Wednesday, January 28, 2009

တိမ်ကိုစီး၍ သစ္စာရှာသူ...ညိုထက်(လမ်းသစ်ဦး)

ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစား ကောင်းသည့်နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအ ခေါ်အရ “ရန်ဝင်။ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ် နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူး အောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင် တခုကိုထမ်းထားသည်၊ထိုမှတ်တိုင်တွင်ရေးထားသည်က…

ရဲဘော်ညိုထွန်းအောင်
အသက်(၃၈)နှစ်
၃၀–၉–၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသော ကြောင့် ရန်သူ့စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရ တော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့် ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြ သည်၊ရွာသားတယောက်ရှေ့တက်လာသည်၊သူကနေရာသိသူ။

သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကို တိုး။တောင်ကိုဖြတ်၊ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ရောက်ပြီ၊သူရဲကောင်း၊တော်လှန်တဲ့သူရဲကောင်း ၀ိဥာာဉ်ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခန်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခန်းနား၊ အမြင်မခန်း နား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ် မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့်


ပေါက်တူးဖြင့် မြေပုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်ကြသည်၊ ထို့နောက် မှတ်တိုင်ကို ခေါင်းရင်းဘတ်နေရာတွင် အသေအချာစိုက်ထူပေးသည်၊ ၀ါးခုတ်ပြီး မြေပုံကိုကာရန်ပေး လိုက်ကြသည်၊ တိရိစာန်များ မဖြတ်ဆီးမိစေရန်၊ စည်းရိုးအပြင်မှနေပြီး ရေဆင်းကောင်းအောင် မြောင်းပေါက်ပေးလိုက်ကြသည်၊ ဒေသခံရွာသားများကလည်း သူ့မြေပုံပြုပြင်ရာတွင် စိတ်အား ထက်သန်စွာ လုပ်ပေးခဲ့သည်၊ မှန်သည်၊ သူသည် လူထုအကျိုးအတွက် ရန်သူ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုကို ရင်စီးခံခဲ့သူ၊ နီးစပ်ရာ တောပန်းများကိုဆွတ်ခူးပြီး မဟာသူရဲကောင်း. မြေပုံပေါ်မှာ ခင်းဖြန့်ပေးကြသည်၊လေးပင်သော အလေးပြုရန် အမိန့်ပေး သံ၊ လေးပင်သော လက်တင်အလေးပြု လှုပ်ရှားမှုများ၊ လေးပင်သော သက်ပြင်း ချသံများ။

(၂)
သူနှင့် ကျနော် စတင်တွေ့ဆုံဖြစ်ကြသည်က ဆရာဒဂုန်တာရာ ကဗျာဖြင့် ပန်းချီရေးခဲ့သည့် မဲနယ်တောင်မှာ၊ ထိုအချိန်က မဲနယ်တောင်တွင် ကျောင်းသားတပ်မတော်က အလုပ်အဖွဲ့တဖွဲ့ ရှိနေသည်၊ ထိုအထဲတွင် သူလည်းပါသည်၊ မကြာသေးခင်က ဖြစ်ခဲ့သည့် ထိတွေ့မှုတွင် ဒဏ်ရာရထားသော ရဲဘော် (၂)ဦးလည်း ရှိနေသည်၊ ရဲဘော်အောင်ဒင်နှင့် ရဲဘော်မိုးကျော်၊ ကျနော်တို့ရဲ့ တောအ၀င်ခရီးကို လှိုက်လှဲမှုဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်၊ သူထိုအချိန်က တပ်စိတ်မှုးတာဝန်နှင့်အတူ ဆက်သွယ်ရေးတာဝန်ကိုပါ တွဲယူနေသည့် အချိန်၊ ကျနော်တို့ ရောက်သည့်နေ့မှာပင် နောက်တန်းသို့ သတင်းပို့သည်၊“ညီနောင်အားသစ် ကျောင်းသားနှစ်ဦး ရောက်ရှိ”ထိုအချိန်ကတည်းက စတင်ခဲ့သော သူနှင့် ကျနော့်ကြားက ဆက်ဆံရေးတွင် အဖုအထစ်မရှိခဲ့၊ ကျနော်တို့ကြားတွင် ရိုးရှင်းသော တကြောင်းသွားဆက်ဆံရေးသာ ရှိခဲ့သည်၊ သူနှင့် ကျနော်က ညီရင်းအကိုတွေလို နေခဲ့ကြသူတွေ၊ ကျနော်က အင်မတန် အမေးအမြန်း ထူသည်၊ မသိတာ။ မရှင်းတာ။ မကြေညက်တာရှိလျင် နှေးနေ။ တွေနေတာတွေမရှိ၊ ချက်ချင်း ပင် တဲ့တိုးမေးလေ့ ရှိသည်၊ ထို့ကြောင့်ပင် သူက ကျနော့်ကို “မောင်လူမွှေး”ဟု ခေါ်ခဲ့သည်၊ သူကတော့ သူ့ကိုယ်သူ “မောင်လူအေး” ယခုတော့ ကျနော့်ရဲ့ မောင်လူအေးလည်း မရှိတော့ပြီ၊ ကျနော်တွင်လည်း မသိတာ။ မရှင်းတာ။ မကြေညတ်တာရှိလျင် ယခင်ကလို တဲ့တိုးမေးတက်တဲ့ အလေ့က ပျောက်သလောက်ပင်၊ နိုင်ငံရေးလောကဓံတွေကြားမှာ “ဗေဒါပျံ အံခဲ”ခဲ့ရတာတွေက တနင့်တပိုးရှိခဲ့ပြီ မဟုတ်လား၊သူက လူချစ်။ လူခင်အင်မတန် များသည့်လူဖြစ်သည်၊ သူရဲ့ရိုးရှင်းပြီး မာန်မာနကင်းစင်သည့်ပုံရိပ်နှင့် စိတ်ရှည်သည်းခံတက် သည့် အရိပ်သြဇာတို့က ကျနော်တို့အပေါ် လွမ်းမိုးခဲ့ပုံရသည်၊ တပ်ရင်းတွင် အဆိုးဆုံး ရဲဘော်များပင် သူ့တပ်စိတ်ရောက်လျင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလေ့ရှိသည်၊ ရဲဘော်များ က သူ့ကိုကြောက်၍မဟုတ်၊ သူက အာဏာပြ၍ ရဲဘော်ထိမ်းသည့်နည်းကို ဘယ်တော့မှ မသုံး၊ စိတ်ရှည်လက်ရှည် ပညာပေးလေ့ရှိသည်၊သူ့မျက်နှာက သုန်သုန် မှုန်မှုန် ရှူတည်တည် မရှိ၊ အင်မတန်လည်း စိတ်ဆိုး စိတ်တိုခဲသည့်လူ၊ စံပြရဲဘော်ဖြစ်ရေးအတွက် ကိုယ့်ကိုယ်ကို တောင်းဆိုခဲ့သလို။အခြားရဲဘော်များ ကိုလည်းတောင်း ဆိုသူ၊ အားပေးကူညီထိမ်းကြောင်းပေးလေ့ရှိသည့်သူ၊အနစ်နာခံရေးမူကို လက်တွေ့ကျင့်သုံးသူ၊ ဝေဖန်ရေးလည်း ညင်သာသူ၊သူ အရက်သောက်သည်ကို ကျနော်တကြိမ်သာ တွေ့ဖူးသည်၊ ထိုတကြိမ်သည်လည်း မှတ်မှတ်ရရ၊ ၁၉၉၄၊ အတာ သင်္ကြန်ပွဲ၊ တောခိုပြီးကတည်းက သင်္ကြန်ကို နောင်ကောင်ကီမှာကြလိုက်။ ပွန်ချောင်းမှာ ကြလိုက်။ လွယ်ဖီမှာ ကြလိုက်။ မဲနယ်တောင်ခြေမှာ ကြလိုက်၊ ရန်သူနှင့် စစ်ကစား နေရသည့် နေရာများတွင်သာ ဆုံဖြစ်ကြသည်၊ လွတ်လပ်သော မိမိနယ်မြေ နောက်တန်း စခန်းမှာ ညကံရသည်ကွှအကြိမ် ပထမ၊ ဖြစ်ချင်တော့ ဗဟိုဒေသ၊ ပွဲလည်းရှိနေသည်၊ ပြဇာတ်။ သံချပ်။ သီချင်းသီဆိုမှု။ ယိမ်းအက...စသည်၊ ထိုပွဲတွင် ရဲဘော်များသုံးစွဲရန် တပ်ရင်းမှူးက မုန့်ဖိုးပေးသည်၊ တယောက် ၅ ဘတ်၊ ၅ ဘတ်ရသည်ကိုပင် ကျနော်တို့မှာ ပျော်မဆုံး၊ ညနေ ရောက်တော့ အလျှိုလျှို၊ သောက်တက်သူများရော။ မသောက်တက်သူများပါ သံလွင်ကမ်း ဘေးက ကျောက်ဆောင်တွေပေါ်မှာ၊ ထိုအချိန်က ကျနော်ရောသူပါ မသောက်သူ များစာရင်းဝင်၊ ကျနော်တို့ မသောက်တက်သူများချည်း ၀ိုင်းဖွဲ့သည်၊ ပြီးတော့ သင်္ကြန်ပွဲသို့ ချီတတ်ကြသည်၊ ထို့နောက် ကျနော်တို့ ကကြသည်၊ ကွေးနေအောင် ကကြသည်၊ ကကြရင်း ပို၍မူးလာပြီး နှစ်ယောက်စလုံး ထိုးအန်လိုက်ကြတော့သည်၊ ပြီးတော့ ချာချာလည်၊ ရဲဘော် များကတွေ့ပြီး ၀ိုင်းဝန်းပြုစုကြ၍သာ တော်တော့သည်၊ နောက်နေ့မှသိရတာက ကျနော်တို့ နှစ်ယောက် “We are the World” ကို ကဗျာလွတ်ဆိုရင်း ထိုးအန်သွားကြတာဆိုပဲ။


(၃)
သူ့ကို ရဲဘော်များက “အမေကြည်”ဟု ချစ်စနိုး ခေါ်ကြသည်၊ ဟုတ်လည်း ဟုတ်သည်၊ သူက လှုပ်ရှားပဲဖြစ်ဖြစ်။ အထိုင်ပဲဖြစ်ဖြစ် အိပ်ရာစောစောထပြီး တပ်စစ်ဆေးမှုလုပ်သည်၊ ပြီးလျင် တပ်စိတ် ရဲဘော်များကို လိုက်နှိုးပြီး stand by အနေအထားပြင်ခိုင်းသည်၊ သူနှင့် ရဲဘော် တချို့က မီးမွှေးပြီး ထမင်းချက်ဖို့ပြင်တော့သည်၊ ပါးစပ်ကြီးဟပြီး ထမင်းကို စိတ်ဝင်တ စားချက်နေသည့် သူပုံက ရယ်လည်း ရယ်ချင်စရာ၊ ပြီး...သူ့ကို ၀ိုင်းကူချက်ပြုပ်နေ သူများထဲတွင် ကျနော်တို့လို ရဲဘော်ငယ်များပါလာလျင် စစ်ရေး။ နိုင်ငံရေး ဆုံးမမှုများကို ပြောနေလိုက်သေးသည်၊ ထိုမြင်ကွင်းကို တွေ့ရဖန်များလာသောအခါ ထိုအမည်တွင်သွား တော့သည်၊

သူ့အမည်ရင်းက “ကိုကြည်ဆန်း”၊ ပြည်မြို့သား၊ ငယ်စဉ်က စစ်တပ်အ၀န်းအ၀ိုင်းထဲတွင် နေခဲ့ဖူးသည်၊ မှော်ဘီ တပ်ဝင်းထဲတွင်၊ သူ့အဖေက မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်း၊ မဆလခေတ်တွင် နှစ်တချို့သာတာဝန်ယူခဲ့ပြီး နှုတ်ထွက်ကာ ပြည်မှာအခြေ ချခဲ့သည်၊ မဆလ အညှိုးသိုခံရသူ စစ်အရာရှိ၊ သူ၏ အကိုသည်လည်း ရှစ်လေးလုံးအရေး တော်ပုံ မတိုင်မီလေးမှာတင် မဆလမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှ သတင်းအစအနမရ၊ နောက်နှစ်တချို့ကြာမှ သိရသည်က ထောင်အနှစ် ၂၀ ချလိုက်သည်ဟူ၍။ ထပ်သိရသည်က သူတို့၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုပင် စစ်အုပ်စု နှောက်ယှက်မှုကြောင့် အခြေရိုင်နေရ သောအနေအထား၊ လူထုအတွင်းမှာကတော့ သူရဲကောင်းမိသားစုဝင်များ၊သူက လူ့ဘောင် သစ် ဒီမိုကရက်တစ် ပါတီဝင်၊ ပြည်မြို့ကိုရောက်ဖူးသောလူ့ဘောင်သစ်ပါတီဝင်တိုင်း သူ့အိမ် တွင် စားဖူး။ သောက်ဖူး။ နေဖူးကြသူချည်းပင်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခေါင်းအေးအေးဖြင့် ပါဝင်နိုင်ခဲ့သူ၊ ရှစ်လေးလုံး တိုက်ပွဲ။ စက်တင်ဘာ သဘောတူညီချက်။ ၁၉၈၉ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အာဇာနည်နေ့ လွမ်းသူပန်းခွေချပွဲ။ ဒီချုပ် – တစည စီးချင်းထိုးမူ။ မေ – ၉၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ၂/၉၀ ဖီဆန်ရေး။ သာဓုကန်အစည်းအဝေး။ လက်နက်ကိုင် တော်လှန်ရေး၊ပြည်မြို့သားတို့ထုံးစံအတိုင်း ခင်ဝမ်း။ မောင်ချောနွယ်နှင့် ကိုဆွေတို့အတွက် အလွန်ဂုဏ်ယူတက်ပြီး ပြည်မြို့၏ ဂုဏ်ထူးဆောင်တွေအဖြစ် ပြော လေ့ရှိသူ၊ ယခုတော့ သူကိုယ်တိုင်သည်ပင် ပြည်မြို့ရဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိမသွားခဲ့သူ။ အနုပညာကိုမြတ်နိုးသူ။ ကိုယ်တိုင်လည်း ရံခါကဗျာဖန်တီးတက်ပြီး တပ်ရင်းမှထုတ်ဝေသော ကဗျာစာအုပ်များတွင် ရေးသားခဲ့သူ။ တော်လှန်ရေးကို ထွက်ခါနီး စက်မှုကျေးလတ်တွင် ဆရာဒဂုန်တာရာအား ၀င်ရောက်ဂါရ၀ပြုခွင့်ရခဲ့သည်ကို တသသ ပြောတက်သူ။

(၄)
ကျနော်တို့တပ်ဦး နုစဉ်ဘ၀က ကိစ္စလေးတခုရှိခဲ့ဖူးသည်၊ ၁၉၈၈ ကတည်းက လက်နက်ကိုင် တော်လှန်ရေးကို ရောက်နေသူများနှင့် နိုင်ငံရေးပါတီ (လဘသ၊ ဗကသ...စသည်)မှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာသူများကြား စစ်ရေးသက်သက်။ နိုင်ငံရေး သက်သက်ဟူ၍ အချင်းပွားခဲ့ကြသည့် ကာလတခု ရှိခဲ့ဖူးသည်၊ ထိုကာလကို ကျော်လွား ရန်ကြိုးစားသည့် ဖြစ်စဉ်တွင် သူ၏ တရားပြည့်မှုနှင့် နိုင်ငံရေး စိတ်ရှည်မှုများက တပ်ရင်း အတွင်း အရေးပါအရာရောက်ခဲ့သည်၊သူက ကျနော်တို့တပ်ရင်းရှိ နိုင်ငံရေးပါတီမှ လာသူများထဲတွင် ထူးခြားစွာ စစ်ရေးကိုစိတ်ဝင်တစားရှိသူ။ တပ်ကိုင်ကောင်းသူအဖြစ် တပ်ရင်းက အသိအမှတ်ပြုကြသည်၊ ထို့ကြောင့်လည်းပဲ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ၀င်ရောက်ကြသည့်အခါတွင် သူက စစ်သင်တန်းမှူးပင်ဖြစ်နေပြီ၊ ထို့ကြောင့် သူက ကျနော်၏ ရဲဘော် ရဲဘက်သာလျင်မက ဆရာလည်း ဖြစ်သည်၊ သူ သင်တန်းပေးခဲ့သည်က တပ်ရင်းတွင်း သင်တန်းသာလျင်မဟုတ်၊ လ ပ ဒ တ(လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှပေးသော ကေဒါ သင်တန်းတွင်လည်း စစ်သင်တန်းမှူး အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊သူက ထင်းခွေ၊ ရေခပ်၊ ထမင်းချက်။ ရိက္ခာရှာသည့် အသေး စိတ်လုပ်ငန်းမှသည် ပေါ်လစီရေးရာဆွေးနွေးမှုအထိ စိတ်အားထက်သန်စွာ လုပ်လေ့ရှိသည်၊ ကျနော်တို့တပ်များ လှုပ်ရှားစစ်ထွက်လျင် ကိုယ့်ရက္ခာ ကိုယ်သယ်ကြ ရသည်၊ အခြေခံ ရှိရမဲ့အရာများဖြစ်သည့် ဆန်။ ဆီ။ ဆား။ ဟင်းချိုမှုန့်...စသည့်၊ ထိုအထဲတွင် အလေးဆုံးကဆန်၊ ကျနော်တို့ အီကွေးမန့်ခါးပတ်တွင် လုံချည်ကို ဖြတ်ချုပ်ထားသော ဆန်ကြိုးရှိသည်၊ ခရီးဝေးလျင် ဝေးသလို ၂၄ ဗူးအထိလွယ်ရသည်၊ စစ်ကြောင်းနားသည့် နေရာရောက်လျင် ထိုဆန်ကြိုးထဲမှ ဆန်ယူပြီးချက်သည်၊ ခရီးကဝေး။ တောင်တွေကို တတ်ရနှင့် ဆန်ကြိုးက လေးသောအခါ အတော်မလွယ်သည့်ကိစ္စ၊ ထိုအခြေအနေမျိုးတွင် သူက အခြားရဲဘော်များ၏ ဆန်ကို အရင်ယူသည်၊ နောက်ဆုံးမှ သူ့ဆန်ကြိုးကို အသုံးပြုသည်၊ ထိုသို့ အသေးစိတ်မှ စပြီး စည်းရုံးရေးမူကို ကျင့်သုံးသည့်သူ၊၁၉၉၃ - ရလလဖ ၏နယ်မြေတွင် မကဒတ၏ နိုင်ငံရေးလမ်းစဉ်မိတ်ဆက်နှင့် လူထုစည်းရုံးရေး ခရီးအဖြစ် ပအို့ဝ် ကျေးရွာများကို လှည့်လည်ကြစဉ်ကလည်း တပ်ရင်းမှချမှတ်ထားသော လူထုအား အကူအညီပေးရေးလုပ်ဟန်ကို မောပန်းနေသည့်ကြားမှ ရဲဘော်တိုင်းနှင့် ရင်ဘောင်တန်းလုပ်နိုင်ရန် ကြိုးစားခဲ့သည်၊ လုပ်လည်း လုပ်နိုင်ခဲ့သည်၊ ထိုသို့ဖြင့် ကျနော်တို့အကြား နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်၊သူနှင့် ကျနော် နောက်ဆုံးသွား ခဲ့ရသည့်စစ်ကြောင်းခရီးက ဗဟိုလုံခြုံရေးတိုက်ကင်းထွက်သည့် ခရီးပင်၊ သိပ်မကြာ သူနှင့် ရဲဘော်ဆေး အလယ်ပိုင်းဒေသ အခြေခံဒေသထိုးဖေါက်ရေးတပ်ဖွဲနှင့်အတူ လိုက်ပါရန် တာဝန်ပေးအပ်ခံရသည်။

(၅)
အဖြစ်အပျက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဇယ်ဆက်နေသည်၊ မာနယ်ပလော ကျသည်၊ ကျနော်တို့ဗဟိုလည်း ဆုတ်ပေးလိုက်ရသည်၊ ကျနော်တို့ရဲ့ ပင်မတပ်ရင်းအင်အား အများစုက KNPP (ကရင်နီပြည် တိုးတတ်ရေးပါတီ) ဒေသဘက်ကို ပြောင်းရွှေ့သွားရပြီ၊ ကိုတိုက်မောင်းနှင့် အပါအ၀င်ကျနော်တို့ တပ်စိတ်တစိတ်ကျန်ခဲ့သည်၊ အလယ်ပိုင်းဒေသကို ထွက်ခွာရန်၊ ကျနော်တို့မသွားဖြစ်၊ ကိုတိုက်မောင်း ကွယ်လွန်သည်၊ (၂၆–၄-၉၅) နှမြောတသမှုတွေမှအနည်မထိုင်သေး အလယ်ပိုင်းအလုပ်အဖွဲမှ ကြေးနန်းစာ ရောက်လာည်၊ “ရဲဘော် ကြည်ဆန်းအား ရန်သူမှ လက်ရဖမ်းမိ” (၂၈ - ၉ – ၉၅) နှစ်ရက်သာကြာသည်၊ နောက်ထပ်ကြေးနန်း၊ “ရဲဘော်ကြည်ဆန်း ယနေ့ပင် ကျဆုံး” (၃၀ – ၉–၉၅) သွားပြီ၊ ကျနော့်အချစ်တွေ အဆုပ်လိုက်ကြွေ၊ လွတ်မြောက်ရေးဗဟို။ တော်လှန် ရေးဆုံရပ်။ တော်လှန်စစ်ရဲ့ ကွပ်ကဲရေးဌာန။ မိမိဗဟို။ မိမိတပ်ရင်း။ လေးစားအားထားရသည့် တပ်မှုး။ ညီရင်းအကိုလို ချစ်ခဲ့ရသော နောင်တော်ရဲဘော်ကြီး၊ကျနော့်ရဲဘော်ကြီး ရန်သူ့လက် အတွင်း အသက်ရှင်လျက်ဆင်းသက်ခဲ့ရသည့် နှစ်ရက်တာခရီး၊ ဖြစ်ကာစမှာတော့ သိုးသိုး သန့်သန့်၊ စက်လိုင်းပေါ်မှ စကားများ၊ သိပ်တော့ဖြင့် ရုပ်လုံးမကြွ၊ မပီပြင်သေး၊နောက်တော့ အလယ်ပိုင်းအလုပ်အဖွဲ့မှ ဗဟိုသို့ပြန်လာကြသူများ ရောက်လာသည်၊ ကျနော် ကိုယ်တိုင်လဲ ထိုဒေသကိုရောက်သွားဖြစ်ခဲ့သည်၊ ပီပြင်လာပြီ၊ ရုပ်လုံးကြွလာပြီ၊ ကြားရသည့်သတင်းများက ကြက်သီးပင်ထမိသည်။

“သူရဲကောင်းဆန်ခဲ့တယ်” “တော်လှန်ရေးသမားပီသတယ်” “ဒေသခံလူထုအားလုံးက စုပ်တသပ်သပ်နဲ့ ချီးကျူးဂုဏ်ပြုကြတယ်” “ရန်သူတွေ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရတယ်” သူနဲ့ပတ်သက်တဲ့ အနှစ်ချုပ်၊ ကြည့်စမ်း၊ တော်လှန်တဲ့သူရဲကောင်းတယောက် ကိုယ်အနီးအနားမှာ ကိုယ်နဲ့အတူတူရှိနေခဲ့တာ၊ ဂုဏ်ရောင်ပြောင်ခဲ့ပါတယ် ရဲဘော်ကြီး၊
ရန်သူက သူ့ကို ကျွဲကျအောက်ရွာနှင် လှည်းစခန်းရွာအကြားတွင် ဖမ်းမိသွားခြင်းဖြစ်သည်၊ သူနဲ့အတူ ရဲဘော်ရဲထိုက် (အဘ)လည်းပါသည်၊ ရဲဘော် ရဲထိုက်ကထိုနေရာတွင်ပင် ကျဆုံးသွားသည်၊ သူ့ကိုတော့ အရှင်မိသွားသည်၊ ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီး တုတ်နှောင်ခေါ်ဆောင်သွားကြသည်၊ ပြောခဲ့ပြီးသလို ထိုဒေသက ရန်ဝင်။ ငါဝင်ဒေသ၊ တဖက်နှင့် တဖက် အပြီးတိုင်ဖယ်ရှားရေးအတွက် လူထုအားကို ထူထောင်ရသည်၊ တော်လှန်ရေးအပေါ် ထောက်ခံသည့် လူထုကို အခိုင်အမာအင်အားစုဖြစ်အောင် တည်ဆောက်ရသည်၊ ထိုကိစ္စကို အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာနေသည့် သူအပါအ၀င် အလုပ်အဖွဲ့များက အသိဆုံး၊သူ့ကို ရန်သူက အရှင်မိသွားတော့ အကြီးအကျယ် စစ်ဆေးတော့သည်၊ အတွင်းခံဘောင်းဘီတိုကလွဲပြီး အ၀တ်အားလုံးကို ချွတ်သည်၊ ကြိုးနဲ့တုတ်ပြီး ထိုးကြိတ်ကန်ကျောက်ကြသည်၊ ခါးပတ်နှင့် ရိုက်သည်၊ သေနက်ဒင်နှင့် ထုကြပြီး လူထုနှင့် တော်လှန်ရေးကို သစ္စာဖေါက်အောင်လုပ်ကြသည်၊ မရ၊ ရွာစဉ်လှည့်ပြီး ရွာထဲက တော်လှန်ရေးသစ္စာခံ လူထုအမာခံများကို ဖေါ်ထုတ်ခိုင်းသည်၊ သူလုံးဝမပြော၊ သူ့ကို ဓါးဖြင့်မွှမ်းသည်ဟုပင်သိရသည်၊ အံကြိတ်ခံခဲ့သည်၊ ရန်သူကို သူပြောတဲ့စကားတွေက “မသိဘူး” “မရှိဘူး” “ငါကိုသတ် ဘာမှမပြောဘူး” လူထုနှင့် တော်လှန်ရေးသစ္စာကို အသက်ထက်တန်ဖိုးထားခဲ့သည်၊ ဖြစ်သမျှကိစ္စမှန်သမျှကို သူတဦးတည်း ခါးစီးခံခဲ့သည်၊ တော်လှန်သော တာဝန်ခံစိတ်ဓါတ်။ မှန်ကန်သော လူထုအတွေးအခေါ်။ နောက်ဆုံး အချိန်အထိ လူထုကို အလုပ်အကြွေးပြုရေး လမ်းစဉ်၊ကြည့်နေကြရသည့် လူထုထဲမှာ သူ့ရဲ့မိတ်ဆွေတွေရှိနေသည်၊ သူလည်းသိသည်၊ သို့သော် ဘယ်လိုပင်နှိပ်စက်ပါစေ သူတို့ကို ယောင်လို့တောင်မှ လှည့်မကြည့်၊ တကိုယ်လုံး ယောင်ကိုင်း။ ညိုမည်း။ သွေးအလိမ်းလိမ်း၊ မြင်ရသူတိုင်း နှလုံးသည်းပွတ် ဆွဲယူလွှင့်ပစ်ခံရသည့်ပမာ နာကျင်ကြေမွ၊ သူကို မြင်မိသူတိုင်း ငိုမိကြ၊ လူစိတ်မရှိတဲ့ စစ်ဝါဒီတွေကို အသည်းနာမိကြ၊ “တော်တော့်ကို လူမဆန်အောင် နှိပ်စက်လိုက်ကြတာဗျာ။ အဲဒီကောင်တွေ လူမှဟုတ်သေးရဲ့လားလို့တောင် စဉ်းစားကြည့် မိတယ်၊ ကျနော်ဆိုရင် သူ့ကိုကြည့်ရင်း တော်တော်စိတ်ထိခိုက်လာလို့ ဖေါ်ချင်လည်းဖေါ် ပါစေဆိုပြီး သူနဲ့တည့်တည့်မှာသွားရပ်နေတာ၊ ကျနော့်ကိုလည်း တွေ့တယ်၊ လုံးဝကို ဖေါ်မသွားဘူးဗျာ၊ ဒီလောက်သစ္စာရှိပြီး သတ္တိရှိတဲ့လူမျိုး လုံးဝမတွေ့ဖူးသေးဘူး၊” ဟူ၍ သူ့မိတ်ဆွေတဦးက ကျနော့်ကို ပြောပြသည်၊အဆုံးတွင်တော့ ရန်သူလက်လျော့သွားရသည်၊ လူထုကိုသစ္စာခံပြီး ရန်သူကို ထီမထင်ခဲ့သူ။ သံဓိဌာန် ပြတ်သားသူ။ အခက်အခဲကို စိန်ခေါ်ရဲသူ။ အသက်စွန့်ရန် ၀န်မလေးသူကို ရန်သူ အရှုံးပေးလိုက်ရသည်၊ သေမိန့်၊ သေခြင်းကိုတောင်းခံနေသူအတွက် သေမိန့်သည် တုန်လှုပ်စရာမဟုတ်၊ ဆုလာဒ်၊ ရန်သူ တောင်းဆိုသည့် သတင်းကိုသူကမပေး၊ သူတောင်းဆိုသည့် သေမိန့်ကိုသာ ရန်သူက ပေးလိုက်ရသည်။
ရန်သူက သူ့ကို လက်ခုတ်ထဲက ရေလို့ထင်ခဲ့သည်၊ ထိုထင်မြင်ချက်ကို သူ၏ ကိုယ်ကျိုး စွန့်တိုက်ပွဲဝင်ရဲသည့် သတ္တိက တော်လှန်ပြောင်းလဲပြစ်နိုင်ခဲ့သည်၊ ရန်သူတို့ ကြောက်ဒူး တုန်ခဲ့ရပြီ၊ နောက်ဆက်တွဲအဖြစ် သူ့ကို တာဝန်ခံနှိပ်စက်ခဲ့သူ တပ်ကြပ်ကြီးမှာ စိတ်ချောက် ခြားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည့်သတင်းက ဖုံးမရအောင် ပွင့်ထွက်လာသည်၊

(၆)
ရဲဘော် ညိုထွန်းအောင်က ရန်သူ၏ လူမဆန်သော ရက်စက်မှုကြားမှ ယုံကြည်ချက်ကို အလံထူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီ၊ သို့သော် တန်ဖိုးရှိသော...၊ သူ၏တန်ဖိုးနှင့် ဂုဏ်ပုဒ်တွေကို ပြန်ပြောင်းတသ ဂုဏ်ယူမိဖြစ်ရင်းမှ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာတပုဒ်က ကျနော့်ရင်ထဲတလှပ်လှပ်တိုးဝင်လာတော့သည်။

“တိမ်ကိုစီး၍”
တောင်တန်းတွေဆီကနေ
ဧရာဝတီနှင့်ချင်းတွင်းကို
လွမ်းမောရင်း
ဆရာကြည်အောင်က
သစ္စာရှာဖို့“ငါ”မြင်းစီးတယ်တဲ့၊

ကျနော်တို့လေ
သေနတ်ထမ်း၍
ရှမ်းတောင်တန်းရဲ့
အမြင့်ဆုံးတနေရာမှာ
သစ္စာရှာဖို့
တိမ်စီးနေတယ်။

ဟုတ်ပါတယ် ကိုညိုထွန်းအောင်၊ ရဲဘော်ကြီးဟာ မြင့်မြတ်စွာတိမ်ကိုစီးပြီး သစ္စာခရီးထွက် နိုင်ခဲ့ပါပြီ၊ ဒါဟာ သစ္စာတရားက တိမ်သားတိမ်ဆိုင်တွေအဖြစ် ပြောင်းလဲပြီး ရဲဘော်ကြီးကို သူရဲကောင်းဗိမ္မာန်ဆီ ခရီးနှင်နေတာပါ၊ အဖိနှိပ်ခံတို့ရဲ့ သူရဲကောင်းမှတ်တမ်းမှာ ရဲဘော်ကြီး ဟာ ပြန်တမ်းဝင်ခဲ့ပါပြီ၊ အဆိုးဆုံးအခြေအနေမှာပင် တော်လှန်ရေးကို သစ္စာခံ။ လူထုကို အလုပ်ကြွေးပြု။ ရန်သူအပေါ်ပြတ်သား ဆန့်ကျင်တော်လှန်ရဲတဲ့စိတ်ဓါတ်၊ အဲဒီစိတ်ဓါတ်ဟာ ဦးညွှတ်အပ်တဲ့“ညိုထွန်းအောင်စိတ်ဓါတ်”……။

ညိုထက် (လမ်းသစ်ဦး)


4 comments:

မမသီရိ January 28, 2009 at 8:33 PM  

အစ်ကိုရေ...ကျမတို့လို သာမန် ပြည်သူတွေ
မသိနိုင်တဲ့...တော်လှန်ရေး ရဲ့..အစိတ်အပိုင်းတွေ..
ကြေကွဲ ဖွယ်ရာတွေ...ဖတ်သွား ပါ တယ်..
...
နောက်လဲ..ကြုံ သလိုလေး ..ပြန်ရေး ပါ အုံး..

ဒေါင်းမင်း January 29, 2009 at 3:04 PM  

ဦးဝင်းကြီးရေအရမ်းကိုကောင်းတဲ့ဇာတ်လမ်းတပုဒ်ဖြစ်သလိုကြေကွဲစရာကောင်းတဲ့တော်လှန်းရေးအဖြစ်အပျက်လဲဖြစ်ပါတယ်...ဆက်ရေးပါအုံးဗျာ..အားပေးနေပါတယ်

My Diary January 29, 2009 at 8:12 PM  

စာစီစာကုံးအတွက် မမီလိုက်တဲ့ အကြောင်းအရာတစ်ချို့ သယ်သွားပါတယ်
ကျေးဇူးပါရှင်

ကမာနီလာ January 31, 2009 at 7:11 AM  

ဒါဟာဇတ်လမ်းတပုဒ်မဟုတ်သလို၊ ၀တ္ထူတပုဒ်လည်းမဟုတ်ခဲ့ဘူး၊ တကယ်ဖြစ်ခဲ့တာ၊ တကယ်ပေးဆပ်ခဲ့ကြရတာ၊
မြန်မာပြည်စစ်အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဘို့ ပေးဆပ်ခဲ့ကြရတဲ့ ရင်းနှီးပေးဆပ်ခဲ့ကြရကြရတဲ့ ဘ၀တွေ လူမသိ သူမသိဘဲ တောထဲမှာပြီးတော့ ထောင်နံရံရဲ့နောက်ကွယ်က ကျေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်သနစ်တွေ အများကြီး ရှိနေသေးတယ်၊
ထုတ်ဖော်ရေးသားသူ ကိုညှိထက်ကို ကျေးဇူးတင်သလို၊ မျှဝေပေးတဲ့ ကိုဂင်ကိုလည်း ကျေးဇူးတင်မိတယ်၊ ရဲဘော်ညှိထွန်းအောင်နဲ့ ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေကို ဂုဏ်ယူလေးစားမိတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ရှက်မိတယ်၊ ကျနော်တို့ တာဝန်မကျေသေးဘူး၊

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့