Saturday, January 31, 2009

မိုးမစိုအောင်ကာကွယ်ခြင်း



မိုးတိမ်တွေဖြုတ်ဖြုတ်ချလိုက်တဲ့
လှတပတ မဟုတ်ရင်တောင်
ရုပ်သိတ်မဆိုးလှတဲ့ နှင်းဆီရောင်အပျိုမလေးအလား
ရီရီယိမ်းနွှဲနေတဲ့ မိုးစက်လေးတို့ရေ…။
ဟော့ဒီ့ပုခုံးထက်မှာ
(ဆမ်ဘာ) တေးသွားလေအလား
မြူးကြွ..လှုပ်ရှား
ကခုန်နေခဲ့ပါပေါ့လား..။
အရောင်တွေမရှိတဲ့အရပ်မှာ
တခုခုကိုငေး..နေမိတဲ့သူ
ပေါင်မုန့်မကြိုက်တဲ့သူ
မီးရောင်တွေအောက်မှာ
လျှောက်သွားနေတတ်တဲ့သူ..။
လေတချက်အဝှေ့မှာ
လူကယိုင်နဲ့သွားပေမဲ့
သူ့ကဗျာကိုတော့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်လေရဲ့
လွန်ခဲ့တဲ့ အနှစ်(၂၀)ကတည်းက
အဆုံးမသတ်နိုင်ခဲ့သေးတဲ့
သူ့ကဗျာဟာ…။
ပစ္စိဖိတ်ကမ်းခြေမှာရွာတဲ့..မိုး
အင်းလေးမှာရွာတဲ့..မိုး
ဘင်္ဂလားပင်လယ်အော်က..မိုး
ချစ်သူရဲ့..မိုး
အို…
ဒီလူ့ရင်ကွဲအောင်သာရွာပါမိုးရယ်
ငါ့ကဗျာကိုတော့ လုံအောင်ကာမိုးထားပါရစေတော့…။

ဂင်ကြီး

Wednesday, January 28, 2009

တိမ်ကိုစီး၍ သစ္စာရှာသူ...ညိုထက်(လမ်းသစ်ဦး)

ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစား ကောင်းသည့်နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအ ခေါ်အရ “ရန်ဝင်။ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ် နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူး အောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင် တခုကိုထမ်းထားသည်၊ထိုမှတ်တိုင်တွင်ရေးထားသည်က…

ရဲဘော်ညိုထွန်းအောင်
အသက်(၃၈)နှစ်
၃၀–၉–၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသော ကြောင့် ရန်သူ့စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရ တော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့် ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြ သည်၊ရွာသားတယောက်ရှေ့တက်လာသည်၊သူကနေရာသိသူ။

သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကို တိုး။တောင်ကိုဖြတ်၊ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ရောက်ပြီ၊သူရဲကောင်း၊တော်လှန်တဲ့သူရဲကောင်း ၀ိဥာာဉ်ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခန်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခန်းနား၊ အမြင်မခန်း နား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ် မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့်

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, January 22, 2009

ဂီတချစ်သူများအတွက်...ဂီတ အိမ်လွမ်းသူ (ဂင်ကြီး)

ကျနော့်ဝါသနာကိုယ်က ဂီတကို ဝါသနာထုံလေတော့ ဘလော့လုပ်တဲ့အခါမှာလဲ တခါတလေ ကိုယ်တီးနေကြ Classical သီချင်းလေးတွေ တီးပြီး တင်ပါတယ် ဝါသနာတူတွေ ရောင်းရင်း တွေ ဂီတချစ်သူတွေ ခံစားနိုင်အောင်ပါ။ ကျနော်မှာရှိတဲ့ Acoustic Guitar လေးတွေနဲ့ တီးပြီး ဘာစက်အကူအညီမှမပါပဲ ရှိတဲ့ ကင်မရာလေးနဲ့ ရိုက်တင်နေတာပါပဲဗျာ။
ဒါပေမဲ့ မိတ်ဆွေတွေက အသံလေးနဲ့ပါ တင်ပါလို့ပြောလာကြတယ်လေ။ ခက်တာက ကျနော် က ဂစ်တာနည်နည်းတီးတတ်တော့ သီချင်းလည်း ဂီတနဲ့ အံဝင်ရုံလောက်တော့ ဆိုတတ် ပါတယ် ခက်တာက အသံကမကောင်းပါဘူး၊ပစ္စည်းကမပြည့်စုံပါဘူး ဒီကြားထဲကပဲ ကိုအောင် သာငယ်၊ မပန်ဒိုရာ၊ ကမာနီလာ၊ နော်မန်၊ ယောနသံဇင်ယော်၊ စသည့်စသည်ဖြင့် မိတ်ဆွေ တွေကပြောလို့ အိမ်လွမ်းသူဆိုတဲ့သီချင်းလေးကို ဆိုတင်လိုက်တယ် ဘာအသံဖမ်းစက်မှမပါပဲ(ရှိလဲမရှိပါဘူး) တင်လိုက်ပါတယ်။
ညီမ မဆုမွန်ကလဲတောင်းထားတာ သူ့ညီမလေးတွေနဲ့ ဆိုပေးပါဆိုတော့ ကျနော့်သမီး နှစ်ယောက်ရဲ့ Harmonica လေးတွေနဲ့ဆိုဖြစ်ပါတယ်ဗျာ မဟေသီက ဗွီဒီယို ရိုက်ပေးတယ် True live လေးပေါ့ဗျာ ကော်ပီသီချင်းလေးပါ ကိုဝိုင်ဝိုင်းဆိုထားတာပါ။ မူရင်းသီချင်းလေးက ကြားဘူးနေပေမဲ့ သီချင်းနံမည် မမှတ်မိတော့ပါဘူး ကိုအောင်သာငယ်ကြီးကတော့ သိလောက် ပါတယ် သူကစေစပ်တဲ့သူကိုး မိတ်ဆွေတွေ နားလည်ခံစားနိုင်ကြပါစေ။




Friday, January 16, 2009

When the children cry- (ဂင်ကြီး)

ကျနော့်ရဲ့ ရဲဘော်ကြီး အောင်သာငယ် က When the children cry ကို တင်လိုက်တော့ ကျနော်လဲသူနဲ့ထပ်တူ ခံစားခဲ့ရတာပါ။ ဟုတ်ပါတယ် တကယ်တော့ အပြစ်မဲ့တဲ့ ခလေးတွေဟာ စစ်ပွဲတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေကြားမှာ ဓားစာခံဖြစ်နေကြရတာပါ။ အခုလက်ရှိ ပါလက်စတိုင်းဒေသမှာ အပြစ်မဲ့ခလေးလေးတွေ ဗုံးဆန်၊ အမြောက်ဆံတွေကြောင့် နေ့စဉ်နဲ့အမျှသေနေကြရတာတွေ တွေ့နေရတော့ ကျနော်လဲ ကိုအောင်သာငယ်ကြီးခံစားရသလိုပါပဲ သား သမီးခြင်းစာနာမိတယ်။ ဘာကြောင့် ဒီလိုအပစ်မဲ့တဲ့ခလေးတွေ သေကြေနေကြရတာလဲ၊ ခလေးလေးတွေ ကမ္ဘာပေါ်မှ နေ့စဉ်နဲ့အမျှ အငတ်ဘေး၊သဘာဝဘေး၊စစ်ဘေးဒါဏ်တွေကြာင့် သေနေရတာကို ဒီသီချင်းလေးတီးပြီး ထပ်မံခံစားလိုက်တာပါ သီချင်းစာသားက တော့ ကိုအောင်သာငယ်ရဲ့ ဒီပိုစ် http://aungthange.blogspot.com/2009/01/when-children-cry.html မှာ သွားကြည့်လို့ရပါ တယ်။ ကျနော်က Classical တီးထားတာပါ သိတဲ့အတိုင်းပဲဗျာ ဝါသနာရှင်ဆိုတော့ သိတ်တော့မကောင်းပါဘူး နားလည်ခံစားပေး ကြပါဗျား လာရောက်နားဆင်ခံစားတဲ့မိတ်ဆွေတွေကို ချစ်ခင်လေးစားလျှက်ပါဗျာ...။



ဒီသီချင်းလေးနားဆင်ပြီး အားလုံးပဲ ကမ္ဘာပေါ်မှာ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေကြတဲ့ အပြစ်မဲ့ ခလေးတွေအတွက် စာနာခံစားနိုင်ကြပါစေ..။

Wednesday, January 14, 2009

အိမ်ကျယ်...(ဂင်ကြီး)

“သား..မင်းဘာဖြစ်လို့ ကိုယ့်ထက်ငယ်တဲ့သူကို အခုလိုလုပ်ရတာလဲ အဖေမင်းကိုပြော ပြောနေတဲ့ သတ္တိရှိရမယ်ဆိုတာ ကိုယ်နဲ့ရွယ် တူတွေ ဒါမှမဟုတ် ကြီးတဲ့သူတွေက မတရား လုပ်တဲ့အခါ သတ္တရှိရမှာ ငုံ့မခံရမှာကိုပြောတာကွ” “မင်းကအခုတော့ ဟိုမှာကြည့် ကိုယ့် ညီမလေးနဲ့ရွယ်တူလောက်ပဲရှိတာ လာမင်းလာခဲ့” အဖေပြောရင်းဆိုရင်း ကျနော့်ကို ရိုက်ပါတယ်။ တဖက်ကလာတိုင်တဲ့အဒေါ်ကြီး ကိုလဲ “ကျနော်တောင်းပန်ပါတယ်ဗျာ နောက်ဒီ လိုမဖြစ်စေရပါဘူး” လို့တောင်းပန်ပါတယ်။ ကျနော်တို့ငယ်ငယ်ကပါ ကျနော် ၈ နှစ် လောက်ကပါ၊ ကျောင်းကအပြန် လမ်းမှာ ကျနော်ထက် ၂ နှစ်လောက်ငယ်တဲ့ ကောင်လေး တယောက်နဲ့ ဂျင်ပေါက်တမ်းကစားရာကနေ ရန်ဖြစ်ပါတယ် သူကလဲဂျစ်ကန်ကန်လေးမို့ ကျနော်လက်သီးနဲ့ထိုးပါတယ် သူ့နှာခေါင်းက သွေးထွက်သွားပါတယ် ခဏ ကျနော်အိမ် ပြန်ရောက်လို့မကြာပါဘူး ကောင်လေးအမေက အိမ်မှာလာတိုင်လို့ ကျနော်ကို အဖေရိုက်တာ ခံရပါတော့တယ်။
အဖေကဆုံးမတော့ လာတိုင်တဲ့အဒေါ်လဲ ကျေနပ်သွားပုံရပါတယ် ကျနော့်ကိုထပ်မရိုက်ဘို့ အဖေ့ကိုပြောပါတယ် “အခုလိုဆုံးမရင်ရပါပြီ ကျမလဲသူ့ကို အိမ်ကြရင်ရန်မဖြစ်ဘို့ ဆုံးမပါ အုံးမယ်” လို့ပြောပြီး လာတိုင်တဲ့အဒေါ်ကြီးပြန်သွားပါတယ်။ အဲ့ဒီ့ညက ကျနော်အိပ်မပျော် ခင် အဲ့ဒီ့ကောင်လေးကို တွေးပြီးသနားနေမိပါတယ်။ တကယ်တော့ မတော်တဆ ချက်ကောင်း ထိသွားတာပါ ကျနော်မှာ သူ့ကို ဒီလောက်နာစေချင်တဲ့ဆန္ဒ လုံးဝမရှိခဲ့တာပါ။ ခဏနေတော့ခလေးသဘာဝ အိပ်ပျော်သွားပါတော့တယ်။
နောက်တခါကျနော်အရိုက်ခံရတာကတော့ အိမ်ကညီမလေးအငယ်နဲ့ပါ ဖြစ်ပုံကဒီလိုပါ။ အဲ့ဒီ့အဖြစ်အပျက်နှစ်ခု ဖြစ်တာသိတ်မကွာဘူး ညီမလေးက မုန့်စားနေတာ ကျနော်လဲ စားရတယ် ဒါပေမဲ့ညီမလေးကနည်းနည်းပိုရသလိုပဲ ကျနော်ထင်တာပါ “ငါ့နည်းနည်းပေး” “ဟင့်အင်း” ကျနော်ညီမအငယ်က နည်းနည်းကပ်စေးနှဲတယ် “နင်မကုန်ပါဘူး” “အင့်… ပေးဘူး” သူကအတင်းငြင်းတော့ အဲ့ဒီ့အချိန် မှာအဖေက ပြုံးကြည့်နေတယ် ကျနော် အဖေပြုံးနေတာကို အဟုတ်ထင်တာလေ လုရောဗျို့ ညီမလေးဆီက တခုရတယ် ညီမလေးကလုတဲ့လက်ကို ကုတ်ရောဗျို့ အဖြစ်ကသိတ်မြန်တာ၊ ကျနော်တွန်းလှဲလိုက်တာ ဘီရိုနဲ့ ခေါင်းနဲ့ဆောင့်မိပြီး သူ့မုန့်တွေလဲ လွတ်ကျ ခေါင်းလဲဖူးသွားရော အမေပြေးထွက်လာပြီး ညီမလေးကိုချီသွားတယ်။ ကျနော်လဲမှင်သက်နေမိတယ် “ဟေ့ကောင်လာခဲ” အဖေကျနော်ကိုခေါ်ပြီ “မင်းဘာဖြစ်လို့ ကိုယ့်ညီမလေးကို တွန်းလှဲတာလဲ” “ဟေ့ခလေးဘာဖြစ်သွားလဲ” “ခေါင်းဖူးသွားတယ်” အမေ့အသံ နောက်အဖေကျနော့် ကိုဆော်ပါတော့တယ် “မင်းကအိမ်ကျယ်” “ကိုယ့်ထက်ငယ်တဲ့သူတွေဆို နိုင်တယ် မတရားလုပ်တဲ့ သူတွေကြတော့ ဘာမှလုပ်ရဲတဲ့ကောင်မဟုတ်ဘူး” အဖေရိုက်တာထက် ဒီစကားလုံးကကျနော်ကို ညဘက်ရောက်တော့ အတွေးပိုနေစေတာပါပဲ။ ကျနော်အိပ်ရာဝင်ခါစမှာ အမေကအဖေ့ကိုပြောနေသံ အမှတ်မထင်ကြားလိုက်တယ် “တော်က သားကို ဘာဖြစ်လို့ အိမ်ကျယ်လို့ပြောတာလဲ တော်ကြာခလေးတမျိုးဖြစ်သွားပါအုံးမယ်” “မဟုတ်ပါဘူးဟာ ငါကငါ့သားကို ယောင်္ကျားပီသစေချင်လို့ သူများကိုမတရား မလုပ်စေချင်လို့ ကိုယ့်ကိုမတရားလုပ်လဲ ခေါင်းငုံ့မခံစေချင်လို့ပါကွာ“တဲ့ ငါဟာ …တကယ်အိမ်ကျယ်ဖြစ်နေ တာလားဆိုတာကို တွေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, January 8, 2009

ဒီခေတ်ရဲ့"ရင်လျားယဉ်ကျေးမှု" (လူထုစိန်ဝင်း)

ကျောင်းသား။ ။ဆရာကြည့်စေချင်လို့ စီဒီတချပ်လာပေးတာခင်ဗျ။

ကျောင်းသူ။ ။ အဲဒါကြည့်ပြီး ဆရာ့သဘောထားမေးမလို့ပါ။ နောက်တခေါက်ထပ်လာပါဦး မယ်။

ဆရာ။ ။ ဘာအခွေများလဲကွဲ့။ ခုတလောဘောလုံးပွဲတွေပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်တွေ မကြညြ့်ဖစ်တာကြာပြီ။

ကျောင်းသား။ ။ ဖက်ရှင်ပြပွဲခွေ တခုပါဆရာ။ ကျွန်တော်တို့ ကျောင်းတက် တုန်းက မိန်းကလေးတွေ ဘောင်းဘီဝတ်တာ၊ဆံပင်တိုထားကို ဆရာက အားပေးတယ် မဟုတ်လား။ ခုခေတ် မိန်းကလေးတွေ ၀တ်ပုံစား ပုံတွေကိုကောဆရာဘယ်လိုရှုမြင်သုံးသပ်မလဲဆိုတာ သိချင်လို့ပါ။

ကျောင်းသူ။ ။ ကျမက ခုထိ ဆံပင်တိုထားတုန်းပါဆရာ။ ခေတ်မီ ဆန်းသစ်တာကို လည်း သဘောကျပါတယ်။ ဒါပေမဲ့ ခုခေတ်မိန်းကလေးတွေကတော့ နည်းနည်းလွန်ကဲ နေသလားလို့ပါ။အဲဒါကြောင့် ဆရာ့အမြင်သိချင်တာပါ။

ဆရာ။ ။ မင်းတို့ စီဒီ မကြည့်တော့ပါဘူးကွယ်။ ဒီအတိုင်းပဲ ဆွေးနွေးကြတာပေါ့။

ကျောင်းသား။ ။ မဟုတ်ဘူးဆရာ...ကြည့်လိုက်ပါဦး။ နောက်တခေါက်ကျမှ ဆွေးနွေးပါမယ်။

ဆရာ။ ။ ဆရာ ကြည့်ပြီးပါပြီးကွဲ့။ ခေတ်နောက်မကျပါဘူး။ ဒီအခွေတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဖက်ရှင်ရှိုးခွေဆို အတူတူ နေမှာပဲကွယ်။ ဟုတ်တယ်မို့လား။

ကျောင်းသား။ ။ ဟုတ်ပါတယ်ဆရာ။ အားလုံးအတူတူပါဘဲ။ အဲဒီလိုဆို အခု ဆရာ့အမြင် ပြောလို့ရတယ်ပေါ့နော်။

ဆရာ။ ။ အခွေမကြည့်ဖူးခင်ကတည်းက ဒီခေတ်ရဲ့ "ရင်လျားယဉ်ကျေးမှု" ကို ဆရာသိနေ မြင်နေပါတယ်ကွဲ့။ မဂ္ဂဇင်းတွေထဲမှာ တွေ့နေရတာပဲ။

ကျောင်းသူ။ ။ ဖက်ရှင်ရှိုးတွေကို ဆရာ ဘယ်လိုမြင်သလဲရှင့်။

ဆရာ။ ။ ပြောရမှာ အားတော့နာတယ်ကွယ်။ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို မတင့်တယ်ဘူးလို့ပဲ ပြောချင်တယ်။ တခါတခါ ကြည့်ရင်းနဲ့ နိုင်ငံခြား စီဒီခွေများ မှားပြီးယူလာကြသလားလို့တောင် ထင်လိုက်မိတဲ့ မြင်ကွင်းတွေလည်း တွေ့ရမြင်ရတယ်။

ကျောင်းသူ။ ။ တချို့များ ဆရာရယ် ကျမတို့ မိန်းမချင်းတောင် ကြည့်ရတာ မျက်စိရှက်မိပါတယ်။

ကျောင်းသား။ ။ ကျွန်တော်တို့ ယောက်ျားတွေလည်း မျက်စိရှက်ပါတယ်ခင်ဗျ။ ကျွန်တော် လည်း အင်္ဂလန်သွားပြီး ဘွဲ့လွန်ယူလာခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုရှိုးပွဲတွေတော့ မရောက်ဖူးလို့ မပြောတတ်ဘူး။ ကျွန်တော်တို့ တက္ကသိုလ်ဝန်းကျင်မှာတော့ ၀တ်စားဆင်ယင်တာ ဒါလောက် မရိုင်းပါဘူး။

ကျောင်းသူ။ ။ ကျမတို့လည်း ဗမာပီပီ ရေချိုးပြီး ထွက်လာရင် ရင်လျားနဲ့ ထွက်တာပါပဲ။ ဒါပေမဲ့ တဘက်ကြီးကြီးနဲ့တော့ လုံအောင် ခြုံထားပါသေးတယ်။ အခုတော့ ဆရာရယ် စင်ပေါ် မှာ မီးမောင်းတွေအောက်မှာ ကျောဗလာကျင်းပြီး ထွက်လာလိုက်နဲ့၊ ရင်ဘတ် တ၀က်ဖော်ပြီး ထွက်လာလိုက်နဲ့ တခါတလေများကိုဆို အောက်က ရင်တမမ ဖြစ်နေရတာ။ သူတို့ ရင် လျားကြီး ဘယ်တော့များ လျှောကျသွားမလဲလို့ ကျမဖြင့်စိတ်ပူလိုက်ရတာ ဆရာရယ်။

ကျောင်းသား။ ။ ဖန်ပေါင်းချောင်ထဲမှာ ရွှေငါးလေးတွေ ဆတ်ဆလူး ကူးခတ်နေတာ ကြည့်ရသလိုပဲလို့ ကျွန်တော်တော့ အောက်မေ့မိတယ်။ ဆရာက အမြဲတမ်း မိန်းကလေးတွေ ဟာ ယောက်ျားလေးတွေနဲ့ တန်းတူ ဘာမဆို လုပ်နိုင်ရမယ်။ သွားရဲ လာရဲ ပြောရဲ ဆိုရဲ ရှိရမယ်။ ခြေတလှမ်း ကုဋေတသန်းဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ မိန်းကလေးတွေလဲ ဘတ်စကားတိုးတက် တိုးဆင်း လုပ်နေရတာပဲ။ ဘောင်းဘီဝတ်တော့ အန္တရာယ်ကင်းတယ်၊ ပေါ့ပါးဖျတ်လတ်တယ်လို့ ပြောနေကျ မဟုတ်လား။ အဲဒါကြောင့် ဆရာ ဘာပြောမလဲဆိုတာ သိပ်သိချင်နေတာ။

ဆရာ။ ။ ရှေးခေတ်တုန်းကတော့ မိန်းကလေးဆိုတာ "ဗိုင်းကောင်းကျောက်ဖိ" နေပြီး "အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ" ရှိအောင်သာ အလေးထား ဆုံးမခဲ့ကြတာလေ။ သူ့ခေတ်သူ့အခါနဲ့တော့ ကိုက်ညီမှာပေါ့။ ယောက်ျားက စီးပွါးရှာပြီး မိန်းမက အိမ်ထောင် ထိမ်းသိမ်းရေး လုပ်ရတာကိုး။ ခုခေတ်ကျတော့ အိမ်ရှိသမျှ လူကုန်ထထွက် အလုပ်လုပ်နိုင်မှ တော်ကာ ကျတာလေ။ ဒီတော့ မိန်းကလေးတွေလည်း အလုပ်လုပ်နိုင်အောင် ပညာတွေ သင်ရ၊ အလုပ်လုပ်ရ၊ ခရီးတွေ သွားရ လုပ်ကြရတာပေါ့။ ဒါကြောင့် "ဗိုင်းကောင်းကျောက်ဖိ" နေလို့ ဘယ်ဖြစ်တော့မလဲ။ ပိနေတဲ့ ကျောက်တုံးကြီးကို တွန်းချပြီး မားမားမတ်မတ် ထရပ်ကြရမှာပေါ့။

ကျောင်းသား။ ။ ခုဟာက မားမားမတ်မတ် မဟုတ်တော့ဘူးဆရာရဲ့၊ ကော့ကော် ကန်ကား ဖြစ်နေလို့ ပြောနေရတာ၊ ကန်တော့နော်ဆရာ၊ ကန်တော့၊ ကန်တော့။

ကျောင်းသူ။ ။ ဟုတ်တယ်ဆရာ၊ သူပြောတာမလွန်ဘူး။

ဆရာ။ ။ ဆရာလည်း တွေ့ပါတယ်ကွယ်။ ဆရာတယောက်အနေနဲ့ ခေတ်ရှေ့က ပြေးဖို့ အမြဲတမ်း မင်းတို့ကို တိုက်တွန်းခဲ့တာပဲ။

ကျောင်းသူ။ ။ ဟုတ်တယ်၊ ဆရာက ခေတ်ကို မီအောင်လိုက်တယ်ဆိုတာတင်နဲ့ မလုံလောက်ဘူး။ ခေတ်ရှေ့ကကို ပြေးနေရမယ်လို့ အမြဲပြောခဲ့တာပဲ။

ဆရာ။ ။ ဆရာပြောခဲ့တာက အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ၊ အသိဥာဏ်ပညာတွေ ခေတ်ရှေ့က ရောက်နေအောင်လုပ်ဖို့ပြောတာပါ။ ၀တ်စားဆင်ယင်မှုတွေ အဆောင်အယောင်တွေကို ပြောတာမဟုတ်ပါဘူး။

ကျောင်းသား။ ။ ခုခေတ် လူငယ်တွေက အနှစ်ကိုပယ်ပြီး၊ အကာကိုပဲ ယူနေကြတယ် ထင်ပါရဲ့ ဆရာရယ်။ ကျွန်တော်တို့ကို ပေါ့ပ် ယဉ်ကျေးမှုအကြောင်း ပြောပြတုန်းက ဆရာပြော ခဲ့တာတွေကို အခုမှတ်မိနေသေးတယ်။ ပေါ့ပ်..ဂီတ၊ ပေါ့ပ်..စာပေ၊ ပေါ့ပ်..ယဉ်ကျေးမှု ဆိုတာတွေဟာ၊ ဘုရင်တွေ၊ မိဖုရားတွေနဲ့ မှူးကြီးမတ်ကြီးတွေကို နန်းတော်ကြီးထဲမှာ ဖျော်ဖြေတဲ့ နန်းထိုက်ဝင် သဘင်သမားတွေနဲ့ ဆန့်ကျင်ဘက် လူတွေကြားထဲက လူတွေကို ဖျော်ဖြေဖို့၊ လမ်းပေါ်မှာ သီဆို တီးမှုတ်ကခုန်ကြတဲ့ လူထုဂီတ၊ လူထုအနုပညာ စစ်စစ်ဖြစ်တယ်လို့ ဆရာက ပြောခဲ့တယ်လေ။ ပြီးတော့မှ ဆရာက နောက်ခေတ်လူငယ်တွေက၊ ပေါ့ပ် ဂီတ၊ ပေါ့ပ်..အနုပညာရဲ့ အနှစ်သာရကို အတုယူရ ကောင်းမှန်း မသိဘဲ၊ ဆင်းရဲသားတွေကြားက ထွက်လာတဲ့ ပေါ့ပ်..အနုပညာသမားတွေရဲ့ စုတ်ပြတ်နုံချာတဲ့ အ၀တ်အစားတွေကို အတုယူပြီးတော့ ဂျင်းဘောင်းဘီအကောင်းစားကို အနားတွေဖွာလန်အောင်လုပ်၊ ဒူးမှာပြဲအောင်ဖြဲပြီး ၀တ်ပြကြတယ်။ အဲဒီက တဆင့်တက်လာ တော့ ပညာမဲ့ ခြေသလုံးအိမ်တိုင်တွေရဲ့ စရိုက်လို အတုယူပြီး မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စတွေမှာ အချုပ်အထိန်းမဲ့ ဗရမ်းဗတာ လုပ်ချင်တာတွေ လုပ်ကုန်ကြတော့တယ်။ ဒါကြောင့် ပေါ့ပ် ဟာ နာမည်ပျက်ရတာလို့ ပြောခဲ့တယ်နော်။

ကျောင်းသူ။ ။ဆရာပြောတဲ့အတိုင်းလည်း ဖြစ်ခဲ့တာပဲနော်။

ဆရာ။ ။ အဲဒါကြောင့် "ခေတ်မီ"တာနဲ့"လျှပ်ပေါ်လော်လီ"တာကို ခွဲခြားမသိနိုင်ဖြစ်နေကြ တာပါကွယ်။

ကျောင်းသူ။ ။ အဲဒီတော့ ရှိုးပွဲတွေကို ဆရာဘယ်လိုမြင်သလဲ။

ဆရာ။ ။ ဆရာကတော့ မိန်းကလေးတွေကို စင်ပေါ်မှာ ယောက်ျားတွေအတွက် ဖျော်ဖြေရ တဲ့ သဘောမျိုးမှန်သမျှကို မနှစ်မြို့ဘူး။ ယောက်ျားတွေကို ဖျော်ဖြေဖို့ အမျိုးသမီးမှာ ဘာတာဝန်မှ မရှိဘူးလို့ယူဆတယ်။

ကျောင်းသူ။ ။ဟုတ်ပါပြီ၊ဒါမှကျမတို့ဆရာကွ။


လူထုစိန်ဝင်း

၂၄၊၁၀၊၂၀၀၈။
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ(၁) အမှတ် ၁၅၉၊ ဒီဇင်ဘာ၊ ၂၀၀၈ မှ ကူးယူဖော်ပြပါသည်။]

သမီးကြီး မွေးနေ့



ဒီပုံလေးတွေကတော့ သမီးကြီး ပေါ့အိုင်း (လင်းလက်ထွန်းထွန်း) (၁၀) နှစ်ပြည့်မွေးနေ့ပွဲက ပုံလေးတွေပါ။ သူ့မွေးနေ့ပွဲလေးရောက်ရင် မိဘမဲ့ခလေးတွေကို လက်ဆောင်ပေးချင်တယ်တဲ့၊ သမီးရဲ့ရင်ထဲကလာတဲ့စကားလေးပါ။ သူတို့အမေက အမြဲတမ်းလိုလို ကိုယ်ကကောင်းကောင်းနေနေရပေမဲ့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေမှာ ဘေးဒုက္ခတွေ မရေမတွက်နိုင်အောင်ရှိနေတဲ့အကြောင်း ခလေးတွေကို အမြဲတမ်းပြောပြနေလေ့ရှိပါတယ်။ အထူးသဖြင့် SAW အဖွဲ့က မိဘမဲ့ခလေးတွေအကြောင်းလေးတွေပေါ့။ ဒီအဖွဲ့လေးဖြစ်ပေါ်လာရတာက ၂၀၀၀ ခုနှစ်မှာပါ၊ အေးအေးမာ (SAW - ရဲ့ ဒါရိုက်တာ) သူကလက်တွေ့သမား လက်တွေ့ ကိုယ့်နိုင်ငံသားတွေကို ဘယ်လိုကူညီမလဲဆိုတာ ရိုးရိုးလေးစဉ်းစားခဲ့ရာကစခဲ့တာပါပဲ။ စဖွဲ့တာဘာမှရှိတာမဟုတ်ဘူး အေးမာ သူရတဲ့သတင်းထောက်လစာထဲက ရအောင်စုပြီးလုပ်လာတာ ကျနော်တို့လဲတတ်နိုင်သလောက် ကူညီခဲ့တာပါ၊ ကိုယ့်နိုင်ငံသားတွေအတွက် တတ်နိုင်သလောက် တကယ်စေတနာနဲ့လုပ်တော့ နောက်ဆုံးအောင်မြင်လာတယ်ဆိုပါတော့ ဗျာ မုဒိတာပွားစရာပါ။ ကျနော့်သမီးအငယ်မလေး ပိအိုင်းက SAW ကစဖွင့်တဲ့ နေ့ခလေးထိန်း ကျောင်းမှာ တက်ခဲ့ဘူးတယ် တခါက ကျနော်က လမ်းကြုံလို့ ခလေးကိုသွားကြိုလိုက်တယ်။ ခလေးတွေတော်တော်များများကို အမကြီးမမေကြည်က ယိုးဒယား စက်တတ် ဆိုက်ကားနဲ့လိုက်ပို့နေကြ အပြင်ကခလေးတချို့ပေါ့လေ မိဘမဲ့ခလေးလေးတွေက အဲ့ဒီ့မှာပဲနေကြရတာ သမီးငယ်ကကျနော့်တွေ့ တော့ အဖေဆိုပြီးပြေးထွက်လာရော မိဘမဲ့ခလေးလေးတွေက မျက်လုံလေးတွေကြောင်ပြီး ကျနော်ကိုကြည့်နေကြတာ ကျိန်းသေတယ် သူတို့ရဲ့မျက်လုံးတွေမှာ အဖေဆိုတဲ့အသံတွေကို အရောင်တွေအဖြစ်ဖေါ်ပြနေကြတာ။ ရင်နာစရာပေါ့ဗျာ ကျနော်နောက်ဆို သမီးကို သွားမကြိုတော့ဘူး ကျန်တဲ့ခလေးတွေကြည့်တာကို မခံနိုင်တော့လို့ပါ။
ဒီတော့ဗျာ SAW အဖွဲ့ရယ် ဒီကလေးတွေရယ် ကျနော်တို့ နှစ်တိုင်းသမီးမွေးနေ့ကို အဲ့ဒီ့မှာပဲလုပ်တယ်။ သမီးတွေကလဲသဘောကြ တယ်၊ ကျနော်တို့လိုပဲ ဒီကလေးတွေအကြောင်း SAW အဖွဲ့ဘာတွေလုပ်နေတယ်ဆိုတဲ့အကြောင်း သိချင်ရင် ဒီနေရာလေး မှာ သွားကြည့်ကြပါဗျား။ အားလုံးလဲမုဒိတာပွားနိုင်အောင် ကိုယ်နိုင်ငံသားခလေးတွေရဲ့ တကယ့်ဒုက္ခတွေကို ကိုယ်ခြင်းစာ ကူညီခံစားနိုင်အောင်လို့ပါ၊ တချို့သိပြီးသလို မသိသေးရင်လဲ သွားရောက်လေ့လာကြစေခြင်ပါတယ်။

Tuesday, January 6, 2009

တဂ်...ထားတဲ့စာ ရေးပါတယ်...။

နှစ်သစ်ကူးမတိုင်ခင် နောက်ဆုံးညက ဘာတွေလုပ်ခဲ့သလဲဆိုတာကို ဦးဂင်ရေးပါဗျာတဲ့ တဂ် လာတဲ့သူက ညီတယောက်လိုခင်ရတဲ့ ဖိုးမောင်ရယ်လေ။ ကျနော့်မှာလဲ နှစ်သစ်ကူးနေ့ကစလို့ ရှုပ်လိုက်တဲ့ အလုပ်တွေဗျာ နောက်ကျမှရေးရတာကို အရင်ဆုံးတောင်းပန်ပါရစေ။ ထူးထူး ခြားခြားတော့မရှိပါဘူး အဲ့ဒီ့နေ့က မောင်စံလင်းရယ် သူ့သူငယ်ချင်းလူငယ်လေးတွေရယ် အိမ် မှာလာလည်ကြတယ်။ ဦးဂင်တို့ အိမ်မှာ နှစ်သစ်ကူးလာလုပ်တာတဲ့ မောင်စံလင်းက ကျနော့် မိန်းမရဲ့တူကလေးပါ ကျနော်တို့နဲ့ အမေရိကားကိုလိုက်လာတာအခုအသက် ပြည့်တော့ သူ့ သူငယ်ချင်းတွေနဲ့ သွားနေပါတယ်။
သူတို့လာတော့ အိမ်ကအဖွားကြီးကလဲ ရှိတာလေးလုပ်ကိုင်ကျွေးတာပေါ့လေ၊ နို့ဖိုး ကမ့် ထဲကအကြောင်းလေးတွေပြောကြသေးတာ။ အငယ်လေးတယောက် ဘယ်လိုဖွန်ကြောင်တဲ့အကြောင်း။ ဟိုလူ့ကိုကြပ်လိုက်၊ ဒီလူ့ကိုကြပ်လိုက်။ ပြောရအုံးမယ်ဗျို့ အငယ်လေး ဆို တာ ဘလော့ဂါ ဟန်လင်းထွန်း ပါ။ သူကဘော်လုံးလဲကန်သဗျ ကျနော်က နည်း ပြကစားသမားကြီး၊ အငယ်လေးတော်လိုက်ပုံကတော့ဗျာ ပြောမနေနဲ့ဗျို့ ဘော်လုံကန်တဲ့အချိန်တဝက်လောက်က ချော်လဲနေတော့တာ ပဲ။ အိမ်ကအဖွားကြီးနဲ့ သူ့ဘော်ဒါတအုပ်ကလဲ အားပေးတယ်ဗျို့…ဟဲ့..အငယ်လေး သေနာကောင် ဖွန်ကြောင်လွန်းတော့ အားမရှိ တော့ဘူးတဲ့..ကဲမရီကြရဘူးလားဗျာ။ မရီကြရရင်လဲမရီကြနဲ့ဗျို့ အငယ်လေးကပြောချင်တာပြော ဘယ်တော့မှစိတ်ဆိုးတတ်တာ မဟုတ်ဘူး။ ဖိုးမောင် ငြိမ်သက် ဆို ကျနော့်မိန်းမကသိတ်ချစ်တာ ဒီကောင် ကအေးတယ် ဒါပေမဲ့ ငပေပဲဗျို့။ ကမ့် ထဲမှာသူတို့က ပိုက်ဆံရှိကြတာမဟုတ်ဘူး ရှိတဲ့ရိက္ခာ အဖွားကြီးကိုလာပေးပြီး အိမ်မှာပဲစားကြ တာ။
ထမင်းစားချိန်ဆိုပျော်စရာကြီးဗျာ အငယ်လေးနဲ့ ဖိုးမောင်ကတအိမ်ထဲနေကြတာလေ၊ သူတို့အိမ်နဲ့ ကျနော်တို့အိမ်ကအနီးလေးပါ။ ပေါ့ အိုင်းတို့ပိအိုင်းတို့ကိုလဲကိုလဲ သိတ်ချစ်ကြတာလေ။ ဒီကောင်တွေကြပ်ချက်ကတော့ဗျာ အိမ်ကအဖေတောင်မနေရဘူး။ ထားပါတော့လေ သတိရလို့ရေးလိုက်တာပါ ဖိုးမောင်လမ်း လျှောက်တာက အခုအမေရိကားမှာတွေ့နေရတဲ့ ဟစ်ပေါ့လူငယ်တွေရဲပုံစံပါ။ သမီးငယ် ပိအိုင်း က ဖိုးမောင်လိုလျှောက်ပြပါဆို ချွတ်စွပ်ကိုတူအောင်လျှောက်ပြတာဗျို့ ညဘက်ဆို ဂစ်တာတီး မီးလေးဘာလေးဖိုပြီးတော့လေ ကျနော်ကဂစ်တာတီး လူငယ်တွေကဆိုပေါ့ဗျာ တော်တော်လေးပျော်စရာကောင်းပါတယ်။ အဲ့ဒါကျနော်တို့နေခဲ့ကြတဲ့ ဘဝတွေကို အတူတူ ဖြတ်ခဲ့ကြတဲ့အချိန်လေးတွေပါဗျာ။ လူငယ်တွေဆိုတာပျော်ပျော်နေတတ်ပေမဲ့ အရေးဆိုအား ကိုးရတယ်ဗျို့ သာရေးနားရေး လာကြဟေ့ဆိုဝိုင်းကြတာပဲ။ ကျနော်ကင့်မ် ထဲမှာရှိတုန်းက ပျော်စရာလေးတွေပါ။
ကဲ…ရေးလိုက်ပါပြီ ငါ့ညီတို့ရေ နှစ်သစ်ကူးနောက်ဆုံးညက လူငယ်တွေလာလည်တုန်း လူငယ်တွေအကြောင်းပဲ စဉ်းစားမိခဲ့တယ်လေ လူငယ်တွေဆိုတာ အနာဂတ်ရဲ့ အရေးကြီး သောပုဂ္ဂိုလ်တွေမဟုတ်လား ကိုယ့်တိုင်းပြည်ကို တချိန်မှာ ဘယ်လိုပြန် အကျိုးပြုကြမလဲဆို တာလေး ခေါင်းထဲမှာထည့်ထားကြပါလို့တော့ ဆန္ဒပြုလိုက်ပါရစေ။

ဦးဂင်ကြီး

Thursday, January 1, 2009

သုံးနှစ်တာ မှတ်တမ်းတို...။ (ယဉ်ထွန်း)

သုံးနှစ်တာ မှတ်တမ်းတို...။

၂၀၀၇ အလင်းတွေတောက်ပခဲ့
စက်တင်ဘာရဲ့ သံဃာ့လှုပ်ရှားမှုကြီး
ဆူးလေရင်ပြင်မှာ သာသနာ့အလံတလူလူ
ဒေါင်းအလံ ထူခဲ့ကြတာကလား။

လူမဆန်တဲ့စစ်အုပ်စု
သံဃာနဲ့ကျောင်းသား
လူထုနဲ့မျက်ရည် သွေးသက်သေတည်ခဲ့
မမေ့တဲ့နိုင် ချွေနိုင်တုန်းချွေထား
အသဲနာလို့ ကမ္ဘာမကြေခဲ့ကြတာကလား။

၂၀၀၇ ရဲ့မှတ်တမ်းတွေ ၂၀၀၈ ထဲဆွဲခေါ်
စေ့စပ်မယောင် ဆွေးနွေးမယောင်
ကုလ ကိုဘန်းပြ လူထုကိုလှည့်ဖြား
တကယ်လား၊ တကယ်လားလိုလို
ဟိုလိုလို ဒီလိုလိုနဲ့။

သံယာ့ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်
တက်ကြွလှုပ်ရှား ပြည်သူ့ရတနာတွေ
အမှုတွေဆင် ဂွင်တွေထည့်
၆၅ နှစ်တဲ့ ကြမ်းခင်းဈေးပေါက်
ရောက်ချင်ရာရောက်
များလှတဲ့ထောင်တွေ လူထုရဲ့မျက်ရည်
တပူပေါ် နှစ်ပူဆင့်သလိုမျိုး
ဘဝရင်ခွင်ထဲ လေနီကြမ်းဆွဲလေပြီ
နာဂစ်ခေါ် ဒီမုန်တိုင်း
မြစ်ဝကျွန်းပေါ်တတိုင်းလုံး
ဘဝလှိုင်းလုံး အသက်တွေဆုံးရရှာပေါ့လား
မုန်တိုင်းနီရဲ့ ငိုခြင်းရှည်။

ကဲ...လာပြီဟဲ့ ၂၀၀၉
အသစ် အသစ်တွေဆိုတာ
အဟောင်းကိုအစားထိုးစမြဲမို့
ရာဇဝင်ဟောင်း အသစ်မပြောင်းတဲ့
စစ်အာဏာရှင် စံနစ်ဟောင်းကြီးကို
လာကြဟဲ့ ညီအကိုတို့
တွဲလက်တွေမဖြုတ်စတမ်းနော်
ရာဇဝင်သစ်တွေဖေါ်ကြပါစို့လား...။

ယဉ်ထွန်း

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့