Monday, December 27, 2010

ဘိုဘိုကျော်ငြိမ်း သို့  ထပ်ဆင့်တုံ့ ပြန်ချက်

ဘိုဘိုကျော်ငြိမ်းက ဆရာကြီးလေသံနဲ့ ကျနော့်ကို စတင်ထိုးနှက်ရေးသားလာတဲ့အတွက်၊ ဘိုဘိုကျော်ငြိမ်းနဲ့ စကားမပြောချင် အငြင်းအခုန်မလုပ်ချင်တဲ့ကြားထဲကနေ၊ မလွဲမကင်းသာ သင့်တင့်လျောက်ပတ်စွာနဲ့ပဲ ပထမဆုံးအကြိမ်အဖြစ် ‘ဘိုဘိုကျော်ငြိမ်းသို့တုံ့ ပြန်ချက်’ကို ပြန် လည်ရေးသား ရှင်းလင်းပြခဲ့ပြီးပါ ပြီ၊၊ ဒါလောက်ဆိုရင် လုံလောက်ပြီလို့လဲ ဖေါ်ပြခဲ့ပါတယ်၊၊ ဟို လူနဲ့ ပြဿနာဖေါ်လိုက်၊ ဒီလူနဲ့ ပြဿနာဖန်တီးလိုက်-ဖြစ်နေတဲ့ ဘိုဘိုကျော်ငြိမ်းရဲ့  တကယ့် ရည်ရွယ်ချက်နဲ့ ပကတိရုပ်ပုံမှန်ကို အတိုင်းသားမြင်မိ တွေ့မိနေလို့ပါပဲ၊၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ဘာလို့အောင်ပွဲခံနိုင်ခဲ့ကြသလဲ-ဆိုတာကိုပြောသလိုလိုနဲ့ အဖေဖြစ်သူ ဦးကျော်ငြိမ်းကို အရောင်တင်ပေါလစ်တိုက်ပေးရင်း၊ ကျနော့်ကိုပါလှမ်းပြီး ထိကပါးရိကပါး ထိုးနှက် လာခဲ့တာ တွေ့ရပါတယ်၊၊ အဲဒီ သူ့ဆောင်းပါးကို ဖတ်မိလိုက်သူတွေလဲ သိလိုက်ကြမှာပါ၊၊

ကျနော်က ယဉ်ကျေးစွာနဲ့ ပဲ၊ ဦးပေါ်ဦး လျှောက်ထုံးထဲကလို - ကျွန်းကို ပါစေချင်တဲ့ ဦးပေါ်ဦး က ‘ပိတောက်လဲကောင်းပါတယ် - ကျွန်းလဲကောင်းပါတယ်’၊ ‘ပျဉ်းကတိုးလဲ ကောင်းပါတယ်- ကျွန်းလဲ ကောင်းပါတယ်’ လို့ချည်း လျှောက်တင်နေတာကို အမှတ်ရချင်စရာပဲလို့ပြောခဲ့ပါ တယ်၊၊ တကယ်က ‘ဗိုလ်ချုပ်အောင်ဆန်း တော်ပါတယ်- ကျုပ်အဖေ ဦးကျော်ငြိမ်းလဲ တော်ပါတယ်’ ‘ဦးနုကြီးတို့ ဦးရာရှစ်တို့လဲ တော်ပါတယ်- ကျုပ်အဖေဦးကျော်ငြိမ်းလဲ တော်ပါတယ်’လို့ ပြောချင်နေတာကို အယဉ်ကျေးဆုံး ပမာခိုင်းပြီး ပြောခဲ့ပါတယ်၊၊ ဘိုဘိုကျော်ငြိမ်း ဖေါ်ထုတ် ပြောဆိုလာတဲ့၊ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်(၃)ချက်ကိုလဲ ကျနော့်ဖက်က ပြန်လည်ရှင်းလင်းပြခဲ့ပါတယ်၊၊

ဟော အခုတခါ - ဘိုဘိုကျော်ငြိမ်းက ထပ်လုပ်လာပြန်ပါတယ်၊၊ ကျနော့်ရဲ့ တုံ့ ပြန်ချက်အပြီး တပတ်အကြာမှာပဲ၊ မဇ္ဈိမ ထဲမှာပဲ -‘ဦးကျော်ငြိမ်း နှင့် တိုင်း ၆ ’- တဲ့၊၊

အပြည့်အစုံဖတ်ချင်ရင်>>>

Tuesday, December 14, 2010

လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့ စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်း ယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေး ချုပ်ကိုင် ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ် လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစားတရပ်လဲ ပေါ်ထွက်လာ တတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလဲ ပေါ်ထွက်လာပါတယ်။

ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အများက ယုံကြည်သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်စင်မြင့်ပေါ်ကို တွန်းထိုးတိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ်ထားခြင်းမရှိပဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီလိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့၊ လူထုတိုက်ပွဲထဲမှာ ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်းဆောင်ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ၀န်းရံပေးနိုင်မှုကလဲ အရေးပါတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒီလို ၀န်းရံပေးမှုလို့ ပြောတဲ့အခါ အချို့က ဒီခေါင်းဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာနေတာလို့ ယူဆတတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွယ်ပေမယ့် မြေအောက်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ကတော့ မြေအောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ လိုင်းပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။

ဒီလိုမဟုတ်ရင် မြေအောက်ယူဂျီကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံမက လူထုခေါင်းဆောင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတကာ ကင်ပိန်းလှုပ်ရှားမှု တွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက်မှုတွေဟာ မြေအောက်ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ်မများပေမယ့်၊ လူထုခေါင်းဆောင်နဲ့ မြေပေါ် အဖွဲ့အစည်းတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက်စေနိုင်ပါတယ်။ တာဝန်ယူမှုဟာ တာဝန်သိတတ်မှုနဲ့ ဒွန်တွဲနေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှုတွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှုတို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်းဆောင်ကို ၀န်းရံမှုဆိုတာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာ၊ အနီးကပ်တွေ့ဆုံ ဆက်သွယ်တာတွေကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုးလေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန်ခွဲဝေမှု၊ တွေ့ဆုံမှုဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ဆုံဆွေးနွေးအဖြေရှာရေး (၀ါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယဦးတည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ်စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ကြရမှာပါ။ လူထုခေါင်းဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်ထု စွမ်းအား တိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်းပြည်တခုအတွက် လိုအပ်နေတဲ့ ဦးတည်ချက်တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထု ခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် လူထုခေါင်းဆောင်နဲ့အတူ လက်တွဲပြီး ပြည်သူတရပ်လုံးက ၀ိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာ တမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာကဏ္ဍကနေ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံတော် အရေး ဦးတည်ချက်တွေကို ကိုင်စွဲထားတဲ့ လူထု ခေါင်းဆောင်ကို ၀န်းရံကြရာမှာလဲ လက်တွေ့ကျကျ ၀န်းရံနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီစနစ် ထွန်းကားရေး
ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်တခု ထွန်းကားလာဖို့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး (Democratization) ကို အကောင်အထည်ဖော်ကြရပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာ ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization) (သို့မဟုတ်) political liberalization အဆင့်ဖြစ်ပြီး၊ ဒုတိယအဆင့်က ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာလာအောင် တည်ဆောက်ခြင်း (Democratic consolidation) ဖြစ်ပါတယ်။

တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်ကျင့်သုံးဆဲ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ကျန်ရစ်နေဆဲပါ။ စစ်အုပ်စုတို့က ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election) ကိုသာ ကျင်းပခဲ့တာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ပထမအဆင့်ကို ဖော်ဆောင်ခြင်း မဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဆောင်မှုသာ ဖြစ်သွားခဲ့ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကို စနစ်တကျ ဖော်ဆောင်ဖို့အတွက် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပထမအဆင့်အနေနဲ့ ဖြတ်သန်းပြီးမှ ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာလာအောင် တည်ဆောက်မှု ကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒီလိုကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ထွန်းလာရေးအတွက် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံတကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦးဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာလဲ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။

ဒီလို အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးအတွက် လမ်းစဉ်တွေ၊ တွန်းအား (leverage) တွေ အများအပြား လိုအပ်ပါတယ်။ အညင်သာဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလို့ ကမ္ဘာက သတ်မှတ်ခဲ့ရတဲ့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာတောင် normative leverage နဲ့ coercive leverage တွေကို အတိုက်အခံတွေဘက်က သုံးစွဲခဲ့ရပါတယ်။ normative leverage ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအား တမျိုးတည်းနဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၊ လူထုတိုက်ပွဲလမ်းစဉ်တို့ ပေါင်းစပ်ပါဝင်တဲ့ mass rolling actions တွေကို အသုံးပြုပြီး coercive leverage ဖြစ်ထွန်းလာအောင် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြေပေါ်အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်ရောက်နေတဲ့ လူထု ခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း coercive leverage ကို အသုံးပြုနိုင်ဖို့က ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ coercive leverage ကို အကောင်အထည်ဖော်ရမယ့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လူထုခေါင်းဆောင်ကို တိုက်ရိုက်ဝန်းရံပေးမှု မဟုတ်တဲ့ သွယ်ဝိုက်ဝန်းရံပေးမှုကို ပြုလုပ်တတ်ဖို့လိုပါတယ်။

နိုင်ငံတကာကြားဖြတ်အစိုးရကတော့ တရုတ်နဲ့ အနောက်အုပ်စုတွေအကြား တတိယကမ္ဘာစစ် မဖြစ်လာမချင်း ဖြစ်နိုင်ချေ မရှိပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျနေရာ ဖြစ်နေတဲ့ မြန်မာ့မြေပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုနှင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) ဖြစ်လာခဲ့ရင်တောင် တရုတ်တပ်၊ အိန္ဒိယတပ်၊ ပြင်သစ်တပ်၊ အမေရိကန်တပ်၊ ယူကေတပ်ပေါင်းစုံ ၀င်လာပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အချက်အချာ ဒေသတွေကို လုကြရင်း ဖွတ်ဖွတ်ညက်ညက် ကြေသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ခဲ့ရင်လဲ ကိုးရီးယားလို proxy war ဖြစ်ပြီး၊ မြောက်မြန်မာနဲ့ တောင်မြန်မာ ကွဲထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Iraq Dilemma လို့ ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ အီရတ်ကို ၀င်လာသလို ၀င်လာပြီး ဒီမိုကရေစီရအောင် လုပ်ပေးတော့မယောင်ယောင် စိတ်ကူးယဉ်အိပ်မက်တွေကို အမြစ်ကလှန်ပြီး ဖယ်ရှားပစ်ဖို့ မလွဲမသွေ လိုအပ်လှပါတယ်။

အတိုက်အခံ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရတို့ဟာ coercive leverage နဲ့ normative leverage ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးမပြုပဲ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တောင်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ဦးဆောင်သော အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကနေတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာတောင် ၁၉၆၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sharpeville Massacre၊ မင်ဒဲလားဖွဲ့စည်းခဲ့တဲ့ military wing ဖြစ်တဲ့ Umkhonto we Sizwe (in Zulu means “Spear of the Nation”) ၊ ၁၉၇၆ ခုနှစ် The Soweto uprising၊ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Mass Democratic Movement (MDM) စတဲ့ coercive leverage တွေက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံဆွေးနွေးနေဆဲကာလမှာတောင် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ de Klerk တို့ဘက်က သဘောထား ပျော့ပျောင်းတဲ့ ရွေးချယ်မှုတွေကို ရွေးလာစေဖို့ တွန်းအားအနေနဲ့ လူထုတိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ပြီး coercive leverage ကို အသုံးပြုခဲ့ကြပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို မြေပေါ်ပါတီအဖြစ် ရပ်တည်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု၊ မြေအောက်ယူဂျီလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး၊ လူထုတိုက်ပွဲဖော်ဆောင်မှု စတဲ့ မိမိတို့အားသန်ရာ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီး လက်တွေ့ကျကျ ၀န်းရံကြဖို့ လိုအပ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး....
မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍမျိုးစုံမှာ နှောင့်နှေးမှုတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေဆိုးတွေကို နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ကယ်တင်ရှင်ကသာ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ အမျိုးသားညီညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံးပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်တပ် အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီးတွေအထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲမှာ ကြိုးပမ်းမှု အဆင့်ဆင့်တွေ ကနေတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အုတ်မြစ်ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာအောင် ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ ဆိုတာက အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာ ဒီမိုကရေစီထွန်းကားရေးအတွက်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါ အရေးကြီးပါတယ်။

လူထုခေါင်းဆောင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ၀န်းရံပေးမှုမှာ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ ပေါ်ထွက်ရေး ကြိုးပမ်းမှုတွေအပြင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (transitional justice) ကို ဖော်ဆောင်နိုင်မှုအတွက် ကြိုတင်လေ့လာ ပြင်ဆင်ချက်တွေ၊ အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင် (National Unity and Reconciliation Commission) အဆင့်ဆင့် ဖွဲ့စည်းရာမှာ လိုအပ်မယ့် လူ့စွမ်းအား အရင်းအမြစ်အတွက် capacity building လုပ်ဆောင်ချက်တွေ၊ ပဋိပက္ခနှောင်းပိုင်းကာလ အခြေအနေ (post- conflict situations) မှာ ကြုံရနိုင်တဲ့ အခက်အခဲ စတာတွေကို ကြိုတင်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်တွေအကြားမှာ ပြုလုပ်တဲ့ Highly Inclusive Dialogue ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်တခုပဲ ဖြစ်ပြီး၊ ပဋိပက္ခတွေ ရဲ့ ဂယက်တွေကို ခါးစီးခံခဲ့ကြရတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အခန်းကဏ္ဍ၊ တက်ကြွလှုပ်ရှားသူများရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ ဥပဒေ၀န်ထမ်းများရဲ့ အခန်းကဏ္ဍ၊ ပညာရှင်များရဲ့ အခန်းကဏ္ဍ စပြီး လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတာကြောင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လူထုအကြားမှာ ပညာပေးဖြန့်ဖြူးမှုတွေ ကြိုတင်ပြုလုပ်ထားဖို့လဲ လိုအပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး...
ဖွံ့ ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေ အားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာ ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။

ပထမအပိုင်းက ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး၊ ဒုတိယပိုင်းက လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာခြင်း ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ လူနဲ့တိရစ္ဆာန်ကို အသုံးပြုထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာခြင်း၊ မြို့ပြလူနေမှု အဆောက်အအုံကို ရွှေ့ပြောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုဆိုတာကတော့ ဒီလိုထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုး စဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင်စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှု တိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ပဲ တိုင်းတာလို့ မရပဲ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုမှာ လူအများစုဟာ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းအားတွေ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိဖို့ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းပြီး လူသားတိုင်းမှာ တန်းတူညီမျှမှုရှိရပါမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုရာမှာလဲ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေလဲ တိုးတက်မြင့်မားပြီး အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေ ကင်းဝေးတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရပါမယ်။ ဒီလို ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး၊ လူသားများရဲ့ လိုအပ်ချက်အပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ထုစွမ်းအား တိုးတက်မြင့်မားရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတော်လုံခြုံရေး၊ စာပေ၊ ဂီတအနုပညာ၊ အမျိုးသမီးအရေး စတဲ့ ကဏ္ဍမျိုးစုံမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အများအပြားရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တနိုင်တပိုင် ကျွမ်းကျင်ရာ ဆောင်ရွက်ခြင်းအားဖြင့်လဲ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေး ဦးတည်ချက် တွေကို ၀န်းရံပေးရာ ရောက်ပါတယ်။

နိဂုံး...
နိဂုံးချုပ်ဆိုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေလို့ လေ့လာတွေ့ရှိရတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ လက်တွေ့ကျကျ ကိုက်ညီတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဦးတည်ချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တူညီသော ဘုံလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊ မတူညီသော်လည်း လိုအပ်သော လမ်းစဉ်များဖြင့် အားဖြည့်ခြင်း၊ တိုင်းနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ အသိဥာဏ်ဗဟုသုတ ဖြန့်ဝေ ပညာပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ဖြင့် လူထုခေါင်းဆောင်အား ၀န်းရံကြပါစို့ဟု ရေးသား တိုက်တွန်းအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၁၂၊ ၂၀၁၀)

Sunday, December 12, 2010

ဘိုဘိုကျော်ငြိမ်းသို့တုန့်ပြန်ချက်.......။

၂ဝ၁ဝ ဒီဇင်ဘာ ၁၁၊ စနေနေ့  “မဇ္ဈိမ” ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ “ဘာကြောင့် ဗိုလ်ချုပ်အောင် ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ ဘိုဘို ကျော်ငြိမ်းကသာကြာနေ့၊ဒီဇင်ဘာ(၁ဝရက်နေ့ နေ့စွဲနဲ့ရေးထားတာပါ။

“ကျနော်တို့ဗမာလူမျိုးတွေဟာ သူရဲကောင်းကိုးကွယ်ချင်စိတ်ရှိကြတယ်။ ဒါကြောင့် သူရဲ ကောင်းမျှော်တဲ့ (မင်း) လောင်းမျှော်တဲ့အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြ ပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ့်ကိုးချင် တဲ့စိတ်တွေ နည်းပါး လာကြပြီး၊ စကြာဝတေးမင်း မြင်းပျံစီးပြီးလာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရပါတယ်။
……………………………….

စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် (ငါ) တို့ ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊ ဘာတွေ ပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်ရမယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ်ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။”လို့ အစချီပြီး ရေးထားရင်း၊ ဗိုလ်ချုပ်တို့ခေတ်က မျိုးချစ်တော် လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ် ပြရင်း “ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု” တို့ “ကျောင်းသားသမဂ္ဂ”၊ “စုပေါင်းခေါင်းဆောင်မှု” ၊ “မှတ်သားစရာနဲ့ သုံးသပ်မှု” - စတဲ့စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖေါ်ပြသွားရာမှာ၊ ဒီ ဆောင်းပါးထဲမှာ “ဦးကျော်ငြိမ်း” ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာ ရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ်-စတဲ့ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း သင့်သလို တွဲဆက်ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။

“ဦးပေါ်ဦးလျှောက်ထုံး” တွေထဲက ဘိုးတော်ဘုရားနန်းတော်တည်ဖို့မှာ “ကျွန်းသစ်”ကိုပါ စေချင်တဲ့ ဦးပေါ်ဦးက၊ ဘိုးတော်ဘုရားရဲ့  “ပိတောက်နဲ့ မကောင်းဘူးလား” “ပျဉ်းကတိုးနဲ့ မ ကောင်းဘူးလား” ဆိုတဲ့ အမေးတွေကို “ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါ တယ်” “ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲကောင်းပါတယ်” လို့၊ အမြဲလိုလို သူပါစေ ချင်တဲ့ “ကျွန်း” ကို တွဲတွဲပြောသွားလေ့ရှိတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီးအမှတ်ရမိချင် စရာပါပဲ။ ဦးကျော်ငြိမ်းဟာလဲ ခေသူမဟုတ်ဆိုတာ၊ မူကိုအလေးထားတတ် မိမိကိုယ်ကိုမိမိ လေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဥာဏ်အား မြင့်မားသူတ ယောက်ဆိုတာကို ပေါ်လွင် အောင်ရေးသားပြသွားတာလက်ကနဲလက်ကနတွေ့လိုကရပါတယ်။

သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့လူလဲ ရှိမယ်။ မကြိုက်တဲ့သူ လက်မခံတဲ့ လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲ လွဲပိုင်ခွင့်အရ ၊ ဘာမှမပြောလိုပါဘူး။ သူ့သဘောသူဆောင်လိမ့်မယ်လို့ပဲ သဘောထားပါ တယ်။ အထူးသဖြင့် ကနေ့လိုအချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန်ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ “အဓိက ပျောက်” “ပစ်ကွင်းပျောက်” ပြီး “အမြှုပ်ထပလုံစီရမယ့်ကိစ္စမျိုးတွေ” မလုပ်ချင်ပါဘူး။ဒါပေမဲ…

သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အချက်တွေ ပါဝင်နေလေတော့၊ ပြန် လည်ရှင်းလင်းပြမှုမလုပ်ရင် အဓိပ္ပါယ်တမျိုးပေါက်စေနိုင်တဲ့အတွက် လိုအပ်သလောက်ပဲ ကျ နော်ပြန်လည်ရှင်းလင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အချက်တွေကိုပဲ ဖေါ် ပြရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ကြိုက်နှစ်သက်သလို လက်ခံသုံးသပ် သွားကြမှာပဲဖြစ်ပါတယ်။

ကျနော်နဲ့ ပတ်သက်နေတဲ့အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလိုဖေါ်ပြထားပါတယ်…
ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဖက်ဖြစ်ခဲ့သော်လဲ ရာဇဝင်အချက် အလက်ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်းရေးပြခဲ့တယ်။ (မူ) principle ကို အလေး ထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေးစားတာကြောင့်လဲ ဖြစ်ပါတယ်။

သို့သော် အသိဥာဏ်စွမ်းအားနဲသော လက်ဝဲတယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်း တာနဲ့  ရာဇဝင်အချက်တွေကိုပါပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ ဦးကျော် ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ ( သခင်တင်မြ ၏ ဖက်ဆစ် တော်လှန်ရေး ဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း-စာမျက်နှာ၄၄)

သို့သော် ဝင်းတင့်ထွန်းရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်း သည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်၊ (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေးရွှေရတုသဘင်) စာအုပ် မှာလည်းဤနည်းတူရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ) “စစ်တိုင်းများ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့လိုရာဆွဲကောက်ချက်ချပြန်တယ်။ ဒီတုန်းက သခင်ချစ် ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ် ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာတာဝန်မဲ့ရေးသားချက်သာဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက်၊ကွန်မြူနစ်အငြိုးနဲ့ ရာဇ ဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေး တော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ကိုယ်စားလှယ်ခေါင်းဆောင် (၃) ဦးစီ၊ ပေါင်း (၉) ဦးပါပြီး ဗဟိုဦး စီးအဖွဲ့နဲ့စတင်ဖွဲ့ စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ် ၊ တပ်မတော်မှ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်လက်ျာ ၊ ဗိုလ်နေဝင်း တို့ဖြစ်ကြပါ တယ်။ ( သခင်တင်မြ ရဲ့ ဖက်ဆစ်တော် လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း-စာမျက်နှာ၎ဝ)၊

ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်များစွာတွင်လည်း ဖေါ်ပြထားပြီးဖြစ်ပါသည်။ အရေးပါသော ရာဇဝင်အချက်တ ချက်ပင် ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်း ကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကိုကြည့်ပါ) ဒီလို ရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုး လို့မရသလို၊ လိုရာကိုဖြစ်သလိုမရေးကောင်းပါ။

အထက်ပါကွင်းစကွင်းပိတ်ထဲကပါအတိုင်းရေးသားထားပါတယ်။

အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော့်စာအုပ် “အမှောင်ကြားကဗမာပြည်” စာအုပ်ကိုဖေါ်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်ဟာ အဓိကအားဖြင့် အချက် (၃) ချက်ရှိ ပါတယ်။

ပထမအချက်က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး နိုင်ငံ ရေးမှူးတွေခွဲဝေတာဝန်ချထားသတ်မှတ်ရာမှာ၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူး ဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ “ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည်ရန်ကုန်တာဝန်ခံဖြစ်သည်”လို့ဖေါ်ပြထားချက်။

ဒုတိယအချက်က - “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲကောက်ချက်ချထားချက်။

တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ (၉) ဦးဖွဲ့ရာမှာ သခင် တင်မြအစားသခင်ဗဟိန်းကိုပြောင်းလဲထည့်သွင်းရေးသားထားချက်။

သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့် သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလိုရေးသားထားချက်။
တို့ပဲဖြစ်ပါတယ်။

ကျနော်ဘာလို့ဒီလိုရေးသားထားခဲ့သလဲ။

ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အ ထားမဲ့ တာဝန်မဲ့ရေးသားထားတာလား။ တချက်ချင်း ကျနော် ပြန်လည်တုန့် ပြန်သွားပါ့ မယ်။ အဲဒီလို မတုန့်ပြန်ခင်မှာ “အမှောင်ကြားက ဗမာပြည်” စာအုပ်နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောမှဖြစ်မှာကတော့၊ “အမှောင်ကြားကဗမာပြည်” စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကျေ ညာနိုင်တဲ့ ၁၉၄၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အကျဉ်းရုံးဖေါ်ပြထား တဲ့စာအုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့် “အမှောင်ကြားက ဗမာပြည်” ဆိုတဲ့ အမည်ကို ပေးထားရုံမက၊ (အနီးခေတ် ဗ မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းအကျဉ်း ၁၉၄၈ - ၂ဝဝဝ ) လို့လဲ ဖေါ်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ ပြည့်နှစ်အထိအတွင်း အနီးခေတ်နိုင်ငံရေးလှုပ်ရှားမှု သမိုင်း ကိုပဲအကျဉ်းရုံးဖေါ်ပြသွားနိုင်ဖို့ဇောင်းပေးရေးသားထားတာဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၈ ခုနှစ်ကို စပြီးဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်လိုဖြစ်ခဲ့ရ တဲ့ “ပြည်တွင်းစစ်” ကို ဖေါ်ကျူးရေးသားရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူစသလဲ၊ ဘာ့ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရသလဲ-ဆိုတာတွေကို ဖေါ်ပြရာမှာ၊ အဖြစ်အပျက်တွေဟာ ရှောင် တခင်ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်၊ အဲဒီ အကြောင်းရင်းခံ တွေကိုလဲ သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲ ဆက် စပ်ကြည့်ဖို့လိုတယ်-ဆိုပြီး၊ ၁၉၄၈ ခုနှစ်မတိုင်ခင် (၁ဝ) နှစ်တာလောက်အကြောင်းကို မလွှဲမရှောင်သာ နောက်ခံ ကားချပ်ကိုဖေါ်ပြခဲ့ရပါတယ်။

၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတခုလုံးကိုတောင် အကျဉ်းအဖြစ်ပဲ ရေးသားခဲ့ ရာမှာ၊ အဲဒီရဲ့ အဦးအစဖြစ်တဲ့ နောက်ခံကားချပ် (၁ဝ) နှစ်တာဟာ အကျဉ်းရဲ့အကျဉ်း သဖွယ်ပဲချုပ် ပြီးရေးသားခဲ့ရတာ ဖြစ်ပါတယ်။ အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ပတ် သက်ပြီး ရေးသားထား ချက်များဟာ အဲဒီအကျဉ်းထဲကမှ “ဖက်ဆစ်တော်လှန်ရေး” နဲ့ ပတ်သက်တဲ့အခန်းကဏ္ဍထဲက အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲ ကမှ တခန်းတဏ္ဍပါ အချက် (၃) ချက် ပဲဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖေါ်ပြထားချက်တွေထဲက အတိုချုပ်ပြီးရေးထား တာဖြစ်ပေမဲ့၊တချက်ချင်းကျနော်ပြန်လည်ရှင်းလင်းသွားပါ့မယ်။

ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း(၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်း မှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း-လို့ သခင်တင်မြရဲ့  ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း (၁ဝ)တိုင်းမှာ ဖေါ်ပြထားပါလျက်နဲ့ ကျနော်က “ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန် တာဝန်ခံ ဖြစ်ပါတယ်”လို့ဘာ့ကြောင့်ရေးသားဖေါ်ပြခဲ့တာလဲ။

ကျနော်က အမှန်ကိုပဲ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာပါခဲ့ပြီး၊ အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ သွားရောက်ခဲ့ခြင်းမရှိလို့ပါပဲ။ ဘိုဘိုကျော် ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ထဲကကို ကိုးကားပြခဲ့ပြီး၊ ကျနော်က သခင်တင်မြစာအုပ်ကို ကိုးကားခဲ့ခြင်းမရှိပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူး ချုပ်ကျော်ဇောရဲ့ရေးသားဖေါ်ပြချက်တွေကိုအဓိကထားကိုးကားခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက…
“ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မ ယူခဲ့၊ ပထမတိုင်း (၄) နိုင်ငံရေးမှူးတာဝန်လျာထားရာကိုလဲ မသွား၊ နောက် တိုင်း (၆) နိုင်ငံရေး မှူးတာဝန်ကိုလဲ သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး၊ ရန်ကုန်မှ ဂျပန် တပ်များဆုတ်ခွါပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်း နေခဲ့သည်။” လို့ဖေါ်ပြခဲ့ တာရှိပါတယ်။

မှတ်ချက် (၂) ဆိုပြီးဖေါ်ပြရာမှာ၊ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) မပို့တော့ပဲ၊ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ လို့လဲ ရေးသားထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်ရှု့နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က “ဦးဗဆွေနဲ့ ဦး ကျော်ငြိမ်း ကရန်ကုန်တာဝန်ခံဖြစ်ပါတယ်လို့ရေးသားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖေါ်ပြထားချက်၊ မှတ်ချက် (၄) ဆိုတာမှာဆိုလျှင်- ၁၉၅၂ ခုနှစ် က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေးအဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း (၄) ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူးတာဝန် ကျတာကို ဘာ့ ကြောင့်မလာသလဲလို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကိုကြောက်လို့ မလာတာ လို့ခပ်ပြောင်ပြောင်ပဲဖြေခဲ့ဖူးတယ်ဆိုတာတောင်ရေးသားထားပါတယ်။

“အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကိုသိနိုင်ပေသည်။” လို့တောင် ရှင်းရှင်း လင်းလင်းဖေါ်ပြ ထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ-စာမျက်နှာ-၈၁) ထဲမှာပဲတဆက်တစပ်တည်းဖတ်ရှု့ကြည့်နိုင်ပါတယ်။ အမုန်းကိုသာ အဓိက ထား ရေးရမယ်ဆိုရင်-အဲဒီလိုအချက်အလက်တွေကိုပါ ကျနော် ရှာဖွေရေးထည့်လိုက်မှာ ဖြစ် ပါတယ်။အခုကျနော်အတိုချုပ်ပဲရေးပြခဲ့တာဖြစ်ပါတယ်။

ဒုတိယအချက်၊ “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်းဖြစ်သည်” လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက်ဆိုတာနဲ့ပတ်သက်ပြီးလဲ ကျနော်ရှင်းပြနိုင် ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ အတိုချုပ်ပြီး ရေးခဲ့ တာအမှန်ကအဲဒီစာမျက်နှာ(၃၅)မှာ…

“စစ်တိုင်းများရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး၊ စစ် ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်းဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေးခေါင်း ဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ သခင် တင်မြ၊ ကိုစံညွန့်တို့ဖြစ်ကြပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင် မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း။ ဗိုလ်ရဲထွတ်၊ ဗိုလ်မှူး အောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့ဖြစ်ပြီး တိုင်း(၂) တိုင်း (၄)ဆက်သွယ်ရေးတာဝန်ခံ က ဗိုလ်လက်ျာဖြစ်ပါတယ်လို့ရေးခဲ့တာပါ။အဲဒီတော့…

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ်ထောက်ပြ ချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းက အထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး၊ မေလဆန်း ကွန်မြူနစ်ပါတီဌာန ချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်း ပြောင်း လဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ်ကြီးအဖြစ် ပြတ်ပြတ်သားသား ဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ဖေါ်ပြခဲ့မိတာဟာ ဘိုဘို ကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ်ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ် တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ်တိတိလင်း လင်းခံယူလိုက်တော့)၊ ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့ မလား။

တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ (၉) ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်၊ ဝင်းတင့်ထွန်းဟာ သခင် တင်မြကို ကြည့်မရ၍သော်၎င်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်၎င်း၊ သခင် တင်မြ အစား သခင်ဗဟိန်းကို အစားထိုးပြောင်းပစ်ခဲ့တယ်ဆိုတဲ့ကိစ္စအပေါ်မှာလဲ ကျနော် ရှင်းလင်းပြ နိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနော်မတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ “တိုင်းကြီး (၁ဝ)တိုင်း”ကိုပဲကိုင်ပြီးတဖက်သတ်ပြောဆိုနေတာဖြစ်တယ်။

ဟုတ်ပါတယ် … ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့် မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါ ပဲ။ ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကိုကိုင်စွဲပြီး ရေးခဲ့တာမဟုတ်ဘူး။ သခင်တင် မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော့်ရဲ့ ရေးသားချက်အတွက် ကျနော်ကိုး ကားခဲ့တဲ့ “ကျမ်းကိုးစာရင်း”ကိုလဲ စာအုပ်ထဲမှာ ထည့်သွင်းဖေါ်ပြထားရာမှာ၊ သခင်တင်
မြရဲ့ အဲဒီတိုင်းကြီး (၁ဝ) တိုင်း မပါပါဘူး။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ကျနော်ကိုးကား ခဲ့တာက သခင်ကြီးတွေစုစုပေါင်း ရာဂဏန်းလောက်ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီ တီတွေဖွဲ့ပြီး အထပ်ထပ်ရေးသားခဲ့ကြတဲ့ “တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့” က ပြုစုထုတ်ဝေခဲ့တဲ့ “တို့ဗမာအစည်းအရုံးသမိုင်း”ပါအချက်အလက်အရရေးခဲ့တာပါ။

အဲဒီ တို့ဗမာအစည်းအရုံးသမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးဘူးလို့ထင်ပါတယ်။ ဦးသိန်းဖေ မြင့်လဲ ရှိနေသေးရုံမက အဲဒီသမိုင်း ပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါဝင်နေပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းဖေ၊ သခင် သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ “ဒို့ဗမာ အစည်းအရုံးသမိုင်း” ဒုတိယတွဲ စာမျက်နှာ (၅၈ဝ) မှာ “မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီးဖွဲ့စည်းခြင်း”ဆိုတဲ့အခန်းမှာဟောဒီလိုရေးထားပါတယ်။…

“ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့  အရေးတော်ပုံပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက် ဆစ်တိုက် ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ခေါင်းဆောင်များမှာ-
၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်-တို့ ဖြစ်ကြသည်။”
တဲ့။

အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်း ရပြီး အပြင်မှာ ရှိနေသေးတဲ့အချိန်လို့ပြောရမှာပါ။ ၁၉၇၆ ခုနှစ် ပထမအကြိမ် သောင်းနဲ့ ချီထုတ် ဝေထွက်ပေါ်လာခဲ့ရာမှာ အချက်အလက်မှားနေတယ်လို့လဲ ပြောသံထွက်လာတာ မကြားခဲ့ရ ဖူးပါဘူး။ ဒါကြောင့် သခင်တင်မြတယောက်တည်းရေးတာထက်၊ သခင်တွေ ရာနဲ့ချီရေးထား တဲ့ အဲဒီစာအုပ်ပါအချက်အလက်ကို ကျနော်ကိုးကားရေးသားခဲ့တာ ဖြစ်သလို၊ အဲဒီအချက်နဲ့ ပတ်သက်ပြီး နောက်ထပ်ကိုးကားမိခဲ့တဲ့ အထောက်အထား စာ အုပ်တအုပ်လဲ ရှိပါသေးတယ်။

တက္ကသိုလ်များသမိုင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓါန်” စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့အမှာ ရေးသား ထားကြတဲ့ စာအုပ်ပါ။ အဲဒီ “မြဟန်” ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန်” ထဲမှာလဲ စာမျက်နှာ(၁ဝ၄) မှာ၊ “ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့် ဖေါ်ပြထားရာမှာ ဟောဒီလို ရေးသားထားပါတယ်။

ဖတပလဗဟိုဦးစီးအဖွဲ့ဝင်(၉)ဦး…..
၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊၇။သခင်ချစ်၊၈။ကိုဗဆွေ၊၉။ကိုကျော်ငြိမ်းဆိုပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီစာအုပ် နှစ်အုပ်ပါ အချက်အလက်ကို အထောက်အထားပြုပြီး၊ ကျနော့်ရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ အဲဒီအချက်အလက်ကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်းထင်သလိုသခင်တင်မြကိုကြည့်မရလို့ မလိုတမာပြောင်းလဲရေးသားခဲ့ခြင်း မ ဟုတ်ပါ။ အဲဒီစာအုပ် (၂) အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှု့ကြည့်ဖို့ လိုပါလိမ့် မယ်။

သမိုင်းကိုရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့အရာကိစ္စတွေဟာ များသောအား ဖြင့် ကျနော်တို့ မမီ မတွေ့လိုက်ရဖူးတဲ့ကိစ္စတွေက အများစုကြီးဖြစ်တဲ့အတွက်၊ အကိုးအ ကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော် မှီငြမ်းကိုး ကားခဲ့တဲ့ “ကျမ်းကိုး” စာရင်းကိုလဲ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ အမှာစာမှာလဲ “ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ်ဝေဖန်အကြံပေးကြမှုမှန်သမျှလေးစားစွာကြိုဆိုရင်း၊ နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်၊” လို့ ရိုး ရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့မရသလို၊ ညှာလို့လဲမရပါဘူး။ ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွား စေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။

(ဝင်းတင့်ထွန်း)
၁၂- ၁၂- ၂ဝ၁ဝ

Tuesday, August 17, 2010

တော်လှန်ရေး အဖွဲ့အစည်းများ

တော်လှန်ရေးတရပ် ဆင်နွှဲရာမှာ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ တော်လှန်ရေးဆင်နွှဲဖို့အတွက် တော်လှန်ရေးသမားတွေ စုစည်းမိလာ ကြတဲ့အခါ တော်လှန်ရေးအဖွဲ့အစည်းကို ဘယ်လိုသဏ္ဍာန်နဲ့ စုဖွဲ့ပြင်ဆင်မှာလဲ ဆိုတာက မေးခွန်းထုတ်စရာ ရှိလာပါတယ်။ လူအများကို အခြေပြုတဲ့ (Mass-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ထိပ်ပိုင်းက လူအနည်းစုကို အခြေပြုတဲ့ (Elite-based Revolutionary Organization) အနေနဲ့ စုဖွဲ့မှာလား၊ ဗဟိုဦးစီးစနစ် (Centralization) ကို အခြေခံမှာလား၊ ဗဟိုဦးစီးမှုဖြေလျှော့ထားသောစနစ် (Decentralization) ကို အခြေခံမှာလား ဆိုတဲ့ စဉ်းစားရွေးချယ်စရာ အချက်အလက်တွေ အများအပြား ပေါ်ထွက်လာတတ်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအတွင်းမှာ centralization စနစ်ကို ကျင့်သုံးမှာလား၊ decentralization စနစ်ကို ကျင့်သုံးမှာလား ဆိုတာက ဒီအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်လုပ်ကိုင်ကြမယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ လူတ ယောက်ကပဲ ဦးဆောင်ပြီး ဆုံးဖြတ်ချက်တွေ အားလုံးချမှတ်မယ်ဆိုရင် centralization စနစ် ကိုကျင့်သုံးတယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ လူအယောက် (၁၀၀၀) ရှိတဲ့ အဖွဲ့အစည်း ထဲမှာ ဆုံးဖြတ်ချက်တွေအားလုံးက လူအယောက် (၁၀၀၀) လုံးက ညီတူညာတူဆုံးဖြတ်ချက် ချမှတ်မယ်ဆိုရင်တော့ decentralization စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို မဟုတ်ပဲ သာမန်အဖွဲ့ဝင်တွေက လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်အချို့နဲ့ ခေါင်းဆောင်ငယ် တွေက ဆုံးဖြတ်ချက်အများစုကို ချမှတ်ပြီး၊ ဗဟိုအမှုဆောင်များက အရေးပါတဲ့ဆုံးဖြတ် ချက်အချို့ကို ချမှတ်မယ်ဆိုရင်တော့ centralization- decentralization continuum ရဲ့ အလယ်အလတ် စနစ်ကို ကျင့်သုံးတယ်လို့ ဆိုနိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းရေးရာ လေ့လာဆန်းစစ်သူ Jennergren က decentralization စနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေမှာလဲ decentralized လုံးဝမလုပ်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေရှိသေးကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။ အဲဒီ အရေးကြီးဆုံးဖြတ်ချက် များ (important decisions) တွေထဲမှာ အဖွဲ့အစည်းရေးရာဦးတည်ချက်များ (Organizational Objectives)၊ မဟာဗျူဟာ စီမံချက်များ (Strategic Plans) နဲ့ အခြေခံမူ ၀ါဒများ (Basic Policies) စတာတွေ ပါဝင်ပါတယ်။

စီးပွားရေးလောကက အဖွဲ့အစည်းတွေကို လေ့လာဆန်းစစ်ခဲ့တဲ့ အဖွဲ့အစည်းရေးရာ လေ့လာသူ Mintzberg က ဘဏ္ဍာရေး၊ ဥပဒေရေးရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို အများအားဖြင့် ထိပ်ပိုင်းခါင်းဆောင်များက ဆုံးဖြတ်ချက်ချလေ့ရှိပြီး၊ ဈေးကွက်ရှာဖွေရေးနဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အလယ်အလတ်ခေါင်းဆောင်များက ဆုံးဖြတ်ချက် ချလေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေမှာ centralized decisions တွေ ရှိနိုင်သလို decentralized decisions တွေလဲ ရှိနိုင်ကြောင်း သိသာ ထင်ရှားလှပါတယ်။ centralization နဲ့ decentralization စနစ်တွေကိုပဲ သီးခြား ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေဆိုတာ မရှိသလောက်ရှားပါးလှပါတယ်။ အဖွဲ့အစည်းရဲ့သဘောသဘာဝ ပေါ်မူတည်ပြီး degree of decentralization ကတော့ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။

decentralization ဟာ ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ အခြေခံပြီး၊ ဆုံးဖြတ်ချက်ချမှတ်မှု အတွက် သတင်းအချက်အလက်ဟာ အရေးပါလာတဲ့အခါမှာ အိုင်အက်စ်လို့ခေါ်တဲ့ သတင်း အချက်အလက်စနစ် (Information System) ရဲ့ အခန်းကဏ္ဍဟာလဲ degree of decentralization အပေါ်မှာ သက်ရောက်မှု ရှိလာပါတယ်။ တိုးတက်လာတဲ့ အိုင်အက်စ် စနစ်နဲ့ centralization/ decentralization တို့အကြားက ဆက်နွယ်မှုနှစ်ခုကို ပညာရှင် တွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်အနေနဲ့ အိုင်အက်စ်စနစ်ဟာ ဆုံးဖြတ် ချက်တွေချမှတ်ဖို့ လိုအပ်တဲ့သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရရှိနိုင်စေတဲ့ အတွက် centralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အခြားတဘက်မှာလဲ အိုင်အက်စ်စနစ် ဟာ အဖွဲ့အစည်းအတွင်းက စီမံခန့်ခွဲမှုအဆင့်တိုင်းကို သတင်းအချက်အလက်တွေ ပြည့် ပြည့်စုံစုံ ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက် ခြေအဆင့်ဆင့်ကို ဆုံးဖြတ်ချက်ချမှတ်လုပ်ဆောင်ခွင့်တွေ ပေးအပ်နိုင်ပြီး decentralization ကို တိုးမြှင့်ပေးနိုင်ပါတယ်။

ဒါကြောင့် မတရားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကို ဖြိုလှဲဖို့ ကြိုးစားလုပ်ဆောင်ကြတဲ့ political entrepreneurs တွေအနေနဲ့ အိုင်အက်စ်စနစ်ကို သက်ဆိုင်ရာတော်လှန်ရေး အဖွဲ့အစည်းအတွင်းမှာ အသုံးပြုဖို့ လိုအပ်ကြောင်း ပညာရှင်များကို ထောက်ပြပြောဆိုကြ ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုမိုထိရောက်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စိန်ခေါ်နိုင်မှုတွေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ တဆင့် တော်လှန်ရေးကွန်ယက်တွေ ချိတ်ဆက်ဖွဲ့စည်းပြီး ကွန်ယက်စစ်ပွဲ (netwar) ကို ဆင်နွှဲနိုင်ကြောင်း စစ်မဟာဗျူဟာလေ့လာရေး ပညာရှင် Arquilla နဲ့ Ronfeldt တို့က အကြံပြုထားခဲ့ကြပါတယ်။

ခေတ်မီဖွံ့ဖြိုးတဲ့ နည်းပညာတွေကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်၊ ရဲတွေကို တော်လှန်ရေးအင်အားစုကြီး တွေနဲ့ ထိပ်တိုက်တိုက်ပွဲဝင်စရာမလိုပဲ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုတွေကို တိုက်ရိုက် တိုက်ခိုက်လာနိုင်စေပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များကတော့ အာဏာ ရှင်ယန္တရားကို ထောက်ကူပေးတဲ့ ဘဏ်တခုကို လူအင်အားသုံးပြီး ၀င်ရောက်စီးနင်းတိုက် ခိုက်တာထက် ဒီဘဏ်လုပ်ငန်းလည်ပတ်မှုကို ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို တိုက်ခိုက် နိုင်မှုက ပိုပြီး ထိရောက်မှုရှိလာကြောင်း ပြောဆိုလာကြပါတယ်။

ဒါပေမယ့်လဲ ခေတ်မီတိုးတက်တဲ့ အိုင်တီစနစ်၊ အိုင်အက်စ်စနစ်တွေကို အသုံးပြုခြင်းအားဖြင့် အဖွဲ့အစည်းရဲ့ လုံခြုံရေး (security of the organization) ကို ထိခိုက်မှုရှိစေနိုင်ကြောင်း ကိုလဲ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင် Bell ဆိုခဲ့တဲ့အတိုင်း တော်လှန်ရေး အဖွဲ့အစည်းတွေ ပတ်သက်တဲ့ old wives' tale တခုရှိပါတယ်။ ဒါကတော့ အဖွဲ့အစည်းရဲ့ လုံခြုံရေး (Security of the organization) နဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက် အောင်မြင် အောင် လုပ်ဆောင်နိုင်မှု (efficiency) တို့ အကြားမှာ ပြောင်းပြန်ဆက်စပ်မှု (inverse relation) ရှိနေတာပဲ ဖြစ်ပါတယ်။

လံခြုံရေးဆိုတာက နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားရဲ့ ချေမှုန်းနိုင်စွမ်းကို တောင့်ခံနိုင်မှုနဲ့ သတင်းအချက်အလက်ပေါက်ကြားမှုကို ထိန်းချုပ်နိုင်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ Efficiency ဆိုတာကတော့ ချမှတ်ထားတဲ့ စီမံချက်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းတော်လှန်ရေးအဆက်ဆက်ရဲ့ သင်ခန်းစာများအရ Efficiency ကို အာရုံစိုက် လုပ်ဆောင်မှုများလေလေ၊ အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ထိခိုက်လေလေပဲ ဖြစ်ပါတယ်။ မဟာဗျူဟာလေ့လာသူ McCormick က တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပြီး ကွန်ယက်ချိတ်ဆက်မှုတွေ၊ decentralization process တွေကို အကောင်အထည်ဖော်တဲ့အခါ အချိန်အနည်းငယ်အတွင်း Efficiency ဖြစ်အောင် လုပ်ဆောင်နိုင်မှသာ အောင်ပွဲကို ရမှာဖြစ်ပြီး၊ အချိန်ကြာလာခဲ့ရင်တော့ တော်လှန်ရေးအဖွဲ့ အစည်းရဲ့ လုံခြုံရေးကို ထိခိုက်မှု ပိုများလာတာနဲ့အမျှ ပျက်စီးတိမ်ကောသွားနိုင်ကြောင်း ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ရေတိုကာ လမှာ Efficiency ရဖို့အတွက် ရေရှည်ရပ်တည်နိုင်မှုရဲ့ security ကို ဘယ်လောက် အတိုင်းအတာအထိ sacrifice လုပ်ဖို့သင့်သလဲဆိုတာကို တိုက်ပွဲဖော်ဆောင် လှုပ်ရှားမှု သဏ္ဍာန်တိုင်းမှာ ရွေးချယ်ဆုံးဖြတ်နိုင်ကြဖို့ လိုအပ်လှပါတယ်။

ဒီလိုမဟုတ်ပဲ ဗဟိုဦးစီးစနစ်နဲ့ မြေအောက်ဆဲလ်တွေအပေါ်မှာ အခြေခံတည်ဆောက်မှု သဏ္ဍာန် (hierarchical cell-based organization) ကနေ ကွန်ယက်သဏ္ဍာန် (network structures) ကို ကူးပြောင်းမှု လုပ်မယ်ဆိုရင်လဲ တိုးတက်ပြောင်းလဲလာတဲ့ efficiency နဲ့ ညီမျှတဲ့ security ကို တပြိုင်တည်း တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ Network structures ပေါ် အခြေခံတဲ့ ချိတ်ဆက်မှုတွေမှာ အဖွဲ့အစည်းငယ်လေးတွေ (nodes) အများအပြား ပါဝင်ပြီး၊ ဒီ nodes တွေအကြားက ဆက်စပ်မှု၊ ဆက်သွယ်မှု (interconnections) တွေလဲ အများအပြား ပါရှိတဲ့အတွက် သတင်းလုံခြုံရေး ရဖို့ဆိုတာကတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ Node တခုကို နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားဒေါက်တိုင်တွေက ခြေရာခံမိတာနဲ့ Network structure ကြီးတခုလုံးကို ရန်သူက ဖြိုခွင်းနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားတတ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် centralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက security ကောင်းမွန်ပြီး ရေရှည်မြှုပ်နှံဖို့ လိုအပ်တဲ့ တော်လှန်ရေးအတွက် ပိုပြီး အသုံးဝင်တတ်သလို၊ decentralization မှာ အားသာတဲ့ အဖွဲ့အစည်းတွေက efficiency တိုးမြှင့်ပေးနိုင်တဲ့အတွက် ရေတိုတော်လှန်ရေးကာလအတွင်း အောင်ပွဲရနိုင်မှုအတွက် အသုံးဝင်တတ်ပါတယ်။ သက် ဆိုင်ရာတော်လှန်ရေးရဲ့ ရေတိုရေရှည် အတိမ်အနက်ကို မှန်မှန်ကန်ကန် သုံးသပ်တွက်ချက် နိုင်ဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ရေရှည်မြှုပ်နှံရမယ့် မြေအောက်တော်လှန်ရေးအချိန်မှာ ပဲ့ကထောင်၊ ဦးကနင်းနဲ့ ကသောင်းကနင်း decentralization အဖွဲ့အစည်းတွေ မှိုလိုပေါက် လာပြီး၊ ရေတိုကာလအတွင်း အဆုံးသတ်တိုက်ပွဲနွှဲရမယ့် အချိန်မှာကျတော့မှ ဟိုအဖွဲ့ကလဲ နှစ်ယောက်တပိုင်း၊ ဒီအဖွဲ့ကလဲ မချိသာမဆန့်သာနဲ့ မပီမပြင်ထွက်ပေါ်လာတာမျိုးတွေ ကြုံတွေ့ကြရမှာပဲ။

တော်လှန်ရေးအဖွဲ့အစည်းတွေမှာ elite-based နဲ့ Mass-based organization ကွဲပြားမှု တွေလဲ ရှိပါသေးတယ်။ centralization/ decentralization ကွဲပြားမှု သဏ္ဍာန်လိုပါပဲ။ continuum အနေနဲ့သာ ရှိပါတယ်။ ရေပေါ်ဆီအခြေပြုအဖွဲ့အစည်းနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုပြီး သီးခြားခွဲထုတ်နိုင်ဖို့ကတော့ အလွန်ခဲယဉ်းလှပါတယ်။ အဖွဲ့အစည်းတခု ဟာ elite-based လား၊ mass-based လားဆိုတာကို ပညာရှင်အများစုက အဖွဲ့အစည်းရဲ့ အရွယ်အစားနဲ့ ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ အလွယ် တကူ စဉ်းစားနိုင်တဲ့ နည်းလမ်းတခုကတော့ တော်လှန်ရေးအဖွဲ့အစည်းတခုမှာ ရှိနေတဲ့ ထိပ်ပိုင်းခေါင်းဆောင် ဆယ်ယောက်ကို ဖမ်းဆီးထောင်ချလိုက်ရင် (သို့မဟုတ်) လုပ်ကြံသတ် ဖြတ်လိုက်ရင် ဒီအဖွဲ့အစည်းရဲ့ အောင်ပွဲရနိုင်မှု စွမ်းရည် ကျဆင်းသွားမှု ရှိမရှိ ဆိုတာပါပဲ။ ဒီလိုဖြစ်မယ်ဆိုရင်တော့ ဒါကို elite-based revolutionary organization လို့ သတ်မှတ်နိုင် ပါတယ်။ ဒီလိုမဟုတ်ပဲ အဖွဲ့အစည်းအတွင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တ၀က်ကျော်ကို ချေမှုန်းနိုင်မှ သာ အောင်ပွဲရနိုင်မှုစွမ်းရည် ကျဆင်းသွားမယ်ဆိုရင်တော့ ဒါကို mass-based revolutionary organization လို့ သတ်မှတ်နိုင်ပါတယ်။

တော်လှန်ရေးတရပ်ဆင်နွှဲရာမှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ elite-based များနေရင် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ဒေါက်တိုင်တွေအနေနဲ့ ဖြိုခွင်းရ လွယ်ကူပါတယ်။ ဒီလိုအာဏာပိုင်တွေဘက်ကနေ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်းအားဖြင့် တော်လှန်ရေးဟာလဲ ကြန့်ကြာနေတတ်ပါတယ်။ Mass-based များ နေရင်တော့ ဖြိုခွင်းရ ခက်ခဲတတ်တာကြောင့် တော်လှန်ရေးဘက်မှာ ပိုပြီး အားသာချက်ရှိ လာနိုင်ပါတယ်။

စစ်ပညာရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းရဲ့ centre of gravity ဟာ ဘယ်မှာတည်ရှိနေလဲဆိုတာကို သိလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ elite-based, mass-based သဏ္ဍာန်ကို ဆန်းစစ်နိုင်လာပြီး၊ ဒီအဖွဲ့အစည်းရဲ့ အောင်မြင်နိုင် မှုအတိုင်းအတာကို သုံးသပ်မှန်းဆနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရူပဗေဒပညာရပ်မှာ centre of gravity ဆိုတာ ရုပ်ဝတ္တုတခုရဲ့ ရွေ့လျားခြင်း၊ လည်ပတ်ခြင်း၊ ရွေ့လျားမှု ရပ်ဆိုင်းခြင်းတွေကို ဖြစ်ပေါ်စေတဲ့ extraneous forces အားလုံး ဆုံတဲ့ ဆုံမှတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝတ်စ်က စစ်တပ်များ တပ်စွဲနေရာယူမှုတွေကို ဖော်ပြတဲ့အခါမှာ ဒီသဘောတရားကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တနည်းဆိုရင် centre of gravity ဆိုတာ ပါဝါနဲ့ လှုပ်ရှားမှုတွေ အားလုံးတည်မှီနေတဲ့ hub တခုလို့ ဆိုနိုင်ပါတယ်။ တိုက်ပွဲတခုရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးနိုင်သော၊ အားအကောင်းဆုံးသော တပ်ရင်း၊ တပ်မတွေကို centre of gravity အနေနဲ့ conventional war တွေမှာ သတ်မှတ် လေ့ရှိကြပါတယ်။

ကလော့ဝစ်ရဲ့ strategic doctrine အရ တပ်မှူးတွေဟာ မိမိရဲ့ centre of gravity ကို သိဖို့ လိုအပ်သလို၊ တဘက်ရန်သူရဲ့ centre of gravity ကိုလဲ သိဖို့ လိုအပ်လှပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာလဲ ဒီအတိုင်းပါပဲ။ တော်လှန်ရေးခေါင်းဆောင်တွေဟာ တော်လှန်ရေးရဲ့ centre of gravity ကိုသာမက နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားရဲ့ centre of gravity ကိုပါ သိဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ centre of gravity ဟာ mass-based မဟုတ်ပဲ elite-based ဖြစ်နေသရွေ့ ကာလပတ်လုံးမှာတော့ အောင်ပွဲနဲ့ ဝေးကွာနေဦးမှာ အသေအချာပါပဲ။

ခင်မမမျိုး (၁၇၊ ၈၊ ၂၀၁၀)



ရည်ညွှန်းကိုးကားစာရင်း

Arquilla, J. & Ronfeldt, D. (1997) 'The Advent of Netwar', in 'In Athena's Camp: Preparing for Conflict in the Information Age', Santa Monica: RAND

Bell, J. B. (1989) 'Aspects of the Dragonworld: Covert Communications and the Rebel Ecosystem', International Journal of Intelligence and Counterintelligence, 3 (1)

Jennergren, L. P. (1981) 'Decentralization in Organizations', in Nystrom, P. & Starbuch, W. (eds.) Handbook of Organizational Design: Volume 2, Remodeling Organizations and their Environments, Oxford, Oxford University Press

McCormick, G. H. (1997/ 1998) 'Che Guevara: The Legacy of a Revolutionary Man', World Policy Journal, Winter 1997/ 1998

Mintzberg, H. (1993) Structure in Fives: Designing Effective Organizations, Englewood Cliffs, N.J.: Prentice Hall

Tilly, C. (1978) From Mobilization to Revolution, New York, McGraw Hill

Monday, July 19, 2010

၆၃ကို တိုင်တည်ခြင်း



၆၃ကို တိုင်တည်ခြင်း

ကြာနေပြီ ---
ဥသြဆွဲသံ မေလှမြိုင်လွမ်းချင်း တိတ်ဆိပ်ခြောက်ကပ်၊
မကောင်းဆိုးဝါးခေတ်မှာ ---
အာဇာနည်ပုံရိပ်ပင် မမြင် ဦးညွှတ်ဂါရဝ မပြုရ၊
ခံစားမှုစာမျက်နှာ ပြန်ဖတ် ---
အတိတ်ဟာ စိတ်နာစရာ မကြေနပ်ချက် အပြည့်၊
ဒီအချိန် စစ်ကျွန်ဘဝ ရလိုသူများ -
သိက္ခာသုတ်သင်ပွဲ အိုးမဲအပြန်အလှန်လူး လုဝင်နေ၊
မျိုးဆက်ပွင့်သစ် ---
အနာဂတ်တွေ လှပဖို့ 
အာရုံဖြစ်သမျှ ဘယ်တော့မှ မမေ့ မပြေ ရင်ဆိုင် ပုန်ကန်မြဲဟေ့ ။ ။

ဒေါင်းနီ
ဝ၇ - ၁၆ - ၂ဝ၁ဝ

Friday, July 16, 2010

ခွေးတိုးပေါက်၊ ငါးမျှားချိတ်နဲ့ ဖွတ်

ကာတွန်း ကိုဟန်လေးရဲ့လက်ရာပုံပါ။

ကျနော်ငယ်ငယ်က အဖြစ်အပျက်လေးတခုသတိရမိတယ် သူငယ်ချင်းတွေနဲ့ စစ်တိုက်တန်း ကစားကြတာ ကစားရင်းနဲ့ ခြံစည်းရိုးတခုနားရောက်တော့ အောက်ခြေမှာ အပေါက်သေးသေး လေးတခုတွေ့တယ် ခွေးတိုးပေါက်လို့ခေါ်တာပေါ့လေ ကစားရင်းနဲ့ အရှိန်လေးကလည်းရှိ တော့ ခလေးပဲဆိုတော့ တဖက်ရောက်ဘို့တိုးဝင်လိုက်တာ ကျောကုန်းမှာ ခြံစည်းရိုးနဲ့ငြိက ရော သွေးတွေထွက်လာတော့ ထုံးစံအတိုင်းငိုတော့တာပေါ့ဗျာ ပြီးတော့ ကျနော့်ဘဘ ဆီကိုအော်ပြေးတော့တာပေါ့ ဘဘကမေးတယ် မင်းဘာဖြစ်လာတာလဲတဲ့ ကျနော်ဟိုအ ပေါက်ကလေးကတိုးဝင်လိုက်တာ အခုလိုဖြစ်သွားတာဆိုတော့ တယ် ဒီကောင်လေးနယ် အဲ့ဒါ ခွေးတိုးပေါက်လေးပဲကွ မင်းကလူလေခွေးမှမဟုတ်တာ ဖြစ်ပြီမလား လာခဲ့ဆိုပြီး အရက်ပြန် နဲ့သုတ်တော့ အော်ခဲ့ရတာလေးမှတ်မိနေသေးတယ်။ (စကားချပ်)

အခုလဲလေ နအဖစစ်အုပ်စုကလုပ်မဲ့ (၂၀၁၀) ရွေးကောက်ပွဲဆိုတဲ့ အပေါက်ကနေတိုးဝင် ကြဘို့လုပ်နေကြတဲ့သူတွေအတွက် ကျနော်စဉ်းစားမိနေတာကတော့ ကျနော်ငယ်ငယ်က ခွေးတိုးပေါက်ကတိုးဝင်သလိုဖြစ်နေမလားတွေးမိတာ။ ဘယ့်နှယ့်ဗျာ အခြေခံဥပဒေဆိုတာကြီး တခုလုံးကလည်း ဘယ်လိုမှတရားမျှတမှုမရှိ (ဥပမာ။ ။ စစ်တပ်က အာဏာသိမ်းလို့ရအောင် တောင်ဥပဒေထဲထည့်ရေးထားတာ ကမ္ဘာပေါ်မှာ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိဘူး) ဒါကြီး အောက်မှာမှ ကော်မရှင်ဆိုတာလဲ စစ်အုပ်စုစိတ်ကြိုက်လူတွေနဲ့ ဥပဒေကလဲ မတရား ဒီတော့ ဒီရွေးကောက်ပွဲကဘာဖြစ်လာမလဲ ရှင်းနေတဲ့ဟာကြီးနော်။ ကြံဖွံအသင်းကနေ အခု ပါတီဖြစ် သွားပြီ။ ဒါကို ကြံဖွံအသင်းဆိုတာကြီးစစ်အုပ်စုလုပ်ကတည်းက ထောက်ပြခဲ့ကြတာပဲ တချိန် မှာ ဒီလိုလုပ်မှာပါဆိုတာလေ။ ဒါကိုပဲ တလော့လေးကကြားလိုက်ပါသေးတယ် ဒီအပေါက်က နေတဆင့်သွားသင့်တယ်လေးဘာလေး မြန်မာ့အရေးဆိုင်ရာပညာရှင်လေးတွေ စာတမ်းဖတ် တယ်ဆိုလားဘာလား။ အေးဟေ့ အားနာနာနဲ့ပြောရရင်အဲ့ဒါခွေးတိုးပေါက်ဟေ့ ခွေးတိုးပေါက် ဟ စည်းကမ်းရှိသောဒီမိုကရေစီ ဆိုတာကြီးကို စစ်အစိုးရက သွားပါ့မယ်ပြောပြောနေတာလေ ဒီလောက်မှဖွင့်မထားရင်ဘယ်ရမလဲ။ ဒါကိုအခွင့်အလမ်းးဆိုပြီးမှန်းနေကြတာ တော်တော်လေး ကိုခက်နေကြပါကလား။

အခုပဲကြည့်လေ ရွေးကောက်ပွဲဘယ်ရက်စမယ်မပြောသေးပေမဲ့ ကြံဖွံပါတီကြတော့ လုပ်စရာ ရှိတာတွေလုပ်နေကြတာ ဗိုလ်သိန်းစိန်တောင် ဦးသိန်းစိန်လုပ်ပြီးသွားပြီ ကျန်တဲ့ပါတီတွေ ကြတော့ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ အိုဗျာ.. စုံနေတာပဲ ဒါလားဒီမိုကရေစီသွားခြင်တာ။ ဗမာစကားပုံတွေကစုံနေတော့ ထပ်ပြောခြင်သေးတာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ စစ်အုပ်စု ကငါးစာချထားတာ ဟင်း…ပြေးဟတ်လိုက်လို့ကတော့ ငါးမျှားစာမိပြီသာမှတ်၊လွှတ်တော်ထဲ အတိုက်အခံတွေမရောက်နိုင်အောင်ဂွင်ဆင်ပြီးသားကြီးရှင်းနေတာပဲလေ။ တိုင်းရင်းသားပါတီတချို့ အခုထိတောင်မှတ်ပုံတင်လို့မရသေးဘူး စစ်အုပ်စုဘက်ကတော့ အကွက်စေ့အောင်သေသေချာချာလုပ်နေတာ ရှင်းနေတာပဲ အာဏာသူတို့လက်ထဲကနေလွတ် မသွားအောင်ပုံစံတမျိုးနဲ့ ဂွင်ဆင်ထားတာကြီး။

အခုတလောရွေးကောက်ပွဲဝင်မယ်လို့ဆိုထားတဲ့အဖွဲ့တွေပဲ မီဒီယာမှာ ငြီးသံလေးတွေစုံလို့ ကြားလာရတာ တချို့ကြတော့လဲ နီးစပ်ရာလေးတွေငြီးးပြသဗျ ဒီပုံဆိုရင်တော့ ဘာဖြစ်သ လေးညာဖြစ်သလေး ရွေးကောက်ပွဲဆိုတာနီးလာလေ သူတို့လုပ်ရကိုင်ရတာ ကြပ်လာလေနဲ့ တူပါတယ်လေ။ အစကတည်းက ဒါကြီး(၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးက) လိမ်ဆင်ကြီးပါ ဆိုတော့ ဒီအပေါက်ကပဲတိုးဝင်ရမယ်ဆိသလိုလို အခုတော့ငြီးလာလိုက်ကြတာလေ။ ကျနော် တွေးမိတယ်လေ အော်... အိပ်များငိုက်လာလိုက်ကြသလားလို့။ ဟုတ်တယ်လေ ကြာလေ ဘီလူးရုပ်ကပိုပီပြင်လာလေဆိုတော့ ဖြစ်ကြမှာပေါ့လေ လူ့သဘာဝကိုး။

ဒီတော့ အကြံလေးဘာလေး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိုယ်တော့်ကြီး၊သေးများကို အကြံ ပေးခြင်သဗျာ။ အခုကတည်းက မတရားတာတွေကို စံနစ်တကျထောက်ပြကြပါ စုနိုင်သမျှ စုပြီးလုပ်ပေး၊ တောင်းဆိုပေး။လူထုကိုစည်းရုံးလို့ရသလောက်ဂွင်ကနေ ဒီဟာကတော့ မတရား တာ ၊ဒါကတော့ မဖြစ်သင့်တာဆိုတာကို တိုင်းပြည်ကိုရွေးကောက်ပွဲကနေတဆင့် ပြောင်းလဲမှု ဆီသွားခြင်ပါတယ်ဆိုတဲ့သူတွေက လုပ်ကိုလုပ်ရမဲ့အလုပ်လို့ထင်တာပဲ။ ဒါလုပ်နိုင်တဲ့အလုပ် လေးတွေကို တရားသဖြင့်လုပ်တာလို့ ကျုပ်ကတော့ထင်တာပဲ၊ ကျုပ်တို့ကတော့ (၂၀၁၀) အစကတည်းက လက်မခံဘူး ဒီတော့ ကျုပ်တို့အလုပ်ဆက်လုပ်သွားကြမှာပါ စိတ်ချပါ။ ဒီလိုမဟုတ်လို့ကတော့ နောက်ထပ်စကားပုံလေးတခုပြောရအုံးမယ်ဗျာ မွဲခြင်တဲ့ခွေးပြာပုံတိုး တဲ့ လိုအပ်သလိုသာတွေးကြပေတော့ဗျို့။ ခင်းဗျားတို့နဲ့(ရွေးကောက်ပွဲဝင်ခြင်တဲ့သူတွေ) နဲ့ ကျနော်တို့နဲ့ တိုင်းပြည်ကိုပြောင်းလဲခြင်တာတော့ တူလောက်တယ်ထင်တာပဲ။ မတူတာက စဉ်းစားတွေးခေါ်လုပ်ကိုင်ပုံပဲ။ ထားလိုက်ပါတော့လေ ဗန်းမော်ဆရာတော် စကားနဲ့ပြောရ ရင်တော့ ဖွတ်ကြိုက်တဲ့ကောင်ကလည်းဖွတ်၊ မိန်းမကြိုက်တဲ့ကောင်ကလည်းမိန်းမလို့ ပြော သွားတာတော့ ကြားဘူး၊ဖတ်ဘူးပါတယ်။

အော် ကျန်သွားလို့ထပ်ပြောပါရစေဗျာ ဘာတဲ့.. အော် ဘုရားမှတ်လို့ကိုးကွယ်တာ ဖွတ်ထွက် လာမှ တောင်ပို့မှန်းသိတော့တယ်ဆိုသလိုဆိုရင်တော့ ကျိန်းသေတယ်ဗျို့ ထွက်လာမဲ့ဖွတ်က ကြံ့ဖွတ် ဆိုတာတော့ ကျိန်းသေတယ်။

ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

Tuesday, July 6, 2010

ဆဲဗင်းဂျူလိုင်

Saturday, May 1, 2010

ဥပဒေအထက်က စစ်အုပ်စုတဲ့လား...


ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့အပြောကို (နအဖ) စစ်ခေါင်းဆောင်တွေ တွင်တွင် ကြီးပြောတတ်ကြပါတယ်။ စစ်အုပ်စုအာဏာသိမ်းထားတဲ့တောက်လျှောက် ဥပဒေတွေ၊အမိန့် တွေ တသီကြီးထုတ် ပြီးတော့ သူတို့ထုတ်ထားတဲ့ ဥပဒေကိုပဲ သူတို့ကိုယ်တိုင်မလေးစား၊မ လိုက်နာ လူထုကိုကြတော့ ဥပဒေဖောက်ဖျက်ရင် ပြင်းထန်စွာအရေးယူမယ်လေးဘာလေးနဲ့ ပြောနေလိုက်တာ တော်တော်နားကြားရခက်နေတော့တာပါပဲ။ မနေ့ကပဲ ဗိုလ်သိန်းစိန်ကနေ ဦးသိန်းစိန်ပြောင်းပြီး ပါတီမှတ်ပုံတင်လိုက်ပြန်ပကော နအဖကထုတ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတာ ဘယ်လိုမှတရားမျှတမှုမရှိဘူးဆိုတာ လူတိုင်းနီးပါးမြန်မာပြည်မှာ သဘောပေါက်နေတဲ့ကိစ္စ ဟောအခု အာဏာရမ္မကလောဘဘယ်လောက်ကြီးနေသလဲဆိုရင် ဝန်ကြီးချုပ်တာဝန်ကြီးတန်းလန်းနဲ့ ပါတီမတ်ပုံတင်လာပြီကောလေ သိန်းစိန်နဲ့ ပါတီမှတ်ပုံတင် စာရင်းမှာပါလာတဲ့ ပါတီခေါင်းဆောင်တွေဆိုတဲ့သူတွေအားလုံး နအဖ စစ်အုပ်စုက သူတို့ကို သူတို့ နိုင်ငံဝန်းထမ်းပါလို့ပြေနေတဲ့ စစ်ဗိုလ်တွေကအများစု ဒီတော့ ဥပဒေဆိုတာကို လိုအပ် ရင်စိတ်ကြိုက်ထုတ်မယ် တရားတာ မတရားတာငါတို့မသိဘူး လိုအပ်ရင်ဗြောင်လည်းလုပ် တယ်ကွာ ဘာတတ်နိုင်တုန်းဆိုတဲ့သဘော လူမိုက်လုပ်တယ်ပြောပါတော့။

တိုင်ပြည်မှာဗြောင်လိမ်ပြောင်စားဘယ်သူတွေလုပ်ပြီး အာဏာကိုဘယ်သူတွေက အငန်းမရ ဖြစ်နေသလဲဆိုတာ ရှင်းနေတာပဲ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲ ကော်မရှင်၊ရွေးကောက် ပွဲဥပဒေဆိုတာတွေကို အဲ့ဒီအချိန်က (နဝတ) စစ်အုပ်စုကပဲ ပြဌာန်းပေးခဲ့တာပဲ တပြည်လုံးက နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ခဲ့ကြတာပဲ အဲ့ဒီအချိန်က ၈၈၈၈ လေးလုံးလူထုတိုက်ပွဲ အရှိန်က တော်တော်လေးကျန်နေသေးတော့ မဲပေးတာဟာ မနက်အစောကြီးကစတယ် ညနေ မဲရုံပိတ်တော့ မဲရေ(ရည်)ရတယ်။ အဲ့ဒီအချိန်ကကော်မရှင်ဆိုတာဟာ တစုံတရာ လူသိသူသိ ပုဂ္ဂိုလ်တချို့ပါသေးတယ်။ သမာသမတ်တော့ရှိလှတယ်မဟုတ်ဘူး ထားပါတော့ ဒါပေမဲ့ အောက်ခြေ မြို့နယ် ကျေးရွာ၊ ရပ်ကွက်အဆင့်မှာကြတော့ အမှန်အတိုင်းမဲရေ(ရည်)ပေးမဲ့ သူတွေက မဲရုံအများစု ဒီတော့ အားလုံးသိကြတဲ့အတိုင်း NLD ကမဲပြတ်နိုင်ရော စစ်အုပ်စု မျက်ဖြူဆိုက်တော့တာပဲလေ ဒီမှတင် ဗြောင်လိမ်ဗြောင်စား အာဏာအငန်းမရဖြစ်မှုက အရပ် စကားနဲ့ပြောရရင်ပေါ်တင်ကြီးလုပ်တော့တာပဲ အာဏာမအပ်ဘူး လွတ်တော်ခေါ်ဘို့ ဝေလာ ဝေး တောက်လျှောက်ညစ်ပတ်တော့တာပဲ အားလုံးသိပြီးသားအမိန်တွေတသီကြီးထုတ် လွှတ် တော်အမတ်တွေဖမ်း ပါတီတွေမတရားအသင်းကြေငြာ တောက်လျှောက်ပြောင်မတရားလုပ် ခဲ့တာပဲ ရှင်းနေတာပါ။

နောက်အမျိုးသားညီလာခံဆိုတာကို နှစ်ရှည်လများ စိတ်ကြိုက်လုပ် ဥပဒေကို စိတ်ကြိုက်ရေး ရတဲ့နည်းနဲ့ လိမ်ကောက်၊အကြပ်ကိုင်၊ခြိမ်းခြောက် နည်းပေါင်းစုံနဲ့အတည်ပြု လုပ်ခြင်တိုင်း လုပ်ပြီးအတည်ပြုထားတဲ့ဥပဒေအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးပွဲထုတ်လာတာ ကလား ဒီလိုကလိန်ကျိငြမ်းဆင်လာတာတောင် အားမရဘူး အဲ့ဒီဥပဒေအရ လွတ်တော်ထဲမှာ စစ်ဗိုလ် ၂၅ နှုန်း က ရွေးကောက်ခံစရာမလို အော်တော်မစ်တစ်အနေအထား လွတ်တော်ထဲ မှာ မဲခွဲရင် ၇၅ ရာခိုင်နှုန်း ကျော်မှ အဲ့ဒီဥပဒေပြင်လို့ရမှာ ဒါတောင်အားမရဘူး အခု ကြံဖွံ ပါတီထောင်ပါပြီပေါ့ဗျာ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံတော်လစာစားရင်ဘယ်သူမဆိုဝန်ထမ်းပဲ နိုင်ငံဝန်ထမ်းတွေ နိုင်ငံရေးပါတီမှာဝင်ရင် ဝန်းထမ်းအဖြစ်ကနှုတ်ထွက်ရမယ် ဒါမှမဟုတ်ရင် အဲ့ဒီပါတီကို မှတ်ပုံတင်ခွင့်မရပဲဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ ဥပဒေဘယ်ရောက်သွားလဲ ရှင်းနေ တာပဲ စစ်တပ်ကထွက်တယ် ဝန်ကြီးချုပ်ဆက်လုပ်တယ် ဗိုလ်ကိုဦးပြောင်းတာကလွဲလို့ ဘာမှ မထူး။ ဒီတော့…စစ်အုပ်စုက ဥပဒေအပေါ်မှာရှိနေပြီး ကျန်တဲ့ရွေးကောက်ပွဲကနေသွားပါ့မယ် ဆိုတဲ့ပါတီတွေကသာ ဥပဒေအောက်မှာရှိနေတဲ့သဘောပေါ့ ဒီနေရာမှာ မပြောခြင်ပေမဲ့ ပြောရ ပါတော့မယ်။

ရွေးကောက်ပွဲသည်သာ တခုတည်းသောထွက်ပေါက်၊ရွေးကောက်ပွဲကနေ လွတ်တော်ထဲမှာ ပြင်ယူမယ်၊ ဥပဒေတွေကိုမကြိုက်သော်လည်း ရွေးကောက်ပွဲနဲ့သာအဖြေရှာမယ်ဆိုတဲ့ သူ တွေကိုတောင် ဗြောင်စော်ကားလိုက်တာပါပဲ။ မလုပ်ရသေးတဲ့ရွေးကောက်ပွဲဥပဒေဆိုတာ တောင် စစ်အုပ်စုက ဗြောင်စဖောက်နေပြီကွယ်ရို ရွေးကောက်ပွဲမှာ ခင်ဗျားတို့နိုင်မယ်ဆိုရင် တောင်အနည်းစုလေး ဘာမှာကိုလုပ်လို့မရအောင်ကို စစ်အုပ်စုကလုပ်မှာပါ။ လွှတ်တော်ထဲ ရောက်သွားတဲ လွှတ်တော်ကိုယ်စားလှယ်အရုတ်ကလေးတချို့လောက်တော့ ဖြစ်မှာပေါ့နော် (စမ်းကြည့်လိုက်ကြပါ သမိုင်းမှာတော့ မှတ်တိုင်ဖြစ်သွားကြမှာ စိတ်ချ) ဒီတော့ ရွေးကောက်ပွဲ ကိုယ်လက်ခံတဲ့သူတွေနဲ့ လက်မခံတဲ့သူတွေကြားမှာ ကွာတာက ၂၀၀၈ ဥပဒေကိုလက်မခံတဲ့ သူတွေက ရွေးကောက်ပွဲကိုမဝင်ဘူး လက်ခံတဲ့သူတွေက ရွေးကောက်ပွဲဝင်တယ်ဆိုတဲ့ သဘောက ရှင်းနေတော့တာပဲ။

ဒီတော့ ရွေးးကောက်ပွဲကိုအဖက်ဖက်မှ စိတ်ကြိုက်ပြင်ထားတဲ့ စစ်အုပ်စုက ဥပဒေကို ဗြောင်လိမ်ဗြောင်စားလုပ်လာတာဟာ တနည်းအားဖြင့် ဗြောင်ချိုးဖောက်လာတာဟာ ရွေး ကောက်ပွဲကိုလက်ခံတဲ့ ဥပဒေအရဝင်ပြိုင်ပါမယ်ဆိုတဲ့သူတွေမှာ တာဝန်လုံးလုံးရှိလာပြီဖြစ် တယ်။ဒီလိုမတရားတာကို မတရားဘူးလို့ပြောရဲရမဲ့အချိန်ပဲ။ လက်မခံဘူးဆိုတဲ့သူတွေက တောက်လျှောက်ဆန့်ကျင်နေတော့ သူတို့အလုပ်သူတို့ဆက်လုပ်သွားမှာပဲ ဒါကရှင်းပါတယ်။ ဒီတော့ ဒီဥပဒေကိုလက်ခံတဲ့သူတွေ ရွေးကောက်ပွဲဝင်ကြမဲ့ပါတီတွေကို နအဖစစ်အုပ်စုက ဗြောင်လုပ်ပြနေပြီ ခင်ဗျားတို့ကို လွတ်တော်ထဲမရောက်ခင်ကို သွေးတိုးစမ်းနေပြီဆိုတာပါပဲ။

စစ်အုပ်စု စစ်အာဏာရှင်ကို ပြတ်ပြတ်သားသာမြင်တဲ့သူတွေကတော့ ၁၉၆၂ ကလည်းပြောခဲ့ တယ် စစ်အုပ်စု စစ်အာဏာရှင်စနစ်ထူထောင်တာလို့ ၁၉၈၈ ကလည်းပြောခဲ့တယ်။ ၁၉၉၀ ကလည်းသက်သေထူပြီးပြီး။ ၂၀၀၇ ကလည်းမှတ်တိုင်ဖြစ်ခဲ့ပြီ။ ၂၀၁၀ ကတော့ အဆုံး သပ်တိုက်ရပါလိမ့်မယ်။ ဒီတော့ စစ်အုပ်စုကို သမိုင်းမှာဘယ်သူတွေကပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သလဲဆိုတာ ကျနော်တို့ရဲ့နောင်မျိုးဆက်တွေကသပ်မှတ်ကြမှာပါပဲ။ ခေတ်သမိုင်း တိုင်းမှာ မှတ်တမ်းတင်ခဲ့ကြရတယ်မလား။

ထွဏ်းထွဏ်း(လူ့ဘောင်သစ်)

ဓါတ်ပုံကို ကိုဟန်လေး(ဧရာဝတီမှရယူပါသည်)

Wednesday, February 3, 2010

ရာဇဝင်များရဲ့သူတို့သမီး...

ဂီတမှာ ကိုယ်ပိုင်တီထွင်ဆန်းသစ်နိုင်မှုက သိတ်အရေးကြီးပါတယ်။ ၁၉၉၇ ခုနှစ်လောက်ကလို့ထင်တာပါပဲ ဂျပန်မှာလုပ်တဲ့ Asian Music Festival မှာ ပြန်မာပြည်က လေးဖြူနဲ့ Iron Cross သွားရောက်ဖျော်ဖြေခွင့်ရပါတယ်။ အဲ့ဒီမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဂီတပညာရှင် ထူးအိမ်သင်ရဲ့ ဧရာဝတီ ကိုဆိုခဲ့ရပါတယ်။ အင်မတန်လေးနက်တဲ့စာသားတွေနဲ့ ဖန်တီးထားတာပါ မြန်မာတွေဟာတကယ်ဖန်တီးရင် ကမ္ဘာ့အဆင်မှီအောင်လုပ်နိုင်ပါတယ် ရုတ်ဝတ္ထုပစ္စည်းချို့တဲ့လို့သာပါ။ ညံဖြင်းတဲ့အုပ်စိုးသူတွေကြောင့်လဲပါတယ်။ ဒါပေမဲ့တနေ့မှာဧရာဝတီဟာရှင်သန်နိုးထလာပြီး ရာဇဝင်သစ်တွေကို ရေးဖွဲ့ပါလိမ့်အုံးမယ်။

Monday, February 1, 2010

အောင်ဆန်းဦးကို ကံဆောင်လိုက်ပြီ ...

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုကြီးမှ အောင်ဆန်းဦးကို ကံဆောင်လိုက်ပြီ ဓါတ်ပုံကိုနှိပ်ပြီးပုံကြီးချဲ့ဖတ်ပါ။



Sunday, January 31, 2010

မြို့ပြသူပုန်...... (ခင်မမမျိုး)


(၁)

အချိန်ကား(၁၉၉၉)ခုနှစ်။
နေရာကား-ရှမ်းပြည်တနေရာ။

တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျားကလေးများ ထုံနေ သလိုခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့တွေ့ရတဲ့ ရှားရှားပါးပါးအချိန်လေးကို အအေး ဒဏ်ကြောင့် မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက် နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမဘာနဲ့မှမလဲနိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်း ရင်းသားအရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည် သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာအမြတ်တနိုးသိမ်းရင်းနားထောင်ဖြစ်သည်။

မိသားစု၊ အသိုင်းအ၀ိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစား နေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ဘ၀ဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်းပေါ်မှာ ဆရာ ဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘ၀လက်တွဲဖော်လို့ ရည်မှန်းထား သူ ဆိုလဲဟုတ်တဲ့ ဒီလိုလူတယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲထင်ပါရဲ့။

“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ၀တ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အကျီင်္လေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်” “ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ခုပဲကြည့်။အနွေးထည်ထူထူဝတ်မလာဘူး”

အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အကျီင်္လေးကို ၀တ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမသဘော တကျနဲ့ကြည်နူးနေတတ်ခဲ့ပြီ။

“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်းစကားပြောကြတာပေါ့”


အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့