Wednesday, February 25, 2009

တောကြောင်.....(ဂင်ကြီး)


ကျနော်တို့ငယ်ငယ်က အလယ်တန်းလောက်အထိ သူငယ်ချင်းတွေ နံမည်ပြောင်ဒါမှမဟုတ် အဖေရဲ့နံမည်ကို တယောက်နဲ့တယောက် လစ်ရင်လစ်သလို ခေါ် ကြတာလေ။ ကျနော့်ဆိုရင်သူငယ်ချင်းတွေက ဆရာကြီး ဒါမှမဟုတ် အုန်းတင်တဲ့ ဆရာကြီး လို့ခေါ်တာက ဘောလုံးကစားရင် အလိမ်အခေါက်များလို့လေ အုန်းတင်ဆိုတာ ကျနော့် အဖေနံမည်ကိုခေါ်တာ နိုင်အောင်ဆိုရင်ဂျပု တခါတလေသူ့အဖေနံမည် စိန်ထွန်းလို့ခေါ် တယ် ဖိုးကျော်ဆိုရင် စွေကြီး သူကမျက်လုံးလေးနည်းနည်းစွေတယ်လေ တခါတလေ တင်ရွှေ သူအဖေနံမည်။ များသောအားဖြင့် ကစားကြတဲ့အချိန်ဆိုရင် နံမည်ပြောင်တွေပဲခေါ်ကြတာ များတယ် အတန်းထဲကရွယ်တူကောင်မလေးတွေရှေ့တို့ တယောက်နဲ့တယောက်စခြင် တဲ့အခါတို့ဆို အဖေတွေရဲ့နံမည်ကိုခေါ်ကြတယ်လေ။ များသောအားဖြင်လဲ စိတ်ဆိုးကြတာ မဟုတ်ပါဘူး ကိုယ့်အဖေနံမည်နဲ့ကိုယ်ကိုခေါ်လိုက်ရင် သူ့အဖေနံမည်ပြန်ခေါ်လိုက်တာပဲ။ ဒီအထဲမှာ နည်းနည်းထူးခြားတာက တောကြောင် ပေါ့ သူ့နံမည်အရင်းက မောင်စိန်လှ သှူု့ အဖေနံမည်က လှမြိုင် ဒီကောင်ကသိတ်လျှင်တာ ကျနော်တို့ငယ်ငယ်က တခါတလေ သူများ အိမ်က မာလကာသီးတွေဘာတွေ သူများမသိအောင်ခိုးစားရင် ဒီကောင်ကသိတ်လျှင်တာ အိမ်ရှင်သိသွားလို့ ထွက်အော်ရင် ပြေးတဲ့နေရာလဲ ဒီကောင်ကလျှင်မှလျှင် ဒါကြောင့်သူ့ကို တောကြောင်လို့ခေါ်ကြတာ။
တခါကဆို ဒီဇင်ဘာလ မနက်အစောကြီးလမ်းလျှောက်ရအောင်လို့ သူငယ်ချင်းတွေ ဒီလိုပဲ လိုက်နိုးကြရင်း ကျနော့်အိမ်ရှေ့ရောက်တော့ “ဆရာကြီးရေ”တဲ့ အဲ့ဒီအချိန်အမေကနိုးနေပြီ လေ “ဟဲကောင်လေးထ ဟိုမှာနင့်ကောင်တွေလာခေါ်နေပြီတဲ့” အမေကကျနော့်ကို သားလို့ ခေါ်တာများတယ် စိတ်ထဲဘဝင်မကျရင်ဟဲ့ကောင်လေးတဲ့ ဒီကောင်တွေဆရာကြီးလို့ခေါ်တာ အမေကကြိုက်တာမဟုတ်ဘူး ဒါပေမဲ့ကျနော့်ကို ခေါ်မှန်း အမေကသိနေတာလေ ဒီိကောင် တွေလာခေါ်တိုင်းဒီလိုပဲခေါ်နေကြကိုး ဖြစ်ခြင်တော့ နိုင်အောင့်အိမ်ရှေလည်း ရောက်ရော တောကြောင်ပေါ့ အသံပြဲနဲ့လေ “ဟေ့ကောင်စိန်ထွန်းထ” တဲ့ တိုက်ဆိုင်ခြင်တော့ အဲ့ဒီနေ့က ဦးလေး ဦးစိန်ထွန်းက နိုးနေတာလေ “ဘယ်ကောင်တွေလဲကွငါ့နံမည်ခေါ်တာ” “ဟိုက်” သွားပြီပေါ့ ဘာမပြောညာမပြောနဲ့ ကျနော်တို့တအုပ် နောက်ဆုတ်နောက်ဆုတ် ပဲရှိသေးတယ် လှည့်ကြည်လိုက်တော့ တောကြောင်မရှိတော့ဘူး သူကတော်တော်ဝေးဝေးကို ရောက်နေပြီလေ ဒီကောင်ကအဲ့ဒီ့လိုလျှင်တာ။ တခါတုန်းကလဲ တခြားရက်ကွက်ကကောင် တွေနဲ့ ဘော်လုံးချိန်းကန်ကြတာ ချိန်းပွဲဆိုတော့ တဖက်နဲ့တဖက် လူချကြရင်းနဲ့ ရန်ဖြစ်ကြ တာ ခဲ့တွေနဲ့ပေါက်ကြတာလေ ဘေးကလူကြီးတွေ ကျနော်တို့ကိုထွက်တားမှရပ်သွားကြတာ တောကြောင်ကြည့်လိုက်တော့ ဒီကောင်မရှိတော့ဘူး ထုံစံအတိုင်းပြေးသွားပြီလေ။ ဒီကောင် က အာနည်းနည်းကျယ်တာကလွဲလို့ ပြသာနာရှိရင်ရှောင်တတ်တဲ့အကျင့်ရှိတယ်။
ကျနော် ၈ တန်းအောင်တဲ့နှစ်မှာ အိမ်က ရန်ကုန်ပြောင်းသွားရတယ်လေ ဒီတော့ ကျနော် တို့မြို့ကသူငယ်ချင်းတွေနဲ့ ခွဲသွားခဲ့ရတာပေါ့ ၁၀ တန်းနှစ်ရောက်တော့ ကျနော်နဲ့အဖေနဲ့ ကိစ္စတခုနဲ့ မြို့ကိုပြန်ရောက်တုန်း ငယ်သူငယ်ချင်းတွေနဲ့လဲပြန်တွေ့ရတာပေါ့ တရက် တောကြောင်နဲ့တွေ့တော့ ကျနော်လဲပါးစပ်ကလွတ်ကနဲ “ဟေ့ကောင်တောကြောင်” လို့ခေါ် တာပေါ့ နှုတ်ဆက်တာလေ ဒီကောင်ပြန်နှုတ်ဆက်တာ အေးတိအေးစက်ပဲ ကျနော့ အဖေလဲပါတယ်လေ အဖေကကလဲသူ့ကိုနှုတ်ဆက်တယ် “မောင်စိန်လှနေကောင်းလားကွ” ဆိုတော့ ဒီကောင်ပြန်ပြောတာ ကောင်းကောင်းမွန်မွန်ပဲ။ ဒါနဲ့အိမ်ရောက်တော့ ကျနော်အဖေ့ ကို “တောကြောင်က သွေးကြီးသွားသလားမသိဘူး” လို့ဆိုတော့ အဖေက “သူကလူပျိုကြီး ဖားဖားဖြစ်နေပြီကွ” “မင်းထက်နှစ်နှစ်လောက်ကြီးတယ်လေ” “မင်းကငယ်ငယ်တုန်းကလို နံမည်ပြောင်ခေါ်တာသူမကြိုက်လို့ပါကွ” “ငါ့သားရေ လူဆိုတာပြောင်းလဲတတ်တယ်ကွ မင်းတို့ငယ်ငယ်က တယောက်ခြင်းစီရဲ့ ပြောစရာလေးတွေ ၊ ပြောင်စရာလေးတွေ၊ အကျင့်လေးတွေပေါ်မှာ မင်းတို့ နံမည်ပြောင်တွေဖြစ်လာတာမလား ဒါပေမဲ့ ကြီးလာတော့ လူ့သဘောရှက်လာတာတို့၊ ငယ်ကျိုးငယ်နာဖေါ်သလိုတို့ဖြစ်တတ်တယ်ကွ ပြောင်လဲသွား တဲ့သဘောပေါ့၊ မင်းလည်း ၁၆ နှစ်ရှိနေပြီ အခတ်မသင့်ရင် ရန်ဖြစ်တတ်တယ်” တဲ့ အင်းအဖေပြောတာလည်းဟုတ်ပါတယ်လေ…. နောက်တနေ့နိုင်အောင်နဲ့တွေ့မှ “ဒီကောင် ကနံမည်ပြောင်ခေါ်ရင်မကြိုက်တော့ဘူးတဲ့” “သူကဖွန်ကြောင်နေတာကြာပြီ” နိုင်အောင် ပြော မှပဲသူ့အကြောင်းသဘောပေါက်တော့တယ်။
ဟုတ်ပါတယ် နောက်ဆို ကျနော် တောကြောင်ကို တောကြောင်လို့မခေါ်မိအောင် ကျိုးစားရ ပါတော့မယ် တောကြောင်ရေ့….။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, February 19, 2009

ကျနော်ကြည့်ဘူးသော ဘော်လုံးပွဲတချို့

photo source- DVB sport

ကျနော်ခုံမင်နှစ်သက်၊ဝါသနာထုံခဲ့တဲ့အထဲမှာ ဘော်လုံးအားကစားနည်းကို စိတ်ဝင်တစားရှိခဲ့ တာလဲပါတာပေါ့။ ကျနော်တို့ငယ်ငယ်က ဒီဇင်ဘာလဆို ရပ်ကွက်တိုင်းမှာ တပတ်တရက် အားကစားပြိုင်ပွဲတွေလုပ်ခဲ့တာလေ ဆုကြေးဘာညာက ဘာမှမဟုတ်ပေမဲ့ ခလေး၊ လူငယ် တွေ အတွက်တော့ အားကစားပြိုင်ပွဲလေးတွေရှိတာပေါ့ဗျာ အဲ့ဒီရက်ဆို ကျနော်တို့ ရွယ် တူလေးတွေစုပြီး (Small Goal) ဂိုးကျဉ်း ပြိုင်ပွဲလေးတွေကစားရတာလေ တော်တော်လေး ပျော်စရာကောင်းပါတယ်။ မနက် ၄ နာရီလောက်ဆို အချင်းချင်းလိုက်နိုးကြ ဘယ်ရပ်ကွက် ကပြိုင်ပွဲကကောင်းတယ် စာရင်းမြန်မြန်သွားပေးမှ ပြီးရင်လူစုကြ ကစားကြပေါ့လေ ကျနော်တို့ကစားခဲ့ရတာ ကစားကွင်းမှာတော့မဟုတ်ပါဘူး အဲ့ဒီအချိန်က ကျနော်တို့မြို့က တချို့လမ်းတွေဟာ သဲလမ်းတွေဆိုတော့ ၇ နှစ် ၈နှစ်ခလေးတွေအတွက်တော့ ကစားရတာ တဖက် ၅ ယောက်ပွဲလေးတွေအတွက်အတော်ပါပဲဗျာ။
ငယ်ငယ်ကဘော်လုံးပွဲလေးတွေကစားခဲ့တာ ဘော်လုံးပွဲတွေကြည့်ခဲ့ကြတာတွေကို အမှတ်ရ နေဆဲပါ။ ကျနော်ကြည့်ခဲ့ရတဲ့ဘော်လုံးပွဲထဲမှာ ၁၉၇၂ ခုနှစ်တုန်းက ဂျာမဏီ(အဲ့ဒီအချိန်က အနောက်ဂျာမဏီ) မှာကျင်းပတဲ့ မြူးနစ်ကမ္ဘာ့အိုလံပစ် ဘော်လုံးပြိုင်ပွဲမှာ မြန်မာအသင်း ခြေစစ်ပွဲအောင်ပြီး ဝင်ရောက်ကစားခဲ့ပါတယ်။ ကျနော်ကြည့်ရတာက အဲ့ဒီ့ပြိုင်ပွဲမဟုတ်ပါဘူး အဲ့ဒီ့ပြိုင်ပွဲမှာ ဝင်ကစားခွင့်အတွက် မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ အာရှဇုံ ခြေစစ်ပွဲပါ တိုက်ရိုက်ကြည့်ရတာမဟုတ်ပါဘူး တိုက်ရိုက်လွင့်တဲ့မြန်မာ့အသံရေဒီယို ဘော်လုံးပွဲအစီအစဉ် ကို အိမ်က Phillip ရေဒီယိုကလေးနဲ့ အဖေရယ်၊ကျနော်ရယ် အိမ်နားက ဝါသနာအိုးဦးလေး တွေရယ်နားထောင်ခဲ့ကြတာပါ။ ခလေးဆိုတော့ဗျာ မြန်မာအသင်းနိုင်တာ၊ဂိုးတွေသွင်းတာကို ရေဒီယိုအစီအစဉ်ကြေငြာသူက အားရပါးရကြေငြာလိုက်တိုင်း ကျနော်ကထထခုန်တာ အော်လိုက်တာလဲမနည်းပဲလေ အိမ်ဘေးနားကဦးလေးတွေဆို ကိုယ်အသင်းက ဂိုးသွင်း လို့ဝမ်းသာကြသလို ကျန်ာထထအော်တာကြည့်ပြီး တဝါးဝါးနဲ့ပွဲကြနေတာပေါ့ အဲ့ဒီအချိန်က ကျနော်၂ တန်းပဲရှိသေးတာလေ ဘော်လုံးပွဲနားထောင်ပြီးရင် လမ်းမထွက် သူငယ်ချင်း တွေနဲ့ ဘော်လုံးကန်ကြတာဗျ တော်တော်ခြေတွေ့ကြတာဗျာ ဘော်လုံးပွဲနားထောင်ထားတဲ့ လမိုင်းကပါနေတော့ တော်တော်ကစားကောင်းတာဗျ တခါသားဆို ဘော်လုံးကန်ကောင်း နေလိုက်တာ လမ်းမီးလာတဲ့အထိပဲဆိုပါတော့ အိမ်ပြန်မယ်လုပ်ရုံရှိသေး အမေကျိန်လုံးနဲ့ လိုက်လာပြီးဆော်လိုက်တာ အရှိုး ၄၊၅ ချက်ထင်ရောဗျို့ တော်သေးရဲ့ဗျာ အဖေရှိသေးလို့ နင့်မိုဆို အမေဆော်တာဒီ့ထက်နာဘို့ရှိတယ် ထမင်းမေ့ဟင်းမေ့ကစားတာကိုး။


ခုနကကျနော်ပြောခဲ့တဲ့ဘော်လုံးပွဲကို ကျနော်ကြည့်ရတာ ၁၉၇၅ ခုနှစ်ဗျ လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေပြီးတဲ့ည ကျနော်တို့မြို့က ဘော်လုံးကွင်းထဲမှာ ညလုံး ပေါက်ပြတဲ့ မော်ကွန်းရုပ်ရှင်ကပြလို့ကြည့်ရတာပါ။ အဲ့ဒီညက ကျနော်ကြည့်ရတာ ၃ ပွဲဗျ မြန်မာနဲ့အစ္စရေးလ်၊ မြန်မာနဲ့ထိုင်း နောက်တပွဲက မြန်မာနဲ့ အင်ဒိုနီးရှား တော်တော်ကောင်း တယ်ဗျာ အစ္စရေးလ်နဲ့ပွဲဆိုတော်တော်ကိုကောင်းတာဗျာ မြန်မာတွေဘော်လုံးကန်ကောင်းတာ အစ္စရေးလ်နည်းပြကတောင်ချီးကျူးရတာပါ ခြေသိတ်မကွာပေမဲ့ ဘော်လုံးပညာမှာ မြန်မာသာတယ် ၂ ဂိုးနဲ့မြန်မာနိုင်တယ်ဗျ လူကောင်တွေကလဲ သိတ်မကွာဘူးဗျ အစ္စရေးလ် က မသိမသာလေးပဲ ကြီးတာပါ ကစားတာတော့ နည်းနည်းကြမ်းတယ်ဗျို့ သူတို့ကလဲ ခတ်မာမာကစားကြတာကိုး။ နောက်တပွဲက ထိုင်းနဲ့ဗျ ပြင်းစရာကောင်းလိုက်တာဗျာ မြန်မာအသင်းက စိတ်ကြိုက်ကစားနေတာဗျို့ လူကောင်ကအစမြန်မာကသာတယ်ဗျ ဘော်လုံးပညာပိုင်းဆို တော်တော်ကွာပါတယ်ဗျာ ကျနော်မတ်မိနေသေးတယ် မြန်မာတိုက်စစ်မှူး ကျနော်နံမည်သိတ်မသေချာလို့ မြကြိုင်လားမသိဘူးဗျ ဂိုးသမားကိုပါလိမ်းပြီးဂိုးဝမှာ ဂိုးမသွင်းပဲစောင့်နေတာဗျို့ တဖက်ဂိုးသမားကမှီလိုမြှီဲငားပြေးလာမှ နောက်ပြန်ကန်သွင်း သွားတာလေ ရုပ်ရှင်ကြည့်တဲ့ပရိသတ်တောင် မနည်းကောင်းအားပေးကြတယ်ဗျို့ ကျနော်သွားကြည့်တာက အိမ်ဘေးနားကဝါသနာရှင်ဦးလေးတွေနဲ့လေ တချို့ဟာတွေ ကျနော်နားမလည်ရင် သူတို့ပဲပြောပြပေးတာပေါ့ ကျနော်ကလဲအမေးအမြန်းထူမှထူလေ နောက်တပွဲက အင်ဒိုနီးရှားနဲ့ဗျို့ ကျနော်အဲ့ဒီပြကွက်ကို အခုထိမြင်ယောင်နေသေးတယ်ဗျာ အေးမောင်ကြီး ကွင်းလည်လောက်ကလှမ်းကန်တာ ဂိုးထောင့်ထဲကိုလှလှပပဝင်သွားတာဗျ မော်ကွန်းရုပ်ရှင်ထဲမှာ အနှေးပြကွက်လည်းပြန်ပြတာကိုး ထုံးစံအတိုင်းကနော်ထခုန်တော့တာပဲဗျို့ ဘေးကလူတွေကသဘောကျနေကြတာ တော်တော်ဝါသနာကြီးတဲ့ခလေးတဲ့ မြန်မာ က ၄ ဂိုးပြတ်နိုင်သွားတာပါပဲ နောက်နေ့ကြမှ ကျောင်းစာကြည့်တိုက်က အဲ့ဒီအချိန်က တံခွန်ဗျ အားကစားဂျာနယ်လေ လှန်ဖတ်တော့မှ ကျနော်တို့ မြန်မာအသင်းက ကမ္ဘာအိုလံ ပစ်ပွဲမှာတောင် အသန့်ရှင်းဆုံးဆုရခဲ့တာလေ အုပ်စုပွဲမှာ ကမ္ဘာ့ဖလားပြန် ဆိုဗီယက်ပြည်ထောင်စုအသင်းကို ၁ ဂိုးတည်းနဲ့ကပ်ရှုံးခဲ့တာလို့သိခဲ့ရတာပါ။
အဲ့ဒီ့ခေတ်က တောင်ကိုးရီိးယားပတ်ချုံဟီးဖလား၊ မာဒေးကားဖလား၊ ဆီးဂိမ်းရွှေတံဆိပ်၊ အာရှရွှေတံဆိပ်တွေ မနည်းရခဲ့တာပါ။ ရလာတိုင်းလည်း ရေဒီယိုက ဒေါ်အမာစိန်သီဆိုထားတဲ့ တို့ဗမာနိုင်ပြီဆိုတဲ့သီချင်း ရေဒီယိုရှိတဲ့အိမ်တိုင်းဝဲခဲကြတာကလား မြန်မာဘော်လုံးအသင်း အောင်မြင်ခဲ့တာဟာ ၁၉၅၈ ခုနှစ်လောက်ကစတာပါပဲ လွပ်လပ်ရေးရပြီး ပါလီမန်အစိုးရတွေခေတ်မှာ မြန်မာ့လူနေမှုစံနစ်၊ အားကစားစံနစ်တကျပျိုးထောင်မှု၊ နောက်ဆုံး အစားအသောက်၊ အနေအထိုင်ကအစ အာရှမှာအတော်အတန်အဆင့်အတန်းရှိခဲ့တာကိုး ဒီတော့ အားကစားမှာလဲ တစ်စုံတရာတိုးတက်လာခဲ့တာပေါ့ အားကစားဆိုတာဟာ၊ အားကစားသမားကောင်းတွေ ပေါ်ထွက်ဘို့ဆိုတာဟာ အားကစားကို လူတော်တော်များများလိုက်စားနိုင်တဲ့ လူနေမှုအခြေ အနေရှိဘို့လိုသလို တိုင်ပြည်ရဲ စီးပွားရေးအဆင့်အတန်း၊ အားကစားအပေါ်မှာ အစိုးရရဲ့ပံပိုးမှု တနည်းအားဖြင့် Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေရှိမှာသာ တိုင်းပြည်အားကစားတိုးတက်တာပါ။ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင် တာဟာ လွပ်လပ်ရေးရပြီး ၁၂ နှစ်လောက် မှန်မှန်ကန်ကန် တည်ဆောက်ခဲ့တဲ့ အားကစားပြုစုပျိုးထောင်မှုတွေရဲ့ အသီိးအပွင့်ကို ၁၉၅၈ လောက်ကစပြီး ၁၉၇၂ ခုနှစ်လောက်အထိ ၁၄ နှစ်လောက်အောင်မြင်ခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း စစ်အုပ်စုကတိုင်းပြည်အာဏာကိုသိမ်းခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်းမှုတွေဖြစ် စစ်အုပ်စုရဲ့ကိုယ်ကျိုးရှာမှု ဒါတွေဖြစ်ခဲ့တာတောင် ပါလီမန်ခေတ်ကကောင်းခဲ့တဲ့ နိုင်ငံရဲ့အားကစားအဆင့်အတန်း၊ အားကစားသမားကောင်းတွေ လက်ကျန်ရှိနေသေးတော့ မြန်မာအသင်း ၁၉၇၂ ခုနှစ်လောက်အထိအောင်မြင်ခဲ့တာပါ။့ ဒီနောက်ပိုင်း မဆလစစ်အုပ်စုအောက်မှာ တိုင်းပြည်စီးပွားရေးကျ၊ လူနေမှုအဆင့်အတန်းနှိမ့် လာဒ်ပေး၊လာဒ်ယူတွေထွန်းကား၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အားကစားအစီ အစဉ်တွေမလုပ်နိုင်တော့ ၁၉၇၃ ခုနှစ်လောက်ကစပြီး မြန်မာဘော်လုံးအသင်း ကျသွားတော့တာပါပဲ။
၁၉၈၈ခုနှစ်ကြတော့ စစ်အုပ်စုလက်သစ်တွေကပဲ တိုင်းပြည်အာဏာကို သိမ်းလိုက်ကြပြန်ရော စစ်အုပ်စုလက်ဆုတ်စာနဲ့အပေါင်းအပါတချို့ချမ်းသာသွားပြီး လူအများစုကြီးကပိုလို့တောင် ဆင်းရဲသွားတာပါ။ ကျနော်တို့အရွယ်ကောင်းမှီခဲ့တဲ့ မဆလ ခေတ်ထက်တောင် ပိုဆိုးနေသေးတော့ ဘယ်လိုလုပ်အားကစားတိုးတက်နိုင်တော့မလဲ အားကစားလိုက်စားမဲ့ လူငယ်တွေမှာ အလုပ်၊ငွေ၊ စားဝတ်နေရေး တွေအတွက်လုံးပန်းနေကြရတာကလား ဒါတင်ဘယ်ကမလဲ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တရားမဝင်ရော၊ တရားဝင်ရော မနည်းကောင်းထွက်နေကြတော့ အားကစားသမားကောင်းပေါ်ထွက်ဘို့ဆိုတာတော့ဗျာ အကင်းတဖုတ်ဖုတ်လို့ ဆိုရမလားပဲ ဒါတောင်စစ်အုပ်စုတက်လာတော့ အရှက်မရှိ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်တဲ့ဗျာ တပွဲတိုးလေးတွေလုပ်သေးသဗျ ၁၉၉၁ လောက်မှာစတာ တိုင်းပြည်ကို စေတနာရှိလို့တော့မဟုတ်ဘူးဗျ သူတို့ကြွားလုံးကို ကာမိယုံလောက်ဖြစ်အောင် ဒေသတွင်းပြိုင်ပွဲလေးတွေမှာ မြန်မာနိုင်ငံမှာ အဲ့ဒီအချိန်က အကောင်းဆုံးဘော်လုံးသမားတချို့ (မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ကြည်လွင်၊တင်မြင့်အောင်၊အောင်နိုင်၊အောင်ထွန်းထွန်း) စသည်ဖြင့်ပေါ့ဗျာ နောက်ပြီး ဂါးဘလောက်တို့ ဝါနာ တို့လိုနည်းပြကောင်းတွေငှားလိုက်တော့ နဂိုလ်က ဘော်လုံးအခြေခံ ရှိခဲ့တဲ့ နိုင်ငံဆိုတော့ ၁၉၉၃ ဆီးဂိမ်းမှာ ငွေတံဆိပ်လေးရသေးတယ်လေ ကျနော်မြင်တာက ဒါတောင် စစ်အုပ်စုပံပိုးတယ်ဆိုတာထက် ဘော်လုံးသမားတွေရဲ့ ကျိုးစားမှု နည်းးပြရဲ့ဗျူဟာကောင်းမှု၊ဘော်လုံးပွဲတပွဲခြင်းစီမှာရှိတတ်တဲ့ အုပ်စုချောင်မှု၊ ကြံကြမ္မာအလှည်းပေးတာတွေကြောင့်သာ ငွေတံဆိပ်ရခဲ့တာပါ (အဲ့ဒီအချိန်က ဘော်လုံးသမားတွေ၊ နည်းပြတွေကိုတော့ချီးကျူး ပါတယ်ဗျာ) ဒါပေမဲ့ တကယ်အခြေခံတွေကိုမတည်ဆောက်နိုင်တော့ ထိုင်း ကိုမနိုင်ဘူးလေ ၁၉၉၅ လည်းကြရော အဲ့ဒီနှစ်မှ ပြိုင်ပွဲလာဝင်တဲ့ ဗီယက်နမ်ကို ဆီမီးမှာ ရှုံးရောမလား ရှုံးလည်းရှုံးရော ဘော်လုံးသမားတွေကိုအပစ်တင် အောင်ကျော်ကျော် ဘာဖြစ်တယ် ဘယ်သူဘာဖြစ်တယ်ပေါ့လေ ဗီယက်နမ်က အဲ့ဒီနောက်ပိုင်း PRO ဘော်လုံးပြိုင်ပွဲတွေပြောင်းလုပ်လိုက်တော့ ဟော.. ဒီနှစ် (၂၀၀၈) အရင်က ( Tiger Cup) ယ္ခု (Suzuki) ဖလား ထိုင်းကိုနိုင်ပြီး ဗီယက်နမ်ရသွားရောမလား ဒီတော့ဗျာ တိုင်ပြည်တခုရဲ့ အားကစား တိုးတက်လာဘို့ဆိုတာ လူတွေရဲ့ စားဝတ်နေရေးအဆင်ပြေမှု၊ စီးပွားရေးစံနစ်ကောင်းမွန်တိုးတက်မှု၊ နိုင်ငံရေးတည် ငြိမ်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားမှု စတာတွေမရှိပဲ ဘယ်လိုမှမတိုးတက်နိုင်ပါဘူး ရှင်းရှင်း ပြောရရင် Good Governance ကောင်းမွန်တဲ့အုပ်ချုပ်ရေးစံနစ်မရှိလို့ကတော့ အာဏာရှင်အုပ်စိုးမှုအောက်မှာ တိုင်းပြည်အားကစားမတိုးတက်ပါဘူး။

(ရှိတဲ့ခေတ်စံနစ်အောက်မှာ အခက်အခဲအကြပ်အတည်းတွေ၊ မပြည့်စုံမှုတွေ မွန်းကြပ်မှု တွေအောက်မှာ ဝါသနာအရကစားနေကြတဲ့ မြန်မာဘော်လုံးသမားတွေကို စာနာရင်း။)

ဂင်ကြီး


အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, February 11, 2009

ပြုံးစရာလေး...(ဂင်ကြီး)

စာရေးမယ်..ရေးမယ်နဲ့ မရေးဖြစ်တာအတော်လေးကြာသွားတယ်ဗျာ မိတ်ဆွေတွေကို တောင်းပန်ပါရစေ ကမ္ဘာ့ငွေကြေးအကြပ်အတည်းက ကျနော့်ကိုလည်းရိုက်ခတ်သွားလို့ပါဗျာ။ အလုပ်အကိုင်မရှိတော့ တောက်တိုမယ်ရတွေလုပ်နေရတာ ပိုတောင်အလုပ်ရှုပ်နေသေးသဗျာ
မဟေသီက အလုပ်ရှိနေသေးတော့ တော်သေးတာပေါ့ဗျာ။ သမီးလေးတွေနဲ့ပိုအချိန် ပေးဖြစ်တယ်ဗျာ သူတို့နဲ့နေ အိမ်အလုပ်လေးလုပ်၊ ဂစ်တာလေးတီး၊ စာလေးဖတ် ခလေးတွေအိမ်စာဝိုင်းလုပ်ပေး တော်တော်လေးလက်မလည်ပါဘူးဗျို့ အရေးဆိုပျက်နေတတ် တဲ့ ကျနော်စီးတော်ယာဉ်ကြီးကလဲ ဒုက္ခပေးလိုက်တာ ၂ရက်လောက် ကားမရှိတော့ သွား စရာလာစရာတွေတောင် မသွားရပြန်ဘူး ပိုက်ဆံနည်းနည်းကုန်တော့မှ့ သွားခွင့်ပြုတယ် ဗျာ ကားဆိုးသခင် မောင်မောင်ဂင်ပေါ့ဗျာ ထားလိုက်ပါတော့လေ..။
အခုနည်းနည်းရေးခြင်တာလေးကတော့ ကျနော်ကြားဘူးခဲ့တဲ့ ပြုံးစရာလေးပေါ့ဗျာ လူဆိုတာ အကြပ်အတည်းတွေကိုရင်ဆိုင်တဲ့အခါ စိတ်ညစ်စရာနဲ့ချည်းတော့မဖြစ်ဘူးလေဗျာ အနည်းဆုံး တွေးပြီးပြုံးတတ်တဲ့အနေအထားလေးတွေတော့ ရှိရမှာပေါ့ စိတ်ထိုင်ညစ် နေရုံနဲ့တော့ အလားကားပေါ့ ဟုတ်ဘူးလား..။
ဒီလိုဗျို့ တခါကရွာတရွာမှာ ဦးမြကြီးဆိုတာရှိသတဲ့ လူလတ်ပိုင်းလောက်ပဲရှိပါသေးတယ်၊ သူ့မှာ သူအလွန်မြတ်နိုးတဲ့ သူ့ရဲ့ ဇနီးချော မလှဆိုတာရှိသတဲ့ မိဘတွေပေးစားထားတာဗျ တောသူတောင်သားသဘာဝပေါ့ဗျာ ဦးလှကြီးကလယ်ယာလုပ်၊ ငွေရှာ၊ ဒေါ်လှက အိမ် ထောင်မှုထိမ်း၊ ချက်ရေးပြုတ်ရေးတာဝန်ယူ၊ သားသမီးတွေကိုရင်အုပ်မကွာ ထိမ်းသိမ်းစောင့် လျှောက် ဦးမြကြီးက သူ့မိန်းမကို အလှလို့ခေါ်သဗျ ဒေါ်လှကတော့ဗျာ တောသူတွေသဘာ ဝအတိုင်းခေါ်သဗျ (ကမြ) ကိုမြလို့ခေါ်တယ်ဗျ။ ဦးမြကြီးက အနုပညာပိုးရှိတယ်ဗျ တခါတခါ မယ်ဒိုလင်တီးပြီး သီချင်းလေးဘားလေးဆိုတတ်တယ် စာတိုပေစလေးလဲဖတ်တယ်။ ဆိုတော့ ဗျာ သူ့မှာအနုပညာပိုးရှိနေတယ်လေ ဒီတော့ဗျာ တခါတလေ နူနူးညံညံ ခံစားတတ်တာ လေးတွေရှိတာပေါ့လေ..။
တရက်သား လယ်တောကအပြန် ရွာထိပ်ကရေကန်နားရောက်တော့ အပျိုလူပျို ချိန်းတွေ့ နေတာတွေ့သတဲ့ အမှတ်တမဲ့မို့ သူလဲ အသာလေးချောင်းကြည့်မိတာပေါ့ဗျာ ဦးမြတွေ့တာ လေ လားလား….ကောင်မလေးက ကောင်လေးကိုချွှဲနေတာတဲ့ဗျို့ သမီးရည်းစားသဘာဝ ပေါ့ဗျာ (အတွေးတွေလဲချော်မသွားကြပါနဲ့အုံး) တွတ်တီးတွတ်တာလေးတွေ ပြောနေကြ တာပေါ့ဗျာ ခနကြည့်ပြီး ဆက်မကြည့်တော့ပါဘူး အိမ်ပြန်လာခဲ့တယ်ဆိုပါတော့ လမ်း လျှောက်ရင်းနဲ့ လူ့သဘာဝပေါ့ဗျာ အော် (အလှ)ငါ့ကို တခါမှဒီလိုမချွှဲဘူးဖူး……… အေးလေ ဦးမြကြီးတို့က မိဘကပေးစားတာဆိုတော့ ဒီလိုသမီးရည်းစားဘဝမှာတွေ့တတ်တဲ့ တွတ်တီး တွတ်တာလေးတွေ မကြုံခဲ့ရဘူးပေါ့လေ ဒေါ်လှကလဲ အရိုးကြီးမလား တွတ်တီးတွတ်တာ ပြောလေ့မရှိဘူးတဲ့ မယားဝတ္တရားတော့ကြေသဗျို့။
အိမ်ပြန်ရောက်ရင် မိန်းမကိုချွှဲခိုင်ရင်ကောင်းမလားလို့ ဦးမြကြီးတွေးမိတာပေါ့ ဇနီးမယား ကချွှဲနွဲ့ပြောတာလေး ဆိုတာ…တွေးရင်းတွေးရင်းသူဖာသာတယောက်တည်းတောင်ပြုံးမိတယ်တဲ့ဗျ ဒါနဲ့အိမ်ရောက်ရောဆိုပါတော့ဗျာ “အလှရေ လာပါအုံးဟ” “ဘာလဲတော့ကမြ” “တော့်ဟာကလဲ တကတည်းတော်” ပြောရင်းဒေါ်လှအနားရောက်လာတော့ “အလှနင်ငါ့ ကိုချွှဲကြည့်ပါလားဟ” “အယ်တော်ကျုပ်မလုပ်တတ်ပါဘူး” “နင်နဲ့ငါပေါင်းလာတာ ၁၅ နှစ်ရှိပြီ နင်တခါမှ ငါ့ကို ချွှဲပြောတာကြုံဘူးပေါင်ဗျာ” ဦးမြကြီးဒီလိုတခါမှမပြောဘူးတာရယ် သူ့မျက် နှာအကဲခတ်လိုက်တော့လဲ ဝမ်းနည်းသလိုလိုဘာလိုလိုလေးဆိုတော့ ဒေါ်လှတွေးမိသ တဲ့…အော် ငါ့ယောင်္ကျားသနားပါတယ်လို့…..“ကျုပ်ကဘယ်လိုချွှဲရမှာလဲတော်” လို့ဆိုတော့ ဦးမြကြီးမျက်နှာပြုံးရောင်သန်းလာပြီး “ချွှဲတတ်သလိုသာချွှဲပေါ့ဟ” လို့ဆိုသတဲ့ ဒါနဲ့ပဲဒေါ်လှတယောက် အင်း..ရွာနောက်ပိုင်းမတုတ် မုန့်ဟင်းခါးတောင်မစားရတာ ကြာပါပေါ့လားလို့ တွေးမိရင်း…“ဟွန့် မတုတ်မုန်ဟင်းခါးစားချင်တယ်”လို့ ပြောလိုက် ..အဲ့လေ ချွှဲလိုက်သတဲ့ ဒါပေမဲ့ တခါမှဒီလိုမပြောဘူးတော့ စကားလုံးတွေသာထွက် လာပြီးပြောပုံက တောင့်တောင့်ကြီး အသက်မပါဘူးပေါ့ဗျာ ဒီမှာတင် ဦးမြကြီးမျက်ထောက် ကြီးနီလာပြီး “ဒီမိန်းမ နင့်ဟာကချွှဲတာမှမဟုတ်တာ အဲ့ဒါ ငတ်တာဟဲ့ ငတ်တာ” လို့ပြော သတဲ့ဗျာ…..။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, February 4, 2009

မစ္စတာဂမ်ဘာရီခရီးစာရင်းရှင်းတမ်း..(ရဲဘော်ဖိုးသံချောင်း)

လက်ဗလာဝင်ရောက်လာတဲ့ မစ္စတာဂမ်ဘာရီတော့ လက်ဗလာပြန်သွားပြန်ပြီ။

လက်ဗလာပြန်သွားရပေမဲ့ လာကတည်းကလက်ဗလာ လာသူမို့ သူကတော့ဘာမှ မရှုံးဘူး။ ပါးစပ်ပဲစိုက်ရတာ။ ပါးစပ်အစာ (ပြန်အစီရင်ခံစရာ)ရရင် သူ့အတွက်စရိတ်ကျေပြီ။
အလားတူပဲ နဂိုကတည်းကဒီမိုကရေစီဗလာဖြစ်နေတဲ့ ဗမာပြည်သားတွေအဖို့ ဗလာ ပဲရလိုက်ပါတယ်။
စာရင်းချုပ်လိုက်တော့ ဘယ်သူတွေကမြတ်လို့ ဘယ်သူတွေကရှုံးသလဲ။
ပြန်ကြည့်လိုက်ရင် ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးတမန်ဆိုတာတွေ လာလိုက်တဲ့ အကြိမ်တွေများပဲများလှပြီဆိုတာ တွေ့ရမှာပါ။ ဘဝသံသရာရထားကြီးလိုပဲ တယောက်ဆင်း တယောက်တက်- ကုလသမဂ္ဂ အတွင်းရေးမှူးတွေလည်းပြောင်း၊ သူတို့ရဲ့ အထူးသံတမာန် တွေလည်းပြောင်း။ မပြောင်းတာကဗမာပြည်ရဲ့အခြေအနေ။ ပြည်သူတွေရဲ့ဘဝ။ ဓာတ်ပြား ဟောင်းကြီးနဲ့ ငိုချင်းချ နေရတဲ့ ဗမာပြည် ပြည်သူတွေရဲ့ဘဝ။ နအဖစီစဉ်တဲ့အတိုင်းနေ၊ သွား၊ တွေ့၊ ပြော၊ အကုန် လိုက်လုပ်နေရတဲ့ အထူးသံတမန်ဟာ ဘယ်သူ့ကို ကိုယ်စားပြုတာလဲ ဆိုတာတောင် စဉ်းစားရမလိုဖြစ်နေပါပြီ။
မစ္စတာဂမ်ဘာရီရဲ့ဒီတခါလာတဲ့ ခရီးစဉ်ဟာ နှစ်ဖက်ရင်ကြားစေ့ပေးဖို့လို့ဆိုပါတယ်။ ကြားလို့ကောင်းလှပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကိုသူတခေါက်လာတိုင်း နှစ်ဖက်ဟာ ပိုပိုနီးလာ သလား၊ ဝေးဝေးသွားသလား ပြန်စဉ်းစားရမလိုဖြစ်နေပါတယ်။ လက်တွေ့ အနေအထားက ကုလသမဂ္ဂသံတမန်တခေါက်လာတိုင်း၊ ဗိုလ်သန်းရွှေတယောက် “အတွေ့မခံဘူး”ဆိုပြီး တခါတခါမာန်တင်း လိုက်ရတိုင်း၊ ကြာရင်ဗိုလ်သန်းရွေမာန်တက်နေမှာတောင် စိုးရပါတယ်။ မနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီကို အတွေ့မခံဘူးဆိုတဲ့အခါမှာတော့ နအဖနဲ့သူတို့ရဲ့အလိုတော်ရိတွေဟာ ဒေါ်စုကိုအကြီးအကျယ် တိုက်ခိုက်ပြောဆိုခဲ့ကြပါတယ်၊ ဒါပေမဲ့ ဗိုလ်သန်းရွှေကအခေါက်တိုင်းမှာ မတွေ့ဘူးဆိုတာကျတော့ လေသံတောင်မဟဝံ့ပါဘူး။
ဒီကြောင့်မို့ အကြိမ်ကြိမ်လာနေတဲ့ မစ္စတာဂမ်ဘာရီလိုလူဟာ သင်ခန်းစာမယူရော့လေ သလားလို့ တွေးစရာဖြစ်နေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးတွေရော သင်ခန်းစာမယူလေ ရော့သလား။ သူတို့အနေနဲ့ နှစ်ဖက်ရပ်တည်ချက်တွေကို ပိုသိရတာဟာ အမြတ်ပဲလို့ ပြောကောင်းပြောပါလိမ့်မယ်။ တကယ်က နှစ်ဖက်စလုံးဟာ လက်ရှိရပ်တည်ချက်တွေကို လွန်ခဲ့တဲ့ ၁၈နှစ်လောက် ကတည်းကစပြီး အပြောင်းအလဲမရှိရပ်တည်ခဲ့ကြတာပါ။ ဒါကိုပဲ “အော်- ဒီနှစ်လည်းမပြောင်းကြသေးဘူး”လို့ ကောက်ချက်ချပြီး ပြန်သွားရတယ်ဆိုတာမျိုးနဲ့ ဗမာပြည်နိုင်ငံရေးကို စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ပူးကလေးလိုအသုံးချတာ ခံမနေသင့်တော့ပါဘူး။


တခြားနိုင်ငံတွေအဖို့က လက်ရှိစစ်အစိုးရပုံစံကနေ အရပ်သားအစိုးရပုံစံကို တကယ်ပြောင်းမပြောင်းဆိုတာ အရေးမကြီးပါဘူး။ ကြည့်ရတာ သဏ္ဍန်လောက်ပြောင်းရင်တောင် ကျေနပ်မယ်ဆိုတဲ့အစိုးရတွေလည်း မနည်းဘူးထင်ပါတယ်။ အီးယူကအီတလီနိုင်ငံ သံအမတ်က ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့တယ်ဆိုတာကို သတိထားသင့်ပါတယ်။ သူတို့အနေနဲ့ နအဖရဲ့စရိုက်အကျင့်ရော ရပ်တည်ချက်သဘောထားတွေကိုပါ ကောင်းကောင်း သိပါတယ်။ သူတို့ဟာဗမာပြည်သူတွေကို မစာနာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်သူမှကိုယ့်နိုင်ငံအရေးလို သဘောမထားနိုင်ပါဘူး။ ဒါဟာပကတိအခြေအနေပါ။ ဒီကြားထဲကပဲ ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်ကဖြင့် ဗမာပြည်နဲ့ပတ်သက်ပြီး ဘာပြောပြန်ပြီ ဆိုတာတွေကို ရှေ့တန်းတင်ဖော်ထုတ်၊ ပြောဆိုကြ၊ တဆက်ထဲမှာ စိုးရိမ်ကြ၊ အားတက်ကြ၊ မျှော်လင့်ကြ၊ ဗမာပြည်သားတွေကို “ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ပေးပါ”ဆိုတဲ့ ပုံပြင်တွေနဲ့ချွေး သိပ်နေတာ မတရားဘူးလို့ထင်ပါတယ်။
မစ္စတာဂမ်ဘာရီရဲ့ ဒီတခေါက်ခရီးမှာ အားလုံးအာရုံစိုက်သင့် ကိစ္စတရပ်၊ သဘောထား တခုလည်း ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ နအဖကဦးဝင်းတင်-ဦးခင်မောင်ဆွေတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မပေးတာပါပဲ။ ဒါဟာဒီပုဂ္ဂိုလ်နှစ်ယောက် အပေါ်စစ်အစိုးရက အညှိုးအတေးကြီးတယ်ဆိုတာလောက် မဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သွေးခွဲ ဖို့၊ ခြိမ်းခြောက်ဖို့၊ အချိန်မရွေးအရေးယူနိုင်ဖို့ ဖဲတချပ်ချန်ထားတယ်ဆိုတာကို ပြနေတာဖြစ် ပါတယ်။
နောက်အချက်တချက်က နအဖဟာ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးသံတမန် တွေလာတိုင်း ဘယ်မှာမှလူတောမတိုးတဲ့ သူတို့ရဲ့နောက်လိုက်ခွေးတွေကို ပွဲထုတ်ဝါဒါဖြန့်ခွင့် ရနေပါတယ်။ ဒါဟာသူတို့ရဲ့ရွေးကောက်ပွဲအတွက် ကြော်ငြာဖြန့်တာလို့ဆိုနိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း “တွေ့လား”လို့မေးငေါ့ပြနေတာဖြစ်ပါ တယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကိုတော့ နအဖဗိုလ်ချုပ်တွေက မျက်စိထဲတောင်မထားဘူး ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဗမာပြည်အရေးကို နိုင်ငံတကာဇာတ်ခုံပေါ်ရောက်စေတယ်ဆိုတိုင်း အကောင်းချည်း မဟုတ်ဘူးဆိုတာကို ဒီအခြေအနေ တွေက သက်သေပြနေပါတယ်။ ဗမာနိုင်ငံသားတွေရဲ့ သေရေးရှင်ရေးကို သူတို့က စားလို့သောက်လို့ကောင်းရုံ၊ မင်းတိုင်းကျေ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာနအဖအဖို့ကျတော့ ဒါတွေဟာသူတို့ဖြစ်စေချင်တဲ့အချိန် ဆွဲခြင်းဖြစ်လာပြီး အချောင်အမြတ်ရနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နအဖကို ဘယ်သူမှကြိုက်တာတော့အမှန်ပါပဲ။ ဒါပေမဲ့ဒီကိစ္စအတွက် ဘယ်သူမှကိုယ့်အကျိုးစီးပွားကို အထိခိုက်ခံမှာမဟုတ်ပါဘူး။ အလွန်ဆုံး လေသံလေးပစ်လိုက်၊ဒေါ်လာစလေးပစ်လိုက် လောက်ပဲဖြစ်မှာပါ။ ဒါဟာ သူတို့ကို အပြစ်တင်တာမဟုတ်ပါဘူး။ ဒါတွေကို သိုက်စာလုပ်ပြီး ပေးနေတဲ့လူတွေနဲ့ သိုက်စာလိုဖတ်ရှု မျှော်မှန်းနေကြသူတွေကိုသာ မဖြစ်သင့်ကြောင်းပြောလို တာဖြစ်ပါတယ်။
တကယ်က ဒီနေ့နိုင်ငံတကာ့အခြေအနေမှာ ကုလသမဂ္ဂဟာ သိပ်စွမ်းဆောင်နိုင် တာမဟုတ်ပါဘူး။ ကမ္ဘာ့နေရာအနှံ့ အပြားမှာ ကုလသမဂ္ဂကဝင်စေ့စပ်တယ်ဆိုတာတွေဟာ တိုးလိုတန်းလန်းချည်းဖြစ်ပါတယ်။ ကောင်းတဲ့အဖြေထွက်ပြီး ပြီးပြတ် သွားတယ်ဆိုတာ ၁ဝ% တောင်မရှိလောက်ပါဘူး။ ပါလက်စတိုင်း၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ပြည်သူတွေဟာအသက်ကို ဖက်နဲ့ထုပ်ပြီး ဒုက္ခပင်လယ်ထဲမှာ မျောနေရှာကြတာ ကြာပဲကြာလှပါပကော။ ဒီဂျာအေးသူ့ အမေရိုက်ဇာတ်လမ်းတွေထဲမှာဗမာပြည်အရေးကို ထည့်မထားသင့်တော့ပါဘူး။ ဗမာပြည်ပြည် သူတွေအနေနဲ့ လော်ဘီတွေကို မျှော်ရည်နေမယ့်အစား တော်ပြီလို့ပြောကြရမယ့် အချိန်ကို ရောက်လာပြီထင်ပါတယ်။

ရဲဘော်ဖိုးသံချောင်း


အပြည့်အစုံဖတ်ချင်ရင်>>>

Saturday, January 31, 2009

မိုးမစိုအောင်ကာကွယ်ခြင်း



မိုးတိမ်တွေဖြုတ်ဖြုတ်ချလိုက်တဲ့
လှတပတ မဟုတ်ရင်တောင်
ရုပ်သိတ်မဆိုးလှတဲ့ နှင်းဆီရောင်အပျိုမလေးအလား
ရီရီယိမ်းနွှဲနေတဲ့ မိုးစက်လေးတို့ရေ…။
ဟော့ဒီ့ပုခုံးထက်မှာ
(ဆမ်ဘာ) တေးသွားလေအလား
မြူးကြွ..လှုပ်ရှား
ကခုန်နေခဲ့ပါပေါ့လား..။
အရောင်တွေမရှိတဲ့အရပ်မှာ
တခုခုကိုငေး..နေမိတဲ့သူ
ပေါင်မုန့်မကြိုက်တဲ့သူ
မီးရောင်တွေအောက်မှာ
လျှောက်သွားနေတတ်တဲ့သူ..။
လေတချက်အဝှေ့မှာ
လူကယိုင်နဲ့သွားပေမဲ့
သူ့ကဗျာကိုတော့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်လေရဲ့
လွန်ခဲ့တဲ့ အနှစ်(၂၀)ကတည်းက
အဆုံးမသတ်နိုင်ခဲ့သေးတဲ့
သူ့ကဗျာဟာ…။
ပစ္စိဖိတ်ကမ်းခြေမှာရွာတဲ့..မိုး
အင်းလေးမှာရွာတဲ့..မိုး
ဘင်္ဂလားပင်လယ်အော်က..မိုး
ချစ်သူရဲ့..မိုး
အို…
ဒီလူ့ရင်ကွဲအောင်သာရွာပါမိုးရယ်
ငါ့ကဗျာကိုတော့ လုံအောင်ကာမိုးထားပါရစေတော့…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, January 28, 2009

တိမ်ကိုစီး၍ သစ္စာရှာသူ...ညိုထက်(လမ်းသစ်ဦး)

ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစား ကောင်းသည့်နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအ ခေါ်အရ “ရန်ဝင်။ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ် နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူး အောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင် တခုကိုထမ်းထားသည်၊ထိုမှတ်တိုင်တွင်ရေးထားသည်က…

ရဲဘော်ညိုထွန်းအောင်
အသက်(၃၈)နှစ်
၃၀–၉–၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသော ကြောင့် ရန်သူ့စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရ တော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့် ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြ သည်၊ရွာသားတယောက်ရှေ့တက်လာသည်၊သူကနေရာသိသူ။

သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကို တိုး။တောင်ကိုဖြတ်၊ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ရောက်ပြီ၊သူရဲကောင်း၊တော်လှန်တဲ့သူရဲကောင်း ၀ိဥာာဉ်ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခန်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခန်းနား၊ အမြင်မခန်း နား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ် မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့်


ပေါက်တူးဖြင့် မြေပုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်ကြသည်၊ ထို့နောက် မှတ်တိုင်ကို ခေါင်းရင်းဘတ်နေရာတွင် အသေအချာစိုက်ထူပေးသည်၊ ၀ါးခုတ်ပြီး မြေပုံကိုကာရန်ပေး လိုက်ကြသည်၊ တိရိစာန်များ မဖြတ်ဆီးမိစေရန်၊ စည်းရိုးအပြင်မှနေပြီး ရေဆင်းကောင်းအောင် မြောင်းပေါက်ပေးလိုက်ကြသည်၊ ဒေသခံရွာသားများကလည်း သူ့မြေပုံပြုပြင်ရာတွင် စိတ်အား ထက်သန်စွာ လုပ်ပေးခဲ့သည်၊ မှန်သည်၊ သူသည် လူထုအကျိုးအတွက် ရန်သူ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုကို ရင်စီးခံခဲ့သူ၊ နီးစပ်ရာ တောပန်းများကိုဆွတ်ခူးပြီး မဟာသူရဲကောင်း. မြေပုံပေါ်မှာ ခင်းဖြန့်ပေးကြသည်၊လေးပင်သော အလေးပြုရန် အမိန့်ပေး သံ၊ လေးပင်သော လက်တင်အလေးပြု လှုပ်ရှားမှုများ၊ လေးပင်သော သက်ပြင်း ချသံများ။

(၂)
သူနှင့် ကျနော် စတင်တွေ့ဆုံဖြစ်ကြသည်က ဆရာဒဂုန်တာရာ ကဗျာဖြင့် ပန်းချီရေးခဲ့သည့် မဲနယ်တောင်မှာ၊ ထိုအချိန်က မဲနယ်တောင်တွင် ကျောင်းသားတပ်မတော်က အလုပ်အဖွဲ့တဖွဲ့ ရှိနေသည်၊ ထိုအထဲတွင် သူလည်းပါသည်၊ မကြာသေးခင်က ဖြစ်ခဲ့သည့် ထိတွေ့မှုတွင် ဒဏ်ရာရထားသော ရဲဘော် (၂)ဦးလည်း ရှိနေသည်၊ ရဲဘော်အောင်ဒင်နှင့် ရဲဘော်မိုးကျော်၊ ကျနော်တို့ရဲ့ တောအ၀င်ခရီးကို လှိုက်လှဲမှုဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်၊ သူထိုအချိန်က တပ်စိတ်မှုးတာဝန်နှင့်အတူ ဆက်သွယ်ရေးတာဝန်ကိုပါ တွဲယူနေသည့် အချိန်၊ ကျနော်တို့ ရောက်သည့်နေ့မှာပင် နောက်တန်းသို့ သတင်းပို့သည်၊“ညီနောင်အားသစ် ကျောင်းသားနှစ်ဦး ရောက်ရှိ”ထိုအချိန်ကတည်းက စတင်ခဲ့သော သူနှင့် ကျနော့်ကြားက ဆက်ဆံရေးတွင် အဖုအထစ်မရှိခဲ့၊ ကျနော်တို့ကြားတွင် ရိုးရှင်းသော တကြောင်းသွားဆက်ဆံရေးသာ ရှိခဲ့သည်၊ သူနှင့် ကျနော်က ညီရင်းအကိုတွေလို နေခဲ့ကြသူတွေ၊ ကျနော်က အင်မတန် အမေးအမြန်း ထူသည်၊ မသိတာ။ မရှင်းတာ။ မကြေညက်တာရှိလျင် နှေးနေ။ တွေနေတာတွေမရှိ၊ ချက်ချင်း ပင် တဲ့တိုးမေးလေ့ ရှိသည်၊ ထို့ကြောင့်ပင် သူက ကျနော့်ကို “မောင်လူမွှေး”ဟု ခေါ်ခဲ့သည်၊ သူကတော့ သူ့ကိုယ်သူ “မောင်လူအေး” ယခုတော့ ကျနော့်ရဲ့ မောင်လူအေးလည်း မရှိတော့ပြီ၊ ကျနော်တွင်လည်း မသိတာ။ မရှင်းတာ။ မကြေညတ်တာရှိလျင် ယခင်ကလို တဲ့တိုးမေးတက်တဲ့ အလေ့က ပျောက်သလောက်ပင်၊ နိုင်ငံရေးလောကဓံတွေကြားမှာ “ဗေဒါပျံ အံခဲ”ခဲ့ရတာတွေက တနင့်တပိုးရှိခဲ့ပြီ မဟုတ်လား၊သူက လူချစ်။ လူခင်အင်မတန် များသည့်လူဖြစ်သည်၊ သူရဲ့ရိုးရှင်းပြီး မာန်မာနကင်းစင်သည့်ပုံရိပ်နှင့် စိတ်ရှည်သည်းခံတက် သည့် အရိပ်သြဇာတို့က ကျနော်တို့အပေါ် လွမ်းမိုးခဲ့ပုံရသည်၊ တပ်ရင်းတွင် အဆိုးဆုံး ရဲဘော်များပင် သူ့တပ်စိတ်ရောက်လျင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလေ့ရှိသည်၊ ရဲဘော်များ က သူ့ကိုကြောက်၍မဟုတ်၊ သူက အာဏာပြ၍ ရဲဘော်ထိမ်းသည့်နည်းကို ဘယ်တော့မှ မသုံး၊ စိတ်ရှည်လက်ရှည် ပညာပေးလေ့ရှိသည်၊သူ့မျက်နှာက သုန်သုန် မှုန်မှုန် ရှူတည်တည် မရှိ၊ အင်မတန်လည်း စိတ်ဆိုး စိတ်တိုခဲသည့်လူ၊ စံပြရဲဘော်ဖြစ်ရေးအတွက် ကိုယ့်ကိုယ်ကို တောင်းဆိုခဲ့သလို။အခြားရဲဘော်များ ကိုလည်းတောင်း ဆိုသူ၊ အားပေးကူညီထိမ်းကြောင်းပေးလေ့ရှိသည့်သူ၊အနစ်နာခံရေးမူကို လက်တွေ့ကျင့်သုံးသူ၊ ဝေဖန်ရေးလည်း ညင်သာသူ၊သူ အရက်သောက်သည်ကို ကျနော်တကြိမ်သာ တွေ့ဖူးသည်၊ ထိုတကြိမ်သည်လည်း မှတ်မှတ်ရရ၊ ၁၉၉၄၊ အတာ သင်္ကြန်ပွဲ၊ တောခိုပြီးကတည်းက သင်္ကြန်ကို နောင်ကောင်ကီမှာကြလိုက်။ ပွန်ချောင်းမှာ ကြလိုက်။ လွယ်ဖီမှာ ကြလိုက်။ မဲနယ်တောင်ခြေမှာ ကြလိုက်၊ ရန်သူနှင့် စစ်ကစား နေရသည့် နေရာများတွင်သာ ဆုံဖြစ်ကြသည်၊ လွတ်လပ်သော မိမိနယ်မြေ နောက်တန်း စခန်းမှာ ညကံရသည်ကွှအကြိမ် ပထမ၊ ဖြစ်ချင်တော့ ဗဟိုဒေသ၊ ပွဲလည်းရှိနေသည်၊ ပြဇာတ်။ သံချပ်။ သီချင်းသီဆိုမှု။ ယိမ်းအက...စသည်၊ ထိုပွဲတွင် ရဲဘော်များသုံးစွဲရန် တပ်ရင်းမှူးက မုန့်ဖိုးပေးသည်၊ တယောက် ၅ ဘတ်၊ ၅ ဘတ်ရသည်ကိုပင် ကျနော်တို့မှာ ပျော်မဆုံး၊ ညနေ ရောက်တော့ အလျှိုလျှို၊ သောက်တက်သူများရော။ မသောက်တက်သူများပါ သံလွင်ကမ်း ဘေးက ကျောက်ဆောင်တွေပေါ်မှာ၊ ထိုအချိန်က ကျနော်ရောသူပါ မသောက်သူ များစာရင်းဝင်၊ ကျနော်တို့ မသောက်တက်သူများချည်း ၀ိုင်းဖွဲ့သည်၊ ပြီးတော့ သင်္ကြန်ပွဲသို့ ချီတတ်ကြသည်၊ ထို့နောက် ကျနော်တို့ ကကြသည်၊ ကွေးနေအောင် ကကြသည်၊ ကကြရင်း ပို၍မူးလာပြီး နှစ်ယောက်စလုံး ထိုးအန်လိုက်ကြတော့သည်၊ ပြီးတော့ ချာချာလည်၊ ရဲဘော် များကတွေ့ပြီး ၀ိုင်းဝန်းပြုစုကြ၍သာ တော်တော့သည်၊ နောက်နေ့မှသိရတာက ကျနော်တို့ နှစ်ယောက် “We are the World” ကို ကဗျာလွတ်ဆိုရင်း ထိုးအန်သွားကြတာဆိုပဲ။


(၃)
သူ့ကို ရဲဘော်များက “အမေကြည်”ဟု ချစ်စနိုး ခေါ်ကြသည်၊ ဟုတ်လည်း ဟုတ်သည်၊ သူက လှုပ်ရှားပဲဖြစ်ဖြစ်။ အထိုင်ပဲဖြစ်ဖြစ် အိပ်ရာစောစောထပြီး တပ်စစ်ဆေးမှုလုပ်သည်၊ ပြီးလျင် တပ်စိတ် ရဲဘော်များကို လိုက်နှိုးပြီး stand by အနေအထားပြင်ခိုင်းသည်၊ သူနှင့် ရဲဘော် တချို့က မီးမွှေးပြီး ထမင်းချက်ဖို့ပြင်တော့သည်၊ ပါးစပ်ကြီးဟပြီး ထမင်းကို စိတ်ဝင်တ စားချက်နေသည့် သူပုံက ရယ်လည်း ရယ်ချင်စရာ၊ ပြီး...သူ့ကို ၀ိုင်းကူချက်ပြုပ်နေ သူများထဲတွင် ကျနော်တို့လို ရဲဘော်ငယ်များပါလာလျင် စစ်ရေး။ နိုင်ငံရေး ဆုံးမမှုများကို ပြောနေလိုက်သေးသည်၊ ထိုမြင်ကွင်းကို တွေ့ရဖန်များလာသောအခါ ထိုအမည်တွင်သွား တော့သည်၊

သူ့အမည်ရင်းက “ကိုကြည်ဆန်း”၊ ပြည်မြို့သား၊ ငယ်စဉ်က စစ်တပ်အ၀န်းအ၀ိုင်းထဲတွင် နေခဲ့ဖူးသည်၊ မှော်ဘီ တပ်ဝင်းထဲတွင်၊ သူ့အဖေက မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်း၊ မဆလခေတ်တွင် နှစ်တချို့သာတာဝန်ယူခဲ့ပြီး နှုတ်ထွက်ကာ ပြည်မှာအခြေ ချခဲ့သည်၊ မဆလ အညှိုးသိုခံရသူ စစ်အရာရှိ၊ သူ၏ အကိုသည်လည်း ရှစ်လေးလုံးအရေး တော်ပုံ မတိုင်မီလေးမှာတင် မဆလမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှ သတင်းအစအနမရ၊ နောက်နှစ်တချို့ကြာမှ သိရသည်က ထောင်အနှစ် ၂၀ ချလိုက်သည်ဟူ၍။ ထပ်သိရသည်က သူတို့၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုပင် စစ်အုပ်စု နှောက်ယှက်မှုကြောင့် အခြေရိုင်နေရ သောအနေအထား၊ လူထုအတွင်းမှာကတော့ သူရဲကောင်းမိသားစုဝင်များ၊သူက လူ့ဘောင် သစ် ဒီမိုကရက်တစ် ပါတီဝင်၊ ပြည်မြို့ကိုရောက်ဖူးသောလူ့ဘောင်သစ်ပါတီဝင်တိုင်း သူ့အိမ် တွင် စားဖူး။ သောက်ဖူး။ နေဖူးကြသူချည်းပင်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခေါင်းအေးအေးဖြင့် ပါဝင်နိုင်ခဲ့သူ၊ ရှစ်လေးလုံး တိုက်ပွဲ။ စက်တင်ဘာ သဘောတူညီချက်။ ၁၉၈၉ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အာဇာနည်နေ့ လွမ်းသူပန်းခွေချပွဲ။ ဒီချုပ် – တစည စီးချင်းထိုးမူ။ မေ – ၉၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ၂/၉၀ ဖီဆန်ရေး။ သာဓုကန်အစည်းအဝေး။ လက်နက်ကိုင် တော်လှန်ရေး၊ပြည်မြို့သားတို့ထုံးစံအတိုင်း ခင်ဝမ်း။ မောင်ချောနွယ်နှင့် ကိုဆွေတို့အတွက် အလွန်ဂုဏ်ယူတက်ပြီး ပြည်မြို့၏ ဂုဏ်ထူးဆောင်တွေအဖြစ် ပြော လေ့ရှိသူ၊ ယခုတော့ သူကိုယ်တိုင်သည်ပင် ပြည်မြို့ရဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိမသွားခဲ့သူ။ အနုပညာကိုမြတ်နိုးသူ။ ကိုယ်တိုင်လည်း ရံခါကဗျာဖန်တီးတက်ပြီး တပ်ရင်းမှထုတ်ဝေသော ကဗျာစာအုပ်များတွင် ရေးသားခဲ့သူ။ တော်လှန်ရေးကို ထွက်ခါနီး စက်မှုကျေးလတ်တွင် ဆရာဒဂုန်တာရာအား ၀င်ရောက်ဂါရ၀ပြုခွင့်ရခဲ့သည်ကို တသသ ပြောတက်သူ။

(၄)
ကျနော်တို့တပ်ဦး နုစဉ်ဘ၀က ကိစ္စလေးတခုရှိခဲ့ဖူးသည်၊ ၁၉၈၈ ကတည်းက လက်နက်ကိုင် တော်လှန်ရေးကို ရောက်နေသူများနှင့် နိုင်ငံရေးပါတီ (လဘသ၊ ဗကသ...စသည်)မှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာသူများကြား စစ်ရေးသက်သက်။ နိုင်ငံရေး သက်သက်ဟူ၍ အချင်းပွားခဲ့ကြသည့် ကာလတခု ရှိခဲ့ဖူးသည်၊ ထိုကာလကို ကျော်လွား ရန်ကြိုးစားသည့် ဖြစ်စဉ်တွင် သူ၏ တရားပြည့်မှုနှင့် နိုင်ငံရေး စိတ်ရှည်မှုများက တပ်ရင်း အတွင်း အရေးပါအရာရောက်ခဲ့သည်၊သူက ကျနော်တို့တပ်ရင်းရှိ နိုင်ငံရေးပါတီမှ လာသူများထဲတွင် ထူးခြားစွာ စစ်ရေးကိုစိတ်ဝင်တစားရှိသူ။ တပ်ကိုင်ကောင်းသူအဖြစ် တပ်ရင်းက အသိအမှတ်ပြုကြသည်၊ ထို့ကြောင့်လည်းပဲ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ၀င်ရောက်ကြသည့်အခါတွင် သူက စစ်သင်တန်းမှူးပင်ဖြစ်နေပြီ၊ ထို့ကြောင့် သူက ကျနော်၏ ရဲဘော် ရဲဘက်သာလျင်မက ဆရာလည်း ဖြစ်သည်၊ သူ သင်တန်းပေးခဲ့သည်က တပ်ရင်းတွင်း သင်တန်းသာလျင်မဟုတ်၊ လ ပ ဒ တ(လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှပေးသော ကေဒါ သင်တန်းတွင်လည်း စစ်သင်တန်းမှူး အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊သူက ထင်းခွေ၊ ရေခပ်၊ ထမင်းချက်။ ရိက္ခာရှာသည့် အသေး စိတ်လုပ်ငန်းမှသည် ပေါ်လစီရေးရာဆွေးနွေးမှုအထိ စိတ်အားထက်သန်စွာ လုပ်လေ့ရှိသည်၊ ကျနော်တို့တပ်များ လှုပ်ရှားစစ်ထွက်လျင် ကိုယ့်ရက္ခာ ကိုယ်သယ်ကြ ရသည်၊ အခြေခံ ရှိရမဲ့အရာများဖြစ်သည့် ဆန်။ ဆီ။ ဆား။ ဟင်းချိုမှုန့်...စသည့်၊ ထိုအထဲတွင် အလေးဆုံးကဆန်၊ ကျနော်တို့ အီကွေးမန့်ခါးပတ်တွင် လုံချည်ကို ဖြတ်ချုပ်ထားသော ဆန်ကြိုးရှိသည်၊ ခရီးဝေးလျင် ဝေးသလို ၂၄ ဗူးအထိလွယ်ရသည်၊ စစ်ကြောင်းနားသည့် နေရာရောက်လျင် ထိုဆန်ကြိုးထဲမှ ဆန်ယူပြီးချက်သည်၊ ခရီးကဝေး။ တောင်တွေကို တတ်ရနှင့် ဆန်ကြိုးက လေးသောအခါ အတော်မလွယ်သည့်ကိစ္စ၊ ထိုအခြေအနေမျိုးတွင် သူက အခြားရဲဘော်များ၏ ဆန်ကို အရင်ယူသည်၊ နောက်ဆုံးမှ သူ့ဆန်ကြိုးကို အသုံးပြုသည်၊ ထိုသို့ အသေးစိတ်မှ စပြီး စည်းရုံးရေးမူကို ကျင့်သုံးသည့်သူ၊၁၉၉၃ - ရလလဖ ၏နယ်မြေတွင် မကဒတ၏ နိုင်ငံရေးလမ်းစဉ်မိတ်ဆက်နှင့် လူထုစည်းရုံးရေး ခရီးအဖြစ် ပအို့ဝ် ကျေးရွာများကို လှည့်လည်ကြစဉ်ကလည်း တပ်ရင်းမှချမှတ်ထားသော လူထုအား အကူအညီပေးရေးလုပ်ဟန်ကို မောပန်းနေသည့်ကြားမှ ရဲဘော်တိုင်းနှင့် ရင်ဘောင်တန်းလုပ်နိုင်ရန် ကြိုးစားခဲ့သည်၊ လုပ်လည်း လုပ်နိုင်ခဲ့သည်၊ ထိုသို့ဖြင့် ကျနော်တို့အကြား နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်၊သူနှင့် ကျနော် နောက်ဆုံးသွား ခဲ့ရသည့်စစ်ကြောင်းခရီးက ဗဟိုလုံခြုံရေးတိုက်ကင်းထွက်သည့် ခရီးပင်၊ သိပ်မကြာ သူနှင့် ရဲဘော်ဆေး အလယ်ပိုင်းဒေသ အခြေခံဒေသထိုးဖေါက်ရေးတပ်ဖွဲနှင့်အတူ လိုက်ပါရန် တာဝန်ပေးအပ်ခံရသည်။

(၅)
အဖြစ်အပျက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဇယ်ဆက်နေသည်၊ မာနယ်ပလော ကျသည်၊ ကျနော်တို့ဗဟိုလည်း ဆုတ်ပေးလိုက်ရသည်၊ ကျနော်တို့ရဲ့ ပင်မတပ်ရင်းအင်အား အများစုက KNPP (ကရင်နီပြည် တိုးတတ်ရေးပါတီ) ဒေသဘက်ကို ပြောင်းရွှေ့သွားရပြီ၊ ကိုတိုက်မောင်းနှင့် အပါအ၀င်ကျနော်တို့ တပ်စိတ်တစိတ်ကျန်ခဲ့သည်၊ အလယ်ပိုင်းဒေသကို ထွက်ခွာရန်၊ ကျနော်တို့မသွားဖြစ်၊ ကိုတိုက်မောင်း ကွယ်လွန်သည်၊ (၂၆–၄-၉၅) နှမြောတသမှုတွေမှအနည်မထိုင်သေး အလယ်ပိုင်းအလုပ်အဖွဲမှ ကြေးနန်းစာ ရောက်လာည်၊ “ရဲဘော် ကြည်ဆန်းအား ရန်သူမှ လက်ရဖမ်းမိ” (၂၈ - ၉ – ၉၅) နှစ်ရက်သာကြာသည်၊ နောက်ထပ်ကြေးနန်း၊ “ရဲဘော်ကြည်ဆန်း ယနေ့ပင် ကျဆုံး” (၃၀ – ၉–၉၅) သွားပြီ၊ ကျနော့်အချစ်တွေ အဆုပ်လိုက်ကြွေ၊ လွတ်မြောက်ရေးဗဟို။ တော်လှန် ရေးဆုံရပ်။ တော်လှန်စစ်ရဲ့ ကွပ်ကဲရေးဌာန။ မိမိဗဟို။ မိမိတပ်ရင်း။ လေးစားအားထားရသည့် တပ်မှုး။ ညီရင်းအကိုလို ချစ်ခဲ့ရသော နောင်တော်ရဲဘော်ကြီး၊ကျနော့်ရဲဘော်ကြီး ရန်သူ့လက် အတွင်း အသက်ရှင်လျက်ဆင်းသက်ခဲ့ရသည့် နှစ်ရက်တာခရီး၊ ဖြစ်ကာစမှာတော့ သိုးသိုး သန့်သန့်၊ စက်လိုင်းပေါ်မှ စကားများ၊ သိပ်တော့ဖြင့် ရုပ်လုံးမကြွ၊ မပီပြင်သေး၊နောက်တော့ အလယ်ပိုင်းအလုပ်အဖွဲ့မှ ဗဟိုသို့ပြန်လာကြသူများ ရောက်လာသည်၊ ကျနော် ကိုယ်တိုင်လဲ ထိုဒေသကိုရောက်သွားဖြစ်ခဲ့သည်၊ ပီပြင်လာပြီ၊ ရုပ်လုံးကြွလာပြီ၊ ကြားရသည့်သတင်းများက ကြက်သီးပင်ထမိသည်။

“သူရဲကောင်းဆန်ခဲ့တယ်” “တော်လှန်ရေးသမားပီသတယ်” “ဒေသခံလူထုအားလုံးက စုပ်တသပ်သပ်နဲ့ ချီးကျူးဂုဏ်ပြုကြတယ်” “ရန်သူတွေ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရတယ်” သူနဲ့ပတ်သက်တဲ့ အနှစ်ချုပ်၊ ကြည့်စမ်း၊ တော်လှန်တဲ့သူရဲကောင်းတယောက် ကိုယ်အနီးအနားမှာ ကိုယ်နဲ့အတူတူရှိနေခဲ့တာ၊ ဂုဏ်ရောင်ပြောင်ခဲ့ပါတယ် ရဲဘော်ကြီး၊
ရန်သူက သူ့ကို ကျွဲကျအောက်ရွာနှင် လှည်းစခန်းရွာအကြားတွင် ဖမ်းမိသွားခြင်းဖြစ်သည်၊ သူနဲ့အတူ ရဲဘော်ရဲထိုက် (အဘ)လည်းပါသည်၊ ရဲဘော် ရဲထိုက်ကထိုနေရာတွင်ပင် ကျဆုံးသွားသည်၊ သူ့ကိုတော့ အရှင်မိသွားသည်၊ ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီး တုတ်နှောင်ခေါ်ဆောင်သွားကြသည်၊ ပြောခဲ့ပြီးသလို ထိုဒေသက ရန်ဝင်။ ငါဝင်ဒေသ၊ တဖက်နှင့် တဖက် အပြီးတိုင်ဖယ်ရှားရေးအတွက် လူထုအားကို ထူထောင်ရသည်၊ တော်လှန်ရေးအပေါ် ထောက်ခံသည့် လူထုကို အခိုင်အမာအင်အားစုဖြစ်အောင် တည်ဆောက်ရသည်၊ ထိုကိစ္စကို အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာနေသည့် သူအပါအ၀င် အလုပ်အဖွဲ့များက အသိဆုံး၊သူ့ကို ရန်သူက အရှင်မိသွားတော့ အကြီးအကျယ် စစ်ဆေးတော့သည်၊ အတွင်းခံဘောင်းဘီတိုကလွဲပြီး အ၀တ်အားလုံးကို ချွတ်သည်၊ ကြိုးနဲ့တုတ်ပြီး ထိုးကြိတ်ကန်ကျောက်ကြသည်၊ ခါးပတ်နှင့် ရိုက်သည်၊ သေနက်ဒင်နှင့် ထုကြပြီး လူထုနှင့် တော်လှန်ရေးကို သစ္စာဖေါက်အောင်လုပ်ကြသည်၊ မရ၊ ရွာစဉ်လှည့်ပြီး ရွာထဲက တော်လှန်ရေးသစ္စာခံ လူထုအမာခံများကို ဖေါ်ထုတ်ခိုင်းသည်၊ သူလုံးဝမပြော၊ သူ့ကို ဓါးဖြင့်မွှမ်းသည်ဟုပင်သိရသည်၊ အံကြိတ်ခံခဲ့သည်၊ ရန်သူကို သူပြောတဲ့စကားတွေက “မသိဘူး” “မရှိဘူး” “ငါကိုသတ် ဘာမှမပြောဘူး” လူထုနှင့် တော်လှန်ရေးသစ္စာကို အသက်ထက်တန်ဖိုးထားခဲ့သည်၊ ဖြစ်သမျှကိစ္စမှန်သမျှကို သူတဦးတည်း ခါးစီးခံခဲ့သည်၊ တော်လှန်သော တာဝန်ခံစိတ်ဓါတ်။ မှန်ကန်သော လူထုအတွေးအခေါ်။ နောက်ဆုံး အချိန်အထိ လူထုကို အလုပ်အကြွေးပြုရေး လမ်းစဉ်၊ကြည့်နေကြရသည့် လူထုထဲမှာ သူ့ရဲ့မိတ်ဆွေတွေရှိနေသည်၊ သူလည်းသိသည်၊ သို့သော် ဘယ်လိုပင်နှိပ်စက်ပါစေ သူတို့ကို ယောင်လို့တောင်မှ လှည့်မကြည့်၊ တကိုယ်လုံး ယောင်ကိုင်း။ ညိုမည်း။ သွေးအလိမ်းလိမ်း၊ မြင်ရသူတိုင်း နှလုံးသည်းပွတ် ဆွဲယူလွှင့်ပစ်ခံရသည့်ပမာ နာကျင်ကြေမွ၊ သူကို မြင်မိသူတိုင်း ငိုမိကြ၊ လူစိတ်မရှိတဲ့ စစ်ဝါဒီတွေကို အသည်းနာမိကြ၊ “တော်တော့်ကို လူမဆန်အောင် နှိပ်စက်လိုက်ကြတာဗျာ။ အဲဒီကောင်တွေ လူမှဟုတ်သေးရဲ့လားလို့တောင် စဉ်းစားကြည့် မိတယ်၊ ကျနော်ဆိုရင် သူ့ကိုကြည့်ရင်း တော်တော်စိတ်ထိခိုက်လာလို့ ဖေါ်ချင်လည်းဖေါ် ပါစေဆိုပြီး သူနဲ့တည့်တည့်မှာသွားရပ်နေတာ၊ ကျနော့်ကိုလည်း တွေ့တယ်၊ လုံးဝကို ဖေါ်မသွားဘူးဗျာ၊ ဒီလောက်သစ္စာရှိပြီး သတ္တိရှိတဲ့လူမျိုး လုံးဝမတွေ့ဖူးသေးဘူး၊” ဟူ၍ သူ့မိတ်ဆွေတဦးက ကျနော့်ကို ပြောပြသည်၊အဆုံးတွင်တော့ ရန်သူလက်လျော့သွားရသည်၊ လူထုကိုသစ္စာခံပြီး ရန်သူကို ထီမထင်ခဲ့သူ။ သံဓိဌာန် ပြတ်သားသူ။ အခက်အခဲကို စိန်ခေါ်ရဲသူ။ အသက်စွန့်ရန် ၀န်မလေးသူကို ရန်သူ အရှုံးပေးလိုက်ရသည်၊ သေမိန့်၊ သေခြင်းကိုတောင်းခံနေသူအတွက် သေမိန့်သည် တုန်လှုပ်စရာမဟုတ်၊ ဆုလာဒ်၊ ရန်သူ တောင်းဆိုသည့် သတင်းကိုသူကမပေး၊ သူတောင်းဆိုသည့် သေမိန့်ကိုသာ ရန်သူက ပေးလိုက်ရသည်။
ရန်သူက သူ့ကို လက်ခုတ်ထဲက ရေလို့ထင်ခဲ့သည်၊ ထိုထင်မြင်ချက်ကို သူ၏ ကိုယ်ကျိုး စွန့်တိုက်ပွဲဝင်ရဲသည့် သတ္တိက တော်လှန်ပြောင်းလဲပြစ်နိုင်ခဲ့သည်၊ ရန်သူတို့ ကြောက်ဒူး တုန်ခဲ့ရပြီ၊ နောက်ဆက်တွဲအဖြစ် သူ့ကို တာဝန်ခံနှိပ်စက်ခဲ့သူ တပ်ကြပ်ကြီးမှာ စိတ်ချောက် ခြားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည့်သတင်းက ဖုံးမရအောင် ပွင့်ထွက်လာသည်၊

(၆)
ရဲဘော် ညိုထွန်းအောင်က ရန်သူ၏ လူမဆန်သော ရက်စက်မှုကြားမှ ယုံကြည်ချက်ကို အလံထူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီ၊ သို့သော် တန်ဖိုးရှိသော...၊ သူ၏တန်ဖိုးနှင့် ဂုဏ်ပုဒ်တွေကို ပြန်ပြောင်းတသ ဂုဏ်ယူမိဖြစ်ရင်းမှ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာတပုဒ်က ကျနော့်ရင်ထဲတလှပ်လှပ်တိုးဝင်လာတော့သည်။

“တိမ်ကိုစီး၍”
တောင်တန်းတွေဆီကနေ
ဧရာဝတီနှင့်ချင်းတွင်းကို
လွမ်းမောရင်း
ဆရာကြည်အောင်က
သစ္စာရှာဖို့“ငါ”မြင်းစီးတယ်တဲ့၊

ကျနော်တို့လေ
သေနတ်ထမ်း၍
ရှမ်းတောင်တန်းရဲ့
အမြင့်ဆုံးတနေရာမှာ
သစ္စာရှာဖို့
တိမ်စီးနေတယ်။

ဟုတ်ပါတယ် ကိုညိုထွန်းအောင်၊ ရဲဘော်ကြီးဟာ မြင့်မြတ်စွာတိမ်ကိုစီးပြီး သစ္စာခရီးထွက် နိုင်ခဲ့ပါပြီ၊ ဒါဟာ သစ္စာတရားက တိမ်သားတိမ်ဆိုင်တွေအဖြစ် ပြောင်းလဲပြီး ရဲဘော်ကြီးကို သူရဲကောင်းဗိမ္မာန်ဆီ ခရီးနှင်နေတာပါ၊ အဖိနှိပ်ခံတို့ရဲ့ သူရဲကောင်းမှတ်တမ်းမှာ ရဲဘော်ကြီး ဟာ ပြန်တမ်းဝင်ခဲ့ပါပြီ၊ အဆိုးဆုံးအခြေအနေမှာပင် တော်လှန်ရေးကို သစ္စာခံ။ လူထုကို အလုပ်ကြွေးပြု။ ရန်သူအပေါ်ပြတ်သား ဆန့်ကျင်တော်လှန်ရဲတဲ့စိတ်ဓါတ်၊ အဲဒီစိတ်ဓါတ်ဟာ ဦးညွှတ်အပ်တဲ့“ညိုထွန်းအောင်စိတ်ဓါတ်”……။

ညိုထက် (လမ်းသစ်ဦး)


အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, January 22, 2009

ဂီတချစ်သူများအတွက်...ဂီတ အိမ်လွမ်းသူ (ဂင်ကြီး)

ကျနော့်ဝါသနာကိုယ်က ဂီတကို ဝါသနာထုံလေတော့ ဘလော့လုပ်တဲ့အခါမှာလဲ တခါတလေ ကိုယ်တီးနေကြ Classical သီချင်းလေးတွေ တီးပြီး တင်ပါတယ် ဝါသနာတူတွေ ရောင်းရင်း တွေ ဂီတချစ်သူတွေ ခံစားနိုင်အောင်ပါ။ ကျနော်မှာရှိတဲ့ Acoustic Guitar လေးတွေနဲ့ တီးပြီး ဘာစက်အကူအညီမှမပါပဲ ရှိတဲ့ ကင်မရာလေးနဲ့ ရိုက်တင်နေတာပါပဲဗျာ။
ဒါပေမဲ့ မိတ်ဆွေတွေက အသံလေးနဲ့ပါ တင်ပါလို့ပြောလာကြတယ်လေ။ ခက်တာက ကျနော် က ဂစ်တာနည်နည်းတီးတတ်တော့ သီချင်းလည်း ဂီတနဲ့ အံဝင်ရုံလောက်တော့ ဆိုတတ် ပါတယ် ခက်တာက အသံကမကောင်းပါဘူး၊ပစ္စည်းကမပြည့်စုံပါဘူး ဒီကြားထဲကပဲ ကိုအောင် သာငယ်၊ မပန်ဒိုရာ၊ ကမာနီလာ၊ နော်မန်၊ ယောနသံဇင်ယော်၊ စသည့်စသည်ဖြင့် မိတ်ဆွေ တွေကပြောလို့ အိမ်လွမ်းသူဆိုတဲ့သီချင်းလေးကို ဆိုတင်လိုက်တယ် ဘာအသံဖမ်းစက်မှမပါပဲ(ရှိလဲမရှိပါဘူး) တင်လိုက်ပါတယ်။
ညီမ မဆုမွန်ကလဲတောင်းထားတာ သူ့ညီမလေးတွေနဲ့ ဆိုပေးပါဆိုတော့ ကျနော့်သမီး နှစ်ယောက်ရဲ့ Harmonica လေးတွေနဲ့ဆိုဖြစ်ပါတယ်ဗျာ မဟေသီက ဗွီဒီယို ရိုက်ပေးတယ် True live လေးပေါ့ဗျာ ကော်ပီသီချင်းလေးပါ ကိုဝိုင်ဝိုင်းဆိုထားတာပါ။ မူရင်းသီချင်းလေးက ကြားဘူးနေပေမဲ့ သီချင်းနံမည် မမှတ်မိတော့ပါဘူး ကိုအောင်သာငယ်ကြီးကတော့ သိလောက် ပါတယ် သူကစေစပ်တဲ့သူကိုး မိတ်ဆွေတွေ နားလည်ခံစားနိုင်ကြပါစေ။




အပြည့်အစုံဖတ်ချင်ရင်>>>

Friday, January 16, 2009

When the children cry- (ဂင်ကြီး)

ကျနော့်ရဲ့ ရဲဘော်ကြီး အောင်သာငယ် က When the children cry ကို တင်လိုက်တော့ ကျနော်လဲသူနဲ့ထပ်တူ ခံစားခဲ့ရတာပါ။ ဟုတ်ပါတယ် တကယ်တော့ အပြစ်မဲ့တဲ့ ခလေးတွေဟာ စစ်ပွဲတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေကြားမှာ ဓားစာခံဖြစ်နေကြရတာပါ။ အခုလက်ရှိ ပါလက်စတိုင်းဒေသမှာ အပြစ်မဲ့ခလေးလေးတွေ ဗုံးဆန်၊ အမြောက်ဆံတွေကြောင့် နေ့စဉ်နဲ့အမျှသေနေကြရတာတွေ တွေ့နေရတော့ ကျနော်လဲ ကိုအောင်သာငယ်ကြီးခံစားရသလိုပါပဲ သား သမီးခြင်းစာနာမိတယ်။ ဘာကြောင့် ဒီလိုအပစ်မဲ့တဲ့ခလေးတွေ သေကြေနေကြရတာလဲ၊ ခလေးလေးတွေ ကမ္ဘာပေါ်မှ နေ့စဉ်နဲ့အမျှ အငတ်ဘေး၊သဘာဝဘေး၊စစ်ဘေးဒါဏ်တွေကြာင့် သေနေရတာကို ဒီသီချင်းလေးတီးပြီး ထပ်မံခံစားလိုက်တာပါ သီချင်းစာသားက တော့ ကိုအောင်သာငယ်ရဲ့ ဒီပိုစ် http://aungthange.blogspot.com/2009/01/when-children-cry.html မှာ သွားကြည့်လို့ရပါ တယ်။ ကျနော်က Classical တီးထားတာပါ သိတဲ့အတိုင်းပဲဗျာ ဝါသနာရှင်ဆိုတော့ သိတ်တော့မကောင်းပါဘူး နားလည်ခံစားပေး ကြပါဗျား လာရောက်နားဆင်ခံစားတဲ့မိတ်ဆွေတွေကို ချစ်ခင်လေးစားလျှက်ပါဗျာ...။



ဒီသီချင်းလေးနားဆင်ပြီး အားလုံးပဲ ကမ္ဘာပေါ်မှာ ဘေးဒုက္ခမျိုးစုံကြုံတွေ့နေကြတဲ့ အပြစ်မဲ့ ခလေးတွေအတွက် စာနာခံစားနိုင်ကြပါစေ..။

အပြည့်အစုံဖတ်ချင်ရင်>>>

Wednesday, January 14, 2009

အိမ်ကျယ်...(ဂင်ကြီး)

“သား..မင်းဘာဖြစ်လို့ ကိုယ့်ထက်ငယ်တဲ့သူကို အခုလိုလုပ်ရတာလဲ အဖေမင်းကိုပြော ပြောနေတဲ့ သတ္တိရှိရမယ်ဆိုတာ ကိုယ်နဲ့ရွယ် တူတွေ ဒါမှမဟုတ် ကြီးတဲ့သူတွေက မတရား လုပ်တဲ့အခါ သတ္တရှိရမှာ ငုံ့မခံရမှာကိုပြောတာကွ” “မင်းကအခုတော့ ဟိုမှာကြည့် ကိုယ့် ညီမလေးနဲ့ရွယ်တူလောက်ပဲရှိတာ လာမင်းလာခဲ့” အဖေပြောရင်းဆိုရင်း ကျနော့်ကို ရိုက်ပါတယ်။ တဖက်ကလာတိုင်တဲ့အဒေါ်ကြီး ကိုလဲ “ကျနော်တောင်းပန်ပါတယ်ဗျာ နောက်ဒီ လိုမဖြစ်စေရပါဘူး” လို့တောင်းပန်ပါတယ်။ ကျနော်တို့ငယ်ငယ်ကပါ ကျနော် ၈ နှစ် လောက်ကပါ၊ ကျောင်းကအပြန် လမ်းမှာ ကျနော်ထက် ၂ နှစ်လောက်ငယ်တဲ့ ကောင်လေး တယောက်နဲ့ ဂျင်ပေါက်တမ်းကစားရာကနေ ရန်ဖြစ်ပါတယ် သူကလဲဂျစ်ကန်ကန်လေးမို့ ကျနော်လက်သီးနဲ့ထိုးပါတယ် သူ့နှာခေါင်းက သွေးထွက်သွားပါတယ် ခဏ ကျနော်အိမ် ပြန်ရောက်လို့မကြာပါဘူး ကောင်လေးအမေက အိမ်မှာလာတိုင်လို့ ကျနော်ကို အဖေရိုက်တာ ခံရပါတော့တယ်။
အဖေကဆုံးမတော့ လာတိုင်တဲ့အဒေါ်လဲ ကျေနပ်သွားပုံရပါတယ် ကျနော့်ကိုထပ်မရိုက်ဘို့ အဖေ့ကိုပြောပါတယ် “အခုလိုဆုံးမရင်ရပါပြီ ကျမလဲသူ့ကို အိမ်ကြရင်ရန်မဖြစ်ဘို့ ဆုံးမပါ အုံးမယ်” လို့ပြောပြီး လာတိုင်တဲ့အဒေါ်ကြီးပြန်သွားပါတယ်။ အဲ့ဒီ့ညက ကျနော်အိပ်မပျော် ခင် အဲ့ဒီ့ကောင်လေးကို တွေးပြီးသနားနေမိပါတယ်။ တကယ်တော့ မတော်တဆ ချက်ကောင်း ထိသွားတာပါ ကျနော်မှာ သူ့ကို ဒီလောက်နာစေချင်တဲ့ဆန္ဒ လုံးဝမရှိခဲ့တာပါ။ ခဏနေတော့ခလေးသဘာဝ အိပ်ပျော်သွားပါတော့တယ်။
နောက်တခါကျနော်အရိုက်ခံရတာကတော့ အိမ်ကညီမလေးအငယ်နဲ့ပါ ဖြစ်ပုံကဒီလိုပါ။ အဲ့ဒီ့အဖြစ်အပျက်နှစ်ခု ဖြစ်တာသိတ်မကွာဘူး ညီမလေးက မုန့်စားနေတာ ကျနော်လဲ စားရတယ် ဒါပေမဲ့ညီမလေးကနည်းနည်းပိုရသလိုပဲ ကျနော်ထင်တာပါ “ငါ့နည်းနည်းပေး” “ဟင့်အင်း” ကျနော်ညီမအငယ်က နည်းနည်းကပ်စေးနှဲတယ် “နင်မကုန်ပါဘူး” “အင့်… ပေးဘူး” သူကအတင်းငြင်းတော့ အဲ့ဒီ့အချိန် မှာအဖေက ပြုံးကြည့်နေတယ် ကျနော် အဖေပြုံးနေတာကို အဟုတ်ထင်တာလေ လုရောဗျို့ ညီမလေးဆီက တခုရတယ် ညီမလေးကလုတဲ့လက်ကို ကုတ်ရောဗျို့ အဖြစ်ကသိတ်မြန်တာ၊ ကျနော်တွန်းလှဲလိုက်တာ ဘီရိုနဲ့ ခေါင်းနဲ့ဆောင့်မိပြီး သူ့မုန့်တွေလဲ လွတ်ကျ ခေါင်းလဲဖူးသွားရော အမေပြေးထွက်လာပြီး ညီမလေးကိုချီသွားတယ်။ ကျနော်လဲမှင်သက်နေမိတယ် “ဟေ့ကောင်လာခဲ” အဖေကျနော်ကိုခေါ်ပြီ “မင်းဘာဖြစ်လို့ ကိုယ့်ညီမလေးကို တွန်းလှဲတာလဲ” “ဟေ့ခလေးဘာဖြစ်သွားလဲ” “ခေါင်းဖူးသွားတယ်” အမေ့အသံ နောက်အဖေကျနော့် ကိုဆော်ပါတော့တယ် “မင်းကအိမ်ကျယ်” “ကိုယ့်ထက်ငယ်တဲ့သူတွေဆို နိုင်တယ် မတရားလုပ်တဲ့ သူတွေကြတော့ ဘာမှလုပ်ရဲတဲ့ကောင်မဟုတ်ဘူး” အဖေရိုက်တာထက် ဒီစကားလုံးကကျနော်ကို ညဘက်ရောက်တော့ အတွေးပိုနေစေတာပါပဲ။ ကျနော်အိပ်ရာဝင်ခါစမှာ အမေကအဖေ့ကိုပြောနေသံ အမှတ်မထင်ကြားလိုက်တယ် “တော်က သားကို ဘာဖြစ်လို့ အိမ်ကျယ်လို့ပြောတာလဲ တော်ကြာခလေးတမျိုးဖြစ်သွားပါအုံးမယ်” “မဟုတ်ပါဘူးဟာ ငါကငါ့သားကို ယောင်္ကျားပီသစေချင်လို့ သူများကိုမတရား မလုပ်စေချင်လို့ ကိုယ့်ကိုမတရားလုပ်လဲ ခေါင်းငုံ့မခံစေချင်လို့ပါကွာ“တဲ့ ငါဟာ …တကယ်အိမ်ကျယ်ဖြစ်နေ တာလားဆိုတာကို တွေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။


ကျနော့်အဖေ၊အမေက မွေးချင်းမောင်နှမ ငါးယောက်ထဲမှာ ကျနော့်ကိုတော်တော် အလိုလိုက်ပါတယ် သားကတယောက်ပဲပါတာကိုး အမနှစ်ယောက၊် ကျနော် ပြီးတော့ ညီမလေးနှစ်ယောက် ကျနာ့်အောက်ကညီမလေးက ကျနော်နဲ့ ၂ နှစ်ကွာပါတယ် အငယ်ဆုံးညီမ လေးက ၆ နှစ်ကွာပါတယ် အဖေအမေက အငယ်ဆုံးမလေးကိုအချစ်ဆုံးပါ ကျနော့်ကိုတော့ ယောင်္ကျားလေး တယောက်တည်းမို့ အလို လိုက်ပါတယ်။ ကျနော်ငယ်ငယ်က ကျနော် ကြောက်ရတဲ့ (ငယ်ကြောက်လို့ခေါ်ရမဲ့) သူ ၂ ယောက်ရှိပါတယ်။ အိမ်နားမှာကြောက်ရတာ ကျော်ဦး လို့ခေါ်တဲ့သူငယ်ချင်းပါ ကျောင်းမှာကြောက်ရတာ သိန်းညွန့်လို့ခေါ်တဲ့ သူငယ် ချင်းပါ။ ကျနော်တို့အိမ်နားမှာရှိတဲ့ ခလေး တွေထဲမှာ ကျော်ဦးက ဗိုလ်ပါ။ ကစားနေရင်းနဲ့ သူမ ကျေနပ်ရင်မကျေနပ်သလို အနိုင်ကျင့်တတ်ပါတယ်။ ကျနော်သူ့ကြောင့် ငိုခဲ့ရပေါင်း မနည်းပါဘူး တခါတလေ ကျနော့်အမေက သူ့အမေကို ကျနော့်ကို ကျော်ဦးထိုးလိုက်ရင် သွားတိုင်ပေမဲ့ သူ့အမေက ဆုံးမလိုက်ပါ့မယ် ပြောပြီး နောက်ကွယ်ကြ ကျော်ဦးကို ဘာမှာလုပ်တာမဟုတ်တော့ ကျော်ဦးကတော့ ကျနော်တို့ကိုဆက်အနိုင်ကျင့်နေမြဲပါ။
ကျနော်တခါတလေ ပြန်ချပါတယ် ဒါပေမဲ့ငယ်ကြောက်ဆိုတော့ သူကဖိလုပ်လိုက်ရင် ကျနော်ငိုရတာပါပဲ တခါတလေအိမ်ကိုမပြောရဲ ပါဘူး ကျိတ်ခံခဲ့ရတာတွေ မနည်းပါဘူး စိတ်ထဲမှာတော့မကျေနပ်ပါဘူး ပြန်လှန်ဘို့ကလဲ သူ့ကိုမနိုင်ဖြစ်နေကြတာပါ ကျနော်လိုပဲ ကျော်ဦးကိုကြောက်ရတဲ့ ခလေးတွေချည်းပဲ ကစားကြရင်တောင်မှ ကျော်ဦးလာရင်အပါမခံ ဘူးဆိုပြီးပြောကြပါတယ်၊ သူမလာခင်လေးပါ သူလာတော့လဲကြောက်ကြောက်နဲ့ အပါခံခဲ့ကြရတာပါ။ တခါတလေ ကျနော်တို့ချည်း (ကျော်ဦးမပါ) စစ်တိုက်တမ်းကစားကြရင် ကျော်ဦးတို့အိမ်ဘက်ကို အမြောက်နဲ့ပစ်ကြတာ။ကျော်ဦးကိုမုန်းကြတာကိုး ကျနော်ခလေးဘဝပေမဲ့ ကျနော်မှတ်မိတယ် ကျနော် ကျော်ဦးကိုချောင်းချဘို့ကြံဘူးတယ် အထမမြောက်ခဲ့ဘူး သူကလူကပုပေမဲ့ ကိုယ်လုံးကြီးပြီး နပန်းလုံးတာသန်တယ် ကျနော်က အရပ်ရှည်ပေမဲ့ သူနဲ့နပန်းလုံးရင်ခံရတာချည်းပဲ ကျနော် ၁၁ နှစ်လောက် ရောက်လာတော့ ကျော်ဦးအမေက နောက်ယောင်္ကျားနောက် လိုက်သွားတာ သူတို့အိမ်မာ သူ့အဖေပဲရှိတော့တာပေါ့ ကျော်ဦး ကတော့ အနိုင်ကျင့်တတ်တဲ့အကျင့်က မပျောက်သေးဘူး သူက ကျောင်းမနေတော့ဘူး ကျနော်က ၅ တန်းရောက်လာပြီလေ။ ၅ တန်းမှာ အထက်တန်းကျောင်းပြောင်းနေရတော့ လူ့ သဘာဝအမြင် နည်းနည်းကျယ်လာတာပေါ့ သူငယ်ချင်းတွေလဲ များလာပြီလေ တရက် ကျ နော်ကျောင်းကပြန်လာတာ ဗိုက်ကလဲဆာလာတာပေါ့ အိမ်ကိုသုတ်ခြေတင်ပြန်လာတာ လမ်းထိပ်ရောက်တော့ ကျော်ဦးက ကျနော်ကိုဝင်တိုက်တယ် တမင်လုပ်တာပါ ကျနော်ဒါပေမဲ့ ဘာမှ မပြောပါဘူး သူနဲ့လဲ လေးတန်းလောက်ကတည်းက သိတ်မပေါင်းတော့ဘူးလေ ကျောင်းမှာဘော်လုံးကန်ရင်း တခြားရပ်ကွက်က သူငယ်ချင်းတွေနဲ့ ပေါင်းလာတော့ သူ့ကိုသိတ်ဂရုတစိုက်မပေါင်းဖြစ်တော့ဘူး။ ကျနော်အိမ်ရောက်တော့ ထမင်းနည်းနည်းစားတယ် အိမ်စာလေးနည်းနည်းလုပ်လိုက်တယ် အဲ့ဒီ့အချိန်မှာ ခုနက ကျော်ဦးကျနော့်ကိုလုပ်လိုက်တာ ပြန်စဉ်းစားမိလာတယ်။
ကျန်ာလမ်းထိပ်ကို ထွက်လာခဲ့တယ် ကျနော်ဆုံးဖြတ်ပြီးသား ဒီကောင့်ကိုပြန်ဆော်မယ်လို့ သူတို့က ဘော်လုံးကန်နေတာ တခြားသူ တွေက ကျနော့်ကိုတွေ့တော့ မင်းပါမလားတဲ့ ကျနော်ကရည်ရွယ်ချက်နဲ့လာတာ လမ်းဘေးမှာ ဝါးပိုင်းကျိုးလေးလဲတွေ့ထားတယ်လေ ဒါပေ မဲ့ငယ်ကြောက်ကိုပြန်လှန်ရမှာဆိုတော့ အသားတော့နည်းနည်းတုန်နေတယ် ကျနော်ဝင်ပါ လိုက်တယ် ထုံစံအတိုင်းကျော်ဦး ကျနော်ကိုလူချတယ် ကျနော်လဲပြန်ချတယ် ခနနေတော့ ကျနော်တို့ထိုးကြပါလေရော ကျော်ဦးကိုကျနော်ပြန်ချတော့ ကျန်တဲ့သူ တွေလအံသြနေကြလေရဲ့ ကျော်ဦးကငယ်နိုင်ဆိုပြီး အလွယ်တကူစဉ်းစားတယ် ကျနော့်ကို ရင်ဘတ်လာတွန်းတယ် ကျနော်ကသူ့ကို အားရပါးရထိုးချလိုက်တယ် သူမွှန်သွားတယ် ကျနော်ဖိထိုးတယ် ခနလူခြင်းအကွာမှာ ခုနက ဝါးချောင်းပြေးဆွဲလိုက်တယ်။ သူတော်တော်အံ့သြနေတယ် ကျနော်တကယ်ပဲ သူ့ကိုဝင်ရိုက်တယ် ဘေးကလူကြီးတွေဆွဲလို့ ကျနော်တကယ်ဒေါသ ထွက်နေတာ ပတ်ဝန်းကျင်ကကျနော်ဘက်က သူတသက်လုံး အနိုင်ကျင့်လာတာ လူတိုင်းသိတာကိုး ဆိုပါတော့ဒါနဲ့ပဲပွဲပြီးသွားတယ်။ ကျော်ဦးနှာခေါင်းသွေးလျှံသွားတယ် ကျနော်လဲနှုတ်ခမ်းပေါက်သွားတယ် သူ့မျက်လုံးတဖက်လဲရောင်လို့ လက်မှာလဲပါတ်တီးနဲ့ ဒီ့နောက်ကတည်းကကျော်ဦးဟာ ကျနော့်ကိုရော အနီးအနားမှာရှိတဲ့သူတွေကိုရော သိတ်အနိုင် မကျင့်ရဲတာတွေ့ရတော့တယ်။
သိန်းညွန့်ကတော့ ၃ တန်းနှစ်ကတည်းက ကျနော့်ကိုအနိုင်မကျင့်ရဲတော့တာပါ ကျနော် ပေတံနဲ့ပြန်ချတာ အဲ့ဒီ့ကတည်းက ကျနော်ကိုအနိုင်မကျင့်ရဲတော့တာပါပဲ။ ကျနော်အရွယ် ရောက်လာပြန်တော့လဲ မတရားရင်မခံတဲ့စိတ် အားနည်းတဲ့သူကိုဖေးမတတ်တဲ့ စိတ် ဒါတွေတော်တော်လုပ်ဖြစ်ပါတယ် အခုအချိန်အထိ မတရားတာကိုရင်ဆိုင်အံတုနေလေ့ရှိပါ တယ် အဲ့ဒါ ကျနော်ငယ်ငယ်က ကျနော်မှတ်မှတ်ရရ အဖြစ်အပျက်လေးတွေကနေ သင်္ခန်းစာရလာတာပါပဲ။ ကျနော့်အဖေပြောသလို အိမ်ကျယ် ဖြစ်မှာ ကျနော်သိတ်စိုးရိမ်ပါတယ် ကိုယ့်ထက်အားနည်းတဲ့သူ နှိမ့်ပါးတဲ့သူတွေကို အနိုင်မကျင့်ဘို့ အင်အားနဲ့မတရားအနိုင်ကျင့်တတ်တာတွေ၊ မတရားလုပ်နေတာတွေတွေ့ရင် မတရားတာကို ရင်ဆိုရင်ဆိုင်တုန့်ပြန်တဲ့စိတ် ဒါတွေဟာ ကျနာ့်ဘဝအတွေ့အကြုံတွေကနေ ပြဌာန်းပေးလိုက်တယ်ဆိုတာ ကြီးလာတော့သဘော ပေါက်လာတော့တာပါပဲ။
ကျောင်းသားလောက၊နိုင်ငံရေးလောက၊လက်နက်ကိုင်တော်လှန်ရေး အခုလက်ရှိ ဘလော့ဂါ လောကအဆုံး မတရားလုပ်တတ်တဲ့ သူတွေတွေ့ရင် ကျနော်မကြိုက်ပါဘူး အထူးသဖြင့် အင်အားနဲ့ အနိုင်ယူတတ်တဲ့အကျင့်ရှိတဲ့ ဘယ်သူ့ကိုမဆို မဟုတ်မခံစိတ်နဲ့ ရင်ဆိုင်ချင်တာပါပဲ။ ဒါကြောင့်လဲပဲ မတရားတဲ့ စစ်အုပ်စု၊ စစ်အစိုးရကိုဆန့်ကျင်နေတာပါ။ တလောက သတင်းထဲမှာကြားလိုက်ရ ပါတယ် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂက ကျောင်းသား ခေါင်းဆောင်မျိုးဆက်သစ်တွေကို ထောင် ၁၀၄ နှစ်တဲ့ မတရား လုပ်လိုက်တာနော် ကျနော်တွေးမိတယ် တနေ့တော့ စစ်အုပ်စုဟာ ကျော်ဦးဆိုတဲ့ ကျနော်ငယ်ငယ်က ကြောက်ခဲ့ရတဲ့ ရပ်ကွက်ထဲက ကစားဖေါ်လို တနေ့မှာကျိုးကြေနေအောင် အတုန့်ပြန်ခံရလိမ့်မယ်ဆိုတာတော့ မလွဲမသွေပါပဲ။ ကျနော်သိတာတော့ နိုင်တုန်းမှာ မတရားလုပ်ထားရင် တနေ့မှာ အပြင်းအထန်တုန့်ပြန်ခံရလိမ့်မယ်ဆိုတာပါပဲ…မတရားမှုဟူသမျှကျဆုံးပါစေ…။

ဂင်ကြီး

အပြည့်အစုံဖတ်ချင်ရင်>>>

Thursday, January 8, 2009

ဒီခေတ်ရဲ့"ရင်လျားယဉ်ကျေးမှု" (လူထုစိန်ဝင်း)

ကျောင်းသား။ ။ဆရာကြည့်စေချင်လို့ စီဒီတချပ်လာပေးတာခင်ဗျ။

ကျောင်းသူ။ ။ အဲဒါကြည့်ပြီး ဆရာ့သဘောထားမေးမလို့ပါ။ နောက်တခေါက်ထပ်လာပါဦး မယ်။

ဆရာ။ ။ ဘာအခွေများလဲကွဲ့။ ခုတလောဘောလုံးပွဲတွေပဲ ကြည့်ဖြစ်တယ်။ ရုပ်ရှင်တွေ မကြညြ့်ဖစ်တာကြာပြီ။

ကျောင်းသား။ ။ ဖက်ရှင်ပြပွဲခွေ တခုပါဆရာ။ ကျွန်တော်တို့ ကျောင်းတက် တုန်းက မိန်းကလေးတွေ ဘောင်းဘီဝတ်တာ၊ဆံပင်တိုထားကို ဆရာက အားပေးတယ် မဟုတ်လား။ ခုခေတ် မိန်းကလေးတွေ ၀တ်ပုံစား ပုံတွေကိုကောဆရာဘယ်လိုရှုမြင်သုံးသပ်မလဲဆိုတာ သိချင်လို့ပါ။

ကျောင်းသူ။ ။ ကျမက ခုထိ ဆံပင်တိုထားတုန်းပါဆရာ။ ခေတ်မီ ဆန်းသစ်တာကို လည်း သဘောကျပါတယ်။ ဒါပေမဲ့ ခုခေတ်မိန်းကလေးတွေကတော့ နည်းနည်းလွန်ကဲ နေသလားလို့ပါ။အဲဒါကြောင့် ဆရာ့အမြင်သိချင်တာပါ။

ဆရာ။ ။ မင်းတို့ စီဒီ မကြည့်တော့ပါဘူးကွယ်။ ဒီအတိုင်းပဲ ဆွေးနွေးကြတာပေါ့။

ကျောင်းသား။ ။ မဟုတ်ဘူးဆရာ...ကြည့်လိုက်ပါဦး။ နောက်တခေါက်ကျမှ ဆွေးနွေးပါမယ်။

ဆရာ။ ။ ဆရာ ကြည့်ပြီးပါပြီးကွဲ့။ ခေတ်နောက်မကျပါဘူး။ ဒီအခွေတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဖက်ရှင်ရှိုးခွေဆို အတူတူ နေမှာပဲကွယ်။ ဟုတ်တယ်မို့လား။

ကျောင်းသား။ ။ ဟုတ်ပါတယ်ဆရာ။ အားလုံးအတူတူပါဘဲ။ အဲဒီလိုဆို အခု ဆရာ့အမြင် ပြောလို့ရတယ်ပေါ့နော်။

ဆရာ။ ။ အခွေမကြည့်ဖူးခင်ကတည်းက ဒီခေတ်ရဲ့ "ရင်လျားယဉ်ကျေးမှု" ကို ဆရာသိနေ မြင်နေပါတယ်ကွဲ့။ မဂ္ဂဇင်းတွေထဲမှာ တွေ့နေရတာပဲ။

ကျောင်းသူ။ ။ ဖက်ရှင်ရှိုးတွေကို ဆရာ ဘယ်လိုမြင်သလဲရှင့်။

ဆရာ။ ။ ပြောရမှာ အားတော့နာတယ်ကွယ်။ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို မတင့်တယ်ဘူးလို့ပဲ ပြောချင်တယ်။ တခါတခါ ကြည့်ရင်းနဲ့ နိုင်ငံခြား စီဒီခွေများ မှားပြီးယူလာကြသလားလို့တောင် ထင်လိုက်မိတဲ့ မြင်ကွင်းတွေလည်း တွေ့ရမြင်ရတယ်။

ကျောင်းသူ။ ။ တချို့များ ဆရာရယ် ကျမတို့ မိန်းမချင်းတောင် ကြည့်ရတာ မျက်စိရှက်မိပါတယ်။

ကျောင်းသား။ ။ ကျွန်တော်တို့ ယောက်ျားတွေလည်း မျက်စိရှက်ပါတယ်ခင်ဗျ။ ကျွန်တော် လည်း အင်္ဂလန်သွားပြီး ဘွဲ့လွန်ယူလာခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုရှိုးပွဲတွေတော့ မရောက်ဖူးလို့ မပြောတတ်ဘူး။ ကျွန်တော်တို့ တက္ကသိုလ်ဝန်းကျင်မှာတော့ ၀တ်စားဆင်ယင်တာ ဒါလောက် မရိုင်းပါဘူး။

ကျောင်းသူ။ ။ ကျမတို့လည်း ဗမာပီပီ ရေချိုးပြီး ထွက်လာရင် ရင်လျားနဲ့ ထွက်တာပါပဲ။ ဒါပေမဲ့ တဘက်ကြီးကြီးနဲ့တော့ လုံအောင် ခြုံထားပါသေးတယ်။ အခုတော့ ဆရာရယ် စင်ပေါ် မှာ မီးမောင်းတွေအောက်မှာ ကျောဗလာကျင်းပြီး ထွက်လာလိုက်နဲ့၊ ရင်ဘတ် တ၀က်ဖော်ပြီး ထွက်လာလိုက်နဲ့ တခါတလေများကိုဆို အောက်က ရင်တမမ ဖြစ်နေရတာ။ သူတို့ ရင် လျားကြီး ဘယ်တော့များ လျှောကျသွားမလဲလို့ ကျမဖြင့်စိတ်ပူလိုက်ရတာ ဆရာရယ်။

ကျောင်းသား။ ။ ဖန်ပေါင်းချောင်ထဲမှာ ရွှေငါးလေးတွေ ဆတ်ဆလူး ကူးခတ်နေတာ ကြည့်ရသလိုပဲလို့ ကျွန်တော်တော့ အောက်မေ့မိတယ်။ ဆရာက အမြဲတမ်း မိန်းကလေးတွေ ဟာ ယောက်ျားလေးတွေနဲ့ တန်းတူ ဘာမဆို လုပ်နိုင်ရမယ်။ သွားရဲ လာရဲ ပြောရဲ ဆိုရဲ ရှိရမယ်။ ခြေတလှမ်း ကုဋေတသန်းဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ မိန်းကလေးတွေလဲ ဘတ်စကားတိုးတက် တိုးဆင်း လုပ်နေရတာပဲ။ ဘောင်းဘီဝတ်တော့ အန္တရာယ်ကင်းတယ်၊ ပေါ့ပါးဖျတ်လတ်တယ်လို့ ပြောနေကျ မဟုတ်လား။ အဲဒါကြောင့် ဆရာ ဘာပြောမလဲဆိုတာ သိပ်သိချင်နေတာ။

ဆရာ။ ။ ရှေးခေတ်တုန်းကတော့ မိန်းကလေးဆိုတာ "ဗိုင်းကောင်းကျောက်ဖိ" နေပြီး "အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာ" ရှိအောင်သာ အလေးထား ဆုံးမခဲ့ကြတာလေ။ သူ့ခေတ်သူ့အခါနဲ့တော့ ကိုက်ညီမှာပေါ့။ ယောက်ျားက စီးပွါးရှာပြီး မိန်းမက အိမ်ထောင် ထိမ်းသိမ်းရေး လုပ်ရတာကိုး။ ခုခေတ်ကျတော့ အိမ်ရှိသမျှ လူကုန်ထထွက် အလုပ်လုပ်နိုင်မှ တော်ကာ ကျတာလေ။ ဒီတော့ မိန်းကလေးတွေလည်း အလုပ်လုပ်နိုင်အောင် ပညာတွေ သင်ရ၊ အလုပ်လုပ်ရ၊ ခရီးတွေ သွားရ လုပ်ကြရတာပေါ့။ ဒါကြောင့် "ဗိုင်းကောင်းကျောက်ဖိ" နေလို့ ဘယ်ဖြစ်တော့မလဲ။ ပိနေတဲ့ ကျောက်တုံးကြီးကို တွန်းချပြီး မားမားမတ်မတ် ထရပ်ကြရမှာပေါ့။

ကျောင်းသား။ ။ ခုဟာက မားမားမတ်မတ် မဟုတ်တော့ဘူးဆရာရဲ့၊ ကော့ကော် ကန်ကား ဖြစ်နေလို့ ပြောနေရတာ၊ ကန်တော့နော်ဆရာ၊ ကန်တော့၊ ကန်တော့။

ကျောင်းသူ။ ။ ဟုတ်တယ်ဆရာ၊ သူပြောတာမလွန်ဘူး။

ဆရာ။ ။ ဆရာလည်း တွေ့ပါတယ်ကွယ်။ ဆရာတယောက်အနေနဲ့ ခေတ်ရှေ့က ပြေးဖို့ အမြဲတမ်း မင်းတို့ကို တိုက်တွန်းခဲ့တာပဲ။

ကျောင်းသူ။ ။ ဟုတ်တယ်၊ ဆရာက ခေတ်ကို မီအောင်လိုက်တယ်ဆိုတာတင်နဲ့ မလုံလောက်ဘူး။ ခေတ်ရှေ့ကကို ပြေးနေရမယ်လို့ အမြဲပြောခဲ့တာပဲ။

ဆရာ။ ။ ဆရာပြောခဲ့တာက အတွေးအခေါ်တွေ၊ စိတ်ဓာတ်တွေ၊ အသိဥာဏ်ပညာတွေ ခေတ်ရှေ့က ရောက်နေအောင်လုပ်ဖို့ပြောတာပါ။ ၀တ်စားဆင်ယင်မှုတွေ အဆောင်အယောင်တွေကို ပြောတာမဟုတ်ပါဘူး။

ကျောင်းသား။ ။ ခုခေတ် လူငယ်တွေက အနှစ်ကိုပယ်ပြီး၊ အကာကိုပဲ ယူနေကြတယ် ထင်ပါရဲ့ ဆရာရယ်။ ကျွန်တော်တို့ကို ပေါ့ပ် ယဉ်ကျေးမှုအကြောင်း ပြောပြတုန်းက ဆရာပြော ခဲ့တာတွေကို အခုမှတ်မိနေသေးတယ်။ ပေါ့ပ်..ဂီတ၊ ပေါ့ပ်..စာပေ၊ ပေါ့ပ်..ယဉ်ကျေးမှု ဆိုတာတွေဟာ၊ ဘုရင်တွေ၊ မိဖုရားတွေနဲ့ မှူးကြီးမတ်ကြီးတွေကို နန်းတော်ကြီးထဲမှာ ဖျော်ဖြေတဲ့ နန်းထိုက်ဝင် သဘင်သမားတွေနဲ့ ဆန့်ကျင်ဘက် လူတွေကြားထဲက လူတွေကို ဖျော်ဖြေဖို့၊ လမ်းပေါ်မှာ သီဆို တီးမှုတ်ကခုန်ကြတဲ့ လူထုဂီတ၊ လူထုအနုပညာ စစ်စစ်ဖြစ်တယ်လို့ ဆရာက ပြောခဲ့တယ်လေ။ ပြီးတော့မှ ဆရာက နောက်ခေတ်လူငယ်တွေက၊ ပေါ့ပ် ဂီတ၊ ပေါ့ပ်..အနုပညာရဲ့ အနှစ်သာရကို အတုယူရ ကောင်းမှန်း မသိဘဲ၊ ဆင်းရဲသားတွေကြားက ထွက်လာတဲ့ ပေါ့ပ်..အနုပညာသမားတွေရဲ့ စုတ်ပြတ်နုံချာတဲ့ အ၀တ်အစားတွေကို အတုယူပြီးတော့ ဂျင်းဘောင်းဘီအကောင်းစားကို အနားတွေဖွာလန်အောင်လုပ်၊ ဒူးမှာပြဲအောင်ဖြဲပြီး ၀တ်ပြကြတယ်။ အဲဒီက တဆင့်တက်လာ တော့ ပညာမဲ့ ခြေသလုံးအိမ်တိုင်တွေရဲ့ စရိုက်လို အတုယူပြီး မူးယစ်ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စတွေမှာ အချုပ်အထိန်းမဲ့ ဗရမ်းဗတာ လုပ်ချင်တာတွေ လုပ်ကုန်ကြတော့တယ်။ ဒါကြောင့် ပေါ့ပ် ဟာ နာမည်ပျက်ရတာလို့ ပြောခဲ့တယ်နော်။

ကျောင်းသူ။ ။ဆရာပြောတဲ့အတိုင်းလည်း ဖြစ်ခဲ့တာပဲနော်။

ဆရာ။ ။ အဲဒါကြောင့် "ခေတ်မီ"တာနဲ့"လျှပ်ပေါ်လော်လီ"တာကို ခွဲခြားမသိနိုင်ဖြစ်နေကြ တာပါကွယ်။

ကျောင်းသူ။ ။ အဲဒီတော့ ရှိုးပွဲတွေကို ဆရာဘယ်လိုမြင်သလဲ။

ဆရာ။ ။ ဆရာကတော့ မိန်းကလေးတွေကို စင်ပေါ်မှာ ယောက်ျားတွေအတွက် ဖျော်ဖြေရ တဲ့ သဘောမျိုးမှန်သမျှကို မနှစ်မြို့ဘူး။ ယောက်ျားတွေကို ဖျော်ဖြေဖို့ အမျိုးသမီးမှာ ဘာတာဝန်မှ မရှိဘူးလို့ယူဆတယ်။

ကျောင်းသူ။ ။ဟုတ်ပါပြီ၊ဒါမှကျမတို့ဆရာကွ။


လူထုစိန်ဝင်း

၂၄၊၁၀၊၂၀၀၈။
[ချယ်ရီမဂ္ဂဇင်း၊ အတွဲ(၁) အမှတ် ၁၅၉၊ ဒီဇင်ဘာ၊ ၂၀၀၈ မှ ကူးယူဖော်ပြပါသည်။]

အပြည့်အစုံဖတ်ချင်ရင်>>>

  © ဦးဂင်ကြီး မြန်မာ သို့မဟုတ် တော်လှန်ဘလော်ဂါ ၂၀၀၈

အောက်မှ အပေါ်သို့