Thursday, January 8, 2009

ဒီခေတ်ရဲ့"ရင်လျားယဉ်ကျေးမှု" (လူထုစိန်ဝင်း)

ကျောင်းသား။ ။ဆရာကြည့်စေချင်လို့ စီဒီတချပ်လာပေးတာခင်ဗျ။

ကျောင်းသူ။ ။ အဲဒါကြည့်ပြီး ဆရာ့သဘောထားမေးမလို့ပါ။ နောက်တခေါက်ထပ်လာပါဦး မယ်။

ဆရာ။ ။ ဘာအခွေများလဲကွဲ့။ ခုတလောဘောလုံးပွဲတွေပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်တွေ မကြညြ့်ဖစ်တာကြာပြီ။

ကျောင်းသား။ ။ ဖက်ရှင်ပြပွဲခွေ တခုပါဆရာ။ ကျွန်တော်တို့ ကျောင်းတက် တုန်းက မိန်းကလေးတွေ ဘောင်းဘီဝတ်တာ၊ဆံပင်တိုထားကို ဆရာက အားပေးတယ် မဟုတ်လား။ ခုခေတ် မိန်းကလေးတွေ ၀တ်ပုံစား ပုံတွေကိုကောဆရာဘယ်လိုရှုမြင်သုံးသပ်မလဲဆိုတာ သိချင်လို့ပါ။

ကျောင်းသူ။ ။ ကျမက ခုထိ ဆံပင်တိုထားတုန်းပါဆရာ။ ခေတ်မီ ဆန်းသစ်တာကို လည်း သဘောကျပါတယ်။ ဒါပေမဲ့ ခုခေတ်မိန်းကလေးတွေကတော့ နည်းနည်းလွန်ကဲ နေသလားလို့ပါ။အဲဒါကြောင့် ဆရာ့အမြင်သိချင်တာပါ။

ဆရာ။ ။ မင်းတို့ စီဒီ မကြည့်တော့ပါဘူးကွယ်။ ဒီအတိုင်းပဲ ဆွေးနွေးကြတာပေါ့။

ကျောင်းသား။ ။ မဟုတ်ဘူးဆရာ...ကြည့်လိုက်ပါဦး။ နောက်တခေါက်ကျမှ ဆွေးနွေးပါမယ်။

ဆရာ။ ။ ဆရာ ကြည့်ပြီးပါပြီးကွဲ့။ ခေတ်နောက်မကျပါဘူး။ ဒီအခွေတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဖက်ရှင်ရှိုးခွေဆို အတူတူ နေမှာပဲကွယ်။ ဟုတ်တယ်မို့လား။

ကျောင်းသား။ ။ ဟုတ်ပါတယ်ဆရာ။ အားလုံးအတူတူပါဘဲ။ အဲဒီလိုဆို အခု ဆရာ့အမြင် ပြောလို့ရတယ်ပေါ့နော်။

ဆရာ။ ။ အခွေမကြည့်ဖူးခင်ကတည်းက ဒီခေတ်ရဲ့ "ရင်လျားယဉ်ကျေးမှု" ကို ဆရာသိနေ မြင်နေပါတယ်ကွဲ့။ မဂ္ဂဇင်းတွေထဲမှာ တွေ့နေရတာပဲ။

ကျောင်းသူ။ ။ ဖက်ရှင်ရှိုးတွေကို ဆရာ ဘယ်လိုမြင်သလဲရှင့်။

ဆရာ။ ။ ပြောရမှာ အားတော့နာတယ်ကွယ်။ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို မတင့်တယ်ဘူးလို့ပဲ ပြောချင်တယ်။ တခါတခါ ကြည့်ရင်းနဲ့ နိုင်ငံခြား စီဒီခွေများ မှားပြီးယူလာကြသလားလို့တောင် ထင်လိုက်မိတဲ့ မြင်ကွင်းတွေလည်း တွေ့ရမြင်ရတယ်။

ကျောင်းသူ။ ။ တချို့များ ဆရာရယ် ကျမတို့ မိန်းမချင်းတောင် ကြည့်ရတာ မျက်စိရှက်မိပါတယ်။

ကျောင်းသား။ ။ ကျွန်တော်တို့ ယောက်ျားတွေလည်း မျက်စိရှက်ပါတယ်ခင်ဗျ။ ကျွန်တော် လည်း အင်္ဂလန်သွားပြီး ဘွဲ့လွန်ယူလာခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုရှိုးပွဲတွေတော့ မရောက်ဖူးလို့ မပြောတတ်ဘူး။ ကျွန်တော်တို့ တက္ကသိုလ်ဝန်းကျင်မှာတော့ ၀တ်စားဆင်ယင်တာ ဒါလောက် မရိုင်းပါဘူး။

ကျောင်းသူ။ ။ ကျမတို့လည်း ဗမာပီပီ ရေချိုးပြီး ထွက်လာရင် ရင်လျားနဲ့ ထွက်တာပါပဲ။ ဒါပေမဲ့ တဘက်ကြီးကြီးနဲ့တော့ လုံအောင် ခြုံထားပါသေးတယ်။ အခုတော့ ဆရာရယ် စင်ပေါ် မှာ မီးမောင်းတွေအောက်မှာ ကျောဗလာကျင်းပြီး ထွက်လာလိုက်နဲ့၊ ရင်ဘတ် တ၀က်ဖော်ပြီး ထွက်လာလိုက်နဲ့ တခါတလေများကိုဆို အောက်က ရင်တမမ ဖြစ်နေရတာ။ သူတို့ ရင် လျားကြီး ဘယ်တော့များ လျှောကျသွားမလဲလို့ ကျမဖြင့်စိတ်ပူလိုက်ရတာ ဆရာရယ်။

ကျောင်းသား။ ။ ဖန်ပေါင်းချောင်ထဲမှာ ရွှေငါးလေးတွေ ဆတ်ဆလူး ကူးခတ်နေတာ ကြည့်ရသလိုပဲလို့ ကျွန်တော်တော့ အောက်မေ့မိတယ်။ ဆရာက အမြဲတမ်း မိန်းကလေးတွေ ဟာ ယောက်ျားလေးတွေနဲ့ တန်းတူ ဘာမဆို လုပ်နိုင်ရမယ်။ သွားရဲ လာရဲ ပြောရဲ ဆိုရဲ ရှိရမယ်။ ခြေတလှမ်း ကုဋေတသန်းဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ မိန်းကလေးတွေလဲ ဘတ်စကားတိုးတက် တိုးဆင်း လုပ်နေရတာပဲ။ ဘောင်းဘီဝတ်တော့ အန္တရာယ်ကင်းတယ်၊ ပေါ့ပါးဖျတ်လတ်တယ်လို့ ပြောနေကျ မဟုတ်လား။ အဲဒါကြောင့် ဆရာ ဘာပြောမလဲဆိုတာ သိပ်သိချင်နေတာ။

ဆရာ။ ။ ရှေးခေတ်တုန်းကတော့ မိန်းကလေးဆိုတာ "ဗိုင်းကောင်းကျောက်ဖိ" နေပြီး "အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ" ရှိအောင်သာ အလေးထား ဆုံးမခဲ့ကြတာလေ။ သူ့ခေတ်သူ့အခါနဲ့တော့ ကိုက်ညီမှာပေါ့။ ယောက်ျားက စီးပွါးရှာပြီး မိန်းမက အိမ်ထောင် ထိမ်းသိမ်းရေး လုပ်ရတာကိုး။ ခုခေတ်ကျတော့ အိမ်ရှိသမျှ လူကုန်ထထွက် အလုပ်လုပ်နိုင်မှ တော်ကာ ကျတာလေ။ ဒီတော့ မိန်းကလေးတွေလည်း အလုပ်လုပ်နိုင်အောင် ပညာတွေ သင်ရ၊ အလုပ်လုပ်ရ၊ ခရီးတွေ သွားရ လုပ်ကြရတာပေါ့။ ဒါကြောင့် "ဗိုင်းကောင်းကျောက်ဖိ" နေလို့ ဘယ်ဖြစ်တော့မလဲ။ ပိနေတဲ့ ကျောက်တုံးကြီးကို တွန်းချပြီး မားမားမတ်မတ် ထရပ်ကြရမှာပေါ့။

ကျောင်းသား။ ။ ခုဟာက မားမားမတ်မတ် မဟုတ်တော့ဘူးဆရာရဲ့၊ ကော့ကော် ကန်ကား ဖြစ်နေလို့ ပြောနေရတာ၊ ကန်တော့နော်ဆရာ၊ ကန်တော့၊ ကန်တော့။

ကျောင်းသူ။ ။ ဟုတ်တယ်ဆရာ၊ သူပြောတာမလွန်ဘူး။

ဆရာ။ ။ ဆရာလည်း တွေ့ပါတယ်ကွယ်။ ဆရာတယောက်အနေနဲ့ ခေတ်ရှေ့က ပြေးဖို့ အမြဲတမ်း မင်းတို့ကို တိုက်တွန်းခဲ့တာပဲ။

ကျောင်းသူ။ ။ ဟုတ်တယ်၊ ဆရာက ခေတ်ကို မီအောင်လိုက်တယ်ဆိုတာတင်နဲ့ မလုံလောက်ဘူး။ ခေတ်ရှေ့ကကို ပြေးနေရမယ်လို့ အမြဲပြောခဲ့တာပဲ။

ဆရာ။ ။ ဆရာပြောခဲ့တာက အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ၊ အသိဥာဏ်ပညာတွေ ခေတ်ရှေ့က ရောက်နေအောင်လုပ်ဖို့ပြောတာပါ။ ၀တ်စားဆင်ယင်မှုတွေ အဆောင်အယောင်တွေကို ပြောတာမဟုတ်ပါဘူး။

ကျောင်းသား။ ။ ခုခေတ် လူငယ်တွေက အနှစ်ကိုပယ်ပြီး၊ အကာကိုပဲ ယူနေကြတယ် ထင်ပါရဲ့ ဆရာရယ်။ ကျွန်တော်တို့ကို ပေါ့ပ် ယဉ်ကျေးမှုအကြောင်း ပြောပြတုန်းက ဆရာပြော ခဲ့တာတွေကို အခုမှတ်မိနေသေးတယ်။ ပေါ့ပ်..ဂီတ၊ ပေါ့ပ်..စာပေ၊ ပေါ့ပ်..ယဉ်ကျေးမှု ဆိုတာတွေဟာ၊ ဘုရင်တွေ၊ မိဖုရားတွေနဲ့ မှူးကြီးမတ်ကြီးတွေကို နန်းတော်ကြီးထဲမှာ ဖျော်ဖြေတဲ့ နန်းထိုက်ဝင် သဘင်သမားတွေနဲ့ ဆန့်ကျင်ဘက် လူတွေကြားထဲက လူတွေကို ဖျော်ဖြေဖို့၊ လမ်းပေါ်မှာ သီဆို တီးမှုတ်ကခုန်ကြတဲ့ လူထုဂီတ၊ လူထုအနုပညာ စစ်စစ်ဖြစ်တယ်လို့ ဆရာက ပြောခဲ့တယ်လေ။ ပြီးတော့မှ ဆရာက နောက်ခေတ်လူငယ်တွေက၊ ပေါ့ပ် ဂီတ၊ ပေါ့ပ်..အနုပညာရဲ့ အနှစ်သာရကို အတုယူရ ကောင်းမှန်း မသိဘဲ၊ ဆင်းရဲသားတွေကြားက ထွက်လာတဲ့ ပေါ့ပ်..အနုပညာသမားတွေရဲ့ စုတ်ပြတ်နုံချာတဲ့ အ၀တ်အစားတွေကို အတုယူပြီးတော့ ဂျင်းဘောင်းဘီအကောင်းစားကို အနားတွေဖွာလန်အောင်လုပ်၊ ဒူးမှာပြဲအောင်ဖြဲပြီး ၀တ်ပြကြတယ်။ အဲဒီက တဆင့်တက်လာ တော့ ပညာမဲ့ ခြေသလုံးအိမ်တိုင်တွေရဲ့ စရိုက်လို အတုယူပြီး မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စတွေမှာ အချုပ်အထိန်းမဲ့ ဗရမ်းဗတာ လုပ်ချင်တာတွေ လုပ်ကုန်ကြတော့တယ်။ ဒါကြောင့် ပေါ့ပ် ဟာ နာမည်ပျက်ရတာလို့ ပြောခဲ့တယ်နော်။

ကျောင်းသူ။ ။ဆရာပြောတဲ့အတိုင်းလည်း ဖြစ်ခဲ့တာပဲနော်။

ဆရာ။ ။ အဲဒါကြောင့် "ခေတ်မီ"တာနဲ့"လျှပ်ပေါ်လော်လီ"တာကို ခွဲခြားမသိနိုင်ဖြစ်နေကြ တာပါကွယ်။

ကျောင်းသူ။ ။ အဲဒီတော့ ရှိုးပွဲတွေကို ဆရာဘယ်လိုမြင်သလဲ။

ဆရာ။ ။ ဆရာကတော့ မိန်းကလေးတွေကို စင်ပေါ်မှာ ယောက်ျားတွေအတွက် ဖျော်ဖြေရ တဲ့ သဘောမျိုးမှန်သမျှကို မနှစ်မြို့ဘူး။ ယောက်ျားတွေကို ဖျော်ဖြေဖို့ အမျိုးသမီးမှာ ဘာတာဝန်မှ မရှိဘူးလို့ယူဆတယ်။

ကျောင်းသူ။ ။ဟုတ်ပါပြီ၊ဒါမှကျမတို့ဆရာကွ။


လူထုစိန်ဝင်း

၂၄၊၁၀၊၂၀၀၈။
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ(၁) အမှတ် ၁၅၉၊ ဒီဇင်ဘာ၊ ၂၀၀၈ မှ ကူးယူဖော်ပြပါသည်။]

5 comments:

thorn musem January 9, 2009 at 10:05 AM  

ကိုဂင်...
ဖတ်ရ။တွေ့ ရ၊မြင်ရတာတွေက ရင်မောတယ်ဗျာ...။
အကွက်ကျကျဖျက်ဆီးပစ်လိုက်ကြပြီဗျ..။
ခေတ်လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ အမြင်ကို အာရုံလမ်းလွှဲပေးပြီး ပျက်စီးစေတာ..။
ဒီကောင်တွေ ယုတ်မာတဲ့ နေရာမှာတော့ တစ်ဖက်ကမ်းခတ်ဘဲ..။

မမသီရိ January 12, 2009 at 5:42 PM  

ချယ်ရီ မှာ တုန်းက မဖတ်လိုက်ရ ဘူး..
ခု လို ပြန်ဖတ်ခွင့် ရအောင်..ဖေါ်ပြပေးတာ..
ကျေးဇူး တင်ပါတယ် ရှင်..
ဆရာ လူထု ဦးစိန်ဝင်း ရဲ့..ရဲရင့်တဲ့.
အတွေး နဲ့..တင်ပြ ချက်တွေ က..
ဒီ ခေတ် လူငယ်လေးတွေ တိုင်းနဲ့..
မိဘ တိုင်း... ဖတ်သင့် တဲ့ စာ တစ်ပုဒ်ပါ...

ဆရာ့ ရဲ့...
ယောက်ျားတွေကို ဖျော်ဖြေဖို့ အမျိုးသမီးမှာ
ဘာတာဝန်မှ မရှိဘူးလို့ယူဆတယ်။...

ဆိုတဲ့ ယူ ဆ ချက်လဲ....Gender Equality ကို ဇောင်း
ပေးလာနေတဲ့ ဒီခေတ်ကြီးမှာ ...ယောကျာင်္း တစ်ယောက်ရဲ့ ရင်ထဲ က ထွက်ပေါ်လာတဲ့ စကား တစ်ခွန်း မို့.. ကျမ တို့ ၀မ်းမြောက် စွာ ကြို ဆိုရမှာ ပါ...

ဒါပေမဲ့... ကျမ မှာ ဒီအချက် နဲ့ ပတ် သက်ပြီး
ဆွေးနွေး တင်ပြ စရာလေး တွေတော့ ရှိနေပါ တယ်..
ဆန့်ကျင်ဖက် အမြင်လို့ ပြောလို့ မရပေမဲ့..
လောက ကြီးရဲ့ အရှိတရား.. အကြောင်းပါ..
ကျမ .. အချိန် အားရှိတဲ့ အခါ ဆွေးနွေး ချင်ပါ တယ်...
...
လာလည် သွား တဲ့ အတွက် လဲ ကျေးဇူး အရမ်း တင်ပါတယ် ရှင်...

စိုင်းခမ်းထွန်း January 13, 2009 at 5:55 AM  

link ယူသွားတယ်ဗျ ဒီနေ့ ဖတ်စရာအတွက်

အိမ် January 22, 2009 at 5:55 AM  

ဟုတ်တယ်ဗျ လမ်းလွဲနေကြတယ်ဗျ

Mr.Guiter January 25, 2009 at 8:19 PM  

စာတစ်ပုဒ်လုံးဖတ်လို့ကောာင်းတယ်ဗျာ။
ဆရာလူထုစိန်ဝင်းရဲ့ စာတွေအခုလိုမျိုးတင်ပေးပါ ကျေးဇူးပါ

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့