောက်လည်း ရှိနေလို့ ဖြစ်ပါတယ်။ ကျမသူနဲ့လက်ထပ်လိုက်ရင် အားကိုးရာ ရှိပြီပဲ။ ဒါကြောင့် ကျမတို့တိုင်ပင်ပြီး သူခေါ်ရာနောက်လိုက်သွားခဲ့မိပါတယ်။ ကိုယ့်ကိုကူညီပေးကြတဲ့ ဆရာမတို့ကိုအားနာပေမဲ့ သူနဲ့ တသက်လုံးလက်တွဲပြီး မိသားစု ဘဝလေးတည်ဆောက်ချင်လို့ပါ။
ကျမတို့ ခေတ္တတည်းခိုဖို့ တနေရာကိုသွားကြတယ်။ သူ့ရဲ့ မိတ်ဆွေရှိတဲ့နေရာကိုပါ။ အဲ့ဒီကတဆင့် အလုပ်အကိုင်ရှာဖွေပြီး စရိတ်လေးများစုဆောင်းကာ ကျမတို့ရဲ့ မွေရပ်မြေကို ပြန်ကြမယ်လို့ တိုင်ပင်ကြရင်းပေါ့။ ကျမတို့ ရောက်သွားရတဲ့ သူ့မိတ်ဆွေဖြစ်သူရဲ့ နေထိုင်ရာအရပ်ကတော့

အုန်းဖျံ ဒုက္ခသည်စခန်းတဲ့။ တဲအိမ်လေးတွေဟာ တောင်စောင်းတွေမှာ တမျှော်တခေါ် ကြီးပါပဲ။ ကျမတို့ ရောက်သွားတယ်ဆိုရင် နေစရာ ရပေမဲ့ စားစရာက ဒုက္ခသည်စာရင်း မဝင်လို့ မရခဲ့ပါဘူး။ ဒီလောက်များတဲ့ လူတွေဟာ ကျမထက်ပိုပြီး ဒုက္ခရောက်ကြလို့သာ သူတို့ ဒုက္ခသည်ဆိုတဲ့ စာရင်းဝင်ကြတာမို့ ကျမအတွက်တော့ ဖြေသာရာရပါသေးတယ်။ ကျမက သူတို့လောက်မှ ဒုက္ခမရောက်သေးပဲကိုး။ ကိုယ့်ခြေလက်တွေရှိနေသမျှ ကျမ ရုန်းကန်နိုင်ပါတယ်လေ။ အားကိုးစရာ သူတစ်ယောက်လုံးတောင် ကျမအနားမှာ ရှိနေသေး တာပဲ။ ကျမတို့ ရရာအလုပ်ရှာလုပ်ကြပါတယ်။ ပြောင်းဖူးချိုး၊ ငရုတ်ဆွတ် ဘယ်အလုပ်မှ လက်မလွတ်ဘဲ ကြိုးစားပြီးလုပ်ကြပေမဲ့ စားဖို့အတွက်တောင် တော်တော်ခက်ခဲခဲ့ပါတယ်။ နေပူကြီးထဲ ပင်ပန်းလဲ ဇွဲမလျှော့ပဲ အလုပ်လုပ်တဲ့ ကျမ ရောဂါတွေရလာပါတယ်။ တဖြည်းဖြည်း အားအင်တွေဆုတ်ယုတ်လာလိုက်တာ ကိုယ့်ပုံကိုယ် မှန်ထဲပြန်မကြည့် ရဲတော့ဘူး။ စိုပြည်ခဲ့တဲ့ အသားအရေတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာ ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်အောင်ပါပဲ။ သူဆိုတာလည်း ကျမရုပ်ပုံကို မကြည့်ရဲတော့လို့ ပျောက် ကွယ်သွားခဲ့ပြီ။

ကျမ အားကိုရာ မဲ့ပြန်ပါပြီ။ ကျမရဲ့ ဒီပုံစံနဲ့တော့ လောကကြီးထဲ နေလဲမနေချင်တော့ ပါဘူး။ ဒါပေမဲ့ ကျမ သေလို့တော့ မဖြစ်သေးဘူး။ ကျမ မရှိတော့တဲ့နောက် သမီးလေးကို စိတ်ချရတဲ့နေရာမှာ ထားခဲ့ချင်သေးတယ်။ မိသားစုဘဝလေး မပိုင်ဆိုင်ရရင်တောင် အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ သမီးလေးကို ထားခဲ့ချင်တယ်လေ။ ကျမဆုံးဖြတ်ပြီး ချေစုံကန် ထွက်ခဲ့မိတဲ့ နေရာကို မရောက်ရောက်အောင် ပြန်ခဲ့ပါတယ်။ စေတနာကို စော်ကားခဲ့မိတဲ့ ကျမကို ဆရာမလေးတွေက မကြည့်ချင်တော့လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်မေတ္တာအပြည့်နဲ့ ( ကျမရင်ထဲမှာ အမေ လို့ခေါ်နေမိတဲ့ ) ဆရာမကြီးကတော့ ကျမအတွက် နေရာတခု ပြန်စီစဉ်ပေးခဲ့ပါတယ်။ ကျမ ဒီမှာသေခွင့်ရရင် ကြေနပ်ပါပြီ အမေရယ်။
နေစရာ၊ စားစရာတွေ ပြန်ရပေမဲ့ ကျမ ဘာမှစားလို့မရတော့ဘူး။ စားချင်တာလေး တွေ့လို့ စားလိုက်မိရင် ချက်ချင်း အိမ်သာပြန်ဝင်ရတယ်။ အမြဲတမ်းလဲ ရင်ပူနေလို့ ရေခဲတုန်းလေးတွေကိုပဲ ကိုက်စားနေရတယ်။ ကျမ ဒီခန္တာကိုယ်ကြီးကို တော်တော်ရွံမုန်းမိ ပါတယ်။ နောင်ဘဝတွေများရှိရင် ဒီလောက်လေးလံတဲ့ ခန္တာကိုယ်ကြီး ဘယ်တော့မှ မရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ကျမ ရချင်တာကတော့ ပေါ့ပါးတဲ့ခန္တကိုယ်လေးမှာ ကိုယ်သွားလိုရာကို ပြန်သန်းသွားနိုင်တဲ တောင်ပံတစုံပါတဲ့ ငှက်ကလေးဘဝပါ။

နွေတနေ့ရဲ့ ရောင်နီမတက်သေးခင်မှာ ကျမ တောင်ပံတစုံရလာပါတယ်။ ကျမ ကောင်းကင်ပေါ် ပျံသန်းတက်ကြည့်မိတဲ့အခါ… အိုး… လောကကြီးဟာ သိပ်အေးမြပါလား။ ဟိုး… အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ ရောင်နီဖျဖျ လှမ်းမြင်နေရပါပြီ။ ကျမ မွေးရပ်မြေရှိရာ ဘက် မှန်းဆပြီးထွက်ခဲ့ပါပြီ။ လမ်းမှာ ပျံသန်းသွားနေကြတဲ့ ငှက်ကလေးတွေကို တွေ့လို့ သူတို့ရှိရာဘက် ပျံထွက်ခဲ့လိုက်တယ် ဆိုရင်ပဲ.. လှပလိုက်တဲ့ မြို့ရွာတွေ။ ဘုရား၊ ကျောင်း၊ ကန်တွေ၊ တန်ဆောင်းပြဿဒ်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေ။ ဒါ.. ငါ့ရဲ့မွေးရပ်မြေလား… ငှက်ကလေးတွေကို လှမ်းမေးလိုက်တော့… မဟုတ်သေးဘူး… တဲ့။ ရှေ့ဆက်ခိုင်းတယ်။ တနေရာရောက်တော့ နေဝင်လုအချိန်ရောက်ပြီပေါ့။ ငှက်ကလေးက ညွန်ပြတယ်… ဟိုးနေရာ…တဲ့။ မွေးရပ်မြေဆိုတာကို သဲသဲကွဲကွဲမမြင်ရလို့ နီးသထက်နီး အောင် ဆင်းကြည့်လိုက်တယ်ဆိုရင်ပဲ…။ မိုးခေါင်ရေရှား ရပ်ဝန်းက လယ်ကွင်းတွေထဲမှာ ကျွဲမဲတအုပ်ပါလား။ သေသေချာချာ ကြည့်လိုက်မှ ကဆုန်ပေါက်မြူး နေကြတဲ့ ကျွဲတအုပ်ရဲ့ ခွာ တွေအောက်မှာ မြေဇာမြက်ပင်ကလေးတွေ တဖုတ်ပြီးတဖုတ် ကမ္ဘာမြေပေါ်က ဆွဲနှုတ်ခံနေကြရပါပေါ့လား။ သည်းးခံလိုက်ပါအုံး မြေဇာမြက် လေးတို့ရယ်။ မကြာခင်မှာ ဒီကျွဲတအုပ် သူတို့ရဲ့ တင်းကုပ်ဆီ သွားကြရတော့မှာပါ။

(မှတ်ချက်။ ။ စိတ်ကူးယဉ်ဝတ္ထုတပုဒ် မဟုတ်ပါ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်၏ ဆေးခန်းတွင် AIDS ရောဂါဖြင့် သေဆုံးသွားသူ အမျိုးသမီးငယ်လေး၏ တကယ့်ဖြစ်ရပ်မှန်ကို အနည်းငယ် ဖြည့်စွက်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူမ၏အမည်ကတော့ “နွယ်” ပါ။ သို့သော် တွယ်ချင်ရာ တွယ်ခွင့်မရခဲ့တဲ့ မြေဇာမြက်တပင်မျှသာ….။ ဒုက္ခတွေ တနင့်တပိုးနှင့် သူမထားခဲ့ရစ်သော သမီးငယ်လေး မှာတော့ သူမလောက် ဒုက္ခမရောက်တော့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အခုချိန်မှာ သမီးငယ်လေးက လုံခြုံ အေးချမ်းတဲ့ ထိုနေရာ လေးမှာရောက်ရှိနေတယ်လို့ ကျမ သိထားသောကြောင့် ဖြစ်ပါတယ်။)

ကြိုးစားပါဦးမည်။
ချွန်း (၁၈.၁၀.၂၀၀၈)


1 comments:

ငွန်ငယ် October 19, 2008 at 12:32 AM  

ဦဂင်ကြီး ဆီဗုံးမတွေလို့ လာဖတ်သွားပါတယ်နော့။သဘာဝ အကြောင်လေးတွေ ဖတ်ရ တော့ ကောင်းပါတယ်။နောက်လာဖတ်ဦးမယ်နော့

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့