Saturday, October 31, 2009

စေ့စေ့တွေးလေ ပိုရင်နာမိလေပါပဲလေ….


လွန်ခဲ့တဲ့ (၃) ရက်လောက်က ဘီဘီစီကထုတ်လွင့်သွားတဲ့ ခေတ်အမြင်ခေတ်အရေးကဏ္ဍမှာ မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြ တာ နားထောင်ရပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့လေးကအမကြီးတယောက်ပြော ပြသွားတာလေးနားထောင်ရတာ တော်တော်လေးကို ရင်ထဲထိခိုက်သွားခဲ့မိတယ်။ သူမ ပြော သွားတာရိုးရိုးလေးပြောသွားတာတောင် တော်တော်ခံစားရတော့ လက်တွေ့ကြုံတဲ့သူတွေဆို ပိုခံစားမိမှာပါပဲလို့ ကာယကံရှင်လေးတွေနဲ့ပတ်သက်တဲ့သူတွေဆို တော်တော်ကြေကွဲကြမှာ ပဲလို့လဲတွေးမိတယ်။ သူတို့မြို့လေးမှာဆို ကြေကွဲစရာဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးလို့ အဲ့ဒီ့အမက ပြောသွားပါသေးတယ်။ သားဦးလေးမွေးရမဲ့ ဇနီးမောင်နံအကြောင်းလေးပါ ယောင်္ကျားလုပ်သူ က လက်လုပ်လက်စားလေးတဦးပဲတဲ့ ဇနီးသည်မှာ ကိုယ်ဝန်ကရင့်လာတော့ ဆေးခန်းသွား ပြတဲ့အခါ ခြေထောက်နဲ့ကိုယ်တွေကယောင်ရမ်းနေရောင်နေတော့ နေ့စေ့လစေ့ကလဲဖြစ်နေ တော့ ဆေးခန်းကဆေးရုံတက်ဘို့ပြောပါတယ်။ ကိုယ်ဝန်အဆိပ်တက်ရောဂါခံစားနေရတာကိုး ဒီလို ရောဂါက ကိုယ်ဝန်သည်တချို့မှာဖြစ်လေ့ရှိပါတယ်၊ သေသေချာချာနားလည်တတ်ကျွမ်း တဲ့ ဆရာဝန်နဲ့ပြသင့်တာပေါ့ အနီးကပ်စောင့်ရှောက်မှုခံယူရမယ်လေ လိုအပ်ရင်ခွဲစိတ်မှုလဲ လုပ်ရတယ်။ သွေးပေါင်ချိန်လဲ အဲဒီ့အချိန်မျိုးမှာမြင့်နေတတ်တယ်။ ကျနော်ကဆေးပညာနားမ လည်ပါဘူး သမီးအကြီးလေးမွေးတုန်းက အဲ့ဒီလိုဖြစ်ခဲ့ဘူးတယ် ဆရာမဒေါ်စင်သီယာမောင် ကောင်းခဲ့လို့သာခလေးရောမိခင်ရောအသက်ရှင်ခဲ့ရတာပါ။

ဇီးကုန်းကအကြောင်းလေးဆက်ရရင် ကာယကံရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးလေးက ဆေးရုံ သွားတက်ပါတယ်။ နေ့စေ့လစေဆိုတော့ ဆေးရုံကပြောတယ် ခွဲစိတ်ကုသရမယ်တဲ့ ပိုက်ဆံ ၇၀၀၀၀(ကျပ်) လောက်ရှာလာခဲ့ဘို့ပြောတယ်တဲ့။ သူ့အမျိုးသားလေးကလဲ လက်လုပ်လက် စားသမားလေးဆိုတော့ ဒီလောက်ငွေကို ရုတ်တရက်ဘယ်ကသွားရနိုင်မလဲလေ။ ဟိုရှာဒီရှာနဲ့ စက်ဘီးလေးရောင်းတာတောင် ၃၀၀၀၀(ကျပ်) လောက်ပဲရတော့ ယောင်္ကျားလုပ်သူခမျာမှာ ဆေးရုံပြေးရတာပေါ့လေ ဒါပေမဲ့ တော်တော်လေးနောက်ကျမှခွဲစိတ်လိုက်ရတော့ ခလေးရော အမျိုးသမီးလေးပါ ဆုံးပါးသွားခဲ့ရတယ်တဲ့။ ဒီတော့ အမျိုးသားလေးခမျာလဲ ယူကြုံးမရဖြစ်ပြီး သူ့ခမျာပါ အသက်ဆုံးပါးသွားရတဲ့ ကြေကွဲစရာဖြစ်ရပ်မှန်လေးပါ။ နားထောင်ရင်းဖြစ်မှဖြစ်ရ လေလို့ စိတ်ထဲတွေးမိရင်း အော်… ၁၉၉၈ ခုနှစ်က မဲ့ဆောက်မှာသမီးကြီးမွေးတော့ ဆရာမ စင်သီယာမောင်ဆေးခန်းလေးမှာလေ ဆေးမှူးလေးတွေဆိုတာကလဲ တော်လှန်ရေးလုပ်ဖေါ် ကိုင်ဘက်တွေကိုး ဒေါက်တာစင်သီယာမောင် ၂ နာရီခြားကြည့်ပေးနေတာ နောက်ဆုံးတော့ ဆေးရုံပို့မှရတော့မယ် သွေးပေါင်ချိန်က 170/100 ရှိနေပြီ ခြေထောက်တွေရောင် နေတာလဲ မကျတော့ မဲ့ဆောက်ဆေးရုံလွှဲလိုက်တယ် ညဘက်ကြီးရောက်တာနဲ့ ခွဲစိတ်လိုက်တာ ခလေး ရောလူကြီးပါ အသက်ရှင်ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ယှဉ်စဉ်းစားလိုက်မိတော့ အော်… ငါတို့နိုင်ငံသားတွေပြည်သူတွေ လက်လုပ်လက်စားလူတန်းစားတွေရဲ့ ဘဝတွေဟာ တော် တော်အဖြစ် ဆိုးနေကြပါလား မြန်မာပြည်မှာ ပြည်သူအများစုကြီးဒုက္ခရောက်နေတာ သိနေ၊ ကြားနေပေမဲ့ တိုက်ဆိုင်တဲ့ အကြောင်းအရာမျိုးဆို ပိုခံစားတတ်တဲ့အကျင့်ကရှိတော့ ပိုခက် တာပေါ့လေ။

ဒီလောက်ကြပ်တည်းဆင်းရဲနေတဲ့ကာလ ကုန်ဈေးနှုန်းတွေခေါင်ခိုက်နေတဲ့ကာလ ပြောရရင် ဗျာ မဆလ တပါတီစံနစ်ထက်တောင် ပိုဆိုးနေတဲ့ စစ်အာဏာရှင်စံနစ်နဲ့အုပ်ချုပ်နေလေတော့ ဒီလိုပြဿာနာတွေက ဒုနဲ့ဒေးနေမှာပါပဲ။ ဒီပြဿာနာတွေဟာ ဗိုလ်နေဝင်း (မဆလ) ခေတ်က တည်းကစလာတာပဲဗျ ကျနော်မှတ်မိသလောက် မြန်မာ့နည်းမြန်မာ့ဟန်ဆိုပြီး သွားလေသူ ဗိုလ်နေဝင်းနဲ့ မဆလ ထိပ်တန်းခေါင်းဆောင်တွေက တိုင်းပြည်ဘဏ္ဍာတွေ လုပ်ချင်ရာလုပ် ရှင်းရှင်းပြောရရင် လာဘ်ပေးလာဘ်ယူတွေ တော်တော်ထွန်းကာလာတာမလား ခေါင်ကစခိုး နေတော့ အောက်ခြေဝန်ထမ်းလောကကြီးထဲမှာလဲ အထက်လူကြီးဖားရတာ ကိုယ့်ဘို့လုပ်ရ တာနဲ့ “အောက်ဆိုက်”ဆိုတဲ့ လုပ်ဟန်ရော ဝေါဟာရကြီးပါ ဒီဘက်ခေတ်မှာ ဝန်ထမ်းလော မှာဆို ရိုးလို့တောင်နေပြီပဲလေ။ လူတွေမှာ ဒီလိုမျိုး မတော်လောဘတွေဖြစ်လာခဲ့ကြတာဟာ လစာနဲ့အကျိုးခံစားခွင့်တွေကို အစိုးရကနေသေသေချာချာ တာဝန် ယူတာ မစီမံခဲ့တာတွေက စလိုက်တော့တာ လူတွေရဲ့လောဘရမက်နဲ့ပေါင်းလိုက်တော့ တကယ်ပဲပိုဆိုးကုန်တာပေါ့ဗျာ။

ကျနော့်ဘဝမှာ အင်မတန်ကြေကွဲခဲ့ဘူးတဲ့ အကြောင်းတခုရှိဘူးသေးတယ်။ ဒီ ဇီးကုန်းက အမ ပြောပြသွားတဲ့ ကြေကွဲစရာဇာတ်လမ်းလေးအကြောင်း တွေးမိတာနဲ့ပြန်ပေါ်လာတာပါပဲ။ ဆရာကြီးရွှေဥဒေါင်းစကားနဲ့ပြောရရင် ကျုပ်ရင်ထဲစူးစူးနစ်နစ်ဝင်သွားခဲ့ဘူးတဲ့ ဆူးတချောင်း ပေါ့ဗျာ။ ၁၉၈၅-၈၆ ခုနှစ်လောက်ကပါ ၁၉၈၁ မှာအဖေက ဗိုလ်နေဝင်းရဲ့ လွပ်ငြိမ်းချမ်းသာ ခွင့်နဲ့ (မဆလ) အကျဉ်းထောင်ထဲ့က ပြန်လွတ်လာခဲ့တယ်။ ထောင်ထွက်အဖေလည်းအပြင်မှာ အလုပ်သိပ်မလုပ်တတ်ဘူး အရင်ကရှိတာလေးလဲ အဖေထောင်ကျသွားတုန်း မိသားစုတွေ ရှာနိုင်သမျှနဲ့ မလောက်ငှရင်ရောင်းချစားကြရတာ နောက်ဆုံးအိမ်ငှားနေရတဲ့ဘဝပါ။ ကျနော့် အမနှစ်ယောက်က အိမ်ထောင်ကျနေကြပြီ ညီမအကြီးလေးက ၉ တန်း အငယ်ဆုံးမလေးက ၅ တန်း အမနှစ်ယောက်နဲ့ အဖေနဲ့ တိုင်ပင်ကြတော့ ညီမလေးနှစ်ယောက်အတွက် ပညာရေး ကအစ တယောက်စီတာဝန်ယူပေးမယ်ဆိုတော့ အရွယ်ရောက်နေတဲ့ကျနော်လဲ ငါ့တာဝန် ကိုယ်ငါယူမယ် ရန်ကုန်မှာသွားနေမယ် ပိုက်ဆံရှာမယ်ပေါ့ ဒီတော့ အဖေနဲ့အမေကလဲ ရှမ်း ပြည်ဘက်တက်ပြီး ငွေရှာကြမယ်ပေါ့လေ မိသားစု ဒီလိုတိုင်ပင်ကြတယ် ဒီတော့မှလဲ မိသားစု တွေမြန်မြန်အဆင်ပြေသွားကြမှာလို့တွက်ကြတာပါပဲ။

ကျနော်လည်းရန်ကုန်မှာ အဖေ့မိတ်ဆွေတယောက်အိမ်မှာနေရင်းအလုပ်လုပ်နေတယ်။ အဲ့ဒီဦး လေးက တော်တော်ကောင်းတယ် သူ့သမီးပျိုးတွေရှိနေတာတောင် သူ့အိမ်မှာကြည်ကြည်ဖြူ ဖြူပေးနေရှာတယ် ဘာမှပေးစရာမလိုဘူး။ အဖေ့မျက်နှာလဲပါတာပေါ့လေ သူတို့က (မဆလ) စစ်အုပ်စုကိုမှ မကြိုက်ကြပဲကိုး။ ကျနော်ကအဲ့ဒီအချိန်က ဘာမှသိတာမဟုတ်ဘူး။ ဖြစ်ရပ်က ဒီလိုပါ တနေ့မှာ အဖေရောက်လာတယ် မနက်အစောကြီး ကျနော်နေတဲ့အိမ်ကဦးလေး ရောကျနော်ရော အစောကြီးထကြည့်လိုက်တော့ အဖေကမျက်နှာတော်တော်မကောင်းဘူး ကျွဲကောသီးတွေသယ်လာတဲ့အိပ်လေးချပြီး “မင်းအမေ အခြေအနေမကောင်းဘူး ငှက်ဖျားဖြစ် တာကွ ဟိုမှာကုတာမရဘူး သတိလစ်လစ်နေလို့ ရန်ကုန်အထိခေါ်လာတာ အခုငါ ဆေးရုံ တင်ထားခဲ့တယ်” “ရန်ကုန်ဆေးရုံကြီးမှာ” မနက်အစောကြီးခေါင်းမီးတောက်သွားတယ် ရင်ထဲ လဲဆို့နေတယ် အဖေတော်တော်စိတ်မာတဲ့သူတောင် တော်တော်မျက်နှာပျက်နေတာ ဒါနဲ့က မန်းကတန်း အိမ်ရှင်ဦးလေးကိုနှုတ်ဆက်ပြီး သားအဖနှစ်ယောက် ဆေးရုံသွားဘို့ထွက်လာ တယ် အဖေ့ကိုကျနော်မုန့်ဟင်းခါးဝယ်ကျွေးတော့ အဖေမစားနိုင်ဘူး “မင်းအမေအခြအနေ မကောင်းလို့ငါရအောင်ပြန်ခေါ်လာတာ တော်ကြာ ကတိမ်းကပါးဖြစ်သွားခဲ့ရင်တောင် ခလေး တွေတွေ့ရအောင်လို့” ကျနော်နားထဲသံရည်ပူလိုပဲလို့ပြောရင် မလွန်ဘူးဗျာ။ ဒါနဲ့သားအဖနှစ် ယောက်ဆေးရုံထွက်လာတယ် အဖေက မင်းမှာပိုက်ဆံရှိလားလို့လဲမမေးဘူး ဆေးရုံကြီး ရောက်တော့ အမေ့ထားတဲ့အဆောင်လဲရောက်ရော ရင်ထဲပိုဆို့သွားလိုက်တာ ခံပြင်းဒေါသဖြစ် လွန်းလို့ မျက်ရည်ကျိတ်ကျခဲ့မိတယ် ဒါကြောင့် အရှေ့မှာတုန်းက ရင်ထဲဝင်ခဲ့ဘူးတဲ့“ဆူး”လို့ ပြောခဲ့တာပါ။

ကျနော့်အမေကို ဆေးရုံရဲ့သံမန်သလင်းမှာချထားတယ်ဗျာ ဖျာအစုတ်တချပ်နဲ့ ဘေးနားက အမတယောက်က “မောင်လေး ပိုက်ဆံလေးနည်းနည်းပေးလိုက်မှ ကုတင်ရတာတဲ့ အမတို့ တုန်းကလဲပေးရတယ်” လူကထူပူနေပါပြီ် “ဘယ်လောက်ပေးရသ လဲအမ”“၂၀(ကျပ်)လောက် ဆိုရတယ်” တဲ့။ ဒါနဲ့ကျနော်လဲ ကမန်းကတန်း ဆေးရုံဝန်ထမ်းတယောက်ကို ငွေ၂၅ ကျပ် ပေးလိုက်မှ ကုတင်ရတယ် အမေကကျန်ာကို သိတ်မမှတ်မိချင်ဘူး ငှက်ဖျားပိုးခေါင်းထဲဝင် ထားတာလို့ ဆရာဝန်ကပြောပြတယ် အဲ့ဒီဆရာဝန်လေးက သဘောကောင်းလို့တော်သေး တယ်။ ကျနော်အဖေ့ကိုလဲသနားတယ် အဖေကျိတ်ခံစားနေတာကျနော်သိတယ်။ ဒါနဲ့ကျနော် လဲ အဖေကိုရှိတဲ့ပိုက်ဆံလေးပေးထားလိုက်ပြီး နယ်ကအမတွေလှမ်းအကြောင်းကြားရတယ်။ နောက်နေ့ အမအလတ်ရောက်လာတယ် ညီမအလတ်မလေးနဲ့ သူကနည်းနည်းလေး မိသား စုထဲမှာချောင်လည်တော့ လှမ်းပြောရတာပေါ့။ နောက်ကံတရားကဖေးမတယ်ဗျာ အမေကပြန် ကောင်းလာတယ် ကျနော့်အမေအခုထိမသေသေးဘူး အမေနဲ့မတွေ့ရတာတော့ အနှစ် ၂၀ ရှိ ပါပြီ။ ပြောချင်တာကတော့ဗျာ အဲ့ဒီခေတ်ကတည်းက တိုင်းပြည်မှာ ဆင်းရဲတဲ့သူသိပ်များပြီး ဆေးရုံ၊ ဆေးဝန်ထမ်း၊ ဆရာဝန်တွေလောကမှာ ဒါမျိုးတွေရှိနေပါပြီ ဒီလိုအကျင့်တွေဖြစ်နေ တာကြာလှပါပြီဗျာ ကျနော်ကတော့ ဒါ အုပ်ချုပ်ရေးစံနစ်ညံ့ဖြင်းမှုကနေ လူတွေရဲ့ ကျင့်ဝတ် တွေပါပျက်စီးနေတာ နှစ်တော်တော်ကြာနေပါပြီ။ ဒီအခြေအနေတွေကို စံနစ်ကောင်းတခုနဲ့ အစားထိုးနိုင်ရင်တောင် လူတွေဖြစ်နေပျက်နေတဲ့အကျင့်ကို တော်တော်လေးပညာပေးကြပ် မတ်ရအုံးမှာပါ။ တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အစိုးရမှာတိုက်ရိုက်တာဝန်ရှိပါတယ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ အစိုးရရဲ့တာ ဝန်ယူမှုတွေ သိတ်အရေးကြီးပါတယ် စီမံခန့်ခွဲမှုကအစပေါ့လေ။ အခုဟာက မြန်မာပြည်မှာ ဆေးရုံရှိတယ် ဆေးမရှိဘူး အပြင်ကဝယ်ရတယ် ပိုက်ဆံမရှိရင် တော်ရုံဆေးရုံကကုမပေးချင် ဘူး ဒီတော့ ဆင်းရဲတဲ့ပြည်သူတွေဆို အထက်ကပြောခဲ့တဲ့ ဇီးကုန်းမှာလို ကြေကွဲဖွယ်ရာဖြစ် ရပ်မျိုးတွေဒုနဲ့ဒေးဖြစ်နေပါပြီ။

ဒီနိုင်ငံတွေမှာတော့ဗျာ ကျနော်ဆေးရုံတွေကို ကျနော့်အဖေကိစ္စနဲ့ မကြာခနဆိုသလိုရောက် တယ်ဗျာ ကျန်းမာရေးစောင့်ရှောက်မှုမှာ လူ့အသက်ကိုတော်တော်တန်ဘိုးထားတယ်ဗျ။ ကျ နော့်အဖေဆို အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုပေးထားတာ ဒီမှာသူ့ကိုဆေးကုတာ ကျ နော်တို့ဘာမှပေးရတာမဟုတ်ဘူး ဆေးရုံကဝန်ထမ်းတွေဆိုတာလဲ အားလုံတပြေးညီဆက်ဆံ ကြတာဗျို့ အရင်းရှင်နိုင်ငံကြီးဆိုပြီးမောက်မာလို့မရဘူးဗျို့ ကျန်းမာရေးဝန်းထမ်းတွေက ဆေး ပညာသည်ကျင့်ဝတ်တို့ လူ့အခွင့်အရေးလိုက်နာမှုတို့ တော်တော်ကောင်းတယ်ဆိုရမှာပါ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့တိုင်းပြည်ကကျန်းမာရေးစံနစ်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကျင့်သုံးနေပုံတွေ၊ ပြုမူနေပုံတွေဟာ အင်း...တော်တော်ပြုပြင်ပစ်ရမဲ့ဟာတွေပါလားဗျာ။

အော်ဒါနဲ့.. အဲ့ဒီနေ့က ခေတ်အမြင်ခေတ်အရေး အဲ့ဒီကဏ္ဍလေးမှာပဲ လန်ဒန်ကလို့ထင်တယ် မြန်မာဆရာဝန်လေးတယောက်ကပြောသွားတယ် အမေရိကားတို့၊ အင်္ဂလန်တို့မှာ အခုဆိုရင် “အစိုးရတွေက လူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပိုပေးဘို့ အစီအမံတွေထပ်လုပ် နေပါတယ်”လို့ဆွေးနွေးတော့ ဘီဘီစီက ဦးဘမော်ကမေးတယ် “အဲ့ဒါဘာကြောင့်လို့ဆရာထင် ပါသလဲ”ဆိုတော့ ဆရာဝန်လေးကပြန်ပြောတယ်ဗျ “ကွန်မြူနစ်တွေဖြစ်သွားမှာစိုးလို့”တဲ့လေ ကျနော်နဲ့အဖေတောင် သတင်းနားထောင်ရင်း ပြုံးလိုက်မိသေးတယ်။

ဂင်ကြီး

11 comments:

Nge Naing October 31, 2009 at 5:07 AM  

ဦးဂင်ကြီးရေ လာဖတ်သွားပါတယ်။ ကလေးနဲ့ မိန်းမ ဆုံးသွားရှာတဲ့ အမျိုးသားအတွက် တကယ်ကို ယူကျုံးမရ ဖြစ်မိတယ်။ ကျွန်မတော့ မြန်မာပြည်မှာ ဆေးရုံတခါမှ မတက်ဖူး မရောက်ဖူးတော့ မသိဘူး ဟိုတုန်းကတောင် ဆေးရုံတက်ရင် ဆရာဝန်တွေ ဆရာမတွေအတွက် လက်ဆောင်တခုခု ၀ယ်ရတယ်ဆိုတာတော့ ကြားဖူးတယ်။

ရွှေရတုမှတ်တမ်း October 31, 2009 at 10:39 AM  

ကိုထွန်းblog ကို ကျွန်တော်ခနခနရောက်ပါတယ်..
ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတဲ့..ဗမာပြည်အကြောင်းတွေ ကတော့ ပြောမဆုံးပေါင်..
တောသုံ့းတောင်ပါပဲ.. ကျနော်လဲ ရှေ့လ ဆိုင်ယူမှာမို့..
၇ ရက်လုံးလိပ်နေရမှာဆိုတော့ ရှေ့လျှောက် သိတ်လာနိုင်မယ်မထင်ဘူး....

Ko Toe Gyi ( Multiply Boo Boo Gyi ) October 31, 2009 at 10:47 AM  

ဦး ဂင်ကြီး ရေ
လာဖတ်သွားပါတယ် ပြီးတော့ လင့်လေးလည်းချိတ်ချင်လို့ ယူသွားခဲ့ပါတယ် သဘောမကျဘူးဆိုရင်တော့ ပြန်ဖျက်ပေးပါ့မယ်
ကျေးဇူးတင်ပါတယ် ကျတော့် ဆီလာသွားလို့လည်း

LRDP October 31, 2009 at 7:27 PM  

ကံကောင်းလို့  ကိုဂင်ကြီးအမေလည်း အသက်၇ှင်ခဲ့တာပဲ ဆေးရုံတွေ မှာ လူနာ တွေ ကို အဲလို တံမံတလင်းမှာ ထားတက်တာ ခန ခနတွေ့ဖူးတယ် ။
မြန်မာပြည်ဆေးဝန်ထမ်း ဆရာဝန်တွေ ရဲ့ နှလုံးသားကလည်း ငွေနဲ့ ပဲ လိမ်းကျံ ထားလားမှမသိတာဗျာ ။။။။။။သေသွားတဲ့  မိသားစု လေးအတွက်တော့ တကယ်ကို စာဖတ်ရင်း မျက်ရည် စို့ မိပါတယ် ။။

မမသီရိ November 1, 2009 at 1:11 AM  

စိတ်ဆင်းရဲရတယ် အကို ရေ
လူတိုင်း နေရာတိုင်းမဟုတ်ပေမဲ့
အတော်များများ က ဒီလိုပဲ နေမှာပါ

Younggun November 1, 2009 at 9:29 AM  

ထုံးစံအတိုင်း သူ့ဂွင်ထဲ ရောက်တော့ ဆော်တာပေါ့။ သူဆော်တာက အသက်သုံးချောင်းပါသွားတယ်။ လားပင်စင်ပေးသင့်တဲ့ လူမျိုးတွေထဲမှာ အဲလိုကောင်တွေ ထိပ်ဆုံးက ပါတယ် အစ်ကိုရေ။

ကဗျာဦး December 21, 2009 at 2:45 PM  

ဖတ်သွားပါတယ်

မြ January 22, 2010 at 11:48 PM  

ကျမ အတွေ့အကြုံမှာတော့
လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က သွေးလှူရှင်ကျမဦးလေးက ဆင်းရဲသားလူနာတယောက်အတွက်လှူတာကို ဆရာဝန်က သွေးသွင်းခ (၁၅၀) မပေးရင် မသွင်းပေးနိုင်ဘူးလို့ လူနာရှင်ကို အကြပ်ကိုင်နေသံကြားတော့ အလွန်စိတ်ဆတ်တဲ့ ကျမဦးလေးက သူ့သွေးပုလင်းကို ပြန်လုပြီး ဆေးရုံပေါ်မှာပဲ ရိုက်ခွဲပစ်လိုက်တယ်။ အဲဒီဆရာဝန်လည်း ပြုတ်သွားတယ်ဆိုလား။ နယ်ပြောင်းခံရတယ်ဆိုလားပဲ။

Unknown January 27, 2010 at 7:48 PM  

ဲပြောစရာတွေကတော့အများကြီးပါ။နှစ်ဦးနှစ်ဘက်စလုံးမှာရင်နဲ့အပြည့်ရှိကြပါတယ်။စာဖတ်မရသေးတော့
လက်မှာ “လက်ဖမိုးနဲ့လက်ဖဝါး”ရယ်လို့နှစ်ဘက်ရှိတယ်။
ပိုက်ဆံအကွေ့စေ့မှာ “ခေါင်းနဲ့ပန်း”ရယ်လို့မျက်နှာပြင်နှစ်ဘက်ရှိတယ်။
ဘာကော့င့်တဖက်သတ်ပဲမြင်ချင်ကြတာလဲ?။လို့ပဲမေးချင်တယ်။

Unknown January 27, 2010 at 8:03 PM  

သို့၊ မေအိခင်(လယ်ဝေး)
လူနာကိုတမံတလင်းပေါ်မှာထားတဲ့အဓိကတာဝန်ရှိသူဟာ၊ဆရာဝန်တွေလား?။ခင်ဗျားအဲဒီလိုဆေးရုံတွေမှာလုပ်ဖူးပါသလား?။လုပ်နိုင်မယ်လုပ်ရဲမယ်လို့ထင်ပါသလား?။ကူစက်ရောဂါလူနာကိုဝမ်းတွေသွေးတွေပေကျံနေတဲ့ကြားကဆေးသွင်းဆေးပေးလုပ်ဖူးပါသလား။ လူနာတယောက်ရဲ့စအိုထဲကဝမ်းတွေကိုနှိုက်ထုတ်ပေးဖူးပါသလား?။ဒါတွေမလုပ်ဘူး။မတွေ့ဘူး။ရှိမှန်းမသိဘဲနဲ့ဆရာဝန်တွေရဲ့နှလုံးသားကိုခင်ဗျားဝေဖန်တာတရားမျှတမှုမရှိဘူး။

မန်းကိုကို May 21, 2010 at 8:40 PM  

တော်သေးတာပေါ့ဗျာ၊ ဆရာ့ဇာတ်လမ်းက အဆုံးသတ်ကောင်းပေလို့ပဲ။ ၀မ်းနည်းရမယ့်ဇာတ်တွေကို မရှောင်နိုင်တဲ့အခါတွေကလွဲပြီး ခပ်ကင်းကင်းပဲနေချင်လို့ပါဗျာ။ ကိုယ်ဘာမှမတတ်နိုင်ရင် နှစ်ထပ်ကွမ်းစိတ်ဆင်းရဲမိလို့ပါ။

မြန်မာပြည်အနေအထားကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းမို့လား၊ ကူညီနိုင်တဲ့အခါကျရင်တော့ မျက်ရည်တွေမခန်းပေမယ့် နည်းသွားအောင်တော့ လုပ်မယ်လို့ စိတ်ကူးပါတယ်ဗျာ။

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့