Sunday, January 31, 2010

မြို့ပြသူပုန်...... (ခင်မမမျိုး)


(၁)

အချိန်ကား(၁၉၉၉)ခုနှစ်။
နေရာကား-ရှမ်းပြည်တနေရာ။

တောင်ပေါ်ဒေသရဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် သူမ လက်ဖျားကလေးများ ထုံနေ သလိုခံစားနေရသည်။ သို့ပေမယ့် ချစ်သူနဲ့တွေ့ရတဲ့ ရှားရှားပါးပါးအချိန်လေးကို အအေး ဒဏ်ကြောင့် မကုန်ဆုံးစေချင်ပါ။ တွေ့နေကျ ဒီတောင်ပေါ်ဘုရားလေးပေါ်မှာ ချစ်သူမျက် နှာကို တစိမ့်စိမ့်ကြည့်ရင်း၊ သူပြောသော စကားလေးတွေကို နားထောင်ရတဲ့ အရသာကို သူမဘာနဲ့မှမလဲနိုင်ပါ။ ချစ်သူပြောသော စကားလေးများက စုံလင်လှသည်။ နိုင်ငံရေး၊ တိုင်း ရင်းသားအရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေး၊ လူတန်းစားအရေး။ သူမနားလည် သည်များလဲရှိ၊ နားမလည်သည်များလဲရှိ။ သို့ပေမယ့် ချစ်သူပြောသော စကားလုံးလေးတွေမို့ သူမအတွေးထဲမှာအမြတ်တနိုးသိမ်းရင်းနားထောင်ဖြစ်သည်။

မိသားစု၊ အသိုင်းအ၀ိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်း။အရာရာကို ဆန့်ကျင်ပြီး လျှောက်ဖို့ ကြိုးစား နေရတဲ့ ဒီလမ်းပေါ်မှာ ချစ်သူသည်သာ လမ်းပြကြယ်စင်။ ချစ်သူသည်သာ သူမရဲ့ဘ၀ဖော်။ အချစ်ကြောင့် ရွေးချယ်ခဲ့သော လမ်းမဟုတ်ပေမယ့် သူမရွေးချယ်ခဲ့သော လမ်းပေါ်မှာ ဆရာ ဆိုလဲဟုတ်၊ ခေါင်းဆောင်ဆိုလဲဟုတ်၊ ချစ်သူဆိုလဲဟုတ်၊ ဘ၀လက်တွဲဖော်လို့ ရည်မှန်းထား သူ ဆိုလဲဟုတ်တဲ့ ဒီလိုလူတယောက်က အဆင်သင့် ပေါ်လာခဲ့တာ သူမရဲ့ ကံကောင်းခြင်း လက်ဆောင်ပဲထင်ပါရဲ့။

“ညီမလေး အရမ်းချမ်းနေပြီလား။ အနွေးထည်က ပါးပါးလေးဝတ်လာတာကိုး။ အစ်ကို့ဂျာကင် ၀တ်ထားလိုက်နော်”
“မလုပ်ပါနဲ့အစ်ကိုရဲ့။ အစ်ကို့က ဂျာကင်ချွတ်လိုက်ရင် ရှပ်အကျီင်္လေးနဲ့ရယ်။ ပိုချမ်းမှာပေါ့”
“ရပါတယ်ညီမလေးရဲ့။ အစ်ကိုက တောင်ပေါ်မှာပဲမွေး၊ တောင်ပေါ်မှာပဲ နေလာတဲ့သူ”
“အောင်မာ။ ညီမလေးလဲ တောင်ပေါ်သူပါပဲနော်” “ခုတော့ မဟုတ်တော့ဘူးလေ။ မြေပြန့်မှာ ကျောင်းသွားတက်နေတာကိုး။ခုပဲကြည့်။အနွေးထည်ထူထူဝတ်မလာဘူး”

အစ်ကိုက ဆူသလိုလေး ပြောရင်း ဂျာကင်အကျီင်္လေးကို ၀တ်ပေးသည်။ အသက်ချင်းကလဲ ဆယ်နှစ်ကျော်ကွာတာမို့ ချစ်သူတပိုင်း၊ မောင်နှမ တပိုင်းလို ဖြစ်နေကြသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကို ဂရုဏာဒေါသော အပြောလေးတွေထဲက စိုးရိမ်စိတ်လေးတွေကို သူမသဘော တကျနဲ့ကြည်နူးနေတတ်ခဲ့ပြီ။

“မှန်းစမ်း။ လက်တွေက အေးနေတာပဲ။ သွေးပူသွားအောင် လမ်းထလျှောက်ကြရအောင်။ လမ်းသွားရင်းစကားပြောကြတာပေါ့”


အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, January 30, 2010

ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း......။




၂၀၁၀ သို့ ၀င်ရောက်ခဲ့ပြီ။ ၂၀၁၀ သည် စစ်အုပ်စုမှ လူသိရှင်ကြား ထုတ်ပြန်ကြေငြာထားသည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ သွားရန် ညွှန်ပြထားသည့် လမ်းပြမြေပုံ၏ အဆင့် ၅ ကို အကောင်အထည်ဖေါ်ရမည့်နှစ်ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၅ ဆိုသည်က “ရွေးကောက်ပွဲ”…

၂၀၁၀ တွင် ရွေးကောက်ပွဲဖြစ်မည်လား …။ စစ်အုပ်စုရေးဆွဲထားသည့် လမ်းပြမြေပုံက အမှန်တကယ်ပင် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီလား … ဆိုသည်များကို ကျနော်က စဉ်းစားနေမိသည်။ အမှန်တကယ်အဖြစ်အပျက်များ၏ ဖေါ်ပြချက်များက စစ်အုပ်စုအနေဖြင့် လမ်းပြမြေပုံ အဆင့် ၅ ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ပြင်ဆင် ချက်များက နှောင့်နှေးလွန်းလှသည်။ အခြေအနေ အရပ်ရပ်ကို တွက်ချက်ကြည့်သောအခါ စစ်အုပ်စု၏ လမ်းပြ မြေပုံ နောက်ဆံငင်နေသည်။

၂၀၀၈ ခုနှစ်က ညောင် ၂ ပင် ညီလာခံထွက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေကို (အနေကဇာ)တင်ပွဲလုပ် သည်။ လူထုဆန္ဒခံယူပွဲ။ ၎င်းသည် လမ်းပြမြေပုံ၏ အဆင့် (၄) ဖြစ်သည်။ ထိုလူထုဆန္ဒခံယူပွဲလုပ်စဉ်ကဗမာပြည် အောက်ပိုင်းကို “နာဂစ်မုန်တိုင်း” မွှေနေသည့်အချိန်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ပူဆွေးသောက ရောက်နေရချိန်ဖြစ်သည်။ ဆွေမျိုးကျွတ်၊ ရွာလုံးကျွတ် အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေရသည့် “နိုင်ငံ တော် သောကဗျာပါဒ”ကို ပမာမပြု၊ အမှုမထားပဲ လူထုဆန္ဒခံယူပွဲကို စစ်အုပ်စုမှ ဇွတ်အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ဆွေမျိုးအလောင်းပင် ကိုယ်ပြန်မကောက်နိုင်ဖြစ်နေရသည့် ဗမာပြည်လူထုသည် ကိုယ်ချင်းစာ တရား ခေါင်းပါးလွန်းလှသည့် စစ်အုပ်စု ရေရှည်အာဏာထိန်းချုပ်ရေးအတွက် စီရင်ထားသည့် အခြေခံဥပဒေကို ထောက်ခံဖို့ မဲရုံသို့သွားခဲ့ရသည်။ မဲရုံများနှင့်အပြိုင် နာဂစ်အလောင်းများက မြစ်ပြင်၊ချောင်းရိုးတလျောက် ဘော လောပေါ်။ ဗမာပြည်လူထုက မျက်ရည်စက်လက်ဖြင့် ထောက်ခံမဲထည့်ခဲ့ရသည်။

ထိုသို့ဖြင့် အခြေခံဥပဒေအား ဗမာပြည်လူထုတရပ်လုံးမှ ထောက်ခံမဲအများစုပေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုမှ လူသိရှင်ကြား ကြော်ညာသည်။ ၉၀၊ မေ တွင် NLD အား ထောက်ခံမဲပေးသည့် ရာနှုန်းထက်ပင် အခြေခံဥပဒေကို ပိုမိုထောက်ခံခဲ့ကြောင်းလည်း စာရင်းဇယားဖြင့်ချပြသည်။ လမ်းပြမြေပုံ အဆင့် (၄) အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟုလည်း ၀ါဒဖြန့်သည်။ လမ်းပြမြေပုံ၏ အဆင့် (၅) ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်သည်။

သို့သော် ….
အမှန်တကယ်အဖြစ်အပျက်များနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်များကို ချိန်ထိုးကြည့်မိသည်။ ၂၀၀၈ တွင် လမ်းပြ မြေပုံအဆင့် (၄) ပြီးဆုံးသည့်အတွက် ၂၀၀၉ ခုနှစ် တခုလုံးသည် လမ်းပြမြေပုံ အဆင့် (၅) လက်တွေ့ အကောင် အထည်ဖေါ်ရန် ပြင်ဆင်ရမည့်နှစ်ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် ပြင်ဆင်မှုများလုပ်ခဲ့သည်။ သို့သော်လည်း ထင် သာမြင်သာသည့် လက်တွေ့အဖြစ်အပျက်များက မရှိ။

စစ်အုပ်စုအနေဖြင့် သူ့အုပ်စုကို ကိုယ်စားပြုပါဝင်ရမည့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအစုအဖွဲ့ ယနေ့တိုင်ချမပြ နိုင်သေး။ ထိုကိစ္စတွင် စစ်အုပ်စုကြား လိပ်ခဲတည်းလဲဖြစ်နေသည်ဟု သတင်းများထွက်နေသည်။ ကြယ်ပွင့်ဖြုတ် ၍ ဘောင်းဘီချွတ်ရမည်ကိစ္စကို အမြီးတစ်နေခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စုကြား သံသယတိမ်လိပ်တို့က ထူထဲနေပုံရသည်။ မူလက ၂၀၁၀ တွင် ပွဲထုတ်မည်ဟု တစ်ပေးခံထားရသည့် ကြံ့/ဖွံ့ သည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်အပြင် ယခုတိုင် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် ပွဲထုတ်သည်ကိုမတွေ့ရသေး။ မီဒီယာ မျက်နှာစာမှပင် ပျောက်နေသည်။ လူမြင်ကွင်းတွင်လည်း မတွေ့ရ။

ရွေးကောက်ပွဲ အမှန်တကယ် လုပ်မည်ဆိုလျင် ယခုကဲ့သို့သော ၂၀၁၀ နှစ်ဦးပိုင်းတွင် မုချတည်ရှိပြီးဖြစ်ရမည့် ပါတီများ မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မရှိသေး။ ရွေးကောက်ပွဲနှင့် ပတ် သတ်သည့် အရိပ်အရောင်ဟူ၍ ဗိုလ်သန်းရွှေမိန့်ခွန်းနှင့် ဂျပန်သတင်းစာမှ ကောလဟာလသာ ရှိသေးသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုသော စစ်အုပ်စု၏ထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးမည့် ပကတိဘာဝများက မှေးမှိန်ေ၀၀ါးလွန်းလှသည်။ နှောင့်နှေး ကြန့်ကြာလွန်းလှသည်။
ရွေးကောက်ပွဲ အကြိုကာလဟု ဆိုရမည်ဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံရေး အဖြစ်အပျက်များတွင် စစ်အုပ်စု၏ လမ်းပြမြေပုံ အဆင့် (၄) အမှန်တကယ်အောင်မြင်ပြီးစီးမှုရှိ၊ မရှိ ပြန်လည်သုံး သပ်ဖွယ်ရာ အဖြစ်အပျက်များလည်း ရောပြွန်းပါလာသည်။ အခြေခံဥပဒေ အမှန်တကယ်အတည်ပြုနိုင်ခဲ့ပြီလော။

၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗမာပြည်လူထုမှ တခဲနက်မဲပေးခြင်းခံခဲ့ရသည့် NLD က အခြေခံဥပဒေပါ အချို့ သောအချက်အလက်များကို ပြင်ဆင်မှုလုပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေငြာလိုက်ဖြင်းဖြင့် စစ်အုပ်စု၏ လမ်းပြမြေပုံကို နောက်ဆံငင်စေခဲ့သည်။ NLD မပါပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း လူသူ လေးပါး လေးစားသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ဖွယ်မရှိ။ ထို့အပြင် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးပေါ်လစီကလည်း တစ်နေသည်။ အခိုင်အမာအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုမရ။ ပင်လုံစာချုပ်ကို ပြန်ကိုင်သူက ကိုင်သည်။ အခြေခံဥပဒေပါ နယ်နိမိတ်ကိစ္စအပါအ၀င် တိုင်းရင်းသားအခွင့် အရေးတွေကို ပြင်ဆင်ပေးဖို့တောင်းသူက တောင်းသည်။ ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ထုတ်ပြန်သူက ထုတ် ပြန်သည်။ ကိုးကန့်ကို စစ်ခင်းသလို စစ်ခင်းလို့ရမည့် အဖွဲ့များလည်းမဟုတ်။ လတ်တလောအထိတော့ ချွတ်နင်း ၍ ၀င်နေသည်။ ထိုသို့ဖြင့် လမ်းပြမြေပုံသည် (၄) နှင့် (၅) ကြား ၀င်္ကဘာ ဖြစ်သွားရတော့သည်။

စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဗမာပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဖိနှိပ်မှုဒဏ်ကို ဆက်လက်၍ ခံရမည်သာဖြစ်သည်။ လုပ်ဖြစ်သည်ဆိုလျင်လည်း ဒရွတ်ဆွဲ၍ လုပ်ပေလိမ့်မည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ်ဆိုသည်ကလည်း ၉၁ ဌာန အုပ်ချုပ်ရေးလောက်ပင် အသုံးဝင်မည်မဟုတ်။ အဓိက လုပ်ရမည်မှာ “သူ့ တီးကွက်အတိုင်း မက နှင့်” ကိုယ့်ကမည့် တီးကွက်ကို ကိုယ့်ဘာသာ ဖန်တီးရေးပင်ဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)

Tuesday, January 19, 2010

နှစ်ဘက်မြင်ကြည့်ခြင်း...။


အခုမှပဲဘလော့ပြန်ရေးဖြစ်ပါတယ် မရေးပဲရပ်ထားတဲ့ကာလတွေမှာ လာရောက်နှုတ်ဆက် သွားကြတဲ့ ညီအကိုမောင်နှမတွေကိုလဲ ကျေးဇူးတင်လို့ကိုမဆုံးပါဘူး။ ဒီလိုလေးအရင်နှုတ် ဆက်ပြီးတော့ ကျနော်အခုတလောမှာ အားလုံးသိနေ၊ ကြားနေကြတဲ့ ဟေတီငလျှင် အ ကြောင်းသတင်းလေးတွေစုံနေတာပဲကိုး အင်မတန်ကြေကွဲစရာတွေပေါ့ဗျာ။ အခုည သတင်း လေးကြည့်ဖြစ်တော့ မိဘတွေက ငလျှင်ကြောင့် အသက်ဆုံးပါးသွားကြတဲ့ ပူတူတူတူး လေး တွေကို လူသားခြင်းစာနာတဲ့သူတွေက မွေးစားကြတဲ့သတင်းပါ အရရင်တုန်းကဆို ခလေးမွေးစားရင်တော်တော်လေးအချိန်ကြာပါတယ် မွေးစားမဲ့သူရဲ့နောက်ခံရာဇဝင်၊ ခလေးကို ပြုစုပျိုးထောင်နိုင်မှုအနေအထား၊ ကိုယ်ကျင့်သိက္ခာပိုင်းတွေပါ သေသေချာချာစစ်ဆေးပြီးမှ ခွင့်ပြုတာကိုး အခုတော့ ခလေးလေးတွေကို မြန်မြန်လေးသဘာဝဘေးကနေ လွတ်အောင်နဲ့တူတယ် ရက်ပိုင်းလေးပဲရှိသေးတယ် ခလေး (၆) ယောက် ဒီကနေ့ ဖလော်ရီဒါကို ရောက်လာတယ် လေဆိပ်မှာလေ လာကြိုကြတဲ့မွေးစားသူတွေက ခလေးတွေကို ပွေ့ဖက်ကြိုဆို နေကြတာ တော်တော်လေးမုဒိတာပွားစရာပါ ဒါနဲ့ပဲရပ်ထားတာကြာပြီးဖြစ်တဲ့ ဘလော့မှာ ထရေးဖြစ်တော့တာပါပဲ။

အော်..တို့နိုင်ငံမှာနာဂစ်ဖြစ်တုန်းက ဒီလိုပဲလူတွေသေကြတာသွားသတိရမိတော့ စိတ်ထဲမ ကောင်းပြန်ဘူး ငတေတွေနဲ့တော့(နအဖ) နဲ့တော့ ကွာလိုက်ပါပိဗျာ တိုင်းပြည်မှာလူတွေ သေနေတာ သဘာဝဘေးကြီးကြုံနေတာကို ကူမဲ့သူတွေစောင့်နေတာတောင်ပေးမဝင်ဘူး ကိုင်း.. ဘယ်လောက်လဲဆိုတော့ အကူအညီတွေသူတို့ဆီက တဆင့်သွားရမယ်ဆိုပြီး လုပ်လိုက်သေးတယ် အဲ့ဒီမှာ ကျနော်တို့လူမျိုးတွေ ပိုဒုက္ခရောက်ကြရတာကို ပြန်တွေးမိလို့ပါ။ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကိုတော့ ဆန္ဒခံယူပွဲလုပ်ပြီးသေဘေးတွေ့နေတဲ့သူတွေကိုတော့ မဲထည့်ခိုင်းလိုက်သေးတာကလား စကားလုံးမရှာတော့ဘူးဗျာ တော်တော်စုတ်ပဲ့တဲ့ အစိုးရလို့ပဲပြောတော့မယ်။ သီတဂူဆရာတော်ကြီးရဲတရားတပုဒ်မှာ နာဘူးတယ် နာဂစ် အတွက်အလျှူတရားပွဲတခုမှာပြောသွားတာပါ။ ဆရာတော်ကြီးမိန့်သွားတာက “လူတွေဘေး ဒုက္ခတွေ့နေတာတွေသိရင် ကြားရင် ရင်ထဲမှာနင့်နင့်နဲနဲခံစားပါ။ သူတို့ကြုံတွေနေရတဲ့ ဘေးဒုက္ခတွေကနေ မြန်မြန်ကုစားနိုင်အောင် ကရုဏာတရားကိုအခြေခံပြီး လက်တွေ့ ကူညီကြပါလို့ပြောသွားတာပါ ကြေးစည်လေးထုပြီးအမျှဝေနေယုံလောက်နဲ့တော့ မလုံလောက် ဘူးတဲ့” ပညာရှိစကားမှတ်သားလောက်ပါပေတယ် တရားတော်နဲ့အညီ မိန့်သွားတာပါ ဝေသာလီပြည်မှာ ဘေးဆိုးကြီးကျရောက်တော့ ဘုရားရှင်ကိုယ်တိုင်ကြွရောက်ခဲ့ဘူးတဲ့ အကြောင်း ဟောသွားခဲ့တာပါ။

ကမ္ဘာသူကမ္ဘာသားတွေရော ကျနော်တို့နိုင်ငံသားတွေရော ဘေးဒုက္ခဆိုးကြီးတွေမှ ကင်းဝေး ကြပါစေလို့ဆုတောင်းပါတယ်ဗျာ။ ဖြစ်လာရင်လဲ လူသားခြင်းကမ္ဘာသားခြင်းအခုဟေတီမှာ လိုပဲ ကရုဏာတရားနဲ့ ကူညီစောင့်ရှောက်ကြရမဲ့တာဝန်ရှိပါတယ်နော် နိုင်ငံတာကာက မီးသတ်သမားကြီးတွေ အကူအညီပေးရေးလုပ်သားတွေက လူတွေကို အသက်ကယ် နေကြတာလေ တော်တော်လေး လေးစား၊မုဒိတာပွားစရာကောင်းလှပါတယ်ဗျာ အော်..မေ့လို့ဗျို့ နာဂစ်ဒုက္ခသည်တွေအတွက် နအဖ ကတောင်းထားတဲ့ဘီလျှံနဲ့ချီတဲ့ အကူအညီတွေရသွား လားမသိဘူး သိရင်သိတဲ့သူတွေအသေးစိတ်ပြာပြပေးပါအုံးဗျာ MIG 29 တွေဝယ်တဲ့အထဲ ပါသွားလားသိခြင်လို့ပါ။

ဂင်ကြီး

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့