Thursday, February 19, 2009

ကျနော်ကြည့်ဘူးသော ဘော်လုံးပွဲတချို့

photo source- DVB sport

ကျနော်ခုံမင်နှစ်သက်၊ဝါသနာထုံခဲ့တဲ့အထဲမှာ ဘော်လုံးအားကစားနည်းကို စိတ်ဝင်တစားရှိခဲ့ တာလဲပါတာပေါ့။ ကျနော်တို့ငယ်ငယ်က ဒီဇင်ဘာလဆို ရပ်ကွက်တိုင်းမှာ တပတ်တရက် အားကစားပြိုင်ပွဲတွေလုပ်ခဲ့တာလေ ဆုကြေးဘာညာက ဘာမှမဟုတ်ပေမဲ့ ခလေး၊ လူငယ် တွေ အတွက်တော့ အားကစားပြိုင်ပွဲလေးတွေရှိတာပေါ့ဗျာ အဲ့ဒီရက်ဆို ကျနော်တို့ ရွယ် တူလေးတွေစုပြီး (Small Goal) ဂိုးကျဉ်း ပြိုင်ပွဲလေးတွေကစားရတာလေ တော်တော်လေး ပျော်စရာကောင်းပါတယ်။ မနက် ၄ နာရီလောက်ဆို အချင်းချင်းလိုက်နိုးကြ ဘယ်ရပ်ကွက် ကပြိုင်ပွဲကကောင်းတယ် စာရင်းမြန်မြန်သွားပေးမှ ပြီးရင်လူစုကြ ကစားကြပေါ့လေ ကျနော်တို့ကစားခဲ့ရတာ ကစားကွင်းမှာတော့မဟုတ်ပါဘူး အဲ့ဒီအချိန်က ကျနော်တို့မြို့က တချို့လမ်းတွေဟာ သဲလမ်းတွေဆိုတော့ ၇ နှစ် ၈နှစ်ခလေးတွေအတွက်တော့ ကစားရတာ တဖက် ၅ ယောက်ပွဲလေးတွေအတွက်အတော်ပါပဲဗျာ။
ငယ်ငယ်ကဘော်လုံးပွဲလေးတွေကစားခဲ့တာ ဘော်လုံးပွဲတွေကြည့်ခဲ့ကြတာတွေကို အမှတ်ရ နေဆဲပါ။ ကျနော်ကြည့်ခဲ့ရတဲ့ဘော်လုံးပွဲထဲမှာ ၁၉၇၂ ခုနှစ်တုန်းက ဂျာမဏီ(အဲ့ဒီအချိန်က အနောက်ဂျာမဏီ) မှာကျင်းပတဲ့ မြူးနစ်ကမ္ဘာ့အိုလံပစ် ဘော်လုံးပြိုင်ပွဲမှာ မြန်မာအသင်း ခြေစစ်ပွဲအောင်ပြီး ဝင်ရောက်ကစားခဲ့ပါတယ်။ ကျနော်ကြည့်ရတာက အဲ့ဒီ့ပြိုင်ပွဲမဟုတ်ပါဘူး အဲ့ဒီ့ပြိုင်ပွဲမှာ ဝင်ကစားခွင့်အတွက် မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ အာရှဇုံ ခြေစစ်ပွဲပါ တိုက်ရိုက်ကြည့်ရတာမဟုတ်ပါဘူး တိုက်ရိုက်လွင့်တဲ့မြန်မာ့အသံရေဒီယို ဘော်လုံးပွဲအစီအစဉ် ကို အိမ်က Phillip ရေဒီယိုကလေးနဲ့ အဖေရယ်၊ကျနော်ရယ် အိမ်နားက ဝါသနာအိုးဦးလေး တွေရယ်နားထောင်ခဲ့ကြတာပါ။ ခလေးဆိုတော့ဗျာ မြန်မာအသင်းနိုင်တာ၊ဂိုးတွေသွင်းတာကို ရေဒီယိုအစီအစဉ်ကြေငြာသူက အားရပါးရကြေငြာလိုက်တိုင်း ကျနော်ကထထခုန်တာ အော်လိုက်တာလဲမနည်းပဲလေ အိမ်ဘေးနားကဦးလေးတွေဆို ကိုယ်အသင်းက ဂိုးသွင်း လို့ဝမ်းသာကြသလို ကျန်ာထထအော်တာကြည့်ပြီး တဝါးဝါးနဲ့ပွဲကြနေတာပေါ့ အဲ့ဒီအချိန်က ကျနော်၂ တန်းပဲရှိသေးတာလေ ဘော်လုံးပွဲနားထောင်ပြီးရင် လမ်းမထွက် သူငယ်ချင်း တွေနဲ့ ဘော်လုံးကန်ကြတာဗျ တော်တော်ခြေတွေ့ကြတာဗျာ ဘော်လုံးပွဲနားထောင်ထားတဲ့ လမိုင်းကပါနေတော့ တော်တော်ကစားကောင်းတာဗျ တခါသားဆို ဘော်လုံးကန်ကောင်း နေလိုက်တာ လမ်းမီးလာတဲ့အထိပဲဆိုပါတော့ အိမ်ပြန်မယ်လုပ်ရုံရှိသေး အမေကျိန်လုံးနဲ့ လိုက်လာပြီးဆော်လိုက်တာ အရှိုး ၄၊၅ ချက်ထင်ရောဗျို့ တော်သေးရဲ့ဗျာ အဖေရှိသေးလို့ နင့်မိုဆို အမေဆော်တာဒီ့ထက်နာဘို့ရှိတယ် ထမင်းမေ့ဟင်းမေ့ကစားတာကိုး။


ခုနကကျနော်ပြောခဲ့တဲ့ဘော်လုံးပွဲကို ကျနော်ကြည့်ရတာ ၁၉၇၅ ခုနှစ်ဗျ လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေပြီးတဲ့ည ကျနော်တို့မြို့က ဘော်လုံးကွင်းထဲမှာ ညလုံး ပေါက်ပြတဲ့ မော်ကွန်းရုပ်ရှင်ကပြလို့ကြည့်ရတာပါ။ အဲ့ဒီညက ကျနော်ကြည့်ရတာ ၃ ပွဲဗျ မြန်မာနဲ့အစ္စရေးလ်၊ မြန်မာနဲ့ထိုင်း နောက်တပွဲက မြန်မာနဲ့ အင်ဒိုနီးရှား တော်တော်ကောင်း တယ်ဗျာ အစ္စရေးလ်နဲ့ပွဲဆိုတော်တော်ကိုကောင်းတာဗျာ မြန်မာတွေဘော်လုံးကန်ကောင်းတာ အစ္စရေးလ်နည်းပြကတောင်ချီးကျူးရတာပါ ခြေသိတ်မကွာပေမဲ့ ဘော်လုံးပညာမှာ မြန်မာသာတယ် ၂ ဂိုးနဲ့မြန်မာနိုင်တယ်ဗျ လူကောင်တွေကလဲ သိတ်မကွာဘူးဗျ အစ္စရေးလ် က မသိမသာလေးပဲ ကြီးတာပါ ကစားတာတော့ နည်းနည်းကြမ်းတယ်ဗျို့ သူတို့ကလဲ ခတ်မာမာကစားကြတာကိုး။ နောက်တပွဲက ထိုင်းနဲ့ဗျ ပြင်းစရာကောင်းလိုက်တာဗျာ မြန်မာအသင်းက စိတ်ကြိုက်ကစားနေတာဗျို့ လူကောင်ကအစမြန်မာကသာတယ်ဗျ ဘော်လုံးပညာပိုင်းဆို တော်တော်ကွာပါတယ်ဗျာ ကျနော်မတ်မိနေသေးတယ် မြန်မာတိုက်စစ်မှူး ကျနော်နံမည်သိတ်မသေချာလို့ မြကြိုင်လားမသိဘူးဗျ ဂိုးသမားကိုပါလိမ်းပြီးဂိုးဝမှာ ဂိုးမသွင်းပဲစောင့်နေတာဗျို့ တဖက်ဂိုးသမားကမှီလိုမြှီဲငားပြေးလာမှ နောက်ပြန်ကန်သွင်း သွားတာလေ ရုပ်ရှင်ကြည့်တဲ့ပရိသတ်တောင် မနည်းကောင်းအားပေးကြတယ်ဗျို့ ကျနော်သွားကြည့်တာက အိမ်ဘေးနားကဝါသနာရှင်ဦးလေးတွေနဲ့လေ တချို့ဟာတွေ ကျနော်နားမလည်ရင် သူတို့ပဲပြောပြပေးတာပေါ့ ကျနော်ကလဲအမေးအမြန်းထူမှထူလေ နောက်တပွဲက အင်ဒိုနီးရှားနဲ့ဗျို့ ကျနော်အဲ့ဒီပြကွက်ကို အခုထိမြင်ယောင်နေသေးတယ်ဗျာ အေးမောင်ကြီး ကွင်းလည်လောက်ကလှမ်းကန်တာ ဂိုးထောင့်ထဲကိုလှလှပပဝင်သွားတာဗျ မော်ကွန်းရုပ်ရှင်ထဲမှာ အနှေးပြကွက်လည်းပြန်ပြတာကိုး ထုံးစံအတိုင်းကနော်ထခုန်တော့တာပဲဗျို့ ဘေးကလူတွေကသဘောကျနေကြတာ တော်တော်ဝါသနာကြီးတဲ့ခလေးတဲ့ မြန်မာ က ၄ ဂိုးပြတ်နိုင်သွားတာပါပဲ နောက်နေ့ကြမှ ကျောင်းစာကြည့်တိုက်က အဲ့ဒီအချိန်က တံခွန်ဗျ အားကစားဂျာနယ်လေ လှန်ဖတ်တော့မှ ကျနော်တို့ မြန်မာအသင်းက ကမ္ဘာအိုလံ ပစ်ပွဲမှာတောင် အသန့်ရှင်းဆုံးဆုရခဲ့တာလေ အုပ်စုပွဲမှာ ကမ္ဘာ့ဖလားပြန် ဆိုဗီယက်ပြည်ထောင်စုအသင်းကို ၁ ဂိုးတည်းနဲ့ကပ်ရှုံးခဲ့တာလို့သိခဲ့ရတာပါ။
အဲ့ဒီ့ခေတ်က တောင်ကိုးရီိးယားပတ်ချုံဟီးဖလား၊ မာဒေးကားဖလား၊ ဆီးဂိမ်းရွှေတံဆိပ်၊ အာရှရွှေတံဆိပ်တွေ မနည်းရခဲ့တာပါ။ ရလာတိုင်းလည်း ရေဒီယိုက ဒေါ်အမာစိန်သီဆိုထားတဲ့ တို့ဗမာနိုင်ပြီဆိုတဲ့သီချင်း ရေဒီယိုရှိတဲ့အိမ်တိုင်းဝဲခဲကြတာကလား မြန်မာဘော်လုံးအသင်း အောင်မြင်ခဲ့တာဟာ ၁၉၅၈ ခုနှစ်လောက်ကစတာပါပဲ လွပ်လပ်ရေးရပြီး ပါလီမန်အစိုးရတွေခေတ်မှာ မြန်မာ့လူနေမှုစံနစ်၊ အားကစားစံနစ်တကျပျိုးထောင်မှု၊ နောက်ဆုံး အစားအသောက်၊ အနေအထိုင်ကအစ အာရှမှာအတော်အတန်အဆင့်အတန်းရှိခဲ့တာကိုး ဒီတော့ အားကစားမှာလဲ တစ်စုံတရာတိုးတက်လာခဲ့တာပေါ့ အားကစားဆိုတာဟာ၊ အားကစားသမားကောင်းတွေ ပေါ်ထွက်ဘို့ဆိုတာဟာ အားကစားကို လူတော်တော်များများလိုက်စားနိုင်တဲ့ လူနေမှုအခြေ အနေရှိဘို့လိုသလို တိုင်ပြည်ရဲ စီးပွားရေးအဆင့်အတန်း၊ အားကစားအပေါ်မှာ အစိုးရရဲ့ပံပိုးမှု တနည်းအားဖြင့် Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေရှိမှာသာ တိုင်းပြည်အားကစားတိုးတက်တာပါ။ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင် တာဟာ လွပ်လပ်ရေးရပြီး ၁၂ နှစ်လောက် မှန်မှန်ကန်ကန် တည်ဆောက်ခဲ့တဲ့ အားကစားပြုစုပျိုးထောင်မှုတွေရဲ့ အသီိးအပွင့်ကို ၁၉၅၈ လောက်ကစပြီး ၁၉၇၂ ခုနှစ်လောက်အထိ ၁၄ နှစ်လောက်အောင်မြင်ခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း စစ်အုပ်စုကတိုင်းပြည်အာဏာကိုသိမ်းခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်းမှုတွေဖြစ် စစ်အုပ်စုရဲ့ကိုယ်ကျိုးရှာမှု ဒါတွေဖြစ်ခဲ့တာတောင် ပါလီမန်ခေတ်ကကောင်းခဲ့တဲ့ နိုင်ငံရဲ့အားကစားအဆင့်အတန်း၊ အားကစားသမားကောင်းတွေ လက်ကျန်ရှိနေသေးတော့ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင်ခဲ့တာပါ။့ ဒီနောက်ပိုင်း မဆလစစ်အုပ်စုအောက်မှာ တိုင်းပြည်စီးပွားရေးကျ၊ လူနေမှုအဆင့်အတန်းနှိမ့် လာဒ်ပေး၊လာဒ်ယူတွေထွန်းကား၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အားကစားအစီ အစဉ်တွေမလုပ်နိုင်တော့ ၁၉၇၃ ခုနှစ်လောက်ကစပြီး မြန်မာဘော်လုံးအသင်း ကျသွားတော့တာပါပဲ။
၁၉၈၈ခုနှစ်ကြတော့ စစ်အုပ်စုလက်သစ်တွေကပဲ တိုင်းပြည်အာဏာကို သိမ်းလိုက်ကြပြန်ရော စစ်အုပ်စုလက်ဆုတ်စာနဲ့အပေါင်းအပါတချို့ချမ်းသာသွားပြီး လူအများစုကြီးကပိုလို့တောင် ဆင်းရဲသွားတာပါ။ ကျနော်တို့အရွယ်ကောင်းမှီခဲ့တဲ့ မဆလ ခေတ်ထက်တောင် ပိုဆိုးနေသေးတော့ ဘယ်လိုလုပ်အားကစားတိုးတက်နိုင်တော့မလဲ အားကစားလိုက်စားမဲ့ လူငယ်တွေမှာ အလုပ်၊ငွေ၊ စားဝတ်နေရေး တွေအတွက်လုံးပန်းနေကြရတာကလား ဒါတင်ဘယ်ကမလဲ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တရားမဝင်ရော၊ တရားဝင်ရော မနည်းကောင်းထွက်နေကြတော့ အားကစားသမားကောင်းပေါ်ထွက်ဘို့ဆိုတာတော့ဗျာ အကင်းတဖုတ်ဖုတ်လို့ ဆိုရမလားပဲ ဒါတောင်စစ်အုပ်စုတက်လာတော့ အရှက်မရှိ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်တဲ့ဗျာ တပွဲတိုးလေးတွေလုပ်သေးသဗျ ၁၉၉၁ လောက်မှာစတာ တိုင်းပြည်ကို စေတနာရှိလို့တော့မဟုတ်ဘူးဗျ သူတို့ကြွားလုံးကို ကာမိယုံလောက်ဖြစ်အောင် ဒေသတွင်းပြိုင်ပွဲလေးတွေမှာ မြန်မာနိုင်ငံမှာ အဲ့ဒီအချိန်က အကောင်းဆုံးဘော်လုံးသမားတချို့ (မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ကြည်လွင်၊တင်မြင့်အောင်၊အောင်နိုင်၊အောင်ထွန်းထွန်း) စသည်ဖြင့်ပေါ့ဗျာ နောက်ပြီး ဂါးဘလောက်တို့ ဝါနာ တို့လိုနည်းပြကောင်းတွေငှားလိုက်တော့ နဂိုလ်က ဘော်လုံးအခြေခံ ရှိခဲ့တဲ့ နိုင်ငံဆိုတော့ ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံဆိပ်လေးရသေးတယ်လေ ကျနော်မြင်တာက ဒါတောင် စစ်အုပ်စုပံပိုးတယ်ဆိုတာထက် ဘော်လုံးသမားတွေရဲ့ ကျိုးစားမှု နည်းးပြရဲ့ဗျူဟာကောင်းမှု၊ဘော်လုံးပွဲတပွဲခြင်းစီမှာရှိတတ်တဲ့ အုပ်စုချောင်မှု၊ ကြံကြမ္မာအလှည်းပေးတာတွေကြောင့်သာ ငွေတံဆိပ်ရခဲ့တာပါ (အဲ့ဒီအချိန်က ဘော်လုံးသမားတွေ၊ နည်းပြတွေကိုတော့ချီးကျူး ပါတယ်ဗျာ) ဒါပေမဲ့ တကယ်အခြေခံတွေကိုမတည်ဆောက်နိုင်တော့ ထိုင်း ကိုမနိုင်ဘူးလေ ၁၉၉၅ လည်းကြရော အဲ့ဒီနှစ်မှ ပြိုင်ပွဲလာဝင်တဲ့ ဗီယက်နမ်ကို ဆီမီးမှာ ရှုံးရောမလား ရှုံးလည်းရှုံးရော ဘော်လုံးသမားတွေကိုအပစ်တင် အောင်ကျော်ကျော် ဘာဖြစ်တယ် ဘယ်သူဘာဖြစ်တယ်ပေါ့လေ ဗီယက်နမ်က အဲ့ဒီနောက်ပိုင်း PRO ဘော်လုံးပြိုင်ပွဲတွေပြောင်းလုပ်လိုက်တော့ ဟော.. ဒီနှစ် (၂၀၀၈) အရင်က ( Tiger Cup) ယ္ခု (Suzuki) ဖလား ထိုင်းကိုနိုင်ပြီး ဗီယက်နမ်ရသွားရောမလား ဒီတော့ဗျာ တိုင်ပြည်တခုရဲ့ အားကစား တိုးတက်လာဘို့ဆိုတာ လူတွေရဲ့ စားဝတ်နေရေးအဆင်ပြေမှု၊ စီးပွားရေးစံနစ်ကောင်းမွန်တိုးတက်မှု၊ နိုင်ငံရေးတည် ငြိမ်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု စတာတွေမရှိပဲ ဘယ်လိုမှမတိုးတက်နိုင်ပါဘူး ရှင်းရှင်း ပြောရရင် Good Governance ကောင်းမွန်တဲ့အုပ်ချုပ်ရေးစံနစ်မရှိလို့ကတော့ အာဏာရှင်အုပ်စိုးမှုအောက်မှာ တိုင်းပြည်အားကစားမတိုးတက်ပါဘူး။

(ရှိတဲ့ခေတ်စံနစ်အောက်မှာ အခက်အခဲအကြပ်အတည်းတွေ၊ မပြည့်စုံမှုတွေ မွန်းကြပ်မှု တွေအောက်မှာ ဝါသနာအရကစားနေကြတဲ့ မြန်မာဘော်လုံးသမားတွေကို စာနာရင်း။)

ဂင်ကြီး


4 comments:

Kaung Kin Ko February 19, 2009 at 1:58 AM  

မြန်မာဘောလုံးသမားတွေကို သနားမိတယ်ဗျာ။ အရင်တုန်းက ကိုယ်မကြည့်ခဲ့ဖူးတဲ့ အောင်ပွဲတွေကိုလည်း လွမ်းသွားတယ်။

မမသီရိ February 19, 2009 at 3:34 AM  

အစ်ကို ရေ...ကျမ လဲ ငယ်ငယ် ဘောသရဲ လို့ ခေါ်ခံ ရတဲ့ထိ အော်ခဲ့ ထခုန်ခဲ့ ဖူးတယ်...စောစော ပိုင်းတွေ မဟုတ်ပေမဲ့..သန်းတိုးအောင် တို့ အောင်ကျော်ကျော် တို့ ခေတ်ပေါ့ နော.... အောင်ကျော်ကျော် အနီကဒ် ပြခံရပြီး ဂိုးစောင့် မရှိပဲ ကန်ခဲ့ရတဲ့ ကာလ တစ်ခု ကိုလဲ အသေအချာ မှတ်မိတာပေါ့..
လိုင်းတို ရေဒီယိုလေး က တိုက်ရိုက်နားထောင်နေရင်း..ဒေါသတွေ ထွက်ပြီး.. တညလုံး အိပ်မရခဲ့ တဲ့.ကာလတွေ လေ....
ခုများတော့ လဲ....
မြန်မာဘောလုံး အဖွဲ့...ဘယ်နိုင်ငံ သွား ကန်ကြမလို့ တဲ့ ဆို..အော် ဟုတ်လား ဆိုတဲ့ ..အာမေဒိတ် က လွဲ လို့..ပိုပြီး စိတ်မ၀င်စား မိအောင် ကျင့်ထားတော့ တယ်..
မခံ စားနိုင်လို့ ပါ..

နော်မန် February 19, 2009 at 3:59 AM  

ရဲဘော်ကြီး ရေ

ဘယ်လောက်ဘောလုံးဝါသနာကြီးလဲဆိုရင်.....

PNO ( ပအို့ဝ်ဖြူ နယ်မြေ ) ဆောင်းဖို့ ကျေးရွာ ဘောလုံးကွင်းမှာ ဦးဂင် နဲ့ ကျနော် တဖက် တသင်း စီ ကစားခဲ့ကြတာကို အပြေးအလွှား
သတိရမိပါရဲ့  ဗျာ။

ဆောင်းယွန်းလ February 19, 2009 at 9:52 PM  

ကျနော်လည်းအကို့လိုပဲ အားလုံးကိုမေ့ပြီးတော့ကိုကန်လိုက်တဲ့ဘောလုံး တဝုန်းဝုန်းပါပဲဗျာ....မြန်မာဘောလုံးအသင်းကြီး အောင်ပွဲတွေနဲ့ဝေးခဲ့တာကြာလှပါပြီအကိုရေ....

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့