Wednesday, February 4, 2009

မစ္စတာဂမ်ဘာရီခရီးစာရင်းရှင်းတမ်း..(ရဲဘော်ဖိုးသံချောင်း)

လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမဲ့ လာကတည်းကလက်ဗလာ လာသူမို့ သူကတော့ဘာမှ မရှုံးဘူး။ ပါးစပ်ပဲစိုက်ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ)ရရင် သူ့အတွက်စရိတ်ကျေပြီ။
အလားတူပဲ နဂိုကတည်းကဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေအဖို့ ဗလာ ပဲရလိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။
ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးတမန်ဆိုတာတွေ လာလိုက်တဲ့ အကြိမ်တွေများပဲများလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်- ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမာန် တွေလည်းပြောင်း။ မပြောင်းတာကဗမာပြည်ရဲ့အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြား ဟောင်းကြီးနဲ့ ငိုချင်းချ နေရတဲ့ ဗမာပြည် ပြည်သူတွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန် လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။
မစ္စတာဂမ်ဘာရီရဲ့ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ဆိုပါတယ်။ ကြားလို့ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကိုသူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာ သလား၊ ဝေးဝေးသွားသလား ပြန်စဉ်းစားရမလိုဖြစ်နေပါတယ်။ လက်တွေ့ အနေအထားက ကုလသမဂ္ဂသံတမန်တခေါက်လာတိုင်း၊ ဗိုလ်သန်းရွှေတယောက် “အတွေ့မခံဘူး”ဆိုပြီး တခါတခါမာန်တင်း လိုက်ရတိုင်း၊ ကြာရင်ဗိုလ်သန်းရွေမာန်တက်နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့အခါမှာတော့ နအဖနဲ့သူတို့ရဲ့အလိုတော်ရိတွေဟာ ဒေါ်စုကိုအကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ ဗိုလ်သန်းရွှေကအခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။
ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေ သလားလို့ တွေးစရာဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေ ရော့သလား။ သူတို့အနေနဲ့ နှစ်ဖက်ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။ တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ ၁၈နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး”လို့ ကောက်ချက်ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလိုအသုံးချတာ ခံမနေသင့်တော့ပါဘူး။


တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်းမပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဍန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူကအီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတာကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်း သိပါတယ်။ သူတို့ဟာဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီ ဆိုတာတွေကို ရှေ့တန်းတင်ဖော်ထုတ်၊ ပြောဆိုကြ၊ တဆက်ထဲမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ”ဆိုတဲ့ ပုံပြင်တွေနဲ့ချွေး သိပ်နေတာ မတရားဘူးလို့ထင်ပါတယ်။
မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့် ကိစ္စတရပ်၊ သဘောထား တခုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ နအဖကဦးဝင်းတင်-ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးတာပါပဲ။ ဒါဟာဒီပုဂ္ဂိုလ်နှစ်ယောက် အပေါ်စစ်အစိုးရက အညှိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲ ဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေးအရေးယူနိုင်ဖို့ ဖဲတချပ်ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ် ပါတယ်။
နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန် တွေလာတိုင်း ဘယ်မှာမှလူတောမတိုးတဲ့ သူတို့ရဲ့နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့် ရနေပါတယ်။ ဒါဟာသူတို့ရဲ့ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ဆိုနိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း “တွေ့လား”လို့မေးငေါ့ပြနေတာဖြစ်ပါ တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင်မထားဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ်ရောက်စေတယ်ဆိုတိုင်း အကောင်းချည်း မဟုတ်ဘူးဆိုတာကို ဒီအခြေအနေ တွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့သောက်လို့ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာနအဖအဖို့ကျတော့ ဒါတွေဟာသူတို့ဖြစ်စေချင်တဲ့အချိန် ဆွဲခြင်းဖြစ်လာပြီး အချောင်အမြတ်ရနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမဲ့ဒီကိစ္စအတွက် ဘယ်သူမှကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ဒေါ်လာစလေးပစ်လိုက် လောက်ပဲဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလိုဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်းပြောလို တာဖြစ်ပါတယ်။
တကယ်က ဒီနေ့နိုင်ငံတကာ့အခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင် တာမဟုတ်ပါဘူး။ ကမ္ဘာ့နေရာအနှံ့ အပြားမှာ ကုလသမဂ္ဂကဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ် သွားတယ်ဆိုတာ ၁ဝ% တောင်မရှိလောက်ပါဘူး။ ပါလက်စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာအသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြတာ ကြာပဲကြာလှပါပကော။ ဒီဂျာအေးသူ့ အမေရိုက်ဇာတ်လမ်းတွေထဲမှာဗမာပြည်အရေးကို ထည့်မထားသင့်တော့ပါဘူး။ ဗမာပြည်ပြည် သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ပြောကြရမယ့် အချိန်ကို ရောက်လာပြီထင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း


2 comments:

Craton February 5, 2009 at 12:55 AM  

အင်း.. ခေါင်းညိတ်သွားပါတယ်..
ဘာလုပ်လုပ်ထောင်နန်းစံ၊ အနှိပ်စက်ခံရမှာကိုတွေးပြီး
ဘယ်သူမှ ဘာမှမလုပ်ရဲတော့တာ အပြစ်တော့မဆိုသာပါဘူး... အားလုံးညီကြမယ့်အချိန်ကို မျှော်လင့်နေပါပြီ...

လင်းထက် February 5, 2009 at 6:54 PM  

ဟုတ်ပါတယ် အကိုရေ ဒီလိုနဲ့ပဲ နှစ်တွေ ကြာခဲ့ပါပြီ..

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့