Saturday, January 31, 2009

မိုးမစိုအောင်ကာကွယ်ခြင်း



မိုးတိမ်တွေဖြုတ်ဖြုတ်ချလိုက်တဲ့
လှတပတ မဟုတ်ရင်တောင်
ရုပ်သိတ်မဆိုးလှတဲ့ နှင်းဆီရောင်အပျိုမလေးအလား
ရီရီယိမ်းနွှဲနေတဲ့ မိုးစက်လေးတို့ရေ…။
ဟော့ဒီ့ပုခုံးထက်မှာ
(ဆမ်ဘာ) တေးသွားလေအလား
မြူးကြွ..လှုပ်ရှား
ကခုန်နေခဲ့ပါပေါ့လား..။
အရောင်တွေမရှိတဲ့အရပ်မှာ
တခုခုကိုငေး..နေမိတဲ့သူ
ပေါင်မုန့်မကြိုက်တဲ့သူ
မီးရောင်တွေအောက်မှာ
လျှောက်သွားနေတတ်တဲ့သူ..။
လေတချက်အဝှေ့မှာ
လူကယိုင်နဲ့သွားပေမဲ့
သူ့ကဗျာကိုတော့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်လေရဲ့
လွန်ခဲ့တဲ့ အနှစ်(၂၀)ကတည်းက
အဆုံးမသတ်နိုင်ခဲ့သေးတဲ့
သူ့ကဗျာဟာ…။
ပစ္စိဖိတ်ကမ်းခြေမှာရွာတဲ့..မိုး
အင်းလေးမှာရွာတဲ့..မိုး
ဘင်္ဂလားပင်လယ်အော်က..မိုး
ချစ်သူရဲ့..မိုး
အို…
ဒီလူ့ရင်ကွဲအောင်သာရွာပါမိုးရယ်
ငါ့ကဗျာကိုတော့ လုံအောင်ကာမိုးထားပါရစေတော့…။

ဂင်ကြီး

9 comments:

Anonymous,  February 1, 2009 at 1:38 AM  

အဆုံးမသတ်နိုင်သေးတဲ့ ကဗျာတစ်ပုဒ်ကို မိုးရေစက်တွေ စိုမှာစိုးတယ်တဲ့လား၊ တစ်နေ့နေ့မှာတော့ ကျနော်တို့ ရင်ထဲက နှလုံးသွေးတွေနဲ့ေ၇းခဲ့တဲ့ကဗျာလေးတွေကို လှပစွာ အဆုံးသတ်နိုင်မှာပါ ရဲဘော်ကြီးရေ၊

ATN February 1, 2009 at 6:28 AM  

ကိုယ့်ရဲဘော်ကြီး ကဗျာလည်း အရေးကောင်းတာပဲ...

pandora February 1, 2009 at 7:35 AM  

လုံအောင်မိုးထားသတဲ့လား
ဒီကဗျာကို သဘောကျတယ်။ ကျစ်ကျစ်ပါအောင် ဆက်ဆုပ်ထားဗျို့။

ဆောင်းယွန်းလ February 1, 2009 at 1:05 PM  

ရဲဘော်အကိုကြီး ကိုဂင်ကြီး ကဗျာအရေးလည်း ထိပ်သီး
လို့ဆိုရလောက်ပါပေ၏

သစ်နက်ဆူး February 1, 2009 at 2:36 PM  

ကိုဂင်
ထင်မထားမိတဲ့ ထောင့်ကနူးညံ့တဲ့ အနုပညာကိုပါထပ်တွေ့ ခံစားရတယ်...
ချီးကျူးပါတယ်အကိုရေ...။
ကဗျာကိုလဲ ကြိုက်တယ် ...သိမ်းထားလိုက်ပါတယ်ဗျာ..။

မမသီရိ February 1, 2009 at 5:34 PM  

အစ်ကို..ဆောင်တွင်းကြီး
မိုး ရွာနေတော့
ဒုက္ခ...း)....

Anonymous,  February 4, 2009 at 4:52 PM  

ကဗျာလေး ကြိုက်တယ်ဗျာ။ကဗျာလေးဖတ်ရင်း
ခံစားလိုက်ရတာတွေ အများကြီးပဲ။

My Diary February 4, 2009 at 9:12 PM  

မိုးမစိုအောင် မိုးကာဝတ်ပေးထားပါလား
နောက်ဆို အွန်လိုင်းမှာ ကဗျာမိုးမစိုအောင် ဂျာကင်လုပ်ရောင်းရင် ဈေးကွက်ဝင်မယ်ထင်တယ်

ငြိမ်သက် February 6, 2009 at 9:42 PM  

မထင်ရဘူးနော်...
အနုပညာကိုပြောတာပါ...ဟီး

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့