Wednesday, January 14, 2009

အိမ်ကျယ်...(ဂင်ကြီး)

“သား..မင်းဘာဖြစ်လို့ ကိုယ့်ထက်ငယ်တဲ့သူကို အခုလိုလုပ်ရတာလဲ အဖေမင်းကိုပြော ပြောနေတဲ့ သတ္တိရှိရမယ်ဆိုတာ ကိုယ်နဲ့ရွယ် တူတွေ ဒါမှမဟုတ် ကြီးတဲ့သူတွေက မတရား လုပ်တဲ့အခါ သတ္တရှိရမှာ ငုံ့မခံရမှာကိုပြောတာကွ” “မင်းကအခုတော့ ဟိုမှာကြည့် ကိုယ့် ညီမလေးနဲ့ရွယ်တူလောက်ပဲရှိတာ လာမင်းလာခဲ့” အဖေပြောရင်းဆိုရင်း ကျနော့်ကို ရိုက်ပါတယ်။ တဖက်ကလာတိုင်တဲ့အဒေါ်ကြီး ကိုလဲ “ကျနော်တောင်းပန်ပါတယ်ဗျာ နောက်ဒီ လိုမဖြစ်စေရပါဘူး” လို့တောင်းပန်ပါတယ်။ ကျနော်တို့ငယ်ငယ်ကပါ ကျနော် ၈ နှစ် လောက်ကပါ၊ ကျောင်းကအပြန် လမ်းမှာ ကျနော်ထက် ၂ နှစ်လောက်ငယ်တဲ့ ကောင်လေး တယောက်နဲ့ ဂျင်ပေါက်တမ်းကစားရာကနေ ရန်ဖြစ်ပါတယ် သူကလဲဂျစ်ကန်ကန်လေးမို့ ကျနော်လက်သီးနဲ့ထိုးပါတယ် သူ့နှာခေါင်းက သွေးထွက်သွားပါတယ် ခဏ ကျနော်အိမ် ပြန်ရောက်လို့မကြာပါဘူး ကောင်လေးအမေက အိမ်မှာလာတိုင်လို့ ကျနော်ကို အဖေရိုက်တာ ခံရပါတော့တယ်။
အဖေကဆုံးမတော့ လာတိုင်တဲ့အဒေါ်လဲ ကျေနပ်သွားပုံရပါတယ် ကျနော့်ကိုထပ်မရိုက်ဘို့ အဖေ့ကိုပြောပါတယ် “အခုလိုဆုံးမရင်ရပါပြီ ကျမလဲသူ့ကို အိမ်ကြရင်ရန်မဖြစ်ဘို့ ဆုံးမပါ အုံးမယ်” လို့ပြောပြီး လာတိုင်တဲ့အဒေါ်ကြီးပြန်သွားပါတယ်။ အဲ့ဒီ့ညက ကျနော်အိပ်မပျော် ခင် အဲ့ဒီ့ကောင်လေးကို တွေးပြီးသနားနေမိပါတယ်။ တကယ်တော့ မတော်တဆ ချက်ကောင်း ထိသွားတာပါ ကျနော်မှာ သူ့ကို ဒီလောက်နာစေချင်တဲ့ဆန္ဒ လုံးဝမရှိခဲ့တာပါ။ ခဏနေတော့ခလေးသဘာဝ အိပ်ပျော်သွားပါတော့တယ်။
နောက်တခါကျနော်အရိုက်ခံရတာကတော့ အိမ်ကညီမလေးအငယ်နဲ့ပါ ဖြစ်ပုံကဒီလိုပါ။ အဲ့ဒီ့အဖြစ်အပျက်နှစ်ခု ဖြစ်တာသိတ်မကွာဘူး ညီမလေးက မုန့်စားနေတာ ကျနော်လဲ စားရတယ် ဒါပေမဲ့ညီမလေးကနည်းနည်းပိုရသလိုပဲ ကျနော်ထင်တာပါ “ငါ့နည်းနည်းပေး” “ဟင့်အင်း” ကျနော်ညီမအငယ်က နည်းနည်းကပ်စေးနှဲတယ် “နင်မကုန်ပါဘူး” “အင့်… ပေးဘူး” သူကအတင်းငြင်းတော့ အဲ့ဒီ့အချိန် မှာအဖေက ပြုံးကြည့်နေတယ် ကျနော် အဖေပြုံးနေတာကို အဟုတ်ထင်တာလေ လုရောဗျို့ ညီမလေးဆီက တခုရတယ် ညီမလေးကလုတဲ့လက်ကို ကုတ်ရောဗျို့ အဖြစ်ကသိတ်မြန်တာ၊ ကျနော်တွန်းလှဲလိုက်တာ ဘီရိုနဲ့ ခေါင်းနဲ့ဆောင့်မိပြီး သူ့မုန့်တွေလဲ လွတ်ကျ ခေါင်းလဲဖူးသွားရော အမေပြေးထွက်လာပြီး ညီမလေးကိုချီသွားတယ်။ ကျနော်လဲမှင်သက်နေမိတယ် “ဟေ့ကောင်လာခဲ” အဖေကျနော်ကိုခေါ်ပြီ “မင်းဘာဖြစ်လို့ ကိုယ့်ညီမလေးကို တွန်းလှဲတာလဲ” “ဟေ့ခလေးဘာဖြစ်သွားလဲ” “ခေါင်းဖူးသွားတယ်” အမေ့အသံ နောက်အဖေကျနော့် ကိုဆော်ပါတော့တယ် “မင်းကအိမ်ကျယ်” “ကိုယ့်ထက်ငယ်တဲ့သူတွေဆို နိုင်တယ် မတရားလုပ်တဲ့ သူတွေကြတော့ ဘာမှလုပ်ရဲတဲ့ကောင်မဟုတ်ဘူး” အဖေရိုက်တာထက် ဒီစကားလုံးကကျနော်ကို ညဘက်ရောက်တော့ အတွေးပိုနေစေတာပါပဲ။ ကျနော်အိပ်ရာဝင်ခါစမှာ အမေကအဖေ့ကိုပြောနေသံ အမှတ်မထင်ကြားလိုက်တယ် “တော်က သားကို ဘာဖြစ်လို့ အိမ်ကျယ်လို့ပြောတာလဲ တော်ကြာခလေးတမျိုးဖြစ်သွားပါအုံးမယ်” “မဟုတ်ပါဘူးဟာ ငါကငါ့သားကို ယောင်္ကျားပီသစေချင်လို့ သူများကိုမတရား မလုပ်စေချင်လို့ ကိုယ့်ကိုမတရားလုပ်လဲ ခေါင်းငုံ့မခံစေချင်လို့ပါကွာ“တဲ့ ငါဟာ …တကယ်အိမ်ကျယ်ဖြစ်နေ တာလားဆိုတာကို တွေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။


ကျနော့်အဖေ၊အမေက မွေးချင်းမောင်နှမ ငါးယောက်ထဲမှာ ကျနော့်ကိုတော်တော် အလိုလိုက်ပါတယ် သားကတယောက်ပဲပါတာကိုး အမနှစ်ယောက၊် ကျနော် ပြီးတော့ ညီမလေးနှစ်ယောက် ကျနာ့်အောက်ကညီမလေးက ကျနော်နဲ့ ၂ နှစ်ကွာပါတယ် အငယ်ဆုံးညီမ လေးက ၆ နှစ်ကွာပါတယ် အဖေအမေက အငယ်ဆုံးမလေးကိုအချစ်ဆုံးပါ ကျနော့်ကိုတော့ ယောင်္ကျားလေး တယောက်တည်းမို့ အလို လိုက်ပါတယ်။ ကျနော်ငယ်ငယ်က ကျနော် ကြောက်ရတဲ့ (ငယ်ကြောက်လို့ခေါ်ရမဲ့) သူ ၂ ယောက်ရှိပါတယ်။ အိမ်နားမှာကြောက်ရတာ ကျော်ဦး လို့ခေါ်တဲ့သူငယ်ချင်းပါ ကျောင်းမှာကြောက်ရတာ သိန်းညွန့်လို့ခေါ်တဲ့ သူငယ် ချင်းပါ။ ကျနော်တို့အိမ်နားမှာရှိတဲ့ ခလေး တွေထဲမှာ ကျော်ဦးက ဗိုလ်ပါ။ ကစားနေရင်းနဲ့ သူမ ကျေနပ်ရင်မကျေနပ်သလို အနိုင်ကျင့်တတ်ပါတယ်။ ကျနော်သူ့ကြောင့် ငိုခဲ့ရပေါင်း မနည်းပါဘူး တခါတလေ ကျနော့်အမေက သူ့အမေကို ကျနော့်ကို ကျော်ဦးထိုးလိုက်ရင် သွားတိုင်ပေမဲ့ သူ့အမေက ဆုံးမလိုက်ပါ့မယ် ပြောပြီး နောက်ကွယ်ကြ ကျော်ဦးကို ဘာမှာလုပ်တာမဟုတ်တော့ ကျော်ဦးကတော့ ကျနော်တို့ကိုဆက်အနိုင်ကျင့်နေမြဲပါ။
ကျနော်တခါတလေ ပြန်ချပါတယ် ဒါပေမဲ့ငယ်ကြောက်ဆိုတော့ သူကဖိလုပ်လိုက်ရင် ကျနော်ငိုရတာပါပဲ တခါတလေအိမ်ကိုမပြောရဲ ပါဘူး ကျိတ်ခံခဲ့ရတာတွေ မနည်းပါဘူး စိတ်ထဲမှာတော့မကျေနပ်ပါဘူး ပြန်လှန်ဘို့ကလဲ သူ့ကိုမနိုင်ဖြစ်နေကြတာပါ ကျနော်လိုပဲ ကျော်ဦးကိုကြောက်ရတဲ့ ခလေးတွေချည်းပဲ ကစားကြရင်တောင်မှ ကျော်ဦးလာရင်အပါမခံ ဘူးဆိုပြီးပြောကြပါတယ်၊ သူမလာခင်လေးပါ သူလာတော့လဲကြောက်ကြောက်နဲ့ အပါခံခဲ့ကြရတာပါ။ တခါတလေ ကျနော်တို့ချည်း (ကျော်ဦးမပါ) စစ်တိုက်တမ်းကစားကြရင် ကျော်ဦးတို့အိမ်ဘက်ကို အမြောက်နဲ့ပစ်ကြတာ။ကျော်ဦးကိုမုန်းကြတာကိုး ကျနော်ခလေးဘဝပေမဲ့ ကျနော်မှတ်မိတယ် ကျနော် ကျော်ဦးကိုချောင်းချဘို့ကြံဘူးတယ် အထမမြောက်ခဲ့ဘူး သူကလူကပုပေမဲ့ ကိုယ်လုံးကြီးပြီး နပန်းလုံးတာသန်တယ် ကျနော်က အရပ်ရှည်ပေမဲ့ သူနဲ့နပန်းလုံးရင်ခံရတာချည်းပဲ ကျနော် ၁၁ နှစ်လောက် ရောက်လာတော့ ကျော်ဦးအမေက နောက်ယောင်္ကျားနောက် လိုက်သွားတာ သူတို့အိမ်မာ သူ့အဖေပဲရှိတော့တာပေါ့ ကျော်ဦး ကတော့ အနိုင်ကျင့်တတ်တဲ့အကျင့်က မပျောက်သေးဘူး သူက ကျောင်းမနေတော့ဘူး ကျနော်က ၅ တန်းရောက်လာပြီလေ။ ၅ တန်းမှာ အထက်တန်းကျောင်းပြောင်းနေရတော့ လူ့ သဘာဝအမြင် နည်းနည်းကျယ်လာတာပေါ့ သူငယ်ချင်းတွေလဲ များလာပြီလေ တရက် ကျ နော်ကျောင်းကပြန်လာတာ ဗိုက်ကလဲဆာလာတာပေါ့ အိမ်ကိုသုတ်ခြေတင်ပြန်လာတာ လမ်းထိပ်ရောက်တော့ ကျော်ဦးက ကျနော်ကိုဝင်တိုက်တယ် တမင်လုပ်တာပါ ကျနော်ဒါပေမဲ့ ဘာမှ မပြောပါဘူး သူနဲ့လဲ လေးတန်းလောက်ကတည်းက သိတ်မပေါင်းတော့ဘူးလေ ကျောင်းမှာဘော်လုံးကန်ရင်း တခြားရပ်ကွက်က သူငယ်ချင်းတွေနဲ့ ပေါင်းလာတော့ သူ့ကိုသိတ်ဂရုတစိုက်မပေါင်းဖြစ်တော့ဘူး။ ကျနော်အိမ်ရောက်တော့ ထမင်းနည်းနည်းစားတယ် အိမ်စာလေးနည်းနည်းလုပ်လိုက်တယ် အဲ့ဒီ့အချိန်မှာ ခုနက ကျော်ဦးကျနော့်ကိုလုပ်လိုက်တာ ပြန်စဉ်းစားမိလာတယ်။
ကျန်ာလမ်းထိပ်ကို ထွက်လာခဲ့တယ် ကျနော်ဆုံးဖြတ်ပြီးသား ဒီကောင့်ကိုပြန်ဆော်မယ်လို့ သူတို့က ဘော်လုံးကန်နေတာ တခြားသူ တွေက ကျနော့်ကိုတွေ့တော့ မင်းပါမလားတဲ့ ကျနော်ကရည်ရွယ်ချက်နဲ့လာတာ လမ်းဘေးမှာ ဝါးပိုင်းကျိုးလေးလဲတွေ့ထားတယ်လေ ဒါပေ မဲ့ငယ်ကြောက်ကိုပြန်လှန်ရမှာဆိုတော့ အသားတော့နည်းနည်းတုန်နေတယ် ကျနော်ဝင်ပါ လိုက်တယ် ထုံစံအတိုင်းကျော်ဦး ကျနော်ကိုလူချတယ် ကျနော်လဲပြန်ချတယ် ခနနေတော့ ကျနော်တို့ထိုးကြပါလေရော ကျော်ဦးကိုကျနော်ပြန်ချတော့ ကျန်တဲ့သူ တွေလအံသြနေကြလေရဲ့ ကျော်ဦးကငယ်နိုင်ဆိုပြီး အလွယ်တကူစဉ်းစားတယ် ကျနော့်ကို ရင်ဘတ်လာတွန်းတယ် ကျနော်ကသူ့ကို အားရပါးရထိုးချလိုက်တယ် သူမွှန်သွားတယ် ကျနော်ဖိထိုးတယ် ခနလူခြင်းအကွာမှာ ခုနက ဝါးချောင်းပြေးဆွဲလိုက်တယ်။ သူတော်တော်အံ့သြနေတယ် ကျနော်တကယ်ပဲ သူ့ကိုဝင်ရိုက်တယ် ဘေးကလူကြီးတွေဆွဲလို့ ကျနော်တကယ်ဒေါသ ထွက်နေတာ ပတ်ဝန်းကျင်ကကျနော်ဘက်က သူတသက်လုံး အနိုင်ကျင့်လာတာ လူတိုင်းသိတာကိုး ဆိုပါတော့ဒါနဲ့ပဲပွဲပြီးသွားတယ်။ ကျော်ဦးနှာခေါင်းသွေးလျှံသွားတယ် ကျနော်လဲနှုတ်ခမ်းပေါက်သွားတယ် သူ့မျက်လုံးတဖက်လဲရောင်လို့ လက်မှာလဲပါတ်တီးနဲ့ ဒီ့နောက်ကတည်းကကျော်ဦးဟာ ကျနော့်ကိုရော အနီးအနားမှာရှိတဲ့သူတွေကိုရော သိတ်အနိုင် မကျင့်ရဲတာတွေ့ရတော့တယ်။
သိန်းညွန့်ကတော့ ၃ တန်းနှစ်ကတည်းက ကျနော့်ကိုအနိုင်မကျင့်ရဲတော့တာပါ ကျနော် ပေတံနဲ့ပြန်ချတာ အဲ့ဒီ့ကတည်းက ကျနော်ကိုအနိုင်မကျင့်ရဲတော့တာပါပဲ။ ကျနော်အရွယ် ရောက်လာပြန်တော့လဲ မတရားရင်မခံတဲ့စိတ် အားနည်းတဲ့သူကိုဖေးမတတ်တဲ့ စိတ် ဒါတွေတော်တော်လုပ်ဖြစ်ပါတယ် အခုအချိန်အထိ မတရားတာကိုရင်ဆိုင်အံတုနေလေ့ရှိပါ တယ် အဲ့ဒါ ကျနော်ငယ်ငယ်က ကျနော်မှတ်မှတ်ရရ အဖြစ်အပျက်လေးတွေကနေ သင်္ခန်းစာရလာတာပါပဲ။ ကျနော့်အဖေပြောသလို အိမ်ကျယ် ဖြစ်မှာ ကျနော်သိတ်စိုးရိမ်ပါတယ် ကိုယ့်ထက်အားနည်းတဲ့သူ နှိမ့်ပါးတဲ့သူတွေကို အနိုင်မကျင့်ဘို့ အင်အားနဲ့မတရားအနိုင်ကျင့်တတ်တာတွေ၊ မတရားလုပ်နေတာတွေတွေ့ရင် မတရားတာကို ရင်ဆိုရင်ဆိုင်တုန့်ပြန်တဲ့စိတ် ဒါတွေဟာ ကျနာ့်ဘဝအတွေ့အကြုံတွေကနေ ပြဌာန်းပေးလိုက်တယ်ဆိုတာ ကြီးလာတော့သဘော ပေါက်လာတော့တာပါပဲ။
ကျောင်းသားလောက၊နိုင်ငံရေးလောက၊လက်နက်ကိုင်တော်လှန်ရေး အခုလက်ရှိ ဘလော့ဂါ လောကအဆုံး မတရားလုပ်တတ်တဲ့ သူတွေတွေ့ရင် ကျနော်မကြိုက်ပါဘူး အထူးသဖြင့် အင်အားနဲ့ အနိုင်ယူတတ်တဲ့အကျင့်ရှိတဲ့ ဘယ်သူ့ကိုမဆို မဟုတ်မခံစိတ်နဲ့ ရင်ဆိုင်ချင်တာပါပဲ။ ဒါကြောင့်လဲပဲ မတရားတဲ့ စစ်အုပ်စု၊ စစ်အစိုးရကိုဆန့်ကျင်နေတာပါ။ တလောက သတင်းထဲမှာကြားလိုက်ရ ပါတယ် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ခေါင်းဆောင်မျိုးဆက်သစ်တွေကို ထောင် ၁၀၄ နှစ်တဲ့ မတရား လုပ်လိုက်တာနော် ကျနော်တွေးမိတယ် တနေ့တော့ စစ်အုပ်စုဟာ ကျော်ဦးဆိုတဲ့ ကျနော်ငယ်ငယ်က ကြောက်ခဲ့ရတဲ့ ရပ်ကွက်ထဲက ကစားဖေါ်လို တနေ့မှာကျိုးကြေနေအောင် အတုန့်ပြန်ခံရလိမ့်မယ်ဆိုတာတော့ မလွဲမသွေပါပဲ။ ကျနော်သိတာတော့ နိုင်တုန်းမှာ မတရားလုပ်ထားရင် တနေ့မှာ အပြင်းအထန်တုန့်ပြန်ခံရလိမ့်မယ်ဆိုတာပါပဲ…မတရားမှုဟူသမျှကျဆုံးပါစေ…။

ဂင်ကြီး

12 comments:

Anonymous,  January 15, 2009 at 1:06 AM  

ကိုဂင် ငယ်ငယ်က အဖြစ်လေးကိုရေးပြထားတာ ရိုးရိုးလေးတင်ပြထားပေမယ့် အတွေးတွေအများကြီး ရစေတယ်၊ အပြစ်ကင်းစင်တဲ့ ကလေးဘ၀လေးတွေကို တကယ်လို့ပြန်ရရင် ပြန်လိုချင်မိတယ်လို့ လည်း မဖြစ်နိုင်တာကို တွေးမိတယ်၊

ခေါင်ခေါင် January 15, 2009 at 4:18 AM  

ဦးဂင် က အရေးအသား အရမ်းကောင်းတော့ .. ဖတ်ရတာ မျောသွားတယ်...

လေးစားပါတယ်.. ကျော်ဦးကို ပြန်ထိုးလို့..ဟီး..

နောက်တစ်ခါ ခေါင်ခေါင့်ကို အနိုင်ကျင့်တဲ့သူ ရှိရင် ဦးဂင်နား လာတိုင်မယ် ...နော်

ခေါင်ခေါင် January 15, 2009 at 4:26 AM  

ှုဦးဂင် ရေးတာ တစ်ကယ်ကောင်းတယ်.. သိလား.. အတွေးလေးအရမ်း ကောင်းတယ်..
အိမ်ကျယ်မဖြစ်အောင် .. ကြိုးစားပါ့မယ်...
အရင်ကတော့ ဖြစ်ခဲ့ဖူးတယ်.. ဟီး။။ တစ်ကယ့် အိမ်ကျယ်.. အိမ်ကလွဲရင် ဘယ်မှာမှ မကျယ်ရဲဘူး. တိတ်လို့...

Anonymous,  January 15, 2009 at 8:56 AM  

အနော်လည်းဝင်ဆုတောင်းပေးတယ်.. မတရားမှုဟူသမျှ ကျဆုံးပါစေ.. !!!!!

မေ့သမီး January 15, 2009 at 9:34 AM  

ကိုယ့်ထက်အားနည်းတဲ့သူတွေကို အကြမ်းဖက်အနိုင်ကျင့်တတ်တဲ့သူတွေမှန်သမျှ တစ်နေ့တော့ မလွဲမသွေဒီဒဏ်ကိုပြန်ခံရဦးမှာပဲ။

တောင်ပေါ်သား January 15, 2009 at 5:03 PM  

အကိုရေ စဉ်းစားစရာတွေ အတုယူစရာတွေ အများကြီးနဲ့ ဖတ်သွားပါတယ်

ယုန်ကလေး January 15, 2009 at 7:00 PM  

ဦးဂင်ရေ စာတွေလာဖတ်သွားတယ် ရေးထားတာတွေ တော်တယ်နော် အင်း ငယ်ငယ်က အဖြစ်ကိုပါပြန်သတိ ရတယ်။ ဘာလဲဆိုတော့ ငယ်ငယ်တုန်းက သူငယ်ချင်း တွေနဲ့ ကော်ကွင်း မှုတ်တဲ့အဖြစ်လေးပါ။
အားပေးတယ်နော် ဆက်ရေးပါ

အိုးဝေအောင် January 15, 2009 at 10:06 PM  

အခုလက်ရှိ ဘလော့ဂါ လောကအဆုံး မတရားလုပ်တတ်တဲ့ သူတွေတွေ့ရင် ကျနော်မကြိုက်ပါဘူး အထူးသဖြင့် အင်အားနဲ့ အနိုင်ယူတတ်တဲ့အကျင့်ရှိတဲ့ ဘယ်သူ့ကိုမဆို မဟုတ်မခံစိတ်နဲ့ ရင်ဆိုင်ချင်တာပါပဲ။

ယောနသံစင်ရော် January 17, 2009 at 6:00 AM  

ဦးဂင် .. ကလေးဘဝအကြောင်းလေးတွေဖတ်ရတော့ ငယ်ဘဝကိုလွမ်းမိစေပါတယ်.။

မဆုမွန် January 19, 2009 at 6:50 AM  

ဟုတ်တယ် ပြန်ချရမယ် ညီမမှာလဲ ငယ်နိုင်လဲ ရှိတယ် ကြီးနိုင်လဲ ရှိတယ် ပြန်ချဖို့ တွေးရင်းနဲ့ မဗျင်းလိုက်နိုင်သေးဘူး လူချင်း အနိုင်ကျင့်တာလဲ ခံရတယ် စကားနဲ့ အနိုင်ကျင့်တာလဲ ခံရတယ်..ပြန်ပြောလိုက်ရမှာ အားနာနေတာ တစ်ခုပဲ..ကိုယ့်ကိုနှိပ်ကွပ်ပေမယ့် ကိုယ်က ပြန်ပြောလိုက်ရမှာကို အားနာနေတာ ရှိတယ်

Anonymous,  January 22, 2009 at 5:50 AM  

ကလေးဘ၀ လေးတွေ ဖတ်ရှုသွားပါတယ်ဗျို့

Kyaw Nyo Thway January 26, 2009 at 2:18 AM  

အခုလည်းအိမ်မှာပဲ ဂစ်တာတီးပြီးကျယ်တာမဟုတ်လား
အဟားးးး
နောက်တာနော်း)

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့