Tuesday, April 14, 2009

ဝိရောဓိ အချစ်


ဝိရောဓိ အချစ်


အင်္ကြန်မှာ
ရေမစိုတဲ့အခါ
လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။

ရေမစိုတဲ့ သင်္ကြန်တွေနဲ့
စီးချင်းထိုးခဲ့ရဖူးတယ်
စစ်မြေပြင်ကျေးလက်မှာ။

ရှားပါးပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ ခုတ်လိုက်ပြီ လို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျား ကျေးလက်မှာ။

တူးပို့တေးသံနဲ့
ရေတွေ ...ရေတွေစိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့
ပုတတ်စာတွေ လိုက်ချိုးကြ
ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ
ခါချဉ်ဥတွေ လိုက်ဖွတ်ကြ
မြင်းခွာရွက်တွေ လိုက်နှုတ်ကြ
ပုရစ်တွေ လိုက်တူးရ
ပုစဉ်းရင်ကွဲတွေ လိုက်ဖမ်းရ။

နွေခေါင်ခေါင် ရေခေါင်ခေါင်မှာ
ရန်နဲ့ငါ
ကျည်ဆန်တွေလောင်းချကြဖို့
တောင်တန်းတွေပေါ်မှာ
မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။
ရေမစိုတဲ့သင်္ကြန်
သံလွင်
သောင်ရင်း
သောက်ရေခပ်
ပွန်ချောင်း
ပေါင်းလောင်းချောင်းတွေထဲ
ခုန်ခုန်ချကြ
အဲဒီလိုနဲ့ ကျေနပ်ခဲ့ရ။

လူထုကိုမှီခိုကာ
တော်လှန်စစ်နွဲရမှာ။

သင်္ကြန်မှာ ရေမစိုစဉ်က
တခုခုကိုလွမ်းခဲ့ပြီး
အခုတော့
ရေမစိုတဲ့ သင်္ကြန်တွေကိုပဲ
ပြန်ပြန်လွမ်းနေရ
တောင်ယာတွေက ရေမကစားတတ်ဖူးလေ။

သားရေ ...
မင်းရဲ့ ရေသေနတ်ကလေးနဲ့
မပစ်လိုက်ပါနဲ့
အဖေ့တကိုယ်လုံး
အလွမ်းတွေနဲ့ ရွှဲရွှဲစိုကုန်မှာစိုးလို့ပါကွယ်။

ညိုထက် (လမ်းသစ်ဦး)

3 comments:

ဆောင်းယွန်းလ April 14, 2009 at 7:27 PM  

ရှားပါးပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ ခုတ်လိုက်ပြီ လို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျား ကျေးလက်မှာ။

ကဗျာလေးကိုဖတ်ပြီး ရှေ့တန်းစစ်မြေပြင်ကာလတွေနဲ့ တောတွေတောင်တွေကို ပြန်ပြီးလွမ်းဆွတ်သတိရတယ်ဗျာ

Nge Naing April 18, 2009 at 6:15 PM  

မင်္ဂလာရှိသော နှစ်သစ်ပါ။ နှစ်သစ်မှာ အမိမြန်မာပြည်အတွက် လိုအပ်နေသော လိုရာဆန္ဒတွေ အားလုံး ပြည့်ဝပါစေ။

Anonymous,  April 24, 2009 at 9:11 AM  

သင်္ကြန်ရေမစိုခဲ့တာကြာလှပြီပေမယ့် သင်္ကြန်ရောက်ရင် သင်္ကြန်ပိုးလေးကတော့ထမိသား ၊ ကဗျာဖတ်ရင်း မြန်မာသင်္ကြန်ကိုလွမ်းမိတယ်၊
အော်ရီဂွန်က မျိုးဆက်သစ်သင်္ကြန်လေးက ပျော်ဖို့ကောင်းသား ကိုဂင်ရေ၊ သမီးတွေနဲ့အပြိုင်နွဲလို့ ကိုဂင်ရဲ့အတီးလေးနဲ့အသံတွေကိုလည်း ဗွီဒီယိုကြည့်ပြီး အားပေးသွားပါရဲ့ ၊ ကျနော်တော့ ဒီနှစ်တိုကျိုသင်္ကြန်လုပ်တဲ့နေ့မှာဘဲ နယ်ပြောင်းရတာမို့ မရောက်ဖြစ်သလို အင်တာနက်လည်းအခုမှရလို့ ချက်ခြင်းအရောက်လာပြီး မဖတ်ရသေးတာတွေဖတ်သွားတယ်၊ ဂင်ဂင်နဲ့ မိသားစု နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့